ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Saturday, August 30, 2014

ကျောင်း (School by J Khrishnamurti)

                 
          မှန်ကန်တဲ့ပညာရေးဆိုတာ အဖွဲ့အစည်းဖြင့်ဖြစ်စေ၊ အများဖြင့်ဖြစ်စေ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူ့ချည်းပဲသာလျှင်ဆောင်ကျဉ်းပေးနိုင်တဲ့ တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် အဲဒီ လွတ်လပ်ခွင့်ဟာ လူတစ်ဦးတစ်ယောက်ရဲ့ သူ့ကိုယ်ပိုင် ပါဝါကြီးထွားမှုတွေနဲ့ အောင်မြင်မှုတွေကို ရှာဖွေခြင်းကနေ ထွက်ပေါ်လာလို့မရပါဘူး။ စိတ်ဆိုတာ အဲဒီစိတ်ကိုယ်တိုင်က သူ့အတွက်ရော သူရဲ့ကိုယ်ပိုင်လုံခြုံမှုအတွက်ပါ သူကိုယ်တိုင် ထွင်းထုဖန်တီးထားတဲ့ အတားအဆီးတွေ အားလုံးကို လွတ်မြောက်နေတဲ့ အခါကျမှသာလျှင် လွတ်လပ်ခွင့်ဆိုတာ ကိုယ့်ကိုယ်ကိုသိမြင်မှုနဲ့ အတူဖြစ်ပေါ်လာတာပါ။
          ပညာရေးဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီအဖို့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာ အကူအညီပေးနိုင်ဖို့ ဆောင်ရွက်ပေးရမှာပါ။ အဲဒီသူရဲ့ အပေါ်ကို ခြုံငုံဆင်ခြင်မှုပုံစံအသစ်တွေ၊ အတွေးအခေါ်ဘောင်အသစ်တွေ တပ်ဆင်ပေးရုံပဲ လုပ်လို့မရပါဘူး။ ဒီလိုသွတ်သင်းမှုမျိုးတွေဟာ ဥာဏ်ပညာ နှင့် ဖန်တီးနိုင်စွမ်းရှိတဲ့ သိမြင်နားလည်ခြင်းတွေကို ဘယ်တော့မှ နိုးထစေမှာ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီကို သွတ်သွင်း လွှမ်းမိုးမှုကိုသာ ပိုပြီးဖြစ်စေမှာပါ။ သေချာတာကတော့ အဲဒီလို သွတ်သွင်းလွှမ်းမိုးခြင်းက ကမ္ဘာကြီးမှာ အခုဖြစ်ပျက်နေရတာတွေ၊ ကျွန်တော်တို့ရဲ့ ပြဿနာတွေ အဆုံးမသတ်နိုင်ဘဲ ပိုမိုဆပွား နေရတာတွေရဲ့ တရားခံပါပဲ။                                                            
          ကျွန်တော်တို့တွေဟာ လူဘ၀ရဲ့ အတွင်းကျကျ အနှစ်သာရကို သဘောပေါက်လာမှသာ စစ်မှန်တဲ့ပညာရေးဆိုတာ ရှိလာမှာပါ။ ဒါပေမယ့် နားလည်ထားရမှာက စိတ်ဟာ အကြောက်တရားတွေ၊ ပုံစံသေတွေကိုပဲ မွေးထုတ်ပေးတဲ့၊ ဆုလာဒ်တွေကိုသာ မျှော်နေတဲ့ အခြေအနေကနေ ဥာဏ်ပညာရှိစွာနဲ့ ကင်းလွတ်နေရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကလေးတွေကို ကိုယ်ရဲ့ ကိုယ်ပိုင်စည်းစိမ်ဥစ္စာလို့သာ သဘောထားနေရင် အဲဒီကလေးတွေဟာ ကျွန်တော်တို့အတွက်တော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားတွေဖြစ်လာပြီး ကျွန်တော်တို့ကိုယ်တိုင် မပြည့်မြောက်ခဲ့တဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ဖို့အတွက် အဖြည့်ခံလေးတွေသာ ဖြစ်လာတော့မှာပေါ့။ အဲဒီလိုသာဆိုရင် ချစ်ခြင်းမေတ္တာမရှိတဲ့ ၊ ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုပြီး ကိုယ်ကျိုးရှာဖို့ပဲ အမြဲကြိုးစားနေတဲ့ လူမှုအဆောက်အအုံတစ်ခု၊ ပတ်ဝန်းကျင်တစ်ခုကို တည်ထောင်နေမိတော့တာပါပဲ။  
          ကျောင်းတစ်ကျောင်းဆိုတာကို ရုပ်ပိုင်းဆိုင်ရာအရအောင်မြင်နေတဲ့ ပညာသင်ကြားရာဗဟိုဌာနတစ်ခုအဖြစ်သာ သတ်မှတ်ထားမယ်ဆိုရင်တော့ ဒါ ရှုံးနိမ့်မှုပါပဲ။ ကျောင်းဆိုတာ အဲဒီထက် အများကြီးပိုပါတယ်။ ရာပေါင်းများစွာသော ကလေးတွေဟာ အတူတကွ အဲဒီကျောင်းကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှု အပြကြီးတွေ၊ အောင်မြင်မှုတွေနဲ့သာ ပညာသင်ကြားနေကြရတဲ့ ကြီးမားဖွံဖြိုးတိုးတက်တဲ့ အင်စတီကျူးရှင်းတစ်ခုဟာ ဘဏ်စာရေးတွေ၊ အတော်ဆုံး အရောင်းသမားတွေ ဒါမှမဟုတ် ကွန်မြူနစ်အရာရှိတွေ၊ နည်းပညာအရ ပြည့်စုံနေတဲ့ လူထုအတုအယောင်တွေကိုတော့ မွေးထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းသေးသေးလေးတွေကသာ ဆောင်ကျဉ်းပေးနိုင်တဲ့ တစ်ဦးချင်းစီရဲ့ တကယ့်အတွင်းကျကျပေါင်းစည်းညီညွှတ်မှုမှာသာ ကောင်းမွန်တဲ့ မျှော်လင့်ချက် ရောင်ခြည်လေးဟာ သန်းတာပါ။ ဒါကြောင့်လည်း ကျောင်းတွေအတွက်တော့  ကျောင်းသားကျောင်းသူအရေအတွက်၊ ဆရာကောင်းအရေအတွက်ကို သတ်မှတ်ထားဖို့ဟာ ကြီးမားတဲ့ အင်စတီကျူးရှင်းတွေကြီးမှာ အကောင်းဆုံး ခေတ်အမီဆုံး နည်းလမ်းတွေကို သင်ကြားပေးဖို့ထက် ပိုပြီး အရေးကြီးတာပါ။
          ကံမကောင်းအကြောင်းမလှတော့လည်း ကျွန်တော်တို့ဟာ ကြီးကြီးမားမားကြီးတွေလုပ်မှသာ အောင်မြင်မယ်လို့ထင်နေကြပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ရဲ့ ရှုပ်ထွေးတဲ့ အခက်အခဲတွေထဲက တစ်ခုပါပဲ။ အဲဒီ ကျောင်းကြီးတွေဟာ မှန်ကန်တဲ့ ပညာရေးအဆောက်အအုံတွေ မဟုတ်ဘူးဆိုတာ သိသာထင်ရှား နေရင်တောင်မှပဲ ကျွန်တော်တို့အများစုဟာ ပုံစံသွင်းထားတဲ့ အဆောက်အဦတွေနဲ့ ကျောင်းအကြီးတွေ လိုချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ လူထုလို့ခေါ်တဲ့ လူအမြောက်အများကိုသာ ပုံစံပြောင်းချင်ကြ၊ အကျိုးရှိချင်ကြလို့ပါ။
          ဒါပေမယ့် လူထုတွေဆိုတာ ဘယ်သူတွေလဲ။ ခင်ဗျား နဲ့ ကျွန်တော်ပါပဲ။ လူထုဟာ မှန်ကန်စွာ ပညာတတ်ရမယ် ဆိုတဲ့ အတွေးအခေါ်ထဲမှာလည်း နစ်မွန်းမနေပါနဲ့။ လူထုကို ထည့်သွင်းစဉ်းစားတယ်ဆိုတာဟာ တကယ်တော့ လတ်တလောလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ရှောင်လွဲခြင်း ပုံစံတစ်မျိုးပါပဲ။ ကျွန်တော်တို့ဟာ အခုလက်ရှိ ကိုယ့်မျက်စိရှေ့မှာ လုပ်ရမယ့် အရာတွေကသာ စမှသာလျှင် မှန်ကန်တဲ့ ပညာရေးဆိုတာ အရာအားလုံးအတွက် ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့၊ ဒါမှမဟုတ် သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကို အစဉ်အမြဲ သတိကပ်နေမှသာ မှန်ကန်တဲ့ ပညာရေးဆိုတာ အရာအားလုံးအတွက် ဖြစ်လာမှာပါ။ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ၊ မိသားစုတွေ သူငယ်ချင်းတွေရှိနေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ပြုလုပ်သမျှ ကံတိုင်းဟာ ပြန့်ပွားတဲ့ လွှမ်းမိုးမှုတွေ၊ အကျိုးသက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။
          ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေမှာ အစဉ်အမြဲ အပြည့်အ၀ သတိကပ်ထားမှသာလျှင် ကျွန်တော်တို့ အခု မသိနားမလည်ဖြစ်နေတဲ့ ကိုယ့် ကိုယ်အတွင်းပိုင်းတိုင်းက အကန့်အသတ်တွေ၊ ရှုပ်ထွေးမှုတွေကို စတင်ရှာဖွေ လာနိုင်မှာပါ။ အဲဒီအရာတွေကို သတိထားနိုင်မှသာ အဲဒီအရာတွေကို နားလည်မှာပါ။ ဖြေဖျောက်နိုင်မှာပါ။ ဒီလို သတိရယ်၊ အဲဒီသတိက ဆောင်ကျဉ်းလားတဲ့ ကိုယ့်ကိုယ်ကို သိမြင်မှုရယ်သာ မရှိဘူးဆိုရင် ဘယ်ပညာရေးမှာပဲဖြစ်စေ၊ ဘယ်နယ်ပယ်မှာပဲ ဖြစ်စေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ အမုန်းတရားတွေ၊ သောကတွေကိုသာ ထပ်မံဖြစ်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။
          ကြီးမားတဲ့ အင်စတီကျူးရှင်းကြီးတွေကို ဆောက်မယ်။ ပြီးရင် ကျောင်းသားတစ်ဦးချင်းစီနဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ စောင့်ကြည့်သိမြင် သတိရှိမနေတဲ့ စနစ်အပေါ်မှာသာ မှီခိုနေတဲ့ ဆရာ၊ ဆရာမတွေကို ထားမယ်။ အဲလိုသာဆိုရင်တော့ ငါတို့ဟာ အချက်အလက်တွေကို ဆပွားခြင်းကိုသာ တွန်းအားပေးရုံရှိတာပါ။ လုပ်နိုင်စွမ်းတွေကို ဖွံ့ဖြိုးစေရုံမျှသာ ရှိတာပါ။ ပုံစံတစ်ခုအရ ယန္တရားဆန်ဆန် တွေးတတ်တဲ့ အကျင့်တွေကိုသာ တွန်းအားပေး နေမှာပါ။ ဒါပေမယ့် ကျောင်းသားတွေကို မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်လာစေဖို့ ဘယ်လိုမှ ကူညီနိုင်မှာမဟုတ်တာကတော့ သေချာပါတယ်။ အဲဒီစနစ်တွေကို သတိတရားရှိတဲ့ တွေးခေါ်မြော်မြင်တတ်တဲ့ ဆရာတွေကလည်း သုံးပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပါ။ သူတို့ဟာ ဥာဏ်ပညာ အတွက်တော့ အဲဒီစနစ်တွေကို မသုံးစွဲပါဘူး။ ဒါပေမယ့် ထူးဆန်းတာက “စနစ်၊ ပညာသင်ကြားပေးရာ နေရာကြီးတွေဖြစ်တဲ့ အင်စတီကျူးရှင်း” စတဲ့ စကားလုံးတွေဟာ ငါတို့အတွက်တော့ အလွန်အရေးတကြီးဖြစ်လာတာပါပဲ။ သင်္ကေတတွေဟာ အမှန်တရားရဲ့ နေရာကို အစားထိုးလာတာပါပဲ။ ငါတို့ကလည်း အဲဒါမျိုးကိုပဲ ကျေနပ်နေကြတာပါ။ အမှန်တရားက ပျက်စီးနေတဲ့အချိန်မှာ အရိပ်အယောင်တွေကတော့ ကျေနပ်နှစ်သိမ့်စရာကို ပေးနေတာပါပဲ။
          အဲဒီလို လူစုလူဝေးလိုက်ကြီး ညွှန်ကြားချက်တွေကတဆင့် ဘယ်လိုမျိုး အခြေခံနှုန်းစံတန်ဖိုးတွေကိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကလေးငယ်တိုင်းရဲ့ လုပ်နိုင်စွမ်းတွေ၊ တိမ်းညွှတ်မှုတွေ၊ အခက်အခဲတွေကို နားလည်ခြင်းနှင့် သတိရှိရှိ လေ့လာခြင်းကနေမှသာ အဲလို တန်ဖိုးတွေကို ရရှိအောင်မြင်နိုင်မှာပါ။ ဒီသဘောကိုလည်း သိရှိနားလည်ဂရုထားတဲ့၊ သူတို့ကို သူတို့လည်း နားလည်ချင်သော ဆန္ဒရှိကြတဲ့၊ လူငယ်တွေကိုလည်း ကူညီချင်တဲ့ သူတွေသာ ပေါင်းစည်းပြီး ကျောင်းတစ်ကျောင်းဖွင့်သင့်တာပါ။ အဲဒီလို ကျောင်းကမှာသာ ကလေးငယ်တွေကို ဥာဏ်ရည်အဆင့်မြင့်လာအောင် ကူညီပေးတဲ့အတွက်ကြောင့် အဲဒီကလေးငယ်တွေရဲ့ ဘ၀မှာ အရေးကြီးတဲ့ အနှစ်သာရ တစ်ခုဖြစ်လာမှာပါ။ ဒီလို ကျောင်းမျိုးထောင်ဖို့ဆိုတာကလည်း လိုအပ်ချက်တွေ အကုန်ပြည့်မှသာ ထောင်မယ်ဆိုပြီး စောင့်နေစရာမလိုပါဘူး။ လူတိုင်းဟာ ကိုယ့်အိမ်မှာတော့ စစ်မှန်တဲ့ ဆရာတစ်ယောက်ဖြစ်နိုင်ပါတယ်။ အခွင့်အရေးတွေဆိုတာ စိတ်အားထက်သန်တဲ့သူတွေ ဆီကိုသာ လာတတ်ကြတာပါ။
          ကိုယ့်သားသမီးအရင်းတွေကိုပဲဖြစ်စေ၊ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကလေးတွေကိုပဲဖြစ်စေ ချစ်တတ်တဲ့သူတွေနဲ့ ခုနကလို စိတ်အားထက်သန်တဲ့ သူတွေဟာ မှန်ကန်တဲ့ ကျောင်းတစ်ကျောင်းဆိုတာ ကိုယ့်အိမ်မှာပဲဖြစ်စေ၊ ထောင့်လေးတစ်ထောင့်မှာပဲဖြစ်စေ ဘယ်နေရာမှာမဆို စတင် ဖွင့်လို့ရကြောင်းကိုလည်း သိလာကြမှာပါ။ ပြီးတော့မှ ငွေကြေး          ဆိုတာ လာပါတယ်။ ဒါ နောက်ဆုံးမှ ထည့်သွင်းစဉ်းစားရမယ့် အရာပါ။ ဒီလိုမျိုး စစ်မှန်တဲ့ ကျောင်းတစ်ကျောင်းထောင်ဖို့ဆိုတာ ငွေရေးကြေးရေးအရတော့ အမှန်တကယ် ခက်ခဲပါတယ်။ ဒီလိုလုပ်ခြင်းဟာ တစ်ဦးချင်းစီရဲ့ စွန့်လွှတ်အနစ်နာခံမှုကိုသာ ပွင့်လန်းဝေဆာစေပြီး ငွေအရမ်းများတဲ့ ဘဏ်အကောင့်အတွက်တော့ ပါးသွားဖို့သာ ရှိပါတယ်။ ပိုက်ဆံဆိုတာ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုသာ မရှိဘူးဆိုရင် တနည်းနည်းနဲ့ ပျက်စီးစေတာပါပဲ။ ဒါပေမယ့် ဒီလိုမျိုးကျောင်းမျိုးထောင်ဖို့ဆိုရင်တော့ လိုအပ်တဲ့ အကူအညီကို ရှာတွေ့နိုင်ပါတယ်။ ကလေးတွေကိုသာ တကယ်ချစ်တယ်ဆိုရင် အရာအားလုံးဟာ ဖြစ်နိုင်တဲ့ အရာတွေပါပဲ။
          အင်စတီကျူးရှင်းကိုသာ တစ်ချိန်လုံး ခေါင်းထဲထည့်နေမယ်ဆိုရင်တော့ ကလေးတွေကို စဉ်းစားတယ်ဆိုတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဆရာဆိုတာ တစ်ဦးချင်းစီကိုပဲ အလေးထားပါတယ်။ ကျောင်းသားနည်းတာ များတာကို အလေးမထားပါဘူး။ ဒီလို ဆရာမျိုးဟာ တစ်ချို့မိဘတွေကိုယ်တိုင် ထောက်ပံ့လာမယ့် အရေးပါသော၊ အနှစ်သာရပြည့်ဝ ထူးခြားတဲ့ ကျောင်းတစ်ကျောင်းမျိုးကို သူပိုင်ဆိုင်ထားတယ်ဆိုတာကို နားလည်တွေ့ရှိလာမှာပါ။ ဒါပေမယ့် ဆရာတွေကိုယ်တိုင်ကလည်း စိတ်အားထက်သန်မှု၊ စိတ်ပါဝင်စားမှုကလည်း အမြဲတောက်လောင်နေရပါမယ်။ သွေးပူရုံပဲ ရှိတယ်ဆိုရင်တော့ သူ့ကျောင်းကလည်း အခြားအင်စတီကျူးရှင်းတွေနဲ့ ထူးမခြားနားပါပဲ။
          မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေကို တကယ်ချစ်တယ်ဆိုရင် ဒီလို မှန်ကန်တဲ့ပညာရေးကို ပေးနိုင်တဲ့ ဆရာတွေကို ခန့်ထားမယ့် ကျောင်းငယ်လေးတွေ ထူထောင်ဖို့အတွက် ဥပဒေပြုခြင်းတွေနဲ့ အခြားရသမျှနည်းလမ်းတွေကို သုံးလာကြမှာပါပဲ။ ကျောင်းငယ်လေးတွေဟာ ဈေးကြီးတယ်၊ ဒီလို ဆရာကောင်းတွေကိုလည်း တွေ့ဖို့ခက်တယ် ဆိုတဲ့ အချက်လောက်က သူတို့ကို တားဆီးနိုင်မှာ မဟုတ်တော့ပါဘူး။ နောက်ပြီး ဒီလိုကျောင်းမျိုးဟာ နက်နက်နဲနဲကြီးကို ဖောက်ထွက်နေလိမ့်မှာ ဖြစ်တဲ့အတွက် အစိုးရတွေ၊ တင်းကျပ်တဲ့ ဘာသာရေးတွေ နဲ့ အမြတ်ကြီးစားသမားတွေဆီက ဆန့်ကျင်တိုက်ခိုက်မှုတွေလည်း မလွဲမသေ ရှိလာနိုင်မှာ ဖြစ်ကြောင်းကိုလည်း သဘောပေါက်ထားရပါမယ်။ စစ်မှန်တဲ့ တော်လှန်ရေးဆိုတာ ကြမ်းတမ်းတဲ့ အရာမျိုး မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းကြီးကို အခုလက်ရှိဘ၀မှာတင် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ပေးနိုင်မယ့် လူသားတွေရဲ့ ချစ်ကြည်ပေါင်းစည်းမှု နှင့် ဥာဏ်ပညာတွေကို ပြုစုပျိုးထောင်ပေးမှုကပဲ ဖြစ်ပေါ်လာတဲ့ အရာပါ။
          ဒါပေမယ့်လည်း အရေးကြီးဆုံးကတော့ အဲဒီလို ကျောင်းမျိုးမှာ လာလုပ်မယ့် ဆရာတွေဟာ ဖြားယောင်းသွေးဆောင်ခံရတာတို့၊ တာဝန်ပေးခံရတာတို့ မဟုတ်ဘဲ စေတနာသက်သက်နဲ့ပဲ ကျောင်းမှာ လာကူညီသင့်တာပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေကနေ စေတနာပါပါနဲ့ ကင်းလွတ်နေမှုကသာ စစ်မှန်တဲ့ ပညာရေးဌာနတစ်ခုဖြစ်ဖို့အတွက် တစ်ခုတည်းသော မှန်ကန်တဲ့ အခြေခံအုတ်မြစ်ပါပဲ။ အဲဒီဆရာတွေကလည်း သူတို့အချင်းချင်းလည်း တစ်ယောက်ကို တစ်ယောက်က ကူညီ၊ ကျောင်းသားတွေကိုလည်း တန်ဖိုးအမှန်တွေကို နားလည်ဖို့ကို ကူညီနေမယ်ဆိုရင် သူတို့ရဲ့နေ့စဉ်ဘ၀မှာလည်း တည်မြဲတဲ့ အစဉ်အမြဲနိုးကြားနေမယ့် သတိရှိနေမှာပဲ ဖြစ်ပါတယ်။
          အဲဒီလို ကျောင်းငယ်လေးတစ်ကျောင်းရဲ့ သီးသန့်အ၀န်းအ၀ိုင်းလေးတစ်ခုကလည်း အမြဲလိုလို ပဋိပက္ခတွေ၊ အပျက်အစီးတွေ၊ သောကတွေ တိုးပွားနေတဲ့ ပြင်ပကမ္ဘာကြီးကို မေ့နေတတ်ပါတယ်။ ဒီကမ္ဘာကြီးဟာ ငါတို့နဲ့ တခြားစီ မဟုတ်ပါဘူး။ တနည်းအားဖြင့် ဆိုရရင်လည်း အဲဒီကမ္ဘာကြီးဟာ ငါတို့ပါပဲ။ ငါတို့ပဲ ဒီလိုဖြစ်အောင် လုပ်ခဲ့တာပါ။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံအတွင်းမှာ အခြေခံကျတဲ့ ပြောင်းလဲမှုမျိုး လုပ်မယ်ဆိုရင်တော့ မှန်ကန်တဲ့ ပညာရေးဆိုတာ ပထမဦးဆုံးခြေလှမ်းပါပဲ။
          အတွေးအခေါ်တွေ၊ ခေါင်းဆောင်တွေနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ မဟုတ်ဘဲ မှန်ကန်တဲ့ ပညာရေး ပြောင်းလဲမှုကသာလျှင် ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပြဿနာတွေအတွက် ခိုင်မြဲတဲ့ အဖြေတစ်ခုကို ရှာဖွေပေးနိုင်မှာပါ။ ဒီလို အမှန်တရားကိုမြင်ဖို့ဆိုတာက အသိဥာဏ်ဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ သိမ်းသွင်းမှုတွေရဲ့ အရာမဟုတ်သလို လှည့်ပတ်ငြင်းဆန်ခြင်းတွေရဲ့ အရာလည်း မဟုတ်ပါဘူး။
          အဲဒီလို မှန်ကန်တဲ့ ကျောင်းမျိုးမှာ တကယ့်မူရင်း လက်ရင်းဝန်ထမ်းတွေကိုသာ မြုပ်နှံထားပြီး အရေးပေးထားမယ်ဆိုရင် အဲဒီလို လုပ်ခြင်းအားဖြင့် ၀ါသနာတူတဲ့လူတွေကိုလည်း စုမိသလို ဖြစ်စေသလို တကယ် စိတ်မ၀င်စားတဲ့သူတွေကိုလည်း သူ့အလိုလို စည်းအပြင်ကို ရောက်သွားအောင် လုပ်နိုင်ပါတယ်။ အတွင်းပိုင်းဗဟိုကိုယ်တိုင်က တိကျခိုင်မာပြီး သတိရှိနေမယ်ဆိုရင် ထူးမခြားနားတဲ့ ရောရောယောင်ယောင်တွေကလည်း အလိုလို မောပန်းနွမ်းလျပြီး ပျောက်ကွယ်သွားမှာပါ။ ဗဟိုကိုယ်တိုင်က သိပ်မထူးခြား၊ မကွဲပြားဘူးဆိုရင် အဖွဲ့အစည်းတစ်ခုလုံးဟာလည်း ရေရေရာရာမရှိဘဲ အားနည်းသွားမှာပါ။
          ဗဟိုဆိုတာတည်း ကျောင်းအုပ်ဆရာကြီး (ဝါ) ဆရာမကြီး တစ်ယောက်တည်းနဲ့ပဲ ဖွဲ့စည်းထားလို့မရပါဘူး။ လူတစ်ယောက်တည်း အပေါ်မှာပဲ မှီခိုထားတဲ့ စိတ်အားထက်သန်မှု၊ စိတ်ပါဝင်စားမှုတွေဆိုတာ မကြာခင် နွမ်းလျပြီး သေဆုံးသွားမှာကတော့ သေချာပါတယ်။ ဒီလို စိတ်ဝင်စားမှုဆိုတာ အပေါ်ယံဆန်ပါတယ်၊ အားကိုးလို့မရပါဘူး။ တန်ဖိုးလည်း မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီလို စိတ်ဝင်စားမှုဆိုတာ ဖြိုခွဲလို့ရပါတယ်။ တခြားတစ်ယောက်ရဲ့ အကြိုက်တွေ၊ အလိုဆန္ဒတွေကို ကိုးကွယ်လာအောင် လုပ်လို့ရပါတယ်။ တစ်ချိန်လုံးကျောင်းအုပ်ကသာ လွှမ်းမိုးနေမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုတွေနှင့် ပူုးပေါင်းဆောင်ရွက်မှုတွေဟာ သိသိသာသာ တည်ရှိမနေနိုင်တော့ပါဘူး။ ဒီလိုပြင်းထန်တဲ့ လူတစ်ယောက်ဟာ ပထမတန်းစား ကျောင်းတစ်ကျောင်းကိုတော့ တည်ဆောက်ကောင်း တည်ဆောက်နိုင်ပေမယ့် အကြောက်တရားတွေနှင့် အလွန်အကျွံရိုကျိုးမှုတွေကတော့ ချဉ်းနင်းဝင်ရောက်လာမှာပါပဲ။ နောက်ပြီး ကျန်တဲ့ ၀န်ထမ်းတွေဆိုလည်း သာမင်ညောင်ညတွေနဲ့ပဲ ဖွဲ့စည်းထားတာမျိုးပဲ ဖြစ်နေလေ့ရှိတော့တာပါပဲ။
          ဒီလိုအဖွဲ့အစည်းမျိုးဟာ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်မှုတွေနှင့် သိမြင်နားလည်ခြင်းတွေကိုတော့ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ ၀န်ထမ်းဆိုတာ ကျောင်းအုပ်ရဲ့ လွှမ်းမိုးမှုအောက်မှာပဲ မနေသင့်ပါဘူး။ ကျောင်းအုပ်ကပဲ တာဝန်ဝတ္တရားတွေအားလုံးကိုလည်း ယူမထားသင့်ပါဘူး။ ဆရာတစ်ယောက်ချင်းစီဟာ အဖွဲ့အစည်းတစ်ခုလုံးအတွက် တာဝန်ရှိပါတယ်။ ဒါကို စိတ်ပါဝင်စားတဲ့သူက အနည်းအကျဉ်းပဲ ရှိမယ်ဆိုရင်တော့ ကျန်တဲ့လူတွေရဲ့ ထူးမခြားနားမှုတွေ၊ ဆန့်ကျင်မှုတွေကပဲ အားလုံးရဲ့အားထုတ်မှုတွေကို နှောင့်နှေးစေမှာဖြစ်ပါတယ်။ ပိတ်ဆို့တားဆီးတော့မှာပဲ ဖြစ်ပါတယ်။
          ဗဟိုက ချုပ်ကိုင်မှုမရှိဘဲနဲ့တော့ ဒီလိုကျောင်းတစ်ကျောင်းမျိုးကို ဆက်လက်တည်ထောင်ဖို့ဆိုတာ မရှိနိုင်ဘူးလို့ သံသယ၀င်ကောင်း ၀င်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တို့လည်း သိကြတာမဟုတ်ပါဘူး။ တစ်ခါမှမျှ မစမ်းဖူးဘဲကိုး။ သေချာတာကတော့ မှန်ကန်တဲ့ ပညာသင်ကြားသူတစ်စုရဲ့ ကြားမှာဆိုရင် အဲဒီ လုပ်ပိုင်ခွင့် ပြဿနာဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ အားလုံးက လွတ်လပ်ဖို့၊ အသိဥာဏ်ရှိဖို့ကိုသာ အားသွန်ခွန်စိုက်ဖြစ်နေကြရင် ဘယ်အဆင့်မှာမဆို တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းဆောင်ရွက်လို့ရပါတယ်။ မှန်ကန်တဲ့ပညာရေးအပေါ်မှာ သူတို့ကိုယ် သူတို့ နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မြဲမြဲ မြုပ်နှံမထားဘူးဆိုရင်တော့ ဗဟိုချုပ်ကိုင်မှု မရှိခြင်းဟာ လက်တွေ့မကျတဲ့ သီအိုရီတစ်ခုလို့ ထင်လာမြင်လာ ကြမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ စစ်မှန်တဲ့ ပညာရေးမှာ အပြည့်အ၀နစ်မြုပ်ထားပြီဆိုရင်တော့ သူ့ကို တွန်းအားပေးဖို့၊ ခိုင်းစေဖို့၊ ထိန်းချုပ်ဖို့ ဆိုတာ လိုတော့မှာ မဟုတ်ပါဘူး။ တကယ်ဥာဏ်ရည်ပြည့်ဝတဲ့ ဆရာတွေဆိုတာ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို အလိုက်သင့်ပြင်ပြောင်း နိုင်ကြပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း လွတ်လပ်အောင် ကြိုးစားပေးရင်း စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာကြပါတယ်။ တစ်ကျောင်းလုံးအတွက် လိုအပ်တဲ့အရာတွေကိုလည်း လုပ်ပေးနိုင်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဝင်စားမှုဟာ လုပ်ဆောင်နိုင်စွမ်းရဲ့ အစပါပဲ.။ အဲဒီနှစ်ခုစလုံးဟာ အသုံးချရင်း အသုံးချရင်းနဲ့လည်း ပိုမိုခိုင်မာလာနိုင်ပါတယ်။
          တကယ်လို့သာ နာခံမှုရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သဘောမပေါက်ဘူးဆိုရင် အခွင့်အာဏာကို မနာခံဘူးလို့ ဆုံးဖြတ်လိုက်ရုံလောက်ဟာ ပိုပြီးရှုပ်ထွေးလာဖို့ပဲ ရှိပါတယ်။ ဒီလိုရှုပ်ထွေးမှုမျိုးဟာ ဗဟိုက ချုပ်ကိုင်မှု မရှိလို့ချည်းပဲ မဟုတ်ပါဘူး။ စစ်မှန်တဲ့ပညာရေးမှာ နက်ရှိုင်းတဲ့ အပြန်အလှန်နားလည်မှုတွေကို ကင်းမဲ့နေလို့သာပါပဲ။ တကယ်ပြင်းပြတဲ့ စိတ်ဝင်စားမှုရှိရင်တော့ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်သင်ကြားဖို့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ အပေါ်မှာ ဆရာအသီးသီးနဲ့ ညှိနှိုင်းနိင်တဲ့ တည်မြဲတဲ့ အမြော်အမျှင်ပြည့်ဝတဲ့ ညှိယူနိုင်မှုတွေ ရှိလာမှာပါ။ ဘယ်လိုဆက်ဆံရေး မျိုးမှာမဆို ပွတ်တိုက်မှုတွေ၊ နားလည်မှုလွဲမှားခြင်းတွေ ဆိုတာ ရှောင်လွဲလို့မရပါဘူး။ ဒါပေမယ့်လည်း ဘုံအကျိုးစီးပွားကို မျှော်ကိုးတဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေ မရှိမှသာလျှင် အဲဒီ တစ်ယောက်နဲ့ တစ်ယောက် သဟဇာတ မဖြစ်မှုတွေဟာ ပိုပြီး ကြီးထွားလာတာပါ။
          စစ်မှန်တဲ့ ကျောင်းမျိုးမှာ ဆိုရင်တော့ ဆရာ၊ ဆရာမတွေ အားလုံးကြားမှာ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိကို ရှိရပါမယ်။ ဝန်ထမ်းအားလုံးဟာ မကြာခဏတွေ့ဆုံ စည်းဝေးနေရပါမယ်။ ကျောင်းရဲ့ အခက်အခဲတွေကို အားလုံးဝိုင်းဝန်းပြောကြားရပါမယ်။ အဲလို ညှိနှိုင်းရင်းနဲ့  အားလုံးလက်ခံတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရောက်ပြီဆိုရင် အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ မခက်ခဲဘူးဆိုတာကို အားလုံး ရှင်းရှင်းလင်းလင်း သိလာကြမှာပါ။ တစ်ချို့လူအများစု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဆရာအားလုံးကတော့ သဘောတူချင်မှ တူမှာပါ။ ဒါပေမယ့် အဲဒီ မတူညီတာတွေကိုလည်း နောက်တစ်ခါ အစည်းအဝေးကျရင် ညှိနှိုင်းလို့ရပါသေးတယ်။
          ဘယ်ဆရာကမှ ကျောင်းအုပ်ကြီးကို ကြောက်မနေသင့်သလို ဘယ်ကျောင်းအုပ်ကမှလည်း ဝါရင့်ဆရာ၊ ဆရာမကြီးတွေရဲ့ လွှမ်းမိုးမှုကို ခံနေလို့ မသင့်တော်ပါဘူး။ အားလုံးကျေနပ်လောက်တဲ့ သဘောတူညီချက်ဆိုတာ အားလုံးကြားမှာ လုံးဝဥဿုံညီမျှတယ်ဆိုတဲ့ ခံစားချက်ပေါ်ပေါက်မှသာလျှင် ဖြစ်လာတာပါ။ စစ်မှန်တဲ့ ကျောင်းမျိုးမှာတော့ အဲဒီလိုထင်မြင်ခံစားချက်ဟာ မရှိမဖြစ် အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထက်လူကြီးတွေနဲ့ လက်အောက်ငယ်သားတွေ ဆိုတဲ့ အမြင်မျိုးမရှိမှသာလျှင် စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ရှိလာမှာပါ။ အပြန်အလှန်ယုံကြည်မှုဆိုတာသာ ရှိနေရင် ခက်အခဲတွေ နားလည်မှုလွဲမှားခြင်းတွေကို အလွယ်တကူလှည်းကျင်း ဖယ်ရှားပစ်လို့ရပါတယ်။ ရင်လည်းရင်ဆိုင်နိုင်ပါတယ်။ ရင်ဆိုင်ရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပြန်လည်မြင့်တက်လာနိုင်ပါတယ်။
          ဆရာတွေကသာ သူတို့ရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေဟာ မသေချာဘူးဆိုရင်တော့ မနာလိုဝန်တိုမှုတွေ ငါတကောကောမှုတွေသာ ဖြစ်လာတော့မှာပါ။  သူတို့ရဲ့ အလုပ်တွေအပေါ် အသေးစိတ်ကအစ ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် အဲဒီအားစိုက်မှုတွေဟာ    ကြာကြာ မခံနိုင် တော့ပါဘူး။ အပြန်အလှန်အနေနဲ့ မှန်ကန်တဲ့ကျောင်းမျိုးထူထောင်ဖို့ကို တကယ့်ကို တောက်လောင်နေတဲ့ စိတ်ပါဝင်စားမှု ရှိနေမှသာလျှင် စိတ်ညစ်စရာတွေ အပေါ်ယံသဘောတူညီမှုတွေကို လည်း လွယ်လင့်တကူပဲ ဖျောက်ဖျက်ပစ်နိုင်တာပါ။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ၊ အခန့်မသင့်တာတွေ၊ သာမန်လုပ်ငန်းဆောင်တာတွေကိုပဲ ကြီးကျယ်လှပြီးထင်ပြီး အသေးစိတ်စိစစ်နေခြင်းဟာ တကယ်တမ်းမှာတော့ အချည်းနှီးပါပဲ။ ကောင်းကျိုးမပေးနိုင်ပါဘူး။ ဆွေးနွေးညှိနှိုင်းခြင်းတွေကသာလျှင် ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ဆိုတာကို သိလာစေဖို့ ကူညီပေးမှာပါ။
          အခက်အခဲတွေနဲ့ နားလည်မှုလွဲမှားခြင်းတွေဆိုတာ အခုလို တစ်လှေတည်းစီး ခရီးသည်အနေနဲ့ အမြဲတမ်း ညှိနှိုင်းဆွေးနွေးနေရမယ့် အရာပါ။ အဲလိုညှိနှိုင်းမှသာ အဲဒီအခက်အခဲတွေဟာ ကိုယ်တစ်ယောက်တည်းကပဲ ကိုယ့်ဘာသာကိုယ် ထင်မြင်နေတာလားဆိုတာ ရှင်းရှင်းလင်းလင်း အဖြေပေါ်လာမှာပါ။ တကယ် ရည်ရွယ်ချက်သာ ပြင်းပြပြီဆိုရင်တော့ ဆရာတွေအချင်းချင်းကြားမှာလည်း ပွင့်လင်းမြင်သာမှုတွေ၊ ရဲဘော်ရဲဘက်စိတ်တွေ ရှိလာမှာပါ။ အမုန်းတရားဆိုတာလည်း အချင်းချင်းကြားမှာ ပေါ်မလာနိုင်တော့ပါဘူး။ အဲဒီလို ရည်ရွယ်ချက်သာ မပြင်းပြဘူးဆိုရင်တော့ ဘယ်လောက်ပဲ နှစ်ဦးနှစ်ဖက် အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နေနေ အပေါ်ယံသာဖြစ်ပြီး ပဋိပက္ခတွေ အမုန်းတရားတွေသာလျှင် ဖြစ်ပေါ်လာတော့တာပါပဲ။
          ဒီလိုမျိုး ဝန်ထမ်းအချင်းချင်းအကြား အခန့်မသင့်ပွတ်တိုက်မှုတွေ ရှိလာစေတဲ့ အကြောင်းချင်းရာတွေလည်း အများကြီးရှိနေနိုင်ပါသေးတယ်။ ဥပမာ ဆရာတစ်ယောက်ကတော့ အလုပ်တွေ တအားလုပ်ပြီး တခြားဆရာတစ်ယောက်ကတော့ ကိုယ်ရေးကိုယ်တာ မိသားစုပြသနာတွေနဲ့ပဲ လုံးပန်းနေတယ် ဆိုကြပါစို့။ တစ်ချို့တွေကလည်း သူတို့လုပ်နေတဲ့ အလုပ်ကို စိတ်ပါဝင်စားမှု မရှိတာတွေလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အဲဒီလို ပြဿနာတွေ အားလုံးကို ဆရာတွေရဲ့ အစည်းအဝေးမှာ ရှင်းလင်းပစ်လို့ ရတယ်ဆိုတာပါပဲ။ နှစ်ဦးနှစ်ဖက် နားလည်မှုဆိုတာ ပူးပေါင်းဆောင်ရွက်မှု ကို ဖော်ဆောင်ပေးနိုင်ပါတယ်။ လူအနည်းစုကပဲ အားလုံးကို လိုက်လုပ်နေပြီး အခြားလူတွေက ဘေးထွက်ထိုင်နေမယ်ဆိုရင်တော့ ဘယ်လိုအရေးပါတဲ့ အရာကိုမှ အောင်မြင်အောင် ဆောင်ကျဉ်းမပေးနိုင်ဘူးဆိုတာကတော့ သိသာထင်ရှားလွန်းပါတယ်။
          အလုပ်တာဝန် ခွဲဝေမှု ညှီမျှခြင်းဟာ အားလုံးကို အားလပ်ချိန်လည်း ပေးနိုင်ပါတယ်။ ဝန်ထမ်းတိုင်းဟာ အားလပ်ချိန်ပမာဏတစ်ခုတော့ ရှိကိုရှိရပါမယ်။ အလုပ်ပိနေတဲ့ ဆရာတစ်ယောက်ဟာ သူ့အတွက်ရော၊ အခြားသူတွေအတွက်ပါ ပြဿနာပါပဲ။ အမြဲတမ်း အလုပ်ဖိအားအောက် ရောက်နေရတယ်ဆိုရင်တော့ သူဟာ မောပန်းလာပါမယ်၊ စိတ်တိုလာပါလိမ့်မယ်။ အထူးသဖြင့် သူလုပ်နေတဲ့ အလုပ်ကို မကြိုက်ဘူးဆိုရင် ပိုဆိုးတာပေါ့။ အမြဲတမ်း အလုပ်တွေပိနေမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာမှာပါ နာလန်ပြန်ထူလာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒီ အားလပ်ချိန်ဆိုတဲ့ မေးခွန်းကိုတော့ ရင်းနှီးဖော်ရွေတဲ့ပုံစံနဲ့ လက်ခံနိုင်လောက်အောင် အားလုံးကို ချပြရမှာပါ။
          ဘယ်လိုအားလပ်ချိန်မျိုး ချမှတ်ရမယ်ဆိုတာကတော့ တစ်ဦးချင်းအပေါ်မူတည်ပြီး ကွဲပြားမှာပါ။ အလုပ်အပေါ် အရမ်းစိတ်ဝင်စား တဲ့သူတွေ အဖို့တော့ အလုပ်လုပ်နေရတာကိုကပဲ အားလပ်ချိန်အနားယူခြင်းတစ်မျိုးပဲ။ ဒီိလိုပဲ လေ့လာသင်ကြားမှုကို စိတ်အားထက်သန် နေရင်လည်း အဲဒီလေ့လာ သင်ယူမှုတွေ ကိုယ်တိုင်ကိုက အပန်းဖြေခြင်းတစ်မျိုးပါပဲ။ တစ်ချို့လူတွေအဖို့ကတော့ တစ်ယောက်ထဲ အေးအေးလူလူ အနားယူနေတာလည်း ဖြစ်နိုင်ပါတယ်။
          ပညာသင်ကြားပေးမယ့်သူ ကိုယ်တိုင်မှာ သူ့ကိုယ်ပိုင် အချိန်တွေ ရှိဖို့ဆိုရင် သူအလွယ်တကူ ကိုင်တွယ်နိုင်တဲ့ ကျောင်းသားအရေအတွက် အပေါ်မှာလည်း တာဝန်ကျေနေရပါမယ်။ အကယ်လို့သာ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေ အမြောက်အများကို မနိုင်ဝန်ထမ်းပြီး ထိန်းသိမ်းနေရမယ်ဆိုရင်တော့ ကျောင်းသားနဲ့ ဆရာကြားမှာ အရေးပါပြီး တိုက်ရိုက်ကျတဲ့ ဆက်ဆံရေးမျိုးဆိုတာ ရှိလာနိုင်မှာ မဟုတ်တော့ပါဘူး။
          ဒါဟာလည်းပဲ ကျောင်းတွေကို အရွယ်အစားငယ်ငယ်ပဲ တည်ထောင်သင့်ကြောင်း နောက်ထပ် အချက်တစ်ချက်ပါပဲ။ စာသင်ခန်းထဲမှာ သတ်မှတ်ထားတဲ့ ကျောင်းသားအရေအတွက်သာ ထားရှိရမယ် ဆိုတာကလည်း ရှင်းပါတယ်။ အဲဒါမှသာ ဆရာဟာ တစ်ယောက်ချင်းစီကို အသေအချာဂရုစိုက်နိုင်မှာပါ။ အရေအတွက်အရမ်းများနေလို့ သူဒီလို ဂရုမစိုက်နိုင်တော့ဘူးဆိုရင်တော့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရမှာ ဆုပေးဒဏ်ပေးစနစ်ကပဲ အဆင်ပြေတဲ့နည်းဖြစ်လာတော့မှာပါ။
          မှန်ကန်တဲ့ပညာရေးဆိုတာ အားလုံးကို တစ်ချိန်တည်းမှာ အပြုံလိုက်ကြီး ပညာပေးလို့မရပါဘူး။ ကလေးတိုင်းကို လေ့လာဖို့ဆိုရင်  စိတ်ရှည်မှုတွေ သတိတွေ ဥာဏ်ပညာတွေ လိုအပ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ တိမ်းညွှတ်မှုတွေ၊ သူရဲ့သဘောထားတွေ သူရဲ့ စိတ်တွေကို သိဖို့ပဲဖြစ်ဖြစ် သူ့ရဲ့အခက်အခဲတွေကို နားလည်ပေးဖို့ပဲဖြစ်ဖြစ်၊ မိဘတွေရဲ့ လွှမ်းမိုးမှုတွေအရ သူတို့ကို တစ်မျိုးတစ်စားတည်းပါ လို့ မသတ်မှတ်ဘဲ  သူတို့ရဲ့ ဗီဇကို ပါ ထည့်သွင်းစဉ်းစားဖို့ပဲ ဖြစ်ဖြစ်၊  လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တာကတော့ ဘယ်လိုစနစ်တွေ အာဃာတတွေကမှ လွှမ်းမိုးထားခြင်းမရှိတဲ့ လျင်လျင်မြန်မြန် ပြုလွယ်ပြောင်းလွယ် စိတ်ထားပါပဲ။ ဒါ့အပြင် ကျွမ်းကျင်မှုတွေ ပြင်းထန်တဲ့စိတ်ဆန္ဒတွေ လည်း လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ချစ်ခြင်းမေတ္တာပါပဲ။ ဒီလို အရည်အချင်းတွေနဲ့ ပြည့်ဝနေတဲ့ ဆရာတွေကို မွေးထုတ်ပေးဖို့ဆိုတာကတော့ ဒီနေ့ခေတ် ငါတို့ရဲ့ ကြီးကျယ်တဲ့ စိန်ခေါ်ချက်တွေထဲက တစ်ခုပါပဲ။
          တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ဥာဏ်ပညာတွေပါဝင်တဲ့ စိတ်ထားတွေကို တစ်ကျောင်းလုံးမှာ တစ်ချိန်လုံး ဖြန့်ကျက်ထားသင့်ပါတယ်။ “လွတ်လပ်ခွင့် ” တို့ “ဥာဏ်ပညာ” တို့ စကားလုံးတွေကို သိတော့ သိကြပါတယ်။ ဒါပေမယ့် ဖော်ထုတ်နေကြ အဓိပ္ပါယ်တွေဟာ အနှစ်သာရမဲ့နေတတ်ပါတယ်။ ဒါကိုတော့ သတိထားသင့်ပါတယ်။
          အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကိစ္စအဝဝ နဲ့ စပ်လျဉ်းလို့ ကျောင်းသားတွေ ဆရာတွေဟာ အမြဲတမ်း တွေ့ဆုံဆွေးနွေးနေကြဖို့ ဆိုတာ အရမ်းအရေးကြီးပါတယ်။ ဆရာတွေကိုလည်း ကိုယ်စားပြုတဲ့ ကျောင်းသားကောင်စီ ကိုလည်း ဖွဲ့ရပါမယ်။ အဲဒီ ကောင်စီဟာ စည်းကမ်း၊ သန့်ရှင်းရေး၊ အစားအသောက် စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။ အဲဒီကောင်စီဟာ ကျောင်းသားတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကို ကျေနပ်လာအောင်၊ လက်ခံလာအောင်၊ အားလုံးနဲ့ အဆင်ပြေအောင် ပြုမူပြောဆို ဆောင်ရွက်နိုင်ဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။
          အဲဒီကောင်စီမှာ ဘယ်သူက ဆုံးဖြတ်ချက်တွေချမယ်၊ ဘယ်သူကတော့ အတိုင်ပင်ခံ အဖြစ်ဆောင်ရွက်မယ် ဆိုတာကိုလည်း ကျောင်းသားတွေ ကိုယ်တိုင်ကပဲ သူတို့ ကျောင်းသားတွေ အချင်းချင်းထဲက ရွေးကောက်တင်မြှောက်ရမှာပါ။ ဆိုလိုတာကတော့ ကျောင်းမှာ ကိုယ်ထူကိုယ်ထူ အစိုးရ နိုင်ရင် နောက်ပိုင်း ဘဝမှာလည်း ကိုယ့်ကိုယ်ကို အစိုးရ နိုင်ပါတယ်။ ကလေးတစ်ယောက်ဟာ ကျောင်းမှာကတည်းက သူရဲ့နေ့စဉ် ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးခြင်း အားဖြင့် အမြော်အမြင်ရှိလာအောင်  တကိုယ်ကောင်းမဆန်တတ်အောင် ဥာဏ်ပညာ ပွားများလာအောင် ဆောင်ရွက်တတ်မယ်ဆိုရင် သူရဲ့ နောက်ပိုင်း ဘဝမှာ ကြုံတွေ့ရမယ့် ပိုမိုကြီးမား ရှုပ်ထွေးတဲ့ အခက်အခဲတွေမှာလည်း စိတ်အင်အားကောင်းကောင်းနဲ့ အောင်အောင်မြင်မြင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာပါ။ ကျောင်းကလည်းပဲ ကလေးတွေကို အခြားသူတွေရဲ့ အခက်အခဲတွေ မတူကွဲပြားမှုတွေ စိတ်ခံစားချက်တွေ ကို နားလည်အောင် ကြိုးစားဖို့ တွန်းအားပေးသင့်ပါတယ်။ ဒါမှသာ သူတို့ အရွယ်ရောက်လာတဲ့အခါမှာ တခြားသူတွေနဲ့ ဆက်ဆံရင် တွေးခေါ်မြော်မြင်တတ်တဲ့ စိတ်ရှည်တဲ့ လူတွေ ဖြစ်လာမှာပါ။
          အဲဒီလို လွတ်လပ်ပြီး ဥာဏ်ရည်ပြည့်ဝတဲ့ စိတ်ဓါတ်ကို ကျောင်းသားတွေရဲ့ သင်ရိုးညွှန်းတမ်းမှာလည်း ထည့်သွင်းရေးဆွဲထားသင့်ပါတယ်။ ကလေးတစ်ယောက်ဟာ ခိုင်းလို့လုပ်တာမဟုတ်လဲ သူကိုယ်တိုင်က တီထွင်ဖန်တီးချင်နေပြီဆိုရင် အဲဒီကလေးတွေကို ဖော်မြူလာတွေ ပုံသေနည်းတွေ ကို လက်ခံအောင်လို့ အတင်းဖိအားပေး မသင်ကြားပါနဲ့။ သိပ္ပံဘာသာရပ်ကို သင်နေတယ်ဆိုရင်တောင်မှ သူ့ကို အကြောင်းပြချက်ပဲပေးသင့်ပါတယ်။ ပြဿနာတစ်ခုလုံးကို သူသိလာအောင်လို့ ရှင်းလင်းပြသပြီး သူကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်အောင်ပဲ ကူညီသင့်ပါတယ်။
          ဒါဆိုရင် ဘာလဲဟဲ့ လမ်းညွှန်မှုဆိုတာလို့ မေးစရာရှိပါတယ်။ လမ်းညွှန်မှုမရှိတော့ရော ဘာဖြစ်မှာမို့လို့လဲ။ ဒီမေးခွန်းကို ဖြေဖို့အတွက် လမ်းညွှန်မှုဆိုတာ ဘာကို ခေါ်သလဲဆိုတာကို အရင်စဉ်းစားရပါမယ်။ ကျောင်းသားတွေရဲ့ စိတ်ထဲမှာရှိနေတဲ့ အကြောင်းတရားတွေ လွှမ်းမိုးချုပ်ကိုင်ထားမှုတွေကို ဆရာတွေက ကူညီဖယ်ရှားပေးမှသာ ကျောင်းသားတွေအတွက် တကယ်ဖန်တီးမှုပါတဲ့ နားလည်ခြင်းတွေ လွတ်မြောက်ခြင်းတွေကို ဆိုက်ရောက်မှာပါ။ ကိုယ်လိုချင်တဲ့ဖက်ကိုပဲ ကလေးကို မသိမသာရော သိသိသာသာပဲ ဇောင်းပေးပြီး သင်ကြားနေမယ်ဆိုရင်တော့ ဒါဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားတာပါပဲ။ သူကိုယ်တိုင်ကြောင့်ပင် ဖြစ်စေ တခြားသူကြောင့်ပင်ဖြစ်စေ ဦးတည်ချက်တစ်ခုခုကိုသာ  ရောက်အောင် လမ်းညွှန်ပေးနေမယ်ဆိုရင်တော့ ဒါဟာ ဖန်တီးနိုင်စွမ်းကို ချိနဲ့အောင် လုပ်ပစ်လိုက်တာပါပဲ။
          ဆရာတစ်ယောက်ဟာ သူ့ရဲ့ ကြိုတင်ကြံစည်ထားချက်တွေ မပါဝင်ဘဲ ကလေးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို ဂရုစိုက်ပေးမှသာ  အဲဒီကလေး သူ့လွတ်လပ်ခွင့်ကို သူရှာဖွေရာမှာ အကူအညီပေးရာရောက်တာပါ။ သူ့ပတ်ဝန်းကျင်မှာပဲဖြစ်စေ၊ သူ့အသိုင်းအဝိုင်းမှာပဲဖြစ်စေ၊ သုရဲ့စိတ်ပိုင်းဆိုင်ရာမှာပဲဖြစ်စေ၊ သူရဲ့ ဘာသာရေးမှာပဲဖြစ်စေ၊ သူ့မိသားစုမှာပဲဖြစ်စေ သူ့အပေါ် လွှမ်းမိုးထားတဲ့ အရာတွေ ရှိနေတတ်ပါတယ်။ အဲဒါတွေကို ဖယ်ရှားပေးပြီး ကလေးကို လွတ်လပ်ခွင့်ပေးရမှာဖြစ်ပါတယ်။ ဆရာတွေရဲ့ နှလုံးသားတွေထဲမှာလည်း လွတ်လပ်မှုတွေ ချစ်ခြင်းတရားတွေ ရှိနေမှသာ သူတို့ဟာလည်း ကလေးတွေရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို အစဉ်အမြဲ သတိရှိရှိနဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကိုက ပုံသေနည်းတွေနဲ့ စက်ရုပ်ဆန်ဆန် ဆောင်ရွက်နေမှုတွေ မရှိမှသာ တက်ကြွတဲ့ သတိတရားအားကောင်းတဲ့ ဆရာတွေ ဖြစ်လာမှာပါ။
          မှန်ကန်တဲ့ ပညာရေးဆိုတာ ကျောင်းသား သူဘာကို အမှန်တကယ် စိတ်ဝင်စားသလဲဆိုတာကို သိအောင် ကူညီပေးရမှာပါ။ သူရဲ့ ဝါသနာကို သူမသိဘူးဆိုရင်တော့ အဲဒီကလေးရဲ့ ဘဝတစ်ခုလုံးဟာ အချည်းနှီးပါပဲ။ သူမလုပ်ချင်တဲ့ အရာကြီးကို လုပ်ရပြီး တစ်ဘဝလုံး စိတ်ဆင်းရဲနေရတော့မှာပါ။ ပန်းချီဆရာဖြစ်ချင်တဲ့ ကလေးတစ်ယောက်ဟာ ရုံးတစ်ရုံးက စာရေးတစ်ယောက်ဖြစ်လာတယ်ဆိုရင်တော့ သူ့ဘဝဟာ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေနဲ့ ကုန်ဆုံးရတော့မှာပါ။ အဲဒါကြောင့်ပဲ ကလေးတိုင်းကို သူတို့ ဘာဝါသနာပါလဲဆိုတာကို ရှာဖို့ အရမ်းအရေးကြီးပါတယ်။ ပြီးရင် သူတို့ဝါသနာပါတဲ့ အရာဟာလည်း တကယ်လုပ်သင့်လုပ်ထိုက်ရဲ့လားဆိုတာကိုလည်း သိဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ဟာ စစ်ဗိုလ်ကြီး ဖြစ်ချင်နေတယ်ဆိုရင် သူ့ကို စစ်သင်တန်းမပို့မီ စစ်တပ်ဆိုတာ လူသားတစ်ရပ်လုံးအတွက် တကယ် အကျိုးရှိသလား မရှိဘူးလားဆိုတာကို သူသိအောင်လို့ သူ့ကို ကြိုးစားခိုင်းစေချင်ပါတယ်။
          မှန်ကန်တဲ့ပညာရေးဆိုတာ ကျောင်းသားတွေကို သူရဲ့လုပ်နိုင်စွမ်းကိုပဲ ဖွံဖြိုးအောင်လုပ်ရမှာ မဟုတ်ဘဲ သူရဲ့အပြင်းပြဆုံး စိတ်ဝင်စားမှုကိုပါ နားလည်လာအောင် ကူညီပေးရမှာပါ။ စစ်ပွဲတွေ အပျက်အစီးတွေ အနိဌာရုံတွေနဲ့ စုတ်ပြတ်သပ်နေတဲ့ ကမ္ဘာကြီးမှာ လူတိုင်းဟာ လူမှုပုံစံအသစ်တစ်ခုကို တည်ထောင်နိုင်ရပါမယ်။ ရှင်သန်မှုနည်းလမ်းအသစ်တစ်ခုကိုလည်း ဆောင်ကျဉ်းပေးနိုင်ရပါမယ်။
          အဲဒီလို ငြိမ်းချမ်းသာယာပြီး အသိဥာဏ်ပြည့်ဝလင်းလက်တဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို တည်ထောင်ဖို့ တာဝန်ဟာ ပညာသင်ကြားပေးသူ ဆရာတွေအပေါ်မှာပဲ အများကြီး မူတည်နေပါတယ်။ ဒီလိုမဖော်ပြကြလည်းပဲ လူ့အဖွဲ့အစည်းကြီး အောင်မြင်စွာ ပြောင်းလဲနိုင်ဖို့ အခွင့်အရေးကို သူတို့ ပိုင်ပိုင်ကြီး ရနေကြောင်း သိသာထင်ရှားပါတယ်။ မှန်ကန်တဲ့ ပညာရေးဆိုတာ ဘယ်အစိုးရ ဘယ်အဖွဲ့အစည်း ဘယ်စနစ်အပေါ်မှာမှ မူတည်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ လက်ထဲမှာသာ ရှိတာပါ။ ဆရာတွေ မိဘတွေရဲ့ လက်ထဲမှာသာ ရှိတာပါ။
          မိဘတွေဟာ သူတို့ကလေးတွေကို တကယ်ဂရုစိုက်ကြ တကယ်ချစ်ကြရင် လူ့အဖွဲ့အစည်းသစ်ကြီးကို တကယ်တည်ထောင်လာပါ လိမ့်မယ်။ ဒါပေမယ့် မကွယ်မဝှက်တမ်းပြောရရင်တော့ မိဘအများစုဟာ တကယ် ဂရုမစိုက်ကြပါဘူး။ သူတို့မှာ ဒီလို အရေးအကြီးဆုံး ပြဿနာအတွက် အချိန်မရှိကြပါဘူး။ သူတို့မှာ ပိုက်ဆံရှာဖို့ အပျော်အပါးတွေရှာကြဖို့ ပူဇော်ကိုးကွယ်ကြဖို့ အတွက်ပဲ အချိန်ရှိပါတယ်။ သူတို့ရဲ့ ကလေးတွေအတွက် မှန်ကန်တဲ့ပညာရေးမျိုးဆိုတာ ဘာလို့ စဉ်းစားကြည့်ကြဖို့တောင် အချိန်မရှိကြပါဘူး။ ဒါဟာလည်း လူအများစုက ရင်မဆိုင်ရဲကြတဲ့ အချက်တစ်ချက်ပါပဲ။ ဒါကို ရင်ဆိုင်ကြမယ်ဆိုရင် သူတို့ရဲ့ အပျော်အပါးတွေ ပျင်းရိမှုတွေကို ထားခဲ့ရတော့မှာကိုး။ သေချာတာကတော့ သူတို့ ဒီလို လုပ်ချင်စိတ်မရှိတာပါပဲ။ အဲတော့လည်း သူတို့ဟာ ကလေးတွေကို ဂရုစိုက်တဲ့နေရာမှာ သူတို့နဲ့ ဘာမှ သိပ်မထူးတဲ့ ဆရာ ရှိရာ ကျောင်းတွေဆီကို သူတို့ကလေးတွေကို ပို့လိုက်ကြတော့ပါပဲ။ ဆရာကရော ဘယ်လိုလုပ် ဂရုစိုက်မှာလဲ။ စာသင်တယ်ဆိုတာ သူ့အတွက် အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ပဲလေ။ ပိုက်ဆံရှာတဲ့ နည်းတစ်နည်းပဲလေ။
          ကျွန်တော်တို့ ဖန်တီးထားတဲ့ ကမ္ဘာကြီးကို တစ်ယောက်ယောက်ကများ ကန့်လန့်ကာလေး မပြီးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အလွန်အပေါ်ယံဆန်ကြောင်း၊ အတုအယောင်ဖြစ်ကြောင်း၊ ရုပ်အလွန်ဆိုးကြောင်း သိရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကန့်လန့်ကာကိုပဲ အလှတွေ ဆင်နေကြပါတယ်။ အားလုံးဟာ သူ့အလိုလို မှန်လာနိုးနိုး မှန်လာနိုးနိုးနဲ့ပေါ့။ ကံဆိုးတာကတော့ လူအများစုဟာ ဘဝနဲ့ ပတ်သတ်လို့ စူးစမ်းဖို့ စိတ်အားမထက်သန်ကြပါဘူး။ သူတို့ဟာ ပိုက်ဆံရှာဖို့ ၊ အာဏာရဖို့ နဲ့ လိင်ကိစ္စသာယာမှု ရဖို့လောက်ပဲ စိတ်အားထက်သန်နေကြပါတယ်။ သူတို့ဟာ ဘဝရဲ့ ရှုပ်ထွေးမှုတွေကို ထိပ်တိုက်မရင်ဆိုင်ချင်ကြပါဘူး။ ဒါကြောင့်လည်းပဲ သူတို့ရဲ့ မျိုးဆက်ကလေးတွေဟာလည်း သူတို့လိုပဲ ရင့်ကျက်မှုမရှိ တိုးတက်မှုမရှိဘဲ အရွယ်ရောက်လာကြပြန်တာပါပဲ။ သူတို့မိဘတွေလိုပဲ သူတို့ကိုယ်တွင်းမှာရော ကမ္ဘာကြီးနဲ့ရော အမြဲတမ်း ပဋိပက္ခတွေ ဖြစ်ပြီးတော့ပေါ့။
          ကျွန်တော်တို့ဟာ ကိုယ့်သားသမီးကို ကိုယ်ချစ်တာပေါ့လို့ အလွယ်တကူပဲ ပြောတတ်ကြပါတယ်။ ဒါပေမယ့် တကယ်ဖြစ်တည်နေတဲ့ လူမှုအခြေအနေတွေကို သဘောမပေါက်ဘူးဆိုရင် ဒီလို ပျက်စီးယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းကြီးကို အခြေခံကျကျ ပြောင်းလဲချင်တဲ့ စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ နှလုံးသားထဲမှာ ချစ်ခြင်းဆိုတာ ရှိပါဦးမလား။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပညာသင်ကြားပေးဖို့ အထူးပြုသမားတွေကိုပဲ အားကိုးနေဦးမယ်ဆိုရင်တော့ ရှုပ်ထွေးမှုတွေ စိတ်မချမ်းမြေ့ဖွယ်ရာတွေသာ ဆက်လက်ဖြစ်နေတော့မှာပေါ့။ အထူးပြုသမားတွေဆိုတာကလည်း  တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ အာရုံစိုက်နိုင်ပြီး အားလုံးကို အာရုံမစိုက်နိုင်တဲ့ သူတို့ကိုယ်တိုင်လဲ မဖွံဖြိုးသေးတဲ့ သူတွေပဲလေ။
          ဂုဏ်သိက္ခာအရှိဆုံး၊ တာဝန်အရှိဆုံးဖြစ်ရမယ့်အစား ပညာရေးဟာ အခုဆိုရင် ပေါ့ပေါ့ပဲပဲ လို့ပဲ သတ်မှတ်ခံနေရတယ်။ ဆရာတွေကိုယ်တိုင်ကလည်း အဲဒီ သံသရာကြီးထဲမှာပဲ ပိတ်မိနေကြတော့တယ်။ သူတို့ကိုယ်တိုင်ကိုကလည်း ဥာဏ်ပညာနဲ့ ပေါင်းစည်းညီညွှတ်ရေးကို တကယ်စိတ်မဝင်စားကြပါဘူး။ အချက်အလက်တွေ သင်ပေးရုံလောက်ပဲ တတ်နိုင်ကြပါတယ်။ ကမ္ဘာကြီး ကွဲကြေနေတယ် ဆိုတဲ့ သတင်းလောက်ကို ဖြန့်ဖြူးနိုင်ရုံလောက်နဲ့တော့ သူ့ကို ဆရာလို့ ခေါ်လို့မရသေးပါဘူး။
          ဆရာဆိုတာ အချက်အလက်တွေ ဖြန့်ဝေပေးသူ လောက်ပဲ ဖြစ်လို့မရပါဘူး။ ဥာဏ်ပညာဆီ အမှန်တရားဆီ သွားတဲ့လမ်းကို ညွှန်ပြပေးသူလည်းပဲ ဖြစ်ရပါမယ်။ အမှန်တရားဆိုတာ ဆရာဆိုတာထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။ အမှန်တရားကိုရှာဖွေတယ် ဆိုတာ ဘာသာရေးပါပဲ။ အမှန်တရားဆိုတာ နိုင်ငံနဲ့လည်း မဆိုင်ပါဘူး။ ကိုးကွယ်ယုံကြည်မှုနဲ့လည်း မဆိုင်ပါဘူး။ အမှန်တရားဆိုတာ ဘယ်ဘုရားကျောင်း၊ ဘယ်စေတီ၊ ဘယ်ဗလီမှာမှ ရှာလို့မရပါဘူး။ အမှန်တရားကို ရှာဖွေမှုမရှိဘူးဆိုရင်တော့ လူ့အဖွဲ့အစည်းကြီးဟာ မကြာခင် ပုပ်သွေးဆွေးမြေ့သွားတော့မှာပါပဲ။ လူ့အဖွဲ့အစည်း အသစ်တစ်ခုကို ဖန်တီးဖို့ဆိုရင် ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းဟာ စစ်မှန်တဲ့ ဆရာတွေ ဖြစ်နေရပါမယ်။ သဘောကတော့ ကျွန်တော်တို့ဟာ တစ်ချိန်တည်းမှာပဲ ဆရာတွေလည်း ဖြစ်နေရမှာဖြစ်သလို တပည့်တွေလည်း ဖြစ်နေရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း တစ်ချိန်လုံး သင်ကြားနေရမှာပါပဲ။
          လူမှုပုံစံသစ် တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် စာသင်ကြားတဲ့သူတွေဟာ လစာရရုံလောက် ရည်ရွယ်နေရုံ မျှနဲ့တော့ ဆရာဆိုတဲ့ နေရာနဲ့ သူတို့နဲ့ မထိုက်တန်ပါဘူး။ ပညာရေးဆိုတာကို အသက်ရှင်ရပ်တည်ဖို့လောက်ပဲ သတ်မှတ်နေမယ်ဆိုရင်တော့ ကိုယ်ရဲ့တပည့်တွေအပေါ် ကိုယ်ကျိုးရှာ အမြတ်ထုတ်တာပါပဲ။ ဥာဏ်အလင်းပွင့် လူ့အဖွဲ့အစည်းတစ်ခုမှာ ဆရာတွေဆိုတာ ကိုယ့်အကျိုးကို ကြည့်စရာမလိုပါဘူး။ သူ့အသိုင်းအဝိုင်းကပဲ သူရဲ့ လိုအပ်ချက်တွေ ထောက်ပံ့ပေးမှာပါ။
          စစ်မှန်တဲ့ ဆရာတစ်ယောက်ဆိုတာ အထင်ကြီးစရာ စာသင်ကြားရေးဌာနကြီး တည်ထောင်တဲ့သူလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေရဲ့ အသုံးချစရာ လက်ကိုင်တုတ်လည်း မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် ယုံကြည်ချက်တစ်ခု အတွေးအခေါ်တစ်ခုနဲ့ ချည်တုပ်မိနေတဲ့သူလည်း မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဆရာဆိုတာ စိတ်မနောမှာပါ ပြည့်ဝနေပြီး သူ့အတွက်လည်း ဘာမှ မတောင်းဆိုတတ်ပါဘူး။ လောဘကြီးသူလည်း မဟုတ်သလို အခွင့်အာဏာကိုလည်း ဘယ်နည်းနဲ့မှ မရှာဖွေပါဘူး။ စာသင်ကြားခြင်းကိုလည်း နေရာကောင်းရဖို့ အခွင့်ထူးခံရဖို့ နည်းလမ်းတစ်ခုအနေနဲ့လည်း အသုံးမပြုပါဘူး။ ဒါကြောင့်မို့လည်း သူဟာ သူ့လူ့အဖွဲ့အစည်းကြီးရဲ့ ဖိနှိပ်မှု ၊ အစိုးရရဲ့ ထိန်းချုပ်မှုတွေနဲ့လည်း လွတ်ကင်းနေပါတယ်။ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင်တွေပေါ်မှာ အခြေမပြုဘဲ ပညာသင်ကြားပေးသူ ဆရာတွေအပေါ်မှာသာ အခြေပြုထားတဲ့ စစ်မှန်တဲ့ ယဉ်ကျေးမှုကို တည်ထောင်ထားပြီးသား ဥာဏ်အလင်းပွင့် လူ့အဖွဲ့အစည်းတွေမှာတော့ ဒီလိုဆရာမျိုးတွေဟာ အဓိကအကျဆုံး နေရာကိုသာ အမြဲပိုင်ဆိုင်နေကြမှာပဲ ဖြစ်ပါတယ်။

J D Khrishnamurti ရဲ့ School  ကို ပြန်ဆိုသည်


ရှိန်ဝါ

No comments:

Post a Comment