ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, October 20, 2016

ကိုချစ်စိန်တယောက် ရွာမှပျောက်သွားရသည့်အကြောင်းအရင်း

(၁)
ကုလားထိုင်ကို ပြောင်းပြန်ထိုင်ရတာ ပျော်စရာကောင်းမှန်း ငါလည်းသိပြီ။ ထီထိုးပြီးတိုင်း ထီလက်မှတ်တွေကို လွှင့်ပစ်တယ်။ ငါမှားခဲ့ကြောင်းတော့ ငါမသိချင်ဘူး။
လူတွေက ငါ့ကို
ပင်လယ်ကြတော့ သစ်ရွက်တွေထိုးဟောင်တဲ့ တောအုပ်ကိုပဲ ရွေးလိုက်တယ်။

(၂)
လူအများစု စုညကြပြီဆိုရင် ပွဲတော်ညရောက်ပြီပဲ
စာရွက်တွေပေါ် ကိုယ်စားချင်ရာ စားစရာတွေကိုရေးလို့ စာရွက်တွေကို တဂျွတ်ဂျွတ်ဝါးကြတယ်
ကြယ်တွေကို မျက်ရည်သင်္ကေတအဖြစ် မဆွဲသားနိုင်သေးတော့ ကောင်းကင်ကြီးငိုနေကြောင်း
ဘယ်အိပ်မက်မှ မသိကြဘူး။

(၂)
ဓါတ်တိုင်ချင်းတူပေမယ့် လမ်းချင်းတော့ တူချင်မှ တူမှာ
ဘယ်ကိုဆက်ပြီး လျှပ်စီးရမယ်မသိတော့ လက်ကားယားခြေကားယား သုတ်သင်ခံလိုက်ရသူတယောက်လေလား။
ငါ့ရန်သူတွေ ထိုးလိုက်လို့ ကျွတ်သွားတဲ့ ငါ့သွားတိုင်းကို
ငါ့ခြံစည်းရိုးအဖြစ် ငါကာတယ်။
အဲဒီသွားခြံစည်းရိုးတွေဟာ လူမသိသူမသိ ငါ့ဖောင်ကို ငါဖွဲ့ထားတာလည်း ဖြစ်နိုင်တယ်။

(၃)
ရေအိုင်တွေတွေ့တိုင်း ကိုယ်တခြမ်းဆင်းစိမ်တယ်
ရေပေါ်မှာ တယောက် ၊ ရေအောက်မှာတယောက်
ရေပြင်ပေါ်မှာ ငါ့ကို ပြန်ကြည့်နေတဲ့တယောက်
ရေနစ်နေတဲ့လူတိုင်းဟာ ခွေးဘဝကိုတောင့်တာကြတာချည်းပဲ
ငါ့နာမည်ကို ငါမမှတ်မိတော့တဲ့အချိန်တိုင်း ငါ့ခွေးလေးကိုကြိုးနဲ့ဆွဲလို့ လမ်းလျောက်ထွက်တယ်။ ငါ့နာမည်ကိုခေါ်ရမယ့်အစား ခွေးလေးနာမည်ကိုသာ ခေါ်ကြတော့ ငါ့ခွေးလေးနာမည်ကိုပဲ ငါ့နာမည်အဖြစ်သတ်မှတ်လိုက်တယ်။
တောအုပ်ထဲမှာ ကိုယ့်နာမည်ကို ခေါ်သံကြားလို့ ပြန်ထူးရင် သေပြီပဲ။

(၄)
ထောင်သားတယောက်ဟာ သူ့ပတ်ဝန်းကျင်ကို အလွတ်ရသလို
ငါ့ပါးပေါ်က အရေးအကြောင်းက 0.3 cm ပိုရှည်လာတာ ငါသိတယ်
မိုးကုပ်စက်ဝိုင်းပုံကပ်ထားတဲ့ ဘတ်စ်ကားကို
ဂိတ်စ ဂိတ်ဆုံး စီးဖူးရင် လုံလောက်ပြီ
အိပ်ပျော်နေတဲ့ မင်းသမီးလေးဟာ ရုပ်ခန္ဓာကိုထားခဲ့ပြီး စိတခန္ဓာနဲ့ လူတကာကို လိုက်နမ်းခဲ့တာဖြစ်တယ်။ မင်းသားလေး လာမနမ်းခင် အနမ်းအတွေ့အကြုံတွေ အများကြီးလိုချင်လို့လို့ သူက ဆင်ခြေပေးခဲ့တယ်။
ညစ်ညမ်းမှုဆိုရင် လူသိခံစရာမလိုတဲ့အတွက် ပုံပြင်တွေဟာ အမြဲတမ်းသန့်စင်နေခဲ့တယ်။
တကယ်က လူပုလေးခုနှစ်ယောက်ကိုသာ တွေ့ရပြီး
စနှိုးဝိုက်ကို မတွေ့ရတဲ့ လူ့အသိုင်းအဝိုင်းကြီးထဲမှာ
ငါဟာ ငါ့ကိုယ်ငါ လွမ်းနေရတယ်။
တ နေရတယ်။
သ နေရတယ်။

(၅)
ငါသိမ်းထားတဲ့ ငါ့တကိုယ်ရည်စစ်စစ်ဆီးခုံမွှေးတွေကို
Happy New Year ညရောက်ရင် မီးပုံရှို့မယ်
Hair New Year လို့ ကြုံးဝါးမယ်
ဘယ်ထင်းမဆို တချောင်းတည်းထည့်ထည့် အစည်းလိုက်ထည့်ထည့်
မီးအားကောင်းနေရင် ငါတို့ဟာ လောင်ကြတာပါပဲ
ပဲကြီးရေစိမ်အခွံချွတ်နေတဲ့လက်ဟာ
ပဲကြီးရေခွံနှယ် ရှုံ့တွပြီး ပွင့်ချပ်လွှာတွေအဖြစ် ပွင့်ရ
ငါ့အတွင်းသားဖြူဖြူ၊ မြင်သူတွေ စားကြပါစေဆိုပြီး
ငါ့အရေခွံ ငါချွတ် လေထီးလိုဖွင့်လို့ ငါလွှင့်ခဲ့လိုက်ပြီ
*ရွာမှထွက်လေ၊ တောမှာသေသည်
လည်ရှည်လင်းတ၊ ဝ၏တည်း။

ရှိန်ဝါ
၂၀၁၆ စက်တင်ဘာ

ဆပ်ပြာတွေဟာ ဘုရားရုပ်ပေါက်တယ်

မှိုတွေဟာ အညှိဓါတ်ရှိလို့သာ ပွင့်လာရတာ
လက်ညှိုးဆိုတာ ထောင်ပြီးရင် တခုခုကိုထိုးရမှ
ထိုးစရာမရှိတာနဲ့ လေထဲမှာစက်ဝိုင်းတခုဆွဲလိုက်ပြီး
အဲဒီစက်ဝိုင်းထဲကို ခုန်ဝင်လိုက်တယ်။

ထီးကို တပါတ်ပြည့်အောင် လှည့်ရမယ်
ခွေးလေး ရေစက်တွေခါချတာ သိပ်လှတာပဲ
တကယ်က ရေပေါ်ပေါ်နေတဲ့ ထီးရိုးကောက်ကိုသာ
မြင်ကြရတာဖြစ်ပြီး
ရေအောက်ကထီးရွက်ပွင့်ကိုကျ
ဘယ်သူမျှ မခူးနိုင်ကြဘူးလေ။

ဝေလင်းထွန်းက မနေ့ကစကားကို ပြန်ဆက်တယ်
အတိတ်ကို သတိမရတော့တဲ့အခါ
မျဉ်းဖြောင့်တွေဟာ ထင်သလောက်မဖြောင့်တော့ဘူး။

ဘောလုံးကွင်းကြီးထဲက ကြည့်လိုက်တော့
မိုးကောင်းကင်ဟာ သူတို့မြင်စေချင်သလို အဝိုင်းပုံစံ
တယောက်ဆံပင်ကို တယောက်ကကြိတ်ဝါးရင်း
တကွင်းလုံး တိတ်ဆိတ်နေတယ်
အများတကာ ပက်လက်မျောနေရတဲ့ တံထွေးခွက်ကြီး
အဆိုပါ မိုးကြောင့် အနှီဖားငယ် သေခဲ့ရလေတယ်။

ဘဝဆက်တိုင်း ကိုယ့်ကိုယ်ကိုယ်လိမ်နိုင်ရမယ်
တရွာလုံးဟာ ကြောက်လန့်တကြား
မွေးရာပါ နားခြောက်ပေါက်ပါတဲ့ ကလေးကို
သတ်ပစ်လိုက်ကြတယ်
ကြားအပ် မကြားအပ် နှစ်ရပ်များစွာမှာ နေထိုင်မယ်
အရေပြားပေါ်က တိမ်အညစ်အကြေး
အမွှေးအမျှင်တွေနဲ့ ညှိရမှ နေပျော်သေပျော်မယ်။

နတ်ဖြစ်ချင်ရင် ဆံပင်ရှည်ရမယ်
နတ်တွေဟာ ခေါင်းလျှော်နေရတာနဲ့ပဲ မအားကြဘူး
မဟာကရုဏာတော်တံဆိပ် ဝဲနှင်းခူပျောက်ဆေးကြီး
ဆရာဝန်က လက်အိတ်ကိုချွတ်ပြီး လက်ဆေးပြီဆို
ကလေးတယောက် လူ့လောကကို ရောက်လာပြီပဲ။

ကောင်းကင်မည်းမည်းကြီးထဲ
ကြယ်တွေဟာ ဆပ်ပြာမှုန့်တွေဖြစ်တယ်
ပင်လယ်ဟာ တစ်ရှုးဗူးထဲ ပုန်းကွယ်နေတယ်
ကားမီးထိုးလိုက်တဲ့ အခါ
သစ်ရွက်ပေါ်က ရေစက်ဟာ
ဥာဏ်အလင်းပွင့်သွားတော့တယ်။

သူ့ခြေထောက် သူပြန်ရိုက်ချိုးနေတဲ့ ထိုင်ခုံပဲ
ငှက်နှုတ်သီးဟာ ဝါယာကြိုးတွေပဲ
လျှပ်စီးလက်ချင်ရင် အသံတခုခုတော့ ပြုရတယ်
ငှက်သံကြားရမှ ညဟာ
နေရှိနေမှန်းသိတော့တယ်။

မှန်ထဲမှာဆိုရင်
အထီးကျန်တဲ့သူဆိုတာ ဘယ်သူမှ မရှိဘူး
မှန်ထဲမှာ စကားလုံးတွေဟာ ဘယ်သူ့ကိုမဆို
အဖော်ပြုနေထိုင်ပေးတယ် တချိန်လုံး။

နံရံရဲ့ ဟိုဖက်မှာက
ပြေးလွှားဆော့ကစားနေတဲ့ ကလေးတယောက်
သေးကတော့ မနေ့ကလိုပဲ နံမှာပဲ
နံရံဆိုတာ သေးကော့ပန်းဖို့အတွက် တည်နေရာ
နံရံဟာ မွှတ်နေအောင်လည်တယ်
တံခါးခေါက်သူကို မတွေ့ရမှာ စိုးတဲ့အတွက်
တံခါးကို ဖွင့်မကြည့်ရဲခဲ့ဘူး။

ရှိန်ဝါ
၈ လပိုင်း တလလုံး

တညင်းကုန်းဘူတာသို့ အဂုင်္လိမာလတံဆိပ်ထွန်တုံးဝယ်ရန် ကျည်ဆန်ရထားဖြင့် သွားရောက်ခြင်း

(၁)
ဂျိုကာမျက်နှာဖုံးစွပ် အချင်း ကာလာမတို့
ကမ္ဘာလုံးထဲ ဆိုင်ကယ်ပတ်စီးပြတယ်
မယုံကြည်သူမျက်လုံးတွေဟာ ပြူးထွက်
ယင်ကောင်မည်းကြီးများအဖြစ် စတင်ပျံဝဲလေရာ
အလိုမတူ အလိုပါ ခရီး။

(၂)
ကြက်ခြင်းထဲ ဘဝမှားရောက်နေတဲ့ ငါးတွေ
မြစ်ထဲပစ်ချလွှတ်ပေးလည်း
ကြက်ခြင်းအပြင် မထွက်ရဲကြတော့
ရထားကြမ်းပြင်ပေါ် ပွစာကျဲနေတာက
မြောက်ကိုရီးယားရဲ့ မအောင်မြင်ခဲ့တဲ့ ဒုံးတွေ။

(၃)
စင်္ကြန်ပလက်ဖောင်းပေါ်လှဲနေတဲ့
သုမေဓါရှင်ရသေ့လောင်းလျာတွေ
ရထားပြတင်းပေါက်တွေရဲ့ဘေး
ပင့်ကူလူသားတွေလို တွယ်ကပ်လိုက်ပါလာကြ။

(၄)
ဟိုးအမြင့်မှာ ပျံသန်းနေတဲ့ ကြက်ဥမွှေကြော်ကြီး
လေအဝှေ့ ကြက်သွန်ဖက်အပုပ်လေးတွေ ပြုတ်အကျ
ကြယ်တွေကြွေပြီဟေ့ ဆိုပြီး လုကောက်ကြတယ်။
ရုံးဆင်းရုံးပြန် ခနောနိခနော်နဲ့ထမင်းချိုင့်လေးကိုကြည့်ပြီး
လိင်စိတ်အညွှန့်တက်ရသူ ကန်စွန်းနွယ်လေးပါ မမရယ်။

(၆)
ငါတို့ရဲ့ တိုးတက်ဖွံဖြိုးလာပုံဟာ
နတ်အုန်းသီးပေါ်မှာတောင် ဖယောင်းတိုင်ထွန်းနိုင်လာကြရဲ့
ငါတို့ ကန့်ကွက်ခဲ့တဲ့ ဂုံးကျော်တံတားရဲ့ ချိုင်းချွေးနံ့တွေကြား
ငါတို့ ဆန္ဒထပ်ပြနေကြရတဲ့ သမိုင်း။

(၇)
အတုလကာရီရဲ့ တစလယ်ဝင် Charles and Keith အိတ်
ထဲက စားမကုန်နံမကုန် တညင်းသီးတွေ။

(၈)
ရာသီစာဈေးသည်အဒေါ်ကြီးတွေကို
ရာသီလာနေတဲ့မျက်နှာတွေကို အားနာနေမိကြရ
အရေပြားတွေကျွတ်ကျတဲ့အထိ သူတို့ရီသွားကြ
အဖျက်ခံရတဲ့ ငြမ်းတဖြစ်လဲ ဝါးလုံးတွေသာ
မြေကြီးမှာ အစို့ပြန်ထွက် မြေဝတ်လဲနိုင်ကြတယ်။

(၉)
ကျွပ်ကျွပ်အိတ်တွေက ရထားကိုပြေးလိုက်ပြီး လက်ပြတယ်
ဟန်းဆက်တွေ ပစ်ချပေးရုံနဲ့ မလုံလောက်လို့
ငွေဖြည့်ကဒ်တွေပါ ကျဲချပေးခဲ့လိုက်တယ်
ဂန္ဒီဓါးသွေးကျောက်ပေါ်မှာ ကွမ်းတံထွေးတွေ
အီဖယ်မျှော်စင်ဓါတ်ပုံတွေနဲ့
ပြတင်းပေါက်တိုင်းကို ပိတ်ကာထားရတယ်။

(၈)
ကြောင်တွေဟာ ကြာကြာရေမငုပ်ပါဘူးလို့
အနာဂတ်တွေက ဗလုံးဗထွေးထအော်ကြတယ်
ဂိဇကုဋ်တောင်ပေါ်က ရဟတ်ယဉ်တွေတောင်
ဘာမသိညာမသိ လန့်ဖျန့်ပြီး ထပျံကြတယ်။

(၉)
ရထားဟာ ငါတို့မျိုးဆက်ဆီကနေ ငိုပြီးပြေးတယ်
အဇာတသတ်ဟာ သူ့အဖေဆီက အမွေရထားတဲ့ ဆိုက္ကားနဲ့
ဆိုက်ရောက်လိုရာနေရာဆိုတာ ရှိခဲ့ဖူးသလား
ရထားဟာ သူခရီး သူညစ်ပြီး ပါချသွားတယ်
အနာဂတ်ဆိုတာ သိဝိမင်းကို ရူးအောင်ကြိုသလိုပဲ
ဥမ္မာဒန္တီရဲ့ ကျောမှာတော့
Handsaplast များ တဖွေးဖွေး။

ရှိန်ဝါ
June 30, 2016

လူသံသူသံ (The Sound of A Voice by David Henry Hwang)

A play isn’t a text. It’s an event.
- Tom Stoppard
ပြဇာတ်ဆိုတာ စာသားမဟုတ်ဘူး။ အဖြစ်အပျက်။
တွမ်စတော့ပတ်ဒ်

ဒေးဗစ်ဟင်နရီဟွမ် (David Henry Hwang) ၁၉၅၇ မှာမွေးတယ်။ ကယ်လီဖိုးနီးယားမှာ ကြီးပြင်းတယ်။ အမေရိကန်ကို ပြောင်းရွှေ့အခြေချတဲ့ တရုတ်လူမျိုးပထမမျိုးဆက်ရဲ့ သားတယောက်။ ဂီတမျိုးရိုးပဲ။ အမေက ပီယာနိုပညာရှင်။ အမက ချယ်လ်လိုတီးတယ်။ ၁၉၇၉ စတန်းဖို့ဒ်တက္ကသိုလ်တက်စဉ်မှာ သူ့ရဲ့ပထမဆုံးပြဇာတ်ဖြစ်တဲ့ FOB (fresh off the boat) ကိုတင်ဆက်ကပြတယ်။ F.O.B ဟာ နောက်ပိုင်း New York Shakespeare Festival မှာ ဝင်ရောက်တင်ဆက်ခွင့်ရတယ်။ ၁၉၈၁ မှာ Obie Award ရတယ်။ The Sound of a Voice ကို သူရဲ့အခြား တခန်းရပ်ပြဇာတ်ဖြစ်တဲ့ The House of Sleeping Beauties နဲ့ ပထမဆုံးတွဲဖက်တင်ဆက်တယ်။ ၁၉၈၈မှာ M.Butterfly ဆိုတဲ့ ပြဇာတ်နဲ့ Tony Award ဆုရတယ်။ ဟွမ်ရဲ့ပြဇာတ်အများစုဟာ နိမိတ်ပုံအားပြုတဲ့ ပြဇာတ်အမျိုးအစားတွေဖြစ်တယ်။ The Sound of a Voice မှာ သူဟာ အချိန်ကာလနဲ့ နေရာဒေသတွေကို မဖော်ပြဘဲ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ကို ဖန်တီးထားတယ်။ ဂျပန်ရိုးရာပုံပြင်တပုဒ်ကို ပြန်လည်သစ်ဆန်းထားတာ။ No drama အမျိုးအစားပဲ။ (   ) နောက်ပိုင်းမှာ သူ့ရဲ့ သရုပ်မှန်ထက်ကျော်လွန်တဲ့ စမ်းသပ်ပြဇာတ်တွေကို ပြုလုပ်ချင်တဲ့ စိတ်ကြောင့် အော်ပရာအမြောက်အများကိုလည်း ဖန်တီးတင်ဆက်ခဲ့သေးတယ်။ ၂၀၀၀ ခုနှစ်မှာ Elton John တို့နဲ့ Aida၊ ၂၀၀၆ မှာ Phil Collins နဲ့ ပူးပေါင်းရေးသားတင်ဆက်ခဲ့တဲ့ Tarzan တို့ကတော့ အထင်ရှားဆုံးပဲ။ အခု နျူးယောက်ခ်မှာနေတယ်။

အညွှန်း
“မတီးဘဲမြည်သော အသံ” (The Sound of a Voice) ဟာ ဒေးဗစ်ဟွမ်ရဲ့ အစောပိုင်းလက်ရာတခုပါ။ ဒါပေမယ့် အကောင်းဆုံးလက်ရာတခုလို့လည်း ပြောလို့ရပါတယ်။ ပြဇာတ်က သာမာန်အားဖြင့် ကြည့်ရင်တော့ ရှေးဟောင်းရိုးရာပုံပြင်ကို ရိုးရိုးရှင်းရှင်း ပြုပြင်တင်ဆက်ထားတယ်လို့ ထင်ရပေမယ့် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။  ဂျပန်လို နိုပြဇာတ်လို့ ခေါ်ပါတယ်။ မှော်ဆန်တဲ့ အဖြစ်အပျက်တွေပါဝင်တဲ့ ရိုးရာဇာတ်လမ်းပေါ့လေ။ ပြဇာတ်ရဲ့ အဓိက အကြောင်းအရာကတော့ အထီးကျန်မှုလို့ ဆိုပေမယ့် နောက်ကွယ်က အကြောင်းအရာများစွာရှိပါတယ်။ အားပြိုင်နေတဲ့ တည်ဆောက်ပုံတွေ မြောက်များစွာလည်း ပါဝင်ပါတယ်။ ကျန်တာတွေ ပညာရှင်တွေပြောလိမ့်မယ်။ ကျနော်မသိ။ ကျနော်သိတာက ဖတ်လို့ကောင်းတာပဲ။
ပထမဦးဆုံးအနေနဲ့ ထူးခြားဆန်းကြယ်တဲ့ မှော်ဆန်ဆန်ဇာတ်လမ်းတပုဒ်ကို ရိုးရှင်းတဲ့ အရေးအဖွဲ့ ဘာသာစကားတွေနဲ့ အားပြိုင်မှုကို တွေ့ရပါမယ်။
နောက်ထပ် အားပြိုင်မှုကတော့ ရိုးအီလွန်းနေတယ်လို့ထင်ရတဲ့ ယောက်ျားမိန်းမ ဖိုမ အားပြိုင်မှုပါပဲ။ ဖိုဆန်လွန်းသော ဇာတ်ကောင်နဲ့ မ ဆန်လွန်းသော ဇာတ်ကောင်ကို အသေးစိတ်တင်ပြထားပါတယ်။ အားပြိုင်မှုအပြင် နောက်ပိုင်း ဖိုဆန်မှု မဆန်မှု တွေ အားလုံးရောယှက်တင်ပြသွားမှု။
ပြီး ချစ်ခြင်းမေတ္တာနဲ့ တာဝန်ဝတ္တရားအားပြိုင်မှု။
ကောလဟာလနဲ့ တကယ့်အရှိတရားအားပြိုင်မှု။
ဂုဏ်သိက္ခာနဲ့ အရှက်တရားအားပြိုင်မှု။
ရှေးခေတ် ရိုးရာယုံကြည်မှုတွေ အပေါ်မေးခွန်းထုတ်မှု။
ဇာတ်ကောင်တဦးချင်းစီရဲ့ စိတ်အတွင်းက ပဋိပက္ခတွေ၊ အထူးသဖြင့် ဇာတ်ကောင်အမျိုးသားရဲ့ မပြတ်သားမှု၊ တွေဝေမှု၊ လွန်ဆွဲရမှုတွေ။
အသက်အရွယ်ကြီးရင့်အိုမင်းလာမှုနဲ့ မာန်မာနအားပြိုင်မှုတွေ။
နောက်ဆုံးအနေနဲ့ကတော့ ပြဇာတ်ရဲ့ နောက်ခံအခင်းအကျင်းဖြစ်တဲ့ အလင်း နဲ့ အမှောင်။ နေ့ နဲ့ ည ကိစ္စတွေပါပဲ။ ရုတ်ချည်းမှောင်ကျသွားတဲ့ ဖြစ်ရပ်တွေ၊ တမဟုတ်ချင်း လင်းလာတဲ့ အဖြစ်အပျက်တွေကလည်း ဒီပြဇာတ်ရဲ့ အဓိက ဆွေးနွေးလေ့လာစရာကိစ္စတွေပါပဲ။
ညောင်းပြီဗျာ။ (ပါဝင်တဲ့ ဇာတ်ကောင်က နှစ်ယောက်ထဲ။ နေရာအခင်းအကျင်းက အခန်းနှစ်ခုထဲ။ ဒါတောင် တခုက မထင်ရှား။ ဒီလောက်လေးနဲ့ ကမ္ဘာကျော်ပြဇာတ်ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ကွကိုသာခံစားကြပါတော့။)



“လူသံသူသံ”
(The Sound of a Voice by David Henry Hwang)

ဇာတ်ကောင်များ။
အသက်ငါးဆယ်ကျော် ဂျပန်အမျိုးသားတယောက်
အသက်ငါးဆယ်ကျော် ဂျပန်အမျိုးသမီးတယောက်

နောက်ခံအခင်းအကျင်း - ဝေးလံသီခေါင်သောတောတွင်းတနေရာရှိ အမျိုးသမီးရဲ့အိမ်။

အခန်း (၁)
အမျိုးသမီးက အမျိုးသားအတွက် လက်ဖက်ရည်ငှဲ့ပေးနေ။ အမျိုးသားက နွေးထွေးအောင် သူ့ကိုယ်သူ ကြိုးစားပြီးပွတ်သပ်နေ။

အမျိုးသား - ကျွန်တော့်ကို အထဲခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
အမျိုးသမီး - ဒီနေရာက ကမ္ဘာကြီးနဲ့ဝေးတဲ့ ချောင်လေးပါရှင်။ ဧည့်သည်ကလည်း ရှားတယ်လေ။
အမျိုးသား - လက်ဖက်ရည်ကို ခင်ဗျားကောင်းကောင်းငှဲ့တတ်တာပဲ။
အမျိုးသမီး - မဟုတ်တာရှင်။
အမျိုးသား - ခွက်ထဲကို လက်ဖက်ရည်ငှဲ့တဲ့အသံက အရမ်းအားရှိစရာပဲဗျာ။
အမျိုးသမီး - အဲဒါလက်ဖက်ရည်ကြောင့်ပါ။ ကျွန်မကြောင့်မဟုတ်ပါဘူး။ (အမျိုးသားဆီ ခွက်ကိုကမ်းပေး) တခြား ဘာများယူပေးဦးရမလဲရှင်။ ထမင်းစားပါလား။
အမျိုးသား - မလုပ်ပါနဲ့ဗျာ။
အမျိုးသမီး - ဒါဆို အသီးအရွက်နည်းနည်းဆိုရင်ရော။
အမျိုးသား - မစားတော့ပါဘူး၊ ကျေးဇူးပါဗျာ။
အမျိုးသမီး - ငါးရော။ (ခဏနား) အနီးဆုံးရွာကို ဒီကနေ အနည်းဆုံး နှစ်ရက်လောက် လမ်းလျောက်ရတယ်။ ကျွန်မ ဘယ်မြင်းမှလည်း မတွေ့ခဲ့ဘူး။ ရှင် ဆာနေရောပေါ့။ ကျွန်မကိုဂုဏ်ပြုတဲ့အနေနဲ့ ကျွန်မနဲ့အတူ ညစာစားပါလားရှင်။ ဧည့်သည်ကလည်း ရှားတယ်လေ။
အမျိုးသား - ကျေးဇူးပါပဲဗျာ။
အမျိုးသမီး - (အမျိုးသမီးက ထထွက်သွား။ အမျိုးသားက သူ့ကိုယ်သူနွေးအောင်လုပ်တဲ့အနေနဲ့ ခွက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ထား။ သူလည်း မတ်တပ်ရပ်။ အခန်းကို ပတ်လျောက်။ ပရိဘောဂအနေနဲ့ အရောင်တောင်တောက်ပန်းလေးတွေထိုးထားတဲ့ ပန်းအိုးကလွဲလို့ တခြားအရာများစွာမရှိ။ ပန်းလေးတွေက အခန်းရဲ့ ရှင်းလင်းမှုနဲ့ယှဉ်ရင် ဆန့်ကျင်ဖက်ဖြစ်နေ။ တဖြည်းဖြည်းနဲ့ သူ ပန်းတွေရှိရာ ရောက်သွား။ ပန်းလေးတွေကို ကိုင်ကြည့်။ လျင်လျင်မြန်မြန်ပဲ ပန်းလေးတပွင့်ကို ယူလိုက်ပြီး သူ့အကျီင်္အောက်ဖွက်လိုက်။ အစောပိုင်းကထိုင်ခဲ့တဲ့နေရာဆီ ပြန်လာ။ သူ ထိုင်စောင့်။ အမျိုးသမီး ပြန်ဝင်လာ။ အစားအသောက်ဗန်းတဗန်းပါ သယ်လာ။) ကျေးဇူးပြုပြီး စားပါရှင်။ ရှင်စားရင် ကျွန်မ အရမ်းပျော်မှာပါ။
အမျိုးသား - ကောင်း… ကောင်းလိုက်တာဗျာ။
အမျိုးသမီး - ကျေးဇူးပါရှင်။
အမျိုးသား - ကျေးဇူးပါဗျာ။ (အမျိုးသမီးကိုလည်း သူနဲ့ အတူစားဖို့ခေါ်။)
အမျိုးသမီး - နေပါစေ၊ ကျေးဇူးပါရှင်။
အမျိုးသား - တော်တော်ကောင်းတယ်ဗျာ။ စားဖူးသမျှထဲမှာတော့ အကောင်းဆုံးပဲ။
အမျိုးသမီး - ရှင်က တော်တော်မြှောက်တတ်တာပဲ။ ဒါပေမယ့် ရှင်ဘာပဲပြောပြော ကျွန်မ သဘောကျနေမှာ။
စကားလုံးတွေကိုတင်မကဘူး။ လူတယောက်ရဲ့ ပါးစပ်ကထွက်လာတဲ့ အသံကိုပါ။ အသံက လေထဲကို
ဖြတ်သန်းလာတဲ့ပုံကိုရောပေါ့။
အမျိုးသား - ခင်ဗျားဆီ ဧည့်သည်မရောက်တာ ဘယ်လောက်ကြာပြီလဲဗျ။ (ခဏနား)
အမျိုးသမီး - မသိတော့ဘူးရှင့်။
အမျိုးသား - အိုး တကယ်လား။
အမျိုးသမီး - မမှတ်မိတော့ဘူးရှင့်။ ပြီးခဲ့တဲ့ ငါးလလောက်က ဒါမှမဟုတ် ဆယ်နှစ် ဒါမှမဟုတ် မနေ့ကလည်းဖြစ်နိုင်တယ်။ လေထဲမှာ ဘာအသံမှ မရှိတော့ရင် ကျွန်မ အချိန်ကို ထည့်မစဉ်းစားဘူး။ အဓိပါယ်မရှိဘူးလေ။ အချိန်ဆိုတာ ဧည့်သည်တယောက်ရောက်လာတဲ့ စပြီး သူပြန်သွားတဲ့အခါ ဆုံးသွားတာပဲ။
အမျိုးသား - ဒါဆို အဲဒီကြားထဲမှာရော။ ခင်ဗျား ရက်တွေကို မမှတ်မိဘူးလား။ ဒါကိုတော့ သတိမထားမိဘဲ နေမှာ မဟုတ်ပါဘူး။
အမျိုးသမီး - ဒါပေါ့။ ကျွန်မ သတိထားမိတာပေါ့။
အမျိုးသား - အိုး။
အမျိုးသမီး - သတိထားမိတာပေါ့။ ဒါပေမယ့် ကျွန်မမှတ်မထားဘူး။ (ခဏနား) ကျွန်မ ထပ်ယူပေးရဦးမလားရှင့်။
အမျိုးသား - ထပ်ယူဖို့လား။ တော်… တော်ပါပြီဗျာ။ အရမ်းစားကောင်းပြီးပြီလေ။
အမျိုးသမီး - ကျွန်မမှာ ရှိပါသေးတယ်။
အမျိုးသား - တကယ်ပါ… စားဖူးသမျှထဲ အကောင်းဆုံးပါပဲ။
အမျိုးသမီး - ရှင်လည်း အရမ်းပင်ပန်းနေလောက်ပြီ။ မနေ့ညက တောထဲမှာ အိပ်ခဲ့တာလား။
အမျိုးသား - ဟုတ်ကဲ့။
အမျိုးသမီး - ဒါမှမဟုတ် လုံးဝမအိပ်ခဲ့ရဘူးလား။
အမျိုးသား - အိပ်ခဲ့ရပါတယ်။
အမျိုးသမီး - ဘယ်နေရာမှာလဲ။
အမျိုးသား - ရေတံခွန်တခုဘေးမှာ။ ရေသံက ကျွန်တော့်ကို အိပ်ပျော်စေတယ်လေ။ မြို့ကအသံတွေလို ဆူညံနေတာလေ။ ဒီလိုလေ… အရမ်းကြီးတိတ်ဆိတ်လွန်းရင် ကျွန်တော်အိပ်လို့ မပျော်ဘူးဗျ။ ကျွန်တော်ကြောက်တယ်။ ဖြစ်လာတော့မယ့်အရာတွေကို ထိန်းချုပ်မရတဲ့ ခံစားချက်မျိုး ကျွန်တော်ခံစားရတယ်။
အမျိုးသမီး - ကျွန်မလည်း အတူတူပါပဲရှင်။
အမျိုးသား - ဒါပေမယ့် ခင်ဗျားက ဒီမှာနေတာလေ၊ တယောက်တည်းလေ။
အမျိုးသမီး - ဟုတ်ကဲ့။
အမျိုးသား - ဒီမှာက အရမ်းတိတ်ဆိတ်တာပဲ။ ခင်ဗျား ဘယ်လိုများ အိပ်ပျော်တာလဲ။
အမျိုးသမီး - ဒီညတော့ ကျွန်မ အိပ်ပျော်မှာပါ။ ဟိုဖက်ခန်းထဲမှာ ကျွန်မ လှဲမယ်။ နံရံကိုဖြတ်ပြီး ရှင့်အသံရှုသံကို ကြားရမယ်။ ဒါဆို ခြေပစ်လက်ပစ် အိပ်ပျော်မှာပဲ။ တိတ်ဆိတ်မှုဆိုတာ ရှိမှာမဟုတ်တော့ဘူး။
အမျိုးသား - ကျွန်တော့်ကို ဒီမှာတည်းခွင့်ပေးလို့ ကျေးဇူးပါဗျာ။
အမျိုးသမီး - ဒီမှာ ရှင့်ဖို့။(သူမက ဖျာခင်း။ ဖျာပေါ်မှာက ပန်းပွင့်ပုံဒီဇိုင်း။ဒီဇိုင်းထဲက ပန်းက ပန်းအိုးထဲက ပန်းတွေနဲ့ တထေရာတည်းတူညီနေ။)
အမျိုးသား - ကိုယ့်ဟာကိုယ် ယက်ထားတာလား။
အမျိုးသမီး - ဟုတ်ကဲ့။ အပြင်မှာ ဆေးဖို့ကြောဖို့ နေရာရှိတယ်နော်။
အမျိုးသား - ကျေးဇူးပါဗျာ။
အမျိုးသမီး - ကောင်းသောညပါရှင်။
အမျိုးသား - ကောင်းသောညပါ။ (အမျိုးသားက စပြီးထ။)
အမျိုးသမီး - ရှင့်နာမည် သိခွင့်ရမလားရှင်။
အမျိုးသား - မရပါဘူးဗျာ။ ကျွန်တော်ဆိုလိုတာက ကျွန်တော်မပြောချင်တာ။ ကျွန်တော် ခင်ဗျားကို နာမည်တခုပြောလိုက်ရင်လည်း အဲဒါ လုပ်ကြံပြောတာပဲ ဖြစ်နေလိမ့်မယ်။ ဘာကြောင့် ခင်ဗျားကို ညာနေတော့မလဲ။ ခင်ဗျားက အရမ်းကြင်နာတတ်တာကို။
အမျိုးသမီး - ဒါဆို ကျွန်မက ရှင့်ကို ဘယ်လိုခေါ်ရမလဲ။ “တိတ်ဆိတ်မှုကိုကြောက်တဲ့လူ”လို့ပဲ ခေါ်ရမှာလား။
အမျိုးသား - ဒီလိုဆိုရင်ရော။ “အမျိုးသမီးတွေကို ကြောက်တဲ့လူ” လို့။
အမျိုးသမီး - အဲဒီနာမည်ကြီးက ရိုးလွန်းပါတယ်။
အမျိုးသား - ဒါဆို ခင်ဗျားကရော။
အမျိုးသမီး - ယိုကီကို
အမျိုးသား - အဲဒါ ခင်ဗျားနာမည်လား။
အမျိုးသမီး - ရှင် အဲဒီလို ခေါ်လို့ရပါတယ်။
အမျိုးသား - ကောင်းသောညပါ ယိုကီကို။ ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ။
အမျိုးသမီး - ရှင်ကလည်း အရမ်းတော်ပါတယ်။ ကောင်းသောညပါရှင်။
(အမျိုးသားက ထထွက်။ ယိုကီကိုက ဖျာဆီသွား။ ဖျာကို သပ်ရပ်အောင်ဖြန့်ပြီး သုတ်နေ။ ပြီး ပန်းအိုးတွေဆီသွား။။ ပန်းတွေကို ကောက်ယူပြီး သေချာသေချာကြည့်နေ။ ပန်းတွေကို သူမနဲ့အတူ အခန်းအပြင်ကိုယူသွား။ အမျိုးသားက ပြန်ဝင်လာ။ သူ့အပေါ်အကျီကိုချွတ်။ ပန်းအိုးရှိတဲ့နေရာကို တချက်လှမ်းကြည့်။ သူ့အကျီဆီကို လက်လှမ်း၊  ခိုးထားတဲ့ပန်းကို ထုတ်၊ ဂရုတစိုက်ကြည့်နေ။ ကိုယ်ကိုလှဲချလိုက်ပြီး သူ့ခေါင်းအောက်ကိုထား။ပြီး သူစတင် အိပ်ပျော်သွား။ ရုတ်တရက် ချက်ချင်း သူခေါင်းထောင်။ တခုခုကို နားထောင်နေ။)

အခန်း (၂)
(အရုဏ်။ အမျိုးသားက အဝတ်ဝတ်နေ။ အမျိုးသမီးက အစားအသောက်တွေနဲ့ ဝင်လာ)
အမျိုးသမီး - မင်္ဂလာနံနက်ခင်းပါရှင်။
အမျိုးသား - မင်္ဂလာနံနက်ခင်းပါ ယိုကီကို။
အမျိုးသမီး - ရှင် ထွက်သွားဖို့ ပြင်နေတာတော့ မဟုတ်ဘူးမလား။
အမျိုးသား - ဒီနေ့ ခရီးဝေးသွားရမှာ။
အမျိုးသမီး - ကျေးဇူးပြုပြီး။ ( အမျိုးသားကို အစားအသောက်တွေ ကမ်းပေး)
အမျိုးသား - ကျေးဇူးပါ။
အမျိုးသမီး - ရှင် ဘယ်ကိုခရီးဆက်မလဲဆိုတာကို မေးလို့ရမလား။
အမျိုးသား - ဝေးတယ်ဗျ။
အမျိုးသမီး - ဒီနယ်ကို ကျွန်မ ကောင်းကောင်းသိပါတယ်။
အမျိုးသား - အိုး ….. ခင်ဗျား ခဏခဏ အိမ်ကိုထားသွားတာလား။
အမျိုးသမီး - သွားခဲ့ပါတယ်။ အရင်တုန်းက ခရီးတော်တော်လေးထွက်ပါတယ်။ ဒီနယ်အကြောင်းကို အဲဒီတုန်းက ကျွမ်းတယ်။
အမျိုးသား - ကျွန်တော် သွားမယ့်နေရာကိုတော့ ခင်ဗျားမသိလောက်ပါဘူး။
အမျိုးသမီး - ဘာဖြစ်လို့ မသိရမှာလဲ။
အမျိုးသား - အသစ်လေ။ ရွာသစ်လေးတရွာ။ အရင်တုန်းက မရှိဘူး။ (ခဏနား)
အမျိုးသမီး - ကျွန်မကို မလိမ်ဘူးလို့ ရှင်ပြောခဲ့သလားလို့။
အမျိုးသား - မလိမ်ပါဘူး။ ခင်ဗျား ကျွန်တော့်ကို မယုံဘူး မဟုတ်လား။
အမျိုးသမီး - မဟုတ်ပါဘူး။
အမျိုးသား - ဒါဆို ကျွန်တော်မလိမ်ပါဘူးဗျာ။ တကယ်ခရီးထွက်တော့မှာ။ ဒီလောက် မှန်နေတာကို။
အမျိုးသမီး - ရှင် ဘာကြောင့်အရင်လိုနေရတာလဲ။
အမျိုးသား - ခရီးသွားတယ်ဆိုတာ အချိန်ကိုက်သွားရတာလေ။ အလင်းရောင်ရှိနေတုန်းလေး အမီပေါ့။ (အမျိုးသမီး ထွက်သွား။ အမျိုးသားက စားတာကို လက်စသပ်၊ ပန်းကန်ကို အောက်ချ။ အမျိုးသမီး ပန်းအိုးနဲ့ ပြန်ဝင်လာ။) ခင်ဗျား ဒီပန်းတွေကို ဘယ်ကရတာလဲ။ ဒီပန်းတွေက ဒီဖက်ပိုင်းမှာ မပေါက်တတ်တဲ့ အပင်တွေလေ။ ဟုတ်တယ် မဟုတ်လား။
အမျိုးသမီး - ဟင့်အင်း။ ဒါတွေကို သယ်လာရတာ။ လာလည်တဲ့သူတွေက သယ်လာတာလေ။ ရှင့်လိုမျိုးပေါ့။ ပြီးတော့ ဒီမှာ ထားခဲ့ကြတယ်။ ကျွန်မ ပြုစုပျိုးထောင်မှုအောက်မှာပေါ့။
အမျိုးသား - ဒါပေမယ့် …… ပန်းတွေက အရမ်းလတ်ဆတ်ပြီး လန်းဆန်းနေတာပဲ။
အမျိုးသမီး - ကျွန်မက ဂရုစိုက်တယ်လေ။ ဒီပန်းလေးတွေက ဒီအိမ်လေးရဲ့ ပြင်ပက နေရာတွေ၊ လူတွေအကြောင်းကို ကျွန်မကို အမှတ်ရစေတယ်လေ။
အမျိုးသား - ကိုင်ကြည့်လို့ရမလား။
အမျိုးသမီး - ရတာပေါ့။
အမျိုးသား - အခုမှ ပွင့်ခါစပဲ။
အမျိုးသမီး - ဟင့်အင်း၊ မနေ့ကတည်းက ပွင့်နေတာ။ ရှင်သာ ခပ်စောစောက သတိထားမိရင် ရှင်သိမှာပါ။
အမျိုးသား - ခင်ဗျား သိပ်မကြာသေးခင်က ရထားပဲ ဖြစ်ရမယ်။ ကျနော့်အထင် …. ငါးရက်လောက်အတွင်းပဲ။
အမျိုးသမီး - ကျွန်မ မသိဘူး။ ဒါပေမယ့် ရှင့်ရဲ့ ခန့်မှန်းချက်ကိုလည်း မယုံဘူး။ ရှင် ဒီပန်းတွေကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာပဲ အရေးကြီးတယ်။ ရှင်သိတဲ့နယ်ပယ်ရဲ့ အပြင်ဖက်မှာ ကမ္ဘာတခုကို ကျွန်မဖန်တီးထားတာ။
အမျိုးသား - ခင်ဗျား ဘယ်လိုများ လုပ်ထားတာလဲ။
အမျိုးသမီး - ကျွန်မ မရှင်းပြတတ်ဘူး။ စကားလုံးတွေက ဘာမှမလုံလောက်ဘူး။ ဂရုစိုက်မှုဆိုတဲ့ အပြုအမူလေးတခုကို ရှင်းပြဖို့ စကားလုံးပေါင်းထောင်ချီ ကုန်နိုင်တယ်။ အပြုအမူက ထောင်ချီပြီဆိုရင်တော့ စကားလုံးတွေက အဆင်မပြေတော့ဘူး။ (ခဏနား) ဒါပေမယ့် ရှင်နေနိုင်မယ်ဆိုရင်ပေါ့လေ။
အမျိုးသား - ဘယ်လောက်ကြာကြာလဲ။
အမျိုးသမီး - ရှင် နေချင်သလောက်ပေါ့။
အမျိုးသား - ဘာလို့လဲ။
အမျိုးသမီး - ကျွန်မ ဒီပန်းလေးတွေကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာကို သိဖို့ပေါ့။
အမျိုးသား - ကျွန်တော် … ပင်ပန်းနေပြီ။
အမျိုးသမီး - နားလိုက်ပါ။
အမျိုးသား - အလင်းရောင်ကရော။
အမျိုးသမီး - ပြန်လင်းလာမှာပါ။

အခန်း (၃)
(အမျိုးသားက ခွဲပြီးသားထင်းများကို သယ်နေ။ ကိုယ်အပေါ်ပိုင်း ဗလာကျင်းလျက်။ အမျိုးသမီး ဝင်လာ။)
အမျိုးသမီး - ကျွန်မအတွက် ဒီလိုလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။
အမျိုးသား - ရပါတယ်ဗျ။ သိရဲ့သားနဲ့။ ထင်းခွဲတယ်ဆိုတာ ရှင်းလင်းပါတယ်။ ဘာမှ မရှုပ်ထွေးဘူး။ ကိုယ့်ပုဆိန်လေး ကိုယ်ယူလိုက်၊ ထင်းတုံးကို ထောင်လိုက်၊ ချိန် ပေါက်ချလိုက်။ ထိရင်ထိမယ် မထိရင် မထိဘူး။ အောင်မြင်ရင် အောင်မြင်မယ်။ ရှုံးရင်ရှုံးမယ်။
အမျိုးသမီး - ဒီနေ့တော့ ရှင်တော်တော်အောင်မြင်ခဲ့ပုံပဲ။
အမျိုးသား - ဘာလို့ မအောင်မြင်ရမှာလဲ။ ဒီနေ့သိပ်သာတယ်လေ။ ဟိုကတောင်ကုန်းတွေကို တွေ့ရတယ်။ သစ်ပင်တွေကလည်း အေးချမ်းလို့။ နေရောင်ကလည်း နွေးနွေးလေး။ စံပဲဗျာ။ ဒီလိုနေ့မျိုးမှာက ယောက်ျားတယောက်က မအောင်မြင်နိုင်ရင် သူ့အရှက်သူခွဲတာပဲ။ (အမျိုးသမီးက သူ့ကိုငေးကြည့်နေတာကို အမျိုးသား သတိထားမိသွား။ အမျိုးသားက သူ့ဗိုက်ကိုပုတ်တယ်။ အမျိုးသမီးကိုကြည့်တယ်။) ကျရှုံးမှုတွေက အကာအကွယ်ပေါ့။
အမျိုးသမီး - ဘာရယ်။ (အမျိုးသားက သူ့ဗိုက်သားကို ညှစ်ပြီး အဆီတချို့ကိုပြ) အိုး … မရူးစမ်းပါနဲ့ (အမျိုးသားက သူ့ဗိုက်ကအဆီတွေကိုပုတ်ပြီး စည်းချက်လိုက်တယ်)
အမျိုးသား - ကြည့်စမ်း …. ကိုယ် သီချင်းတီးတတ်တယ် နားထောင်ကြည့်။ အမြဲတိုင်းတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် အခုတော့ တိုးတက်လာပြီ ဖျော်ဖြေရေးလိုအပ်လာတဲ့ အခါတိုင်းပေါ့။
အမျိုးသမီး - ကိုယ့်ခန္ဓာကိုယ်ကို မဆော့သင့်ပါဘူး။
အမျိုးသား - ဘာလို့လဲ။ ခုနက ကိုယ်တွေ့လိုက်ပါတယ်။ မင်း ငေးနေပါတယ်။
အမျိုးသမီး - ကျွန်မက ရီစရာမလုပ်ပါဘူး။ (အမျိုးသားက ပါးဖောင်းပြ) ကျွန်မက … တော်ပါတော့ရှင်။
အမျိုးသား - ဒါဆို ဘာလို့ငေးကြည့်နေခဲ့တာလဲ။
အမျိုးသမီး - ကျွန်မက ….
အမျိုးသား - လှောင်တာလား။
အမျိုးသမီး - မဟုတ်တာ။
အမျိုးသား - ဒါဆိုရင် ဘာလဲ။
အမျိုးသမီး - ကျွန်မက ….. ရှင့်ကိုယ်လုံး။ အဲဒါက …. သန်မာတယ်လေ။ (ခဏရပ်)
အမျိုးသား - လူတွေက အဲဒီလိုပြောကြတာပဲ။ ဒါပေမယ့် သူတို့မသိပါဘူး။ ငါ ကြားဖူးတာက အသက်အရွယ်ဟာ ဥာဏ်ပညာကို ဆောင်ကျဉ်းလာတယ် တဲ့။ ရီစရာပဲ။ နှစ်ကာလတွေဟာ ခေါင်းမှာစုတာမဟုတ်ဘူး။ ဒီမှာလာစုတာ။ (ခဏရပ်၊ သူ့ဗိုက်ကိုညှစ်ပြ။) ဒါပေမယ့် ဒီနေ့တော့ ပျော်ရမယ့်နေ့ပါ။ ဟုတ်တယ်မလား။ သစ်တောတွေရယ်၊ နေမင်းရယ်။ အပြာရောင်ရယ်။ ပျော်စရာကောင်းတဲ့နေ့ပဲ။ ကိုယ် ထင်းခွဲလိုက်ဦးမယ်။
အမျိုးသမီး - ခွဲစရာ မကျန်တော့ဘူးလေ။ ကြည့်။
အမျိုးသား - အိုး…. ငါထင်သားပဲ ….. ဒါပဲကွ။
အမျိုးသမီး - ထိုင်ပါဦး။ ဒီမှာ။
အမျိုးသား - ဒါပေမယ့် …..
အမျိုးသမီး - ဘာမှ မကျန်တော့ဘူးလေ။ (အမျိုးသားက ထိုင်၊ အမျိုးသမီးက သူ့ဗိုက်ကို ငေးကြည့်) ဒီဗိုက်ကို သဘောကျလာအောင် ကြိုးစားကြည့်ပါလား။
အမျိုးသား - မနောက်ပါနဲ့ကွာ။
အမျိုးသမီး - ကိုင်ကြည့်လိုက်စမ်းပါ။
အမျိုးသား - ပွယောင်းယောင်းလေ။
အမျိုးသမီး - တောင့်ပါတယ်။
အမျိုးသား - ပျော့ပါတယ်။
အမျိုးသမီး - ပြီးတော့ ချောမွတ်တယ်။
အမျိုးသား - ကိုယ် အင်္ကျီဝတ်လို့ရမလား။
အမျိုးသမီး - ရတာပေါ့။ ကျွန်မ ယူပေးရမလား။
အမျိုးသား - နေ… နေ ဒီမှာပဲ ထိုင်နေ။ (အမျိုးသားက အင်္ကျီစဝတ်။ ခဏနား … သူ့ကိုယ်လုံးကို သေချာပြန်ကြည့်) ဒီဗိုက်က ကြည့်ကောင်းတယ်လို့ မင်းထင်လို့လား … ဟင်။
အမျိုးသမီး - ကျွန်မအထင် ရှင်ဒါကို ချစ်ကြည့်ဖို့ ကြိုးစားသင့်တယ်။ (အမျိုးသားက သူ့ဗိုက်ကိုပုတ်ပြီး သူ့ဗိုက်ကို စကားပြော)
အမျိုးသား - (ဗိုက်ကို ရည်ညွှန်းလျက်) ခင်ဗျားက တော်ပါတယ် ဆရာ။ မြင်းသမားကောင်းတယောက်လို ကျွန်တော့်ကိုယ်မှာ တွဲခိုနေတာပါ။
အမျိုးသမီး - အဲဒီလို မဟုတ်ဘူးလေ။
အမျိုးသား - (အထက်ပါအတိုင်း) ခင်ဗျားက သစ္စာလည်းရှိပါတယ်။ တခြားတယောက်အတွက်နဲ့ ကျွန်တော့်ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ပါဘူး။
အမျိုးသမီး - မဟုတ်ပါဘူး။
အမျိုးသား - မင်းက ကိုယ့်ကို ဘာပြောစေချင်တာလဲ။ (အမျိုးသမီးက အမျိုးသားဆီလျောက်သွား။ သူ့ဗိုက်ကို သူမလက်နဲ့ ပွတ်သပ်။ တယောက်ကို တယောက်ကြည့်လျက်)

အခန်း (၄)
(ည။ အမျိုးသားတယောက်တည်း။ ပန်းတွေက အိုးထဲမှာ မရှိတော့။ ဖျာကခင်းလျက်။ အမျိုးသားက ဖျာပေါ်လှဲပြီး အိပ်နေ။ ရုတ်တရက် သူ နိုး။ သူ ခေါင်းထောင်ကြည့်။ နားထောင်။ တိတ်ဆိတ်မှု။ သူ ပြန်အိပ်။ ပြန်နိုးလာ။ ခေါင်းထောင်ပြီး အားစိုက်နားထောင်နေ။ တဖြည်းဖြည်း ခြောက်ခြားဖွယ်ရာ သံစဉ်နဲ့ ရှာကူဟချီပုလွေသံကို (shakuhachi – a Japanese bamboo flute) မျှင်းမျှင်းလေးကို ပရိတ်သတ်ပါ စတင်ကြားရ။ ပုလွေသံက အလွန်တိုးညှင်း။ သူ နားစိုက်ထောင်နေရ။ တဖြည်းဖြည်း အသံတိုးဝင်သွား။ သူ နောက်တခေါက်ကြားရမလားလို့ စောင့်နေ။ ဒါပေမယ့် အသံကပြန်ထွက်မလာ။ ခိုးထားတဲ့ ပန်းကို ဆွဲထုတ်ပြီး ငေးကြည့်နေ။)

အခန်း(၅)
(နေ့ဖက်။ အမျိုးသမီးက သန့်ရှင်းရေးလုပ်နေ။ အမျိုးသားက နားနေ။ အမျိုးသမီးက လေးဖက်ထောက်ပြီး ကြမ်းတိုက်နေ။ အလုပ်လုပ်ဖို့အတွက် အိမ်နေရင်းအဝတ်ပဲ ဝတ်ထား။ ဆံပင်တွေကို နောက်မှာစုချည်ထားလျက်။ အမျိုးသားက ချွေးတွေပြန်နေ။ ဒါပေမယ့်လည်း သူ့အင်္ကျီကိုတော့ ချွတ်မထား။)

အမျိုးသား - မနေ့ညက မင်း ပုလွေမှုတ်တာ ကိုယ်ကြားရတယ်။
အမျိုးသမီး - ကျွန်မမှုတ်တာလား။
အမျိုးသား - ဆာကူဟာချီလေ။
အမျိုးသမီး - အိုး။
အမျိုးသား - မင်းက တိုးတိုးလေးပဲမှုတ်တယ်။ ကိုယ့်မှာ အတင်းနားစိုက်ထောင်ရတယ်။ နောက်ကျရင် အားမနာပါနဲ့။ ကျယ်ကျယ်လေးမှုတ်ပါ။ စိတ်ရှိလက်ရှိ။ ရှင်းရှင်းလင်းလင်းပေါ့။ သေသေချာချာသာကြားရရင် အရမ်းသာယာမှာပဲ။ ကိုယ့်အတွက် နဲနဲလောက် ဘာလို့ မမှုတ်ပြတာလဲ။
အမျိုးသမီး - ကျွန်မ အဲလိုမှုတ်ရတာ အရမ်းရှက်တယ်။
အမျိုးသား - ဘာလို့လဲ။
အမျိုးသမီး - ကျွန်မက ကိုယ့်အတွက်ပဲ ကိုယ်မှုတ်တာ။ ဒါပါပဲ။ ကိုယ့်ဘာသာပဲ ကိုယ်အတီးကျင့်ခဲ့တာ။ အပြင်ကစံနှုန်းတွေနဲ့ဆို အပြည့်အဝလက်ခံကြပါ့မလားဆိုတာလည်း ကျွန်မမသိဘူး။
အမျိုးသား - ကိုယ့်အတွက်ပဲ မှုတ်ပေးပါ။ ကိုယ် မင်းကို ဝေဖန်မယ်။
အမျိုးသမီး - ဟင့်အင်း၊ ရှင်က အနုပညာနဲ့ပတ်သတ်လို့ အရမ်းကျွမ်းမှာ သေချာတယ်။
အမျိုးသား - ဘယ်သူလဲ။ ကိုယ်လား။
အမျိုးသမီး - ရှင်က မြို့ကလာတာလေ။ စုံတယ်လေ။
အမျိုးသား - ကိုယ်က ဘာမှမသိပါဘူး။ ကိုယ့်ကိုယုံပါ။
အမျိုးသမီး - ကျွန်မတီးရင် ရှင်က ဝေဖန်ချင်မှ ဝေဖန်မှာလေ။
အမျိုးသား - ကိုယ့်ကို ဂီတနဲ့ပတ်သတ်လို့ တခုခု မေးကြည့်စမ်းပါ။ ဘာပဲဖြစ်ဖြစ်။ ကိုယ် မှားဖြေလိမ့်မယ်။ အာမခံတယ်။
အမျိုးသမီး - ဒါကို ကြည့်စမ်းပါဦး။
အမျိုးသား - ဘာလဲ။
အမျိုးသမီး - စွန်းနေတာလေ။
အမျိုးသား - ဘယ်မှာလဲ။
အမျိုးသမီး - ဒီမှာလေ။ တွေ့လား။ ကျွန်မဖျက်လို့ မရဘူး။
အမျိုးသား - အိုး … ကိုယ် အရင်က သတိထားမိတယ်။
အမျိုးသမီး - ကျွန်မကတော့ ကြမ်းတိုက်တိုင်း သတိထားမိတယ်။
အမျိုးသား - ကဲ ကိုယ်တိုက်ကြည့်မယ်။
အမျိုးသမီး - ကျေးဇူးပါရှင်။
အမျိုးသား - အား … ခက်သားပဲ။
အမျိုးသမီး - အင်းလေ။
အမျိုးသား - ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ စွန်းနေရတာလဲ။

အမျိုးသမီး - ကျွန်မဒီမှာစနေကတည်းက ရှိနေတာ။
အမျိုးသား - လွယ်တော့မလွယ်ဘူး။ (ခဏနား) ဒါပေမယ့် ကိုယ် ကြိုးစားကြည့်မယ်။ အာ …တစ် …နှစ် ….သုံး … လေး။ …တစ် …နှစ် ….သုံး … လေး။ ကြည့်စမ်း။ မင်း စမ်းကြည့် စမ်းကြည့်  ဒါ ..နရီ  …နှစ် ….သုံး … လေး။ တိုက်ခိုက်တာလိုပဲ။ တိုက်ပွဲလိုပဲ။ …တစ် …နှစ် ….သုံး … လေး။ နရီနဲ့ လေ့ကျင့်ခဲ့ဖူးတာပဲ။ …. ထိုး … တိုက်။ ဟုတ်ပြီကွ။  (အစွန်းအထင်းက တဖြည်းဖြည်းမှိန်သွား) ကြည့်စမ်း ဒီမှာ ဒါပဲကွ ..ဝူး ….သွားပြီ … အစွန်းတွေ … ဘေးနားလေးတွေ …ဟုတ်ပြီကွ … မြန်မြန်ပျောက်  .. မြန်မြန်ပျောက် ….အူး ….. လာပြီကွ … အလယ်နားကို …. အလယ်ဗဟိုကို …နှစ် ….သုံး … လေး ….ဖြည်းဖြည်းသေပြီ .. ခပ်ကြမ်းကြမ်းပဲ … သေပြီ။ (အမျိုးသားက အောင်ပွဲခံပြီး ခွက်ထိုးခွက်လှန်ရယ်နေ)
အမျိုးသမီး - ပျောက်သွားပြီ။
အမျိုးသား - ရပြီ။ ရပြီ။ ဝူး …. နရီစည်းလေး …. ဒါပဲလေ … လေး …လေး
အမျိုးသမီး - ကျေးဇူးပါရှင်။
အမျိုးသား - ကိုယ်လုပ်နိုင်မယ်လို့ မထင်ခဲ့ဘူး  …ဒါပေမယ့် ဒီမှာ …မရှိတော့ဘူး… ကိုယ်လုပ်ခဲ့တာကွ။
အမျိုးသမီး - ဟုတ်ပါတယ်။ ရှင်လုပ်ခဲ့တာ။
အမျိုးသား - ပြီးတော့ မင်း… မင်းကလည်း တော်ပါတယ်။
အမျိုးသမီး - ဟင့်အင်း … ကျွန်မနဲ့မဆိုင်ပါဘူး။
အမျိုးသား - ကိုယ်တို့က တဖွဲ့တည်းပဲလေ။ မင်းနဲ့ ကိုယ်နဲ့လေ။
အမျိုးသမီး - ကျွန်မက အားပေးရုံတင်ပါ။
အမျိုးသား - မင်းက တော်ပါတယ်။ တော်တယ်။ (အမျိုးသားက အမျိုးသမီးကို ဆွဲကိုင်။ ခဏနား)
အမျိုးသမီး - မရှိတော့ဘူး။ ကျေးဇူး။ ရှင် ကျွန်မ ဆာကူဟာချီမှုတ်တာ နားထောင်ချင်လား။
အမျိုးသား - အင်း နားထောင်မှာပေါ့။
အမျိုးသမီး - ကျွန်မက ဧည့်သည်တွေကို မှုတ်ပြလေ့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတာ့ …. သိပ်မသေချာဘူး။ ကိုယ့်ဘာသာကို လေ့ကျင့်ခဲ့တာဆိုတော့ … ကျွန်မ တယောက်တည်းရှိတဲ့အချိန်တွေမှာပေါ့။ ကျွန်မ ဘာသံမှ မကြားရဘူးလေ ..လူသံသူသံလည်း မကြားရဘူး။ ဒါကြောင့် ဆာကူဟာချီကို မှုတ်တတ်အောင် ကျင့်ခဲ့တာ။ အဲဒီပုလွေသံကို လူသံတွေနေရာမှာ အစားထိုးဖို့ ကြိုးစားခဲ့တာ။ ဆာကူဟာချီဟာ ကျွန်မရဲ့လက်နက်ဖြစ်လာခဲ့တယ်။ ရင်ဖွင့်တာပေါ့။ တိတ်ဆိတ်တဲ့ညနေတွေမှာ မွန်းကျပ်မှုကို ဖွင့်ထုတ်ဖို့ပေါ့။
အမျိုးသား - ကိုယ် ရှိပါတယ်။ မင်းပြောတာ မင်းနားထောင်ပေါ့။
အမျိုးသမီး - ထပ်ပြောပါဦး။
အမျိုးသား - ပြောမှာပေါ့။

အခန်း (၆)
(ည။ အမျိုးသား အိပ်ပျော်နေ။ ရုတ်တရက် နိုးလာ။ ခေါင်းထောင်ကြည့်။ နားထောင်။ တိတ်ဆိတ်သွား။ သူ နားစိုက်ထောင်။ ရှာကူဟာချီတေးသွားက နောက်တကြိမ် ပြန်ပေါ်လား။ ဒီတကြိမ် ခါတိုင်းထက် ပိုကြည်လင်၊ ပိုကျယ်။ သူ ထတယ်။ တေးသံက ဘယ်ဖက်ကလာနေမှန်း သူမပြောတတ်။ အခန်းကိုပတ်လျောက်ပြီး နံရံမှာ နားနဲ့လိုက်ကပ်တယ်။ ဒါပေမယ့် အသံကို မရှာနိုင်သေး။ တေးသံက ဘက်ပေါင်းစုံကနေ လေတိုက်သလိုပဲ တပြိုင်တည်းလာနေသလို။ တဖြည်းဖြည်း အမျိုးသမီး ဝင်ထွက်နေကျ လျောတံခါးနားက နံရံဆီသွား။ နားနဲ့ကပ်ပြီး နားထောင်ကြည့်။ အသံက အဲဒီက လာနေတယ်လို့ ထင်နေတဲ့ပုံ။ တံခါးကို အဟလေးဖြစ်အောင် ဂရုစိုက်ပြီး ဖြည်းဖြည်းလေးဆွဲ။ အဲဒီအဟလေးကတဆင့် ချောင်းကြည့်နေ။ သူ အဲဒီလိုချောင်းနေစဉ်မှာ ဇာတ်စင်ရဲ့ အနောက်ဖက် ပိတ်ကားပေါ်က ရုပ်ပုံဟာ တဖြည်းဖြည်းထင်ရှားလာ။ ပရိသတ်ကလည်း သူမြင်တာကို မြင်ရ။ ပိတ်ကားပေါ်မှာ အမျိုးသမီး။ ပန်းအိုးတွေ ပန်းတွေမျိုးစုံနဲ့ အလုပ်ရှုပ်နေ။ အဲဒီပိတ်ကားပေါ်ကအခန်းရဲ့ တောက်ပမှုနဲ့ အလှတရားဟာ ဇာတ်စင်ရဲ့ပင်မရှေ့ဘက်ခြမ်းနဲ့ ဆန့်ကျင်ဖက် သိသာထင်ရှားနေ။ အမျိုးသမီးက ပုံစံလည်းပြောင်းနေ။ ငယ်ရွယ်တဲ့အမျိုးသမီးတယောက်ဖြစ်နေ။ လှလည်းလှပ။ အရောင်တောက်တောက် ကီမိုနိုကိုလည်း ဝတ်ဆင်လျက်။ အမျိုးသားက အဲဒီမြင်ကွင်းကို အကြာကြီးငေးစိုက်ကြည့်နေ။ ပြီး တံခါးကို ပြန်ပိတ်တယ်။ ပိတ်ကားပေါ်ကလည်း ပုံရိပ်တွေကလည်း တဖြည်းဖြည်းမှိန်ဖျော့။ တေးသံကတော့ ရှိနေတုန်း။ အမျိုးသားက သူ့ဖျာဆီသူပြန်လာ။ ခိုးထားတဲ့ပန်းလေးကို ကောက်ယူလိုက်။ ပန်းလေးက ညှိုးရော် ခြောက်သွေ့နေပြီ။ သူ ပန်းလေးကို ကြည့်။ တေးသံက တဖြည်းဖြည်း တိုးတိမ်သွား)

အခန်း (၇)
(မနက်ခင်း။ အမျိုးသားက အပေါ်ပိုင်းဗလာကျင်းလျက်။ ဓါးရေးလေ့ကျင့်နေ။ စိတ်ဓါတ်ပြင်းပြတဲ့ အမျိုးသားတယောက်ရဲ့ ခံစားချက်နဲ့ လေ့ကျင့်နေ။ ကိုယ်ခန္ဓာကတော့ ပုံမကျ။ ကျွမ်းကျင်မြန်ဆန်တဲ့ ဓါးကွက်တွေကိုရဖို့ သူ ကြိုးစားနေ။ သို့သော် သူ့ကိုယ်သူ မကျေနပ်။ သူ့ကိုယ်သူ ပြန်ကျိန်ဆဲ။ အခြေခံဓါးကွက်တွေကို ပြန်ကျင့်နေ။ ရုတ်တရက် သူ့ဂုတ်ပေါ်မှာ တဝီဝီလုပ်နေတဲ့အရာကို သတိထားမိ … ခြင်တကောင်။ ဂုတ်ကို လှမ်းရိုက်။ ဒါပေမယ့် ခြင်က လွတ်သွား။ သူ့ဘေးနားပျံနေတာကို ကြည့်နေ။ ဓါးကို ဝှေ့ယမ်းလိုက်။ လွဲတုန်း။ နောက်ဆုံးကျမှ ထိသွား။ သူပြေးပြီး ပြုတ်ကျသွားတဲ့ အင်းဆက်ကို ဒူးထောက်ကြည့်။ ခြင်ရဲ့ ကိုယ်နှစ်ခြမ်းကို လက်နှစ်ချောင်းနဲ့ တကွဲစီ ကောက်ကြည့်။ အမျိုးသမီးက အခန်းထဲဝင်လာ။ သူမပုံစံကတော့ သာမန်အတိုင်း။ ပန်းအိုးတအိုးသယ်လာပြီး စင်ပေါ်မှာ ထား)

အမျိုးသား - ကြည့်စမ်း။
အမျိုးသမီး - ရှင်။
အမျိုးသား - ကြည့်စမ်းလို့
အမျိုးသမီး - ဘာလဲဟင်။ (သူမကို ပြဖို့ အမျိုးသားက ခြင်နှစ်ပိုင်းကို ယူလာ)
အမျိုးသား - တွေ့လား။
အမျိုးသမီး - အို..။
အမျိုးသား - ကိုယ် လုပ်လိုက်တာ … ခုတ်လိုက်တာ။
အမျိုးသမီး - ပစ်မှတ်အသစ်ဓါးကွက်တွေလား။
အမျိုးသား - ဟာ ..အင်း .. ဟုတ်တယ် …အဲဒီလိုပေါ့။
အမျိုးသမီး - ရှင်က တော်တော်တော်တဲ့ပုံပဲ။
အမျိုးသား - ကျေးဇူးပါ။ မနေ့ညက မင်း ရှာကူဟာချီတီးတာ ကိုယ်ကြားတယ်။ တော်တော်လညးကျယ်တယ်။ စူးရှတယ် … တေးသံကောင်းပဲ။
အမျိုးသမီး - ရှင် သဘောကျရဲ့လား။ ကျွန်မက ရှင်သဘောကျစေချင်တာ။ ရှင်သာဆန္ဒရှိရင် ကျွန်မ ညတိုင်း ရှင့်ကို တီးပြမယ်။
အမျိုးသား - ညတိုင်းလား။
အမျိုးသမီး - ရှင်သဘောရှိရင်ပေါ့.
အမျိုးသား - ဟင့်အင်း .. ကိုယ် မရှိ … ကိုယ့်ကို ကလေးကို မဆက်ဆံစေချင်ဘူး။
အမျိုးသမီး - ဘာရယ်။ မဆက်ဆံပါဘူး။
အမျိုးသား - အိုး …ဟုတ်တယ်… ကလေးတယောက်လိုပဲ။ ညသန်းခေါင်ကြီး နို့တိုက်ရတဲ့ ကလေးလိုပဲ။ မတိုက်ရင် ငိုမှာလေ။ ဝါး … ဝါး ..း
အမျိုးသမီး - တော်ပါတော့ရှင်။
အမျိုးသား - မင်းလည်း အိပ်ရမယ်လေ။
အမျိုးသမီး - ကျွန်မ ရှင့်အတွက်အိပ်ရာထရလည်း ဘယ်လိုမှမနေပါဘူး။ (ခဏနား) ရှင့်အတွက် တီးမှုတ်ပေးရမှာကို သဘောကျနေမှာ။ ညတိုင်း။ ရှင် အိပ်ပျော်နေတဲ့အချိန်ပေါ့။ အဲဒီလိုလုပ်ရတာက ရှင့်အိပ်မက်တွေကို ကျွန်မက ပုံဖော်နေသလိုမျိုးပဲ။ ကျွန်မရဲ့အိပ်မက်တွေထဲမှာ ဘယ်သူမှမရှိတဲ့ ရှည်လျားတဲ့ ညတာတွေကို ကျွန်မဖြတ်သန်းရတတ်တယ်။ အဲဒါ တော်တော်ဆိုးတယ်။ အဲဒီအချိန်တွေဆိုရင် ကျွန်မ တတ်နိုင်သမျှ မအိပ်ဘဲနေတယ်။ ပန်းချီဆွဲတယ်။ အထည်ယက်တယ်။ ရှာကူဟာချီမှုတ်တယ်။ ဖျာပေါ်မှာထိုင်ပြီး မျက်နှာချေလိမ်းတယ်။ အိပ်မက်တွေမရှိတဲ့ အိပ်ရာကို ရှောင်လွဲဖို့ တခုခုပေါ့။ အဲဒါဟာ ရေခဲပြင်ပေါ် အိပ်နေရသလိုပဲ။
အမျိုးသား - အခုရော ဘာအိပ်မက်တွေ မက်လဲ။
အမျိုးသမီး -မနေ့ညက ရှင့်ကို အိပ်မက်မက်တယ်။ ဘာတွေဖြစ်လဲဆိုတာတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ရှင်ကတော့ အရမ်းရီစရာကောင်းနေတယ်။ လှောင်တဲ့အနေနဲ့ ရှင့်ကို ကျွန်မက ရီနေတာမဟုတ်ဘူး။ ဒါပေမယ့် ရှင်က ကျွန်မကို ရီမောအောင်လုပ်ပေးတာ။ ပြီးတော့ ရှင်က အရမ်းလည်း နွေးထွေးတယ်။ အဲဒါကို ကျွန်မမှတ်မိတယ်။ (ခဏနား) ရှင်ရော မနေ့ညက ဘယ်ဟာတွေကို မှတ်မိလဲ။
အမျိုးသား - မင်း တီးမှုတ်နေတာလေ။ ဒါပဲလေ။ ကိုယ် အိပ်ယာထတယ်။ ပုလွေသံကိုနားထောင်တယ်။ ပြန်အိပ်တယ်။ (အမျိုးသားက မတ်တပ်ပြန်ထ၊ ဓါးသိုင်း ပြန်လေ့ကျင့်နေ)
အမျိုးသမီး - နောက်ထပ် ခြင်တကောင် ရှင့်ကို နှောင့်ယှက်နေပြန်ပြီလား။
အမျိုးသား - လေ့ကျင့်တာပါ။ အာ။ ပျော့တယ်။ တော်တော်ပျော့တယ်။ ကိုယ်ပြောပြမယ် နဂိုတုန်းကတော့ အခုလိုမဟုတ်ဘူး။ နားထောင် မြေကြီးကိုစိုက်ကြည့်ပြီး အပင်ပေါ်က သစ်သီးကိုတောင် ဖြတ်နိုင်တဲ့ အချိန်တွေရှိခဲ့တယ်။ (သူ ဆက်လက်လေ့ကျင့်နေ) မင်း ဒါမျိုး တခုလောက်လေ့ကျင့်ဖူးလား။
အမျိုးသမီး - အင်း၊ တမျိုးတော့ လေ့ကျင့်ဖူးတယ်။
အမျိုးသား - အိုး ဟုတ်လား။
အမျိုးသမီး - မင်းမေ့ပြန်ပြီ။ ကျွန်မက ဒီမှာ တယောက်တည်းလေ။ ကျွန်မကို စွဲလမ်းစေတဲ့အရာ ဒီမှာ များများမှမရှိတာ။ ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ်လေ့ကျင့်တာလေ။ ဒါပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။
အမျိုးသား - ကိုယ်က အရင်တုန်းက အရမ်းတော်တာ။ မင်းသိလား။ အခု မင်းကို ကိုယ်နဲနဲထောက်ပြပေးနိုင်တယ်။
အမျိုးသမီး - ကျွန်မ တကယ်စိတ်မပါလို့ပါ။
အမျိုးသား - လုပ်စမ်းပါ။ မင်းလို အမျိုးသမီးက အသေအချာကို လိုအပ်တာ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တတ်ထားဖို့လိုတယ်လေ။
အမျိုးသမီး - ရှင့် သဘောပါပဲ။
အမျိုးသား - လေ့ကျင့်စရာ တခုခုရှိလား။
အမျိုးသမီး - အင်း။ ခဏ။ (အမျိုးသမီးထွက်သွား။ သူ ထပ်လေ့ကျင့်နေ။ အမျိုးသမီးက တုတ်နှစ်ချောင်းနဲ့ ပြန်ရောက်လာ။ သူ တခုယူလိုက်တယ်) ဒါတွေနဲ့ ဖြစ်မလားရှင့်။
အမျိုးသား - ကောင်းတယ်။ ကဲ မင်းဘာတတ်လဲ ပြတော့။
အမျိုးသမီး - ဘာရယ်။
အမျိုးသား - ရှေ့တိုးပြီး ကိုယ့်ကိုတိုက်။
အမျိုးသမီး - မလုပ်ပါနဲ့ရှင်။
အမျိုးသား - လုပ်စမ်းပါ။ ကိုယ် ကာလိုက်မှာပါ။
အမျိုးသမီး - ကျွန်မက အိနြေ္ဒတော်တော်မဲ့နေသလိုပဲ။
အမျိုးသား - လုပ်စမ်းပါ။ (သူမ တုတ်နဲ့ အမျိုးသားကို ပေါ့ပျက်ပျက် ထိုးလိုက်တယ်)  အဲဒီလို မဟုတ်ဘူးလေ။
အမျိုးသမီး - ကျွန်မ ဖြေးဖြေးလေး  ထိုးမှာပါ။
အမျိုးသား - ဘာရယ်။
အမျိုးသမီး - ကျွန်မ ရှင့်ကို မထိခိုက်စေချင်ဘူး။
အမျိုးသား - မင်း မရပါဘူး။ ကိုယ့်ကို တိုက်စမ်းပါ။ (အမျိုးသမီးက သူ့ကိုချိန်လိုက်တယ်။ လျှင်မြန်စွာ ကျွမ်းကျင်စွာနဲ့။ သူမ တမှတ်ရသွားတယ်) အိုး။
အမျိုးသမီး - ရှင် နာသွားသေးလား။
အမျိုးသား - ဟင့်အင်း … မင်းကတော့ …. နောက်တခေါက် ထပ်တိုက်ကြစို့။ (သူတို့ နေရာပြန်ယူတယ်။ အမျိုးသမီးက အမြန်ရှေ့တက်လာ။ တချက် ဟန်ပြတိုက်တယ်။ အမျိုးသားက အလွယ်ပဲ ကာလိုက်တယ်။ အယောင်ပြနဲ့မိသွားပြီး အမျိုးသမီး ထပ်နိုင်တယ်။) ဟာ ဘာလဲကွ။
အမျိုးသမီး - ရှင် နာသွားသေးလား။ ကန်တော့ပါရှင်။
အမျိုးသား - မနာပါဘူး။
အမျိုးသမီး - ကျွန်မတိုက်လိုက်တာ ရှင့်ကိုထိသွားတယ်လေ။
အမျိုးသား - မနာပါဘူး။
အမျိုးသမီး - ရှင် ကျွန်မကို ထပ်တိုက်စေချင်သေးလား။
အမျိုးသား - မတိုက်ပါတော့နဲ့။
အမျိုးသမီး - ကျေးဇူးပါရှင်။
အမျိုးသား - ဟိုနေရာမှာ လေ့ကျင့်ပြစမ်းပါ ..ကိုယ့်ဘာသာကိုယ်ပေါ့ …. မင်း ဘာတိုက်ကွဲတွေရသေးလဲလို့ ကြည့်ပါရစေ။
အမျိုးသမီး - လုပ်မှဖြစ်မှာလား။
အမျိုးသား - အင်း၊ သွားပါ။ (အမျိုးသမီးက မြေကွက်လပ်ကိုသွား။) ကိုယ့်အရမ်းအားသာတာက သင်ပေးတာပဲ။ (အမျိုးသမီးက ဓါးသိုင်းကို ကျွမ်းကျင်လျင်မြန်စွာ ကစားပြ။ သူမရဲ့အမူအရာကလည်း လုံးဝပြောင်းလဲသွား။ အမျိုးသားက ကြည့်နေရင်း အံသြသထက် အံ့သြလာ။ သူမ ကစားတာပြီးပြီ။ သူမရဲ့ ရိုကျိုးတဲ့အမူအရာ ပြန်ပေါ်လာ။)
အမျိုးသမီး - ကျွန်မ အရမ်းရှက်တာပဲ။ ကျွန်မဓါးကွက်တွေက … ဓါးကွက်တွေကလေ …. အဆင်မပြေပါဘူး။ ယောက်ျားကြီးလိုမျိုး ဖြစ်နေတယ်။
အမျိုးသား - မင်း ဘယ်မှာသင်လာတာလဲ။
အမျိုးသမီး - ဒီမှာ လေ့ကျင့်ဖို့ အချိန်တွေအများကြီးရှိတယ်လေ။
အမျိုးသား - ဒါပေမယ့် မင်း …နည်းစနစ်တွေကရော။
အမျိုးသမီး - အပြင်ကမ္ဘာမှာ ဘာတွေခေတ်စားနေလဲ ကျွန်မ မသိဘူး။ (ခဏနား) ရှင် သဘောမကျဘူးလား။
အမျိုးသား - မဟုတ်ပါဘူး။
အမျိုးသမီး - တကယ်လား။
အမျိုးသား - ကိုယ် ….အံအားသင့်နေတာပါ။
အမျိုးသမီး - ရှင်ထင်နေတာက မိန်းမတယောက်က ဒီလိုမဖြစ်နိုင်ဘူးပေါ့။
အမျိုးသား - မဟုတ်ဘူး။ မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။
အမျိုးသမီး - ရှင်ထွက်သွားချင်နေပါပြီ။
အမျိုးသား - ဘယ်ကသာ။
အမျိုးသမီး - ဧည့်သည်တွေအားလုံးဒီလိုပဲ။ ကျွန်မသိပါတယ်။ အများကြီးတွေ့ဖူးပါတယ်။ သူတို့လည်း နေမယ်လို့ပြောတာပဲ။ နေလည်း နေကြပါတယ်။ ဒါပေမယ့် ခဏပါပဲ။ သူတို့ အများကြီးမမြင်ဖူးခင်အထိပေါ့။ ဒါမှမဟုတ် အသစ်တခုခု သူတို့မသိခင် အထိပေါ့။ ဧည့်သည်တွေမှာ ကျွန်မကို ဘောင်မကျော်စေချင်တဲ့ အကန့်အသတ်တွေရှိတယ်။ ဘယ်သူကရော အဲဒီအကန့်အသတ်တွေကို သိမှာလဲ။ ကျွန်မတော့ မသိဘူး။ အကန့်အသတ်တွေက တယောက်တမျိုးပဲ။ အဲဒီဘောင်တွေကို မကျော်လွန်ဖို့ သတိထားရတယ်။ ဒါပေမယ့် အဲဒီဘောင်တွေက ဘာတွေလဲဆိုတာ သိမှာမဟုတ်ဘူး။ ပြီးရင် တနေ့နေ့တော့ အဲဒီဘောင်တွေကို မလွဲမသွေ ကျော်မိမှာပဲ။ ဧည့်သည်ကတော့သိတယ်။ ကျွန်မကတော့ မသိဘူး။ ဘာထူးထူးခြားခြားလုပ်မိမှန်းတောင် မသိဘူး။ ထင်တာကတော့ ဒါကိုယ့်ရဲ့သဘာဝတချို့ပေါ့။ ဒါပေမယ့် ဧည့်သည်ကတော့ တိတ်တိတ်လေး ထွက်ပြေးတော့တာပဲ။ နောက်နေ့ကျမှသာ ကိုယ်က သူ့စိတ်နှလုံးဘောင်ကိုကျော်မိကြောင်းသိတယ်။ အခု ရှင် အများကြီးသိနေမှာ ကျွန်မစိုးရိမ်တယ်။
အမျိုးသား - ဇာတ်လမ်းတွေရှိတယ်။
အမျိုးသမီး - ဘာရယ်။
အမျိုးသား - လူတွေပြောကြတယ်။
အမျိုးသမီး - ဘယ်မှာလဲ။ ကျွန်မတို့က အနီးဆုံးရွာနဲ့ နှစ်ရက်ကြာလောက်သွားရတဲ့ နေရာမှာနော်။
အမျိုးသား - သတင်းဆိုတာ ပျံ့တာပဲလေ။
အမျိုးသမီး - ရှင် ဘာတွေပြောနေတာလဲ။
အမျိုးသား - မင်းနဲ့ ပတ်သတ်လို့ ယုံတမ်းဇာတ်လမ်းတွေရှိတယ်။ ကိုယ် ကြားဖူးတယ်။ သူတို့ကပြောတယ်။ မင်းရဲ့ဧည့်သည်တွေက ဒီအိမ်ကနေ ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူးတဲ့။
အမျိုးသမီး - ရှင်ကြားထားတာ အဲဒါလား။
အမျိုးသား - သူတို့ပြောတယ်။ မင်းက သူတို့ကို ချုပ်ထားတာတဲ့။
အမျိုးသမီး - ဒါဆိုရင် ဒီကိုလာတာ ရှင် ရူးနေလို့ပေါ့။
အမျိုးသား - နားထောင်ပါဦး။
အမျိုးသမီး - ကျွန်မကလား။ နားထောင်ရမယ်ဟုတ်လား။ ဒီမှာ ဘယ်မှာလဲ အကျဉ်းသားတွေ။ ရှင် တွေ့မိလို့လား။
အမျိုးသား - သူတို့က ကိုယ့်ကိုပြောတယ်။ မင်းက အရမ်းလှတယ်တဲ့။
အမျိုးသမီး - ဒါဆိုရင်တော့ သူတို့က တုံးလည်းတုံး မျက်လုံးလည်း ကန်းနေလို့သာပဲ။
အမျိုးသား - မင်းက…
အမျိုးသမီး - ဘာလဲ။
အမျိုးသား - လှတယ်။
အမျိုးသမီး - တော်စမ်းပါ။ ကျွန်မအသားအရေက ပင်လယ်ရေညှိလိုပဲ။
အမျိုးသား - ပထမကတော့ ကိုယ် သဘောမပေါက်ဘူး။ ကိုယ်ဝန်ခံပါတယ်။ ကိုယ်မသိခဲ့ဘူး။ ဒါပေမယ့် ဒီရက်ပိုင်းတွေမှာ မင်းကိုမြင်တဲ့အမြင် ပြောင်းလာတယ်။ မင်းမျက်နှာပုံစံ။ ခံစားချက်။ အရောင်တွေ။ အားလုံးပြောင်းသွားတယ်။ ကိုယ် အခု မင်းကို ကြည့်တယ်။ ပြီးခဲ့တဲ့ တပါတ်လောက်က ကိုယ့်ကို လက်ဖက်ရည်နဲ့ဧည့်ခံတဲ့ အမျိုးသမီးဟုတ် မဟုတ်တောင် မသေချာတော့ဘူး။ အဲဒီမျက်နှာကို ကိုယ်မှတ်မိနေလို့ ညဖက်ဆိုပြောင်းပြောင်းသွားတဲ့ မျက်နှာတခုနဲ့ ပတ်သတ်ပြီး သိတာ နည်းလွန်းလိုက်လေ။ (ခဏနား) မင်း အဲဒီဇာတ်လမ်းတွေကို ကြားဖူးလား။
အမျိုးသမီး - ကျွန်မက အဖွားကြီးတွေရဲ့ ယုံတမ်းပုံပြင်တွေကို နားမထောင်ဘူး။
အမျိုးသား - ဒါပေမယ့် မင်း ကြားဖူးတယ်မလား။
အမျိုးသမီး - အင်း၊ ကျွန်မကြားဖူးတယ်။ ဧည့်သည်တွေဆီကပေါ့။ ကြီးကြီးငယ်ငယ် ဒီကိုလာတဲ့သူ ဘယ်သူမဆိုဟာ သစ်တောထဲက စုန်းမကိုသတ်ပြီး သူရဲကောင်းလုပ်ချင်လို့။
အမျိုးသား - ကိုယ့်ကိုပြောလိုက်တာက ဒီအိမ်ထဲမှာ အချိန်ကြာလာတာနဲ့ မချစ်မိဘဲ မနေနိုင်ဘူးတဲ့။
အမျိုးသမီး - အိုး။ ဒါဆို ရှင် ဘာလို့လာတာလဲ။ ဒီအိမ်ထဲက ဘေးမသီရန်မခ ပြန်ထွက်လာနိုင်မယ်လို့ ရွှေငွေတွေများ လောင်းခဲ့လို့လား။ ပြင်ပကမ္ဘာကြီးက ကျွန်မကို အရမ်းမြှောက်တာပဲ။ ဒါဆို ရှင်ရော …. အခြားလူတွေလိုပဲလား။ ထိန်းမရသိမ်းမရ ချစ်စိတ်တွေ နှလုံးသားမှာ အပြင်းအထန်ပေါက်ဖွားနေပြီလား။
အမျိုးသား - ဟင့်အင်း၊ ကိုယ်ကြောက်နေတာ။
အမျိုးသမီး - ဘာကိုလဲ။
အမျိုးသား - တခါတခါ ကိုယ် ပန်းတွေကိုစိုက်ကြည့်လိုက်တိုင်း အသံတခုကြားရတယ်လို့ ထင်မိတယ်။ ပွင့်ချပ်တွေအောက်က အသံတသံက အတွင်းထဲကထွက်လာတယ်။ လူတယောက်ရဲ့အသံပဲ။
အမျိုးသမီး - ဘာပြောလို့လဲ ကျွန်မကို လွှတ်ပေးဆိုပြီးပြောလို့လား။
အမျိုးသား - မဟုတ်ဘူး။ နားထောင်ပါဦး။ အသံကငြီးနေတာ။ လုံးဝဥဿုံအကျဉ်းကျနေတဲ့ လူတယောက်ရဲ့ ငြိမ်းချမ်းမှုမျိုးနဲ့။
အမျိုးသမီး - ကျွန်မ နားလည်တာက ရှင်သေသေချာချာနားထောင်ရင် ပင်လယ်ရဲ့အသံကိုတောင် ကြားနိုင်တယ်။
အမျိုးသား - မဟုတ်ဘူး။ နေပါဦး။ ပွင့်လွှာတွေကိုတွေ့လား။ ပွင့်ချပ်တခုချင်းစီက တခုနောက်မှာ တခုပုန်းနေတာ။ ဘယ်မှာဆုံးသွားမလဲလို့ ကြိုးစားပြီးကြည့်ကြည့်။ မရဘူး။ သူတို့နဲ့အတူလိုက်ဆင်း။ နက်သထက် နက်အောင် … မင်း ဆင်းလေလေ ကျတာ ပိုပြီး မြန်လာလေလေပဲ။ လေညှင်းလေးတိုက်လာလိမ့်မယ်။ လေညှင်းလေးက ငြီးငြူသံဖြစ်လာလိမ့်မယ်။ အဲဒီလေသံကြားထဲမှာ …. လေငြိမ်သွားတဲ့အခါမှာ မင်း အသံတသံကြားရနိုင်တယ်။
အမျိုးသမီး - (အမျိုးသားဆီမှ ပန်းကို ဖျတ်ကနဲယူပြီး) ဒါဆို ကျွန်မက ကျွန်မချစ်သူတွေကို ရေလောင်းပေါင်းသင်နေတယ်လို့ ယုံတယ်ပေါ့။ ရှင် ဘာလို့ အဲဒီလောက်တုံးရတာလဲ။ (သူမ ပန်းကို ထက်ပိုင်းချိုး၊ မြေကြီးပေါ် လွှတ်ပစ်) ရှင်က ပြန်ထွက်နိုင်ဖို့အတွက်ပဲ လာတာမလား။ ကျွန်မရဲ့ အသည်းတခြမ်းကိုယူပြီး လောင်းကြေးတွေကို ဆုတံဆိပ်လို ဆွဲချိတ်ပြီး ထွက်သွားဖို့မလား။ ရှင်ပြောတာက ကျွန်မက ဒီပန်းတွေထဲမှာ နှလုံးသားတွေကို ချုပ်ထားတယ်ပေါ့။ ဟုတ်ပါပြီ။ ကျွန်မရဲ့ အသည်းကလည်း ခရီးသွားတွေ ဒီနယ်မြေကို ဖြတ်သွားတိုင်း တစစီ အကျဉ်းချခံလိုက်ရတာပါပဲ။ မှတ်တောင် မမှတ်မိတော့ဘူး။ ဒါဆိုရင် ကျွန်မကိုသတ်ပါတော့။ ရှင် ဒီကို စုန်းမတယောက်ကို သတ်ဖို့လာတာဆိုရင် ကျွန်မကို အခုသတ်လိုက်ပါတော့။ နောက်တခေါက် စွန့်ပစ်ခံရမှာကို သည်းမခံနိုင်တော့ဘူး။
အမျိုးသား - ကိုယ် မင်းကို ထားမသွားပါဘူး။
အမျိုးသမီး - ကျွန်မ ရှင့်ကို ယုံပါတယ်။ (သူမက ချိုးလိုက်တဲ့ပန်းကို ကြည့်ပြီး ကုန်းကောက်၊ အမျိုးသားက သူ့ကို လှမ်းကိုင်။ သူတို့ ဖက်လိုက်ကြ)

အခန်း (၈)
(နေ့ခင်း။ အမျိုးသမီးက ရိုးရိုးဂါဝန်ဖြင့်။ အပေါ်က အရောင်တောက်တောက်ကီမိုနိုကို ထပ်ဝတ်ထား။ နောက်ခံပိတ်ကားပေါ်မှာ တွေ့ခဲ့ရတဲ့ ကီမိုနို။ အမျိုးသားက သိုင်းကွက်ခင်းအနေအထားရပ်လျက်)

အမျိုးသမီး - ကျွန်မ ငိုလို့မရဘူး။ ငိုနိုင်တဲ့အစွမ်းမရှိဘူး။ မွေးကတည်းကပဲ။ မငိုဖူးဘူး။ ကျွန်မအဖေနဲ့ အမေလည်း ထိတ်လန့်ခဲ့တာ။ သူတို့ထင်တာက သရဲ မိစ္ဆာတကောင်များသူတို့မွေးမိပြီလားပေါ့။ ကျွန်မလည်း တခါတခါ ကိုယ့်ကိုယ်ကို အဲဒီလိုထင်တယ်။ ရင်ထဲမှာ ဝမ်းနည်းမှုကြီး ပြည့်ကျပ်နေပြီဆိုရင် ရင်ထဲကနာကျင်မှုတွေ လျော့ပါးသွားစေဖို့ နည်းလမ်းတခုခု ကျွန်မဆုတောင်းတယ်။ ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ ဝမ်းနည်းမှုက ကျွန်မဆီမှာ ကိန်းနေတုန်းပဲ။ ရေသေတခုလို ဝပ်နေတာ။ (ခဏနား၊ ကီမိုနိုကို သပ်ရပ်အောင်ပြင်ဆင်) ရှင် ဒီကီမိုနိုကို သဘောကျလား။
အမျိုးသား - အင်း၊ လှတယ်။
အမျိုးသမီး - ဒီနေ့ ကျွန်မ ထူးထူးခြားခြားလေး ဝတ်ချင်ခဲ့တာ။
အမျိုးသား - လှပါတယ်။ တဆိတ်လောက်။ ကိုယ် လေ့ကျင့်ရဦးမယ်။
အမျိုးသမီး - ရှင်စားဖို့ တခုခုယူပေးရဦးမလား။
အမျိုးသား - ဟင့်အင်း။
အမျိုးသမီး - လက်ဖက်ရည်ဖြစ်ဖြစ်ပေါ့။
အမျိုးသား - ဟင့်အင်း (အမျိုးသားက ဓါးသိုင်းပြန်ကျင့်)
အမျိုးသမီး - ညနေလောက်ကျရင်ပေါ့ …. ကျွန်မတို့ အပြင်ထွက်ကြမယ်လေ …ဒီနားတဝိုက်ပေါ့။ ပန်းတွေလျောက်ကြည့်ကြမယ်လေ။
အမျိုးသား - ကောင်းပြီလေ။
အမျိုးသမီး - မကြည့်လည်းရပါတယ်။
အမျိုးသား - မဟုတ်ပါဘူး။ သွားကြတာပေါ့။
အမျိုးသမီး - ကျွန်မစဉ်းစားထားတာက ….
အမျိုးသား - ဟုတ်ပြီ၊ မင်း ဘယ်သွားချင်တာလဲ။
အမျိုးသမီး - ကျွန်မသိသလောက်တော့ ဒီနားတဝိုက်မှာ အပန်းဖြေစရာဆိုတာ မရှိသလောက်ပဲ။
အမျိုးသား - ကောင်းပါပြီ။ ညနေကျသွားကြတာပေါ့။
အမျိုးသမီး - ဘာ ယူပေးရဦးမလဲရှင်။
အမျိုးသား - (နောက်ပြန်လှည့်ကြည့်လျက်) ဘာရယ်။
အမျိုးသမီး - ရှင် ဆာ ….
အမျိုးသား - ကိုယ် … ဗိုက်လည်းမဆာဘူး ရေလဲမဆာဘူး ချမ်းလည်းမချမ်း ပူလည်းမပူဘူး။
အမျိုးသမီး - ဒါဆို ရှင်က ….
အမျိုးသား - လေ့ကျင့်နေမယ်။ (အမျိုးသားက ဓါးသိုင်းပြန်ကျင့်။ အမျိုးသမီးထွက်သွား။ သူထွက်သွားတာနဲ့ အမျိုးသားက လေ့ကျင့်မှုရပ်။ ထိုင်နား။ သူ့ဓါးကို သူပြန်စစ်။ အသွားကို လက်ချောင်းနဲ့ စမ်းကြည့်။ ဓါးအဖျားကိုယူ သူ့မေးစေ့အောက်က အသားပျော့ပျော့ကိုထောက်ကြည့်။ ဓါးထိပ်ကိုအပေါ်မှာထားပြီး ဓါးကို မြေကြီးမှာထောင်။ သူ့မေးစေ့အောက်က အသားနဲ့ ဓါးထိပ်ကို ဖြည်းဖြည်းချင်း ဖိကြည့်။ ဖြည်းဖြည်းဖိလိုက် ကြမ်းကြမ်းဖိလိုက်နဲ့ အမျိုးမျိုးစမ်းကြည့်နေ။ အမျိုးသမီးပြန်ဝင်လာ။ အမျိုးသားရဲ့ အန္တရာယ်ကြီးတဲ့ အနေအထားကိုတွေ့သွား။ အမျိုးသားခေါင်းကို အမြန်ဆွဲမ။ ဓါး ပြုတ်ကျသွား။)
အမျိုးသမီး - မလုပ်ပါနဲ့။
အမျိုးသား - ဘာရယ်။
အမျိုးသမီး - ရှင် ကိုယ့်ကိုယ်ကို ထိုးမိနိုင်တယ်။
အမျိုးသား - ကိုယ် လေ့ကျင့်နေတာကွ။
အမျိုးသမီး - ရှင်က ဆော့နေတာပါ။
အမျိုးသား - ကိုယ် လေ့ကျင့်နေတာကွ။
အမျိုးသမီး - အန္တရာယ်ရှိတယ်။
အမျိုးသား - မင်းက ကိုယ့်ကို ကလေးများ မှတ်နေလားကွ။
အမျိုးသမီး - ပညာရှိယောက်ျားတွေကလည်း တခါတရံတော့ ကလေးဆန်ဆန်တွေ လုပ်တတ်ကြတာပဲ။
အမျိုးသား - ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိတယ်။
အမျိုးသမီး - ကျွန်မ ကြောက်တယ်။
အမျိုးသား - မကြောင်စမ်းပါနဲ့။ (အမျိုးသားက ဓါးကိုပြန်ယူ)
အမျိုးသမီး - ဟင့်အင်း၊ အဲဒီလိုကြီး မလုပ်ပါနဲ့ရှင်။
အမျိုးသား - နောက်ဆုတ်စမ်း။ (အရင်ကပုံစံအတိုင်း ဓါးကို မေးစေ့အောက်ပြန်ထောက်)
အမျိုးသမီး - ဒါပေမယ့် ….
အမျိုးသား - ရှုး ….
အမျိုးသမီး - ကျွန်မ ဖြစ်စေချင်တာက …..
အမျိုးသား - နားထောင်စမ်း၊ တချက်လေးလှုပ်တာနဲ့ … တချက်လေးနော် …. ချက်ချင်း … ကိုယ် ခေါင်းပြတ်သွားမှာ … တခုခုတော့ဖြစ်မှာပဲ …. ဒါကြောင့် မင်း ငြိမ်ငြိမ်လေးထိုင်နေစမ်းပါ။
အမျိုးသမီး - ဒါပေမယ့် ကျွန်မက …..
အမျိုးသား - ရှုး …. (တိတ်ဆိတ်သွား)ကိုယ် ဒီလေ့ကျင့်ခန်းကို သူငယ်ချင်းတယောက်ဆီက သင်လာတာ။ သူ့နာမည်တောင် မမှတ်မိတော့ဘူး။ တကယ့်ဓါးသမားကောင်းပဲ။ နှစ်တွေတော့ကြာပြီ။ သူက ဒီပုံစံကို တရားထိုင်တဲ့ပုံစံလို့ခေါ်တယ်။ သူပြောတာက ဒီလိုအနေအထားကနေ ဒီကမ္ဘာကြီးနဲ့ တခြားကမ္ဘာတွေကြားက ပိုင်းခြားထားတဲ့ မျဉ်းကို ခံစားနိုင်တယ်တဲ့။ ဒီအပေါ်မှာငြိမ်ပြီး ကြည့်ရင်တဲ့။ သူပိုကြိုက်တဲ့ တခြားကမ္ဘာကအရာတခုခုကို တွေ့လိုက်ရင် သူ့ခေါင်းကို လျှောချလိုက်ရုံပဲတဲ့။ ဒါဆို သူ အဲဒီကမ္ဘာရောက်သွားရောတဲ့။ ရှင်းပါတယ်။ ဘာမှမရှုပ်ဘူး။ တနေ့ကျတော့ သူ့ခေါင်းကို လည်ပင်းအောက်ကနေ ဇက်အထိ ဓါးထိုးဖောက်သွားတဲ့ပုံစံနဲ့ သူ့ကို တွေ့လိုက်ကြရတာပါပဲ။ သူက ပြုံးနေတယ်။ ကိုယ့်အထင်တော့ သူကြိုက်တာ တခုခု တွေ့သွားတယ်ထင်တယ်။ ဒါမှမဟုတ် သူအိပ်ပျော်သွားတာလည်းဖြစ်နိုင်တယ်။
အမျိုးသမီး - တော်ပါတော့။
အမျိုးသား - ဘာကိုတော်ရမှာလဲ။
အမျိုးသမီး - ကျွန်မကို နှိပ်စက်နေတာကို။
အမျိုးသား - ကိုယ် မလုပ်ပါဘူး။
အမျိုးသမီး - ဓါးကိုဖယ်လိုက်စမ်းပါ။
အမျိုးသား - မင်းကလည်း မင်းကြည့်နေစရာမှမလိုတာ။
အမျိုးသမီး - ရှင်က အဲဒီပုံစံနဲ့ မတော်တဆဆိုပြီး သေသွားချင်လို့လား။
အမျိုးသား - မင်းမလာခင်ကတည်းက ကိုယ်လုပ်နေတာလေ။
အမျိုးသမီး - ရှင်ဆက်လုပ်မယ်ဆိုရင် ကျွန်မကိုသာ ပြောပေတော့။
အမျိုးသား - ဘာရယ်။
အမျိုးသမီး - ကျွန်မ ဟိုဖက်ကိုလျောက်လို့ရတယ်။ ရှင့်ခေါင်းနောက်ဖက်ကို မှီလိုက်ရုံပဲ။
အမျိုးသား - ခြိမ်းခြောက်မနေစမ်းပါနဲ့ ..
အမျိုးသမီး - ဒါမှမဟုတ်လည်း ရှင့်ဓါးကိုသာ အပေါ်ကိုပင့်ထိုးလိုက်တော့။
အမျိုးသား - ကြောက်စရာလား။ မင်း ကိုယ့်ကို ခြိမ်းခြောက်လို့မရပါဘူး။
အမျိုးသမီး - အိုး။
အမျိုးသား - ဒါဆို ကိုယ့်သေပြီလေ။ မင်း ကိုယ့်ကို အဲဒီလောက် စောစောစီးစီးသွားခွင့်ပေးမှာမဟုတ်ပါဘူး။
အမျိုးသမီး - ပေးမှာ။
အမျိုးသား - မင်း တယောက်တည်းဖြစ်နေမှာလေ။
အမျိုးသမီး - မဖြစ်ပါဘူး။ ကျွန်မ ရှင့်နောက်လိုက်မှာပေါ့။ ထာဝရပေါ့။ (ခဏနား) အခုတော့ အဲဒီ အဓိပ္ပါယ်မရှိတာကို ရပ်လိုက်ကြစို့။
အမျိုးသား - ဟင့်အင်း၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ်။ အနားကို ကပ်မလာနဲ့။
အမျိုးသမီး - ဒါဆိုလည်း ဓါးကို ချထားလိုက်တော့။
အမျိုးသား - အနားကိုကပ်လာရင် ကိုယ် ခေါင်းကို လျှောချလိုက်မှာနော်။
အမျိုးသမီး - (အမျိုးသမီးက တဖြည်းဖြည်း အနားတိုးသွား၊ ဓါးနှောင့်ကို ဆွဲကိုင်၊ အမျိုးသားရဲ့မျက်လုံးထဲကို စိုက်ကြည့်၊ သူ့မေးစေ့အောက်ကနေ ဓါးကိုဆွဲထုတ်) ဒီလိုမျိုး နောက်မလုပ်ရဘူး။ (သူမ ဓါးကိုယူပြီးထွက်သွား၊ အမျိုးသားက နောက်ကလိုက်၊ ပြီး ခဏရပ်။ သူ့မေးစေ့အောက်ကို ပြန်စမ်းကြည့်။ သူ့လက်ချောင်းပေါ်မှာ သွေးစက်တစက်ကို တွေ့လိုက်ရ)


အခန်း (၉) ဇာတ်သိမ်း
(ည။ အမျိုးသားက အိမ်ကထွက်ခွာဖို့ ပြင်နေ။ သူထွက်ခါနီးမှာပဲ ရှာကူဟာချီသံကို ကြားလိုက်ရ။ သူ အသံဘယ်ကလာသလဲလို့ လှည့်ပတ်ကြည့်။ အိမ်ပြင်ကိုထွက်တဲ့ တံခါးဝမှာ အမျိုးသမီးပေါ်လာ၊ ရှာကူဟာချီသံ တိုးတိမ်သွား)

အမျိုးသမီး - ရှင် သွားဖို့ အချိန်ရောက်ပြီလား။
အမျိုးသား - အင်း။ ကိုယ် စိတ်မကောင်းပါဘူး။
အမျိုးသမီး - ရှင်က တိတ်တိတ်လေးထွက်ပြေးတော့မယ်ပေါ့။ ညကာလသူခိုးတယောက်လိုလား။ ကြောက်နေတဲ့ကလေးတယောက်လိုလား။
အမျိုးသား - ကိုယ် မင်းကို စိုးရိမ်တာပါ။
အမျိုးသမီး - ရှင် စိုးရိမ်တာကလည်း တမျိုးကြီးပါလား။
အမျိုးသား - ကိုယ်က အရှက်တကွဲနဲ့ ပြန်ရမှာပါ။ ဒီလိုပဲ ပြန်သင့်ပါတယ်လေ။ (ခဏနား) လာတုန်းကတော့ ဂုဏ်သိက္ခာအတွက်လာတာ။
အမျိုးသမီး - ကျွန်မကို သတ်ဖို့မလား။ ပြောလိုက်စမ်းပါရှင်။ ကျွန်မ ဘယ်လောက်မကြောက်တတ်ဘူးဆိုတာ ရှင် အံသြသွားလိမ့်မယ်။ ရှင်က “ကိုယ် ထမင်းတလုပ်အတွက်လာတာ၊” ဒါမှမဟုတ် “အချစ်လာရှာတာ” ဒါမှမဟုတ် “မင်းကို သတ်ဖို့လာတာ” ဘာပဲပြောပြော ကျွန်မအတွက် မထူးပါဘူး။
အမျိုးသား - ပျော့ညံ့ချက်၊ ပျော့ညံ့ချက်ပါပဲ။ မင်းကို သတ်ဖို့ ကိုယ် ပျော့ညံ့လွန်းနေတယ်။ ကိုယ့်ကိုယ်ကို ပြန်သတ်ဖို့လည်း ပျော့ညံ့နေပြန်တာပဲ။ အရှက်တကွဲနဲ့ တိတ်တိတ်လေးခိုးပြန်တော့မှာကလွဲလို့ ကျန်တာ ဘာမှမလုပ်နိုင်အောင် ပျော့ညံ့လွန်းတယ်။ (အမျိုးသမီးက အမျိုးသားရဲ့ ဓါးကို ယူလာပြတယ်)
အမျိုးသမီး - ဒီဓါးမပါဘဲနဲ့တောင် ရှင်ပြန်ဖို့ ပြင်နေတာလား။ (အမျိုးသားကို ဓါးကိုယူလိုက်တယ်) ဒီမှာ ဘာလို့မနေတော့တာလဲ။
အမျိုးသား - ကိုယ့်ကို အနိုင်ယူတဲ့သူတယောက်နဲ့ ကိုယ် အတူမနေနိုင်ဘူး။
အမျိုးသမီး - ရှင့်ကိုအနိုင်ယူတယ်လို့ ကျွန်မ တခါမှ မစဉ်းစားမိဘူး။ ရှင့်ကို ဂရုစိုက်ချင်တာပဲရှိတယ်။ ပျော်စေချင်တာပဲရှိတယ်။ ရှင်ပျော်ရင် ကျွန်မပျော်တယ်လေ။ အထီးကျန်လည်း ဖြစ်မနေတော့ဘူး။
အမျိုးသား - မင်း ကိုယ့်ကို အနိုင်ယူခဲ့ပါတယ်။
အမျိုးသမီး - ရှင် ဘာလို့ ဒီလိုတွေးရတာလဲ။
အမျိုးသား - ကိုယ် ဒီကို ရည်ရွယ်ချက်တခုနဲ့လာခဲ့တာ။ အရင်တုန်းကတော့ ကမ္ဘာကြီးကရှင်းရှင်းလေးပဲ။ မင်းက မင်းရဲ့မျက်နှာသွင်ပြင်ကိုရော ကိုယ့်ကိုရော အရာအားလုံးကို ပြောင်းပစ်လိုက်တာ … ကိုယ် ဘာမှပြန်မလုပ်နိုင်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းပစ်လိုက်တာ။
အမျိုးသမီး - ကျွန်မက ရှင့်ကို ဂရုစိုက်ယုယခဲ့တာလေးပါပဲ။
အမျိုးသား - ကိုယ့်အထင် အားလုံးပြီးဆုံးသွားပါပြီ။ (ခဏနား)
အမျိုးသမီး - ရှင် ကျွန်မကို စုန်းမလို့ ထင်နေတုန်းပဲကိုး။ အဖွားကြီးတွေရဲ့ အတင်းအဖျင်းတွေကြောင့်ပါပဲ။ ရှင် သိပ်ရက်စက်တယ်။ ရှင် ရောက်လာတုန်းက ဖြစ်နိုင်တာနှစ်ခုပဲရှိတယ်။ ကျွန်မသေရင်သေ မသေရင် ရှင်ထွက်သွား။ ဒါပဲ။ (ခဏနား) ကျွန်မက စုန်းမဆိုတာကို ရှင်ယုံရင် ကျွန်မကို သတ်ပစ်လိုက်ပါ။ မကောင်းဆိုးဝါးတကောင်ရဲ့နယ်ပယ်ကို ရှင်းပစ်လိုက်စမ်းပါ။
အမျိုးသား -  ကိုယ် မလုပ်နိုင် ….
အမျိုးသမီး - ဘာလို့မလုပ်နိုင်ရမှာလဲ။ ရှင် ကျွန်မကို အဲဒီလိုယုံနေရင် သတ်လိုက်တာဟာ မှန်တာပေါ့။
အမျိုးသား - ကိုယ်မလုပ်နိုင်ဘူးဆိုတာကို မင်းသိပါတယ်။
အမျိုးသမီး - ဒါဆိုလည်း နေလေ။
အမျိုးသား - ကိုယ့်ကို ဖိအားပေးဖို့ မကြိုးစားပါနဲ့တော့။
အမျိုးသမီး - ရှင့်ကို ကျွန်မ ဘာမှ ဖိအားမပေးပါဘူး။ (ခဏနား) ကျွန်မလိုချင်တာက လွတ်မြောက်မှုပဲ …. ကျွန်မတို့နှစ်ယောက်လုံးအတွက်။ လူတယောက်ရဲ့စကားသံဆိုတာ … ရှာတွေ့ဖို့အလွယ်ဆုံးပဲ …ပြီးတော့ ဆုပ်ကိုင်ထားဖို့လည်း အခက်ဆုံးပဲ။ ဒီအိမ်မှာ … ကျွန်မရဲ့ အထီးကျန်မှုကို နံရံတွေမှာ ရေးထွင်းထားတယ်။ ကျွန်မကို သတ်လိုက်ပါ။ ထွက်တော့မသွားပါနဲ့။ ကျွန်မသေသွားရင်တောင်မှ ကျွန်မရဲ့ဝိညာဉ်ဟာ ဒီအိမ်လေးမှာ နားနေနိုင်မယ် … ရှင်ရှိနေလို့ သက်သာရာရပါလိမ့်မယ်။
အမျိုးသား - ကိုယ့်ကို မတိုက်တွန်းပါနဲ့တော့။
အမျိုးသမီး - မလုပ်တော့ပါဘူး။ (အမျိုးသား စတင်ထွက်ခွာ) သတိထားဦး။
အမျိုးသား - ဘာကိုလဲ။
အမျိုးသမီး - ရှင် လျောက်နေတဲ့မြေကြီးက ပျော့တယ်။ အချိန်မရွေး ကျွံကျသွားနိုင်တယ်။ အက်ကွဲကြောင်းအောက်ထဲမှာ မှောင်မိုက်နေတာ။
အမျိုးသား - သေခြင်းတရားအကြောင်း မင်းပြောနေတာလား။ ကိုယ်က သေဖို့ အဆင်သင့်ပါကွာ။
အမျိုးသမီး - သေတာထက်ဆိုးတဲ့ ကြောက်စရာကြီး။
အမျိုးသား - ဘာရယ်။
အမျိုးသမီး - ပြုတ်ကျသွားတာ။ အမှောင်ထုထဲကို ထိုးကျနေတာ။ အောက်ခြေနဲ့ ဘယ်တော့ထိမလဲ ထိမလဲစောင့်ဆိုင်းရင်း။ အရှိန်က တဖြည်းဖြည်း မြန်လာမယ်။ အောက်ခြေနဲ့ ရိုက်မိဖို့ စောင့်ရင်းစောင့်ရင်း။ ပိုမြန်မြန်ထိုးကျမယ်။ တယောက်တည်းထိုးကျနေမယ်။ ထိုးကျတယ်။ စောင့်ရင်း စောင့်ရင်း။ ထိုးကျနေတယ်။

(အမျိုးသမီးက စူးစူးဝါးဝါးအော်ငိုပြီး တံခါးပေါက်ကတဆင့် သူ့အခန်းထဲ ပြေးဝင်သွား။ အမျိုးသားက မတ်တပ်ရပ်လျက်။ ဘာလုပ်ရမှန်းမသိဘဲ စိတ်ရှုပ်ထွေးလျက်၊ သူမနောက်ကို လိုက်ဖို့ပြင်တယ်။ ဒါပေမယ့် တုံ့ဆိုင်းနေတယ်။ ပြီး တံခါးပေါက်ကနေ အပြင်ကို ပြေးထွက်တယ်။ အရာအားလုံးတိတ်ဆိတ်နေတယ်။ သူ အပြင်ကနေ တဖြည်းဖြည်းပြန်ဝင်လာတယ်။ ပင်မအခန်းထဲမှာ သူမကိုရှာတယ်။ ပြီးတော့မှ တဖြည်းဖြည်း သူမအခန်းတံခါးနားကို သွားတယ်။ ဓါးကို လွှတ်ချလိုက်တယ်။ လျောတံခါးကိုဆွဲဖွင့်လိုက်တယ်။ အထဲကိုဝင်တယ်။ ပြန်ထွက်လာတယ်။ ဖျာဖြန့်ခင်းလိုက်တယ်။ ဖျာပေါ်တင်ပျဉ်ခွေချိတ်ထိုင်တယ်။ အဝေးကို ငေးကြည့်တယ်။ သူ့ဘေးနားက ရှာကူဟာချီကိုတွေ့သွားတယ်။ ကောက်လိုက်တယ်။ စတင်မှုတ်တယ်။ အသံထွက်အောင် ကြိုးစားမှုတ်တယ်။ ပြဇာတ်ကအဆုံးသတ်တော့မယ်။ နောက်ခံပိတ်ကားက လင်းလာပြီ။ ပိတ်ကားပေါ်မှာ အမျိုးသမီးကို ပရိသတ်က တွေ့ရပြီ။ သူမက ငယ်ရွယ်နေတယ်။ အမိုးပေါ်က တွဲလောင်းကျနေတဲ့ကြိုးနဲ့ သူမက တန်းလန်းကြီး။ သူမ သူ့ကိုယ်သူ သတ်သေသွားခဲ့ပြီ။ သူမအနားမှာ အပွင့်တွေကြွေနေတဲ့ ပန်းအိုးတွေရှိတယ်။ ပန်းညှာတံရိုးတွေကတော့ အိုးတွေထဲမှာ။ ပန်းပွင့်လွှာတွေကတော့ သူမရဲ့ ပတ်လည်မှာ လွင့်ဝဲနေကြတယ်။ ပွင့်ချပ်လွှာတွေကြောင့် ပိတ်ကားတခုလုံးဟာ ထူးခြားဆန်းကြယ်တဲ့အရောင်တွေနဲ့။ အမျိုးသားက ရှာကူဟာချီကို ကြိုးစားမှုတ်နေတယ်။ တဖြည်းဖြည်းမှောင်အတိကျသွား။)

ရှိန်ဝါ
(နှင်းဆီဖြူဂျာနယ်တွင် ဖော်ပြပါရှိပြီး)