ကစားစရာဖန်လုံးလေးထဲက
ပိုလင်းတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး
ဒါပေမယ့်
ပြောင်းပြန်။ ပြုတ်ထွက်သွားတဲ့ ဘီးခွေဟာလည်း ယက်ကန်
ယက်ကန်နဲ့
လည်နိုင်သေးတာပဲ။ ရထားပေါ်က ခုန်ချဖို့ဆိုတာ မဖြစ်
မနေ
လိုကိုလိုအပ်ကြတဲ့ပုံ။ ငါ့ကိုမလှောင်ပါနဲ့ ကိုတောင် သီချင်းလုပ်ဆိုနိုင်ကြ။
လှေခါးဆိုတာ
ခါးမှာပတ်ပြီး ဝတ်ရမယ့်ဟာလား။ ဂြိုဟ်များ ယှဉ်တွဲ တည်ရှိကြသလို
ဘေးအိတ်နှစ်အိတ်မှာ
တစ်အိတ်က အကောင်း၊ တစ်အိတ်က အပေါက်။
ဖိနပ်တစ်ရံမှာ
တစ်ဖက်က အကောင်း၊ တစ်ဖက်က ပေါက်ပြဲ။
မှန်ကွဲစလေးနဲ့ပဲ
နေရောင်ကိုခံကာ အိမ်ထောင့်လေးတွေထဲကို ထိုးကြည့်ကြတယ်။
အိမ်ထဲကို
ဝင်ဖို့ ခြေသုတ်ခုံမှာ ရွှံ့တွေကို အတင်းခွာချနေရရှာပေါ့။
ကျောက်တုံးလေးတွေ
စီပြီး ဆော့တယ်။
သစ်တုံးကြီးတွေစီပြီး
အလောင်းကို မီးရှို့တယ်။
ဘာရည်ရွယ်ချက်မှလည်းမရှိ၊
ကားနောက်ကို ပြေးလိုက်နေတော့တာပဲ။
မျက်နှာဖုံးစွပ်ပြီး
ကပြလည်း ပျော်နေတာပဲ။ ပိုးစုန်းကြူးလင်းတာလည်း ရောဂါ။
ဟမ်းစတားလေးကလည်း
အငြိမ်ကို မနေဘူး။ လက်သန်းလေးကိုင်ရရင်ပဲ
တစ်ဘဝလုံး
လုံခြုံသွားတော့သလိုလို။ သူတို့။
ဖလားပေါ်မှာ
အနိုင်ရသွားတဲ့ အသင်းကို တစ်လုံးချင်း ရေးထွင်းနေတာ။
စာသားတွေ
စကားလုံးတွေကို ဖြဲ၊ တံတွေးနဲ့ ဆွတ်၊ ပြီး
မျက်လုံးတွေ
နှာခေါင်းတွေ နားတွေ လျာတွေမှာ ကပ်တော့
အားလုံးပျော်အောင်
စလို့ရပြီ။ စားရင်းသောက်ရင်းနဲ့ မေးစေ့မှာ
အပြစ်ကြီးတစ်ခု
ပေကျံသွားတာပါ။ ထူးမခြားနား အရသာပါ။ ဘုရား
ရုပ်ထုတွေ
ရောင်းတဲ့ဆိုင်ထဲ ဝင်ပုန်းနေရတယ်။ ကာထား
တဲ့မှန်ပေါ်ကို
မျိုးစေ့တွေ ထွေးထုတ်ပြီး စိုက်ခဲ့တာပေါ့။
ဖိနပ်ကို
လေထဲ မြှောက်တတ်ဖို့ သူတို့ဆီက သင်ယူရဦးမယ်။
ရှိန်ဝါ
14 June 2014
No comments:
Post a Comment