ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

အကြောတွေဟာ သူတို့ဆံပင်ရှည်တွေအတွက် ဘယ်တော့မှ စိတ်မရှုပ်ကြဘူး

လက္ခဏာတွေပေါ် ပြုတ်ကျလာတဲ့ သစ်ရွက်ခြောက်။
တောက်တဲ့အော်သံဟာ ထီးရိုးတွေထဲကနေ အထွက် အချက်အလက်ပြားကို ပစ်ထည့်လိုက်တယ်။
အသက်မပြည့်သေးတဲ့ နွားဟာ သူဖတ်လက်စစာအုပ်နဲ့ မီးအုပ်ဆောင်းဘေးမှာ
ငါ့ကို ဒါမျိုးတော့ လာမစမ်းနဲ့။ သေသွားမယ် ဘာမှတ်နေလဲ။ ငါတို့မျိုးရိုးကိုက။
အရသာ ပြင်းပြင်း၊ ထိမှ ကြိုက်သူ အို မြန်မာနိုင်ငံသားတို့။ ခြံဝင်းထဲကနေ
ဝက်အကောင်ငါးဆယ် ဝေါကနဲ တရှုးထိုး ပြေးထွက်လာကြတော့
ပေါင်သားအတွင်းနှစ်ဖက်စလုံးမှာ စီးကျလို့။ ချိုအီ ချဉ်စုတ်။ စာတန်းထိုးမမှန်တော့
မြို့တက်တောပြန် တောရောက်မြို့ပြန်ဇာတ်လမ်းကျောရိုးက သောက်ချိုးကိုမပြေ။
ပရင့်မထုတ်ရသေးတဲ့ အမွှေးတဖွားဖွားစာရွက်အလွတ်ပေါ်မှာ ရေစိမ်ခံ နာရီတစ်လုံး။
နတ်ကြီးတယ် ဆိုတဲ့ ညောင်ပင်အောက် တစ်ခါတစ်ခေါက်ရောက်ခဲ့ပါတယ်။
သော့ခလောက်များဟာ မြင့်ရာမှ နိမ့်ရာသို့ စီးကြပြီး သော့ချောင်းများမှာ နိမ့်ရာမှ မြင့်ရာသို့ စီးကြသည်။
ထုံးစံအတိုင်းပဲ။ မိုးဥတုဟာ ရထားလမ်းအတိုင်း လျောက်သွားတော့တာပါပဲ။
လေထဲမှာ ပါလာတဲ့ မိုးမျှော်တိုက်ကို နှာခေါင်းယားလို့ ချေထုတ်ပစ်လိုက်ရတယ်။
လက်မ နှစ်ချောင်းစလုံးထောင်။ သံတူကြောင်းကွဲ မိန်းမရွှင်များဟာ ပလက်ဖောင်းအတိုင်းမျောလို့။
အိမ်ကို ဒီအတိုင်းပစ်ထားခဲ့လို့ရလား။ နာရီဟာ ဓါတ်ခဲမကုန်မချင်း ငြီးနေမှာပေါ့။
တရားမရနိုင်သူ ဆေးထိုးအပ်ရဲ့ ၃၂ ကောဌာသ ရှာတော်ပုံ။ စပါးကောင်းတော့ ဆန်လေးက ကော့နေတာပဲ။
အချိန်ကျရင် လမ်းထိပ်ကအရူးတွေ ထထဖောက်တာကတော့ သေချာတဲ့ ရာသီခွင်ပဲလေ။
လှည်းလမ်းကြောင်းတလျောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည်။
အက်ဖ် နဲ့ ဂျေ ကစလို့ နှလုံးထဲပဲ ပြန်ဝင်နေရတဲ့ လက်ညိုးဖျားကသွေးတွေ။ ငွေစက္ကူထဲ မြုပ်နေတဲ့
ကြိုးစလေးကို ဆွဲထုတ်လိုက်ရင် သုံးလို့မရတော့ဘူးဆို။ ဖုန်းမျက်နှာပြင်ကို သူ့လက်သည်းတွေနဲ့
ကုတ်နေတဲ့ ကြောင်ကလေး။ ရေခဲမုန့်ဆိုတာလည်း လျာနဲ့လျက်ပါများတော့ ပျော့သွားတာပါပဲ။
လေပန်ကာဟာ ဘယ်လည်လိုက် ညာလယ်လိုက် လုပ်တတ်ဖို့ သင်ယူရဦးမယ်။
ငါးရိုးဟာ နောက်ဆုံးတော့လည်း ငှက်ပျောသီးနဲ့ အတူ လည်ချောင်းအတိုင်း ဆင်းသွားတာပဲ။
မျောက်များရဲ့ မျိုးရိုးဗီဇအရ တွဲလောင်း တွဲလောင်း။ အဲဒီ ဆေးလိပ်ငွေ့တွေဟာ
ခင်ဗျား အိပ်မပျော်သေးခင်ကတုန်းက အတိုင်းပဲ။ ရေဆန်ကို စုံကန်လှော်တော့
ရင်ဘတ်တွေလည်း အောင့်လှပြီ။ တိုက်ခန်းတွေကြားထဲ ရေမြောင်းဟာ
နှပ်ပစ်ခံလိုက်တယ်။ ဆိုင်ထဲက ထွက်ဖို့ ခြေလှမ်းပြင်ရင် ဦးထုပ်ကို ဆောင်းမှပေါ့။
သူအသားမည်းတာကိုကြည့်ပြီး သူ့အဖေခမျာမှာ ပျော်လို့မဆုံးဘူး။ သတ်မှတ်မိုင်အရေအတွက်
မောင်းပြီးသွားရင် လမ်းဟာ ကွေ့ကို ကွေ့ရမယ်။ အပင်တွေဟာ တလိမ့်ချင်းလိမ့်နေတယ်။
ရေသန့်ဗူးတွေဟာ သူ့အလိုအလျောက် တန်းစီပြီး အဖုံးဖုံးခံကြတယ်။ ယက္ကန်းစင်ပေါ်မှာ
အမွှေးတိုင်ဟာ တငွေ့ငွေ့။ လူမှုကွန်ချက်မှာ ငါးစာကို ချပေးလိုက်ပါ။
စားနေကျအချိန်ကျရင် နှုတ်ခမ်းတွေဟာ အလိုလို ထောင်မတ်လာကြတာပဲ။
အဲဒီအတွက် ငါတို့ ဘယ်သူ့ကို အပြစ်တင်ဦးမှာလဲ။

ရှိန်ဝါ
၁။၆။၂၀၁၄။

No comments:

Post a Comment