ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Saturday, August 30, 2014

အနိုင်ရသူတို့ရဲ့ အကြောက်တရားတွေ (သို့) (City of Life and Death)


လောကကြီးမှာ ယေဘုယျအားဖြင့်တော့ အဖြူနဲ့ အမည်း၊ အလင်းနဲ့ အမှောင်၊ အကောင်းနဲ့ အဆိုး၊ ရှင်ခြင်း နှင့် သေခြင်းဆိုတဲ့ ဆန့်ကျင်ဘက် အရာတွေ ရှိပါတယ်။ အဲလို ဒွိလောကကြီးမှာ ရှိနေတဲ့ ဆန့်ကျင်ဘက် အရာနှစ်ခုဟာ အကြောင်းတစ်စုံတစ်ရာကြောင့် သော်လည်းကောင်း၊ လူတစ်ယောက်တည်းရဲ့ ကိုယ်တွင်းမှာပဲ ရှိနေတဲ့ ဇာတိ နှင့် မရဏ တို့လို သဘာဝအရသော်လည်းကောင်း ထိပ်တိုက်တိုးလေ့တိုးထ ရှိပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် လူအချင်းချင်း ထိပ်တိုက်တိုးလာကြပြီ ဆိုရင်တော့ အဲဒီ ထိပ်တိုက်တိုးမှုကနေပဲ အကျိုးအမြတ်ရ အနိုင်ရသွားတဲ့သူတွေ ရှိသလို ဆုံးရှုံးနစ်နာလိုက်ရတဲ့ လူတွေလည်း ရှိပါတယ်။ များသော အားဖြင့်တော့ အနိုင်ရသူတွေကို ရှုံးနိမ့်သွားတဲ့သူတွေက ကြောက်လန့်ရပါတယ်။ အဖိနှိပ်ခံတွေဟာ ဖိနှိပ်တဲ့သူတွေကို ကြောက်ရပါတယ်။ ဒါပေမယ့် ကျနော်တို့စဉ်းစားသင့်တာက အဲဒီလို အောင်နိုင်သူတွေ၊ ဖိနှိပ်သူတွေကရော အဖိနှိပ်ခံတွေကို မကြောက်တော့ဘူးလား။ သူတို့ရဲ့ ဖိနှိပ်အနိုင်ယူခြင်းကိုရော သူတို့ ပြန်လည် မကြောက်လန့်တော့ဘူးလား။ သူတို့မှာရော အကြောက်တရားမရှိတော့ဘူးလား ဆိုတာလေးကိုပါ။ သေချာတာကတော့ ရှိကိုရှိပါတယ်။ ဖုံးကွယ်ထားလို့ပဲဖြစ်စေ၊ အောင်မြင်မှုတွေနဲ့ သာယာနေလို့ပဲ ဖြစ်စေ မတွေ့ရတတ်ပေမယ့် ရှိကိုရှိနေတာကတော့ သေချာပါတယ်။  အနိုင်ရသူတွေရဲ့ ကိုယ်တွင်းကပဲ ထောင်လွှားတဲ့ မာနတွေနဲ့အတူတူ ရင်ထဲ ကိန်းနေတဲ့ အကြောက်တရားတွေလည်း ရှိပါတယ်။ ထပ်ပြီးသေချာတာက အဲဒီလို အောင်နိုင်သူကြီးတွေရဲ့ အကြောက်တရားဟာ အနိုင်ခံရသူတွေရဲ့ အကြောက်တရားထက် ပိုမိုကြီးမား လေးလံ ပိကျ ပိတ်မှောင်နေတယ်ဆိုတာပါပဲ။
အဲဒီလို အနိုင်ရသူတွေရဲ့ အကြောက်တရားကို စစ်ပွဲတစ်ပွဲပေါ်မှာတည်ပြီး အဖြူနဲ့ အမည်း သဲကွဲအောင် အကောင်းဆုံး ရိုက်ပြသွား တဲ့ကားကတော့ အာရှက တရုတ် ဒါရိုက်တာ လုချွမ် (Lu Chuan ) သူကိုယ်တိုင် ဇာတ်ညွန်းရေးသား၊ ကိုယ်တိုင်ပဲ ရိုက်ကူးသွားခဲ့တဲ့ City of Life and Death ပါပဲ။ဇာတ်ကားနာမည်ကိုကတည်းက လှပါတယ်။ “သေခြင်းနှင့်ရှင်ခြင်း မြို့တော်” ပေါ့။ အဲဒီကားကို “နန်ကျင်း၊ နန်ကျင်း“ ဆိုပြီးလည်း ခေါ်ကြပါသေးတယ်။ နန်ကျင်းအကြောင်းရိုက်တဲ့ကား အများကြီးထဲကမှ အဲဒီလို သတ်မှတ်ခံရလောက်အောင် ကောင်းတာပါ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ ဆန့်ကျင်ဘက် အရာတွေကို ရိုက်ပြသွားနိုင်တဲ့ ဇာတ်ကားပါ။  ဇာတ်ကားတည်ထား တာကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တရုတ်-ဂျပန် ဒုတိယစစ်ပွဲ အတွင်း ၁၉၃၇ နန်ကျင်းမြို့တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုလိုက်သတ်ဖြတ်မှုကြီး အကြောင်းပါပဲ။ စစ်နိုင်ဂျပန်တွေရဲ့ အတွင်းစိတ်တွေကို တရုတ်တစ်ယောက်ရဲ့ အမြင်အရ ရသလောက် နှိုက်ပြီး ရိုက်ကူးတင်ပြသွားတာပါ။ အနိုင်ခံရသူတွေရဲ့ ရင်ထဲက သတ္တိကိုလည်း ဖော်ကျူးရင်းပေါ့။ အဲဒီရုပ်ရှင်ကားဟာ တခြားနာမည်ကြီး တရုတ်ရှေးဟောင်းစစ်ကားဖြစ်တဲ့ Red Cliff နဲ့ အတူတူ ၂၀၀၉ ခုနှစ်ပါ ထွက်ရှိခဲ့တာပါ။ Red Cliff လိုပဲ အကုန်အကျလည်း အရမ်းများခဲ့တဲ့ကားပါ။ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အကုန်အကျခံခဲ့သလို၊ ၀င်ငွေလည်း အမြောက်အများ ပြန်ရခဲ့တဲ့ကားပါ။ ဒါပေမယ့် ထွက်စမှာတော့ ဒါရိုက်တာ လုချွမ် ခမျာမှာ အွန်လိုင်းကနေ သူတို့မိသားစုကိုပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ အထိ ခံခဲ့ရပါတယ်။ ဝေဖန်ရေးဆရာ တွေကလည်း လူမဆန်တာတွေ ရိုက်တယ်ဆိုပြီး ရှုံ့ချတာ ခံရပါသေးတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် ကန့်သတ်အရေအတွက်နဲ့ပဲ ဖြန့်ချိခဲ့ရတဲ့ကားပါ။ တရုတ်ပြည်မကြီးမှာတောင် သူ့ကားကို ရုပ်ရှင်ရုံတွေက မပြသဘဲ ပိတ်ပင်တဲ့ အထိ ဖြစ်ခဲ့တဲ့ကားပါ။ နောက်ပိုင်းမှာတော့ အဲဒီကားဟာ အကြီးအကျယ်အောင်မြင်သွားပြီး အာရှကရော၊ ဥရောပကပါ အကောင်းဆုံး ရုပ်ရှင်ကားဆုတွေ အမြောက်အများရရှိခဲ့ပါတယ်။ ပထမက တရုတ်အချင်းချင်းကတောင် လက်မခံတဲ့ ကားဟာ ကမ္ဘာကလက်ခံတဲ့ ကားဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဖြစ်လာအောင်လည်း ရုပ်ရှင်က ပြသွားတဲ့ ပြချက်တွေဟာ အလွန်ကြောက်စရာ တုန်လှုပ်စရာကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံးဟာ အနိဌာရုံတွေကိုပဲ ပြပြီး အဲဒီကြမ်းတမ်းမှုတွေကြားက၊ မှောင်မိုက်မှုတွေကြားက အလင်းရောင်တစ်စ သို့မဟုတ် နူးညံ့မှုလေး တစ်ခုကို ဂျပန်စစ်သား ကာဒိုကာဝါ တစ်ယောက်တည်းနဲ့ကိုပဲ ပေါ်လွင်အောင် ရိုက်ပြသွားနိုင်ပါတယ်။ အခြားစဉ်းစား တွေးတောစရာ အချက်တွေ အများကြီးကိုလည်း ဒိုင်ယာလော့ခ်များစွာ မပြောဘဲ အရုပ်တွေနဲ့ပဲ ရိုက်ပြသွားတာပါ။ ဇာတ်ကား တစ်လျောက်လုံး မှာလည်း အနိုင်ရသူတို့ရဲ့ အကြောက်တရားကို ဒဲ့ဒိုးကြီး မပြဘဲ ကျောချမ်းဖွယ်ရာ ရင်ထဲ စိမ့်ဝင်လာအောင် ရိုက်ပြသွားတာ တကယ်ကောင်းပါတယ်။
ဇာတ်ကားက အစမှာတင် သင်းပါတယ်။ ဂျပန်တွေ နန်ကျင်းကို သိမ်းတော့ တရုတ်ဗိုလ်ချုပ်အတော်များများဟာ လက်နက်ချပြီး နန်ကျင်းက ထွက်ပြေးကုန်ပါပြီ။ ဒါပေမယ့် ဗိုလ်ငယ်လေးတွေနဲ့ တပ်သားလေးတွေတစ်ချို့ကတော့ မြို့ထဲမှာ ကျန်နေပါသေးတယ်။ အဲဒီမှာတင် မြို့ဝင်ပေါက်မှာ စောင့်နေကြတဲ့ ဂျပန်စစ်သား ဆယ်ဂဏန်းလောက်လေးကို စစ်ရှုံး တရုတ်စစ်သား ရာကျော်လောက်က သေနတ်တစ်ချက်မပစ်ဘဲ လူကိုယ်တွေနဲ့ပဲ အတင်းတိုးဝင်ကြပြီး မြို့ပြင်ကို ပြေးသွားကြတဲ့ အခန်းပါ။ အဲဒီမှာတင် လက်ချင်းချိတ်ပြီး ရသလောက်တင်းခံကြတဲ့ ဂျပန်စစ်သားလေးတွေရဲ့ မျက်နှာပေါ်က အကြောက်တရားကို ဖျတ်ကနဲ ပြပါတယ်။ အဲဒီကားကို လူတိုင်းချီးကျူးကြတာတော့ လူတစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်က အတွင်းစိတ်တွေကို ပီပြင်အောင်ပြသနိုင်တယ် ဆိုတာပါပဲ။
ဒါပေမယ့် တရုတ်စစ်သားတိုင်း ထွက်ပြေးတာတော့ မဟုတ်ပါဘူး။ မိမိမြေအတွက် ကြံ့ကြံ့ခံ၊ ကိုယ့်အထက်လူကြီးတွေ ထွက်ပြေးတာတောင် ကိုယ့်မြေကို ကျူးကျော်မခံတဲ့ တရုတ်သူရဲကောင်း လက်ဖတင်နင် လုကျန်းရှောင်တို့ အဖွဲ့ရှိပါတယ်။ ဒါပေမယ့် သူတို့လည်း အားမတန်တော့ ကြာကြာတော့ မခံလိုက်ပါဘူး။ နောက်ဆုံးမှာတော့ လက်ဖတင်နင် လု အပါအ၀င် အားလုံး အသတ်ခံလိုက်ရတာပါပဲ။ ဒီနေရာမှာ အဲဒီ တပ်စုလေးကို ရူးတယ်လို့ပဲ ပြောရမလား၊ သူရဲကောင်းတွေလို့ပဲ ပြောရမလား။ ဝေခွဲမရ ဖြစ်ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ စစ်နိုင်ပြီလို့ မြောက်ကြွမြောက်ကြွ ဖြစ်နေတဲ့ ဂျပန်တွေကိုတော့ ဘာမှန်းသိအောင်၊ ကြောက်စိတ်ဖျန်းကနဲ တစ်ချက်လောက် ပေါ်လာအောင်တော့ လုပ်နိုင်ပါတယ်။ ကျနော်တို့ နိုင်ငံကလည်း ဂျပန်ခေတ်ကို ဖြတ်ကျော်ခဲ့ရ၊ ရရာလက်နက်စွဲ တော်လှန်ခဲ့ကြတော့ အားရစရာကောင်းတာတော့ အမှန်ပါပဲ။ အဲဒီ လက်ဖတင်နင် လု နေရာမှာ သရုပ်ဆောင်တဲ့     မင်းသား လုယီ ရဲ့ သရုပ်ဆောင်ချက်ကလည်း တကယ်လက်ဖျားခါအောင် ကောင်းပါတယ်။ စကားတစ်ချက်မှ မပြောဘဲ သတ္တိကို အားရအောင် ပြသွားနိုင်ပါတယ်။ နောက်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ အရာရာကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြသွားတဲ့ စရိုက်ကိုလည်း ပီပြင်အောင် ပြသွားပါသေးတယ်။ သတ်ကွင်းကို သူကဦးဆောင်လို့ ရှေ့ကနေ လျောက်ပြသွားတဲ့ အကွက်ဟာ တကယ် ကြက်သီးထဖွယ်ကောင်းပါတယ်။ နောက်လိုက်ကောင်းတွေဟာလည်း နောက်ကနေ လိုက်ပြီး သူတို့ အသတ်ခံရမယ့် နေရာကို ချီတက်ကြတဲ့ အခန်းဟာ တကယ် ကောင်းလွန်းပါတယ်။ အဲလို ချီတတ်ကြရင်း “တရုတ်နိုင်ငံကြီး အထွန့်ရှည်ပါစေ” ဘာညာ အော်ကြ ဟစ်ကြသေးတာပေါ့။ ပစ်သတ်ကြမယ့် သူတွေတောင် ခဏတော့ ကြောင်ငေးကြည့်သွားလောက်အောင် သူတိုရဲ့ စိတ်ဓါတ်ကို ပြသွားပါတယ်။ မျှော်လင့်ချက် လုံးဝမရှိတော့လို့ဘဲ သတ္တိတွေ ပေါ်လာသလား ဘာလား မပြောတတ်ပေမယ့် သေခြင်းတရားကို အကြောက်အလန့်မရှိ ရင်ဆိုင်သွားတဲ့ သူတို့ကတော့ တကယ်လေးစားလောက်ပါတယ်။ အဲဒီနေရာမှာ အောင်နိုင်သူ ဂျပန်ကြီးတို့ရဲ့ ဆာမူရိုင်းစိတ်ကိုလည်း သတိရစေပါတယ်။ ဂျပန်တို့ရဲ့ စိတ်ဓါတ်ကလည်း ကောင်းသလို တရုတ်တို့ရဲ့ စိတ်ဓါတ်ကလည်း မညံ့ဘူးလို့ ပြသွားတဲ့ သဘောပါပဲ။ ဘယ်လူမျိုးကမှ အားမတန်လို့သာ မာန်လျော့ခဲ့ရပေမယ့် သွေးမနည်းဘူးဆိုတာပါပဲ။
အဲဒီမှာပဲ စစ်အောင်နိုင်သူ ဂျပန်တွေရဲ့ နန်ကျင်း လူသတ်ပွဲကြီးကို ဒါရိုက်တာက ပက်ပက်စက်စက် ပြပါတော့တယ်။ စစ်သား အကုန်လုံး၊ ခုခံသူ အကုန်လုံးကို သတ်တာပါ။ သာမန်အရပ်သားတွေပါ ပါပါတယ်။ အဲ့မှာ တစ်ချက်သွားတွေ့တာက ဂျပန်တွေဟာ တရုတ်တွေကို ကျောခိုင်းလမ်းလျောက် ထွက်စေပြီးမှ နောက်ကနေ အစုလိုက်အပြုံလိုက် ပစ်သတ်တာပါ။ အဲလို ကျောခိုင်းစေတာက သေရတော့မယ့် တရုတ်တွေကို မကြောက်စေချင်လို့လား၊ သူတို့ကိုယ်တိုင်ကပဲ မျက်နှာတည့်တည့်ကြည့်ပြီး ပစ်မသတ်ရဲလို့ပဲလား စဉ်းစားစရာပါပဲ။ အဲဒီလို လူသတ်ပွဲကြီး ဆင်နွဲနေစဉ်မှာ စစ်နိုင်သူ ဂျပန်စစ်ဗိုလ် အီဒါကတော့ ရေဇလုံထဲမှာ အေးအေးဆေးဆေး ဂျီးချွတ်ရေချိုးနေပါတယ်။ အဲဒီမှာ ကျနော် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဆိုင်တာတွေရော၊ မဆိုင်တာတွေရော စဉ်းစားမိပါတယ်။ ဟဲဟဲ။ ဒါကိုတော့ အပြစ်မဆိုလောက်ဘူး ထင်ပါတယ်။ အမယ် အီဒါကို နောက်ကနေ ဂျီးတွန်းပေးနေရသူတောင် ရှိပါသေးတယ်။ သူကတော့ အခု နန်ကျင်းစစ်ပွဲမှာတင် ဆာဂျင်အဖြစ် ရာထူးတိုးသွားတဲ့ အဓိကဇာတ်ကောင် ကာဒိုကာဝါပါပဲ။ အီဒါက ကာဒိုကာဝါကို ပြောပါတယ်။ မင်း ရာထူးတိုးတော့ ကျောင်းကောင်းကောင်းတတ်လို့ရပါပြီတဲ့။ အဲ့မှာက စဉ်းစားစရာက စစ်ထဲဝင်ကြတဲ့ စစ်သားတိုင်းဟာ နိုင်ငံကို ကာကွယ်လိုစိတ်ကြီးနဲ့ပဲ ၀င်ကြတာ မဟုတ်ပါလား လို့။ မတတ်သာလို့၊ ဒါမှမဟုတ် အခွင့်အရေး တစ်ခုခု ရလိုရငြားဝင်တာပါလား လို့ ဆိုပြီးတော့ပေါ့လေ။ ဘာပဲဖြစ်ဖြစ် စစ်ထဲရောက်ရင် စစ်သားတာဝန်အစစ်အမှန် ကျေရင် ပြီးတာပါပဲလား ဆိုတာကို သံဝေဂယူစရာ ပြသွားပါသေးတယ်။ အဲ့မှာတင် ကာဒိုကာဝါကတော့ တုန်လှုပ်စ ပြုနေပါပြီ။
အော် လက်ဖတင်နင် လု တို့ မရှုံးခင်က လု က ရှုံးမှာကို ကြိုသိနေတဲ့အတွက် သူ့တပ်သားတွေကို အသက်ရှင်ချင်ရင် ထွက်ပြေးကြလို့ ပြောလို့ ကြောက်လန့်ပြီး ထွက်ပြေးလာတဲ့ ရှန်ဇီဆိုတဲ့ ဇာတ်ကောင် တစ်ကောင်ရှိပါတယ်။ အဲ ဗိုလ်လေးကို ကျည်ကပ်ပေး ဘာပေးနဲ့ ရဲစွမ်း ရှိတဲ့ ရှန်ဇီရဲ့သားလေး ရှောင်ဒိုစီ ကတော့ ထွက်မပြေးပါဘူး။ ကောင်းမွန်သော မျိုးဆက်အဖြစ် ခုနက အသတ်ခံရတဲ့ သတ်ကွင်းအထိ ပါသွားပါတယ်။ ကံကောင်းချင်တော့ အဲဒီကလေး မထိမခိုက်ဘဲ အဲဒီ သတ်ကွင်းက အသက်ရှင် လွတ်မြောက်ပါတယ်။ နောက်ဆုံးမှာ ကျန်ခဲ့တာကတော့ သူတို့သားအဖနှစ်ယောက်ပါပဲ။ အဲဒီမှာ သေကွင်းက လွတ်မြောက်လာတဲ့ သားအဖနှစ်ယောက်ဟာ ခိုလုံရာ ရှာရင်း ဂျာမန်စီးပွားရေးသမား နာဇီပါတီဝင် တစ်ယောက်ဖြစ်တဲ့ မစ္စတာ ဂျွန်ရေ့ဘ် မရမက ဖွင့်ထားတဲ့ နန်ကင်းလုံခြုံမှုဇုန် ဒုက္ခသည်စခန်းကို ရောက်သွားပါတယ်။ မစ္စတာဂျွန်ရဲ့ စကားပြန်ကတော့ တရုတ်မလေး ကျန်းရှုယွန် ပါပဲ။ အဲဒီမှာ နောက်ကိုယ်ရေးအရာရှိတစ်ယောက်တော့ တရုတ်လူမျိုးပဲဖြစ်တဲ့ မစ္စတာတန်ပါ။ သူ့မှာ သူ့ရဲ့ချစ်ဇနီးနဲ့ ခယ်မ အပျိုလေး  မေ လည်းရှိပါတယ်။ ငါးနှစ် ခြောက်နှစ်အရွယ် သမီးလေး တစ်ယောက်လည်း ရှိပါတယ်။
ဒီနေရာမှာ မစ္စတာတန်ဟာ သူ့အသက်ကိုရော၊ သူ့မိသားစု အသက်ကိုရော ရှင်သန်အောင် ကြိုးစားပြီး နေထိုင်ပါတယ်။ ဂျွန်ရဲ့ အရာရှိမို့လို့ ဂျပန်တွေက မထိရဲတာလည်း ပါတာပေါ့။ သူကိုယ်တိုင် အလိုက်အထိုက်လိုက်လျောပြီး နေထိုင်တတ်တာလည်း ပါတာပေါ့။ ဒါပေမယ့် တကယ့်တကယ်မှာတော့ သူ့သမီးလေးကို ဂျပန်စစ်သား တစ်ယောက်က ပြတင်းပေါက်ကနေ လွှင့်ပစ်တာကိုရော၊ သူ့ခယ်မ မေ ကို ဂျပန်စစ်သားတွေက အတင်း မုဒိန်းကျင့်တာကိုရော မတားနိုင်လိုက်ပါဘူး။ သူတို့နေထိုင်တဲ့ နေရာအထိကိုလာပြီး အမျိုးမျိုးလှည့်ပတ်ပြီး လာရောက်ရိုင်းစိုင်းကြတာပါ။ အဲဒီမှာပဲ မုဒိန်းအကျင့်ခံလိုက်ရတဲ့ တရုတ်မလေးတွေထဲက တစ်ယောက်ကတော့ ပြည့်တန်ဆာမလေး ရှောင်ကျန်းပါ။ အဲဒီလို အဓမ္မအကျင့်မခံရမီ အစောပိုင်းကတော့ မိန်းကလေးအပျိုလေးတွေကို အန္တရာယ်ကင်းအောင် ယောက်ျားလေးတွေ လို့ထင်အောင် ဆံပင်တွေ အတိုဖြတ်ခိုင်းပါတယ်။ မိန်းကလေးတွေကလည်း ကြောက်ကြတော့ သူတို့ အမြတ်တနိုးတန်ဖိုးထားတဲ့ ဆံပင်ကို မျက်ရည်လည်ရွှဲတွေနဲ့ ဖြတ်ကြရတော့တာပေါ့။ အဲဒီမှာ ခုနက အပျက်မလေး ရှောင်ကျင်းက ဂျစ်ကန်ကန်ပါ။ စစ်ကြီးပြီးသွားရင်တဲ့ သူက ဒီဆံပင်နဲ့ပဲ လုပ်စားရမှာတဲ့။ အဲတော့ မဖြတ်နိုင်ဘူးတဲ့။ ဖြတ်တဲ့သူတွေလည်း နောက်တော့ မရပါဘူး။ အနိုင်ကျင့်ခံ လိုက်ရတာပါပဲ။ ဆံပင်မဖြတ်တဲ့သူ ကိုယ်တိုင်လည်း ဂျပန်စစ်သားတွေရဲ့ ဆိုးပုံကို သဘောပေါက်သွားပါတယ်။ အဲဒီမှာ မေ က ကလေးလေးတွေကို ဒီလောက်ကြောက်စရာ အခြေအနေကြီးမှာတောင် တရုတ်ရိုးရာသီချင်းလေးတွေ သင်ပေးပါသေးတယ်။ ဂီတရဲ့ စွမ်းအားပဲလား၊ ရိုးရာ လက်ဆင့်ကမ်းတာလားတော့ မသိပေမယ့် မှောင်မိုက်မှုတွေ ပြေလိုပြေငြား လင်းလက်ဖို့ ကြိုးစားတဲ့ အကွက်လေး တစ်ကွက်ပေါ့။
အဲဒီမှာ ပြောချင်တာက မိန်းကလေးတွေရဲ့ အကျဉ်းအကျပ်ထဲရောက်ရင် ယောက်ျားတွေထက်သာတဲ့ စွမ်းရည် သတ္တိတွေပါ။ နောက်ဆုံးတော့ အဲဒီစခန်းက အပျိုလေးတွေကို လှည့်ပတ်ချောင်းနေတဲ့ ဂျပန်တွေက အကျပ်ကိုင်ပါတယ်။ နင်တို့နေရာမှာ အပျက်မတွေ ရှိတယ်ပေါ့။ ငါတို့ကို ၁၀၀ လောက်ပေးပေါ့။ ပေးရင် နင်တို့ကို အစားအသောက်တွေ ထောက်ပံ့မယ်ပေါ့။ မပေးရင်တော့ သိတဲ့ အတိုင်းပေါ့။ အဲတော့ ဂျွန်တို့ ကျန်းရှုယွန်တို့ ခမျာမှာ မပေးလည်း အတင်းအကျပ်လုပ်မယ့် အတူတူ လိုက်လျောရပါတော့တယ်။ အဲဒီမှာ ကျန်းရှုယွန်က ဂျပန်ဗိုလ် အီဒါကို မကြောက်မလန့်ပြန်ပြောတာ တစ်ခွန်းရှိပါသေးတယ်။ ဂျပန်ဗိုလ်က ဆံပင်အကောက်တွေ နှုတ်ခမ်းနီတွေနဲ့ ကောင်မလေးတွေ တွေ့တယ်ပေါ့။ အဲဒါ အပျက်မတွေပေါ့။ အဲတော့ ငါတို့ကို အသာတကြည်ပေးပေါ့။ အဲလိုပြောတော့ ကျန်းရှုယွန်က ပြန်ပြောပါတယ်။ ရှင်တို့ ဂျပန်မှာရော ဆံပင်အကောက်တွေ၊ နှုတ်ခမ်းနီတွေဆိုးရင် အပျက်မဖြစ်ရောလား ဆိုပြီးတော့လေ။ အဲ့မှာ ပြန်ပြောရဲတဲ့ သူရဲ့ သတ္တိကိုလည်း လေးစားသလို ခုခေတ် နဲနဲလေးဟော့တာဝတ်ရင် အပျက်မနီးပါး အပြောခံနေရတဲ့ အမျိုးသမီး ငယ်လေးတွေကိုလည်း စာနာမိပါတယ်။ ထားတော့။အဲတော့ အဲဒီ ငရဲတွင်းကို သွားမယ့် စေတနာရှင်မလေးတွေ ကို မျက်ရည်လည်ရွှဲနဲ့ပဲ ဖိတ်ခေါ်ရတော့တာပေါ့။ အဲဒီမှာ ပထမဆုံး စေတနာဝန်ထမ်းကတော့ အပျက်မလေး ရှောင်ကျင်းပေါ့။ သူကိုယ်တိုင် လက်တွေ့ကြုံလိုက်ရလို့ ကြောက်လန့်နေပေမယ့်လည်း အများအတွက် အရေးကြီးလာ တော့လည်း ရှေ့ထွက်ရဲတဲ့ သတ္တိဟာ လေးစားလောက်ပါတယ်။ အပျက်မလေး ဆိုပေမယ့်လည်း သူရဲကောင်း တစ်ယောက်လို လေးစား ထိုက်ပါတယ်။ အဲဒီမှာ တန်ရဲ့ ခယ်မလေး မေ လည်း ကံမကောင်းတော့ ပါသွားပါတယ်။ အော် အဲဒီ နန်ကျင်းမှာ ဂျပန်အပျက်မလေး တွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ တရုတ်မလေးတွေထက် ဈေးကြီးသေးသဗျာ။
အဲဒီမှာ ဒါရိုက်တာဟာ အဲဒီလောက် စုတ်ပြတ်သပ်နေတဲ့ အခြေအနေမှာ အချစ်ဇာတ်လမ်းလေးကိုလည်း မရရအောင် ရင့်နာဖွယ်ရာ ထည့်သွင်းသွားပါသေးတယ်။ လိင်ပိုင်း အတွေ့အကြုံမရှိတဲ့ ကာဒိုကာဝါလေးဟာ ဆောင်ကြာမြိုင်ကို သွားရင်း ဂျပန်မလေး ယူရီကို ကို ချစ်သွားတဲ့ အခန်းလေးပေါ့။ နောက်ပိုင်းမှာလည်း ယူရီကို အတွက် နှစ်ကူးလက်ဆောင်လေးတွေ ဘာတွေ သွားပို့သေးသဗျာ။ အမှောင်ကြီးထဲက အလင်းလေး တစ်ချက်ထပ်ပြတာပေါ့။
အဲဒီလို သွားခဲ့ကြတဲ့ ကလေးမ တစ်ရာဟာ ငရဲတွင်းကနေ ပြန်ထွက်လာတော့ ဆယ်ယောက်ကျော်ကျော်လောက်ပဲ ရှိပါတော့တယ်။ ရှောင်ကျင်းလည်း လူမဆန်အောင် ပြုကျင့်ခံရတော့ တိမ်းပါးသွားပါတယ်။ အဲဒီမှာ ဆုံးသွားတဲ့ မိန်းကလေးတွေကို ၀စ်လစ်စလစ်နဲ့ ခွေးသေ၀က်သေလို တွန်းလှည်းနဲ့ သယ်ထုတ်သွားတာပါ။ အဲဒါကို ကာဒိုကာဝါကလည်း မြင်လိုက်ပါတယ်။ သူ့ရင်ထဲမှာ ညှောင့်တွေ တစ်ချောင်းပြီး တစ်ချောင်းများလာပြီပေါ့ဗျာ။ စစ်ပွဲအတွင်းမှာ လူအဖြစ်ဆိုတဲ့ လူ့ဂုဏ်သိက္ခာ ပျောက်ကွယ်ခြင်းတွေ ကို လူစိတ်မရှိခြင်းတွေနဲ့ အတူ ပြသွားတာပါ။ စစ်ပွဲဆိုတာ လူအဖြစ်က အနိမ့်ကျဆုံး လျောဆင်းစေတဲ့ အရာပါပဲ။ စစ်ပွဲကြောင့် မြင့်မားလာတဲ့အရာ မရှိသလောက်ပါပဲ။ အောင်ပွဲဆိုတာလည်း လူ့အသက်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။ ဘာကြောင့်ပဲ စစ်ဖြစ်ဖြစ် စစ်တိုက်ပြီဆိုကတည်းက လူ့အဖြစ်၊ လူ့စိတ်တွေ ရှားပါးပျောက်ကွယ်ကုန်တော့တာပါပဲ။
 ပြီး ရင်နင့်စရာ ဇာတ်ဝင်ခန်းလေးလည်း ရှိပါသေးတယ်။ အဲဒီ ငရဲတွင်းကြီးက နေ ပြန်ထွက်လာတော့ မေ ဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဒါပေမယ့် သူတို့ နေထိုင်တဲ့ ဇုန်ကိုပြန်ပို့ခါနီးမှာပဲ ဗိုလ်အီဒါ ကိုယ်တိုင် ရူးနေတာက ဘာတန်ဖိုးရှိတော့မှာလဲ ဆိုတဲ့ သဘောနဲ့ ပစ်သတ်လိုက်ပါတယ်။ မေ လေးဟာ ရူးနေတာကလည်း ယဉ်ယဉ်လေးပါ။ သူတို့ရိုးရာသီချင်းလေးကိုတောင် ဆိုလို့နေတာပါ။ အရူးဆိုတော့ အကြောက်တရားလည်း မရှိတော့ပါဘူး။ ရူုးမှသာ အကြောက်တရားမရှိတာပါ။ တန် တို့ ဇနီးမောင်နှံကတော့ သူတို့ရဲ့ မေ သေသလား၊ ရှင်သလား မသိရဘဲ မျှော်တလင့်လင့်နဲ့ အစိုးရိမ်ကြီး စိုးရိမ်နေကြတာပေါ့။
ဇာတ်လမ်းက ထပ်တင်ပါတယ်။ မစ္စတာ ဂျွန်ကို တရုတ်တွေကို အခုလို ကူညီကယ်မနေခြင်းဟာ ဂျပန်နဲ့ ဂျာမနီရဲ့ ဆက်ဆံရေးကို ပျက်ပြားစေတယ်ဆိုပြီး သူ့တိုင်းပြည်ကို ပြန်ခေါ်ပါတော့တယ်။ သူ့ကို အားကိုးနေရတဲ့ တရုတ်တွေ ကူကယ်ရာ ဝေးပြီပေါ့။ မစ္စတာကြီး ခင်ဗျာလည်း မျက်ရည်လည်ရွှဲနဲ့ သူ့ကို တောင့်တနေကြတဲ့သူတွေကို ထိုင်ကန်တော့ပြီး ကားလေးနဲ့ ပြန်ပါတယ်။ အဲဒီကားလေးထဲမှာ သူရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့အတွက် တန် တို့ ဇနီးမောင်နှံကိုလည်း ခေါ်လာခွင့်ရပါတယ်။ ဒါပေမယ့် ဂျပန်တွေဟာ တရုတ်စစ်သားတိုင်းကို သတ်တဲ့အတွက် တရုတ်စစ်သား တစ်ယောက်ကလည်း ဂျွန်ရဲ့ လက်ထောက်အဖြစ် ဟန်ဆောင်လိုက်ပါ လာပါတယ်။ ဒါပေမယ့် မြို့ထွက်ခါနီး ဂိတ်မှာတော့ အီဒါနဲ့ တွေ့ပါတယ်။ အဲဒီမှာ မစ္စတာဂျွန်နဲ့ အတူ လက်ထောက် နှစ်ယောက်ပဲ ခေါ်ခွင့်ရမယ်ဆိုတော့ တန် ဟာ လွတ်မြောက်ခါနီးမှပဲ သူ့အစား ဟိုတရုတ်စစ်သားလေးကိုပဲ သူ့မိန်းမနဲ့ ထွက်ခွာခိုင်းလိုက်ပါတယ်။ တကယ့်ကို ရင်နင့်စရာ ပြကွက်ပါ။ သူ့ဇနီးကိုသူပြောပါတယ်။ ငါက မေ ကို ရှာဖို့ကျန်ခဲ့မယ်တဲ့။ နင်သွားနှင့်တဲ့။ သူ့မှာ ရှာဖို့တာဝန်ရှိတယ်ပေါ့။ သူက တာဝန်သိတာကိုး။ ပိုပြီး ရင်နင့်စရာကောင်းတာက သူ့မိန်းမမှာလည်း နောက်ထပ် ကိုယ်ဝန်လွယ်ထားရတာပါပဲ။ အဲဒီမှာ တန် ရဲ့ စိတ်နေစိတ်ထားကိုလည်း တွေ့ရပါတယ်။ ပထမတော့ သူတို့မိသားစု အဆင်ပြေအောင် ဂျပန်တွေနဲ့ အလျဉ်းသင့်သလို ပေါင်းပေမယ့် တကယ့် အနစ်နာခံရမယ့် နေရာမှာတော့ တကယ့်ကို တာဝန်သိသိ အနစ်နာခံခဲ့၊ သတ္တိရှိခဲ့တာပါ။ ဒါပေမယ့် ကျန်ခဲ့တော့လည်း သူက အသတ်ခံရတာပါပဲ။ အဲဒီမှာ ဂျပန်စစ်ဗိုလ် အနိုင်ကျင့်သူ အီဒါကို နောက်တဲ့ သဘောကိုလည်း တကယ်တော်တဲ့ ဒါရိုက်တာက မရရအောင် ရိုက်ပြသွားပါသေးတယ်။ တန် ကို သတ်ခါနီး သတ်ကွင်းမှာ သူပြောတာက လူတိုင်းဟာ သေရမှာပဲတဲ့။ ဒီနေရာလေးက လှတယ်တဲ့။ ပြီးတော့ တန့်ကို သူ့ပါးစပ်က ဆေးလိပ်ကိုတောင် တိုက်လိုက်ပါသေးတယ်။ ခက်တာက တန်က ဆေးလိပ်မသောက်တတ်တာပါပဲ။ အစပိုင်းမှာလည်း တန်က ဆေးလိပ်မသောက်တတ်ပေမယ့် ဂျပန်စစ်သားတွေ အတင်းတိုက် ထိုးရောင်းလို့ ဆေးလိပ်တောင့်တွေ ၀ယ်ခဲ့ရတဲ့ အခန်းလည်း ပါပါသေးတယ်။ ဒီတစ်ခါတော့ တန် ဆေးလိပ်ကို အပီအပြင် ဖွာရှိုက်ပါတယ်။ သူ့ကို သတ်ခါနီး မျက်လုံးကို အ၀တ်နဲ့ စည်းတာကိုတောင် အစည်းမခံဘဲ ရဲရဲဝံ့ဝံ့ အသတ်ခံသွားခဲ့တာပါ။ ပြီး အီဒါကို စကားတစ်ခွန်းပြောသွားပါတယ်။ ငါ့မိန်းမမှာ ကိုယ်ဝန်ထပ်ရှိနေပြီကွ ဆိုတဲ့စကားလေးပါ။ ဂျပန်တွေသတ်လို့ သူ့သမီးလေးသေသွားပေမယ့် သူ့မျိုးဆက် ကျန်ခဲ့သေးတယ်ဆိုတဲ့ သဘောပေါ့။ မင်းတို့ ငါတို့ကို အပြီးသတ်တော့ အနိုင်မရပါဘူး ဆိုတဲ့ သဘောပေါ့။ သူ့တစ်လျောက်လုံးမှာ ဂျပန်တွေကို လိုက်လျောခဲ့သမျှ ဒီတစ်ခွန်းတည်းနဲ့ ချေဖျက်ဆန့်ကျင်ပြသွားတာပါ။ ဒါရိုက်တာ လု ဘယ်လောက်တော်သလည်း ဆိုရင် ဒီဇာတ်ကားထဲမှာ စကားပြောခန်း အများကြီးလည်း မပါသလို ပြောသွားတဲ့ တစ်ခွန်းနှစ်ခွန်းက တကယ့်ကို ကွက်တိကျ လိုအပ်ကောင်းမွန်လှပါတယ်။ အဲဒီမှာ အီဒါ တုန်လှုပ်သွားတာကို ပါးပါးလေးတော့ ရအောင် ပြသွားပါသေးတယ်။ အနိုင်ကျင့်သူတွေဟာ အနိုင်ကျင့်ခံရသူတွေရဲ့ စိတ်ဓါတ်နဲ့ သတ္တိကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဘယ်လိုလုပ် တန်ဖိုးထားတတ်မှာလဲ။ အီဒါ ကြောင်တောင်တောင် ဖြစ်တဲ့ အခန်းပေါ့။
အဲ့ ဒုက္ခသည်စခန်းမှာ ကျန်ခဲ့သူတွေကတော့ အများကြီးပေါ့။ ကျန်းရှုယွမ် လည်း ပါတာပေါ့။ အဲဒီမှာ ဂျပန်တွေက ထပ်တင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအားလုံးကို တစ်နေရာကို စုပို့ပြီး ယောက်ျားသားတွေထဲမှာ စစ်သားတွေ အများကြီး ပါဝင်တဲ့အတွက် ယောက်ျားသားတွေ အများစုကို စစ်ကားကြီးနဲ့ ခေါ်ပြီး သုတ်သင်ဖို့ လုပ်ပါတယ်။ ကျန်တဲ့ မိန်းမနဲ့ ကလေးတွေ ငိုကြတော့တာပေါ့။ အဲဒီမှာ သတ္တိရှိတဲ့ နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်ရဲ့ သတ္တိရှိရှိ ပြောဆိုမှုကြောင့် မိသားစုတစ်စုစီဟာ ခုနက စစ်ကားတွေပေါ်က အသတ်ခံရတော့မယ့် ယောက်ျားသားတစ်ယောက်စီကို ခေါ်ခွင့်ရှိပါတယ်။ အဲဒီမှာ အပျိုမလေး ကျန်းရှုယွမ်ဟာ အဖိုးကြီးတစ်ယောက်ကို သူ့အသိစိတ်နဲ့သူ သူ့အမျိုးသားဟန်ဆောင်ပြီး သွားခေါ် ကယ်တင်ပါတယ်။ ပြီး နောက်တစ်ယောက် နဲ့ နောက်တစ်ယောက်နဲ့ အခေါက်ခေါက်ပေါ့။ ခက်တာက ကားပေါ်မှာ လက်ဖတင်နင် လု တို့ တပ်ထဲက ထွက်ပြေးလာတဲ့ ရှန်စီ ရှိနေပါတယ်။ သူ့ကို သူ့သားလေး ရှောင် က သွားခေါ်တာလည်း မရပါဘူး။ ကလေးဆိုတော့ နှင်လွှတ်ခံရပါတယ်။ အဲတော့ လုံမလေး ကျန်း နောက်တစ်ကြိမ် သွားခေါ်ရပြန်ပါတယ်။ အဲလို သူ အကြိမ်ကြိမ်သွားခေါ်နေတာကို ကာဒိုကာဝါ မြင်ပါတယ်။ ဒါပေမယ့် သူကတော့ မသိချင်ယောင် ဆောင်နေပါတယ်။ ဒါပေမယ့် တခြားစစ်သားတစ်ယောက်က အီဒါကို သွားသတင်းပေးလိုက်တဲ့ အခါမှာတော့ သူတို့သုံးယောက်သားကို မိသွားတော့တာပေါ့။ အဲဒီမှာ နဂိုကတည်းက အမြင်ကပ်နေတဲ့ အီဒါဟာ လုံမလေးကျန်းကို သူ့စစ်သားတွေ ပျော်ဖို့ ပေးပစ်လိုက်ပါတယ်။ ဒဏ်ပေးတာပေါ့။ ဂျပန်စစ်သားတွေ ပျော်ပါးရင် သေတာထက်ဆိုးတာကို သိနေတဲ့ ကျန်းဟာ ကာဒိုကာဝါ ဘေးက ဖြတ်သွားရင်း သူ့ကို ပစ်သတ်ပါလို့ သနားစဖွယ်တောင်းဆိုပါတယ်။ အကောင်းဆုံးလမ်းဟာ သေခြင်းပဲ ရှိတော့တယ် ဆိုတဲ့ သဘောပါပဲ။ တစ်လျောက်လုံး သူကိုယ်တိုင်ရော၊ တခြားလူတွေကိုပါ ရှင်သန်အောင် ကြိုးစားရုန်းကန်ခဲ့တဲ့ လုံမလေး ကျန်းလည်း လက်လျော့အရှုံးပေးလိုက်ရပါတော့တယ်။ ဒါပေမယ့် သူ့လမ်းကို သူ့ဘာသာသူ ရွေးသွားတဲ့ သတ္တိ၊ အနိုင်ကျင့်ခံရပေမယ့်လည်း အနိုင်မယူနိုင်တဲ့ စိတ်ဓါတ်နဲ့ မကြောက်တရားကို ပြသွားတာပါ။ ကာဒိုကာဝါလည်း ၀မ်းနည်းစွာနဲ့ လိုက်လျောလိုက်ပါတယ်။ ကာဒို တစ်ယောက်တော့ လိပ်ပြာညစ်ပြီးရင်း ညစ်ပြီပေါ့။
အဲဒီအဖြစ်အပျက်တွေပြီးတော့ ကာဒိုကာဝါ က သူ့ကောင်မလေး ယူရီကို ဆီသွားပါတယ်။ ဖြစ်ချင်တော့ ယူရီကို ကလည်း နန်ကျင်းက ထွက်ပြေးရင်း သေပါပြီ။ အဲဒီမှာ တကယ်မေတ္တာစစ်နဲ့ ချစ်ခဲ့တဲ့ ကာဒိုကာဝါဟာ အဲဒီအိမ်က အမျိုးသမီးကြီးကို ငွေထုပ်ကလေး ပေးရင်း ယူရီကိုဟာ သူ့ဇနီးဖြစ်ခဲ့ဖူးပါတယ်တဲ့။ သူ့အတွက် အုတ်ဂူကောင်းကောင်းလေး လုပ်ပေးလိုက်ပါဆိုပြီး တောင်းဆိုရှာပါတယ်။ ကာဒိုကာဝါ တော့ မရတော့ပါဘူး။ သူ့အပြစ်တွေကို သူခွင့်မလွှတ်နိုင်တော့ဘူး ဖြစ်နေရပါပြီ။ သူ့လိပ်ပြာဟာ ဒီဘ၀နဲ့တောင် သန့်စင်လို့မရအောင် ညစ်ညမ်းနေပါပြီ။
အဲဒီမှာ ဂျပန်တွေဟာ နန်ကျင်းကို သိမ်းပြီးကတည်းက လေ့ကျင့်နေကြတဲ့ အောင်ပွဲနှင့် ကျဆုံးသွားကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုအကပွဲ ကျင်းပပါတယ်။ အဲဒီ ကပွဲကို ဒါရိုက်တာက အကြာကြီး ရိုက်ပြပါတယ်။ ဂျပန်ရိုးရာ နားလည်တဲ့ သူတွေဆိုရင်တော့ ပိုကြည့်ကောင်း ခံစားနိုင်မှာပါ။ ကျနော်ခံစားရသလောက်ကတော့ မီးခိုးငွေ့တွေတလူလူ၊ အပျက်အစီးတွေ၊ လူသေကောင်တွေနဲ့ မြို့ပျက်ကြီးထဲမှာ၊ အမှောင်ကြီးထဲမှာ သူတို့လုပ်နေကြတဲ့ အောင်ပွဲဟာ ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး။ ဘာလင်းလက်မှုမှ ရှိမနေတော့ပါဘူး။ အောင်ပွဲဆိုတာ ဒီလိုလားဆိုတာကို ပန်းချီဆန်ဆန် အကောင်းဆုံး ရိုက်ပြသွားတာပါ။ ပြီး ထန်ဂိုအောင်စည်ကြီးကို တီးခတ်တဲ့ စင်ကို ထမ်းနေကြတဲ့ တနည်းအားဖြင့် သမိုင်းတာဝန်ကို ထမ်းခဲ့ကြတဲ့ ကာဒိုကာဝါတို့ အုပ်စုလည်း သမိုင်းတာဝန်ကိုတော့ ထမ်းခဲ့ကြပေမယ့် သူတို့ လူတစ်ဦးချင်းစီရဲ့ လူသားတာဝန်ကိုတော့ မကျေပွန်နိုင်ခဲ့ကြပါဘူး။ သူတို့ တန်ရဲ့လား။ စဉ်းစားစရာပါပဲ။
နောက်ဆုံးအခန်းကတော့ ရှောင်ဇီတို့ သားအဖနှစ်ယောက်ကို သုတ်သင်ဖို့ ကာဒိုကာဝါနဲ့ ဂျပန်စစ်သားလေး တစ်ယောက်က တစ်နေရာကို ခေါ်ထုတ်သွားပါတယ်။ အဲဒီမှာ ကာဒိုကာဝါဟာ ရှောင်ဇီတို့ သားအဖကို မသတ်တော့ပါဘူး။ လွှတ်ပေးလိုက်ပါတယ်။ သူနဲ့ အတူပါလာတဲ့ စစ်သားလေးကို ပြောလိုက်တဲ့ စကားကတော့ ဒီကားရဲ့ အသက်ပါပဲ။ “ရှင်သန်ရတာဟာ သေရတာထက် ပိုခက်ခဲတယ်“ ဆိုတဲ့ စကားလေးပါ။ ဘယ်နေရာမှာပဲ စစ်ဖြစ်ဖြစ် စစ်ကြီးအတွင်းမှာတော့ လူသားတွေရဲ့ ရှင်သန်မှုဟာ ဒီအတိုင်းပါပဲ။ စစ်အတွင်းမဟုတ်ရင်ရော အဲဒီစကား မမှန်နိုင်ဘူးလား။ အစစအရာရာ နိမ့်ကျနေတဲ့ အခြေအနေမျိုးမှာတော့ စစ်ကြီးမဟုတ်လည်း ဒီအတိုင်းလို့ပဲ ပြောချင်ပါတယ်။ ခက်ခဲလွန်းတဲ့ ခေတ်ကြီးကို စိတ်ပိုင်းဆိုင်ရာသာ အနိုင်ယူလို့ ရချင်ရမယ်။ ရုပ်ပိုင်းဆိုင်ရာအရတော့ အားမတန် မာန်လျော့လိုက်ရတာတွေချည်းပါပဲ။ အဲဒီမှာပဲ အာဏာကို ဖီဆန်တဲ့ အတွက် အပြစ်ရှိတာကတစ်ကြောင်း၊ နန်ကျင်းမှာ လုပ်ခဲ့တဲ့ သူရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အပြစ်တွေကို ဘယ်လိုမှ ပြန်လည် ဆေးကြောနိုင်စွမ်း မရှိတော့တဲ့ အတွက် ကာဒိုကာဝါဟာ နောက်ဆုံးမှာတော့ ရှိုက်ကြီးတငင် ငိုကြွေးရင်း သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်လိုက်ပါတော့တယ်။ ရှန်စီတို့ သားအဖနှစ်ယောက်ကတော့ သေနတ်သံကို ကျောခိုင်းရင်း၊ တောပန်းလေးတွေ ပွင့်တဲ့ လမ်းပေါ်မှာ အားရပါးရကြီး ရီမောလျောက်လှမ်း သွားကြပါတော့တယ်။ ဇာတ်ကားကို ထွက်ပေါက်လေးတော့ ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ရှုတဲ့သူတွေ အဖို့မှာတော့ ရင့်နင့်ဖွယ်ရာ အတွေးတွေ တသီတတန်းကြီးနဲ့ ကျန်ခဲ့ရပါတယ်။
ဇာတ်ကားလေးရဲ့ နာမည်အတိုင်း ရှင်သန်ခြင်း နှင့် သေဆုံးခြင်း ရောပြွမ်းနေတဲ့ အဲဒီ နန်ကျင်းမြို့ကြီးထဲမှာ ဂုဏ်သိက္ခာရှိစွာ သေခြင်းကို ရွေးချယ်သွားတဲ့ သူတွေနဲ့ ရှက်ရွံ့ဖွယ်ရာ ရှင်ခြင်းကို ရွေးသွားတဲ့ သူတွေကို ဘယ်သူ့ကိုရော ကျနော်တို့က ပိုမှန်တယ်လို့ ပြောနိုင်ကြပါ့မလဲ။ သေခြင်းကို ရွေးချယ်သွားတဲ့သူတွေကို လေးစားမိသလို ရှင်ခြင်းကို ရွေးချယ်သွားတဲ့သူတွေကိုလည်း အပြစ်ပြောလို့ မရပြန်ပါဘူး။ ဇာတ်ကားတစ်လျောက်လုံး သူ့အသက်ရှင်သန် ဖို့ကိုသာ အားစိုက်သွားခဲ့တဲ့ ရှန်ဇီ လို လူမျိုးကိုရော ငကြောက်လို့ပဲ အပြစ်တင်ရမလား။ သတ္တိရှိတယ်ပဲ ပြောရမလား ဝေခွဲမရပါပဲ။
သေချာတာကတော့ အနိုင်ရသူတိုင်းဟာလည်း အကြောက်တရားနဲ့ ကင်းကွာနေတာတော့ မဟုတ်ပါဘူး။ သူတို့ အနိုင်ကျင့်လိုက်တဲ့ သူတွေကို ပြန်ပြီး မကြောက်လန့် မတုန်လှုပ်ရင်တောင် သူတို့ရဲ့ အတွင်းစိတ်၊ ယုတ်မာခဲ့မှုတွေကိုတော့ ပြန်လည် ကြောက်လန့်တတ်ကြောင်းကို ကာဒိုကာဝါရဲ့ လူပီသမှုလေး တစ်ကွက်တည်းနဲ့ ပြသွားပါတယ်။ ဂျပန်စစ်သားတွေထဲမှာ လူစိတ်ပေါ်တဲ့သူ ဆိုလို့ တရုတ်ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းနဲ့ ပြသွားပေမယ့်လည်း တခြားအနိုင်ယူသူတွေမှာလည်း ရှိတတ်တဲ့ ကြောက်စိတ်ကို မီးမောင်းရှင်းရှင်းလင်းလင်း ထိုးပြနိုင်ခဲ့ပါတယ်။ အောင်မြင်မှုရနေတဲ့ အချိန်သာ မမြင်ချင် မမြင်ရှိနေနိုင်ပေမယ့် နောင်တစ်ချိန်မှာတော့ ကြီးမားတဲ့ နောင်တတွေနဲ့ အတူ အကြောက်တရားတွေကို သူတို့ သေဆုံးချိန်အထိ တနင့်တပိုး မချိမဆန့် ခံစားသွားရမှာပါ။ ဒါ သေချာတဲ့ ကိစ္စပါပဲ။ ခက်တာက အဲဒီလို ကြောက်ပြီး ထပ်မံပြီး အဲဒီလို မကြောက်ချင်တော့လို့ ထပ်မိုက်နေဦးမယ် ဆိုရင်တော့ အဆိုးသံသရာကြီးပဲ ဖြစ်နေဦးမှာ။ ကြောက်ရမ်း မရမ်းဖို့လည်း လိုပါတယ်။ တစ်သက်လုံး နောင်တမရ ကြောက်မသွားတဲ့ သူတွေတော့ ရှိပါတယ်။ သေချာပါတယ်။ အဲဒါဆိုရင်တော့ ရူးနေလို့ပါပဲ။ ဒါကို အနိုင်ယူသူတွေဖက်က သတိချပ်ဖို့ လိုတာကို အကောင်းဆုံး ရိုက်ပြသွားခဲ့တဲ့ ကားလေးပါ။
ကဲ ကျနော်ရေးတာလည်း ဇာတ်ကွက် အရုပ်တွေကို စကားလုံးတွေနဲ့ ပေါ်အောင် ဖော်နေရတဲ့အတွက် တော်တော်လည်းရှည်နေပါပြီ။ ဇာတ်ကားကလည်း (လူမဆန်ညစ်ညမ်း အခန်းတွေလည်း တော်တော်ပါလို့ ခြောက်လတိုင်တိုင် ဆင်ဆာ တည်းဖြတ်တာတောင်) တကယ်ရှည်ပါတယ်။ ရှည်သလောက်လည်း ကြည့်ရ တန်ပါတယ်။ ကျနော် ဒီလောက်ရေးတာတောင် ဇာတ်ကားရဲ့ အနှစ်သာရတွေကို အနည်းငယ်ဖော်နိုင်ရုံပဲ ရှိတာပါ။ တခြား ဇာတ်ဝင်ခန်းကောင်းတွေ အများကြီး ကျန်ပါသေးတယ်။ ကောင်မလေးကို မတရားပြုကျင့်တဲ့နေရာမှာ ဂျပန်တွေ မုန့်တစ်ချက် တုတ်တစ်ချက် လုပ်ပုံတွေ၊ ကိုယ့်လူမျိုးအချင်းချင်းတောင် လူစိတ်မရှိပုံတွေ အများအများကြီး ကျန်ပါသေးတယ်။ ဇာတ်ကားကို ကိုယ်တိုင်ကိုယ်ကျကြည့်ပြီး တခြားအမြင်တွေ ရှုထောင့်တွေနဲ့လည်း နှစ်သက်ခံစားကြပါလို့သာ တိုက်တွန်းချင် ပါတော့တယ်။ အော် ဒါမျိုး နန်ကျင်းအကြောင်းရိုက်တဲ့ တရုတ်ကားကောင်းတစ်ကောင်း လည်း ရှိပါသေးတယ်။ The Flowers of War ပါ။ အဲ့ကားလေး ကလည်း တကယ်ကောင်းမွန်ပြီး ကြည့်သင့် ကြည့်ထိုက်တဲ့ ကားလေးပါ။ ကဲ အဲတော့ နောက်ဆုံးအနေနဲ့ အဲဒီလို ထိပ်တိုက်တိုးလာတဲ့ တိုက်ပွဲတွေကို ကြုံတိုင်း အနိုင်ရသူ တွေဖက်ကနေလည်း စာနာထောက်ထာြး့ပီး လူ့လောကကြီးကို လူပီသတဲ့ စိတ်လေးတွေနဲ့ ဖြတ်သန်းကြမယ်ဆိုမှသာ နောင်မှရတဲ့ နောင်တတွေ၊ အကြောက်တရားတွေနဲ့ ကင်းလွတ်ပြီး နေထိုင်သွားနိုင်ပါမယ်လို့ ပခုံးလေးပုတ်ရင်း အားလုံး အကြောက်တရားကနေ ကင်းလွတ်ကြပါစေလို့ ဆန္ဒပြုနိဂုံးချုပ်လိုက်ပါတယ်ဗျာ။     ။
(တရုတ်နာမည်များကို တတ်သလောက်မှတ်သလောက်ဖြင့်သာ အသံဖလှယ်ထားခြင်းဖြစ်ပါသည်။ မှားရင် သည်းခံကြပါ။)

                                                                                                                                                ရှိန်ဝါ

No comments:

Post a Comment