အဆီပြန် ခရမ်းချဉ်သီးအခွံအောက်က
ဝပြဲပြဲ ဝိညာဉ်လက်ပါးစေကြီးကိုသတ်ပြီး အချဉ်လုပ်စားလိုက်တယ်။
အချိန်တားဆေး သောက်နေရလို့ အန္တရာယ်လွယ်လာရတဲ့ မြင်မြင်ရာ ဗိုက်ရွှဲနာရီစင်ကြီး။
အထိုင်များလို့ ခါးတုတ်လာတဲ့
ရွှေဖရုံသီးကြီးကိုလည်း လည်ပင်းညစ်ပြီးစားတဲ့ အဆာသွပ်မျက်လုံးကြီး။
အချိုရည်ကုန်သွားတဲ့
ပီကေဟာ ဝါးလို့အကောင်းဆုံးပဲ နားရွက်ရိတွဲကြီးရေ။
အရသာပါးဝနေလို့ အရသာမသိချင်ယောင်ဆောင်ထားတဲ့
ယောင်းမနဲ့ မွှေရမယ့် မိန့်ခွန်းဖောသွပ်ကြီးလား။
ခွက်တော်ကို လက်တော်နဲ့
ပွတ်သပ်ရုံနဲ့ ဂလတ်စ်တန်ဘာရီမှာ ဒဏ္ဍာရီတွေ လျှံလန်ကုန်တော့တာပဲ။
ငါးပိတင်လာတဲ့ မြစ်ကြောင်းတစ်ကြောင်းလုံးဟာ
အမြဲစားချင်စိတ်ပြင်းပြနေတဲ့ ရေဖျင်းဆွဲဗိုက်အိုးကြီးပဲ။
စားသောက်ပွဲလယ်တင့်နေဖို့ ရဲရင့်ချင်ယောင်ဆောင်ထားတဲ့ လေ့ကျင့်ခန်းမလုပ်သူ
လျှာဖောင်းပွကြီးရယ်။
မြင်းဇောင်းထဲအမြဲပြောင်းလဲနေတဲ့သမိုင်းမြင်းစာတွေနဲ့အာဃာတချီးမယိုရသေးတဲ့အတ္တဘောဗိုက်ကြီးရယ်။
အောက်ဆီဂျင်လေး တစ်စနှစ်စ
ရရုံနဲ့ အဲဒီ နလပိန်းတုံးနှာခေါင်းကြီး ရှုံ့ချီနှပ်ချီ ပွလန်၊ မီးပုံးပျံတော့တာပဲ။
တဏှာဖုထစ်ခေါက်တွကြီးတွေ
မပေါ်အောင် ကျစ်ထုပ်ထားရတဲ့ စီးကပ်ကျပ်တောင့် နှုတ်ခမ်းထုပ်တွေပဲ။
မင်းတို့ အဆီပိုတွေ
ကျဆုံးပါစေ။
မင်းတို့ လေဥဥနေတာတွေ
ကျဆုံးပါစေ။
မင်းတို့ ဆာဒါးဟင်းချိုခွက်တွေ
မှောက်ကျပါစေ။
(ကိုယ်စားချင်တာကိုမှ
မကျွေးရင် လက်ကို ကိုက်ပစ်နိုင်ရမယ်။)
ရှိန်ဝါ
26 January 2015