ညစ်ညမ်းမှုနဲ့ သန့်ရှင်းနေတဲ့
လမ်းဘေးပလက်ဖောင်း နက်နက်ထက်
မိန်းကလေးတစ်ယောက် အေးအေးလူလူ
လိုလို အိပ်နေတယ်။
ခြေထောက်တွေ၊ ဖိနပ်တွေမျိုးစုံဟာ
သူ့နံဘေး နင်းဖြတ်သွားကြတယ်။
တည်ရာမဲ့ ဖုံမှုန့်များလည်း
သူ့နံဘေး ဖြတ်သွားကြတယ်။
တိုးရကြိတ်ရ လေညှင်းနွမ်းနွမ်းလေးလည်း
သူ့နံဘေး ဖြတ်သွားတယ်။
အမှိုက်လေလား၊ ပန်းလေလားမသိ
လည်း သူနံ့ဘေး ဖြတ်သွားတယ်။
ကျုံ့ထားတဲ့ မျက်မှောင်တွေရော၊
ကျုံ့သွားတဲ့ နှုတ်ခမ်းကွေးတွေရော သူ့နံဘေးဖြတ်သွားတယ်။
အနံ့တွေ၊ အရောင်တွေ၊
ပိုးကောင်မွှားကောင်တွေလည်း သူ့နံဘေး ဖြတ်သွားတယ်။
လုံချည်ဟောင်းလောင်း၊
ဘောင်းဘီဟောင်းလောင်းတွေလည်း သူ့အပေါ်က ကျော်ခွသွားကြတယ်။
မိသားစုလိုက်၊ အတွဲလိုက်၊
တစ်ယောက်ချင်း သူ့နံဘေး နင်း နင်း ဖြတ်သွားကြတယ်။
သူ့နံဘေးမှာတော့
ကမ္ဘာကြီးဟာ နိမ့်လိုက်၊
မြင့်လိုက်။
သူ့ခေါင်းရင်းကို ရောက်လိုက်၊
သူ့ခြေရင်းကို ရောက်လိုက်။
မီးတောင်သေတစ်ခုဟာ အသံမဲ့
အော်ဟစ်လျက်။
သွေးအလိမ်းလိမ်းလူးနေတဲ့
သန္ဓေသားတစ်ခုဟာလည်း မပီမသ ငြီးတွားလျက်။
မျက်နှာလွှဲထားတဲ့ ကောင်းကင်မှာ
ပူပေါင်းတွေဟာလည်း ပေါက်ကွဲလျက်။
နေရောင်ခြည်ကတော့
တဏှာရာဂကြီးထန်နေတဲ့
ယောက်ျားတစ်ယောက်ရဲ့ အင်္ဂါလို
သူ့နောက်ကျောကို မာကျောတောင့်တင်းစွာ
အတင်းထိုးဖြာနေလေရဲ့။
သူ့အရိပ်ကတော့ ဘယ်နားမှာများ
ကျ…ကျ……နေပါလိမ့်။
ရှိန်ဝါ
1.1.2014
No comments:
Post a Comment