ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Tuesday, December 22, 2015

တကြောင်းကဗျာများ (၁-၇)

(၁) ဧရာဝတီ
ခဏခဏဗိုက်ကြီးတဲ့ အမျိုးသမီးလှလှ။

(၂) ဘဝလမ်းလျောက်ခြင်း
ဒါပေမယ့် ပြေးလွှားခြေရာတိုင်းဟာ အမှားလက္ခဏာ။

(၃) တပည့်မကောင်း ဆရာခေါင်း
လုပ်ငန်းခွင်အန္တရာယ်ရှိသည်။

(၄) စာကြည့်တိုက်
စာအုပ်ပုံကိုကန်ထုတ်ပြီး ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေခြင်း။

(၅) သမိုင်း
မေးရိုးတွေမျိုးစုံ တင်ဆောင်လာတဲ့ ကားကြီး။

(၆) ဘာသာရေး
လက်ခုပ်ထဲက ငှက်။

(၇) တကြောင်းကဗျာ
ထိုင်ခုံပေါ်က ဖိနပ်။

ရှိန်ဝါ
၂၀၁၅ ဒီဇင်ဘာ

ပြောင်းလဲပါ သို့သော် မပြောင်းလဲရ

ဟိုဟာမဟုတ်ရင် ဒီဟာလား။
ဟိုဖက်လည်းမဟုတ် ဒီဖက်လည်းမဟုတ်လား။
နှစ်ခုစလုံးလား။ နှစ်ဦးစလုံးဟာ
နေသည်၊ နေခဲ့ပြီလား။
ပြီးပြီ၊ ပြီးခဲ့ပြီလား။
အဲဒီလိုလုပ်တာ/အဲဒီလိုဖြစ်တာ အဲဒီဟာ/အဲဒီလူပေါ့။
ကြားက ဆက်စပ်နာမ်စားတွေကို ထုတ်ပယ်လိုက်။ … ဖို့/ရန်။
လုပ်ကောင်းလုပ်နိုင်တယ်။ သာမက။
လုပ်သင့်တယ်။ လည်းပဲ။
လုပ်နိုင်တယ်။ အားဖြင့်။ လုပ်ကိုလုပ်ရမယ်ပေါ့။
ဟိုဟာလိုပါပဲ။
ဒီဟာလောက်လည်း မဟုတ်ဘဲနဲ့။
ဝိသေသနလေလေ ဝိသေသနလေလေဖြစ်နေတယ်။
တဖြစ်လည်း ထပ်လောင်းဖြည့်စွက်နာမ်များ။ လွန်းသောကြောင့်။
ဖြစ်တော့မယ် လုပ်တော့မယ် တွေးတော့မယ်။
အဆင်သင့်ဖြစ်နေလောက်ပြီ။ ဖြစ်သောအခါ။
ညွှန်ကြားချက်များအတိုင်း ပြန်ရေးပါ။
သို့မှသာ ……..။
ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့။

(ပထမနှစ်၊ ဒုတိယနှစ် Minor အင်္ဂလိပ်စာသင်ရိုးမှ (Grammar) Patterns/Constructions/Transformations တို့ကို ပေါင်းစည်း၍ ကဗျာပြုလုပ်သည်။)

ရှိန်ဝါ
၂၀၁၅ နိုဝင်ဘာ ၂၅

Sunday, December 13, 2015

Shoes in the Chair

လက်သည်းညှပ်စတွေ သိမ်းထားတာ နို့မှုန့်ဗူးတဗူးစာအပြည့်
အရွက်တွေကြွေနေတဲ့ သစ်ပင်အောက်
ငါ အထီးမကျန်ဘူးဟေ့ လို့ သွားသွားအော်ရတယ်
အဝိုင်းတီဗီထဲ တရှဲရှဲမြည်နေတဲ့ လိုင်းနံပါတ် 1

ငါဟာ လွတ်လွတ်လပ်လပ်ဝမ်းချုပ်နေတယ်

တဆွေလုံး တမျိုးလုံးရဲ့နာမည်တွေကို
တကိုယ်လုံးအနှံ့ တက်တူးထိုးပြီးနောက်
ဝဋ်/ဝတ္တရားကျေ သက်တံ့ပုံတွေဝေမယ်
ဖြောင့်တန်းနေတဲ့ လမ်းမတွေဆိုရင်
လျှာထုတ်ပြလိုက်တယ် ရှည်ရှည်
ဘုရားဖူးသွားဖို့စုထားတဲ့ ပိုက်ဆံတွေကိုတော့
ဘုရားမသိခင် ငါ မူး၊ယစ်၊သောက်၊စားပစ်လိုက်တယ်။

ရှိန်ဝါ
၂၀၁၅ ဒီဇင်ဘာ ၁၃


Tuesday, December 8, 2015

စုံထောက်ဝတ္ထုတို မှောက်မှားမှု

စုံထောက်ဝတ္ထုတို
 =========
ငါ့ဆီကို ငါမသိတဲ့သူစိမ်းတယောက်က နေ့တိုင်းစာတွေပို့တယ်။ ငါမသိတဲ့လိပ်စာတခုခုကို စာတွေပို့ဖို့အကြောင်းပဲ။ စာပါအကြောင်းအရာကလည်း ရေးချင်ရာရေးစာတွေပို့ခိုင်းဖို့ပဲ။ ဘာ့ကြောင့်ရယ်မသိ ငါလိုက်နာမိတယ်။ ငါ့လိုလူတွေများလာတဲ့အခါ တမြို့လုံးမှာ စာပုပ်နံ့တွေထောင်းထောင်းထလို့။ နောက်ပိုင်း ရဲမျိုးစုံဟာ ဒီအမှုကို လိုက်လံစုံစမ်းကြတယ်။ ငါကလည်း ရဲတယောက်ဖြစ်နေတော့ ဒီအမှုကို လိုက်လံစုံစမ်းရတယ်။

ရှိန်ဝါ
၂၀၁၅ ဒီဇင်ဘာ ၆


မှောက်မှားမှု
=======

သူ့အတွက် ခက်ခဲနေတာက
စတီယာတိုင်ပေါ်က လက်ကိုဖယ်လိုက်ဖို့ပဲ။ အခက်ဆုံးကတော့
ကားပေါ်ကဆင်းပြီး ဘီးကိုချွတ်လဲပစ်ဖို့ပဲ။ အလုပ်ချင်ဆုံးကတော့
မောင်းထွက်သွားဖို့ပဲ။ ဘယ်ကိုများ ရောက်လေမလဲ။
လမ်းဘေးကို ထိုးကျသွားတဲ့ကား။
သစ်ပင်ကိုပြေးဆောင့်တယ်။
ခြောက်သယောင်းသေဆုံးပြီးသား သစ်ပင်။ အမြစ်တွေ
သူ့လည်ပင်းက ထိုးထွက်လာတယ်။
လူတွေ ဝိုင်းအုံလာကြည့်ကြတယ်။
ဘယ်သူမှ
သူ့လောက်တော့ စိတ်ဝင်စားမှာမဟုတ်ဘူး။

ရှိန်ဝါ
၂၀၁၅ ဒီဇင်ဘာ ၁၅

(Big Fish) အတုအယောင်ဆိုတာဟာ အစစ်အမှန်တည်ရှိနေပါတယ်

တကယ်တော့ ဘဝမှာ အတုအယောင်ဆိုတာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအတုအယောင်ကို ကျွန်တော်တို့ဟာ စိတ်ပိုင်းအရရော၊ ရုပ်ပိုင်းအရပါ တကယ်အားစိုက်တည်ဆောက်ခဲ့လို့ပါပဲ။ သုခဘုံဆိုတဲ့ နေရာကိုလည်း ကျွန်တော်တို့ရဲ့ အကောင်းဆုံးစိတ်ကူးတွေနဲ့ ဖန်တီးတည်ဆောက်ခဲ့ကြတာပါ။ ဟုတ်ဟောင်ထင်မှုဆိုတာလည်း ကျွန်တော်တို့ရဲ့ စိတ်ကပဲ စစ်စစ်မှန်မှန်တည်ဆောက်ထားတဲ့ အရာပါ။ ပလေတိုရဲ့ မီးလင်းဖိုမီးရောင်ကအရိပ်တွေ ဂူနံရံမှာ ထင်ဟပ်နေတယ်ဆိုတာလည်း အစစ်အမှန်ပါပဲ။ မီးဟာ တည်ရှိခဲ့သလိုပဲ အရိပ်ဟာလည်း တကယ်တည်ရှိခဲ့ပါတယ်။ ဒါဆိုရင် အတုအယောင်ဆိုတာ ဘာများပါလိမ့်။ ဘာကို အတုအယောင်လို့ ခေါ်တာပါလိမ့်။ ပျော်ရွှင်မှုမှာရော အတုအယောင်ဆိုတာ တကယ်ရှိသလား။ ရယ်မောခြင်းကုထုံးတွေထဲကလို စိတ်မပါဘဲ ရီရင်းရီရင်းနဲ့ တကယ်စိတ်ပါလာပြီး ရီမိတာမျိုးလား။

အဲဒီမေးခွန်းတွေကို အကောင်းဆုံးအဖြေပေးသွားတဲ့ ရုပ်ရှင်ကားကတော့  ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ တင်ဘာတန် (Tim Burton) ရဲ့ Big Fish ဆိုတဲ့ ရုပ်ရှင်ကားပါပဲ။ တင်မ်ရဲ့ အကောင်းဆုံးလက်ရာလို့လည်း ပြောကြပါတယ်။ အစပိုင်းကတော့ ဒီကားကို Stephen Spielberg က Minority Report ရိုက်အပြီးမှာ ရိုက်ဖို့ပါ။ နောက်ပိုင်းမှာ သူ့စိတ်ကြိုက်ခေါင်းဆောင်မင်းသား ရှာမရလို့ Catch me If U can ကိုပဲ အားစိုက်ရိုက်ကူးခဲ့ပါတယ်။ မူရင်းက  ၁၉၉၈ထုတ် Daniel Wallace ရဲ့ Big Fish စာအုပ်ပါပဲ။ ဒီစာအုပ်ကို   ဇာတ်ညွှန်းဆရာ ဂျွန်အောဂတ်စ်က ခြောက်လလောက်ဖတ်ပြီး ဇာတ်ညွှန်းရေးခွဲခဲ့တာပါ။ အဓိကဇာတ်ဆောင် အက်ဒွပ်နေရာမှာ လူငယ်ဘဝကို သရုပ်ဆောင်တဲ့ Ewan McGregor ရော လူကြီးဘဝကို သရုပ်ဆောင်တဲ့ Albert Finney ရော တကယ့်ကို ဇာတ်ကားနဲ့ လိုက်ဖက် သရုပ်ဆောင်နေတယ်လို့ကို မထင်လောက်တော့အောင် ကောင်းလွန်းပါတယ်။ Albert ဆို အော်စကာဆန်ကာတင်စာရင်းတောင် ဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပြန်ရေးပြရရင် ရေးပြစရာအချက်အလက်အရမ်းများလွန်းတဲ့အတွက် အလွန်ရှည်လျားသွားပါလိမ့်တယ်။ ဒါ့ကြောင့် အတိုချုံးပဲပြောပါရစေ။ သားဖြစ်သူဝီလ်ဟာ အဖေဖြစ်သူ အက်ဒွပ်ရဲ့ အလွန်အကျွံချဲ့ကားထားတဲ့ လုပ်ကြံဇာတ်လမ်းတွေကို ငြီးငွေ့နေပါပြီ။ ပတ်ဝန်းကျင်မှာလည်း အရှက်ရနေပါပြီ။ အဲဒီမှာ ရှေ့နေလည်းဖြစ်တဲ့ သားဖြစ်သူဟာ သူ့အဖေရဲ့ဇာတ်လမ်းတွေမှာ ဘယ်ဟာက ဟုတ်မှန်ပြီး ဘယ်ဟာက လိမ်ညာထားသလဲဆိုတဲ့ အမှန်တရားကို လိုက်လံရှာဖွေတဲ့အကြောင်းပါပဲ။

သူကိုယ်တိုင်ပြောပြချက်အရ အဖေဖြစ်သူအက်ဒွပ်ရဲ့ ဘဝဇာတ်ကြောင်းကတော့ တကယ့်လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ မွေးစမှ အခု ကင်ဆာရောဂါနဲ့ အိပ်ရာထဲလဲတဲ့ အထိ အဖြစ်အပျက်မှန်သမျှဟာ အဆန်းတကြယ်ချည်းပါပဲ။ ငယ်ဘဝမှာ သာမန်ကလေးတွေထက် ကြီးထွားနှုန်းမြန်လွန်းတဲ့အတွက် အိပ်ရာထဲ သုံးနှစ်လောက်နေခဲ့ရပါတယ်။ အထက်တန်းကျောင်းရောက်တော့ သူဟာ တကယ့်လူကြီးအရွယ်အစားရောက်နေပါပြီ။  ငယ်ဘဝမှာ ကိုယ်ဘယ်လိုနည်းနဲ့ သေဆုံးရမယ်ဆိုတာကို ကြည့်လို့ရတဲ့ ဖန်လုံးပိုင်ရှင် မှော်ဆရာမနဲ့တွေ့ခဲ့တယ်။ သာမန်လူထက် ငါးဆလောက်ပိုကြီးတဲ့ လူ့ဘီလူးကြီးနဲ့ လူငယ်စွန့်စားခန်းဆန်ဆန် တွေ့ခဲ့တယ်။ အိပ်မက်ကမ္ဘာလိုလို မြို့တမြို့ကိုရောက်ဖူးခဲ့တယ်။ မြန်မာဆန်ဆန်ဆိုရင်တော့ ကျတ်ရွာဆန်ဆန်ပါပဲ။ အဲဒီမှာ အိပ်စားကာမ ပျော်ပါးကခုန်ကြတာတွေချည်းပါပဲ။ ရေသူမလည်းရှိပါတယ်။ တခုပဲ ဖိနပ်မစီးရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာလေးကို ရောက်ပြီးရင် ဘယ်သူမှ ပြန်စရာမလိုတော့၊ မပြန်ကြလို့၊ မပြန်စေချင်လို့တဲ့။   အက်ဒွပ်ကတော့ ရအောင် ပြန်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး လူ့ဘီလူးကြီးကို ဆပ်ကပ်တခုမှာ အလုပ်သွင်းပေးနိုင်ခဲ့တယ်။ အဲဒီဆပ်ကပ်ရဲ့ ပွဲတခုမှာပဲ သူ့ဘဝရဲ့အချစ်ဖြစ်တဲ့ သူ့မိန်းမ ဆန်ဒရာ (ဝီလ်ရဲ့ အမေ)ကို တွေ့ခဲ့တယ်။ သူ့ချစ်သူရဲ့ နာမည်လေးသိရဖို့ အရေးတောင် သုံးနှစ်လောက် ထမင်းစားကျွန်ခံအလုပ်လုပ်ခဲ့ရတယ်။ အဲဒီသုံးနှစ်လောက်ကုန်တော့မှပဲ ဆပ်ကပ်ပိုင်ရှင်ဟာ သမန်းခွေးတကောင်ဖြစ်နေတာကိုသိပြီး အဲဒီလျှို့ဝှက်ချက်မပေါ်ဖို့အတွက် သူ့ကို ကောင်မလေးနာမည်နဲ့ ကျောင်းအကြောင်းပြောပြပါတော့တယ်။ အဲဒီမှာလဲ အက်ဒွပ်ဟာ အစွမ်းကုန်ချစ်ရေးဆိုပြီး သူချစ်တဲ့သူကို ရအောင်ယူနိုင်ခဲ့တယ်။ တကယ့်အဆုံးစွန် ရိုမန်တစ်ဆန်ဆန်တွေလည်း ပါတာပေါ့။ ဒါပေမယ့် ဆန်ဒရာနဲ့ အဆင်ပြေနေတုန်းမှာပဲ စစ်ထဲလိုက်ပါသွားခဲ့ရတယ်။ မြောက်ကိုးရီးယားကို ရောက်ခဲ့တယ်။ ရင်ချင်းဆက်အြ့မွှာညီအစ်မနှစ်ယောက်က ကူညီလို့ စစ်ဆင်ရေးအောင်မြင်ပြီး အိမ်ပြန်လာနိုင်ခဲ့တယ်။ သေပြီလို့ စစ်တပ်ကကြေငြာပြီးတော့မှသာ ပုံပြင်ဆန်ဆန် ချစ်သူဆီအရောက်ပြန်လာနိုင်ခဲ့တာပါ။ ပြန်ရောက်ပြီး နယ်လှည့်အရောင်းသမားလုပ်ပါတယ်။ အဲဒီမှာပဲ ဟို ကျတ်မြို့တုန်းကတွေ့ခဲ့ဖူးတဲ့ ကဗျာဆရာနဲ့ ပြန်တွေ့ပြီး ဘဏ်ဓါးပြတိုက်တယ်။ ကဗျာဆရာကတော့ အဲဒီငွေတွေနဲ့ ဝေါလ်စထရိမှာ အလုပ်လုပ်နိုင်သွားတယ်။ အဆင်ပြေတော့ အက်ဒွပ်ကို အိမ်လေးဝယ်နိုင်အောင် ငွေပေးပါတယ်။ သူ့သားလေးမွေးလာတော့လည်း သူ့သားလေးရဲ့ အမေ့ဝမ်းကကျွတ်ပုံဟာ ဆန်းကြယ်ချက်။ အမေ့ဝမ်းကနေ ဗြွတ်ကနဲထွက်သွားတာ ကိုက်သုံးဆယ်လောက်အထိ ပြေးဆိုပဲ။ သူ့ဇာတ်လမ်းထဲမှာ ပါတာနော်။ အဲဒီလို သူ့သားလေးဝီလ်မွေးမယ့်နေ့မှာပဲ သူဟာ ဘယ်သူမှ ဖမ်းမမိနိုင်တဲ့ ငါးကြီးတကောင်ကို သူ့ရဲ့မင်္ဂလာလက်စွပ်ကို ငါးစာအဖြစ်အသုံးပြုပြီး မျှားနိုင်ခဲ့တယ်။ သူ့ဘဝရဲ့ အဖြစ်ချင်ဆုံးအိပ်မက်ကတော့ အဲလို မြစ်၊ ချောင်းထဲမှာ ငါးကြီး အကြီးကြီးတကောင်ဖြစ်ချင်တာပါပဲ။
         
သားဖြစ်သူမပြောနဲ့ ကျွန်တော်တို့ ကြည့်သူတွေလည်း ရုပ်ရှင်မို့လို့သာ ကြည့်ကောင်းနေတာပါ။ တကယ့်ပြင်ပဘဝမှာဆိုရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။ အဲဒီမှာတင် သားဖြစ်သူက အမှန်တရားကို သိရအောင် ရှာပါတယ်။ မရှာခင် သူ့အမေကို အရင်မေးပါတယ်။ ပရိသတ်ထောက်မှာစိုးလို့ထင်ပါရဲ့။ ဇာတ်ညွှန်းကောင်းချက်က။ သူ့အမေဖြစ်သူက သူ့ယောက်ျားရဲ့ ဇာတ်လမ်းတွေဟာ တကယ်ဟုတ်၊ မဟုတ် မဖြေပါဘူး။ သြော် သူပြောတာ အကုန် အမှားချည်းပဲလို့ မင်း မထင်နဲ့ တဲ့။ ဒါလေးပဲ ပြောပါတယ်။ အဲဒီမှာတင် သားဖြစ်သူ ရှာဖွေရင်း သွားတွေ့တာက ကျတ်မြို့က ၈နှစ်အရွယ် သူ့အဖေကို ချစ်လို့ ပြန်လာခဲ့ပါဆိုတဲ့ ကောင်မလေးပါပဲ။ အခုတော့ အဒေါ်ကြီးဖြစ်နေပြီပေါ့။ သူမပြောတာက နင့်အဖေဟာ တမြို့လုံး ဒေဝါလီခံရတော့မယ့် အခြေအနေကို ကယ်တင်ခဲ့တယ်တဲ့။ ငါတို့ တမြို့လုံးကိုလည်း အိမ်တွေပြန်ဆောက်ပေးခဲ့တယ်တဲ့။ ငါ့အိမ်လည်း ပါတယ်တဲ့။ ငါလည်း သူ့ကို သိပ်ချစ်လို့ ဖြားယောင်းခဲ့သေးတယ်တဲ့။ ဒါပေမယ့် နင့်အဖေဟာ နင့်အမေအပေါ် တကယ်သစ္စာရှိတယ်တဲ့။ သူ့ဘဝမှာ မိန်းမနှစ်မျိုးပဲရှိတယ်တဲ့။ အဲဒါကတော့ သူ့မိန်းမ နဲ့ သူ့မိန်းမမဟုတ်တဲ့သူတွေပဲတဲ့။ အဲလို ပြန်ပြောရှာတယ်။ အချက်အလက်လေးနည်းနည်းလောက်ပဲ သူသိခဲ့ရပါတယ်။
         
သူအိမ်ပြန်ရောက်တော့ သူ့အဖေ ဆေးရုံရောက်နေပါပြီ။ နောက်ဆုံးအချိန်ပါ။ အဲဒီဆေးရုံမှာပဲ သူ့အဖေဇာတ်လမ်းတွေ မမှန်ဘူးလို့ ပြောနိုင်ဖို့ အစလေးတစ်စကို သူသိခဲ့ရတယ်။ အဲဒါကတော့ သူ့ကိုမွေးပေးခဲ့တဲ့ ဆရာဝန်ကပြောတာပါ။ သူ့ကိုမွေးတုန်းက ဘာထူးခြားမှုမှ မဖြစ်ခဲ့ဘူးဆိုတဲ့ အချက်လေးတချက်ပါပဲ။ သူ့အဖေရဲ့ နောက်ဆုံးအချိန်မှာတော့ သားအဖနှစ်ယောက်ချစ်ခြင်းမေတ္တာအပိုင်းစပါတယ်။ သူ တောင့်မခံနိုင်တော့ပါဘူး။ သူ ရွံ့မုန်းတဲ့ မယုံကြည်တဲ့ သူ့အဖေရဲ့ ဇာတ်လမ်းတွေကိုပဲ အကောင်းဆုံး စိတ်ကူးယဉ်ဆန်ဆန် အဆုံးသတ်လေးအဖြစ် သူကိုယ်တိုင် သူ့အဖေကို ပြန်ပြောပြပါတော့တယ်။ သေခါနီး နောက်ဆုံးအချိန်မှာ သူ့အဖေကို သူကိုယ်တိုင် မြစ်ထဲခေါ်သွားပြီး အဖေဟာ ရေထဲမှာ ငါးလှလှကြီးတကောင်အဖြစ် အသွင်ပြောင်းရှင်သန်သွားတယ်တဲ့။

သူ့အဖေရဲ့ အသုဘမှာတော့ အံသြစရာတွေနဲ့ တွေ့ကြုံရပါပြီ။ သူ့အဖေရဲ့ လန်ကြုပ်ဇာတ်လမ်းထဲကလူတွေ အကုန်လုံးလိုလို သူ့အဖေရဲ့ ဈာပနကို လာတတ်ပါတယ်။ ဒါပေမယ့် သူ့အဖေပြောခဲ့တဲ့ အချက်အလက်တွေနဲ့တော့ နည်းနည်းလေးပဲ ကွဲလွဲနေပါတယ်။ အမြွှာညီအစ်မက တကယ်ရှိပါတယ်။ ဒါပေမယ့် ရင်ချင်းဆက်တော့ မဟုတ်ပါဘူး။ လူ့ဘီလူးကြီးလည်း ရှိပါတယ်။ ဒါပေမယ့် သူ့အဖေပြောသလောက်တော့ မကြီးပါဘူး။ သူ သဘောပေါက်နားလည်သွားပါတယ်။ ဇာတ်ကားလေးရဲ့ အဆုံးသတ်ကတော့ နောက်ပိုင်း ဝီလ်ကိုယ်တိုင် သူ့အဖေရဲ့ဇာတ်လမ်းတွေကို အဆုံးသတ်ပျောက်ကွယ်မသွားစေချင်တဲ့အတွက် သူ့သားလေးကို အဲဒီဇာတ်လမ်းတွေ ပြန်ပြောပြနေတဲ့မြင်ကွင်းလေးပါပဲ။ ဇာတ်ကား အဆုံးသတ်ပြီးနောက်ပိုင်းမှာ ကြည့်သူ ကျွန်တော်တို့ရဲ့ဇာတ်လမ်းစပါတယ်။

အက်ဒွပ်ရဲ့ အဲဒီလို အချက်အလက်အမှန်ပေါ် ဆင့်ပွားပြီး ကွန့်ညွှန့်ထားတဲ့ ဇာတ်လမ်းတွေ အကုန်လုံးဟာ သာယာနာပျော်ဖွယ်အဆုံးသတ် Happy Ending ကြီးပါပဲ။ ဒါဟာ အိပ်ရာဝင်ပုံပြင်တွေကိုလည်း သတိရစေပါတယ်။ လူသားတိုင်းဟာ ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်ကို လိုချင်တာကြပဲမလား။ တကယ်လို့ မရရင်ရော။ မရရင်လည်း အက်ဒွပ်လို ဖန်တီးလို့ မရဘူးလား။ အက်ဒွပ်လို ဖန်တီးပြီးရော တကယ့်အစစ်အမှန်လို သဘောထားပြီး မနေနိုင်ကြဘူးလား။ အလှဆိုတာ ကြည့်သူအပေါ်မှာ မူတည်နေသလိုမျိုး ပျော်ရွှင်မှုဆိုတာလည်း ခံယူသာအပေါ်မှာသာ မူတည်နေတာမဟုတ်ဘူးလား။ ဒါပေမယ့် လူတိုင်းကရော အက်ဒွပ်လို ဖန်တီးမှုပါရမီရှိပါ့မလား။ ကိုယ်ဖန်တီးလိုက်တဲ့ဇာတ်လမ်းကို ကိုယ်ကိုယ်တိုင်နှစ်နှစ်ကာကာ ပြန်ယုံကြည်တဲ့အထိ စိတ်ဓါတ်ရင့်သန်နိုင်ပါ့မလား။ သေချာတာကတော့ အက်ဒွပ်ဟာ သူ့ဘဝတလျောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကုန်လုံးကို သူလိုချင်တဲ့ပုံစံအဖြစ် ဖန်တီးနိုင်ပြီး သူ့မှတ်ဥာဏ်ထဲမှာ ထည့်ထားနိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့ရော အက်ဒွပ်လို လုပ်နိုင်ပါ့မလား။ လုပ်သင့်ရဲ့လား။ လုပ်လိုက်ရင်ရော။

ဇာတ်ကားထဲမှာ ပြမသွားပေမယ့်လည်း ရုပ်ရှင်ကြည့်သူမှန်းဆ ကောက်ချက်ချလို့ရတာကတော့ အက်ဒွပ်ငယ်စဉ်က သုံးနှစ်လောက် အိပ်ရာထဲလဲခဲ့ရတာက အမှန်ဖြစ်ပြီး ကြီးထွားနှုန်းမြန်ဆန်သန်မာမှုအဖြစ်ကိုတော့ အက်ဒွပ်က ပုံပြောင်းလိုက်ပုံရပါတယ်။ လူငယ်တိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ စွန့်စားလိုစိတ်ကိုတော့ လူ့ဘီလူးကြီးသွားရောက်တိုက်ခိုက်ဖို့ သူကိုယ်တိုင် စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ပုံစံအဖြစ် ပြောင်းလဲခဲ့ပြန်တယ်။ သူ ဘီလူးကြီးကိုသွားတိုက်တော့ သူတို့တမြို့လုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရတဲ့ လူ့ဘီလူးကြီးဟာ သနားစရာကြီးဖြစ်နေပါတယ်။ သူ့ခန္ဓာကိုယ်နဲ့ လိုက်အောင် မစားနိုင်တဲ့အတွက် ငတ်နေရလို့ သနားဖို့ သိပ်ကောင်းနေပါတယ်။ ပြင်ပကမ္ဘာမှာရော အဲဒီလို ကျွန်တော်တို့ ဘီလူးကြီးတမျှကြောက်နေရတဲ့သူတွေက သနားစရာ အငတ်ကောင်လေးတွေဖြစ်နေနိုင်ပါတယ်။ စားစရာ ဒါမှမဟုတ် မေတ္တာ တခုခုပေါ့လေ။ ဒီမှာလည်း အက်ဒွပ်ရဲ့ စိတ်ကူးက မရပ်သေးပါဘူး။ ကျတ်ရွာဆန်ဆန် မြို့ကိုရောက်သွားပြန်ပါတယ်။ လူငယ်ဆန်ဆန် စွန့်စားလိုစိတ်၊ အသစ်အဆန်းမက်မောစိတ်၊ စိတ်ကူးယဉ်ဆန်မှုတွေကို ကျတ်ရွာဆန်ဆန် မြိှု့နဲ့ ပြပြန်ပါတယ်။ ဇာတ်ကားကြည့်ပြီး ကျွန်တော်တို့ ကောက်ချက်ချနိုင်တာက မြို့တမြို့ကို တကယ်ရောက်ခဲ့တာပါပဲ။ ဒါပေမယ့် သူပြောသလိုတော့ နတ်ဘုံနတ်နန်းဆန်ဆန် မဟုတ်လောက်ပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ မြို့လေးတမြို့ဖြစ်နိုင်ပါတယ်။ နောက်ပိုင်း ဒေဝါလီတောင် ခံရတယ်ဆိုတာကိုး။ အဲဒါကိုလည်း အက်ဒွပ်ဟာ သာယာနာပျော်ဖွယ်ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒီလိုပဲ သူ့မိန်းမ ဆန်ဒရာကို တွေ့တဲ့ပုံကိုလည်း သူဟာ တကယ့်ထူးခြားဆန်းပြားစွာ ချစ်စဖွယ်ကောင်းအောင် မှတ်ဥာဏ်ထဲ ထည့်ထားပါတယ်။ တကယ်အစစ်အမှန်မဟုတ်လောက်ပေမယ့် ကိုယ့်ချစ်သူကို လူတိုင်းဟာ ဒီလိုနည်းနဲ့ ရချင်ကြတာချည်းပါပဲ။ မင်းအမေကို ငါတော့ ဘယ်လိုခက်ခက်ခဲခဲလိုက်ခဲ့ရတာကွ လို့ အဖေတိုင်းလိုလို သူ့သားသမီးတွေကို ပြောချင်ကြပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အက်ဒွပ်ရဲ့ စိတ်ကူးပါပဲ။

နောက်ပြီး ထပ်မံကောက်ချက်ဆွဲ စဉ်းစားကြည့်လို့ရတာတွေလည်း ရှိပါသေးတယ်။ မသတီစရာ စက်ဆုပ်စရာဖြစ်စေမှာသေချာတဲ့ ကိုရီးယားစစ်ပွဲမှာ သူသွားရောက်တိုက်ခိုက်ခဲ့ပုံကိုလည်း အခြားသာမန်လူတွေလို ရုန့်ရင်းကြမ်းတမ်းမှုတွေကိုပဲ မှတ်ဥာဏ်ထဲထည့်ခြင်းမျိုးမဟုတ်ဘဲ ရယ်မောစရာ ထူးဆန်းဖွယ်ရာ ရင်ချင်းဆက်အမြွှာညီအစ်မနဲ့ သူအစာသွပ်နိုင်ခဲ့ပါတယ်။ အိမ်ဝယ်ဖို့ ငွေကြေးအကူအညီရယူခဲ့တာ ဖြစ်နိုင်လောက်တာကိုလည်း ဘဏ်ကိုဓါးပြတိုက်ဖူးလို့ ကျေးဇူးဆပ်တယ်လို့ ပြောတာဖြစ်နိုင်ပါတယ်။ အက်ဒွပ်ဟာ သူတွေ့ကြုံခဲ့ရတဲ့ ဝမ်းနည်းနာကျင်စရာ အဖြစ်အပျက်တွေအားလုံးကို သာယာချမ်းမြေ့ဖွယ်အဖြစ်၊ ပျင်းရိစရာကောင်းတဲ့ အဖြစ်တွေကို ထူးဆန်းအံသြဖွယ်ရာအဖြစ် ပြောင်းလဲပစ်ပါတယ်။ ဒီနေရာမှာ လူမှုရေး ဆရာကြီးဖြစ်တဲ့ ဒေးကာနက်ဂျီရဲ့ လူတွေဟာ ကိုယ်တည်ဆောက်ထားတဲ့ပုံစံနဲ့သာ ကိုယ်နေကြဆိုတဲ့ စကားအတိုင်းပါပဲ။ ငါကတော့ ဒါမျိုးဆို မခံဘူးကွ။ ငါ့ကို ဒါမျိုးလာလုပ်လို့ကတော့ သေသွားမယ် ဘာညာစသဖြင့် တည်ဆောက်ပုံမျိုးထက် အက်ဒွပ်လိုတည်ဆောက်ပြီး နေထိုင်တာက ပိုမကောင်းဘူးလား။

နောက်ထပ်စဉ်းစားစရာက သားဖြစ်သူဝီလ်ဟာ သူ့အဖေကို ဇာတ်ကားအဆုံးမှာ နားလည်သွားတဲ့ပုံပါပဲ။ သူ ဘာကိုနားလည်သွားတာလဲ။ သူ့အဖေရဲ့ ဖြစ်ရပ်မှန်အနည်းငယ်အပေါ်အခြေခံပြီး စိတ်ကူးဥာဏ်ကွန့်မြူးထပ်လောင်း ဖြည့်စွက်ပြုပြင်ဖန်တီးခြင်းကို ခွင့်လွှတ်လိုက်တာလား။ နားလည်ပေးလိုက်တာလား။ ဇာတ်ကားကပြသွားတာကတော့ နားလည်ပေးနိုင်ရုံတင်မက သူကိုယ်တိုင် ဒီလို ထွင်လုံးတွေကို ချစ်ခင်သွားတာကိုပါ ပြပါတယ်။ သူဟာ အစက သားအဖနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒီလိုအပိုတန်ဆာဆင်မှုတွေမပါဘဲလည်း တည်ဆောက်လို့ရကြောင်းပြချင်ပုံပါပဲ။ ဒါပေမယ့် အဲဒီလို အပိုတန်ဆာဆင်မှုတွေ မလိုအပ်တဲ့ ချစ်ခြင်းမေတ္တာတွေမှာရော ဒီလို စိတ်ကူးယဉ်အရသာလေးတွေ ထပ်လောင်းဖြည့်စွက်လို့ မရဘူးလား။ ဒီလိုထပ်လောင်းဖြည့်စွက်လိုက်ရင် ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်အရာက ပိုများမှာလဲ။ အပိုတန်ဆာဆင်မှုတွေဟာ တကယ်ပဲ လူ့လောကကြီးမှာ မလိုအပ်တော့ဘူးလား။

ရပ်ဆဲလ်ခရိုးပါဝင်သရုပ်ဆောင်ထားတဲ့ A Beautiful Mind ဆိုတဲ့ ဇာတ်ကားထဲက  Game Theory သင်္ချာပညာရှင် ဂျွန်နက်ရှ်ရဲ့ ထင်ယောင်ထင်မှားဖြစ်မှုနဲ့လည်း အနည်းငယ်ဆင်တူပါတယ်။ အဲဒီကားထဲမှာ ဂျွန်နက်ရှ်ဟာလည်း မသိစိတ်ကသော်လည်းကောင်း၊ သိသိနဲ့သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ ဝေဒနာတခုအနေနဲ့ အစစ်အမှန်မဟုတ်တဲ့ လူသုံးယောက်ကို သူ့စိတ်ကူးနဲ့ ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ဂျွန်နက်ရှ်အတွက်တော့ သူဖန်တီးတဲ့ဇာတ်ကောင်တွေဟာ သူ့ကို ပြန်လည်ဒုက္ခပေးခဲ့ပါတယ်။ လူ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် မနေနိုင်ခဲ့ပါဘူး။ အက်ဒွပ်နဲ့ ကွာတာကတော့ အဲဒါပါပဲ။ အက်ဒွပ်ကတော့ အဆင်ပြေသာယာအောင် ဇာတ်လမ်းတွေထွင်ခဲ့တာပါ။ ဘယ်သူက ပိုသာတယ်လို့ ငြင်းမရပေမယ့် အက်ဒွပ်ရဲ့နည်းလမ်းကတော့ ပိုအဆင်ပြေတာ သေချာပါတယ်။ တူညီတာတခုက နှစ်ယောက်စလုံးဟာ အဲဒီ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ အတုအယောင် ထင်မြင်ယောင်မှားမှုတွေကို (ဂျွန်နက်ရှ်ကတော့ ကြိုးစားပြီး) လက်ခံလိုက်ကြတာပါပဲ။

ထပ်မံပြီး ကောက်ချက်ချရရင် သူ့သားလေးဝီလ်လူ့လောကထဲရောက်လာမှုဟာ အက်ဒွပ်အတွက်တော့ ကြီးမားတဲ့ အလှည့်အပြောင်းဘဝဖြစ်ရပ်ပါပဲ။ ဒီဖြစ်ရပ်မှန်မှာတင် အက်ဒွပ်က ငြိမ်မနေပြန်ပါဘူး။ ဘယ်သူမှ မဖမ်းနိုင်တဲ့ ငါးကြီးကို စိတ်ကူးနဲ့ ဖမ်းပစ်လိုက်ပြန်ပါတယ်။ ပြသွားတဲ့ နိမိတ်ပုံတွေကလည်း အရမ်းလှပါတယ်။ အဲဒီငါးကြီးကို သူ့လက်ထပ်လက်စွပ်နဲ့ ဖမ်းတာပါ။ သူ့သားလေးရဲ့ မွေးဖွားပုံကို ပိုမိုကြီးကျယ်စေချင်တဲ့အတွက် ကိုက်သုံးဆယ်လောက် ခုန်ထွက်တဲ့အထိ သူတွေးပစ်ပါသေးတယ်။ အဲဒီလို အက်ဒွပ်ပါ။ ရှင်ပြုတုန်းက ရွှေထီးဆောင်း ဆိုတဲ့ သဘောကိုလည်း စိတ်ရွှင်ဖွယ်ကိုလည်း တွေ့ရပါတယ်။ ဒီနေရာမှာသတိရမိတာက စာရေးဆရာမင်းသိင်္ခပါပဲ။ ဆရာကြီးရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှားတို့ကို နည်းမှီအတုယူတဲ့ သူ့ရဲ့ရေးသားချက်တွေကလည်း တကယ့်ကိုချစ်စရာကောင်းပါတယ်။ ရေတွင်းပျက်လေးမှာတခုဟာ တစ်နေရာရာမှာ (ခင်ဗျား ကိုယ်တိုင် အခု သွားကြည့်လို့ရတဲ့နေရာမှာ) တကယ်ရှိပါတယ်။ ဒါပေမယ့် မင်းသိင်္ခရဲ့ ဇာတ်လမ်းထဲမှာတော့ ဒီရေတွင်းလေးဟာ နတ်ရေတွင်းပါ။ ရာဇဝင်တွေနဲ့ ချီပြီး သူဖန်တီးပြပါလိမ့်မယ်။ ခင်ဗျားက ဖတ်ရင်းနဲ့ တကယ်ယုံထင်ကြောင်ထင်ဖြစ်လာနိုင်အောင် သူတကယ်ပဲ ကလောင်နဲ့စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်ကြီးမှာ ဒီလိုလူတွေရှိနေတာဟာ ခင်ဗျားတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေသလား၊ စိတ်ပျော်ရွှင်မှုရစေသလားဆိုတဲ့ မေးခွန်းကို ရာခိုင်နှုန်းချပြီး ဖြေကြည့်ရင် အဖြေကရှင်းပါတယ်။ ထပ်လောင်းပြောရရင် ကဗျာဆရာတွေ၊ ဂီတသမားတွေ၊ အနုပညာရှင်တွေရဲ့ တည်ရှိပုံလိုပါပဲ။ ဘယ်ဘဝ ဘယ်အဖြစ်ကမှ စာထဲကလောက်၊ သီချင်းတပုဒ်ထဲကလောက် မထူးခြား မဆန်းကြယ် မလှပနိုင်ပါဘူး။ ချွင်းချက်အနည်းငယ်ကလွဲလို့ပေါ့။ ဒါပေမယ့် အနုပညာရှင်တွေရဲ့လက်ထဲမှာတော့ ကမ္ဘာကြီးဟာ တကယ်လှနေပါတယ်။ ဆန်းကြယ်နေပါတယ်။ ဖြစ်ရပ်မှန် အမှန်တရားတွေကို ထိပ်တိုက်တွေ့စေတဲ့ အနုပညာရပ်မျိုး၊ ပညာရပ်မျိုးလည်း လိုအပ်သလို ခင်ဗျားကို သုခဘုံဆီ ဆွဲခေါ်နိုင်တဲ့ အနုပညာရှင်မျိုးတွေရော လူ့လောကကြီးမှာ မလိုအပ်တော့ဘူးလား။

ပျော်ရွှင်မှုရဲ့ အနက်အဓိပါယ်ကို ဆက်လက်ဖွင့်ဆိုရရင် ပျော်ရွှင်မှုဆိုတာ ပန်းတိုင်မဟုတ်ပါဘူး။ အခုလုပ်နေတဲ့ အရာပါပဲ။ ပျော်ရွှင်မှုဟာ ချက်ချင်းလက်ငင်းရနေပါတယ်။ သင်စိတ်ကို ဖန်တီးပြုပြင်လိုက်ရုံပါပဲ။ ပျော်ရွှင်မှုဟာ အလှတရားလိုပဲ ခံယူသူအပေါ်မှာသာ မူတည်ပါတယ်။ အက်ဒွပ်လိုလူစားမျိုး ခင်ဗျားဘေးနားရှိနေရင် ခင်ဗျားထမင်းငတ်နေရင်တောင် ခင်ဗျားပျော်ရပါမယ်။ အဲလိုလူနဲ့ ခင်ဗျား နေမလား၊ မနေမလားဆိုတာကတော့ ခင်ဗျားရဲ့ ရွေးချယ်မှုပါပဲ။ အဲဒီလိုပါပဲ။ ပျော်ရွှင်မှုဆိုတာဟာလည်း ခင်ဗျားရဲ့ ရွေးချယ်မှုပါပဲ။

အက်ဒွပ်ဟာ အားလုံးကို အစစ်အမှန်တရားနဲ့ ဝေးကွာသွားအောင် ဖြားယောင်းသွေးဆောင်ခဲ့တာ မဟုတ်ပါဘူး။ လိမ်လည်လှည့်ဖျားခဲ့တာ မဟုတ်ပါဘူး။ ပုံပြင်တွေချည်းပဲ ပြောခဲ့တာမဟုတ်ပါဘူး။ အစစ်အမှန်တရားကို သက်ရှည်ပျော်ရွှင်အောင် ပုံစံပြောင်း သိမ်းဆည်းတတ်ဖို့ နည်းလမ်းပြခဲ့တာပါ။ နောက်ပြီး သူဟာ အခုလို စိတ်ကူးယဉ်မှုတွေကို သူအကျိုးအတွက်ချည်းပဲလုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ချစ်ဇနီးကို ချစ်စိတ်၊ သူ့သားကိုချစ်စိတ်တွေနဲ့ လုပ်ခဲ့တာပါ။ သူကိုယ်တိုင်ငွေကြေးစိုက်ထုတ်ပြီး ဒေဝါလီခံရမယ့် အရေးက ကယ်တင်ခဲ့တဲ့ မြှို့လေးအကြောင်းကိုတောင် သူက စိတ်ကူးယဉ်ဆန်ဆန်ဟာသလေးနှောလို့ ပြုပြင်ဖန်တီး ပေါ့ပါးအောင် လုပ်ခဲ့တာပါ။ နောက်ဆုံးပြောရရင် ခင်ဗျား သေခါနီးမှာ ခင်ဗျားဟာ ခင်ဗျားပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ ပျော်ရွှင်မှုသုခတွေကိုပဲ သတိရချင်သလား၊ ဝမ်းနည်းဖွယ်ရာ နောင်တဒုက္ခဆင်းရဲတွေကိုပဲ သတိရချင်သလား ဆိုတာဟာ ခင်ဗျားရဲ့ ရွေးချယ်မှုပါပဲ။ အက်ဒွပ်ဟာ သူရဲ့သေခြင်းတရားကိုတောင် သူ့ရဲ့စိတ်ကူးယဉ်ဆန်းကြယ်မှုနဲ့ ဆွဲဆန့်ခဲ့ပါတယ်။ ငါက ဒီလိုပုံမျိုးနဲ့ သေမှာ မဟုတ်ဘူး။ ငါ မှော်ဓါတ်လုံးထဲမှာ တွေ့ခဲ့ရတာက ဒါမျိုးမဟုတ်ဘူး စသဖြင့် သတ္တိမွေးပြီး အသက်ကို ဆွဲဆန့်နိုင်ခဲ့ပါတယ်။ အက်ဒွပ်ရဲ့ ပါရမီဟာ ဖန်တီးမှုဆန်းကြယ်ခြင်းတခုမျှသာ မဟုတ်ဘဲ သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ အရာတွေကို သူကိုယ်တိုင်ပဲ နှစ်နှစ်ကာကာယုံကြည်ချက်ထားခြင်းပါ ပါဝင်ပါတယ်။

ဒီနေရာမှာ အခုကျွန်တော်တို့ဆီမှာ ခေတ်စားနေတဲ့ ဂျပန်စာရေးဆရာ မူရာကာမိရဲ့ မှော်ဆန်တဲ့လောကနဲ့ တကယ့်အစစ်အမှန်လောကကို ထွေးရောယှက်တင် ရေးသားပုံနဲ့လည်း နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ မူရာကာမိရဲ့ စာတွေထဲမှာ ဘယ်ဟာက အစစ်အမှန် ဘယ်ဟာက စိတ်ကူးယဉ်ဆန်းကြယ်နယ်ပယ် မကွဲပြားပါဘူး။ ကွဲပြားအောင် မရေးသားထားပါဘူး။ မူရာကာမိရဲ့ ရေးသားပုံနဲ့ အက်ဒွပ်ရဲ့ပုံစံ တူညီတာကတော့ ဘာသာစကားနဲ့ တည်ဆောက်ပြသွားတဲ့ ကမ္ဘာတွေပါပဲ။ မတူတာကတော့ အက်ဒွပ်ရဲ့ တန်ဆာဆင်ဇာတ်လမ်းတွေဟာ မူရာကာမိလို အဖြစ်အပျက်တွေကို ရေးသားပြတာမဟုတ်ဘဲ တကယ့်ကို ဘာသာစကားအားဖြင့် (အာဝဇန်း)သာ ရှိကြောင်း သိသိသာသာ ရေးပြ၊ ရိုက်ပြသွားတာပါပဲ။ ဒါကိုမှ အတုအယောင်တွေပါလို့ ဆက်ပြောနေသေးရင်တော့ လူသားတွေရဲ့ အကြီးကျယ်ဆုံး ဖန်တီးမှုဖြစ်တဲ့ ဘာသာစကားရဲ့ အခန်းကဏကိုပါ ထည့်ပြောရတော့မှာဖြစ်ပါတယ်။

မဖြစ်သာလို့ပဲဖြစ်ဖြစ် ကိုယ်ကတကယ်စိတ်ပါလို့ပဲဖြစ်ဖြစ် အတုအယောင်တခုကို ဖန်တီးလိုက်တယ်ဆိုကြပါစို့။ အဲဒီ အတုအယောင်ကို ယုံကြည်လိုက်ပါ။ အတုအယောင်ဆိုတာ မရှိတော့ပါဘူး။ အတိတ်မှာပဲ အမြဲနေထိုင်နေသူအတွက် အတိတ်ဆိုတာ မရှိတော့သလိုမျိုးပါပဲ။ လောကကြီးမှာ အတုအယောင်ဆိုတာ တကယ်တော့ မရှိပါဘူး။ အချက်အလက်တွေ အခုလို ဗုန်းပေါက်သလို ပေါက်ကွဲနေတဲ့ခေတ်ကြီးမှာ အချက်အလက်ခိုင်မာမှုတွေအပေါ်မှာပဲ အားပြုပြီးတော့ နေထိုင်မလား။ စိတ်ကူးယဉ် (Fantasy World) ထဲမှာ နေထိုင်မလား ဆိုတာကိုသာ ခင်ဗျားရွေးချယ်ပါ။ အတုအယောင်နဲ့ အစစ်အမှန်ဆိုတဲ့ ကြားထဲမှာ မျဉ်းပါးပါးလေးပဲခြားတာပါ။ အလွန်နီးကပ်ပါတယ်။ ခြားထားတဲ့ မျဉ်းကို မြင်အောင်ကြည့်မလား၊ရိုက်ချိုးမလား ဆိုတာကလည်း ခင်ဗျားရဲ့ ရွေးချယ်မှုပါပဲ။ ဒီလိုဇာတ်ကားတွေကို စုပေါင်းကြည့်ရှုရခြင်းဟာ ခင်ဗျားအတွက် ကောင်းကင်ဘုံနဲ့ ပတ်သတ်လို့ အထင်အမြင်အယူအဆတွေကို သေချာပေါက် အကျိုးသက်ရောက်စေမှာပါပဲ။ မက်ခ်ဝဲဘက် ပါဝင်သရုပ်ဆောင်ထားတဲ့ Ted ဆိုတဲ့ ဇာတ်ကားဟာလည်း ဒီအတိုင်းပါပဲ။ ငယ်ဘဝကဝက်ဝံရုပ်လေးဟာ အသက်ဝင်လာပြီး အသက်ကြီးတဲ့အထိ အဖော်အဖြစ် ဆက်ရှိနေသေးတဲ့ အကြောင်းပါပဲ။ အော်စကာဆုရဇာတ်ကားဖြစ်တဲ့ Birdman ကားထဲမှာလည်း လေပေါ်ပျံတဲ့တကွက်ကိုပြပြီးနောက် တက်ခ်စီစီးပြတဲ့ ရိုက်ကွက်ဟာ အစစ်အမှန် နှင့် အတုအယောင် သို့မဟုတ် လက်ရှိကမ္ဘာနှင့် အိပ်မက်ကမ္ဘာအတွက် ထွေးရောယှက်တင် တွေးတောဆင်ခြင်စရာတွေချည်းပါပဲ။ ဒါရိုက်တာ တင်ဘာတန်ရဲ့ နောက်ထပ် Ani Movie တခုဖြစ်တဲ့ The Congress ဆိုတဲ့ကားကိုလည်း ကြည့်သင့်ပါတယ်။ animation ဇာတ်ကောင်အဖြစ်အသွင်ပြောင်းခံလိုက်ရတဲ့ ရုပ်ရှင်မင်းသမီးကြီးတယောက်ရဲ့ တကယ့်ဘဝနဲ့ ကာတွန်းဇာတ်ကောင်ဘဝကို ခွဲခြားမမြင်နိုင်တော့ဘဲ ရောနှောသွားရတဲ့အဖြစ်ကို အမြင်ပိုင်းဆိုင်ရာအရပါ ရောနှောရိုက်ပြထားတဲ့ ဇာတ်ကားကိုလည်း ကြည့်သင့်ပါတယ်။ ဒီ Big Fish ရုပ်ရှင်ကားကို လူ့လောကကြီးကို သရော်တဲ့ သရော်စာဆန်ဆန်အဖြစ်နဲ့လည်း ချဉ်းကပ်လို့ရပါတယ်။ ဘယ်လိုချဉ်းကပ် ချဉ်းကပ် အက်ဒွပ်ရဲ့ စိတ်ကူးဥာဏ်ဆန်းကြယ်မှုကတော့ မေ့မရမှာသေချာပါတယ်။ အတုအယောင်နဲ့ အစစ်အမှန်ဆိုတဲ့ ပြဿနာကို တွေးတောမိစေမှာလည်း သေချာပါတယ်။ တင်ဘာတန်ကတော့ Big Fish ကားနဲ့ ပတ်သတ်ပြီး ဒီလိုပြောပါတယ်။
 “ Big Fish ဟာ ဘာတွေကအစစ်အမှန်ဖြစ်ပြီး ဘာတွေက စိတ်ကူးယဉ်၊ ဘာတွေကစစ်မှန်ပြီး ဘာတွေက မစစ်မှန်၊ ဘာတွေက တစိတ်တပိုင်းစစ်မှန်ပြီး အဲဒီတစိတ်တပိုင်းဟာ ဘယ်လိုစစ်မှန်တယ် ဆိုတဲ့ အကြောင်းတွေပါပဲ။ အဆုံးသတ်မှာတော့ အားလုံးဟာ စစ်မှန်ကြပါတယ်။”

ရှိန်ဝါ

၂၀၁၅ ဒီဇင်ဘာ ၃ ရက်နေ့