ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Saturday, August 30, 2014

သွေးစည်းချစ်ခင် ငှက်နဲ့ဝေဟင် (Brother Eagle, Sister Sky) (A Message from Chief Seattle)

 မိတ်ဆက်
            
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ငါးဆယ်ခန့်က အမေရိက အနောက်မြောက်ဖက် အင်ဒီးယန်း နိုင်ငံငယ်လေးတွေရဲ့ အရိုသေခံ စိတ်ထားအေးချမ်းတဲ့ခေါင်းဆောင်ကြီးစီယတ်တယ်လ်ဟာ သူ့နယ်မြေကို ၀ယ်ယူသိမ်းပိုက်ချင်နေတဲ့ နယ်ချဲ့ ၀ါရှင်တန်ဒီစီ အစိုးရဆီကို အကြံပြုစာတစောင်ပေးပို့ခဲ့ပါတယ်။ သူယုံကြည်ထားတာက ဒီကမ္ဘာမြေပေါ်က ဘယ် သက်ရှိသတ္တ၀ါအတွက်မဆို ဒီမဟာပထ၀ီမြေကြီးဟာအထွတ်အမြတ်ထားစရာ ပါတဲ့။ လူတစ်ယောက်ဟာ သဘာဝတရားကြီးကို ပရမ်းပတာ တလွဲအသုံးချနေမယ်ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ တဲ့။ သူ့ရဲ့ စာလွှာဟာ  ပတ်ဝန်းကျင်စောင့်ရှောက်ထိန်းသိမ်းခြင်း အတွက် အသက်အရွယ်မရွေး ခေါင်းရှောင်လို့မရတဲ့အင်အားကြီးမားတဲ့ တောင်းဆိုမှုပါ။
အခုလိုမျိုး လူမျိုးစုအားလုံးနီးပါး ကန္တာရလွင်ပြင်ကျယ်ကြီးထဲမှာ ပျောက်ကွယ်မသွားခင် ဟိုး ............
ရှေးရှေးတုန်းကပေါ့။ ရှေးဦးလူမျိုးစုတစ်စုဟာ အမေရိကလို့ အခုခေါ်နေကြတဲ့ အဲဒီနယ်မြေကြီးရဲ့ အသွေး အသား တစ်ခုဖြစ်ခဲ့တာပေါ့။နှစ်ထောင်ပေါင်းများစွာ ကြာလာတာနဲ့အမျှ အဲဒီလူမျိုးစုထဲကမှပဲ မျိုးရိုးစဉ်ဆက် တွေကွဲပြီး ချော့တော်တို့ ချီရော့ခီတို့ နဗားဟိုးတို့လို လူမျိုးစုတွေပေါ်လာပြီး အင်ဒီးယန်းယဉ်ကျေးမှုကြီး ထွန်းကား ခဲ့တယ် လေ။အဲဒီမှာပဲ ဥရောပက နယ်မြေချဲ့ထွင်တဲ့ လူဖြူတွေရောက်လာပြီး အင်ဒီးယန်းတွေကို သွေးချောင်းစီးအောင် စတင် တိုက်ခိုက်ကြတော့တာပေါ့။ လူ့သက်တမ်းတစ်ခုတောင်မကြာလိုက်ပါဘူး။ အင်ဒီးယန်း တွေကိုနေထိုင်ဖို့ နယ်မြေ ကျဉ်းကျဉ်းလေးတွေ ပဲပေးပြီး ကျန်နယ်မြေအားလုံးကို သူတို့အတွက် အတင်းအဓမ္မ တောင်းဆိုကြတော့တာပဲ  ။
အင်ဒီးယန်းတွေအားလုံး စစ်ရှုံးခါနီးမှာတော့ သတ္တိအရှိဆုံးနဲ့ အားလုံးကလေးစားရတဲ့ ခေါင်းဆောင်ကြီး စီယတ်တယ်လ်ဟာ နယ်မြေပိုင်ဆိုင်မှု စာချုပ်တစ်ခုချုပ်ဆိုဖို့ လူဖြူအရာရှိတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ဝါရှင်တန်ဒီစီအစိုးရကခေါင်းဆောင်ကြီးရဲ့လူတွေပိုင်ဆိုင်တဲ့နယ်မြေတွေကိုဝယ်ယူသိမ်းပိုက်ဖို့ကိစ္စနဲ့ပါ။
အဲဒီမှာပဲရဲရင့်တဲ့အမူအရာ၊ ထက်သန်တဲ့စိတ်ဓါတ်တွေ ထင်ဟပ်နေတဲ့မျက်ဝန်းတွေနဲ့  ခေါင်းဆောင်ကြီးဟာ လူအုပ်ကြီးကို စိတ်နှလုံးထိခိုက်ဖွယ်စကားတွေကိုတည်ကြည်ပြတ်သားစွာအခုလိုပြောကြားခဲ့ပါတော့တယ်။

                        မင်းတို့တွေဟာ ကောင်းကင်ကြီးကိုဘယ်လိုဝယ်မှာလဲ။
                        မိုးစက်တွေနဲ့လေထုကို ဘယ်လိုလုပ်ပိုင်မှာလဲ။
                        ငါ့အမေကငါ့ကိုပြောဖူးတယ်။
“ ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတိုင်းဟာ ငါတို့လူသားတွေအတွက် အထွတ်အမြတ်နေရာတွေပဲ” တဲ့။
“ထင်းရှုးအပ်တွေ ၊ သဲသောင်ပြင်တွေ
 တောနက်ထဲကနှင်းတွေ ၊ မြက်ခင်းပြင်တွေ ၊ ပိုးကောင်မွှားကောင်လေးတွေ
 အဲဒါတွေအားလုံးဟာ ငါတို့တွေရဲ့ စိတ်ဝိဥာဉ်မှာ မြင့်မြတ်တယ်” တဲ့။
                        အဖေကလဲပြောဖူးတယ်။
“သွေးကြောတွေထဲမှာသွေးတွေစီးနေတာကိုသိသလိုမျိုးပင်စည်တလျောက်ပင်ရေတွေစီးတာကိုလည်းငါသိတာပေါ့။ ကမ္ဘာမြေကြီးဆိုတာလဲငါတို့ပဲ။ငါတို့ကလဲကမ္ဘာမြေကြီးပဲ။ငါတို့ဟာတသွေးတည်းတသားတည်းပဲ။
မွှေးမြတဲ့ပန်းလေးတွေဟာငါတို့ရဲ့နှမလေးတွေပေါ့။
ဝက်ဝံတွေ၊သမင်ဒရယ်တွေ၊သိမ်းစွန်ရဲတွေဟာငါတို့ရဲ့ ညီအစ်ကိုတွေပေါ့။
ကျောက်တောင်ထွဋ်တွေ၊မြက်ခင်းပြင်တွေ၊လည်ဆံမွှေးဖွားဖွားနဲ့မြင်းတွေဟာလဲငါတို့နဲ့ တစ်အူတုံ့ဆင်းမောင်နှမအရင်းတွေပေါ့” တဲ့။
                      
ဘိုးဘွားတွေရဲ့ အသံကိုလည်း ငါကြားနေရတယ်။သူတို့ပြောတာက
“စမ်းချောင်းလေးတွေထဲမှာ၊မြစ်နဒီတွေထဲမှာစီးဆင်းနေတဲ့ကြည်လင်တောက်ပတဲ့ရေတွေဟာရိုးရိုးရေ မဟုတ်ဘူး။မင်းတို့ အဘိုးရဲ့သွေးတွေပေါ့။ ကြည်လင်တဲ့ရေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ဝိုးတ၀ါးပုံရိပ်
တွေဟာလဲ ငါတို့လုပ်ခဲ့တဲ့ကောင်းမှု၊မကောင်းမှုတွေကိုပြန်ထင်ဟပ်ပြနေတာပေါ့။ညင်သာတဲ့ရေစီးသံတိုးတိုး
လေးဟာလဲ မင်းအဘေးမရဲ့အသံပေါ့။မြစ်နဒီတွေဆိုတာကလဲငါတို့ရဲ့ညီရင်းအကိုတွေပေါ့။ငါတို့ကိုရေငတ်
ပြေစေတယ်။ငါတို့ရဲ့ကနူးလှေလေးတွေကိုလဲသယ်ဆောင်ပေးတယ်။ငါတို့ရဲ့ကလေးတွေအတွက်လဲ အစားအစာပေးတယ်လေ။အဲတော့ ညီရင်းအကိုလို ကြင်နာမှုမျိုး မြစ်နဒီတွေကိုပေးရမယ် “တဲ့။
                        ငါ့အဖိုးရဲ့ အသံကိုလဲ ငါကြားနေရတယ်။သူပြောတာကတော့
“လေဆိုတာ အရမ်းတန်ဖိုးရှိတယ်။ သူပံ့ပိုးတဲ့ အသက်မှန်သမျှကို သူ့ဝိဥာဉ်ကိုမျှဝေတယ်လေ။ငါ့ရဲ့ ပထမဆုံး အသက်ရှုသံကိုလည်းပေးပြီး နောက်ဆုံး သက်ပြင်းချသံကိုလည်း လက်ခံပေးတယ်ကွဲ့။အဲတော့ မြေပြင်ဆိုလဲ မြေပြင်အလျောက်၊ လေထုဆိုလဲ လေထုအလျောက် တန်ဖိုးထား မြတ်နိုးရမယ်။ အေး..မြေပြင်ဆိုတာကလဲ ပန်းခင်းလေးတွေကြောင့် ချိုမြမွှေးပျံ့နေတဲ့ လေထုကို ခံစားဖို့ နေရာတစ်ခုပဲ” တဲ့။
“နောက်ဆုံး…. လူနီနဲ့ လူနီမတွေဟာ သူတို့ရဲ့ အရိုင်းဆန်မှုနဲ့ အတူ ပျောက်ကွယ်သွားတော့မယ့် အခါမှာတောင်၊ သူတို့လုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှုတွေဟာလဲလွင်ပြင်ကျယ်ကြီးပေါ်မှာ လွင့်မျောနေတဲ့ တိမ်ခိုးတိမ်ရိပ်တွေလောက်ပဲရှိတော့မယ်အခါမှာတောင်ကမ်းခြေတွေ၊တောအုပ်တွေကတော့နဂိုအတိုင်း
တည်ရှိမြဲ တည်ရှိနေဦးမှာပေါ့။ ဘိုးဘွားတွေကလဲ ပြောကြတယ်။ငါတို့ သိပါတယ်တဲ့။ကမ္ဘာကြီးကို ငါတို့မပိုင်ပါဘူး။ကမ္ဘာကြီးကသာ ငါတို့ကိုပိုင်တာတဲ့။”
                  အဘွားရဲ့ အသံကိုလဲ ငါကြားနေရတယ်။သူကလဲပြောတယ်…
“ကိုယ်တတ်မြောက်ထားတာတွေကို ကိုယ့်မျိုးဆက်ကိုလဲ သင်ကြားပေးရမယ်။ကမ္ဘာမြေကြီးဟာ ငါတို့ရဲ့
မိခင်ပဲလေ။အမိမြေကြီး ဒုက္ခရောက်ရင် သူ့ရဲ့ သားသမီးတွေ အကုန်လုံးလဲ ဒုက္ခရောက်ကြမှာပဲ “ တဲ့။
            ဒီမှာ.. ငါပြောတာရော ငါ့ဘိုးဘေးတွေပြောတာကိုရောပါ နားထောင်ကြပါကွာ။
မင်းတို့လူဖြူတွေရဲ့ ကံကြမ္မာကိုတော့ ငါတို့တော်တော်လေးရင်လေးတယ်။                                                        
ကျွဲ၊နွားတွေသာ မျိုးတုန်းကုန်ရင် ဘာတွေဖြစ်လာမလဲ။မြင်းရိုင်းတွေအကုန်လုံးသာ ယဉ်ကျေးကုန်ရင်ရော။
တောအုပ်တွေရဲ့လျှို့ဝှက်နေရာတွေအကုန်လုံးလဲလူတွေရဲ့အနံ့အသက်ပေါင်းစုံတွေနဲ့မွှန်ထူကုန်ရင်ရော
ဘာတွေဖြစ်လာမလဲ။ဝေဆာလှပနေတဲ့ တောင်တန်းရှုခင်းတွေလဲ စကားပြောကြိုးတွေနဲ့ ပိတ်ကျပ်နေတဲ့ အခါကျရင်ရော။ဘယ်မှာလာပြီးတောအုပ်ကညို့တော့မှာလဲ။ကုန်ပြီပေါ့။ သိမ်းငှက်တွေရော ဘယ်မှာ သွားနေရတော့မှာလဲ။ သွားပြီပေါ့။မြင်းတွေနဲ့ အမဲလိုက်ရတာတွေကို အပြီးအပိုင် နှုတ်ဆက်လိုက်ရရင်ရော ဘာတွေဖြစ်ကုန်ရောလဲ။အဲလိုသာဆိုရင်တော့ အသက်ရှင်ခြင်းရဲ့ အဆုံး၊ ဘ၀ကူးခြင်းရဲ့ အစသာဖြစ်လာတော့မှာပေါ့…ဟုတ်လား။
            ငါတို့သိတာကတော့ အရာအားလုံးဟာ ငါတို့နဲ့ တသွေးတည်းတသားတည်းဆိုတာပဲ။
            ငါတို့ဟာ ဘ၀ကွန်ယက်ကြီးကိုမဖန်တီးနိုင်ပါဘူး။
            ငါတို့ဟာ အဲဒီကွန်ယက်ကြီးထဲက ကြိုးမျှင်လေးတွေလောက်ပါပဲ။
            အဲဒီကွန်ယက်ကြီးကို ငါတို့ဘာပဲလုပ်လုပ် အဲဒါငါတို့ ကိုယ့်ကိုယ်ကို ပြန်လုပ်နေတာပါပဲ။
            ကမ္ဘာမြေကြီးကို ငါတို့ချစ်တယ်။မွေးကင်းစကလေးငယ်ဟာ သူ့မိခင်ရဲ့နှလုံးခုန်သံကို ချစ်သလိုမျိုးကို
ချစ်တာ။ငါတို့ နယ်မြေတွေကို မင်းတို့ကိုရောင်းလိုက်ရရင်လဲ ဒီနယ်မြေတွေကို ငါတို့ဂရုစိုက်သလို ဂရုစိုက် ပေးပါကွာ။ဒီနယ်မြေတွေကို  မင်းတို့ပိုင်ဆိုင်ရပြီဆိုရင်လဲ  အခုပုံစံကိုမှတ်ထားပေးပါ။ မင်းတို့ရဲ့
နောက်မျိုးဆက်တွေ အတွက် ဒီလေညှင်း၊ဒီမြစ်နဒီတွေကို ဒီအတိုင်းလေးပဲထိန်းသိမ်းထားပေးပါကွာ။
            ငါတို့ဒီမြေကိုချစ်မြတ်နိုးသလို မင်းတို့လဲ ချစ်မြတ်နိုးပေးပါကွာ……။    ။

(ဒီစကားလုံးတွေကိုခေါင်းဆောင်ကြီးစီယတ်တယ်လ်က၁၈၅၀ပတ်ဝန်းကျင်လောက်မှာပြောခဲ့တာပါ။စာနဲ့ရေးခဲ့တာလို့လဲပြောကြတယ်။မိန့်ခွန်းပြောခဲ့တာလို့လဲပြောကြတယ်။ဘာပဲဖြစ်ဖြစ်သူပြောခဲ့တာကတော့ သူ့မိခင်ဘာသာစကားနဲ့ပါ။အခုချိန်မှာတော့ဘာသာစကားပေါင်းများစွာနဲ့အကြိမ်ကြိမ်ပြန်ဆိုနေကြပါပြီ။အင်္ဂလိပ်ဘာသာကိုပထမဆုံးပြန်ဆိုထုတ်ဝေခဲ့တဲ့လူကတော့ သူနဲ့ လူချင်းလည်း ရင်းနှီးခဲ့တဲ့ ဒေါက်တာ ဟင်နရီ အေ စမစ် ပါ။ဒီ့နောက်ပိုင်း ဂျိုးဆက်ကန့်ဘဲလ် က အနည်းငယ်ပြုပြင်ပြီး သူ့ရဲ့ (The Power of Myth) စာအုပ်ထဲမှာ ထည့်ရေးခဲ့တော့ ပိုမိုပြီးလူကြိုက်များထင်ရှားလာခဲ့ပါတယ်။ အခုစာကတော့ Susan Jeffers ကသရုပ်ဖော်ပုံတွေပါရေးဆွဲပြီး ကလေးသူငယ်တွေအတွက် ရည်ရွယ်ထုတ်ဝေခဲ့တာပါ။ဒါပေမယ့် အသက်အရွယ်မရွေးကြိုက်နှစ်သက်ကြပါတယ်။ဒီစကားတွေဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမယ့် အခုအချိန်အထိ ခေတ်မှီနေဆဲပါ ။ဒီခေတ်နဲ့ ပိုတောင်ကိုက်ည်ီပါသေးတယ်။ အခုလို သဘာဝပတ်ဝန်းကျင်တွေ ပျက်ဆီး ၊ သဘာဝဘေးတွေ ဒီလောက်ဖြစ်နေတဲ့ ခေတ်ကြီးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဒီအင်အားကြီးမားတဲ့ ၊နှလုံးသားကို ထိခိုက်စေနိုင်တဲ့ အသနားခံစာလေး
ဟာ ဖတ်သူတိုင်း ကမ္ဘာကြီးကိုချစ်ခင်စိတ်၊မြတ်နိုးတန်ဖိုးထားစိတ် သဘာဝပတ်ဝန်းကျင်ကို ချစ်စိတ၊်
စောင့်ရှောက်ချင်စိတ်တွေကို သေချာပေါက် နှိုးထတိုးပွားစေမှာကတော့ အမှန်ပါပဲ။)

                                                                                              ရှိန်ဝါ ယုံကြည်စွာ ပြန်ဆိုသည်။

အနိုင်ရသူတို့ရဲ့ အကြောက်တရားတွေ (သို့) (City of Life and Death)


လောကကြီးမှာ ယေဘုယျအားဖြင့်တော့ အဖြူနဲ့ အမည်း၊ အလင်းနဲ့ အမှောင်၊ အကောင်းနဲ့ အဆိုး၊ ရှင်ခြင်း နှင့် သေခြင်းဆိုတဲ့ ဆန့်ကျင်ဘက် အရာတွေ ရှိပါတယ်။ အဲလို ဒွိလောကကြီးမှာ ရှိနေတဲ့ ဆန့်ကျင်ဘက် အရာနှစ်ခုဟာ အကြောင်းတစ်စုံတစ်ရာကြောင့် သော်လည်းကောင်း၊ လူတစ်ယောက်တည်းရဲ့ ကိုယ်တွင်းမှာပဲ ရှိနေတဲ့ ဇာတိ နှင့် မရဏ တို့လို သဘာဝအရသော်လည်းကောင်း ထိပ်တိုက်တိုးလေ့တိုးထ ရှိပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် လူအချင်းချင်း ထိပ်တိုက်တိုးလာကြပြီ ဆိုရင်တော့ အဲဒီ ထိပ်တိုက်တိုးမှုကနေပဲ အကျိုးအမြတ်ရ အနိုင်ရသွားတဲ့သူတွေ ရှိသလို ဆုံးရှုံးနစ်နာလိုက်ရတဲ့ လူတွေလည်း ရှိပါတယ်။ များသော အားဖြင့်တော့ အနိုင်ရသူတွေကို ရှုံးနိမ့်သွားတဲ့သူတွေက ကြောက်လန့်ရပါတယ်။ အဖိနှိပ်ခံတွေဟာ ဖိနှိပ်တဲ့သူတွေကို ကြောက်ရပါတယ်။ ဒါပေမယ့် ကျနော်တို့စဉ်းစားသင့်တာက အဲဒီလို အောင်နိုင်သူတွေ၊ ဖိနှိပ်သူတွေကရော အဖိနှိပ်ခံတွေကို မကြောက်တော့ဘူးလား။ သူတို့ရဲ့ ဖိနှိပ်အနိုင်ယူခြင်းကိုရော သူတို့ ပြန်လည် မကြောက်လန့်တော့ဘူးလား။ သူတို့မှာရော အကြောက်တရားမရှိတော့ဘူးလား ဆိုတာလေးကိုပါ။ သေချာတာကတော့ ရှိကိုရှိပါတယ်။ ဖုံးကွယ်ထားလို့ပဲဖြစ်စေ၊ အောင်မြင်မှုတွေနဲ့ သာယာနေလို့ပဲ ဖြစ်စေ မတွေ့ရတတ်ပေမယ့် ရှိကိုရှိနေတာကတော့ သေချာပါတယ်။  အနိုင်ရသူတွေရဲ့ ကိုယ်တွင်းကပဲ ထောင်လွှားတဲ့ မာနတွေနဲ့အတူတူ ရင်ထဲ ကိန်းနေတဲ့ အကြောက်တရားတွေလည်း ရှိပါတယ်။ ထပ်ပြီးသေချာတာက အဲဒီလို အောင်နိုင်သူကြီးတွေရဲ့ အကြောက်တရားဟာ အနိုင်ခံရသူတွေရဲ့ အကြောက်တရားထက် ပိုမိုကြီးမား လေးလံ ပိကျ ပိတ်မှောင်နေတယ်ဆိုတာပါပဲ။
အဲဒီလို အနိုင်ရသူတွေရဲ့ အကြောက်တရားကို စစ်ပွဲတစ်ပွဲပေါ်မှာတည်ပြီး အဖြူနဲ့ အမည်း သဲကွဲအောင် အကောင်းဆုံး ရိုက်ပြသွား တဲ့ကားကတော့ အာရှက တရုတ် ဒါရိုက်တာ လုချွမ် (Lu Chuan ) သူကိုယ်တိုင် ဇာတ်ညွန်းရေးသား၊ ကိုယ်တိုင်ပဲ ရိုက်ကူးသွားခဲ့တဲ့ City of Life and Death ပါပဲ။ဇာတ်ကားနာမည်ကိုကတည်းက လှပါတယ်။ “သေခြင်းနှင့်ရှင်ခြင်း မြို့တော်” ပေါ့။ အဲဒီကားကို “နန်ကျင်း၊ နန်ကျင်း“ ဆိုပြီးလည်း ခေါ်ကြပါသေးတယ်။ နန်ကျင်းအကြောင်းရိုက်တဲ့ကား အများကြီးထဲကမှ အဲဒီလို သတ်မှတ်ခံရလောက်အောင် ကောင်းတာပါ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ ဆန့်ကျင်ဘက် အရာတွေကို ရိုက်ပြသွားနိုင်တဲ့ ဇာတ်ကားပါ။  ဇာတ်ကားတည်ထား တာကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တရုတ်-ဂျပန် ဒုတိယစစ်ပွဲ အတွင်း ၁၉၃၇ နန်ကျင်းမြို့တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုလိုက်သတ်ဖြတ်မှုကြီး အကြောင်းပါပဲ။ စစ်နိုင်ဂျပန်တွေရဲ့ အတွင်းစိတ်တွေကို တရုတ်တစ်ယောက်ရဲ့ အမြင်အရ ရသလောက် နှိုက်ပြီး ရိုက်ကူးတင်ပြသွားတာပါ။ အနိုင်ခံရသူတွေရဲ့ ရင်ထဲက သတ္တိကိုလည်း ဖော်ကျူးရင်းပေါ့။ အဲဒီရုပ်ရှင်ကားဟာ တခြားနာမည်ကြီး တရုတ်ရှေးဟောင်းစစ်ကားဖြစ်တဲ့ Red Cliff နဲ့ အတူတူ ၂၀၀၉ ခုနှစ်ပါ ထွက်ရှိခဲ့တာပါ။ Red Cliff လိုပဲ အကုန်အကျလည်း အရမ်းများခဲ့တဲ့ကားပါ။ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အကုန်အကျခံခဲ့သလို၊ ၀င်ငွေလည်း အမြောက်အများ ပြန်ရခဲ့တဲ့ကားပါ။ ဒါပေမယ့် ထွက်စမှာတော့ ဒါရိုက်တာ လုချွမ် ခမျာမှာ အွန်လိုင်းကနေ သူတို့မိသားစုကိုပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ အထိ ခံခဲ့ရပါတယ်။ ဝေဖန်ရေးဆရာ တွေကလည်း လူမဆန်တာတွေ ရိုက်တယ်ဆိုပြီး ရှုံ့ချတာ ခံရပါသေးတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် ကန့်သတ်အရေအတွက်နဲ့ပဲ ဖြန့်ချိခဲ့ရတဲ့ကားပါ။ တရုတ်ပြည်မကြီးမှာတောင် သူ့ကားကို ရုပ်ရှင်ရုံတွေက မပြသဘဲ ပိတ်ပင်တဲ့ အထိ ဖြစ်ခဲ့တဲ့ကားပါ။ နောက်ပိုင်းမှာတော့ အဲဒီကားဟာ အကြီးအကျယ်အောင်မြင်သွားပြီး အာရှကရော၊ ဥရောပကပါ အကောင်းဆုံး ရုပ်ရှင်ကားဆုတွေ အမြောက်အများရရှိခဲ့ပါတယ်။ ပထမက တရုတ်အချင်းချင်းကတောင် လက်မခံတဲ့ ကားဟာ ကမ္ဘာကလက်ခံတဲ့ ကားဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဖြစ်လာအောင်လည်း ရုပ်ရှင်က ပြသွားတဲ့ ပြချက်တွေဟာ အလွန်ကြောက်စရာ တုန်လှုပ်စရာကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံးဟာ အနိဌာရုံတွေကိုပဲ ပြပြီး အဲဒီကြမ်းတမ်းမှုတွေကြားက၊ မှောင်မိုက်မှုတွေကြားက အလင်းရောင်တစ်စ သို့မဟုတ် နူးညံ့မှုလေး တစ်ခုကို ဂျပန်စစ်သား ကာဒိုကာဝါ တစ်ယောက်တည်းနဲ့ကိုပဲ ပေါ်လွင်အောင် ရိုက်ပြသွားနိုင်ပါတယ်။ အခြားစဉ်းစား တွေးတောစရာ အချက်တွေ အများကြီးကိုလည်း ဒိုင်ယာလော့ခ်များစွာ မပြောဘဲ အရုပ်တွေနဲ့ပဲ ရိုက်ပြသွားတာပါ။ ဇာတ်ကား တစ်လျောက်လုံး မှာလည်း အနိုင်ရသူတို့ရဲ့ အကြောက်တရားကို ဒဲ့ဒိုးကြီး မပြဘဲ ကျောချမ်းဖွယ်ရာ ရင်ထဲ စိမ့်ဝင်လာအောင် ရိုက်ပြသွားတာ တကယ်ကောင်းပါတယ်။
ဇာတ်ကားက အစမှာတင် သင်းပါတယ်။ ဂျပန်တွေ နန်ကျင်းကို သိမ်းတော့ တရုတ်ဗိုလ်ချုပ်အတော်များများဟာ လက်နက်ချပြီး နန်ကျင်းက ထွက်ပြေးကုန်ပါပြီ။ ဒါပေမယ့် ဗိုလ်ငယ်လေးတွေနဲ့ တပ်သားလေးတွေတစ်ချို့ကတော့ မြို့ထဲမှာ ကျန်နေပါသေးတယ်။ အဲဒီမှာတင် မြို့ဝင်ပေါက်မှာ စောင့်နေကြတဲ့ ဂျပန်စစ်သား ဆယ်ဂဏန်းလောက်လေးကို စစ်ရှုံး တရုတ်စစ်သား ရာကျော်လောက်က သေနတ်တစ်ချက်မပစ်ဘဲ လူကိုယ်တွေနဲ့ပဲ အတင်းတိုးဝင်ကြပြီး မြို့ပြင်ကို ပြေးသွားကြတဲ့ အခန်းပါ။ အဲဒီမှာတင် လက်ချင်းချိတ်ပြီး ရသလောက်တင်းခံကြတဲ့ ဂျပန်စစ်သားလေးတွေရဲ့ မျက်နှာပေါ်က အကြောက်တရားကို ဖျတ်ကနဲ ပြပါတယ်။ အဲဒီကားကို လူတိုင်းချီးကျူးကြတာတော့ လူတစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်က အတွင်းစိတ်တွေကို ပီပြင်အောင်ပြသနိုင်တယ် ဆိုတာပါပဲ။
ဒါပေမယ့် တရုတ်စစ်သားတိုင်း ထွက်ပြေးတာတော့ မဟုတ်ပါဘူး။ မိမိမြေအတွက် ကြံ့ကြံ့ခံ၊ ကိုယ့်အထက်လူကြီးတွေ ထွက်ပြေးတာတောင် ကိုယ့်မြေကို ကျူးကျော်မခံတဲ့ တရုတ်သူရဲကောင်း လက်ဖတင်နင် လုကျန်းရှောင်တို့ အဖွဲ့ရှိပါတယ်။ ဒါပေမယ့် သူတို့လည်း အားမတန်တော့ ကြာကြာတော့ မခံလိုက်ပါဘူး။ နောက်ဆုံးမှာတော့ လက်ဖတင်နင် လု အပါအ၀င် အားလုံး အသတ်ခံလိုက်ရတာပါပဲ။ ဒီနေရာမှာ အဲဒီ တပ်စုလေးကို ရူးတယ်လို့ပဲ ပြောရမလား၊ သူရဲကောင်းတွေလို့ပဲ ပြောရမလား။ ဝေခွဲမရ ဖြစ်ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ စစ်နိုင်ပြီလို့ မြောက်ကြွမြောက်ကြွ ဖြစ်နေတဲ့ ဂျပန်တွေကိုတော့ ဘာမှန်းသိအောင်၊ ကြောက်စိတ်ဖျန်းကနဲ တစ်ချက်လောက် ပေါ်လာအောင်တော့ လုပ်နိုင်ပါတယ်။ ကျနော်တို့ နိုင်ငံကလည်း ဂျပန်ခေတ်ကို ဖြတ်ကျော်ခဲ့ရ၊ ရရာလက်နက်စွဲ တော်လှန်ခဲ့ကြတော့ အားရစရာကောင်းတာတော့ အမှန်ပါပဲ။ အဲဒီ လက်ဖတင်နင် လု နေရာမှာ သရုပ်ဆောင်တဲ့     မင်းသား လုယီ ရဲ့ သရုပ်ဆောင်ချက်ကလည်း တကယ်လက်ဖျားခါအောင် ကောင်းပါတယ်။ စကားတစ်ချက်မှ မပြောဘဲ သတ္တိကို အားရအောင် ပြသွားနိုင်ပါတယ်။ နောက်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ အရာရာကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြသွားတဲ့ စရိုက်ကိုလည်း ပီပြင်အောင် ပြသွားပါသေးတယ်။ သတ်ကွင်းကို သူကဦးဆောင်လို့ ရှေ့ကနေ လျောက်ပြသွားတဲ့ အကွက်ဟာ တကယ် ကြက်သီးထဖွယ်ကောင်းပါတယ်။ နောက်လိုက်ကောင်းတွေဟာလည်း နောက်ကနေ လိုက်ပြီး သူတို့ အသတ်ခံရမယ့် နေရာကို ချီတက်ကြတဲ့ အခန်းဟာ တကယ် ကောင်းလွန်းပါတယ်။ အဲလို ချီတတ်ကြရင်း “တရုတ်နိုင်ငံကြီး အထွန့်ရှည်ပါစေ” ဘာညာ အော်ကြ ဟစ်ကြသေးတာပေါ့။ ပစ်သတ်ကြမယ့် သူတွေတောင် ခဏတော့ ကြောင်ငေးကြည့်သွားလောက်အောင် သူတိုရဲ့ စိတ်ဓါတ်ကို ပြသွားပါတယ်။ မျှော်လင့်ချက် လုံးဝမရှိတော့လို့ဘဲ သတ္တိတွေ ပေါ်လာသလား ဘာလား မပြောတတ်ပေမယ့် သေခြင်းတရားကို အကြောက်အလန့်မရှိ ရင်ဆိုင်သွားတဲ့ သူတို့ကတော့ တကယ်လေးစားလောက်ပါတယ်။ အဲဒီနေရာမှာ အောင်နိုင်သူ ဂျပန်ကြီးတို့ရဲ့ ဆာမူရိုင်းစိတ်ကိုလည်း သတိရစေပါတယ်။ ဂျပန်တို့ရဲ့ စိတ်ဓါတ်ကလည်း ကောင်းသလို တရုတ်တို့ရဲ့ စိတ်ဓါတ်ကလည်း မညံ့ဘူးလို့ ပြသွားတဲ့ သဘောပါပဲ။ ဘယ်လူမျိုးကမှ အားမတန်လို့သာ မာန်လျော့ခဲ့ရပေမယ့် သွေးမနည်းဘူးဆိုတာပါပဲ။
အဲဒီမှာပဲ စစ်အောင်နိုင်သူ ဂျပန်တွေရဲ့ နန်ကျင်း လူသတ်ပွဲကြီးကို ဒါရိုက်တာက ပက်ပက်စက်စက် ပြပါတော့တယ်။ စစ်သား အကုန်လုံး၊ ခုခံသူ အကုန်လုံးကို သတ်တာပါ။ သာမန်အရပ်သားတွေပါ ပါပါတယ်။ အဲ့မှာ တစ်ချက်သွားတွေ့တာက ဂျပန်တွေဟာ တရုတ်တွေကို ကျောခိုင်းလမ်းလျောက် ထွက်စေပြီးမှ နောက်ကနေ အစုလိုက်အပြုံလိုက် ပစ်သတ်တာပါ။ အဲလို ကျောခိုင်းစေတာက သေရတော့မယ့် တရုတ်တွေကို မကြောက်စေချင်လို့လား၊ သူတို့ကိုယ်တိုင်ကပဲ မျက်နှာတည့်တည့်ကြည့်ပြီး ပစ်မသတ်ရဲလို့ပဲလား စဉ်းစားစရာပါပဲ။ အဲဒီလို လူသတ်ပွဲကြီး ဆင်နွဲနေစဉ်မှာ စစ်နိုင်သူ ဂျပန်စစ်ဗိုလ် အီဒါကတော့ ရေဇလုံထဲမှာ အေးအေးဆေးဆေး ဂျီးချွတ်ရေချိုးနေပါတယ်။ အဲဒီမှာ ကျနော် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဆိုင်တာတွေရော၊ မဆိုင်တာတွေရော စဉ်းစားမိပါတယ်။ ဟဲဟဲ။ ဒါကိုတော့ အပြစ်မဆိုလောက်ဘူး ထင်ပါတယ်။ အမယ် အီဒါကို နောက်ကနေ ဂျီးတွန်းပေးနေရသူတောင် ရှိပါသေးတယ်။ သူကတော့ အခု နန်ကျင်းစစ်ပွဲမှာတင် ဆာဂျင်အဖြစ် ရာထူးတိုးသွားတဲ့ အဓိကဇာတ်ကောင် ကာဒိုကာဝါပါပဲ။ အီဒါက ကာဒိုကာဝါကို ပြောပါတယ်။ မင်း ရာထူးတိုးတော့ ကျောင်းကောင်းကောင်းတတ်လို့ရပါပြီတဲ့။ အဲ့မှာက စဉ်းစားစရာက စစ်ထဲဝင်ကြတဲ့ စစ်သားတိုင်းဟာ နိုင်ငံကို ကာကွယ်လိုစိတ်ကြီးနဲ့ပဲ ၀င်ကြတာ မဟုတ်ပါလား လို့။ မတတ်သာလို့၊ ဒါမှမဟုတ် အခွင့်အရေး တစ်ခုခု ရလိုရငြားဝင်တာပါလား လို့ ဆိုပြီးတော့ပေါ့လေ။ ဘာပဲဖြစ်ဖြစ် စစ်ထဲရောက်ရင် စစ်သားတာဝန်အစစ်အမှန် ကျေရင် ပြီးတာပါပဲလား ဆိုတာကို သံဝေဂယူစရာ ပြသွားပါသေးတယ်။ အဲ့မှာတင် ကာဒိုကာဝါကတော့ တုန်လှုပ်စ ပြုနေပါပြီ။
အော် လက်ဖတင်နင် လု တို့ မရှုံးခင်က လု က ရှုံးမှာကို ကြိုသိနေတဲ့အတွက် သူ့တပ်သားတွေကို အသက်ရှင်ချင်ရင် ထွက်ပြေးကြလို့ ပြောလို့ ကြောက်လန့်ပြီး ထွက်ပြေးလာတဲ့ ရှန်ဇီဆိုတဲ့ ဇာတ်ကောင် တစ်ကောင်ရှိပါတယ်။ အဲ ဗိုလ်လေးကို ကျည်ကပ်ပေး ဘာပေးနဲ့ ရဲစွမ်း ရှိတဲ့ ရှန်ဇီရဲ့သားလေး ရှောင်ဒိုစီ ကတော့ ထွက်မပြေးပါဘူး။ ကောင်းမွန်သော မျိုးဆက်အဖြစ် ခုနက အသတ်ခံရတဲ့ သတ်ကွင်းအထိ ပါသွားပါတယ်။ ကံကောင်းချင်တော့ အဲဒီကလေး မထိမခိုက်ဘဲ အဲဒီ သတ်ကွင်းက အသက်ရှင် လွတ်မြောက်ပါတယ်။ နောက်ဆုံးမှာ ကျန်ခဲ့တာကတော့ သူတို့သားအဖနှစ်ယောက်ပါပဲ။ အဲဒီမှာ သေကွင်းက လွတ်မြောက်လာတဲ့ သားအဖနှစ်ယောက်ဟာ ခိုလုံရာ ရှာရင်း ဂျာမန်စီးပွားရေးသမား နာဇီပါတီဝင် တစ်ယောက်ဖြစ်တဲ့ မစ္စတာ ဂျွန်ရေ့ဘ် မရမက ဖွင့်ထားတဲ့ နန်ကင်းလုံခြုံမှုဇုန် ဒုက္ခသည်စခန်းကို ရောက်သွားပါတယ်။ မစ္စတာဂျွန်ရဲ့ စကားပြန်ကတော့ တရုတ်မလေး ကျန်းရှုယွန် ပါပဲ။ အဲဒီမှာ နောက်ကိုယ်ရေးအရာရှိတစ်ယောက်တော့ တရုတ်လူမျိုးပဲဖြစ်တဲ့ မစ္စတာတန်ပါ။ သူ့မှာ သူ့ရဲ့ချစ်ဇနီးနဲ့ ခယ်မ အပျိုလေး  မေ လည်းရှိပါတယ်။ ငါးနှစ် ခြောက်နှစ်အရွယ် သမီးလေး တစ်ယောက်လည်း ရှိပါတယ်။
ဒီနေရာမှာ မစ္စတာတန်ဟာ သူ့အသက်ကိုရော၊ သူ့မိသားစု အသက်ကိုရော ရှင်သန်အောင် ကြိုးစားပြီး နေထိုင်ပါတယ်။ ဂျွန်ရဲ့ အရာရှိမို့လို့ ဂျပန်တွေက မထိရဲတာလည်း ပါတာပေါ့။ သူကိုယ်တိုင် အလိုက်အထိုက်လိုက်လျောပြီး နေထိုင်တတ်တာလည်း ပါတာပေါ့။ ဒါပေမယ့် တကယ့်တကယ်မှာတော့ သူ့သမီးလေးကို ဂျပန်စစ်သား တစ်ယောက်က ပြတင်းပေါက်ကနေ လွှင့်ပစ်တာကိုရော၊ သူ့ခယ်မ မေ ကို ဂျပန်စစ်သားတွေက အတင်း မုဒိန်းကျင့်တာကိုရော မတားနိုင်လိုက်ပါဘူး။ သူတို့နေထိုင်တဲ့ နေရာအထိကိုလာပြီး အမျိုးမျိုးလှည့်ပတ်ပြီး လာရောက်ရိုင်းစိုင်းကြတာပါ။ အဲဒီမှာပဲ မုဒိန်းအကျင့်ခံလိုက်ရတဲ့ တရုတ်မလေးတွေထဲက တစ်ယောက်ကတော့ ပြည့်တန်ဆာမလေး ရှောင်ကျန်းပါ။ အဲဒီလို အဓမ္မအကျင့်မခံရမီ အစောပိုင်းကတော့ မိန်းကလေးအပျိုလေးတွေကို အန္တရာယ်ကင်းအောင် ယောက်ျားလေးတွေ လို့ထင်အောင် ဆံပင်တွေ အတိုဖြတ်ခိုင်းပါတယ်။ မိန်းကလေးတွေကလည်း ကြောက်ကြတော့ သူတို့ အမြတ်တနိုးတန်ဖိုးထားတဲ့ ဆံပင်ကို မျက်ရည်လည်ရွှဲတွေနဲ့ ဖြတ်ကြရတော့တာပေါ့။ အဲဒီမှာ ခုနက အပျက်မလေး ရှောင်ကျင်းက ဂျစ်ကန်ကန်ပါ။ စစ်ကြီးပြီးသွားရင်တဲ့ သူက ဒီဆံပင်နဲ့ပဲ လုပ်စားရမှာတဲ့။ အဲတော့ မဖြတ်နိုင်ဘူးတဲ့။ ဖြတ်တဲ့သူတွေလည်း နောက်တော့ မရပါဘူး။ အနိုင်ကျင့်ခံ လိုက်ရတာပါပဲ။ ဆံပင်မဖြတ်တဲ့သူ ကိုယ်တိုင်လည်း ဂျပန်စစ်သားတွေရဲ့ ဆိုးပုံကို သဘောပေါက်သွားပါတယ်။ အဲဒီမှာ မေ က ကလေးလေးတွေကို ဒီလောက်ကြောက်စရာ အခြေအနေကြီးမှာတောင် တရုတ်ရိုးရာသီချင်းလေးတွေ သင်ပေးပါသေးတယ်။ ဂီတရဲ့ စွမ်းအားပဲလား၊ ရိုးရာ လက်ဆင့်ကမ်းတာလားတော့ မသိပေမယ့် မှောင်မိုက်မှုတွေ ပြေလိုပြေငြား လင်းလက်ဖို့ ကြိုးစားတဲ့ အကွက်လေး တစ်ကွက်ပေါ့။
အဲဒီမှာ ပြောချင်တာက မိန်းကလေးတွေရဲ့ အကျဉ်းအကျပ်ထဲရောက်ရင် ယောက်ျားတွေထက်သာတဲ့ စွမ်းရည် သတ္တိတွေပါ။ နောက်ဆုံးတော့ အဲဒီစခန်းက အပျိုလေးတွေကို လှည့်ပတ်ချောင်းနေတဲ့ ဂျပန်တွေက အကျပ်ကိုင်ပါတယ်။ နင်တို့နေရာမှာ အပျက်မတွေ ရှိတယ်ပေါ့။ ငါတို့ကို ၁၀၀ လောက်ပေးပေါ့။ ပေးရင် နင်တို့ကို အစားအသောက်တွေ ထောက်ပံ့မယ်ပေါ့။ မပေးရင်တော့ သိတဲ့ အတိုင်းပေါ့။ အဲတော့ ဂျွန်တို့ ကျန်းရှုယွန်တို့ ခမျာမှာ မပေးလည်း အတင်းအကျပ်လုပ်မယ့် အတူတူ လိုက်လျောရပါတော့တယ်။ အဲဒီမှာ ကျန်းရှုယွန်က ဂျပန်ဗိုလ် အီဒါကို မကြောက်မလန့်ပြန်ပြောတာ တစ်ခွန်းရှိပါသေးတယ်။ ဂျပန်ဗိုလ်က ဆံပင်အကောက်တွေ နှုတ်ခမ်းနီတွေနဲ့ ကောင်မလေးတွေ တွေ့တယ်ပေါ့။ အဲဒါ အပျက်မတွေပေါ့။ အဲတော့ ငါတို့ကို အသာတကြည်ပေးပေါ့။ အဲလိုပြောတော့ ကျန်းရှုယွန်က ပြန်ပြောပါတယ်။ ရှင်တို့ ဂျပန်မှာရော ဆံပင်အကောက်တွေ၊ နှုတ်ခမ်းနီတွေဆိုးရင် အပျက်မဖြစ်ရောလား ဆိုပြီးတော့လေ။ အဲ့မှာ ပြန်ပြောရဲတဲ့ သူရဲ့ သတ္တိကိုလည်း လေးစားသလို ခုခေတ် နဲနဲလေးဟော့တာဝတ်ရင် အပျက်မနီးပါး အပြောခံနေရတဲ့ အမျိုးသမီး ငယ်လေးတွေကိုလည်း စာနာမိပါတယ်။ ထားတော့။အဲတော့ အဲဒီ ငရဲတွင်းကို သွားမယ့် စေတနာရှင်မလေးတွေ ကို မျက်ရည်လည်ရွှဲနဲ့ပဲ ဖိတ်ခေါ်ရတော့တာပေါ့။ အဲဒီမှာ ပထမဆုံး စေတနာဝန်ထမ်းကတော့ အပျက်မလေး ရှောင်ကျင်းပေါ့။ သူကိုယ်တိုင် လက်တွေ့ကြုံလိုက်ရလို့ ကြောက်လန့်နေပေမယ့်လည်း အများအတွက် အရေးကြီးလာ တော့လည်း ရှေ့ထွက်ရဲတဲ့ သတ္တိဟာ လေးစားလောက်ပါတယ်။ အပျက်မလေး ဆိုပေမယ့်လည်း သူရဲကောင်း တစ်ယောက်လို လေးစား ထိုက်ပါတယ်။ အဲဒီမှာ တန်ရဲ့ ခယ်မလေး မေ လည်း ကံမကောင်းတော့ ပါသွားပါတယ်။ အော် အဲဒီ နန်ကျင်းမှာ ဂျပန်အပျက်မလေး တွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ တရုတ်မလေးတွေထက် ဈေးကြီးသေးသဗျာ။
အဲဒီမှာ ဒါရိုက်တာဟာ အဲဒီလောက် စုတ်ပြတ်သပ်နေတဲ့ အခြေအနေမှာ အချစ်ဇာတ်လမ်းလေးကိုလည်း မရရအောင် ရင့်နာဖွယ်ရာ ထည့်သွင်းသွားပါသေးတယ်။ လိင်ပိုင်း အတွေ့အကြုံမရှိတဲ့ ကာဒိုကာဝါလေးဟာ ဆောင်ကြာမြိုင်ကို သွားရင်း ဂျပန်မလေး ယူရီကို ကို ချစ်သွားတဲ့ အခန်းလေးပေါ့။ နောက်ပိုင်းမှာလည်း ယူရီကို အတွက် နှစ်ကူးလက်ဆောင်လေးတွေ ဘာတွေ သွားပို့သေးသဗျာ။ အမှောင်ကြီးထဲက အလင်းလေး တစ်ချက်ထပ်ပြတာပေါ့။
အဲဒီလို သွားခဲ့ကြတဲ့ ကလေးမ တစ်ရာဟာ ငရဲတွင်းကနေ ပြန်ထွက်လာတော့ ဆယ်ယောက်ကျော်ကျော်လောက်ပဲ ရှိပါတော့တယ်။ ရှောင်ကျင်းလည်း လူမဆန်အောင် ပြုကျင့်ခံရတော့ တိမ်းပါးသွားပါတယ်။ အဲဒီမှာ ဆုံးသွားတဲ့ မိန်းကလေးတွေကို ၀စ်လစ်စလစ်နဲ့ ခွေးသေ၀က်သေလို တွန်းလှည်းနဲ့ သယ်ထုတ်သွားတာပါ။ အဲဒါကို ကာဒိုကာဝါကလည်း မြင်လိုက်ပါတယ်။ သူ့ရင်ထဲမှာ ညှောင့်တွေ တစ်ချောင်းပြီး တစ်ချောင်းများလာပြီပေါ့ဗျာ။ စစ်ပွဲအတွင်းမှာ လူအဖြစ်ဆိုတဲ့ လူ့ဂုဏ်သိက္ခာ ပျောက်ကွယ်ခြင်းတွေ ကို လူစိတ်မရှိခြင်းတွေနဲ့ အတူ ပြသွားတာပါ။ စစ်ပွဲဆိုတာ လူအဖြစ်က အနိမ့်ကျဆုံး လျောဆင်းစေတဲ့ အရာပါပဲ။ စစ်ပွဲကြောင့် မြင့်မားလာတဲ့အရာ မရှိသလောက်ပါပဲ။ အောင်ပွဲဆိုတာလည်း လူ့အသက်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။ ဘာကြောင့်ပဲ စစ်ဖြစ်ဖြစ် စစ်တိုက်ပြီဆိုကတည်းက လူ့အဖြစ်၊ လူ့စိတ်တွေ ရှားပါးပျောက်ကွယ်ကုန်တော့တာပါပဲ။
 ပြီး ရင်နင့်စရာ ဇာတ်ဝင်ခန်းလေးလည်း ရှိပါသေးတယ်။ အဲဒီ ငရဲတွင်းကြီးက နေ ပြန်ထွက်လာတော့ မေ ဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဒါပေမယ့် သူတို့ နေထိုင်တဲ့ ဇုန်ကိုပြန်ပို့ခါနီးမှာပဲ ဗိုလ်အီဒါ ကိုယ်တိုင် ရူးနေတာက ဘာတန်ဖိုးရှိတော့မှာလဲ ဆိုတဲ့ သဘောနဲ့ ပစ်သတ်လိုက်ပါတယ်။ မေ လေးဟာ ရူးနေတာကလည်း ယဉ်ယဉ်လေးပါ။ သူတို့ရိုးရာသီချင်းလေးကိုတောင် ဆိုလို့နေတာပါ။ အရူးဆိုတော့ အကြောက်တရားလည်း မရှိတော့ပါဘူး။ ရူုးမှသာ အကြောက်တရားမရှိတာပါ။ တန် တို့ ဇနီးမောင်နှံကတော့ သူတို့ရဲ့ မေ သေသလား၊ ရှင်သလား မသိရဘဲ မျှော်တလင့်လင့်နဲ့ အစိုးရိမ်ကြီး စိုးရိမ်နေကြတာပေါ့။
ဇာတ်လမ်းက ထပ်တင်ပါတယ်။ မစ္စတာ ဂျွန်ကို တရုတ်တွေကို အခုလို ကူညီကယ်မနေခြင်းဟာ ဂျပန်နဲ့ ဂျာမနီရဲ့ ဆက်ဆံရေးကို ပျက်ပြားစေတယ်ဆိုပြီး သူ့တိုင်းပြည်ကို ပြန်ခေါ်ပါတော့တယ်။ သူ့ကို အားကိုးနေရတဲ့ တရုတ်တွေ ကူကယ်ရာ ဝေးပြီပေါ့။ မစ္စတာကြီး ခင်ဗျာလည်း မျက်ရည်လည်ရွှဲနဲ့ သူ့ကို တောင့်တနေကြတဲ့သူတွေကို ထိုင်ကန်တော့ပြီး ကားလေးနဲ့ ပြန်ပါတယ်။ အဲဒီကားလေးထဲမှာ သူရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့အတွက် တန် တို့ ဇနီးမောင်နှံကိုလည်း ခေါ်လာခွင့်ရပါတယ်။ ဒါပေမယ့် ဂျပန်တွေဟာ တရုတ်စစ်သားတိုင်းကို သတ်တဲ့အတွက် တရုတ်စစ်သား တစ်ယောက်ကလည်း ဂျွန်ရဲ့ လက်ထောက်အဖြစ် ဟန်ဆောင်လိုက်ပါ လာပါတယ်။ ဒါပေမယ့် မြို့ထွက်ခါနီး ဂိတ်မှာတော့ အီဒါနဲ့ တွေ့ပါတယ်။ အဲဒီမှာ မစ္စတာဂျွန်နဲ့ အတူ လက်ထောက် နှစ်ယောက်ပဲ ခေါ်ခွင့်ရမယ်ဆိုတော့ တန် ဟာ လွတ်မြောက်ခါနီးမှပဲ သူ့အစား ဟိုတရုတ်စစ်သားလေးကိုပဲ သူ့မိန်းမနဲ့ ထွက်ခွာခိုင်းလိုက်ပါတယ်။ တကယ့်ကို ရင်နင့်စရာ ပြကွက်ပါ။ သူ့ဇနီးကိုသူပြောပါတယ်။ ငါက မေ ကို ရှာဖို့ကျန်ခဲ့မယ်တဲ့။ နင်သွားနှင့်တဲ့။ သူ့မှာ ရှာဖို့တာဝန်ရှိတယ်ပေါ့။ သူက တာဝန်သိတာကိုး။ ပိုပြီး ရင်နင့်စရာကောင်းတာက သူ့မိန်းမမှာလည်း နောက်ထပ် ကိုယ်ဝန်လွယ်ထားရတာပါပဲ။ အဲဒီမှာ တန် ရဲ့ စိတ်နေစိတ်ထားကိုလည်း တွေ့ရပါတယ်။ ပထမတော့ သူတို့မိသားစု အဆင်ပြေအောင် ဂျပန်တွေနဲ့ အလျဉ်းသင့်သလို ပေါင်းပေမယ့် တကယ့် အနစ်နာခံရမယ့် နေရာမှာတော့ တကယ့်ကို တာဝန်သိသိ အနစ်နာခံခဲ့၊ သတ္တိရှိခဲ့တာပါ။ ဒါပေမယ့် ကျန်ခဲ့တော့လည်း သူက အသတ်ခံရတာပါပဲ။ အဲဒီမှာ ဂျပန်စစ်ဗိုလ် အနိုင်ကျင့်သူ အီဒါကို နောက်တဲ့ သဘောကိုလည်း တကယ်တော်တဲ့ ဒါရိုက်တာက မရရအောင် ရိုက်ပြသွားပါသေးတယ်။ တန် ကို သတ်ခါနီး သတ်ကွင်းမှာ သူပြောတာက လူတိုင်းဟာ သေရမှာပဲတဲ့။ ဒီနေရာလေးက လှတယ်တဲ့။ ပြီးတော့ တန့်ကို သူ့ပါးစပ်က ဆေးလိပ်ကိုတောင် တိုက်လိုက်ပါသေးတယ်။ ခက်တာက တန်က ဆေးလိပ်မသောက်တတ်တာပါပဲ။ အစပိုင်းမှာလည်း တန်က ဆေးလိပ်မသောက်တတ်ပေမယ့် ဂျပန်စစ်သားတွေ အတင်းတိုက် ထိုးရောင်းလို့ ဆေးလိပ်တောင့်တွေ ၀ယ်ခဲ့ရတဲ့ အခန်းလည်း ပါပါသေးတယ်။ ဒီတစ်ခါတော့ တန် ဆေးလိပ်ကို အပီအပြင် ဖွာရှိုက်ပါတယ်။ သူ့ကို သတ်ခါနီး မျက်လုံးကို အ၀တ်နဲ့ စည်းတာကိုတောင် အစည်းမခံဘဲ ရဲရဲဝံ့ဝံ့ အသတ်ခံသွားခဲ့တာပါ။ ပြီး အီဒါကို စကားတစ်ခွန်းပြောသွားပါတယ်။ ငါ့မိန်းမမှာ ကိုယ်ဝန်ထပ်ရှိနေပြီကွ ဆိုတဲ့စကားလေးပါ။ ဂျပန်တွေသတ်လို့ သူ့သမီးလေးသေသွားပေမယ့် သူ့မျိုးဆက် ကျန်ခဲ့သေးတယ်ဆိုတဲ့ သဘောပေါ့။ မင်းတို့ ငါတို့ကို အပြီးသတ်တော့ အနိုင်မရပါဘူး ဆိုတဲ့ သဘောပေါ့။ သူ့တစ်လျောက်လုံးမှာ ဂျပန်တွေကို လိုက်လျောခဲ့သမျှ ဒီတစ်ခွန်းတည်းနဲ့ ချေဖျက်ဆန့်ကျင်ပြသွားတာပါ။ ဒါရိုက်တာ လု ဘယ်လောက်တော်သလည်း ဆိုရင် ဒီဇာတ်ကားထဲမှာ စကားပြောခန်း အများကြီးလည်း မပါသလို ပြောသွားတဲ့ တစ်ခွန်းနှစ်ခွန်းက တကယ့်ကို ကွက်တိကျ လိုအပ်ကောင်းမွန်လှပါတယ်။ အဲဒီမှာ အီဒါ တုန်လှုပ်သွားတာကို ပါးပါးလေးတော့ ရအောင် ပြသွားပါသေးတယ်။ အနိုင်ကျင့်သူတွေဟာ အနိုင်ကျင့်ခံရသူတွေရဲ့ စိတ်ဓါတ်နဲ့ သတ္တိကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဘယ်လိုလုပ် တန်ဖိုးထားတတ်မှာလဲ။ အီဒါ ကြောင်တောင်တောင် ဖြစ်တဲ့ အခန်းပေါ့။
အဲ့ ဒုက္ခသည်စခန်းမှာ ကျန်ခဲ့သူတွေကတော့ အများကြီးပေါ့။ ကျန်းရှုယွမ် လည်း ပါတာပေါ့။ အဲဒီမှာ ဂျပန်တွေက ထပ်တင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအားလုံးကို တစ်နေရာကို စုပို့ပြီး ယောက်ျားသားတွေထဲမှာ စစ်သားတွေ အများကြီး ပါဝင်တဲ့အတွက် ယောက်ျားသားတွေ အများစုကို စစ်ကားကြီးနဲ့ ခေါ်ပြီး သုတ်သင်ဖို့ လုပ်ပါတယ်။ ကျန်တဲ့ မိန်းမနဲ့ ကလေးတွေ ငိုကြတော့တာပေါ့။ အဲဒီမှာ သတ္တိရှိတဲ့ နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်ရဲ့ သတ္တိရှိရှိ ပြောဆိုမှုကြောင့် မိသားစုတစ်စုစီဟာ ခုနက စစ်ကားတွေပေါ်က အသတ်ခံရတော့မယ့် ယောက်ျားသားတစ်ယောက်စီကို ခေါ်ခွင့်ရှိပါတယ်။ အဲဒီမှာ အပျိုမလေး ကျန်းရှုယွမ်ဟာ အဖိုးကြီးတစ်ယောက်ကို သူ့အသိစိတ်နဲ့သူ သူ့အမျိုးသားဟန်ဆောင်ပြီး သွားခေါ် ကယ်တင်ပါတယ်။ ပြီး နောက်တစ်ယောက် နဲ့ နောက်တစ်ယောက်နဲ့ အခေါက်ခေါက်ပေါ့။ ခက်တာက ကားပေါ်မှာ လက်ဖတင်နင် လု တို့ တပ်ထဲက ထွက်ပြေးလာတဲ့ ရှန်စီ ရှိနေပါတယ်။ သူ့ကို သူ့သားလေး ရှောင် က သွားခေါ်တာလည်း မရပါဘူး။ ကလေးဆိုတော့ နှင်လွှတ်ခံရပါတယ်။ အဲတော့ လုံမလေး ကျန်း နောက်တစ်ကြိမ် သွားခေါ်ရပြန်ပါတယ်။ အဲလို သူ အကြိမ်ကြိမ်သွားခေါ်နေတာကို ကာဒိုကာဝါ မြင်ပါတယ်။ ဒါပေမယ့် သူကတော့ မသိချင်ယောင် ဆောင်နေပါတယ်။ ဒါပေမယ့် တခြားစစ်သားတစ်ယောက်က အီဒါကို သွားသတင်းပေးလိုက်တဲ့ အခါမှာတော့ သူတို့သုံးယောက်သားကို မိသွားတော့တာပေါ့။ အဲဒီမှာ နဂိုကတည်းက အမြင်ကပ်နေတဲ့ အီဒါဟာ လုံမလေးကျန်းကို သူ့စစ်သားတွေ ပျော်ဖို့ ပေးပစ်လိုက်ပါတယ်။ ဒဏ်ပေးတာပေါ့။ ဂျပန်စစ်သားတွေ ပျော်ပါးရင် သေတာထက်ဆိုးတာကို သိနေတဲ့ ကျန်းဟာ ကာဒိုကာဝါ ဘေးက ဖြတ်သွားရင်း သူ့ကို ပစ်သတ်ပါလို့ သနားစဖွယ်တောင်းဆိုပါတယ်။ အကောင်းဆုံးလမ်းဟာ သေခြင်းပဲ ရှိတော့တယ် ဆိုတဲ့ သဘောပါပဲ။ တစ်လျောက်လုံး သူကိုယ်တိုင်ရော၊ တခြားလူတွေကိုပါ ရှင်သန်အောင် ကြိုးစားရုန်းကန်ခဲ့တဲ့ လုံမလေး ကျန်းလည်း လက်လျော့အရှုံးပေးလိုက်ရပါတော့တယ်။ ဒါပေမယ့် သူ့လမ်းကို သူ့ဘာသာသူ ရွေးသွားတဲ့ သတ္တိ၊ အနိုင်ကျင့်ခံရပေမယ့်လည်း အနိုင်မယူနိုင်တဲ့ စိတ်ဓါတ်နဲ့ မကြောက်တရားကို ပြသွားတာပါ။ ကာဒိုကာဝါလည်း ၀မ်းနည်းစွာနဲ့ လိုက်လျောလိုက်ပါတယ်။ ကာဒို တစ်ယောက်တော့ လိပ်ပြာညစ်ပြီးရင်း ညစ်ပြီပေါ့။
အဲဒီအဖြစ်အပျက်တွေပြီးတော့ ကာဒိုကာဝါ က သူ့ကောင်မလေး ယူရီကို ဆီသွားပါတယ်။ ဖြစ်ချင်တော့ ယူရီကို ကလည်း နန်ကျင်းက ထွက်ပြေးရင်း သေပါပြီ။ အဲဒီမှာ တကယ်မေတ္တာစစ်နဲ့ ချစ်ခဲ့တဲ့ ကာဒိုကာဝါဟာ အဲဒီအိမ်က အမျိုးသမီးကြီးကို ငွေထုပ်ကလေး ပေးရင်း ယူရီကိုဟာ သူ့ဇနီးဖြစ်ခဲ့ဖူးပါတယ်တဲ့။ သူ့အတွက် အုတ်ဂူကောင်းကောင်းလေး လုပ်ပေးလိုက်ပါဆိုပြီး တောင်းဆိုရှာပါတယ်။ ကာဒိုကာဝါ တော့ မရတော့ပါဘူး။ သူ့အပြစ်တွေကို သူခွင့်မလွှတ်နိုင်တော့ဘူး ဖြစ်နေရပါပြီ။ သူ့လိပ်ပြာဟာ ဒီဘ၀နဲ့တောင် သန့်စင်လို့မရအောင် ညစ်ညမ်းနေပါပြီ။
အဲဒီမှာ ဂျပန်တွေဟာ နန်ကျင်းကို သိမ်းပြီးကတည်းက လေ့ကျင့်နေကြတဲ့ အောင်ပွဲနှင့် ကျဆုံးသွားကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုအကပွဲ ကျင်းပပါတယ်။ အဲဒီ ကပွဲကို ဒါရိုက်တာက အကြာကြီး ရိုက်ပြပါတယ်။ ဂျပန်ရိုးရာ နားလည်တဲ့ သူတွေဆိုရင်တော့ ပိုကြည့်ကောင်း ခံစားနိုင်မှာပါ။ ကျနော်ခံစားရသလောက်ကတော့ မီးခိုးငွေ့တွေတလူလူ၊ အပျက်အစီးတွေ၊ လူသေကောင်တွေနဲ့ မြို့ပျက်ကြီးထဲမှာ၊ အမှောင်ကြီးထဲမှာ သူတို့လုပ်နေကြတဲ့ အောင်ပွဲဟာ ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး။ ဘာလင်းလက်မှုမှ ရှိမနေတော့ပါဘူး။ အောင်ပွဲဆိုတာ ဒီလိုလားဆိုတာကို ပန်းချီဆန်ဆန် အကောင်းဆုံး ရိုက်ပြသွားတာပါ။ ပြီး ထန်ဂိုအောင်စည်ကြီးကို တီးခတ်တဲ့ စင်ကို ထမ်းနေကြတဲ့ တနည်းအားဖြင့် သမိုင်းတာဝန်ကို ထမ်းခဲ့ကြတဲ့ ကာဒိုကာဝါတို့ အုပ်စုလည်း သမိုင်းတာဝန်ကိုတော့ ထမ်းခဲ့ကြပေမယ့် သူတို့ လူတစ်ဦးချင်းစီရဲ့ လူသားတာဝန်ကိုတော့ မကျေပွန်နိုင်ခဲ့ကြပါဘူး။ သူတို့ တန်ရဲ့လား။ စဉ်းစားစရာပါပဲ။
နောက်ဆုံးအခန်းကတော့ ရှောင်ဇီတို့ သားအဖနှစ်ယောက်ကို သုတ်သင်ဖို့ ကာဒိုကာဝါနဲ့ ဂျပန်စစ်သားလေး တစ်ယောက်က တစ်နေရာကို ခေါ်ထုတ်သွားပါတယ်။ အဲဒီမှာ ကာဒိုကာဝါဟာ ရှောင်ဇီတို့ သားအဖကို မသတ်တော့ပါဘူး။ လွှတ်ပေးလိုက်ပါတယ်။ သူနဲ့ အတူပါလာတဲ့ စစ်သားလေးကို ပြောလိုက်တဲ့ စကားကတော့ ဒီကားရဲ့ အသက်ပါပဲ။ “ရှင်သန်ရတာဟာ သေရတာထက် ပိုခက်ခဲတယ်“ ဆိုတဲ့ စကားလေးပါ။ ဘယ်နေရာမှာပဲ စစ်ဖြစ်ဖြစ် စစ်ကြီးအတွင်းမှာတော့ လူသားတွေရဲ့ ရှင်သန်မှုဟာ ဒီအတိုင်းပါပဲ။ စစ်အတွင်းမဟုတ်ရင်ရော အဲဒီစကား မမှန်နိုင်ဘူးလား။ အစစအရာရာ နိမ့်ကျနေတဲ့ အခြေအနေမျိုးမှာတော့ စစ်ကြီးမဟုတ်လည်း ဒီအတိုင်းလို့ပဲ ပြောချင်ပါတယ်။ ခက်ခဲလွန်းတဲ့ ခေတ်ကြီးကို စိတ်ပိုင်းဆိုင်ရာသာ အနိုင်ယူလို့ ရချင်ရမယ်။ ရုပ်ပိုင်းဆိုင်ရာအရတော့ အားမတန် မာန်လျော့လိုက်ရတာတွေချည်းပါပဲ။ အဲဒီမှာပဲ အာဏာကို ဖီဆန်တဲ့ အတွက် အပြစ်ရှိတာကတစ်ကြောင်း၊ နန်ကျင်းမှာ လုပ်ခဲ့တဲ့ သူရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အပြစ်တွေကို ဘယ်လိုမှ ပြန်လည် ဆေးကြောနိုင်စွမ်း မရှိတော့တဲ့ အတွက် ကာဒိုကာဝါဟာ နောက်ဆုံးမှာတော့ ရှိုက်ကြီးတငင် ငိုကြွေးရင်း သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်လိုက်ပါတော့တယ်။ ရှန်စီတို့ သားအဖနှစ်ယောက်ကတော့ သေနတ်သံကို ကျောခိုင်းရင်း၊ တောပန်းလေးတွေ ပွင့်တဲ့ လမ်းပေါ်မှာ အားရပါးရကြီး ရီမောလျောက်လှမ်း သွားကြပါတော့တယ်။ ဇာတ်ကားကို ထွက်ပေါက်လေးတော့ ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ရှုတဲ့သူတွေ အဖို့မှာတော့ ရင့်နင့်ဖွယ်ရာ အတွေးတွေ တသီတတန်းကြီးနဲ့ ကျန်ခဲ့ရပါတယ်။
ဇာတ်ကားလေးရဲ့ နာမည်အတိုင်း ရှင်သန်ခြင်း နှင့် သေဆုံးခြင်း ရောပြွမ်းနေတဲ့ အဲဒီ နန်ကျင်းမြို့ကြီးထဲမှာ ဂုဏ်သိက္ခာရှိစွာ သေခြင်းကို ရွေးချယ်သွားတဲ့ သူတွေနဲ့ ရှက်ရွံ့ဖွယ်ရာ ရှင်ခြင်းကို ရွေးသွားတဲ့ သူတွေကို ဘယ်သူ့ကိုရော ကျနော်တို့က ပိုမှန်တယ်လို့ ပြောနိုင်ကြပါ့မလဲ။ သေခြင်းကို ရွေးချယ်သွားတဲ့သူတွေကို လေးစားမိသလို ရှင်ခြင်းကို ရွေးချယ်သွားတဲ့သူတွေကိုလည်း အပြစ်ပြောလို့ မရပြန်ပါဘူး။ ဇာတ်ကားတစ်လျောက်လုံး သူ့အသက်ရှင်သန် ဖို့ကိုသာ အားစိုက်သွားခဲ့တဲ့ ရှန်ဇီ လို လူမျိုးကိုရော ငကြောက်လို့ပဲ အပြစ်တင်ရမလား။ သတ္တိရှိတယ်ပဲ ပြောရမလား ဝေခွဲမရပါပဲ။
သေချာတာကတော့ အနိုင်ရသူတိုင်းဟာလည်း အကြောက်တရားနဲ့ ကင်းကွာနေတာတော့ မဟုတ်ပါဘူး။ သူတို့ အနိုင်ကျင့်လိုက်တဲ့ သူတွေကို ပြန်ပြီး မကြောက်လန့် မတုန်လှုပ်ရင်တောင် သူတို့ရဲ့ အတွင်းစိတ်၊ ယုတ်မာခဲ့မှုတွေကိုတော့ ပြန်လည် ကြောက်လန့်တတ်ကြောင်းကို ကာဒိုကာဝါရဲ့ လူပီသမှုလေး တစ်ကွက်တည်းနဲ့ ပြသွားပါတယ်။ ဂျပန်စစ်သားတွေထဲမှာ လူစိတ်ပေါ်တဲ့သူ ဆိုလို့ တရုတ်ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းနဲ့ ပြသွားပေမယ့်လည်း တခြားအနိုင်ယူသူတွေမှာလည်း ရှိတတ်တဲ့ ကြောက်စိတ်ကို မီးမောင်းရှင်းရှင်းလင်းလင်း ထိုးပြနိုင်ခဲ့ပါတယ်။ အောင်မြင်မှုရနေတဲ့ အချိန်သာ မမြင်ချင် မမြင်ရှိနေနိုင်ပေမယ့် နောင်တစ်ချိန်မှာတော့ ကြီးမားတဲ့ နောင်တတွေနဲ့ အတူ အကြောက်တရားတွေကို သူတို့ သေဆုံးချိန်အထိ တနင့်တပိုး မချိမဆန့် ခံစားသွားရမှာပါ။ ဒါ သေချာတဲ့ ကိစ္စပါပဲ။ ခက်တာက အဲဒီလို ကြောက်ပြီး ထပ်မံပြီး အဲဒီလို မကြောက်ချင်တော့လို့ ထပ်မိုက်နေဦးမယ် ဆိုရင်တော့ အဆိုးသံသရာကြီးပဲ ဖြစ်နေဦးမှာ။ ကြောက်ရမ်း မရမ်းဖို့လည်း လိုပါတယ်။ တစ်သက်လုံး နောင်တမရ ကြောက်မသွားတဲ့ သူတွေတော့ ရှိပါတယ်။ သေချာပါတယ်။ အဲဒါဆိုရင်တော့ ရူးနေလို့ပါပဲ။ ဒါကို အနိုင်ယူသူတွေဖက်က သတိချပ်ဖို့ လိုတာကို အကောင်းဆုံး ရိုက်ပြသွားခဲ့တဲ့ ကားလေးပါ။
ကဲ ကျနော်ရေးတာလည်း ဇာတ်ကွက် အရုပ်တွေကို စကားလုံးတွေနဲ့ ပေါ်အောင် ဖော်နေရတဲ့အတွက် တော်တော်လည်းရှည်နေပါပြီ။ ဇာတ်ကားကလည်း (လူမဆန်ညစ်ညမ်း အခန်းတွေလည်း တော်တော်ပါလို့ ခြောက်လတိုင်တိုင် ဆင်ဆာ တည်းဖြတ်တာတောင်) တကယ်ရှည်ပါတယ်။ ရှည်သလောက်လည်း ကြည့်ရ တန်ပါတယ်။ ကျနော် ဒီလောက်ရေးတာတောင် ဇာတ်ကားရဲ့ အနှစ်သာရတွေကို အနည်းငယ်ဖော်နိုင်ရုံပဲ ရှိတာပါ။ တခြား ဇာတ်ဝင်ခန်းကောင်းတွေ အများကြီး ကျန်ပါသေးတယ်။ ကောင်မလေးကို မတရားပြုကျင့်တဲ့နေရာမှာ ဂျပန်တွေ မုန့်တစ်ချက် တုတ်တစ်ချက် လုပ်ပုံတွေ၊ ကိုယ့်လူမျိုးအချင်းချင်းတောင် လူစိတ်မရှိပုံတွေ အများအများကြီး ကျန်ပါသေးတယ်။ ဇာတ်ကားကို ကိုယ်တိုင်ကိုယ်ကျကြည့်ပြီး တခြားအမြင်တွေ ရှုထောင့်တွေနဲ့လည်း နှစ်သက်ခံစားကြပါလို့သာ တိုက်တွန်းချင် ပါတော့တယ်။ အော် ဒါမျိုး နန်ကျင်းအကြောင်းရိုက်တဲ့ တရုတ်ကားကောင်းတစ်ကောင်း လည်း ရှိပါသေးတယ်။ The Flowers of War ပါ။ အဲ့ကားလေး ကလည်း တကယ်ကောင်းမွန်ပြီး ကြည့်သင့် ကြည့်ထိုက်တဲ့ ကားလေးပါ။ ကဲ အဲတော့ နောက်ဆုံးအနေနဲ့ အဲဒီလို ထိပ်တိုက်တိုးလာတဲ့ တိုက်ပွဲတွေကို ကြုံတိုင်း အနိုင်ရသူ တွေဖက်ကနေလည်း စာနာထောက်ထာြး့ပီး လူ့လောကကြီးကို လူပီသတဲ့ စိတ်လေးတွေနဲ့ ဖြတ်သန်းကြမယ်ဆိုမှသာ နောင်မှရတဲ့ နောင်တတွေ၊ အကြောက်တရားတွေနဲ့ ကင်းလွတ်ပြီး နေထိုင်သွားနိုင်ပါမယ်လို့ ပခုံးလေးပုတ်ရင်း အားလုံး အကြောက်တရားကနေ ကင်းလွတ်ကြပါစေလို့ ဆန္ဒပြုနိဂုံးချုပ်လိုက်ပါတယ်ဗျာ။     ။
(တရုတ်နာမည်များကို တတ်သလောက်မှတ်သလောက်ဖြင့်သာ အသံဖလှယ်ထားခြင်းဖြစ်ပါသည်။ မှားရင် သည်းခံကြပါ။)

                                                                                                                                                ရှိန်ဝါ

နာကျင်မှုနဲ့ ရင်းရသော ငွေကြေးများ (The Brass Teapot)


            ဒီနှစ်ပိုင်းတွေ အတောအတွင်း ဟောလိဝုဒ် ရုပ်ရှင်ကားတွေဟာ သဘာဝလွန်ကားတွေချည်းပဲ ရိုက်နေလို့ ရုပ်ရှင်ချစ် ပရိသတ်တော်တော်များများလည်း စိတ်ပျက်နေကြပါတယ်။ နည်းပညာတွေ အတတ်ပညာတွေ မြင့်မားလာတာနဲ့ အမျှ အနုပညာတွေဟာ အင်အားနည်းလာပါတယ်။ ဘယ်လောက်ပဲ အထူးပြုလုပ်ချက်တွေ ပိုင်နိုင်ကျွမ်းကျင်နေပါစေ အနုပညာပစ္စည်းဟာ အနုပညာတော့ မြောက်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို ရိုက်ချင်တယ်ဆိုရင်လည်း ခိုင်လုံသော အကြောင်းပြချက် (၀ါ) ရည်ရွယ်ချက်ကောင်းကောင်းတော့ ရှိရမှာပါ။ အဲလိုကားမျိုးတွေရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားတော့ ရှားပါတယ်။ အဲလို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ သဘာဝလွန်ရုပ်ရှင်ကား အနည်းစုတွေထဲက The Brass Teapot ဆိုတဲ့ ကားလေးကိုတော့ တော်တော်လေး နှစ်ခြိုက်မိပါတယ်။
            အဲဒီလို ရည်ရွယ်ချက်ကောင်းတဲ့ ကျန်တဲ့ကားလေးတွေလည်း ရှိပါတယ်။ ဥပမာ Lincoln: The Vampire Hunter ဆိုတဲ့ ကားဆိုရင် သွေးစုပ်ဖုပ်ကောင်တွေကို အရင်းရှင် ဂုတ်သွေးစုပ်တွေ အနေနဲ့ နိမိတ်ပုံပြ ရိုက်သွားတာပါ။ အဲ့ကားလေးထဲမှာ တော်တော်လေး လေးနက်တဲ့ အကြောင်းအရာတွေလည်း ပါပါတယ်။ သွေးစုပ်ဖုပ်ကောင် အချင်းချင်း ပြန်သတ်လို့ မရပါဘူး။ ဒါကြောင့် သွေးစုပ်ဖုပ်ကောင်တစ်ကောင်ဖြစ်တဲ့ လင်ကွန်းရဲ့သူငယ်ချင်းဟာ သွေးစုပ်ဖုတ်ကောင်တွေကို နှိမ်နင်းဖို့ လင်ကွန်းကိုပဲ အားပေးကူညီရတယ် တဲ့ဗျာ။ နောက်ပြီး သွေးစုပ်ဖုပ်ကောင် တွေကို နှိမ်နင်းနိုင်တဲ့ လက်နက်ဟာ ငွေ တဲ့ဗျာ။ ဒီနေရာမှာ ကွယ်လွန်သူ ကဗျာဆရာ ဟင်္သာတမောင်နွယ်ထွဋ် ရဲ့ “ဓနရှင်လူတန်းစားသို့ကလိထိုးခြင်း“ ဆိုတဲ့ ကဗျာကိုတောင် သွားသတိရမိပါတယ်။ ကဗျာလေးက သုံးကြောင်းထဲပါ။ “ကြမ်းပိုး၊ မှက်၊ယင်/ ခြင် နှင့် ဖြုတ်/ မျိုးတူ သွေးမစုပ်“ တဲ့ဗျာ။ နောက်ပြီး တကယ့် သဘာဝအလွန်လွန် Supernatural စီးရီးတွေထဲမှာတောင် လူတွေရဲ့ မှားယွင်းတဲ့ ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာတဲ့၊ နဂိုကတကယ်မရှိဘဲ အဲဒီလို လူတွေက ရှိတယ်လို့ ၀ိုင်းယုံကြလို့ ပေါ်လာတဲ့ သရဲတောင် ရှိသေးတယ်ဗျာ။ စိတ်ကြောင့် ရုပ်ဖြစ်ပေါ့ဗျာ။ နောက်ပြီး နာမည်ကြီး ဟာသမင်းသား Eddie Murphy သရုပ်ဆောင်တဲ့ A Thousand Words ဆိုတဲ့ ကားဆိုရင်လည်း လျှာအရိုးမရှိတိုင်း လျောက်ဖောနေတဲ့ စာအုပ်ပွဲစား တစ်ယောက် ဘယ်လို သင်ခန်းစာရသွားလဲ ဆိုတာကို ရိုက်သွားတာပါ။ သူ့စကားတစ်ခွန်းပြောတိုင်း သစ်ရွက်တစ်ရွက်ကြွေတဲ့ အပင်ကြီး သူ့အိမ်မှာ လာပေါက်နေတဲ့ အကြောင်းကို ရိုက်သွားတာပါ။ အဲ့သစ်ပင်ကြီးက သစ်ရွက်တွေ အကုန်ကြွေသွားရင် သူသေမယ်ပေါ့ဗျာ။ အဲဒီမှာ နောက်ဆုံးတော့ ငဖောပွဲစားက စကားလုံးတွေကို ဘယ်လို အကျိုးရှိစွာ ထိထိရောက်ရောက် ချွေချွေတာတာ သုံးသွားသလဲ ဆိုတာကို သင်ခန်းစာပေး သဘာဝလွန်ပြသွားပါ။
            အဲဒီကားတွေကြည့်ရင်းနဲ့ ပျော်လာတာတစ်ခုက နဂိုက အရှေ့တိုင်းသားတွေဆိုရင် မျက်မှောင်ကျုံ့ငုံ့ကြည့်တတ်ကြတဲ့ အနောက်တိုင်းသားတွေက အရှေ့တိုင်းက စိတ်ပိုင်းဆိုင်ရာ အယူတွေ၊ တန်ဖိုးတွေ ကို သိနားလည်လာတာပါပဲ။ တကယ့်ကို နာမ်ပိုင်း ရိုက်မယ်ဆိုရင် တရုတ်ရယ်၊ အိန္ဒိယရယ်ကိုပဲ မဖြစ်မနေ ဥပမာပေး ရိုက်ပါတယ်။ တကယ့်ကို အရှေ့တွေ အနောက်တွေ မခွဲခြားတော့ဘဲ လူမျိုးအသီးသီးရဲ့ ချစ်စရာဓလေ့တွေ၊ တန်ဖိုးစံနှုန်းတွေကို သိမြင်နားလည် တန်ဖိုးထားလာကြတာ အတိုင်းသားမြင်ရပါတယ်။ ဒီနေရာမှာ စီးပွားရေးအရ အာရှဈေးကွက်လို့ ငြင်းချင်လည်း ငြင်းနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ အခုထိ လူဖြူလုပ်သမျှ ဟုတ်ပ လုပ်နေကြတုန်းပါ။ စံများခြင်းနှင့် ဆန်းပြားခြင်း အလှကို မသိကြသေးပါဘူး။
            ထားပါတော့။ ရုပ်ရှင်ကားလေး အကြောင်းပြောကြရအောင်။ ကားလေးကတော့ ပေါ့ပေါ့ပါးပါး fancy ကားလေးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်ကွယ်က အကြောင်းအရာတွေကတော့ ကြက်သီးထဖွယ်ရာ လေးနက်လွန်းလှပါတယ်။ အဲ့ကားလေးဟာ ၂၀၁၃ ကမှ ထွက်တဲ့ ကားသစ်လေးပါ။ movie box မှာလည်း ၀င်ငွေတော်တော်ကောင်းခဲ့တဲ့ ကားလေးပါ။ အဓိက သရုပ်ဆောင်တွေကတော့ မင်းသမီးချောလေး Juno Temple နဲ့ မင်းသား Michael Angarano ပါ။
ဟာသကားလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် တကယ့်ကိုပေါ့ပေါ့လေးနဲ့ ပါးသွားတာပါ။ ဇာတ်လမ်းရဲ့အစမှာ စီးပွားရေး အဆင်မပြေတဲ့ လင်မယား နှစ်ယောက်အကြောင်းကို ရိုက်ပြပါတယ်။ မိန်းမကလည်း ဘွဲ့လေးတစ်ဘွဲ့ရပြီး အလုပ်အကိုင်ကမရှိ။ ပညာမာန်လေးကလည်း ရှိတော့ တော်ရုံနိမ့်တဲ့ အလုပ်လည်း မလုပ်ချင်။ ယောက်ျားကလည်း လုပ်ငန်းခွင်မှာ မအောင်မြင်။ အိမ်လခကိုတောင် ပုံမှန်မပေးနိုင်တဲ့ အခြေအနေပါ။ တစ်နေ့တော့ သူတို့လင်မယား ငွေရပေါက်ရှာဖို့ ကြံတုန်း ကံကလည်း ဆိုးချင်တော့ ကားအကြီးကြီးတစ်စီးက သူတို့ကားလေးကို လာအောင်းပါတယ်။ အဲဒီမှာပဲ အမျိုးသမီးက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေး တစ်ဆိုင်ကို တွေ့မိပြီး အဘွားကြီးတစ်ယောက် ကိုင်ထားတဲ့ ကြေးခရားအိုးလေးကို စိတ်ဝင်စားသွားပါတယ်။ အတိုချုံးပြောရရင် ပိုက်ဆံကလည်း မရှိတော့ အဲဒီကြေးခရားအိုးလေးကို ခိုးလာလိုက်ပါတယ်။ အစပိုင်း ရည်ရွယ်ချက်ကတော့ ရှေးဟောင်းပစ္စည်း လေလံတင်ပွဲမှာ လေလံတင်ရောင်းမလို့ပါ။ ဒါပေမယ့် နောက်နေ့တော့ ဖြစ်ချင်တော့ ကောင်မလေးက ဆံပင်ဖြောင့်နေရင်း မတော်မဆ ထိခိုက်မိပြီး နာသွားတဲ့ အခါမှာ သူ့အနီးအနားမှာ ရှိတဲ့ ကြေးခရားအိုးလေးက ထခုန်ပါတယ်။ ဒါနဲ့ ထူးဆန်းလို့ ဘာများလည်းလို့ ကြည့်လိုက်တော့ ဒေါ်လာတစ်ရွက် ရောက်နေပါတယ်။ အဲဒါနဲ့ပဲ သူ့ကိုယ်သူ ထပ်နာအောင် လုပ်ပြန်ပါတယ်။ ကြေးခရားအိုးလေးကလည်း ငွေထပ်ပေးပါတယ်။ အဲတော့ ဗြောင်းဆန်ပြီပေါ့။ အလုပ်ပြုတ်ပြီး ပြန်လာတဲ့ လင်ယောက်ျားကိုလည်း မချော့နိုင်၊ အပျော်ကြီး ပျော် တနည်းအားဖြင့် အနာကျင်ကြီး နာကျင်ပြီးတော့နေပါတယ်။ ယောက်ျားကိုလည်း ကြေးအိုးလေး အကြောင်းပြောပြပြီး လင်မယားနှစ်ယောက် အကြံကြီး ကြံကြတော့တာပေါ့။
            အစပိုင်းတော့ ယောက်ျားဖြစ်သူက ကြေးခရားအိုးလေးဟာ အဲဒီလို နာကျင်မှုကြီးတွေကို ကြိုက်နေတော့ စိတ်မသန့်တာနဲ့ပဲ လေလံတင်ပွဲမှာ သူ့မိန်းမ မသိခင် သွားရောင်းပါတယ်။ တကယ်လည်း မရောင်းဖြစ်ပါဘူး။ ပိုဆိုးသွားတာက သူတို့ဆီမှာ အဲ့ကြေးအိုးလေး ရှိနေမှန်း တော်တော်များများ သိသွားကြတာပါ။ အဲလို သိတဲ့သူတွေအထဲမှာ ကြေးခရားအိုးလေး သမိုင်းကို အတိအကျသိပြီး အဲဒီလို ကျိန်စာသင့် ကြေးအိုးလေးကို လိုက်လံဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ပညာရှင် ဒေါက်တာလင်း ဆိုသူလည်း ပါပါတယ်။ တကယ်တော့ အဲ့ကြေးခရားအိုးလေး တည်နေတာ ရာစုနှစ်နဲ့ ချီနေပါပြီ။ ဘုရင်တွေ၊ လူချမ်းသာတွေ၊ အာဏာရှင်တွေ၊ သာမန်လူတွေ အဆက်ဆက် ပိုင်ဆိုင်လာခဲ့တဲ့ အိုးလေးပါ။ ဒါပေမယ့် အဲ့အိုးလေးဟာ ပိုင်ဆိုင်သူတွေကို ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပေးစေတယ်ဆိုတာကို ဒေါက်တာလင်းက သိထားပါတယ်။ အဲဒါကြောင့်လည်း သူတို့မျိုးရိုးစဉ်ဆက် ဒီအိုးလေးကို ဖျက်ဆီးပစ်ဖို့ သမိုင်းပေးတာဝန်အဖြစ် လက်ခံကျင့်သုံးလာကြတာပါ။ ဒါပေမယ့် ခက်တာက အိုးလေးကလည်း သူ့ကို ထိပြီး ပိုင်ဆိုင်သွားပြီဆိုရင် အဲဒီပိုင်ရှင်က ပေးမှ တခြားလူက ယူလို့ရတာပါ။
            ပထမတော့ လင်မယားနှစ်ယောက်က သဘောတူညီချက်တစ်ခု လုပ်ပါတယ်။ ဒီအိုးလေးနဲ့ ဒေါ်လာတစ်သန်းရရင်တော့ တော်ပြီ၊ အိုးလေးကို စွန့်ပစ်လိုက်မယ်ပေါ့။ အဲဒါနဲ့ပဲ အမျိုးမျိုး သူတို့ ကိုယ့်ကိုယ်ကို ညှင်းဆဲပြီး ငွေရှာကြပါတယ်။ တက်တူးတွေထိုး၊ ဒဏ်ရာတွေရအောင်လုပ်နဲ့ ပိုက်ဆံတော့ ရလာပါတယ်။ သူတို့ ပင်ပန်းလွန်းပါတယ်။ တစ်ခါ တစ်ခါဆို လူရုပ်တောင် မပေါက်တော့ပါဘူး။ ဖြစ်ချင်တော့ သူတို့ စုထားတဲ့ ပိုက်ဆံတွေ ပြည့်ခါနီးမှာပဲ သူတို့မှာ ပြဿနာပေါ်ပါတယ်။ သူတို့မှာ အိုးလေးရှိမှန်းသိတော့ လူဆိုးနှစ်ယောက်က သူတို့အိမ်ကို လာရောက်ဖောက်ထွင်းပြီး သူတို့စုထားတဲ့ ပိုက်ဆံတွေ အကုန်လုံးကို ယူသွားပါတယ်။ အဲဒီအချိန်မှာ သူတို့က တော်တော်လည်း ချမ်းသာနေကြပါပြီ။ အိမ်ကြီး ရခိုင်ကြီးနဲ့ နေနေတာပါ။ အဲတော့ ရှိသမျှပိုက်ဆံလေးတွေကုန်သွားတော့ ပိုက်ဆံထပ်ရှာဖို့ နည်းလမ်းကို သူတို့ ထပ်မံစဉ်းစားရတော့မှာပါ။ ကားလေးက အဲ့အထိကို ပေါ့ပါးပြီး ဟာသဆန်ပါသေးတယ်။ လင်မယားနှစ်ယောက် အတူကြည်နူးနေတဲ့အချိန်မှာတောင် တစ်ယောက်ကို တစ်ယောက် နာကျင်အောင် ကန်လားကျောက်လား ထုလားထောင်းလားပေါ့။ ဒါပေမယ့် ကားလေးက နောက်ပိုင်းမှာတော့ တကယ့်ကို နာကျင်ဖွယ်ရာလေးနက်မှုတွေဆီကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားပါတော့တယ်။
            တစ်နေ့မှာတော့ မိန်းမလုပ်သူက အိုးလေးရဲ့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို ထပ်တွေ့ပါတယ်။ အိုးလေးဟာ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ရုံတင်မက အခြားသူတွေနာကျင်နေရင်လည်း အဲ့အိုးလေးကသာ အနားမှာရှိရင် ပိုက်ဆံရတယ်ပေါ့။ အဲဒီမှာ ပိုဆိုးလာပါတယ်။ လင်မယားနှစ်ယောက် အိုးလေး ပိုက်ပိုက်ပြီး နာကျင်မှုတွေရှိတဲ့နေရာတိုင်းကို အပြေးအလွှား သွားကြပါတော့တယ်။ လက်ဝှေ့ပွဲတွေ၊ ကလေးမီးဖွားခန်းတွေတောင် မရှောင်တော့ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ကို ပါးပါးလေးနဲ့ ကြောက်လန့်စရာ စပြတာက ငွေကြေးဆိုတာ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ရုံတင်မကဘဲ တခြားလူတွေကိုလည်း နာကျင်အောင် လုပ်ပါလား။ အခြားလူတွေရဲ့ နာကျင်ခြင်းကိုလည်း စတေးပြီး ငွေကြေးရှာလို့ရပါလား။ ငွေကြေးဟာ ဒီလိုမျိုးကြီးပါလားလို့ ကြည့်သူတွေကိုပါ နာကျင်အောင် ပြသွားတာပါ။
            ကားလေးက ဒီအတိုင်းမပြီးသေးပါဘူး။ အဆင့်ထပ်တတ်ပါတယ်။ တစ်နေ့မှာ မိန်းမလုပ်သူက အိုးလေးက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကိုထက် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပိုကြိုက်တယ်၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဆိုရင် ငွေတွေ ပိုပေးတတ်တယ်ဆိုတာကိုပါ ထပ်တွေ့ပြန်ပါတယ်။ ဒီနေရာမှာလည်း အမျိုးသမီးတွေရဲ့ ဖြတ်ထိုးဥာဏ်ကို လေးစားမိပြန်ပါတယ်။ အိုးလေးရဲ့ လျှို့ဝှက်ချက်တိုင်းကို တွေ့တာက မိန်းမလုပ်သူပါပဲ။ အဲဒီမှာပဲ သူတို့လင်မယားဟာ ဒေါက်တာလင်း ကြိုပြောခဲ့သလို အဆိုးဆုံး အခြေအနေကို ရောက်သွားတာပါ။ အဲဒီမှာပဲ တစ်ယောက်ကို တစ်ယောက် စိတ်ပိုင်းဆိုင်ရာ အထိရှဆုံး နာကျင်အောင် သူတို့ရဲ့ အိမ်ထောင်ရေး လျှို့ဝှက်ချက်တွေ အကုန်လုံးကို ဖွင့်ဟတော့တာပါပဲ။ တကယ့်ကို သာမန်ဇနီးမောင်နှံ နှစ်ယောက်ဆိုရင် အမုန်းကြီး မုန်းသွားစေလောက်တဲ့ လျှို့ဝှက်ချက်တွေပါ။ ဒါပေမယ့် သူတို့လင်မယားကတော့ အနည်းငယ် သွေးအေးသွားတာကလွဲရင် ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်လိုက်ပါဘူး။ အဲဒီမှာပဲ သူတို့ရဲ့ မိသားစုဘ၀မှာတင်မက တခြားလူတွေရဲ့ မိသားစုဘ၀က လျှို့ဝှက်ချက်တွေ အကုန်လုံးကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လိုက်လုပ်ပါတော့တယ်။ အဲဒီလို လုပ်ရင်းနဲ့ပဲ တစ်နေ့တော့ မိန်းမလုပ်သူက နောက်ဆုံးမှာ သူတို့အားကျ၊ မနာလိုတဲ့ သူရဲ့ ညီမတစ်ယောက်ရဲ့ အိမ်ထောင်ရေး လျှို့ဝှက်ချက်ကို ဖော်ဖို့သွားပါတော့တယ်။ အဲဒီမှာပဲ တစ်ချိန်လုံး ယောက်ျားလုပ်သူထက် လောဘပိုကြီးခဲ့တဲ့ မိန်းမလုပ်သူဟာ တကယ့်တကယ့်မှာတော့ သူမရဲ့ မိခင်စိတ်ကြောင့်ပဲ မရက်စက်နိုင်ခဲ့ပါဘူး။ သူမကို သူမလည်း အားမလို အားမရတောင် ဖြစ်ခဲ့ပါတယ်။ ဒီလို မလုပ်နိုင်ခဲ့လို့လည်း ယောက်ျားလုပ်သူက မိန်းမကို အပြစ်မတင်ခဲ့ပါဘူး။ မိန်းမကို အားပေးရင်း ရှေ့ဆက်ကြဖို့ ပြင်ကြပါတယ်။
            ရုပ်ရှင်ထဲမှာတော့ ဒီအပိုင်းဟာ တစ်ခန်းနှစ်ခန်းလောက်နဲ့ ပြီးသွားတာပါ။ ဒါပေမယ့် တကယ့်အပြင်မှာ ကြည့်ရှုသူအဖို့တော့ တွေးစရာ တသီတတန်းကြီးကို ဖြစ်စေပါတယ်။ ပထမဆုံး အိမ်ထောင်ရေးဆိုတဲ့ အရာတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာ အနည်းနဲ့ အများဆိုသလို ရှိကြပါတယ်။ အဲ့လျှို့ဝှက်ချက်တွေဟာ အပွင့်လင်းဆုံး ဖွင့်ထုတ်ပြောရင်ကောင်းသလား၊ ထိန်ချန်ထားရင်ကောင်းမလား ဆိုတာကို တစ်ဦးချင်း တစ်ဘ၀ချင်းနဲ့ပဲ ဆုံးဖြတ်ရမှာပါ။ တကယ်လို့ အဲဒီ လျှို့ဝှက်ချက်တွေ ပေါ်လာပြီဆိုရင်လည်း ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။ ဒါကြီးကိုပဲ အပြစ်ဖို့ပြီး အိမ်ထောင်ရေးကို အဆုံးသတ်ကြမလား။ ဒါမှမဟုတ် အဲဒီလို ဆိုးကွက်တွေကို နားလည်သည်းခံ ခွှင့်လွှတ်ပြီး ချစ်ခြင်းမေတ္တာကိုသာ အဓိကထားပြီး ရှေ့ဆက်ကြမှာလား။ စဉ်းစားစရာပါ။ အိမ်ထောင်တစ်ခုရဲ့ ယောက်ျားမိန်းမ ချစ်ခြင်းတရားထက် အခြားဘယ်အရာတွေက အရေးကြီးလည်း ဆိုတာကို ဆုံးဖြတ်ကြရမှာပါ။ အဲ့ကားလေးမှာ နောက်တစ်ခုလည်း ပါးပါးလေး ပြသွားပါသေးတယ်။ အိမ်ထောင်ရေးရဲ့ ဆည်းလည်းသံလေးတွေဖြစ်တဲ့ ကလေးယူဖို့ ကိစ္စပါပဲ။ ရင်သွေးလေးတွေ ရှိနေတဲ့ အိမ်ထောင်ရေးဟာ မရှိကြတဲ့သူတွေထက်တော့ ပိုမိုခိုင်မြဲသာယာတတ်တာကိုလည်း ပြသွားပါသေးတယ်။ သူတို့လို အိမ်ထောင်ရေး အချိန်မရွေးပြင်ဆင်ဖို့ မတွန့်ဆုတ်ကြတဲ့သူတွေတောင် အိမ်ထောင်ရေးကို ခိုင်မြဲဖို့၊ စည်ပင်ဖို့ကြိုးစားလာကြတာကိုလည်း ကြည်နူးဖွယ်ရာ တွေ့မြင်ရပါတယ်။
            နောက်တစ်ခုကလည်း လောကဓံ အကောင်းအဆိုး ဘာတွေပဲ ကြုံလာရ၊ ကြုံလာရ မိမိရဲ့ ကိုယ်ပိုင်စိတ်အကြည်ဓါတ်လေးကို ထိန်းသိမ်းရမယ်ဆိုတာကိုလည်း ပြသွားပါသေးတယ်။ ကားလေးထဲမှာတော့ ဒေါက်တာလင်းက သူတို့ကို အဆိုးတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးတာကိုတောင် သူတို့က မာန်တက်ပါတယ်။ ငါတို့က တခြားလူတွေနဲ့ မတူဘူး။ ငါတို့ဟာ အဲလစ် နှင့် ဂျွန်လို့ အားတင်းထားတတ်ကြပါတယ်။ တစ်ခုခု ဖြစ်လာတိုင်းလည်း ငါတို့ဟာ အဲလစ် နှင့် ဂျွန်၊ အဲလစ် နှင့် ဂျွန် ဆိုပြီး ရင်ဆိုင်ဖြေရှင်းတတ်ကြပါတယ်။ လူ့လောကကြီးမှာ အရေးကြီးဆုံးဖြစ်တဲ့ တစ်သီးပုဂ္ဂလကောင်းမွန်မှုတွေကို သူတို့ နိုင်သလောက် ထိန်းသိမ်းသွားကြတာပါ။ ကြည့်နေရင်း အားတတ်ရပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကလည်း ဖောက်ပြန်မသွားပါဘူး။ မုန်းလောက်အောင် အပြစ်တွေ ဖြစ်နေတာတောင် ခိုင်မြဲ ချစ်ဆဲ ဖြစ်နေပါသေးတယ်။ စံနမူနာယူစရာလေးပါပဲ။
            နောက်ပိုင်းမှာတော့ အဲလစ်ဟာ အခြေအနေပိုဆိုးလာပါတယ်။ အဆုံးစွန်သော နာကျင်မှုဖြစ်တဲ့ လူသတ်ဖို့ကိုတောင် စဉ်းစားလာပါတော့တယ်။ ဒါပေမယ့် ဇာတ်သိမ်းမှာတော့ သူတို့ကို အမြဲအနိုင်ကျင့်ခဲ့တဲ့ နဂိုအိမ်ငှားပိုင်ရှင်ကောင်လေးတို့ လင်မယားရယ်၊ သူတို့ရဲ့ ငွေတွေကို လာဓါးပြတိုက်သွားတဲ့ လူဆိုးနှစ်ယောက်ရယ် သေခြင်းတရားနဲ့ ဇာတ်သိမ်းသွားတာကိုပါ ပြပါတယ်။ အဲလစ်တို့ လင်မယားကတော့ ဘာမှ မဖြစ်လိုက်ပါဘူး။ နောက်ဆုံးမှာ ဒေါက်တာလင်းဆီကို အဲ့အိုးလေးကို အပ်နှံနိုင်လိုက်ပါတယ်။ ဒီနေရာမှာလည်း အဲလစ်တို့ရယ် လောဘနဲ့ သေဆုံးသွားတဲ့ လူလေးယောက်ရယ် လောဘကို ယှဉ်ပြသွားတာပါ။ သဘောကတော့ လောဘပိုကြီးလေလေ ပိုမိုနာကျင်ရလေလေ ဆိုတဲ့ သဘောပါပဲ။ အနာခံမှ အသာစံရမယ်ဆိုတဲ့ သဘောကို အခြားတစ်ဖက်မှ ဆင်ခြင်ပြီး ရိုက်ပြသွားတာပါ။ အဲဒီလို ဒေါက်တာလင်းဆီကို ပြန်အပ်တဲ့ အခါမှာ ဒေါက်တာလင်းက သူတို့ လင်မယားကို စကားတစ်ခွန်းပြောပါတယ်။ သူရဲကောင်းတွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ စတဲ့ လူတွေအားလုံး ဒီအိုးလေးကို ပိုင်ဆိုင်ဖူးပေမယ့် မင်းတို့လို စွန့်လွှတ်နိုင်တဲ့သူကတော့ တော်တော့်ကို နည်းပါတယ်တဲ့။ ကျွန်တော်တို့ရော သူတို့ လင်မယားနေရာမှာဆို စွန့်လွှတ်နိုင်ပါ့မလား။ စိတ်ကူုးကြည့်ချင်စရာပါပဲ။
            အိုးလေးက ပြသွားတဲ့ အကွက်တွေကလည်း တော့်တော့်ကို ကြောက်စရာကောင်းပါတယ်။ အိုးလေးဟာ သူ့ကို ပိုင်ဆိုင်ရသူ တိုင်းဟာ သူတို့ကို ရင်ထဲမှာရှိတဲ့ မကောင်းတဲ့စိတ်ငုပ် စိတ်ရင်းတွေကို အထင်ရှားဆုံး ပေါ်လာအောင် လုပ်ပေးနိုင်ပါတယ်။ ဒီနေရာမှာယှဉ်ပြီး အဲလို သဘောမျိုးရိုက်ထားတဲ့ Johnny Depp ပါဝင်သရုပ်ဆောင်ထားတဲ့ Chocolate ဆိုတဲ့ကားကိုလည်း ယှဉ်ကြည့်သင့်ပါတယ်။ အဲ့ကားမှာလည်း ချောကလက်စားမိသူတိုင်းဟာ သူတို့ရဲ့ အကောင်းရော အဆိုးပါ စိတ်ရင်းအမှန်တွေ ပေါ်လာစေတာကို ရိုက်ပြတာပါ။ ပုထုဇဉ်လူသားတိုင်းကတော့ သူတို့ရဲ့ စိတ်ရင်းအမှန်တွေကို ချမပြရဲကြပါဘူး။ ပေါ်လာမှာလည်း စိုးကြပါတယ်။ ဒါလည်း အမှန်တရားပါပဲ။ အဲဒီ Chocolate ထဲမှာလည်း ဇာတ်ကောင်တွေဟာ သူတို့ရဲ့ စိတ်ရင်းအမှန်တွေ ပေါ်လာမှာစိုးတဲ့အတွက် ချောကလက်ရောင်းသူကိုတောင် ရန်လုပ်တဲ့အထိ၊ စုန်းလို့ သမုတ်ကြတဲ့အထိဖြစ်ပါတယ်။ ဘာသာတရားဆိုတာကလည်း စိတ်ရင်းအမှန်တွေကို ဖုံးထားဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ရင်းအမှန်တွေကို အရှင်းအတိုင်း သိမြင်ပြီး စီမံခန့်ခွဲ ထိန်းကွပ်တတ်ဖို့ပါပဲ ဆိုတာကိုလည်း Chocolate ပြသွားပါတယ်။ အခု ဒီကားလေးထဲမှာလည်း အဲလစ်တို့ဟာ သူတို့ရဲ့ စိတ်ရင်းအမှန်တွေ ပေါ်လာမှာလည်း မစိုးရိမ်ကြပါဘူး။ ငွေလောဘကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပင်ကိုယ်စိတ်ရင်းကောင်းလေးတွေကိုတော့ ဘာအတွက်နဲ့မှ အစွန်းထင်းမခံကြပါဘူး။ အဓိကကတော့ အဲလစ် ဟာ အဲလစ် ဖြစ်နေသေးတာပါပဲ။ ဂျွန်ဟာ ဂျွန်ဖြစ်နေသေးတာပါပဲ။
            ငွေကြေးရယူလိုမှုနဲ့ ပတ်သတ်လို့ ကြည့်မယ်ဆိုရင်လည်း ငွေကြေးဟာ နည်းမှန် လမ်းမှန်နဲ့ မရှာဖွေတတ်ရင် ကိုယ်ကိုယ်တိုင်ကိုသာမက တခြားသူတွေကိုပါ နာကျင်တတ်စေပါလား ဆိုတာကိုလည်း ကြက်သီးထဖွယ်ရာဖြစ်အောင် ကားလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ပြသွားတာပါ။ ဇာတ်ကားလေးကတော့ အဲလစ်တို့ ဇနီးမောင်နှံဟာ ဟိုလူလေးယောက်သေလို့ ရလာတဲ့ ပိုက်ဆံတွေကို အဲလစ်ရဲ့ သူငယ်ချင်း နွမ်းပါးသူတစ်ယောက် ကိုလည်း ပေးဝေရင်း၊ အဲလစ်ဟာ သူတို့ရဲ့ ရင်သွေးလေးကိုလည်း လွယ်ထားရင်း စိတ်လက်ပေါ့ပါးစရာလေး အဖြစ် အဆုံးသတ်သွားပါတယ်။ ဒေါက်တာလင်းကတော့ အဲဒီ ထူးဆန်းအံသြဖွယ်ရာ ကြေးခရားအိုးလေးကို ဟိုးပင်လယ်သမုဒ္ဒရာကြီးရဲ့ ကြမ်းပြင်အောက်ကို ပစ်ချရင်း ကားလေးကို အဆုံးသတ်လိုက်ပါတယ်။
            အဲဒါကြောင့်လည်း သဘာဝလွန်ကားတွေ များတိုင်းလည်း ရုပ်ရှင်ချစ်ပရိတ်သတ်များ စိတ်မပျက်ကြဖို့ပါ။ သဘာဝလွန် မဟုတ်တမ်းတရား ဖြစ်နေပေမယ့်လည်း တကယ့်ကို ရည်ရွယ်ချက်ကောင်းကောင်း၊ အကြောင်းအရာကောင်းကောင်းနဲ့ ရိုက်ထားတဲ့ကားတွေ အများကြီး ရှိပါတယ်။ ယူတတ်ရင် ဘယ်နေရာကမဆို ရတယ်လို့ ပြောနိုင်ပေမယ့် တကယ့်ကို ယူချင်စရာကောင်းအောင် လှပစွာ ရိုက်သွားတဲ့ ရုပ်ရှင်ကားတွေ အများကြီး ရှိပါသေးတယ်။ The Illusionist တို့ Finding Neverland တို့ ဟာသကားဖြစ်တဲ့ Bruce Almighty တို့ အများကြီးရှိပါသေးတယ်။ ကြည့်ရတန်တဲ့ ကားတွေပါ။
ဒီကားလေးကတော့ ရုပ်ရှင်ကြည့်သူတွေကို ငွေကြေးနှင့် ပတ်သတ်တဲ့ သင်ခန်းစာကို ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲစွဲအောင် ပြသသွားတာပါ။ တကယ်တော့ ငွေကြေးဆိုတာ လူတို့ အဆင်ပြေစေဖို့ လူတို့ ဖန်တီးခဲ့တဲ့ အရာပါ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ငွေကြေးကြောင့်ပဲ လူတွေ အဆင်မပြေဖြစ်လာကြပါတယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲကြတာတွေ၊ နိုင်ငံအချင်းချင်း လုယက် သတ်ဖြတ်ကြတာတွေ အထိဖြစ်လာကြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ရင်းသော် လည်းကောင်း၊ အခြားလူတွေကို နာကျင်အောင် လုပ်ရင်းသော်လည်း ငွေကြေးကို ငမ်းငမ်းတက် ရှာဖွေနေတာကို ရင်နာဖွယ်ရာ မြင်တွေ့နေရပါတယ်။ ဘာပဲဖြစ်ဖြစ် ငွေဆိုတာ ရှင်သန်ရပ်တည်ဖို့အတွက်တော့ လိုအပ်ပါတယ်။ အဲဒီတော့ ရှင်သန်ရပ်တည်ဖို့အတွက် ငွေကြေးကို နည်းမှန် လမ်းမှန် ရှာဖွေရင်းနဲ့ပဲ ငွေကြေးထက် အဆပေါင်းများစွာ ပိုမို အရေးပါတဲ့ မိသားစုချစ်ခြင်းတွေ၊ မေတ္တာတရားတွေကိုပါ ရှင်သန်နွေးထွေး ကြီးထွားအောင် ထိန်းသိမ်းထားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း………………………။     ။

                                                                                                                                                            ရှိန်ဝါ

“ပညာရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး” (Education and World Peace by J Khrishanamurti)

                                                
          ပညာရေးဟာ ယနေ့ခေတ်ကမ္ဘာကြီးရဲ့ ပဋိပက္ခတွေမှာ ဘယ်လိုအခန်းကနေ ပါဝင်နေသလဲဆိုတာကို စူးစမ်းချင်တယ် ဆိုရင်တော့ ငါတို့ဟာ အဲဒီ ပဋိပက္ခတွေ ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲဆိုတာ အရင်ဆုံး နားလည်နေရပါမယ်။ ဒါကလဲ ရှင်းပါတယ်။ အဲဒီ ပဋိပက္ခတွေဟာ ငါတိုရဲ့ လူလူချင်း ဆက်ဆံမှုအပေါ်၊ ပစ္စည်းဥစ္စာတွေ အပေါ်၊ အတွေးအခေါ်တွေ အပေါ် ထားရှိတဲ့ မှားယွင်းတဲ့ တန်ဖိုးထားမှုတွေ ကြောင့်ပါပဲ။ လူမှုဆက်ဆံရေးမှာ ငါတို့ဟာ ကိုယ့်ကိုယ်ကို ပေါ်လွင်အောင် လုပ်ဖို့ကိုသာ အခြေပြုနေရင်၊ ပစ္စည်းဥစ္စာတွေအပေါ်တွေကိုသာ တပ်မက်နေရင်၊ လူမှုအဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ တည်ဆောက်ပုံဟာ အပြိုင်အဆိုင်များတဲ့၊ အတ္တကိုသာ ဗဟိုပြုနေတဲ့ တည်ဆောက်ပုံကြီး ဖြစ်လာတော့မှာပေါ့။ အတွေးအခေါ်တွေအပေါ်ထားတဲ့ သဘောထားမှာလည်း ကိုယ့်အယူဝါဒကို အခြားအယူဝါဒတွေနဲ့ ဆန့်ကျင်ငြင်းခုံနေမယ်ဆိုရင် တစ်ဦးအပေါ် မယုံကြည်မှုတွေ၊ မလိုမုန်းတီးမှုတွေသာ လွှဲရှောင်လို့ မရတော့အောင် ဖြစ်လာတော့မှာပေါ့။
          ယခုလို ပရမ်းပတာကြီးဖြစ်နေရတဲ့ နောက်ထပ်အကြောင်းရင်း တစ်ချက်ကတော့ ငါတို့ဟာ နေ့စဉ်ဘ၀မှာပဲဖြစ်ဖြစ်၊ စာသင်ကျောင်းလေးမှာပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်မှာပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်တွေအပေါ်မှာ၊ ခေါင်းဆောင်တွေ အပေါ်မှာသာ မှီခိုလွန်းအား ကြီးနေတာပါပဲ။ ခေါင်းဆောင်တွေ နှင့် သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေဆိုတာက ဘယ် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာဖြစ်ဖြစ် အပျက်သဘောဆောင်တဲ့ အကြောင်းအခြင်းရာတွေပါပဲ။ ငါတို့ဟာ လူတစ်ယောက်ရဲ့ဦးဆောင်မှုနောက်ကို ဘုမသိဘမသိ ဘဲ လိုက်နေမယ် ဆိုရင်တော့ အကြောက်တရားတွေ၊ ထူးမခြားနားအခြေအနေတွေ ဖြစ်လာမှာ တင်မက လက်ဝါးကြီးအုပ်ထားတဲ့ ရက်စက်မှုတွေ၊ စည်းစနစ်ကြီးတင်းကျပ်တဲ့ ဘာသာရေးတစ်ခုက ပြစ်တင်ရှုံ့ချတာတွေ အထိတောင် နောက်ဆုံးမှာ ဖြစ်လာနိုင်ပါတယ်။
          ငါတို့ဟာ ကိုယ့်ကိုယ်ကို နားလည်ခြင်းကနေ မစတင်ဘဲ ငြိမ်းချမ်းရေးအတွက် အစိုးရတွေအပေါ်ကိုသာ မှီခိုဖို့၊ အဖွဲ့အစည်း တွေ အာဏာပိုင်တွေကိုသာ မျှော်ကိုးနေမယ်ဆိုရင်တော့ ဒါဟာ ပိုပြီး ရှုပ်ထွေးကြီးမားတဲ့ ပဋိပက္ခကြီးကို ဖန်တီးတာပဲ။ လူတစ်ဦး နှင့် တစ်ဦးကြားမှာ သူရဲကောင်းဆန်မှုတွေ၊ အဆုံးမရှိတဲ့ အတိုက်အခိုက်တွေ ရှိနေတဲ့ လူအဖွဲ့အစည်းကြီး တစ်ခုကို လက်ခံနေသမျှ ကာလပတ်လုံး ရှေရှည်တည်တံခိုင်မြဲတဲ့ ပျော်ရွှင်မှုဆိုတာ ငါတို့ ဘယ်တော့မှ ရတော့မှာ မဟုတ်ပါဘူး။ ငါတို့ဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောင်းလဲချင်ရင် ငါတို့ ကိုယ့်ကိုယ်ကို အရင်ဆုံး ပြောင်းလဲရမှာပါ။ အဲဒါဟာ ဘာကိုဆိုလိုသလဲ ဆိုတော့ ငါတို့ဟာ နေ့စဉ် ဘ၀မှာ ငါတို့ပြုမူနေတဲ့ ငါတို့ရဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေ အားလုံးကို သတိထားရမှာကို ဆိုလိုတာပါ။
          ဒါပေမယ့် တကယ်တမ်းမှာတော့ ငါတို့ဟာ ငြိမ်းချမ်းရေးကို လိုချင်တာ မဟုတ်ပါဘူး။ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း ကိုလည်း အဆုံးသတ်ချင်တာ မဟုတ်ပါဘူး။ ငါတို့ရဲ့ လောဘတွေကို ကြားဝင်နှောင့်ယှက်မယ့် အရာကိုလည်း ငါတို့ ခွင့်မပြုနိုင်ပါဘူး။ ငါတို့ရဲ့ လက်ရှိ လူအဖွဲ့အစည်းကြီးရဲ့ အခြေခံ တည်ဆောက်ပုံတွေကိုလည်း မပြောင်းလဲချင်ကြပါဘူး။ ဒါတွေအားလုံးဟာ အတုအယောင်ဖန်တီးခြင်းတွေ နဲ့အတူတွဲပါလာတဲ့အတွက် ငါတို့ဟာ ဒီအရာတွေကို ဆက်လက်ပြီး တည်ရှိနေစေချင်ကြပါတယ်။ ဒါကြောင့်ပဲ အင်အားကြီးမားသူတွေ ကောက်ကျစ်သူတွေကပဲ ငါတို့ရဲ့ ဘ၀တွေကို သေချာပေါက် ကြီးစိုး အုပ်ချုပ်တော့တာပါပဲ။
          ငြိမ်းချမ်းရေးဆိုတာ ဘယ်အယူဝါဒကမှ မရရှိနိုင်ပါဘူး။ ဥပဒေတွေပြဌာန်းခြင်းတွေ အပေါ်မှာလည်း မူတည် မနေ ပါဘူး။ ငါတို့ဟာ ငါတို့တစ်ဦးချင်းစီရဲ့ ကိုယ့်ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေကို နားလည်လာမှသာ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာတာပါ။ ငါတို့ဟာ ငါတို့ တစ်ဦးချင်းပြုမူဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေကို ရှောင်လွဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးမယ့် စနစ်သစ်တစ်ခုကိုသာ မျှော်ကိုးစောင့်ဆိုင်းနေမယ်ဆိုရင်တော့ ငါတို့ဟာ အဲဒီစနစ်ရဲ့ ကျေးကျွန်တွေသာလျှင် ဖြစ်လာတော့မှာပေါ့။
          အုပ်ချုပ်တဲ့ အစိုးရတွေ၊ အာဏာရှင်တွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ နှင့် တရားဝင် အင်အားကြီးသူတွေ ဟာလည်း တစ်ချိန်ချိန်မှာတော့  လူသားတွေကြားမှာ တိုးပွားလာတဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေကသာလျှင် အဆုံးမသတ်နိုင်တဲ့ ပျက်စီးခြင်းတွေကို ဖြစ်ပေါ်စေနိုင်ကြောင်း နှင့် အဲဒီလို ဆန့်ကျင်မှုတွေကနေ ဘာအကျိုးကျေးဇူးမှ ရမလာနိုင်ကြောင်းကို သိမြင်လာတတ်ပါတယ်။ အဲဒီလို စတင်ပြီး သိမြင်လာပြီ ဆိုရင်တော့ သူတို့က  ငါတို့ကို ဥပေဒေပြုခြင်းတွေ နှင့် အခြားတွန်းအားပေးတဲ့ နည်းလမ်းပေါင်းစုံကို ကျင့်သုံးပြီး ငါတို့ရဲ့ တစ်ဦးချင်း လိုအင်ဆန္ဒတွေကို ဖိနှိပ်ထားဖို့ကို ရည်ရွယ်ပြီး လူသားတွေရဲ့ အကျိုးအတွက် အတူတူပူးပေါင်းဆောင်ရွက်ကြဖို့ စတင်ကြပါစို့ ဆိုပြီး ငါတို့ကို တွန်းအားပေးဖို့ ကြိုးစားလာတတ်ပါတယ်။ ငါတို့အားလုံးဟာလည်း အခုအချိန်မှာ ပညာတတ်တွေ ဖြစ်နေပြီး တစ်ဦးနှင့် တစ်ဦး ပြိုင်ဆိုင်ဖို့၊ ဒေါသတရားတွေ ထားရှိဖို့ကိုပဲ အားပေးအားမြှောက်ပြုခံနေရသလိုမျိုး ဖြစ်နေသလိုလို ဘာလိုလိုနဲ့ပါ။ သူတို့က ငါတို့ကို တစ်ဦးနှင့် တစ်ဦး မဖြစ်မနေ လေးစားကြပါ၊ ကမ္ဘာကြီးအတွက် ငါတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ကြပါဆိုပြီး မဖြစ်မနေ တွန်းအားပေးလာကြတော့တာပါပဲ။ အဲဒီလို ဆိုရင်တော့ ငါတို့အားလုံးဟာ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ် နေရတယ် ဆိုရင်တောင် ပဋိပက္ခတွေ၊ ဆန့်ကျင်တိုက်ခိုက်မှုတွေက မကင်းလွတ်နိုင်ပါဘူး။ အဲဒီလို ငါတို့ကို အခုလို တွန်းအားပေးတဲ့သူတွေ အခုထက် ပိုပြီး ဆိုးရွားပြင်းထန် ဒုက္ခပေးလာမယ့် လေယာဉ်တစ်စီးအပေါ် ပြောင်းစီးရသလောက်ပဲ ဖြစ်နေတော့မှာပါ။ တကယ်တမ်းမှာတော့ သင့်မြတ်လျော်ကန်တဲ့ အပြုအမူ သို့မဟုတ် ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကိုယ်တိုင် စိတ်ပါလက်ပါ အလိုအလျောက် ပြုမူဆောင်ရွက်တာကို ခေါ်တာပါ။ ငါတို့ တစ်ဦးချင်းစီဟာ ကိုယ့်ကိုယ်ကို နားလည်နေမှသာလျှင် လူသားတွေအတွက် ငြိမ်းချမ်းခြင်းတွေ၊ ပျော်ရွှင်မှုတွေကို ဆောင်ကျဉ်းပေးနိုင်ကြမှာပါ။
          ယုံကြည်မှုတွေ၊ အတွေးအခေါ်အယူဝါဒတွေ၊ စည်းစနစ်ကြီးလွန်းတဲ့ ဘာသာရေးတွေဟာ ငါတို့ရဲ့ အိမ်နီးချင်း တွေကို ဆန့်ကျင်ကြဖို့ ဖန်တီးနေကြပါတယ်။ အဲဒီမှာပဲ ပဋိပက္ခတွေ စတော့တာပါပဲ။ မတူညီတဲ့ အမျိုးမျိုးသော လူမှုအဖွဲ့အစည်းတွေ ကြားမှာရော။ လူမှုအဖွဲ့အစည်း တစ်ခုတည်းအတွင်းမှာ ရှိတဲ့ အုပ်စုတွေ ကြားမှာရောပေါ့။ ငါတို့ဟာ ငါတို့ကိုယ်ကို ငါတို့ နိုင်ငံတစ်ခုဆိုပြီး ကိုယ်ရည်သွေးနေသမျှ ကာလပတ်လုံး၊ လုံခြုံရေးဆိုတာကိုပဲ မက်မောနေသမျှ ကာလပတ်လုံး၊ ငါသာမှန် သူများဆိုမှား ဆိုတဲ့ အယူဝါဒကြီးအောက်မှာ ရှိနေသမျှ ကာလပတ်လုံး ၊ ငါတို့ကိုယ်တိုင်ရော ကမ္ဘာကြီးမှာရော တိုက်ပွဲတွေ၊ စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေသာ တွေ့ကြုံရတော့မှာ ဆိုတာကို ငါတို့ မဖြစ်မနေ သဘောပေါက်ထားရပါမယ်။
          ဟုတ်ပြီ။ ဒါဆိုရင် မျိုးချစ်စိတ် ဆိုတာရော ဘယ်မှာလဲလို့ မေးခွန်း သေချာပေါက်ထုတ်ကြတော့မှာပါ။ ငါတို့ ဘယ်အချိန်မှာ မျိုးချစ်စိတ် ဖြစ်ကြသလဲ။ မျိုးချစ်စိတ်ဆိုတာ နေ့တိုင်း ဖြစ်နေတဲ့ ခံစားချက် မဟုတ်တာကတော့ သိသာထင်ရှားပါတယ်။ တကယ်တမ်းမှာတော့ ငါတို့မှာ မျိုးချစ်စိတ်တွေ ဖြစ်လာအောင် ဖျားယောင်းသွေးဆောင် တွန်းအားပေးခံနေကြရတာပါ။ ကျောင်းပြဌာန်းစာအုပ်တွေကနေ ဖြစ်စေ၊ သတင်းစာတွေကနေ ဖြစ်စေ၊ အခြားသော ၀ါဒဖြန့်တဲ့ ရုပ်သံလိုင်းတွေကနေ ဖြစ်စေ ငါတို့ ရဲ့ အမျိုးသားသူရဲကောင်းတွေကို မြှောက်စားပြီး ငါတို့ဟာ ကိုယ့်မင်း ကိုယ်ချင်း နိုင်ငံဖြစ်ကြောင်း၊ ငါတို့ဟာ အခြားလူမျိုးတွေထက် သာလွန်မြင့်မြတ်ကြောင်း စတာတွေကို ပြောပြီး အမျိုးသားရေးနဲ့ နှီးနွယ်တဲ့ တစ်ကိုယ်ကောင်းစိတ်ဓါတ်တွေကို မီးထိုးပေးနေကြတာပါ။ အဲဒီလို မျိုးချစ်စိတ်ကပဲ ငါတို့ကို ကလေးဘ၀ကနေ အိုမင်းတဲ့ အထိ အမိုက်မှောင် ဖုံးနေစေတာပါ။
          အဲဒီလို  ငါတို့ဟာ ကိုယ့်မင်း ကိုယ်ချင်း ဖြစ်ကြောင်း၊ ကိုယ်ပိုင် ဘာသာရေးရှိကြောင်း၊ ငါတို့ဟာ ဒီမြေမှာ မွေး၊ ဒီမြေမှာ ကြီး၊ ဒီရေကိုသောက် စသည်ဖြင့် အဆက်မပြတ် ထပ်ခါထပ်ခါ တိုက်တွန်းချက်ဟာ ငါတိုရဲ့ သေးငယ်နေသေးတဲ့ အတ္တစိတ်တွေကို မြှောက်ပင့်လိုက်၊ ပြီးရင် လှေရွက်တွေလို လွှင့်တင်ပေးလိုက်နဲ့ နောက်ဆုံး ငါတို့ဟာ ငါတို့ရဲ့ နိုင်ငံ ၊ ငါတို့ရဲ့ လူမျိုး နှင့် ငါတို့ရဲ့ အတွေးအခေါ်တစ်ခုအတွက် အခြားသောသူတွေကို သတ်ဖို့၊ သေရဲဖို့ အဆင့်ထိရောက်အောင် မရောက်ရောက်အောင် တွန်းအားပေး တော့တာပါပဲ။ တကယ်တမ်းတော့ ဒါတွေအားလုံးဟာ မိုက်မဲရူးသွပ်တာပါပဲ။ သဘာဝလည်း မကျပါဘူး။ သေချာတာကတော့ လူဆိုတာ ဘယ်အမျိုးသားရေး ၊ ဘယ်အတွေးအခေါ်စည်းဘောင်တွေ ထက်မဆို ပိုမိုပြီး အရေးပါ ပါတယ်။
           အဲဒီလို တစ်သီးတစ်ခြားဖြစ်နေတဲ့ အမျိုးသားရေးစိတ်ဓါတ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ တောမီးလို ပျံနှံ့နေပါတယ်။ မျိုးချစ်စိတ်ဟာ ချမ်းသာကြွယ်ဝမှုတွေ ပိုလိုချင်ကြတဲ့၊ ပါဝါအာဏာပိုရချင်ကြတဲ့၊ အင်အားချဲ့ထွင်ချင်ကြတဲ့ လူတစ်စုကနေ ပြုစု ပျိုးထောင်ပြီး လိမ္မာပါးနပ်စွာ အမြတ်ထုတ် အသုံးချတာကို ခံရတာပါပဲ။ ငါတို့ တစ်ဦးချင်းစီဟာလည်း အဲဒီဖြစ်စဉ်ကြီးထဲမှာ ပါဝင်နေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ကိုယ်တိုင်မှာလည်း လောဘတွေ ရှိတာကိုး။ တစ်ပါးသူတွေရဲ့ နယ်မြေတွေကို သိမ်းပိုက်ခြင်း၊ တစ်ပါးသူတွေကို အနိုင်ရခြင်းဟာ ကုန်စည်တွေကိုလည်း ဈေးကွက်အသစ်တွေ ရစေသလို နိုင်ငံရေးအရရော ဘာသာရေးအရပါ ဈေးကွက်အသစ်တွေ ရရှိစေတာပါပဲ။
          ငါတို့ဟာ အဲဒီပဋိပက္ခတွေကို ၊ လက်ဝါးကြီးအုပ်မှုတွေကို ဘက်မလိုက်တဲ့ အမြင်နဲ့ပဲ စောင့်ကြည့်ရမှာပါ။ ဘက်မလိုက်တဲ့ စိတ်ဆိုတာကတော့ ကိုယ့်နိုင်ငံတစ်ခုတည်း၊ ကိုယ့်လူမျိုးတစ်မျိုးတည်း၊ ကိုယ့်ရဲ့ အတွေးအခေါ်တစ်ခုတည်းနဲ့တင် မဆုံးဖြတ်ဘဲ ဘယ်အရာကသာလျှင် အမှန်လဲဆိုပြီး ရှာဖွေဖို့ကြိုးစားတဲ့ စိတ်ကို ပြောတာပါ။ အစိုးရကပဲဖြစ်စေ၊ ကျွမ်းကျင်ပညာရှင်တွေကပဲဖြစ်စေ၊ ပညာတတ်တွေကပဲဖြစ်စေ သူတို့ရဲ့ ညွှန်ကြားချက်တွေ၊ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ရဲ့ လွှမ်းမိုးမှုတွေ မပါဝင်ဘဲ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း ရှုမြင်ခြင်းမှာ ကြီးမားတဲ့ သုခချမ်းသာကြီး ရှိပါတယ်။ မျိုးချစ်စိတ်ဆိုတာ အဲဒီလို လူသားဆန်တဲ့ပျော်ရွှင်မှုတွေရဲ့ အဟန့်အတားကြီးပါလားဆိုတာကို သဘောပေါက်ပြီဆိုရင်တော့ ငါတို့တစ်တွေဟာ ငါတို့ရဲ့ ကိုယ်တွင်းက အဲဒီ မှားယွင်းနေတဲ့ စိတ်ခံစားချက်ကြီးကို အထူးတလည် ဆန့်ကျင်တိုက်ခိုက်နေစရာ လိုတော့မှာ မဟုတ်ပါဘူး။ ငါတို့ဆီကနေ အဲဒီခံစားချက်ကြီးက ထာဝရပျောက်ကွယ်သွားတော့ တာပါပဲ။
          အမျိုးသားရေးစိတ်ဓါတ်ဆိုတာရော၊ မျိုးချစ်စိတ်ဆိုတာရော၊ အတန်းအစား အမျိုးအနွယ်ခွဲခြားချင်တဲ့ ဥာဉ်တွေရော အားလုံးဟာ အတ္တရဲ့ ကိုယ်ပွားတွေပါ။ ဒါတွေအားလုံးဟာ တစ်သီးပုဂ္ဂလလည်း ဆန်ပါတယ်။ တကယ်တမ်းတော့ အုပ်စုတစ်စုချင်း စီဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ၊ စီးပွားရေးကောင်းဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့သာ အတူတကွနေထိုင်ကြမယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံဆိုတာ ဘာများပါလိမ့်။ အကြောက်တရားတွေ၊ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ချင်တဲ့စိတ်တွေ ကနေပဲ “ငါတို့နိုင်ငံ“ ဆိုတဲ့ အတွေးအခေါ်ကြီးကို မွေးထုတ်ပေးလိုက်တာပါ။ နယ်မြေအပိုင်းအခြားတွေ၊ ကျူးကျော်အခွန်အခတွေ၊ ညီရင်းအကို ချစ်ကြည်မှုကို တားဆီးခြင်းတွေ၊ ဘယ်လိုမှ ဖြစ်ပေါ်မလာနိုင်တဲ့ လူသားချင်း ပေါင်းစည်းမှုတွေ နဲ့ အတူပေါ့။
          ရယူလိုချင်တဲ့၊ ပိုင်ဆိုင်ထားလိုချင်တဲ့ စိတ်ဆန္ဒတွေ၊ ငါတို့ထက် ကြီးမြတ်တဲ့ အရာတစ်ခုကို ပုံဖော်ချင်တဲ့စိတ်တွေ ကပဲ မျိုးချစ်စိတ် ဆိုတာကြီးကို မွေးထုတ်ပေးလိုက်တာပါ။ မျိုးချစ်စိတ်ဆိုတာ စစ်ပွဲကို မွေးထုတ်ပေးပါတယ်။ နိုင်ငံတိုင်းမှာ တင်းကျပ်တဲ့ ဘာသာရေးက တွန်းအားပေးခံထားရတဲ့ အစိုးရဟာ အမျိုးသားရေးစိတ်ဓါတ် နှင့် တစ်သီးပုဂ္ဂလစိတ်တွေကို အမြဲလိုလို ကိုင်စွဲထားပါတယ်။ တကယ်တော့ အမျိုးသားရေးဝါဒ ဆိုတာ ရောဂါတစ်ခုပါ။ အမျိုးသားရေးဆိုတာက ကမ္ဘာတစ်ဝှမ်းလုံး ညီညွတ်မှုကိုတော့ ဘယ်တော့မှ ဆောင်ကျဉ်းမပေးနိုင်ပါဘူး။ ငါတို့ဟာ ရောဂါရှိနေရင်တော့ ဘယ်မှာလာ ကျန်းမာပါတော့မလဲ။ ငါတို့ ကိုယ်တိုင်ကိုက အဲဒီရောဂါကြီးကနေ အရင်ဆုံး လွတ်မြောက်ဖို့ လိုပါတယ်။
          ငါတို့ဟာ ငါတို့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေကို ကာကွယ်ဖို့၊ ငါတို့ရဲ့ ယုံကြည်ချက်တွေ၊ သိမြင်မှုတွေကို ကာကွယ်ဖို့ အမြဲအသင့်ဖြစ်နေတဲ့ အမျိုးသားရေးဝါဒီ တွေ ဖြစ်တာကြောင့်လည်း ငါတို့ဟာ တစ်ချိန်လုံး လက်နက် တပ်ဆင်နေရတာပါ။ ပိုင်ဆိုင်မှုတွေ၊ အတွေးအခေါ်တွေဟာ ငါတို့အတွက် လူသားဆန်မှုဆိုတာထက်ကို ပိုအရေးကြီးလာပါတယ်။ ဒါကြောင့်လည်း ငါတို့နဲ့ တစ်ခြားသူတွေရဲ့ကြားမှာ  တစ်ချိန်လုံး ရန်လိုမှုတွေ၊ ပဋိပက္ခတွေ သာ အစဉ်အမြဲဖြစ်နေတော့တာပေါ့။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းရင်းနဲ့ပဲ ကိုယ့်သားတွေကို ဖျက်ဆီးပစ်နေကြပါတယ်။ ငါတို့ဟာ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို ဂုဏ်တင်ခြင်းတစ်မျိုးဖြစ်တဲ့ နိုင်ငံတော်ကြီးကို ကိုးကွယ်ရင်းနဲ့ပဲ ငါတို့ဟာ  ကိုယ့်အလိုပြည့်မှုအတွက် ကိုယ့်သားသမီးတွေကို စတေးပစ်နေကြပါတယ်။ အမျိုးသားရေး ၀ါဒဆိုတာ နှင့် အချုပ်အခြာအာဏာပိုင် အစိုးရ ဆိုတာ တွေဟာ စစ်ကြီးကို ဖြစ်စေတဲ့ တရားခံတွေ၊ လက်နက်ကိရိယာတွေ ပါပဲ။
          ငါတို့ရဲ့ လက်ရှိ လူမှုစံနှုန်းတွေကလဲ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေကိုက အင်အားချိနဲ့ နေလို့ပါ။ အုပ်စုဖွဲ့မှုကိုသာလျှင် အလေးဂရုပြုတဲ့၊ အမျိုးသား အချုပ်အခြာအာဏာကိုသာလျှင် ကိုင်စွဲထားတဲ့ ပါလီမန်တွေ၊ ပညာရေးစနစ်တွေဟာလည်း စစ်ကြီးကို ဘယ်တော့မှ  နိဂုံးကမ္ပအဆုံးသတ် စေမှာ မဟုတ်ပါဘူး။ အုပ်ချုပ်သူတွေ အုပ်ချုပ်ခံတွေ ရှိနေတဲ့ တစ်သီးပုဂ္ဂလအုပ်စုတိုင်းဟာ စစ်ရဲ့ အရင်းအမြစ် တစ်ခုပါပဲ။ ငါတို့ဟာ လူလူချင်းကြားမှာ ရှိနေတဲ့ အခုလက်ရှိ ဆက်ဆံမှုကြီးကို အခြေခံကျကျ မပြောင်းလဲနိုင်သမျှ ကာလပတ်လုံး စက်မှုလုပ်ငန်းဆိုတာလည်း ရှုပ်ထွေးမှုတွေသာ သေချာပေါက်ဖြစ်တော့မှာပေါ့။ ပျက်စီးမှုတွေ၊ ၀မ်းနည်းမှုတွေ အတွက် လက်နက်ကိရိယာတစ်ခုသာ ဖြစ်လာတော့မှာပေါ့။ ပဋိပက္ခတွေ ၊ နိုင်ထက်စီးနင်းမှုတွေ၊ လိမ်လည်လှည့်ဖျားမှုတွေ၊ ၀ါဒဖြန့်မှုတွေ ရှိနေသမျှ ကာလပတ်လုံး ငါတို့ဟာ လူသားချင်း ချစ်ကြည်ရင်းနှီးမှုဆိုတာကို ဘယ်တော့မှ သဘောပေါက်နားလည်တော့မှာ မဟုတ်ပါဘူး။
          အလွန်တော်တဲ့ အင်ဂျင်နီယာတွေ၊ အလွန်တတ်တဲ့ သိပ္ပံပညာရှင်တွေ၊ အလွန်ထက်တဲ့ အမှုဆောင်အရာရှိတွေ၊ အလွန်အားကိုးရတဲ့ အလုပ်သမားတွေ ဖြစ်အောင်လောက်ပဲ ပညာသင်ပေးနေမယ်ဆိုရင်တော့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုတာ ဘယ်တော့မှ တစ်ပေါင်း တစ်စည်းထဲ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ငါတို့ မြင်နိုင်ပါတယ်။  လူသားအချင်းချင်းကြား ရန်လိုဒေါသတွေ၊ အမုန်းတရားတွေ ကို မွေးထုတ်ပေးမယ့် အကြောင်းတရားတွေနဲ့သာ အသားကျနေပြီဖြစ်တဲ့ ငါတို့ရဲ့ လက်ရှိ ပညာရေး စနစ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အမည်နာမအောက်မှာပဲဖြစ်စေ၊ ဘုရားသခင်ရဲ့ အမည်နာမ အောက်မှာပဲဖြစ်စေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းတွေကို တားဆီးမပေးနိုင်ခဲ့ဘူး ဆိုတာကိုပေါ့။
          တဒင်္ဂဖြစ်တဲ့ ၊ဖမ်းဆုပ်မရတဲ့ အာဏာရှိနေတဲ့ ၊တင်းကျပ်တဲ့ ဘာသာရေးတွေဟာလည်း လူသားတွေအတွက် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်း မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဘာသာရေးတွေဟာလည်း ငါတို့ရဲ့ မောဟအမိုက်မှောင်တွေ၊ အကြောက်တရားတွေ၊ လုပ်ယူခံထားရတဲ့ ယုံကြည်မှုတွေ၊ အတ္တကြီးမှုတွေ ရဲ့ ရလာဒ်တွေပဲ ဖြစ်နေလို့ပါ။
          နေရာတိုင်းမှာ လုံခြုံရေးကို ပုံဖော်ခြင်းရှိပါတယ်။ အဲဒီလို လုံခြုံဖို့ကိုလည်း ငါတို့ဟာ ကျောင်းတွေထောင်ပြီး အတွေးအခေါ်တွေ သင်ကြားကြပါတယ်။ ဒါပေမယ့် အဲဒီလို လုံခြုံအောင် ကြိုးစားရင်းနဲ့ပဲ ငါတို့ဟာ ပိုပြီး မလုံမခြုံဖြစ်လာကြပါတယ်။ အဲဒီလို လုံခြုံချင်တဲ့ စိတ်ဆန္ဒဟာ ဆန့်ကျင်ကွဲပြားမှုတွေကိုသာလျှင် ဦးတည်စေပြီး ရန်လိုမုန်းထားမှုတွေ ကိုသာလျှင် တိုးပွားစေပါတယ်။ စကားလုံးတွေနဲ့တင်၊ သညာသိတွေ လောက်နဲ့တင် မဟုတ်ဘဲ ငါတို့ဟာ အဲဒီ လုံခြုံချင်တဲ့စိတ်ကြီးကို စိတ်ရောကိုယ်ပါ နှလုံးသားတစ်ခုလုံးနှင့် နက်နက်ရှိုင်းရှိုင်း နားလည်ခံစား သဘောပေါက်မှသာ လက်ရှိကမ္ဘာကြီးထဲက ငါတို့လူသားအချင်းအချင်း ရဲ့ ဆက်နွယ်မှုတွေကို အခြေခံကျကျ စတင်ပြောင်းလဲ လာကြမှာပါ။ အဲဒီအခါကြမှသာ ညီညွတ်မှု နှင့် သွေးစည်းချစ်ကြည်မှုကို ရယူသိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်းရှိလာတော့မှာပါ။
          ငါတို့အများစုဟာ အကြောက်တရားမျိုးစုံက ၀ါးမြိုခြင်းကို ခံနေရတာပါ။ ငါတို့ရဲ့ ကိုယ်ပိုင်လုံခြုံမှုအတွက် အကြီးအကျယ် သောက ရောက်နေကြတာပါ။ ငါတို့ဟာ ဥုံဖွဆိုပြီး စစ်ပွဲတွေ အဆုံးသတ်မလားလို့ မျှော်လင့်ကြပါတယ်။ ကိုယ်မျိုးနွယ်မဟုတ်တဲ့ အခြားလူမျိုးတွေအပေါ်ကို စစ်ပွဲကို ဖန်တီးတာ သူတို့ပေါ့ ဆိုပြီး အပြစ်ပုံချကြရင်းပေါ့။ တစ်ချိန်တည်းမှာပဲ ဒီလို အန္တာရာယ်ကြီး ဖြစ်လာတဲ့အတွက် အဲဒီ လူမျိုးတွေကလည်း ငါတို့ကို အပြစ်ပြန်ပုံချပြန်တော့တာပဲ။ စစ်ဆိုတာ လူအဖွဲ့အစည်း နဲ့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူး ဆိုတာ သိသာထင်ရှားပေမယ့်လည်း ငါတို့ဟာ စစ် အတွက် အမြဲပြင်နေကြတာပါပဲ။ ငယ်ရွယ်စဉ် ကတည်းကိုက စစ်သွေး စစ်မာန်တွေ ပျိုးထောင်နေကြတာပါပဲ။
          ဒါပေမယ့် စစ်သင်တန်းဆိုတာ ပညာရေးမှာ နေရာရှိလို့လား။ တကယ်တော့ ငါတို့ဟာ ငါတို့ရဲ့ ကလေးတွေကို ဘယ်လို လူသားမျိုးတွေ ဖြစ်စေချင်သလဲ ဆိုတာအပေါ်မှာပဲ လုံးဝ မူတည်နေတာပါ။ သူတို့ကို စွမ်းရည်ပြည့်ဝတဲ့ လူသတ်သမားတွေ ဖြစ်စေချင်ရင်တော့ စစ်လေ့ကျင့်ရေးဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။ သူတို့ကို စည်းကမ်းချချင်ရင်၊ သူတို့ရဲ့ စိတ်တွေကို လွှမ်းမိုးချုပ်ကိုင်ချင်တယ် ဆိုရင်တော့၊ ငါတို့ရဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ မသက်ဆိုင်ရင် နေပစေ၊ သူတို့ကို အမျိုးသားရေးစိတ် ထက်သန်လာအောင်ပဲ လုပ်ချင်တယ်ဆိုရင်တော့ စစ်လေ့ကျင့်ရေးဆိုတာ အဲဒါတွေ လုပ်ဖို့ ကောင်းမွန်တဲ့ နည်းလမ်း တစ်လမ်းပါပဲ။ ငါတို့ဟာ သေခြင်းတရား နှင့် ပျက်စီးမှုတွေကိုသာ ကြိုက်တယ်ဆိုရင်တော့ စစ်လေ့ကျင့်ရေးဟာ အရေးကြီးတယ် ဆိုတာ သိသာပါတယ်။ အဲဒါဟာ စစ်ပွဲတွေ ဆက်ဖြစ်နေအောင် စီမံနေတဲ့ ဗိုလ်ချုပ်တွေရဲ့ လုပ်ဆောင်ချက်ပေါ့။ ငါတို့ရဲ့ ရည်ရွယ်ချက်ကိုက ငါတို့တစ်တွေနဲ့ အိမ်နီးချင်းတွေကြားမှာ အဆုံးမသတ်နိုင်တဲ့ သတ်ပွဲဖြတ်ပွဲတွေ ကိုပဲ လိုချင်နေတယ်ဆိုရင်တော့ ရသမျှ နည်းလမ်းပေါင်းစုံနဲ့သာ ဗိုလ်ချုပ်တွေ ရနိုင်သမျှ များများသာ မွေးထုတ်ကြပေတော့။
          ငါတို့ဟာ ငါတို့ကိုယ်တိုင်ရော အခြားသူတွေနဲ့ပါ အဆုံးမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေနဲ့ပဲ အသက်ရှင်သန်နေချင်တယ် ဆိုရင်တော့၊ ငါတို့ရဲ့ ဆန္ဒကိုက သွေးချောင်းစီးအောင်၊ မျက်ရည်ချောင်းစီးအောင် လုပ်ချင်နေတယ်ဆိုရင်တော့ စစ်သားတွေ ၊ နိုင်ငံရေးသမားတွေ၊ တကယ်လည်း အခုဖြစ်ပျက်နေတဲ့ ရန်လိုမုန်းတီးမှုတွေ များသထက် များကို များမှ ဖြစ်မှာပေါ့။ ခေတ်မှီ ယဉ်ကျေးမှုဆိုတာက ပေါက်ကွဲမှုတွေအပေါ်မှာ အခြေခံတာလေ။ အဲတော့ သေဖို့ပဲ နီးတော့တာပေါ့။ ငါတို့ဟာ အင်အားကိုသာ ကိုးကွယ်နေသမျှ ကာလပတ်လုံး ရန်လိုတိုက်ခိုက်မှုတွေကသာပဲ ငါတိုရဲ့ ဘ၀နေထိုင်မှုပုံစံ ဖြစ်လာတော့မှာပေါ့။ ဒါပေမယ့် ငါတို့ဟာ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင်တော့ ခရစ်စ်ယန်ပဲဖြစ်ပစေ၊ ဟိန္ဒူပဲဖြစ်ပစေ၊ ရုရှပဲဖြစ်စေ၊ အမေရိကန်ပဲဖြစ်စေ၊ လူသားအချင်းချင်း ကြားက မှန်ကန်တဲ့ ဆက်ဆံရေးကို လိုချင်ရမှာပဲဖြစ်တယ်။ ငါတို့ရဲ့ မျိုးဆက်တွေကို တကယ့်ကို ပေါင်းစည်းတဲ့ လူသားတွေ ဖြစ်စေချင်ရင်တော့ စစ်လေ့ကျင့်ရေးဆိုတာ တကယ့်ကို ကြီးမားတဲ့ အတားအဆီး တစ်ခုပါပဲ။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် မှားယွင်းနေတဲ့ နည်းလမ်းတစ်ခုပါပဲ။
          သတ်ဖြတ်မှုတွေ၊ အမုန်းတရားတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေအနက်က တစ်ခုကတော့ လူအတန်းအစားတစ်ခု၊ မျိုးနွယ်တစ်ခုက အခြား လူသား မျိုးနွယ်တွေထက် သာလွန်မြင့်မြတ်တယ် ဆိုတဲ့ ယုံကြည်မှုကြီးပါပဲ။ ကလေးဆိုတာ အတန်းအစားခွဲချင်တဲ့ စိတ်ရော၊ လူမျိုးရေးခွဲချင်တဲ့ စိတ်ရော မရှိပါဘူး။ အိမ်က ဒါမှမဟုတ် ကျောင်းပတ်ဝန်းကျင်က ဒါမှမဟုတ် အဲဒီ နှစ်ခုလုံးကနေပဲ ဖြစ်စေ သူ့ကို အဲဒီလို ခွဲခြားချင်တဲ့ စိတ်ဖြစ်လာအောင် လုပ်လိုက်တာပါ။ အဲဒီကလေး ကိုယ်တိုင်ကတော့ သူရဲ့ ကစားဖော်ဟာ နီဂရိုးပဲ ဖြစ်ဖြစ်၊ ဂျူးပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် သူဂရုမစိုက်ပါဘူး။ ဒါပေမယ့်လည်း လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ လွှမ်းမိုးမှုက တစ်ချိန်လုံး သူ့စိတ်အပေါ် ချုပ်ချယ်ဖိစီးနေတဲ့ အတွက် ၊ ပုံသွင်းနေတဲ့ အတွက် သူလည်းပဲ ခွဲခြားချင်တဲ့ စိတ်တွေ ဖြစ်လာတော့တာပါပဲ။
          ဒီနေရာမှာလည်း ပြသနာက ကလေးတွေ မဟုတ်ပါဘူး။ လူကြီးတွေပါ။ ခွဲခြားမှုနဲ့ မှားယွင်းတဲ့ စံနှုန်းတွေရှိတဲ့ အဓိပ္ပါယ်မဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတတ်တဲ့ လူကြီးတွေရဲ့ ပြသနာပါ။
          လူသားအချင်းချင်း ခွဲခြားဖို့အတွက် အခြေခံ အကြောင်းရင်းတရားက ဘာပါလိမ့်။ ငါတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပုံသဏ္ဍန်ကွဲချင် ကွဲမယ်၊ အသားအရောင် ကွဲချင်ကွဲမယ်၊ မျက်နှာပေါက်တွေ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် ငါတို့အရေပြားအောက်က အတွင်းစိတ်တွေကတော့ တစ်ထေရာတည်း တူညီကြပါတယ်။ မာနတွေ၊ စိတ်အားထက်သန်မှုတွေ၊ နှစ်လို အားကျမှုတွေ၊ ကြမ်းတမ်းမှုတွေ၊ လိင်စိတ်တွေ၊ အာဏာမက်မောခြင်းတွေ စတဲ့ အားလုံးနီးပါး တူညီကြပါတယ်။ တံဆိပ်တွေကိုသာ ဖယ်လိုက်စမ်းပါ။ ငါတို့ဟာ ဘာမှမရှိတဲ့ ကိုယ်ပြောင်လူသားတွေပါ။ ဒါပေမယ့် ငါတို့တွေဟာ အဲဒီလို ဘာမှရှိမနေတဲ့ ပြောင်တလင်းခါမှုတွေကို မရင်ဆိုင်ကြချင်တဲ့အတွက် တံဆိပ်ကပ်ဖို့ကိုသာ တစ်ချိန်လုံး ကြိုးပမ်းနေကြတာပါ။ အဲဒီလို တံဆိပ်ကပ်လိုက်ခြင်းကပဲ ငါတို့ဟာ ဘယ်လောက်တောင် မရင့်ကျက်ကြောင်း၊ ဘယ်လောက်တောင် ကလေးဆန်ကြောင်းကို ကြေငြာလိုက်တာပါပဲ။
          ကလေးတစ်ယောက်ကို အာဃာတတွေ နဲ့ ကင်းလွတ်အောင် ပြုစု ပျိုးထောင်မယ်ဆိုရင်တော့ ငါတို့ တစ်ယောက်ချင်းစီက လည်း ငါတို့ ကိုယ်ထဲမှာ ရှိနေတဲ့ ၊ ငါတို့ကိုယ်တိုင် ဖန်တီးထားတဲ့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့တဲ့ လူအဖွဲ့အစည်းကြီးကို တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ရှိနေတဲ့ အာဃာတတွေကို သင်ပုန်းချေလိုက်ဖို့ လိုပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်ဆိုရင်တော့ ငါတို့ဟာ ကလေးတွေကို အတန်းအစားခွဲတာ၊ လူမျိုးခွဲခြားတာတွေက ဘယ်လောက်တောင် ရူးကြောင်ကြောင်နိုင်ကြောင်း ပြောပြလို့ရပါတယ်။ ကလေးကိုယ်တိုင်ကလဲ လက်ခံကောင်း လက်ခံသွားနိုင်ပါတယ်။ ဒါပေမယ့် သူကျောင်းကို ရောက်တဲ့ အခါမှာတော့ အချင်းချင်း ကစားရင်းဖြစ်စေ အဲဒီလို ခွဲခြားချင်တဲ့စိတ်ကြီးနဲ့ ညှိစွန်းသွားတတ်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း တခြားနည်း တစ်နည်းနဲ့ပေါ့။ အိမ်ဆိုတာကတော့ ရှေးရိုးကျပါတယ်။ ကျဉ်းလည်း ကျဉ်းမြောင်းပါတယ်။ ကျောင်းရဲ့ လွှမ်းမိုးမှုကတော့ ပိုပြီး ကျယ်ဝန်းတာပေါ့။ ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်စေ အိမ်နဲ့ ကျောင်းပတ်ဝန်းကျင်ကြားမှာ အဲဒီလို ပဋိပက္ခတစ်ခု အမြဲရှိနေပြီ ဆိုရင်တော့ အဲဒီကလေးဟာ နှစ်ခုစလုံးနဲ့ ညှိစွန်းသွားတော့တာပါပဲ။
          ကလေးတစ်ယောက်ကို ဖြူစင်သန့်ရှင်းစွာ ပျိုးထောင်ဖို့ဆိုရင်တော့၊ ဒီလို မိုက်မဲတဲ့ အာဃာတတွေကို သဘောပေါက်ဖို့ ၊ ပါးနပ်လိမ္မာ လာအောင် ကူညီလမ်းပြပေးဖို့ ဆိုရင်တော့ ငါတို့တတွေဟာ သူနဲ့ အနီးကပ်ဆက်ဆံရမှာပဲ ဖြစ်ပါတယ်။ ငါတို့ဟာ သူ့ရှေ့မှာ ကိစ္စတွေ အများကြီးကို ပြောရပါမယ်။ ဥာဏ်ပညာတိုးတက်စေမယ့် စကားပြောဝိုင်းတွေကိုလည်း သူ့ကို နားထောင်ခွင့်ပြုရပါမယ်။ သူရဲ့ ကိုယ်တွင်းမှာ မွေးကတည်းက ရှိနေတဲ့ မရောင့်ရဲနိုင်မှုတွေ နှင့် စူးစမ်းချင်စိတ်တွေကို တွန်းအားပေးရပါမယ်။ ဘယ်အရာကဖြင့် မှားတယ်၊ ဘယ်ဟာကဖြင့် မှန်တယ်ဆိုတာကို သူကိုယ်တိုင် သိရှိနားလည် လာအောင်လည်း ကူညီပေးရပါမယ်။
          အဲဒီလို အစဉ်အမြဲ စူးစမ်းနေချင်တဲ့စိတ်တွေ၊ စစ်မှန်တဲ့ စိတ်တိုင်းမကျမှုတွေကပဲ ဖန်တီးနိုင်စွမ်းရှိတဲ့ ဥာဏ်ပညာကို ဆောင်ကျဉ်းပေး နိုင်တာပါ။ ဒါပေမယ့် အဲဒီလို စိတ်တွေကို အမြဲရှင်သန်အောင် လုပ်ဖို့ဆိုတာကျတော့ အလွန်အမင်း ခက်ခဲပင်ပန်းပါတယ်။ လူအများစုကတော့ သူတို့ရဲ့ ကလေးတွေကို အဲဒီလို ဥာဏ်ရည်မျိုးရှိတာကို မလိုချင်ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို လူအများစုကလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကို တစ်ချိန်လုံး မေးခွန်းထုတ်နေတဲ့ သူတစ်ယောက်နဲ့ နေထိုင်ရတာ တကယ့်ကို နေမထိ ထိုင်မသာ ဖြစ်စေတာကိုး။
          ငါတို့အားလုံးဟာ ငယ်စဉ်တုန်းကတော့ အဲဒီလိုပဲ မရောင့်ရဲနိုင်တဲ့ စိတ် ရှိကြတာပါပဲ။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အခွင့်အာဏာတွေကို ကိုးကွယ်မှုနဲ့ ပုံတူကူးချချင်တဲ့ စိတ်တွေက ညှင်းသတ်သတ်လိုက်တဲ့ အတွက်ကြောင့်  ငါတို့ရဲ့ အဲဒီစူးစမ်းချင်စိတ်လေးဟာ တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားတော့တာပါပဲ။ အသက် တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ငါတို့ဟာ တဖြည်းဖြည်း အနည်ထိုင်လာကြတယ်။ ကျေနပ်ရောင့်ရဲ နိုင်လာကြတယ်။ အနာဂတ်ကြီးကို ကြောက်ကြောက်လာကြတယ်။ ငါတို့ဟာ အမှုဆောင်အရာရှိကြီးတွေ ဖြစ်လာကြတယ်။ ဘုန်းတော်ကြီးတွေ ဖြစ်လာကြတယ်။ ဘဏ်စာရေးတွေ ဖြစ်လာကြတယ်။ စက်ရုံမန်နေဂျာတွေ ဖြစ်လာကြတယ်။ အတတ်ပညာရှင်တွေ ဖြစ်လာကြတယ်။ အဲဒီလိုပဲ ပျက်စီးယိုယွင်းမှုကလည်း စတင်အခြေတည်လာတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ငါတို့ဟာ ကိုယ်ရထားတဲ့ နေရာလေးကို မပျောက်ပျက်ချင်ကြတဲ့အတွက် ငါတို့ကို အဲဒီလို နေရာလေးတွေ ပေးထားတဲ့၊ အထိုက်အလျောက် ကျေနပ် လုံခြုံမှုကို ပေးထားတဲ့၊ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းကြီးကို ထောက်ခံတော့တာပဲ။
          ပညာရေးအပေါ် အစိုးရ ထိန်းချုပ်မှုဆိုတာ အဆုံးမသတ်နိုင်တဲ့ ကပ်ဘေးကြီးပါ။ ပညာရေးဆိုတာ ပြည်ထောင်စု ဒါမှမဟုတ် တင်းကျပ်တဲ့ ဘာသာရေးတစ်ခုရဲ့ အစေအပါး လက်ဝေခံ ဖြစ်နေသမျှ ကာလပတ်လုံး ဒီကမ္ဘာကြီးပေါ်မှာ ညီညွတ်မျှတခြင်း နှင့် ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ မျှော်လင့်ချက်ရောင်ခြည်တောင် သန်းလာမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း အစိုးရတွေဟာ ကလေးငယ်တွေရဲ့ ပညာရေး နှင့် သူတို့ရဲ့ အနာဂတ် အတွက် ပိုပိုပြီး တာဝန်ယူလာကြပါတယ်။ တကယ်လို့ အစိုးရက မလုပ်ရင်လည်း ပညာရေးကို ထိန်းချုပ်ချင်တဲ့ ဘာသာရေးအဖွဲ့အစည်းတွေက လုပ်တာပါပဲ။
          ကလေးတစ်ယောက်ရဲ့ စိတ်ကို အတွေးအခေါ်တစ်ခုရဲ့အောက် နိုင်ငံရေးအရပဲဖြစ်စေ၊ ဘာသာရေးအရပဲ ဖြစ်စေ၊ အတင်းအကျပ် သွပ်သွင်းခြင်းဟာ လူတစ်ဦးနှင့် တစ်ဦးအကြား အမုန်းတရားတွေကိုသာ မွေးထုတ်ပေးပါတယ်။ ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်း တစ်ခုအတွင်း မှာတော့ ငါတို့ဟာ ဘယ်လိုနည်းနဲ့မှ သွေးစည်းချစ်ကြည်မှုဆိုတာ ရလာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဘယ်ပြုပြောင်းလဲရေးကမှ၊ ဘယ်အာဏာရှင် စနစ်ကမှ၊ ဘယ်လို ပညာရေးနည်းလမ်းကမှ အဲဒီ သွေးစည်းချစ်ကြည်မှုကို ဆောင်ကျဉ်းပေးလာနိုင်မှာ မဟုတ်ဘူး။
          မင်းကလဲ မင်းကိုယ်မင်း နယူးဇီလန်သား တစ်ယောက်အဖြစ်ပဲ ခံယူထားရင်၊ ငါကလည်း ငါ့ကိုယ်ငါ ဟိန္ဒူတစ်ယောက်အဖြစ်သာ ခံယူထားရင် လူသားချင်းညီညွတ်ရေး အကြောင်းကို စကားပြောကြည့်ရင်လည်း အမြီးအမောက် တည့်မှာ မဟုတ်ပါဘူး။ မင်းကလည်း မင်းနိုင်ငံမှာ မင်းနေ၊ ငါ့ကလဲ ငါ့နိုင်ငံမှာ ငါနေ၊ ကိုယ်စီ ကိုယ်စီ ကိုယ့်ကိုယ်ပိုင် ဘာသာရေး အာဃာတတွေ၊ စီးပွားရေး နည်းလမ်းတွေနဲ့ ပိတ်မိနေရင်တော့ ဘယ်မှာသာလာပြီး လူသားချင်း သွေးစည်းညီညွတ်နိင်တော့မှာလဲ။ မျိုးချစ်စိတ်ဆိုတာကြီးကပဲ တစ်ဦးနဲ့ တစ်ဦး ခွဲခြားခွဲခြားလုပ်နေရင်၊ အခြားသူတွေ ဆင်းရဲမွဲတေနေချိန်မှာ ငွေသန်းပေါင်းများစွာကို ဖိနှိပ်တဲ့ လူတစ်စုကသာ လက်ဝါးကြီး အုပ်ထားရင် ဘယ်မှာလာပြီး ညီရင်းအကို မောင်ရင်းနှမ စိတ်ဆိုတာ ရှိလာနိုင်တော့မလဲ။ ယုံကြည်မှုတွေကပဲ ငါတို့ကို ခွဲခြားထားတဲ့အခါ၊ တစ်အုပ်စုအပေါ် တစ်အုပ်စုက လွှမ်းမိုးထားတဲ့အခါ၊ လူချမ်းသာတွေက အာဏာရှိနေပြီး ဆင်းရဲသားတွေက အဲဒီလို အာဏာမျိုးရအောင် ကြိုးစားရှာဖွေနေတဲ့အခါ၊ နယ်မြေခွဲခြားမှုတွေ မမျှတတဲ့အခါ၊ တစ်ချို့ကတော့ စည်းစိမ်ယစ်နေပြီး ကျန်အများစုကတော့ ငတ်ပြတ်နေတဲ့အခါ ဘယ်မှာသာလျှင် လူသားချင်းညီညွတ်မှု ရှိလာနိုင်ပါတော့ မလဲ။
          ငါတို့အတွက် ပြသနာတစ်ခုကတော့ ငါတို့ဟာ အဲဒီလို ကိစ္စတွေအပေါ်ကို အစစ်အမှန် စိတ်အားထက်သန်မှု မရှိတာပါပဲ။ ငါတို့ကိုယ်တိုင်ကိုက အကြီးအကျယ် နှောင့်ယှက်ခံရတာကို မလိုချင်ကြဘူးလေ။ ငါတို့ ပြောင်းလဲတယ် ဆိုတာကလည်း ငါတို့အတွက် သာမယ့်၊ အကျိုးရှိမယ့် နည်းလမ်းတွေနဲ့ပဲ ပြောင်းလဲချင်ကြတာလေ။ တကယ်တမ်းတော့ ငါတို့ဟာ ငါတို့ရဲ့ ဘာကိုမှ မပိုင်ဆိုင်မှု အနတ္တတွေ၊ ရက်စက်မှုတွေကို နက်နက်ရှိုင်းရှိုင်း မစိုးရိမ်ကြပါဘူး။
          ကြမ်းတမ်းခက်ထန်မှုတွေကနေ တဆင့် ငြိမ်းချမ်းရေးဆိုတာ ရဖူးလို့လား။ ငြိမ်းချမ်းရေးဆိုတာကို အချိန်ကြာလာတာနဲ့ အမျှ တဖြည်းဖြည်း ရရှိလာနိုင်လို့လား။ သေချာတာကတော့ ချစ်ခြင်းမေတ္တာဆိုတာ လေ့ကျင့်ရင်း သော်လည်းကောင်း၊ အချိန်ကြာလာရင်သော် လည်းကောင်း ရရှိလာနိုင်မယ့် အရာ မဟုတ်ပါဘူး.။ ပြီးခဲ့တဲ့ စစ်ပွဲ နှစ်ပွဲကတော့ ဒီမိုကရေစီ အတွက် တိုက်ပွဲ ၀င်ခဲ့ကြတာလို့ ယုံကြည်ပါတယ်။ အခုတော့ ငါတို့ဟာ ပိုပြီး ကြီးမားတဲ့ ၊ ပိုပြီး သေကျေပျက်စီးစေနိုင်တဲ့ စစ်ပွဲကြီး တစ်ခုအတွက် ပြင်ဆင်နေကြပါပြီ။ လူတွေဟာ တဖြည်းဖြည်း မလွတ်လပ်တော့ပါဘူး။ ဒါပေမယ့် ငါတို့ဟာ တစ်ဦးနဲ့ တစ်ဦး နားလည်ဖို့အတွက် အတားအဆီးတွေ ဖြစ်နေတဲ့ အခွင့်အာဏာတွေ၊ ယုံကြည်ချက်တွေ၊ အမျိုးသားရေးဝါဒ နှင့် အဲဒီဝါဒရဲ့ ဆင့်ကဲဖြစ်စဉ် စိတ်အခြေအနေတွေ စတဲ့ အရာတွေကို ဘေးဖယ် ထားမယ်ဆိုရင်ရော ဘာများဖြစ်မှာ မို့လို့လဲ။ အခွင့်အာဏာတွေ မရှိဘဲနဲ့လည်း ငါတို့ဟာ လူသားတွေ ဖြစ်လာနိုင်ပါသေးတယ်။ လူလူချင်း တိုက်ရိုက်ဆက်သွယ်ပြီး လူသားတွေ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားကတော့ ရှိနေမှာပါ။
          ပညာရေးမှာ မရှိမဖြစ်လိုအပ်တာကတော့ နားလည်ခံစားပေးတတ်တဲ့၊ ချစ်ခြင်းမေတ္တာရှိတဲ့ ၊ နှလုံးသားတွေဟာလည်း အနှစ်မဲ့တဲ့ စာသားတွေ ပြည့်မနေတဲ၊့ စိတ်ပိုင်းဆိုင်ရာ အရာတွေနဲ့သာ ပြည့်နေတဲ့ လူတွေ ရရှိဖို့ပါ။
          ဘ၀ဆိုတာ ပျော်ရွှင်စွာ နေထိုင်ဖို့၊ အတွေးအခေါ်တွေနဲ့ နေဖို့၊ ကိုယ့်နည်းကိုယ်ဟန်နဲ့သာ နေဖို့ကို ရည်ရွယ်တယ် ဆိုရင်တော့၊ အစစ်အမှန် သိမြင်လင်းလက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင်တော့၊ ငါတို့တတွေဟာ ပေါင်းစည်းမှု နည်းလမ်းတွေကို နားလည်သဘောပေါက်တဲ့၊ ကလေးငယ်တွေကို နားလည်ပြီး တကယ်ပညာပေးနိုင်တဲ့ ပညာဖြန့်ဖြူးပေးသူတွေ ရှိကိုရှိရပါမယ်။
          အဆိုပါ ပညာဖြန့်ဖြူးသူ ဆရာတွေဟာ အခုလက်ရှိ လူ့အဖွဲ့အစည်းအတွက်တော့ အန္တာရာယ် တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ငါတို့ဟာ သိမြင်လင်းလက်တဲ့ လူအဖွဲ့အစည်း တစ်ခုကို တကယ်တည်ဆောက်ချင်တာ မဟုတ်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ရဲ့ ညွှန်းဆိုမှုတွေကို အပြည့်အ၀ နားလည်သိမြင်နေတဲ့၊ အမျိုးသားရေးရဲ့ စစ်မှန်တဲ့ သဘောလက္ခဏာ နှင့် စစ်ရဲ့ ရူးသွပ်မိုက်မဲမှုတွေကို စတင်ပြီး ထောက်ပြဝေဖန်လာမယ့် ဆရာတိုင်းဟာ အလုပ်ပြုတ် နေရာပျောက်တော့မှာပါပဲ။ အဲဒီဟာကို သိတဲ့အတွက် ဆရာအများစုဟာ အခြေအနေကို ကြည့်ပြီး အမြတ်ထုတ်မှုတွေ၊ ကြမ်းတမ်းမှုတွေ ရှိနေတဲ့ လက်ရှိစနစ်ကြီးကိုပဲ ထိန်းသိမ်းဖို့ ကူညီလာတော့တာပါပဲ။
          သေချာတာကတော့ အမှန်တရားကို ရှာဖွေမယ်ဆိုရင်  ငါတို့ကိုယ်တွင်းမှာရော ၊ အိမ်နီးနားချင်းတွေနဲ့ရောပါ ပဋိပက္ခတွေနဲ့ လွတ်ကင်းမှု ရှိနေရပါမယ်။ ကိုယ်တွင်းအဇတ္တမှာ ပဋိပက္ခတွေ ရှိမနေဘူး ဆိုရင် ပြင်ပမှာလည်း ပဋိပက္ခတွေ ရှိလာမှာ မဟုတ်ပါဘူး။ စိတ်တွင်း ပဋိပက္ခတွေကနေ ပြင်ပ ပဋိပက္ခ ဖြစ်လာပါတယ်။ အဲဒီ တစ်ဦးချင်းစီရဲ့ ပြင်ပပဋိပက္ခတွေကနေပဲ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ ဖြစ်လာတော့တာပါပဲ။
          စစ် ဆိုတာ ငါတို့နေ့စဉ်ရှင်သန်နေထိုင်မှုရဲ့ သွေးစွန်းသော၊ စိတ်လှုပ်ရှားဖွယ်ရာ ပြယုဂ်တစ်ခုပါပဲ။ ငါတို့ဟာ ငါတို့ရဲ့ နေ့စဉ် ဘ၀တွေက ထွက်ပြီး စစ်ထဲ လိုက်ကြတယ်။ ကိုယ့်ကိုယ့်ကို ဘာမှ ပြုပြင်ပြောင်းလဲမှုလည်း မလုပ်ဘဲ အမျိုးသားရေးတွေ၊ လူမျိုးရေး ရန်လိုမှုတွေနဲ့ပဲ ချည်နှောင်လိုက်ကြတော့တာပါပဲ။ အတွေးအခေါ်အပေါ် ကလေးဆန်တဲ့ ငြင်းခုံရန်ဖြစ်ခြင်းတွေ၊ စစ်သားတွေ ဆပွားစုဆောင်းခြင်းတွေ၊ အလံတွေကို အလေးပြုခြင်းတွေ၊ စတဲ့ အဲဒီ အားလုံးသော ရက်စက်ကြမ်းကြုတ်မှုတွေကနေပဲ စနစ်တကျ လူသတ်ပွဲကြီးတွေ ဖန်တီးတော့တာပါပဲ။
          ကမ္ဘာတစ်ဝှမ်းလုံးမှာ ပညာရေးဟာ ကျရှုံးနေတာပါပဲ။ ပညာရေးဟာ ပျက်စီးမှုတွေ၊ ၀မ်းနည်းဖွယ်ရာတွေ များသထက် များလာအောင် လုပ်ခဲ့ပါပြီ။ အစိုးရတွေကလည်း လူငယ်တွေကို သူတို့လိုအပ်တဲ့ အတတ်ပညာရှင်တွေ၊ စွမ်းရည်ပြည့်တဲ့ စစ်သားတွေ ဖြစ်အောင်လောက်ကိုပဲ လေ့ကျင့်ပေးနေကြပါတယ်။ အုပ်စိုးမှုတွေ၊ အာဃာတတွေ ကိုပဲ တွန်းအားပေး၊ မွေးမြူနေကြပါတယ်။ ဒီအချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး ငါတို့ဟာ ဘ၀ရဲ့ အနှစ်သာရ နှင့် ရည်ရွယ်ချက်တွေ နှင့် အသက်ရှင်သန်မှုရဲ့ အဓိပ္ပါယ်ကို စူးစမ်းကြရပါမယ်။ ပတ်ဝန်းကျင်အသစ် တစ်ခုဖန်တီးဖို့ ထိရောက်ပြီး အကျိုးရှိတဲ့ နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ပတ်ဝန်းကျင်ဆိုတာ ကလေးတွေကို ရက်စက်အောင်၊ ခံစားချက်မရှိတဲ့ ကျွမ်းကျင်သူတွေ ဖြစ်လာအောင်လည်း လုပ်နိုင်တဲ့အတွက်ကြောင့် သူတို့ကို ခံစားချက်ပြည့်ဝသော၊ ဥာဏ်ရည်ရှိသော လူသားတွေဖြစ်လာအောင် ကူညီပေးရပါမယ်။ နောက်ပြီး အားလုံးနဲ့ သိသာထင်ရှားစွာ ခြားနားနေတဲ့ ၊ အမျိုးသားရေးအပေါ်မှာ ၀ါဒတွေအပေါ်မှာ ဖိအားတွေအပေါ်မှာ မူတည်မနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ဖန်တီးရပါမယ်။
          အဲဒီအရာဟာ ငါတို့ တစ်ဦးနဲ့တစ်ဦးကြားဆက်ဆံရေးမှာ ရှိနေတဲ့ တာဝန်ဝတ္တရားတွေကို နားလည်ခြင်းလို့ ရည်ညွန်းပါ တယ်။ ဒါပေမယ့် အဲဒီ တာဝန်တွေကို နားလည်ဖို့ ဆိုရင်တော့ ငါတို့ရဲ့ နှလုံးသားထဲမှာ ပညာသင်ယူုခြင်း၊ အသိပညာတင်သာ မကဘဲ ချစ်ခြင်းမေတ္တာ ရှိကို ရှိနေရမှာ ဖြစ်ပါတယ်။ ငါတို့ရဲ့ မေတ္တာတရားတွေက ပိုကြီးမားလာလေလေ၊ အဲဒီ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုဟာ နက်ရှိုင်းသထက် နက်ရှိုင်းလာလေဖြစ်မှာပါ။ ဒါပေမယ့် ငါတို့တွေဟာ ဦးနှောက်ပဲရှိကြပါတယ်။ နှလုံးသားမရှိကြပါဘူး။ ပညာတတ်တွေကိုပဲ ပျိုးထောင်ကြပြီး နှိမ့်ချမှုကိုတော့ မကြိုက်ကြပါဘူး။ ငါတို့ရဲ့ ကလေးတွေကို တကယ်ချစ်တယ်ဆိုရင်တော့ ငါတို့ဟာ သူတို့ကို ကာကွယ်ရပါမယ်။ ကယ်တင်ရပါမယ်။ စစ်ပွဲတွေထဲမှာ သူတို့ကို စတေးမပစ်ရပါဘူး။
          ငါတို့ဟာ လက်နက်တွေကို တကယ်လိုလားကြတယ် လို့ ထင်ပါတယ်။ စစ်အင်အားပြပွဲတွေကို၊ တူညီဝတ်စုံတွေကို၊ ဓလေ့ထုံးတမ်းတွေ၊ အသောက်အစားတွေကို၊ ဆူညံသံတွေကို၊ ပေါက်ကွဲကြမ်းတမ်းမှုတွေကို ငါတို့ ကြိုက်ကြပါတယ်။ ငါတို့ရဲ့ နေ့စဉ်ဘ၀ဟာ ရက်စက်တဲ့ အပေါ်ယံ ဟန်ဆောင်မှု ပန်းချီကားရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။ ငါတို့ဟာ တစ်ယောက်ကို တစ်ယောက် အတွေးအခေါ်အမြော်အမြင်မဲ့ မှုတွေ၊ မနာလို ၀န်တိုမှုတွေနဲ့ ပဲ ဖျက်ဆီးနေကြတာပါ။
          ငါတို့ဟာ ချမ်းသာချင်ကြပါတယ်။ ငါတို့ ပိုချမ်းသာလေလေ ပညာရေး နှင့် အလှူအတန်းမှာ ငွေတွေ ပုံအောပြီး လှူဒါန်းနေစေဦးတော့ ငါတို့ ပိုအနားမရလေလေ ဖြစ်လာပါတယ်။ သားကောင်တွေဆီကနေ လုယက်ပြီး သူတို့ကို တစ်ကျပ်တစ်ပြားလောက် ပြန်ပေးတာကိုပဲ ငါတို့က ကိုယ့်ကိုယ်ကို ဇောတိကကြီးတွေလို့ ထင်ကြပြန်တယ်။ အဲဒီလို ကမ္ဘာပျက်ကိန်းတွေ ကို ပြင်ဆင်နေတာကို ငါတို့ သိတယ်လို့တော့ ငါတော့ မထင်ပါဘူး။ ငါတို့အများစုဟာ နေ့တိုင်းနေ့တိုင်း မြန်နိုင်သမျှ မြန်မြန်၊ အတွေးမဲ့နိုင်သမျှ မဲ့မဲ့ ပြီး နေထိုင်ကြပါတယ်။ ဘ၀ရဲ့ ဦးတည်ချက်ကလည်း အစိုးရတွေ၊ ကောက်ကျစ်တဲ့ နိုင်ငံရေးသမားတွေ ဆီကိုပဲ ရောက်ကုန်တော့တာပဲ။
          အချုပ်အခြာအာဏာ ပိုင်တဲ့ အစိုးရတိုင်းက စစ်အတွက် ပြင်ကို ပြင်ကြရပါတယ်။ မပြင်ဆင်တဲ့ အစိုးရဆိုတာလည်း မရှိပါဘူး။ သူတို့ရဲ့ နိုင်ငံသားတိုင်းဟာ စစ်အတွက် စွမ်းရည်ပြည့်နေစေဖို့၊ သူတို့ရဲ့ တာဝန်တွေကို ထိရောက်စွာ ထမ်းဆောင်နိုင်အောင် ပြင်ဆင်ပေးဖို့ အစိုးရတွေဟာ သိသိသာသာကြီးကို အဲဒီနိုင်ငံသားတွေကို လွှမ်းမိုး ချုပ်ကိုင်ရပါတယ်။ စက်ယန္တရားတွေလို လှုပ်ရှားနိုင်စေဖို့၊ ရက်စက်စွာ စွမ်းရည်ပြည့်နေစေဖို့ သူတို့ကို ပညာတွေလည်း သင်ပေးရပါတယ်။ ဘ၀ရဲ့ အဆုံးသတ် နှင့် ရည်ရွယ်ချက်ဆိုတာဟာ ဖျက်ဆီးဖို့ ဒါမှမဟုတ် ဖျက်ဆီးခံရဖို့သာ ဖြစ်နေမယ်ဆိုတော့ ပညာရေးဆိုတာ ရက်စက်ယုတ်မာခြင်းကိုသာ တွန်းအားပေးနေတော့မှာပေါ့။ လုံးဝသေချာတာကတော့ အဲဒီလို ဖြစ်ရတာဟာ ငါတို့ရဲ့ မွေးရာပါ ဆန္ဒတော့ မဟုတ်ပါဘူး။ ရက်စက်ကြမ်းကြုတ်မှုဆိုတာ အောင်မြင်မှုကို ကိုးကွယ်မှုနဲ့ အတူ ကပ်ပါလာတာလေ။
          အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ သူရဲ့ နိုင်ငံသားတွေ လွတ်လွတ်လပ်လပ်နေတာကို၊ ကိုယ့်အတွက် ကိုယ် စဉ်းစားတတ်တာကို မလိုချင်ပါဘူး။ ၀ါဒဖြန့်တာတွေက တဆင့်၊ ပုံဖျက်ထားတဲ့ သမိုင်းဆိုင်ရာ ဖော်ပြချက်တွေ ကနေတဆင့် နိုင်ငံသားတွေကို ထိန်းချုပ်ပါတယ်။ ဒါကြောင့်ပဲ ပညာရေးဟာလည်း ဘာကိုတွေးရမယ်ဆိုတာကိုပဲ သင်ပြီး ဘယ်လိုတွေးရမယ် ဆိုတာကို မသင်တဲ့ နည်းလမ်းတစ်လမ်း ဖြစ်ဖြစ်လာတော့တာပါပဲ။ တကယ်လို့ ငါတို့ဟာ တည်ရှိနေပြီးသား နိုင်ငံရေး စနစ်ကနေ လွတ်ကင်းပြီး စဉ်းစားမယ်ဆိုရင်တော့ ငါတို့ဟာ အန္တရာယ်ကောင်တွေဖြစ်လာနိုင်တာပါပဲ။ လွတ်လပ်တဲ့ ကျောင်းတွေဟာ ငြိမ်းချမ်းရေးသမားတွေကို ဖန်တီးပေးပါတယ်။ တည်ရှိနေတဲ့ အုပ်စိုးမှုကို ဆန့်ကျင်ပြီး တွေးတောတဲ့ လူတွေကို မွေးထုတ်ပေးပါတယ်။
          မှန်ကန်တဲ့ ပညာရေးဆိုတာဟာ အချုပ်အခြာအာဏာပိုင် အစိုးရတွေအတွက်တော့ သိသာထင်ရှားတဲ့ အန္တာရာယ် တစ်ခုပါပဲ။ ဒါကြောင့်လည်း အဲဒီလို ပညာရေးမျိုးကို ရိုင်းစိုင်းတဲ့ နည်းတွေနဲ့ သော်လည်းကောင်း၊ မသိမသာ နည်းတွေနဲ့ သော်လည်းကောင်း တားဆီးထားတတ်ကြပါတယ်။ ပညာရေး နှင့် အစာအာဟာရ ဆိုတာဟာ လုနည်းစု တစ်စုတည်းရဲ့ လက်ထဲက ရေဖြစ်နေပြီ ဆိုရင်တော့ ဒါဟာ လူတွေကို ထိန်းချုပ်တဲ့ နည်းလမ်းတွေ ဖြစ်လာတော့တာပါပဲ။ အစိုးရဆိုတာ မျိုးက လက်ဝဲပဲ ယိမ်းယိမ်း၊ လက်ယာပဲ ယိမ်းယိမ်း ငါတို့ဟာ စက်ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ ကျည်ဆန်တွေ ထုတ်လုပ်ဖို့ အတွက် စွမ်းရည်ပြည့်ဝ တဲ့ စက်ယန္တရားတွေ ဖြစ်နေသမျှကာလပတ်လုံး သူတို့ စိုးရိမ်သောက မဖြစ်ကြပါဘူး။
          အခုလတ်တလော ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်နေတာကတော့ ငါတို့လို ပညာဖြန့်ဖြူးသူတွေ၊ နိုင်ငံသားတွေ နှင့် တည်ရှိနေတဲ့ အစိုးရတွေ အတွက် တာဝန်ရှိတဲ့သူတွေဟာ လွတ်လပ်မှု ရှိသလား၊ ကျွန်သဘောက်ပြုမှု ရှိနေသလား၊ ငြိမ်းချမ်းရေး ရှိသလား၊ စစ်ဖြစ်နေသလား၊ ကြွယ်ဝ ချမ်းသာမှု ရှိနေသလား၊ ဒုက္ခတွေပဲ ရှိနေသလား ဆိုတာတွေကို အခြေခံကျကျ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ငါတို့က ဟိုနေရာမှာ နည်းနည်း၊ ဒီနေရာမှာ နည်းနည်းလောက်ပဲ ပြောင်းလဲမှုကို လိုချင်ကြပါတယ်။ အများစုကတော့ ကိုယ်ကိုယ်တိုင်ပါ အခြေခံကျတဲ့ ပြောင်းလဲမှုကို လုပ်ရမှာဖြစ်တဲ့အတွက် လက်ရှိ လူ့အဖွဲ့အစည်းကြီးကို ဖျက်ဆီးပစ်ဖို့ ၊ အကြွင်းမဲ့ သစ်လွင်တဲ့ အခြေခံအဆောက်အအုံတစ်ခုကို တည်ဆောက်ဖို့ စတာတွေ ကို ထိတ်လန့်နေကြပါတယ်။
          အခြားတစ်ဖက်မှာတော့ ကြမ်းတမ်းတဲ့ တော်လှန်ရေးတစ်ခု ပြုလုပ်ဖို့ ကြိုးစားနေတဲ့သူတွေလည်း ရှိပါတယ်။ ရှုပ်ထွေးမှုတွေ၊ ဒုက္ခတွေ စတဲ့ လက်ရှိလူမှုရေး စည်းဘောင်ကြီးကို တည်ထောင်ဖို့ ကြိုးပမ်းရင်းနဲ့ပဲ ပြီးပြည့်စုံတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို လောလောဆယ် တည်ဆောက်ချင်နေကြတာပါ။ ဒါပေမယ့် ဒီလို စိတ်လက်မချမ်းမြေ့ဖွယ် လူ့ဘောင်ကြီးကို ဆောင်ကျဉ်းလာတဲ့ လူတွေကပဲ အသစ်တစ်ခုကို တည်ဆောက်ချင်တယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား စဉ်းစားစရာပါပဲ။ ငြိမ်းချမ်းရေး ဆိုတာ ကြမ်းတမ်းမှုတွေ တဆင့် ရရှိနိုင်တယ်လို့ ယုံကြည်ထားပြီ ဆိုရင်တော့ ဒါဟာ စံပြအနာဂတ်တစ်ခုအတွက် ပစ္စုပ္ပန်ကြီးကို စတေးပစ်လိုက်တာ ပါပဲ။ ဒီလို မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ မှန်ကန်တဲ့ အဆုံးသတ်တစ်ခုကို ရှာတယ်ဆိုတာကိုက အခုလက်ရှိ ဘေးအန္တာရာယ်ကြီး ကို ဖြစ်လာစေတဲ့ အကြောင်းခြင်းရာတွေ အနက်က တစ်ခုပါပဲ။
          ပုဂ္ဂလိကခံစားမှု တန်ဖိုးတွေကို ဖြန့်ဝေခြင်း၊ လွှမ်းမိုးခြင်း တွေဟာ အမျိုးသားရေးဝါဒ အဆိပ်ကို ကျွေးနေတာပါပဲ။ စီးပွားရေး ရှေ့တန်းရောက် ပုဂ္ဂိုလ်တွေရဲ့ အဆိပ်ကို ကျွေးနေတာပါပဲ။ အချုပ်အခြာအာဏာပိုင် အစိုးရတွေ နှင့် အမျိုးသားရေးဝါဒရဲ့ အဆိပ်ကို ကျွေးနေတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးဟာ လူလူချင်း ညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်ခြင်းကို ဘေးဖယ်ထုတ်ပြီး လူအဖွဲ့အစည်းဆိုတဲ့ သွေးရင်းသားရင်း ဆက်နွယ်ခြင်းကို ပျက်စီးစေလို့ပါ။ လူအဖွဲ့အစည်းဆိုတာ သင် နဲ့ အခြားသူတွေရဲ့ ဆက်နွယ်မှုပါ။ အဲဒီ ဆက်နွယ်မှုကို တစ်စိတ်တစ်ပိုင်းတည်း မဟုတ်ဘဲ အားလုံးစုပေါင်းပြီး ပြည့်ပြည့်စုံစုံ အတွင်းကျကျ သဘောမပေါက်ဘူး ဆိုရင်တော့ ဘယ်လောက်ပဲ အပေါ်ယံကြော မွမ်းမံပြင်ဆင်ထားထား အခုလို စိတ်မချမ်းမြေ့ဖွယ် လူမှု တည်ဆောက်မှုကြီးကို ထပ်မံတည်ဆောက်မိနေဦး မှာပါပဲ။
          ငါတို့ဟာ ကမ္ဘာကြီးဆီကို ပြောပြလို့တောင် မကုန်နိုင်တဲ့ ဆင်းရဲဒုက္ခတွေ ဆောင်ကျဉ်းပေးနေတဲ့ အခုလက်ရှိ လူမှုဆက်ဆံရေး ပုံစံကြီးကို အတွင်းကျကျ ပြောင်းလဲ ချင်တယ်ဆိုရင်တော့ ငါတို့ လတ်တလော အရေးတကြီးလုပ်ရမယ့် အလုပ်တာဝန်က ကိုယ့်ကိုယ်ကို သိမြင်နားလည်ပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ဖို့ပါပဲ။ ကိုယ့်အတ္တဆိုတဲ့ အဓိက ဗဟိုချက်ကို ပြန်ကြည့်ရပါမယ်။ တစ်ချိန်လုံး တာဝန်ဝတ္တရားတွေကို ခေါင်းရှောင်ပြီး အစိုးရတွေကို၊ ဘာသာရေးတွေကို၊ အယူဝါဒတွေကိုပဲ ကိုယ်စားဝင်လုပ်ခိုင်းနေလို့ မရပါဘူး။ တကယ်တော့ အစိုးရဆိုတာကလည်း ငါတို့ ကိုယ်တိုင်ပါပဲ။ အယူဝါဒတွေ နဲ့ ဘာသာရေးတွေကိုဆိုတာကလည်း ငါတို့ရဲ့ ပြယုဂ်တွေပါပဲ။ ငါတို့ဟာ ကိုယ့်ကိုယ်ကို အခြေခံကျကျ မပြောင်းလဲနိုင်သရွေ့ မှန်ကန်တဲ့ ပညာရေးဆိုတာရော ၊ငြိမ်းချမ်းသော ကမ္ဘာကြီးဆိုတာရော ဟာ ရေပေါ်အရုပ်ရေး သလိုပဲ ဖြစ်နေတော့မှာပါ။
          အားလုံးအတွက် ပြင်ပလုံခြုံမှုဆိုတာက ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာရှိတဲ့နေရာမှာသာ တည်ရှိနိုင်ပါတယ်။ လူတိုင်းအတွက် ပြင်ပလုံခြုံမှုတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်မလာနိုင်သေးတဲ့ ၊ ဆင်းရဲဒုက္ခတွေ၊ ပဋိပက္ခတွေ နဲ့သာပြည့်နှက်နေတဲ့ ကမ္ဘာကြီးကို ငါတို့ ဖန်တီးလိုက်မိတဲ့ အတွက်ကြောင့် အဲဒီကမ္ဘာကြီးက ငါတို့ရဲ့ အရင်က ပညာရေးရော လက်ရှိပညာရေးကပါ လုံးဝဥသုံ အကျိုးသက်ရောက်မှုမရှိဘူး ဆိုတာကို ထောက်ပြနိုင်ပါတော့မလား။ မိဘတွေနဲ့ ဆရာတွေအနေနဲ့လည်း တွေးရိုးတွေးစဉ်ကနေ ဖောက်ထွက်တွေးရမယ့် လူသားရဲ့ တိုက်ရိုက်တာဝန်ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ နှင့် သူတို့ရဲ့ တွေ့ရှိချက်တွေ လောက် အပေါ်မှာပဲ မှီခိုနေလို့ မရပါဘူး။ နည်းပညာတွေမှာ ကျွမ်းကျင်ခြင်းဟာ ငါတို့ကို ပိုက်ဆံရှာဖို့လောက် အရည်အချင်းကိုပဲ ပေးတာပါ။ ဒါကြောင့်လည်း ငါတို့ဟာ အခုလက်ရှိ လူမှုအဆောက်အအုံကြီးမှာပဲ သာယာကျေနပ်နေကြတာပါ။ စစ်မှန်တဲ့ ပညာပေးဝေသူ တစ်ယောက်ဟာ မှန်ကန်တဲ့ အသက်မွေးမှု၊ မှန်ကန်တဲ့ ပညာရေး နှင့် မှန်ကန်တဲ့ အသက်ရှင်သန်နေထိုင်မှုတွေ အတွက်ကိုလည်း ထည့်သွင်းစဉ်းစား ပူပန်တတ်ပါတယ်။
          ငါတို့က အဲလိုကိစ္စတွေမှာ တာဝန်မကျေလေလေ၊ အုပ်ချုပ်တဲ့သူတွေက အဲဒီတာဝန်တွေ အားလုံးကို ယူရလေလေပါပဲ။ အဲလိုဖြစ်လာပြီ ဆိုရင်တော့ ငါတို့ဟာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း မဟုတ်တဲ့၊ ဘယ်နိုင်ငံရေးပါတီ ဘယ်စီးပွားရေး စနစ်ကမှ ဖြေရှင်းမပေးနိုင်တဲ့ လူသားမျိုးနွယ် ဆုတ်ယုတ်ပျက်စီးခြင်းဆိုတဲ့ အကျပ်အတည်းကြီးကို ရင်ဆိုင်ကြတော့ တာပါပဲ။
          နောက်ထပ် ပိုကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခုက ငါတို့ဆီကို တဖြည်းဖြည်း အန္တာရာယ်ကြီးစွာ ချဉ်းကပ်လာနေပါပြီ။ ငါတို့အများစုကလည်း အဲဒါကြီးနဲ့ ပတ်သတ်လို့ ဘာမှလည်း မလုပ်ဆောင်ကြပါဘူး။ နေ့စဉ်နေ့တိုင်းကိုလည်း ခါတိုင်းလိုပဲ သမားရိုးကျ ဖြတ်သန်းနေကြပါတယ်။ ငါတို့ဟာ မှားယွင်းနေတဲ့ တန်ဖိုးစံနှုန်းတွေကို အရေခွံ ခွာချမပစ်ချင်ကြပါဘူး။ အသစ်တဖန် ပြန်လည် မစတင်ချင်ကြပါဘူး။ ဖားရေအိုင်လေးထဲမှာသာ ဂျင်ဂျင်လည် နေကြတာပါ။ အဲဒီလိုသာ ဆိုရင်တော့ ပြသနာတွေကို ထပ်မံ ဖိတ်ခေါ်ပြီးသား ဖြစ်ပြီပေါ့။ ငါတို့ဟာ ငါတို့ရဲ့ အဆောက်အအုံကြီးကို စွန့်ခွာရပါမယ်။ နယ်မြေသစ်တစ်ခုကို ခြေချရပါမယ်။ ကွဲပြားခြားနားတဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ရပါမယ်။ ကွဲပြားခြားနားတဲ့ တန်ဖိုးတွေကို တည်ဆောက်ရပါမယ်။
          နည်းပညာအသိကိုလည်း ပစ်ပယ်လို့ မရပါဘူး။ ဒါပေမယ့် ငါတို့ဟာ ငါတို့ရဲ့ ရုပ်ဆိုးအကျည်းတန်မှုတွေ၊ ဆုံလည်နွားလို ရုန်းကန်ရမှုတွေ၊ ငါတို့ရဲ့ မရိုးဖြောင့်မှုတွေ၊ ကောက်ကျစ်မှုတွေ၊ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာ အကြွင်းမဲ့ကင်းမဲ့မှုတွေကို အတွင်းကျကျ သိမြင်ထားရပါမယ်။ အသိဥာဏ်မြင့်မားစွာနဲ့ အမျိုးသားရေးစိတ်ဓါတ်တွေ၊ မနာလိုဝန်တိုမှုတွေ၊ အာဏာ တပ်မက်မှုတွေ ကနေ လွန်မြောက်နေမှသာ အသစ်သော လူမှုအစီအစဉ်ကျနမှု တစ်ခုကို တည်ဆောက်နိုင်မှာပါ။
          ငြိမ်းချမ်းရေးဆိုတာ ဒီလို ၀ါးလုံးခေါင်းထဲလသာနေတဲ့ ၊ ဆုံလည်နွားလို ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရရှိနိုင်တဲ့ အရာ မဟုတ်ပါဘူး။ အတွေးအခေါ်ဟောင်းတွေ၊ အယူအဆအစွဲအလမ်းဟောင်းတွေကို ပြန်လည်နေရာချထားယုံလောက်နဲ့ ရရှိနိုင်တဲ့ အရာ မဟုတ်ပါဘူး။ အတုအယောင် အပေါ်ယံကြောတွေရဲ့နောက်ကွယ်က လိမ်လည်မှုတွေကို သဘောပေါက်မှသာလျှင် ငါတို့ လိုချင်တဲ့ ငြိမ်းချမ်းရေး ဆိုတာ ရလာမှာပါ။ ငါတို့ရဲ့ တစ်ဦးချင်း ဒေါသတွေ၊ အကြောက်တရားတွေ နဲ့သာ ပြည့်နှက်နေတဲ့ ဒီလို အန္တရာယ်လှိုင်းကြီးကို တားဆီးမှသာလျှင် ငါတို့ ရင်သွေးတွေ အတွက်၊ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် မျှော်လင့်ချက်ရောင်ခြည်ဟာ ကြည်မြပီသ လင်းလက်မှာပဲ ဖြစ်ပါတယ်။
         
-       ရှိန်ဝါ

( Krishnamurti ၏ Education and  World Peace ကို တိုက်ရိုက်ပြန်ဆိုပါသည်။)