ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Wednesday, November 25, 2015

တယောက်တည်းဆန်းကြယ် (တဆိုင်ဆိုင်မှာ တခုခုစားရင်း)

ဆိုင်အပြင်ကလူမှာ ရှုခင်းမရှိ
ရောဂါရှိသူထံ ဆည်းပူးပါ။

အရသာဟာ လူမျိုးကို မှာစားတယ်
ဆေးလေးတော့သုတ်ပေးပါ ငါ့အုတ်ဂူ။

စာရွက်မှာကပ်နေတဲ့ နှပ်ချေးဖက်
စာအုပ်ပြဲမှာစိုးလို့ မခွာရဲဘူး။

ဇွန်းကပျော့လို့ ကောက်ကွေးသွား
ပန်းကန်ပြားထဲ အိပ်ချင်စိတ်ကမရှိ။

ဓါးကိုသုံးပြီးရင် သူ့နေရာသူပြန်ထား
ဖုန်းပြောပြီးရင် မောမောနေလို့။

အဖေဖြစ်တော့မှာမို့ အသက်ဝအောင်ရှု
အပျော်လှအောင် ပူပေါင်းအမှုတ်သင်ထား။

တံတွေးခွက်ထဲ ပေါလောမျောချင်သူ
အနီးဆုံးဆိုင်၌ အလွယ်စားယဉ်ကျေးမှု။

သပ်ရပ်သိမ်မွေ့ စိတ္တဇလူသတ်သမား
ကျားသံရော မသံပါ တယောက်တည်းဆိုထားတဲ့ သီချင်း။

ငွေရှင်းပြေစာ ရောက်လာပြီ
အဖေဟာ စာမလာ သတင်းမကြား။

လေထဲပစ်လိုက်တဲ့ ကျည်ဆံနားရွက်
အသံတသံသံကို မထိဘဲ ရပ်/မရပ်။

၂၀၁၅ မေ




Friday, November 20, 2015

မကျွတ်မလွတ်သူများဟာ ထာဝရလက်ဆောင်

ကျားသေဟာ လူအရှင်လတ်လတ်ကို ထမ်းလာတယ်
စောလူးမင်းကိုထမ်းပြီး ရန်သူလို့အော်တာက ကျန်စစ်သား
သားကိုမြွေကိုက်သွားတော့ ရွှေအိုးကို မြွေထမ်းကိန်း
ဆိုက်ရောက်ပါပြီလား။

အလိုတူပါလို့ငြင်းချက်ထုတ်တဲ့ နိုင်ငံတော်ကလေးမုဒိန်းမှုမှသည် …
ရှင်ကြီးရော ကျားပါ ဥပုသ်စောင့်သွားပြီအထိ
အကုသိုလ်အစပ်လေးမပါတော့ စားကောင်းပါဦးမလား အငတ်တို့
တစ္ဆေအဖွားဟာ မြေးမလေးအတွက် သူငယ်ချင်း
သွေးကိုရေချိုးပြီး အရိုးကို မီးလှုံနိုင်တဲ့ ကြွယ်ဝမှု
မြစ်ရူးနဲ့တွေ့တော့ ဘုန်းကြီးရောလှေပါ လူးကြရ
ကမ်းနားသစ်ပင်များဟာ ရှင်ဘုရင်သေပြီးမှသာ မြစ်ထဲဆင်းကြရမယ်။

သမိုင်းကိုသင်ပြီးမှ တေမိနှယ် ငါတို့ဘဝ
မျှော်လင့်ချက်ငွေဖြည့်ကဒ်များဖြင့် ခန္ဓာဝန်ကိုသုံးစွဲ
ဘယ်အစိုးရပြောင်းပြောင်း
ညောင်းနေကြရတဲ့ လဥဘဝတွေ။

ရှိန်ဝါ
၂၀၁၅ နိုဝင်ဘာ ၂၀

Wednesday, November 18, 2015

မြေပဲထောပတ် (Peanut Butter BY Eileen Myles)

ငါ အမြဲဆာနေတယ်။
အမြဲ လိင်ဆက်ဆံချင်တယ်။
ဒါက အချက်တချက်
မင်း အဲ့ဒါကို
သဘောပေါက်ရင်
မြေပဲထောပတ်
အသစ်စက်စက်
ဟာ ဘာမှ သုံးစားမရဘူး။
ပြီးတော့ ခါတိုင်းလိုပဲ
မင်းသိတဲ့ အကြီးဆုံး
စူပါမားကတ်ကနေ
အဲဒီ ထောပတ်ကို မတ်ခွက်ကြီးနဲ့ဝယ်။
ပြီးတော့ မင်းသိတဲ့
အတိုင်းပဲ
ငါက ပြောင်းလဲမှုကို ဆန့်ကျင်သူ။
ငါ လက်ခံထားက အသစ်
ဆိုတာ
တကယ်တမ်းမှာတော့ ပြန်ပြန်ပြီး
ထုတ်ထုတ်နေတဲ့ အဟောင်းတွေပါပဲ။
ရေကူးခြင်း
စိတ်ပါ ကိုယ်ပါ ညစ်ပတ်နေခြင်းရဲ့ စိတ်လှုပ်ရှားမှု။
နွေရာသီဆိုတာ ဘာမှလုပ်စရာ မရှိ
တဲ့ အချိန်
ဝင်ငွေလည်းမရ
ဆုတောင်းစာဟာ နောက်ဆုံး အပန်းဖြေရိပ်သာ
ပျော်ရွှင်မှုဆိုတာ နည်းလမ်း
ပြီးတော့ နည်းလမ်းဆိုတာ အမြင်မှာ
အဆုံးအစမရှိပြန်ဘူး
ငါက ပန်းတိုင်တွေမျိုးစုံကို
လုံးဝ ဆန့်ကျင်တယ်
ငါ ဘယ်ရောက်နေတာလဲ
ဆိုတာတောင်
သိချင်စိတ်မရှိဘူး။
ရေနွေးဆူရင်
လက်ဖက်ရည်တခွက်ရမယ်။
မတော်တဆ ပရောက်စ်ရဲ့ ကဗျာတွေ
အားလုံးကို
ဖတ်တယ်။
ငါ အဲဒီနေရာမှာရှိတုန်းက နွေရာသီပဲ။
သူလည်း
အဲလိုပေါ့။ ငါစာရေးတယ် ဘာဖြစ်လို့လဲ
ဆိုတော့
ငါသေပြီးရင်တောင် ငါ့ကို အသုံးပြုစေချင်လို့။
ငါရဲ့ ခန္ဓာကိုယ်
တင်မက၊ ငါ အသက်ရှင်စဉ်က ထားခဲ့တဲ့
အတွေးတွေ
အားလုံး မြေသြဇာ
ဖြစ်လိမ့်မယ်။
ငါ အသက်ရှင်နေတုန်းက
ငါဟာ စိမ်းညှို့မျက်လုံး
နဲ့ အမျိုးသမီး
တယောက်။
ပြတင်းပေါက် အပြင်မှာ လက်နက်သိုလှောင်ခန်း။ မင်းခန္ဓာကိုယ်
အစိတ်အပိုင်းတွေဟာ
ငါ့အချစ်
တွေတိုးဖို့ သင်ကြားခဲ့တဲ့
အစင်းကြောင်းတွေထင်ရဲ့။
ငါတို့ ရေကန်တွေထဲမှာ ကိုယ်လုံးတီး
ရေကူးကြတယ်
မင်းနောက်ကွယ်မှာ ငါစာရေးတယ်။ မင်းအကြောင်း
ငါ့အတွေးတွေဟာ
ဘယ်တော့မှ ပျောက်ပျက်မှာ
မဟုတ်ဘူး
ဒါပေမယ့် ဒါတွေဟာ အရမ်းအရေးကြီးတယ်
ဘာကြောင့်လဲဆိုတော့
အသုံးမဝင်လို့ပဲ
မင်းကို ရဖို့ မရည်ရွယ်ခဲ့ဘူး
မင်းကို ငါချစ်တယ်။ မင်းကလည်း ငါ့ကို
ချစ်တာကြောင့်
ကစားကွင်းတခုနဲ့ ပိုတူတယ်။
ငါရယ် မင်းပြန်မလာမချင်း မင်းရဲ့ပုံရိပ်တွေရယ် ကစား
တဲ့နေရာပေါ့
မင်းပြန်လာရင်တော့ ငါ မင်းကို ကိုက်မှာပဲ။
မင်းနဲ့ဆိုရင် ဘယ်လို
အနား
ယူရမလဲ ငါသိတယ်
ဒါကြောင့်လည်း ငါ မင်းနောက်ကျောမှာ
အလုပ်လုပ်တာပေါ့
အဲဒါ ချစ်ဖို့ကောင်းတယ်
သဘာဝဆိုတာ ထိန်းချုပ်လို့ မရဘူးလို့ မင်းငါ့ကို ပြောတယ်
ဒါကြောင့်လည်း
သဘာဝက
အဲဒီလောက် အရမ်းကောင်းနေတာကိုး
ဆံပင်ဖြူအသစ်တွေရဲ့ အလဲထိုးခြင်းကို ခံလိုက်ရတဲ့ မင်းကို
အသည်းအသန်
ချစ်မိနေတာ။
အကောင်းဆုံးလို့ ငါအမြဲသိခဲ့တာအရာ အဲ့မှာ ဘာလို့ မရှိရမှာလဲ
ငါမင်းကို ကလေးဘဝကတည်းကချစ်တာ
အဲဒီကနေ ပြန်စကြည့်တော့ တနေ့နေ့ဆိုတာ အခြားနေ့တွေလိုပါပဲ
ကြုံရာကျပန်း အရွယ်ရောက်မှု နဲ့ လေညှင်းတွေ
တည်မြဲတဲ့ အချစ်
နေ့လယ်ခင်း
ဆန်းဝှစ်ခ်ျ။ နေ
ရဲ့ ကျယ်ပြန်တဲ့ လမ်းကြောင်းသစ်ထဲမှာ ခြေလှမ်းလေးတလှမ်း
ငါ စူးစူးစိုက်စိုက်
ကြည့်တယ်
ငါ မျက်တောင်
ခတ်တယ်
ငါ တက်
စီးလိုက်တယ်။

အီလင်းမိုင်းစ်ကို မက်ဆာချုးဆက်မှာ မွေးတယ်။ အခု ၂၀၁၅ဆိုရင် အသက် ၆၄ နှစ်ရှိပြီ။ ငယ်ငယ်က ကက်သလစ်ကျောင်းမှာ တက်ခဲ့တယ်။ ဘီအေဘွဲ့ကိုတော့ ဘော်စတွန်မှာရှိတဲ့ မက်ဆာချုးဆက်တက္ကသိုလ်က ရတယ်။ ၂၅ နှစ်သမီးမှာ နယူးယောက်ရဲ့ Poetry Project မှာပါနေပြီ။ အဲဒီမှာ တက်ဘယ်ရီဂန်အပါအဝင် နာမည်ကြီးကဗျာဆရာတွေဆီမှာ တပည့်ခံတယ်။ နောက်ပိုင်း ကဗျာဆရာ ဂျိမ်းစ်စခူလာရဲ့ လက်ထောက်အနေနဲ့ အလုပ်လုပ်တယ်။ ၁၉၉၁ မှာ ပထမဆုံး ကဗျာစာအုပ် Not Me ကိုထုတ်တယ်။ အဲဒီနှစ်မှာပဲ အမေရိကန်သမ္မတအတွက် write-in campaign ကိုလည်း စတင်ခဲ့တယ်။ ဝတ္ထုရှည်နှစ်ပုဒ်လည်း ရေးပြီးပြီ။ ဆုလည်းရတယ်။ ပြဇာတ်တွေ၊ အက်ဆေးတွေလည်း ရေးတယ်။ အကြောင်းအရာမျိုးစုံကို ရေးဖွဲ့နိုင်သူ။
ကဗျာဆရာ ဒင်းနစ်ကူးပါးပြောတာကတော့ “အီလင်းဟာ ကွမ်တမ်ပရာရီစာပေမှာ ဖြတ်ထိုးဥာဏ်အကောင်းဆုံးနဲ့ ဆင်ခြင်ခြင်းမရှိဆုံး ပညာတတ်တွေထဲက တဦးပဲ” တဲ့။ ကိုယ်တိုင်ကလည်း လိင်တူချစ်သူဖြစ်တာကြောင့် The New Fuck You/adventures in lesbian reading စုပေါင်းစာအုပ်ကိုလည်း အယ်ဒီတာလုပ်ခဲ့တယ်။ အခု နျူးယော့ခ်၊ ကိုလံဘီယာ၊ ကော်လိုရာဒို တက္ကသိုလ်တွေမှာ ပါမောက္ခအနေနဲ့ စာသင်ပေးနေတယ်။ နေတာကတော့ နျူးယော့ခ်မှာ။
(အခု “မြေပဲထောပတ်” ကဗျာဟာ ဘာသာပြန်သူအတွက် ဘာသာပြန်ဖို့ အလွန်ခက်ခဲတဲ့ကဗျာပဲ။ Free Verse လို့တော့ အကြမ်းဖျင်းပြောကြတယ်။ နောက်ပိုင်း ပို့စ်ကဗျာသမားတွေ လုပ်သလို ဝါကျဖွဲ့ထုံးတွေ သဒ္ဒါတွေကို လုံးဝဂရုမစိုက်ဘဲ ဖြတ်ချင်တဲ့နေရာမှာ ဖြတ်၊ ရပ်ချင်တဲ့နေရာမှာ ရပ်။ ဝါကျတကြောင်းတည်းကိုပဲ ဘာအနက်မှ ထပ်မံမမျှော်လင့်ဘဲ ကဗျာလို ဖြတ်တောက်စီရင်ထားတယ်။ စကားပြေလို ချစီလိုက်ရင်တောင် ရမယ်ထင်ရရဲ့။ ဒါပေမယ့် တချို့စာကြောင်းတွေကျတော့လည်း ဝါကျ အတိုအစတွေ။ ဘယ်ဝါကျနဲ့ သွားကပ်ရမယ်မှန်းမသိ။ ပြီး စကားလုံးတလုံးတည်းကိုပဲ ခွဲချင်ရင်လည်း ခွဲထားလိုက်ပြန်ရော။ ဒါတွေကပဲ အီလင်းစ်ကို ကမ္ဘာကျော်စေတဲ့ ရေးဖွဲ့ပုံ ဖြစ်လာတယ်လို့ ထင်တယ်။ သူ့ကဗျာအများစုက ဒီလို စီပုံတွေချည်းပဲ။ တွေ့ကြုံခံစားရပုံတွေနဲ့ အတွေးတွေကို လက်ခံချင်လာအောင် သိမ်းသွင်းနိုင်တဲ့ ကဗျာတွေလို့ ပြောကြတယ်။ ဘာသာပြန်သူအနေနဲ့ တတ်စွမ်းသလောက် သူ့လို လိုင်းစီပုံ အရသာပေါ်အောင် ကြိုးစားထားပါတယ်။)


ရှိန်ဝါ

အိုကေ မြားနတ်မောင် ---- Ok Cupid by Major Jackson

ကက်သလစ်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာ လူမျိုးစုတစုနဲ့ ချိန်းတွေ့ရသလိုပဲ
လူမျိုးစုတစုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း နိုင်ငံတနိုင်ငံနဲ့ ချိန်းတွေ့ရသလိုပဲ
နိုင်ငံတနိုင်ငံနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဘောလုံးကြယ်ပွင့်တစ်ယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဘောလုံးကြယ်ပွင့်တစ်ယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကားသစ်တစီးနဲ့ ချိန်းတွေ့ရသလိုပဲ
ကားသစ်တစီးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လေသန့်ဆေးဗူးနဲ့ ချိန်းတွေ့ရသလိုပဲ
လေသန့်ဆေးဗူးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သစ်ပင်အတုနဲ့ ချိန်းတွေ့ရသလိုပဲ
သစ်ပင်အတုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရောင်ပြန်ငွေကြိုးလေးနဲ့ ချိန်းတွေ့ရသလိုပဲ
ရောင်ပြန်ငွေကြိုးလေးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အားလပ်ရက်နဲ့ ချိန်းတွေ့ရသလိုပဲ
အားလပ်ရက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လူမည်းတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လူမည်းတယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ထိပ်ပိုင်းနဲ့ ချိန်းတွေ့ရသလိုပဲ
ထိပ်ပိုင်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အောက်ခြေနဲ့ ချိန်းတွေ့ရသလိုပဲ
အောက်ခြေနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း တိဗက်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
တိဗက်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း နဂါးတကောင်နဲ့ ချိန်းတွေ့ရသလိုပဲ
နဂါးတကောင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မီးဖိုနဲ့ ချိန်းတွေ့ရသလိုပဲ
မီးဖိုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကျပ်ခိုးစင်နဲ့ ချိန်းတွေ့ရသလိုပဲ
ကျပ်ခိုးစင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပန်းချီကားဘောင်နဲ့ ချိန်းတွေ့ရသလိုပဲ
ပန်းချီကားဘောင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မာတင်လူသာကင်းနဲ့ သခင်ယေရှုတို့ကို ချိန်းတွေ့ရသလိုပဲ
မာတင်လူသာကင်းနဲ့ သခင်ယေရှုတို့ကို ချိန်းတွေ့တယ်ဆိုတာလည်း လူသုံးယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လူသုံးယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အဖွဲ့တဖွဲ့နဲ့ ချိန်းတွေ့ရသလိုပဲ
အဖွဲ့တဖွဲ့နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မအောင်မြင်နိုင်တဲ့ အတွေးအခေါ်နဲ့ ချိန်းတွေ့ရသလိုပဲ
အတွေးအခေါ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဥာဏ်အလင်းပွင့်မှုနဲ့ ချိန်းတွေ့ရသလိုပဲ
ဥာဏ်အလင်းပွင့်မှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သိပ္ပံပညာနဲ့ ချိန်းတွေ့ရသလိုပဲ
သိပ္ပံပညာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဖန်ဗူးနဲ့ ချိန်းတွေ့ရသလိုပဲ
ဖန်ဗူးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆေးဆိုင်နဲ့ ချိန်းတွေ့ရသလိုပဲ
ဆေးဆိုင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကုန်သည်နဲ့ ချိန်းတွေ့ရသလိုပဲ
ကုန်သည်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကုန်ထုတ်လုပ်မှုနဲ့ ချိန်းတွေ့ရသလိုပဲ
ကုန်ထုတ်လုပ်မှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရီပက်ဘလစ်ကန်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ရီပက်ဘလစ်ကန်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆောင်းရာသီနဲ့ ချိန်းတွေ့ရသလိုပဲ
ဆောင်းရာသီနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဒီမီးတာနဲ့ ချိန်းတွေ့ရသလိုပဲ
ဒီမီတာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပြောင်းဆန်နဲ့ ချိန်းတွေ့ရသလိုပဲ
ပြောင်းဆန်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပန်ကိတ်တွေနဲ့ ချိန်းတွေ့ရသလိုပဲ
ပန်ကိတ်တွေနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကာမအထွတ်အထိပ်နဲ့ ချိန်းတွေ့ရသလိုပဲ
ကာမအထွတ်အထိပ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သုခဘုံနဲ့ ချိန်းတွေ့ရသလိုပဲ
သုခဘုံနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အားမစ်ရှ်မိန်းမတယောက်နဲ့2  ချိန်းတွေ့ရသလိုပဲ
အားမစ်ရှ်မိန်းမနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လတ်ဒစ်တယောက် 3နဲ့ ချိန်းတွေ့ရသလိုပဲ
လတ်ဒစ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဒဏ္ဍာရီသူရဲကောင်းနဲ့ ချိန်းတွေ့ရသလိုပဲ
ဒဏ္ဍရီသူရဲကောင်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရောဘတ်ဇင်မာမန်းနဲ့4 ချိန်းတွေ့ရသလိုပဲ
ရောဘတ်ဇင်မာမန်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သမိုင်းနဲ့ ချိန်းတွေ့ရသလိုပဲ
သမိုင်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လူဖြူတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လူဖြူနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မလုံခြုံမှုနဲ့ ချိန်းတွေ့ရသလိုပဲ
မလုံခြုံမှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဟမ်းမားကားနဲ့ 5ချိန်းတွေ့ရသလိုပဲ
ဟမ်းမားကားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပင်တဂွန်ဌာနချုပ်နဲ့ ချိန်းတွေ့ရသလိုပဲ
ပင်တဂွန်ဌာနချုပ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပျောက်ဆုံးသွားတဲ့ကြယ်နဲ့ ချိန်းတွေ့ရသလိုပဲ
ပျောက်ဆုံးသွားတဲ့ကြယ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လစ်ဘရယ်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လစ်ဘရယ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဂျူးတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဂျုးတယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မီးအိမ်နဲ့ ချိန်းတွေ့ရသလိုပဲ
မီးအိမ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရွှေရောင်ဆံပင်မိန်းကလေးနဲ့ ချိန်းတွေ့ရသလိုပဲ
ရွှေရောင်ဆံပင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆွီဒင်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဆွီဒင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း IKEA ပရိဘောဂ နဲ့ ချိန်းတွေ့ရသလိုပဲ
IKEA နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း Whole Foods စားသောက်ကုန်နဲ့ ချိန်းတွေ့ရသလိုပဲ
Whole Foodsနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ယောဂဆရာနဲ့ ချိန်းတွေ့ရသလိုပဲ
ယောဂဆရာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း e-reader နဲ့ ချိန်းတွေ့ရသလိုပဲ
e-reader နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း တီဗီတလုံးနဲ့ ချိန်းတွေ့ရသလိုပဲ
တီဗီတလုံးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း စီးပွားရေးသမားနဲ့ ချိန်းတွေ့ရသလိုပဲ
စီးပွားရေးသမားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း စိတ္တဇလူသတ်သမားနဲ့ ချိန်းတွေ့ရသလိုပဲ
စိတ္တဇလူသတ်သမားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရက်စ်ခိုနီကော့ဗ်နဲ့6 ချိန်းတွေ့ရသလိုပဲ
ရက်စ်ခိုနီကော့ဗ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆင်ခြင်မှုဝါဒီသမားနဲ့ ချိန်းတွေ့ရသလိုပဲ
ဆင်ခြင်မှုဝါဒီနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပညာတတ်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ပညာတတ်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကိုယ်ရေးမှတ်တမ်းနဲ့ ချိန်းတွေ့ရသလိုပဲ
ကိုယ်ရေးမှတ်တမ်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လူဖြူအမျိုးသမီးနဲ့ ချိန်းတွေ့ရသလိုပဲ
လူဖြူအမျိုးသမီးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သူတောင်းစားတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
သူတောင်းစားတယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း နိုင်ငံရေးခိုလှုံသူနဲ့ ချိန်းတွေ့ရသလိုပဲ
နိုင်ငံရေးခိုလှုံသူနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကျူးဘားတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ကျူးဘားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဂက်စ်မီးတောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဂက်စ်မီးတောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အင်္ကျီမပါတဲ့ ဂျီဟတ်နဲ့ ချိန်းတွေ့ရသလိုပဲ
ဂျီဟတ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရူးလောက်တဲ့ လှထွဋ်ခေါင်နဲ့ ချိန်းတွေ့ရသလိုပဲ
လှထွဋ်ခေါင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပဲရစ်စ်ဟီတန်နဲ့ ချိန်းတွေ့ရသလိုပဲ
ပဲရစ်စ်ဟီတန်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အတင်းအဖျင်းသတင်းစာနဲ့ ချိန်းတွေ့ရသလိုပဲ
အတင်းအဖျင်းသတင်းစာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကွန်မြူနစ်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ကွန်မြူနစ်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဒီဇိုင်းဖော်ထားတဲ့ပန်းတွေနဲ့ ချိန်းတွေ့ရသလိုပဲ
ဒီဇိုင်းဖော်ထားတဲ့ပန်းတွေနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဖောက်ပြန်မှုနဲ့ ချိန်းတွေ့ရသလိုပဲ
ဖောက်ပြန်မှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရေကန်တကန်နဲ့ 7 ချိန်းတွေ့ရသလိုပဲ။

ကောက်ပဲသီးနှံစောင့် ဂရိနတ်ဘုရားမ Demeter
2  ရှေးရိုးစွဲ ခရစ်ယန်ဘာသာဝင်တမျိုး Amish
3 စက်မှုတော်လှန်ရေးဆန့်ကျင်သူ Luddite
4 နာမည်တူတွေ အများကြီးရှိတယ် ဘော့လ်ဒိုင်လန်ရဲ့ နာမည်ရင်းကို ဆိုလိုတာလို့ ထင်ရ Robert Zimmerman
5 Hummer (ထရပ်ကားတွေ ဆပ်ဖ်ကားတွေပဲ ထုတ်တဲ့ ကားတံဆိပ်)
6 ဒေါ့စတိုယက်စကီးရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်ဝတ္ထုထဲက ဇာတ်ကောင် Raskolnicov
 pool လို့ပဲပါတာ။ ရေကန်လို့ပဲ ပြန်လိုက်တယ်

မေဂျာဂျက်ခ်ဆန် (Major Jackson) ကို ဖီလာဒဲဖီးယားမှာ မွေးတယ်။ အခု ၂၀၁၅ မှာ အသက်က ၄၇ နှစ်ရှိပြီ။ ကဗျာစာအုပ်ထွက်တာ အုပ်ရေမများသေးပေမယ့်လည်းဂွတ်ဂန်ဟိုင်းတို့၊ ပွတ်ရှ်ကတ်တို့ အပါအဝင် သူတို့ဆီက လေးစားထိုက်တဲ့ ဆုတွေ တော်တော်များများ ရပြီးနေပြီ။ ဗားမန့်တက္ကသိုလ်မှာလည်း ပါမောက္ခအလုပ်လုပ်ပါတယ်။ ဖလော်ရီဒါမှာ တလှည့် ဗားမန့်မှာ တလှည့်နေတယ်။ အမေရိကန်ကဗျာဆရာမ ဒေါ်ရီယန် လာ့ခ်စ် ပြောတာက မေဂျာဟာ ကဗျာကို တကျွီကျွီ တအုန်းအုန်းအသံမြည်စေသူပဲ တဲ့။

“အိုကေ မြားနတ်မောင်”  (Ok Cupid)နဲ့ ပတ်သတ်လို့ ဂျက်ခ်ဆန် ပြောတာက “ကျွန်တော်က အမေရိကန်ကဗျာတွေရဲ့ ထုံးတမ်းစဉ်လာတွေကို သဘောကျနေတာလေ။ သူတို့ရဲ့ ဆင်ခြင်မှုတွေနဲ့ အဓိပါယ်တည်ဆောက်ပုံ စနစ်တွေကို သဘောကျနေတာပေါ့။ တမင်တကာ ရည်ရွယ်ပြီး သီးသန့်ဆန်ဆန် တည်ဆောက်ထားပုံတွေပါပဲ။ တချို့ပုံစံတွေဆို ပုံစံခွက်နဲ့ ရေးထားတာလို့တောင် နာမည်တပ်ကြတယ်။ ပျော်ဖို့လည်းကောင်းတယ် ။ ကျွန်တော် အွန်လိုင်းက ချိန်းတွေ့တဲ့ ဝက်ဘ်ဆိုက်တွေကို လျောက်ကြည့်ရင်း အဲဒီ ပုံစံခွက်နဲ့ ရေးသားနည်းဟာ ခေါင်းထဲကို မတော်တဆ ရောက်လာတာပဲ။ အဲဒီမှာတင် ကိုယ်ရဲ့ဘဝအဖော်ဟာ ဘယ်လိုပုံစံ ဖြစ်နိုင်မလဲဆိုတာကို မေးဖို့အတွက် မေးခွန်းတွေ ကျွန်တော့်ခေါင်းထဲ ရောက်လာတာပါ။ ကျွန်တော် အဲဒီမေးခွန်းတွေကိုလည်း ပြည့်စုံအောင် အဖြေပေးဖို့ ကြိုးစားကြည့်တယ်။ ကျွန်တော်ရဲ့ ညစ်တွန်းတွန်းတဲ့ဒေါသတွေ အဆိုးမြင်စိတ်တွေကိုတော့ ခဏဖယ်ထားကြည့်လိုက်တယ်။ အဲဒီမှာပဲ ကဗျာရှည်တပုဒ်ရေးဖို့ အကောင်းဆုံး ဝါကျပုံစံ တခုကို သွားတွေ့ရတယ်။  “ ………………… နဲ့ ချိန်းတယ်ဆိုတာ ……………… နဲ့ ချိန်းသလိုပါပဲ။” ဆိုတဲ့ ဝါကျပဲ။ အလယ်တန်းကျောင်းမှာတုန်းက ဆရာတွေ ပေးလေ့ပေးထရှိတဲ့ ဝေါဟာရတိုးအောင် လုပ်တဲ့ ပုံစံနဲ့တော့ မတူပါဘူး။ သူတို့ပုံစံတွေက ပုံစံသေကြီးတွေ။ ယုတ္တိကျကျ စဉ်းစားတာတွေပေါ့။ ဒီကဗျာမှာကျတော့ ကျွန်တော်က ဒွိဟလေးနဲ့ လူမှုရေးတည်ဆေက်မှုတွေကို မေးခွန်းထုတ်ရင်း စတင်လိုက်တာပါ။ နောက်ပိုင်းမှာ တကယ်ကြီးမားတဲ့ ရသဆိုင်ရာ ရလာဒ်တွေ ထွက်လာတော့တာပဲ။ သရော်မှုနဲ့ ပေါ့ပေါ့ပါးပါးပဲ။ ဒီကဗျာဟာ
အော်ဟစ်ရယ်မော်ခြင်းနဲ့ လေးနက်တာနှစ်ခုကြားမှာ ရှိပါတယ်။”

(ကဗျာတပုဒ်လုံးကို ဝါကျပုံစံတကြောင်းနဲ့ပဲ ရေးဖွဲ့သွားတာပါ။ ကဗျာရဲ့ တည်ဆောက်ပုံကို ဖောင်းပွမှန်းသိသိနဲ့ ပုံစံတူဝါကျပုံစံကိုပဲ သုံးသွားတာပါပဲ။ သူ့အပြောအရဆိုရင် ကဗျာဖတ်သူအတွက် ဆင်ခြင်တွေးတောမှုကို တချိန်လုံး အလုပ်ပေးသွားတဲ့ ကဗျာပဲ။ တခါတခါမှာ ကဗျာဖတ်သူအနေနဲ့ မျှော်လင့်ထားသလို ပြောင်းလဲသွားပေမယ့်လည်း တခါတခါမှာ လုံးဝမထင်ထားတဲ့ လှည့်ကွက်ကို ပြောင်းပစ်လိုက်တာပါ။ ဟာသဓါတ်နဲ့ လေးနက်မှုရဲ့ အချိတ်တွေ အကြွတွေ။ အွန်လိုင်းကနေ ချစ်သူရှာတဲ့ ပုံစံတွေကို ကြည့်ပြီး ရေးဖွဲ့ထားပေမယ့်လည်း သဘာဝနဲ့ ခေတ်ပေါ်နည်းပညာတွေ အကုန်လုံးကို အပြေပြစ်ဆုံးပေါင်းစပ်ထည့်ဝင်သွားတဲ့ ကဗျာပါပဲ။ တခုပဲ ပြောစရာရှိပါတယ်။ တချို့သော အရာတွေကတော့ နောက်ခံအသိတော်တော်ရှိမှ ကဗျာကို ခံစားနိုင်မှာပါ။ သူသုံးသွားတဲ့ အကြောင်းအရာတွေကို ကြားဖူးနားဝတော့ ရှိနေရမှာပါ။ ပြီးတော့ တကြောင်းနဲ့ တကြောင်း အနက်အဓိပါယ်အရ ခုန်သွားတဲ့ အခုန်တွေ။ အစဉ်အတွဲတွေ။ စိတ်လှုပ်ရှားစရာပါပဲ။ ရှေးရိုးနည်းလမ်းတွေ (ဥပမာ အပြိုင်ဝါကျတွေ) ကို အသုံးပြုပြီး ဒီဖက်ခေတ်ချည်းကပ်ပုံနဲ့ ရေးသွားတာပဲ။ )


ရှိန်ဝါ

Monday, November 16, 2015

ဘာသာနာရေး (re-lie-gion)

ငါတို့ဟာ ကိုယ့်တံထွေးနဲ့ကိုယ် ချိုနေကြတဲ့ ခွေးတွေ
ဘုရားဆိုတဲ့ အရိုးကို လုကိုက်ကြတယ်
ကမ္ဘာအဆက်ဆက်။

Saturday, November 14, 2015

အပျောက်

လက်မထပ်ဘဲအတူနေ ဇွန်းနဲ့ခရင်း
လိင်တူချင်းချစ်သူ တူတစုံ
အရသာကို ပြဌာန်းလျာကမသိဘူး။

ရှိန်ဝါ
၂၀၁၅ နိုဝင်ဘာ ၁၃

ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ*

မြေဖြူတိုတချောင်းနဲ့ အမယ်အို
တွေ့သမျှနံရံတိုင်းမှာ တခုခုကိုရေးခြစ်လို့
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

မီးသွေးခဲတွေဟာ မီးခိုးခေါင်တိုင်ထိပ်ကနေခုန်ချပြီး
ကိုယ့်ကိုယ်ကို အဆုံးစီရင်၊ ပျံသန်းထွက်မြောက်ကြတယ်
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

မြင်နေရတာမြစ်ကြီး မဟုတ်ဘူး
မျှော်လင့်ချက်စီလီကွန်အချောင်းကြီးလား
မဖြစ်မနေလုပ်မိတာက လက်သည်းညှပ်တာပဲ
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

ရေချိုးဖို့အတွက် အလံကို ခါးမှာပတ်တယ်
စိုစွတ်နေတဲ့အလံကို အပေါ်ပိုင်းဗလာက ငုံ့ကြည့်ရတယ်
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

ငါးအချင်းချင်းတောင် ငါးကိုငါး နားမလည်ဘူး။
အကြီးဆုံးဝဋ်ဒုက္ခဟာ
ယားယံတတ်တဲ့ အဝတ်အစားတွေပဲ
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

ပန်းကလေးရေ ငါ မဲသွားပေးပြီးပြီ
ဘာမှ မကြီးကျယ်ပါဘူးဆိုတာနဲ့ ကြီးကျယ်ခွင့်ပြုပါ
ပန်းကလေးရေ ငါ မဲပေးပြီးသွားပြီ
ဆိုတဲ့ ကဗျာတကြောင်း အကြောင်း။


ရှိန်ဝါ
၂၀၁၅ အောက်တိုဘာ ၁၇
* ကဗျာဆရာ မောင်ချောနွယ်ရဲ့ ငါ နေကောင်းသွားပြီ ပန်းကလေးရေကို အမှတ်ရ*

စူပါမားကတ်ထဲ အရူးအား အင်တာဗျူးခြင်း

ဒီထဲကို ဘာလုပ်ဖို့ဝင်လာတာလဲ။ ဘယ်သူကလွှတ်လိုက်တာလဲ။ လူတွေဟာ ဒီထဲကိုရောက်ရင် တခုခုတော့ ရွေးချယ်ဝယ်ယူနေကျပဲဆိုတာ မသိဘူးလား။ ခင်ဗျားက လူလား၊ မျောက်လား။ ခင်ဗျား အခု ပန်းခင်းထဲရောက်နေတာကိုရော သိလား။ ဗိုက်ဆာနေလို့လား။ ခင်ဗျားကို ဘယ်သူက လွှတ်လိုက်တာလဲ။ ခင်ဗျားဘာသာခင်ဗျား လာတာလား။ ခင်ဗျားပြောတဲ့စကားကို သူတို့ နားမလည်ဘူးဆို။

ခင်ဗျား တွေ့သမျှတံဆိပ်တွေလိုက်ဖြုတ်ပြီး ဘာလို့ဝါးစားတာလဲ။ ခင်ဗျား တခုခုတော့ ရွေးလိုက်သေးတယ်မလား။ ဒီနေရာမှာရွေး ဟိုနေရာမှာပစ်ချလုပ်တယ်ဆို။ ဝါယာကြိုးတွေကိုရော ဘာလို့ဝါးတာလဲ။ အင်္ကျီကိုချွတ်ပြီး ဘာလို့ ပြောင်းပြန်ဝတ်လိုက်တာလဲ။ ဘာလို့ ထိုင်လိုက်ထလိုက် ငှက်ပျံသလို လုပ်နေတာလဲ။ ခင်ဗျား မတ်တပ်ကြီး မျက်စိတွေမှိတ်ပြီး အိပ်နေသေးတယ်ဆို။ ခင်ဗျား အဲလိုလုပ်နေတာ မြင်တဲ့သူတွေက ဘာမှမပြောကြဘူးလား။ ခင်ဗျား ရုပ်ရှင်သရုပ်ဆောင်နေတယ်လို့ ထင်ကြလို့လား။

ခင်ဗျား ဘာလို့ အကျယ်ကြီး ထရီတာလဲ။ ဝိုင်းကြည့်တဲ့လူတွေကို လိုက်ပြီး ဘာလို့ ကထိထိုးတာလဲ။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ငိုတာ ခင်ဗျား မတွေ့ဘူးလား။ ခင်ဗျား အခု ကန္တာရထဲရောက်နေတာကိုရော သိရဲ့လား။

အဲဒါတွေလည်းပြီးရော ခင်ဗျား ရုတ်တရက်ကြီး ဘာလို့ ဒီထဲမှာ သေးနဲ့လျောက်ပန်းရတာလဲ။ ခင်ဗျား သေးနဲ့ ကြမ်းပေါ်မှာ သရုပ်ဖော်တာ ပြုံးနေတဲ့ပုံဆို။ ဘာသဘောလဲဗျ။ လုံခြုံရေးရဲတွေရောက်လာတော့ ခင်ဗျားက အရင် ဘီစကစ်တွေနဲ့ ပစ်တယ်ဆို။ တွေ့သမျှအရုပ်တွေနဲ့ ပစ်တယ်ဆို။ အဲဒီအရုပ်တွေထဲမှာ ဘုရားရုပ်တွေပါတာကိုရော သိလား။ ခင်ဗျားက အလင်းရောင်ကိုလိုက်ရှာပြီး ပြေးတာဆို။ အဖမ်းခံတော့လည်း အသာတကြည်နဲ့ အဖမ်းခံတယ်ဆို။ အဖမ်းခံတော့ ခင်ဗျားက အပေါက်ဝနားတောင်ရောက်နေပြီဆို။

ခင်ဗျား ကျွန်တော့်အတောင်ပံတွေကို မြင်လား။ ခင်ဗျားရဲ့ သေးစိုဘောင်းဘီ ကျွန်တော့်ကို ပေးပါလား။ ဝါးဖို့ ဝါယာကြိုးတွေကျန်သေးလားဗျ။ ကျွန်တော် ရေဆာတယ်ဗျာ။ ပန်းတပွင့်လောက်ရွေးပေးပါလား။

ရှိန်ဝါ
၂၀၁၅ စက်တင်ဘာ ၁၈

တအုံ့တနွေးတဆွေး

ရှေ့တွင်ရှိနေသော ဂျိုးဖြူအား နောက်ရောက်လာသောဂျိုးဖြူက ထိုးဆိတ်လိုက်သည်။ ကျွန်ုပ်တို့ ယခုမြင်နေရသော တစ်ကောင်တည်းသောဂျိုးဖြူသည်ကား ဂျိုးကြီးပင်လား ဂျိုးငယ်ပင်လား မည်သူမျှမသိရချေ။ ကယောင်ကတမ်းဖြင့် သံလွင်ခက်ကိုယူ၍ အဓိကအရှက်အား ဖုံးအုပ်ထားရသည်။ စာရွက်များထိုင်ဖြဲနေသော ကလေးငယ်အား အဓမ္မစာသင်ကြားရန် မကြိုးစားသင့်ပေ။ မြစ်များသည် မြေပုံထဲတွင် ကခုန်၍ စားပွဲပေါ်တွင် ငိုယိုနေတတ်၏။ သမ္မတကြီးနှစ်ဦးသည် တံခါးပိတ်ဆွေးနွေးခြင်းဖြင့် နှုတ်ခမ်းချင်းစုပ်နေကြလေသည်။ အပြင်ဖက်နေပူထဲတွင်ကား ဓါတ်ပုံရိုက်ဖို့စောင့်နေကြသူများစွာရှိလေသည်။ အမျိုးသားတစ်ယောက်သည် ပဋိသန္ဓေတားဆေးများစွာသောက်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားလေသည်။


ရှိန်ဝါ
၂၀၁၅ စက်တင်ဘာလ သုံးရက်နေ့

ယူကလစ်

(၁)
သစ်ပင်တပင်ကိုနားလည်ချင်ရင် သစ်ပင်ထိပ်ကိုရောက်အောင်တက်ပါ။
ဥပမာ အသီးလိုလို မှိုလိုလိုနဲ့ ဖွားဖက်တော်သစ်ပင်ကြီး။
အဓိပ္ပါယ်တည်ဆောက်ထားတဲ့ လူလှေကားကိုမသုံးပါနဲ့။
ထိပ်ရောက်ပြီဆိုရင် ခုန်ချပါ။ ထိုနည်းအတိုင်း အကြိမ်ကြိမ်လုပ်ပါ။

(၂)
ဓါးမြှောင်မြက်ခင်းထဲ အငှားဆင်းရဲသားတွေပွားများလာစေဖို့
အပျိုစင်စက်ဝိုင်းအလည် ဖန်သားလက်နှိပ်စက်တဖြောင်းဖြောင်းရိုက်လို့။
ပန်ကာလေပြင်းတခုထဲနဲ့ မုဆိုးမသဲကန္တာရထဲမှာတော့
အရေပြားပေါ်က တရားဝင်စီရင်ချက်ချခံလိုက်ရခြင်းတွေ
တိုက်ခန်းအငှားစာချုပ်အလွမ်းရဲ့ အစိမ်းရောင်ပိုင်ဆိုင်မှုမီးပွားတွေ
ပေါင်မုန့်လှေကားထဲ ခြေထောက်ကိုစွပ်ပြီး လိင်ဆက်ဆံမှုပြုတယ်။
ဝါယာကြိုးများနဲ့ သာသာယာယာအသေပင်လယ်။
အနာဂတ်ရေမွှေးတွေဟာ ရေကန်ထဲမောင်းနှင်နေတဲ့ ကားတွေပဲ။
သဘာဝအတိုင်းဖြတ်မောင်းပြီး ကုလားထိုင်ဦးထုပ်ကိုဆောင်းတယ်။
ရေဟာ စမ်းစီးဖို့၊ အရွယ်ရောက်ဖို့ ကြိုးစားတယ်။ အလိုမတူလည်း
သီလရှင်တွေကတော့ တြိဂံပုံသဏ္ဍန်ပျံသန်းသွားကြမှာပဲ။
သီတင်းကြေငြာနေသူရဲ့ ဗိုက်သားဖွေးဖွေးပေါ်က စိုရွှဲချုပ်ရိုးအတိုင်း
မွှေးပျံ့ကွန်ကရစ်လမ်းမအနံ့တွေဟာ အစာကြေလွယ်တယ်လို့ သင်ကြားခံရဖို့

သံတိုင်တိုင်းမှာ သိမှုအောက်ခံဘောင်းဘီတွေ ပတ်ထားကြမလား။

(၃)
သစ်ဘေးထွက်ဆိုးကျိုးအကိုင်းလက်တက်တွေ။
နေရောင်ဆလိုက်က ထိုးဟောင်မယ်။ ဇစ်ပွင့်လှေကားမှာ
အမြဲခြေတပေါင်ကျိုးမြစ်မကြီးရဲ့ ဆူဆူညံညံသွေးတွေ ။ မဟုတ်ဘူး ။
တိရစ္ဆာန်မဟုတ်ကြောင်း လူတွေပန်းထုတ်နေကြ ဓါတ်တိုင်သေးတွေ။

ရှိန်ဝါ
၂၀၁၅ စက်တင်ဘာ ၂၉

အဆက်ပါတယ်

ကလေးတွေကို ကျောင်းကြိုပြီးအပြန်
လမ်းဘေးခွေးတကောင်ရဲ့ပါးစပ်ကို
မြောင်းထဲကကွန်ဒုံးအဟောင်း စွပ်ပေးလိုက်တယ်။
ခွေးဟာ ခြံရှေ့ကအိမ်နံပါတ်ကို
ခေါင်းနဲ့ အကြိမ်ကြိမ်ခုန်ဆောင့်တော့တာပဲ။
တခေါင်းလုံး သွေးချင်းချင်းရဲတဲ့အထိ
သူ မရပ်သေးဘူး။
ငါကိုယ်တိုင်ကျ တံခါးအားလုံးကို ပိတ်ပြီး
တံခါးဘောင်တွေကို ကိုက်ဝါးပစ်ရတယ်။
တယ်လီဖုန်းဆင်းကဒ်တွေကို လျှာနဲ့လျက်ရတာ
အကြောပေါင်းတစ်ထောင်စိမ့်တဲ့ အရသာ။
အဖေဟာ ဂိမ်းခလုတ်အဟောင်းတွေကိုမြင်တိုင်း
ပုတီးကြိုးကိုဆွဲဖြတ် ကြမ်းပြင်ပေါ်လူးလိမ့်တယ်။
ငါကတော့ ကလေးတွေ စာကျက်သံကြားတိုင်း ငိုတယ်။
အမေ ဘုရားရှိခိုးတဲ့အသံကြားရရင်တော့
ငါ့ခေါင်းကို မီးဖိုပေါ်တင်ပြီ။
ဆံပင်တွေ လောင်ကျွမ်းတဲ့ အသံဟာ
မိန်းမ တီဗီချန်နယ်တွေကို ပြောင်းတဲ့အသံနဲ့ ရောထွေးနေကျ။

ရှိန်ဝါ
၂၀၁၅ စက်တင်ဘာ ၁၂

အနုပညာ၊ အလှတရားနှင့် ဖန်တီးမှု

ကျွန်တော်တို့အများစုဟာ ကိုယ့်ဖြစ်တည်မှုကနေ ကိုယ်တိုင်လွတ်မြောက်ဖို့ အမြဲကြိုးစားနေကြတာပါ။ အနုပညာဆိုတာကတော့ အဲဒီလိုလွတ်မြောက်အောင်ကြိုးစားတဲ့နေရာမှာ အများရဲ့လေးစားမှုကိုလည်းရရှိနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတလမ်းပေါ့။ အနုပညာဟာ လူအများစုရဲ့ဘဝတွေမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။  ကိုယ့်အတ္တကိုကိုယ်မေ့လျော့ချင်တဲ့ စိတ်ဆန္ဒတွေနဲ့ပဲ တချို့တွေက အနုပညာအဖြစ်ပြောင်းလဲကတယ်။ တချို့တွေကတော့ အရက်ကိုရွေးချယ်ကြတယ်။ တချို့တွေကတော့ ထူးခြားဆန်းကြယ် စိတ်လှုပ်ရွားဖွယ်ရာ ဘာသာရေးလမ်းကြောင်းတွေနောက်ကို လိုက်ကြတယ်။
သိစိတ်ကရော မသိစိတ်ကပါ ကျွန်တော်တို့ဟာ ကိုယ့်အတ္တဖြစ်တည်မှုကနေ လွတ်မြောက်ဖို့ တခုခုကို သုံးစွဲတတ်ကြတယ်။ နောက်ပိုင်း အဲဒီသုံးစွဲလိုက်တဲ့အရာကိုပဲ စွဲလမ်းသွားကြပြန်တယ်။ ကိုယ့်ရဲ့ပူပန်သောကတွေကို ဖြေဖျောက်ရာနည်းလမ်းအဖြစ် လူတယောက်၊ ကဗျာတပုဒ် ဒါမှမဟုတ် ကိုယ်စိတ်ပါရာတခုခုကို မှီခိုနေရတယ်ဆိုရင် ဒါဟာ ခဏတာသာယာမှုပါပဲ။ နောက်ပိုင်းမှာ ပိုဆိုးရွားတဲ့ ပဋိပက္ခတွေ အကျပ်အတည်းတွေကို ဖန်တီးတာပါပဲ။
တီထွင်ဖန်တီးမှုရှိတဲ့အခြေအနေဆိုတာ ပဋိပက္ခတွေရှိတဲ့နေရာမှာ မရှိပါဘူး။ မှန်ကန်တဲ့ပညာရေးဟာ တဦးတယောက်ချင်းစီကို သူ့ကိုယ်ပိုင်ပြဿနာတွေကို ရင်ဆိုင်ဖို့ ကူညီရမှာပါ။ ထွက်ပြေးတဲ့နည်းလမ်းတွေကို အရောင်တင်ပေးဖို့ မဟုတ်ပါဘူး။ ပဋိပက္ခတွေကို နားလည်ပြီး အဆုံးသတ်ပစ်နိုင်ဖို့ပဲ ကူညီပေးရမှာပါ။ အဲဒီလို အဆုံးသတ်ပစ်နိုင်မှသာ တီထွင်ဖန်တီးနိုင်မှုဆိုတာ လာပါတယ်။ ဘဝနဲ့ ကင်းလွတ်နေတဲ့ အနုပညာဟာ ဘာအနှစ်သာရမှ မရှိပါဘူး။ အနုပညာကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကနေ ဖယ်ထားလိုက်ရင် ၊ ကျွန်တော်တို့ရဲ့ သာမာန်ဘဝနဲ့ အားထုတ်ဖန်တီးနေတဲ့ဘဝ နှစ်ခုကြားထဲမှာ ကွက်လပ်ကြီး ဖြစ်လာပါတယ်။ အဲလိုဖြစ်လာပြီဆိုရင် အနုပညာဆိုတာ အစစ်အမှန်တရားဆိုတာကနေ ပြေးထွက်ဖို့ကြိုးစားနေတဲ့ အပေါ်ယံဖော်ထုတ်မှုတမျိုးမျှသာပါပဲ။ ကျွန်တော်တို့ရဲ့ဘဝဟာ ပေါင်းစည်းမှုရှိမှသာ၊  အနုပညာဆိုတာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အတွင်းကျကျပေါင်းစည်းဖော်ထုတ်မှုတခုဖြစ်လာမှသာ အဲဒီကွက်လပ်ကြီးကို တံတားထိုးနိုင်မှာပါ။
စိတ်ဆိုတာ ဟုတ်ယောင်ထင်မှုတွေကို ဖန်တီးနိုင်တဲ့ အစွမ်းရှိပါတယ်။ စိတ်ရဲ့သဘောသဘာဝတွေကို နားမလည်ဘူးဆိုရင်တော့ အနုပညာစေ့ဆော်မှုတခုကို ရှာဖွေတယ်ဆိုတာဟာ ကိုယ့်ကိုယ့်ကိုလိမ်လည်ခြင်းကို ဖိတ်ခေါ်လိုက်တာပါပဲ။ စေ့ဆော်မှုဆိုတာ ကျွန်တော်တို့ စိတ်ဖွင့်ထားမှ လာမယ့်အရာပါ။ ရယူဖို့ ကြိုးစားမနေမှသာ ရမယ့်အရာပါ။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုနှိုးဆွပြီး စေ့ဆော်မှုရဖို့ ကြိုးစားနေတာဟာ အာရုံမှောက်မှားမှုမျိုးစုံဆီကို ဦးတည်သွားစေတတ်ပါတယ်။
လူတယောက်ဟာ သူ့ဖြစ်တည်မှုရဲ့ အနှစ်သာရကို မသိဘူးဆိုရင် သူ့ရဲ့လုပ်နိုင်စွမ်းတွေနဲ့ ပါရမီတွေဟာ သူ့ရဲ့အတ္တနဲ့ အတ္တရဲ့အလိုရမ္မက်တွေကိုသာ အလေးပေး အရေးကြီးနေတော့မှာပဲဖြစ်ပါတယ်။ ဒါဟာ တဦးချင်းစီကို ကိုယ့်ကိုယ်ကိုဗဟိုပြုတဲ့စိတ်ကိုသာဖြစ်စေပါတယ်။ ခွဲခြားချင်စိတ်ကိုသာဖြစ်စေပါတယ်။ သူဟာ သူ့ကိုယ်သူ ကွဲပြားနေတဲ့သူတယောက်၊ အထူးလူသားတယောက်လို့ ခံစားနေရပါတယ်။ ဒါတွေအားလုံးဟာ ဆိုးကျိုးတွေကိုသာ ဖြစ်စေပါတယ်။ အဆုံးမသတ်နိုင်တဲ့ ကြိုးပမ်းရမှုတွေနဲ့ နာကျင်မှုတွေကိုသာ ဖြစ်စေပါတယ်။ ကိုယ်ပိုင်အတ္တဆိုတာ ထင်ရာစိုင်းမှုအစုအဝေးတခုပါပဲ။ အခြားသူတွေကို ဆန့်ကျင်တတ်ပါတယ်။ အတ္တဆိုတာ အလိုရမ္မက်တွေရဲ့ စစ်မြေပြင်ပါပဲ။ “ငါပိုင်တဲ့အရာတွေ” နဲ့ “ငါမပိုင်တဲ့အရာတွေ”ကြား အဆက်မပြတ်ရင်ဆိုင်တိုက်ဆိုင်နေတဲ့ ဗဟိုချက်ပါပဲ။ ကျွန်တော်တို့ဟာ ငါ၊ ငါ့ကို၊ ငါ့ဟာ စသဖြင့် ကိုယ့်ကိုယ်ကိုသာ အရေးပေးနေမယ်ဆိုရင်တော့ ကျွန်တော်တို့အချင်းချင်းကြားမှာရော ကမ္ဘာကြီးမှာပါ ပဋိပက္ခတွေ အမြဲတိုးပွားနေတော့မှာပါ။
စစ်မှန်တဲ့ အနုပညာရှင်တယောက်ဟာ အတ္တနဲ့  အတ္တရဲ့ ရည်မှန်းချက်၊ တကိုယ်ကောင်းဆန်မှုတွေကနေ ကင်းလွတ်နေပါတယ်။ ထူးကဲတဲ့ စွမ်းအားတခုရဖို့အတွက် အများကြိုက်ပုံစံတွေထဲမှာပဲ ပိတ်မိနေမယ်ဆိုရင်တော့ ဒါဟာ ဘဝမှာ ခက်ခဲပင်ပန်းမှုတွေ၊ ပဋိပက္ခတွေကို ဖန်တီးတာပါပဲ။ ချီးကျူးဂုဏ်ပြုမှုတွေကို နှလုံးသားထဲအထိ သယ်ဆောင်သွားရင် ဒါဟာ တကိုယ်ကောင်းအတ္တစိတ်ကို ကြီးထွားစေတာပါပဲ။ အသစ်တီထွင်ချင်စိတ်ကို ဖျက်ဆီးလိုက်တာပါပဲ။ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုကိုးကွယ်ခြင်းဟာ ဥာဏ်ပညာကို အန္တရာယ်ဖြစ်စေပါတယ်။
သီးသန့်ဆန်ခြင်းကို ရည်ရွယ်ထားတဲ့ ဘယ်လိုအရည်အသွေး တိမ်းညွှတ်မှု၊ အတ္တကိုသာဦးစားပေးတဲ့ ဘယ်လိုပုံစံမျိုးမဆိုဟာ ဘယ်လောက်ပဲ နှိုးဆွမှုပေးနိုင်ပေးနိုင် ကိုယ့်ရဲ့အာရုံခံစားတင်ပြမှုကို ပျက်စီးစေပါတယ်။ စိတ်အာရုံထိုင်းမှိုင်းခြင်းကိုသာ ဆောင်ကျဉ်းပေးပါတယ်။ ပါရမီဆိုတာဟာ ပုဂ္ဂိုလ်ရေးဆန်လာတဲ့အခါ၊ ငါရေးတယ် ငါဖန်တီးတယ်ဆိုတဲ့ ငါ နဲ့ ငါ့ဟာဆိုတာကိုသာ အရေးပေးနေခဲ့ရင် အာရုံနိုးကြားသိစိတ်ဟာ ပျင်းရိသွားတတ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ရဲ့ကိုယ်ပိုင်အတွေးတွေ ခံစားချက်တွေ၊ လူလူချင်းဆက်ဆံပုံတွေ၊ သဘာဝကို ဆက်ဆံပုံတွေကို သိမှသာ စိတ်ဟာ ပွင့်လင်း လွတ်လပ်လာတာပါ။ ကိုယ့်ကိုယ်ကိုသာ ကာကွယ်ချင်တဲ့ လိုအင်လောဘတွေနောက် မလိုက်တော့ပါဘူး။ အတ္တက တားဆီးပိတ်ပင်ခြင်းမပြုမှသာ လှပတဲ့အရာတွေကိုရော အကျဉ်းတန်တဲ့အရာတွေကိုပါ အာရုံသက်ဝင်ကွန့်မြူးနိုင်မှာပါ။
အလှတရားကိုပဲဖြစ်ဖြစ် အကျဉ်းတန်မှုကိုပဲဖြစ်ဖြစ် အာရုံခံစားနိုင်စွမ်းဟာ တွယ်ညှိမှုကနေ လာတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာကသာ လာတာပါ။ ကိုယ့်အတ္တကို ကိုယ်ကိုယ်တိုင်ဖန်တီးနေတဲ့ ပဋိပက္ခတွေကြားမှာ မရှိပါဘူး။ ကျွန်တော်တို့ဟာ စိတ်အတွင်းက ဆင်းရဲမွဲတေနေလို့သာ အပြင်လောကက ဓနဥစ္စာတွေ အာဏာတွေ ပိုင်ဆိုင်မှုတွေမှာ ပါဝင်ကပ်ညှိကုန်တာပါ။ နှလုံးသားက ဗလာကျင်းနေတဲ့အခါမှာ အရာဝတ္ထုတွေကို စုဆောင်းတတ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ တတ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကိုယ်လှတယ်လို့ထင်တဲ့ အရာတွေနဲ့ပဲ ဝန်းရံတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအရာဝတ္ထုတွေအပေါ်မှာသာ အရေးပေးလွန်း၊ တွယ်တာလွန်းနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ သောကတွေ ပျက်စီးခြင်းတွေအတွက် ကျွန်တော်တို့မှာသာ တာဝန်ရှိတာပါ။
ရယူပိုင်ဆိုင်လိုတဲ့စိတ်ဟာ အလှတရားကို မြတ်နိုးမှုမဟုတ်ပါဘူး။ ရယူပိုင်ဆိုင်ချင်တဲ့စိတ်ဆိုတာ လုံခြုံမှုကိုသာ တောင့်တစိတ်ပါ။ လုံခြုံချင်တာဟာ အာရုံနိုးကြားမှုပျောက်ခြင်းပါပဲ။ လုံခြုံချင်တဲ့ဆန္ဒဟာ အကြောက်တရားကိုသာ ဖန်တီးပေးပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ်ကိုယ်တိုင်ပြန်ကာနေတဲ့ နံရံတွေကြားမှာ ပိတ်မိနေစေပါတယ်။ အဲဒီနံရံတွေဟာ အာရုံနိုးကြားမှုကို တားဆီးနေပါတယ်။ အရာဝတ္ထုတခုဟာ ဘယ်လောက်လှလှ ကျွန်တော်တို့စိတ်ကို ကြာကြာမဆွဲဆောင်နိုင်ပါဘူး။ ကျွန်တော်တို့တွေဟာ ပျင်းရိတတ်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ အဲဒီအရာဝတ္ထုမှာ အလှတရားဆိုတာ ရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီအလှတရားကို မြင်အောင် မကြိုးစားကြလို့သာပါပဲ။ အဲဒီအလှတရားဟာ ကိုယ့်ရဲ့ ပျင်းရိဖွယ်ရာနေ့စဉ်ရပ်တည်မှုထဲ ဆွဲသွင်းစုပ်ယူခံလိုက်ရလို့ပါ။
ကျွန်တော်တို့တွေရဲ့ နှလုံးသားတွေဟာ နွမ်းနယ်နေကြပါတယ်။ ဘယ်လိုကြင်နာရမှန်း မေ့သွားကြပါပြီ။ ကြယ်လေးတွေ သစ်ပင်လေးတွေ ရေပေါ်ကရောင်ပြန်ဟပ်မှုလေးတွေကို ဘယ်လိုကြည့်ရမယ်ဆိုတာ မေ့သွားကြပါပြီ။ အဲဒီအတွက်ကြောင့် အတွေ့အထိအာရုံတွေအတွက် ပန်းချီကားတွေ၊ ကျောက်မျက်ရတနာတွေ၊ စာအုပ်တွေနဲ့ အတောမသတ်နိုင်တဲ့ အပျော်အပါးတွေကို လိုအပ်လာပါတယ်။ တချိန်လုံး စိတ်လှုပ်ရှားဖွယ်ရာအသစ်တွေ၊ ခြောက်ခြားဖွယ်ရာအသစ်တွေကိုပဲ ရှာဖွေနေတတ်ပါတယ်။ ထာဝရတိုးပွားနေမယ့် အာရုံမျိုးစုံကိုသာ မက်မောတမ်းတနေကြပါတယ်။ အနုပညာဆိုတာဟာ အဲဒီလို မက်မောမှု၊ စိတ်ကျေနပ်မှုပုံစံသာဖြစ်နေမယ်ဆိုရင်တော့ စိတ်နှလုံးဟာ ညှိုးချုံးနွမ်းလျလာမှာပါ။ ငါတို့ဟာ အထိအတွေ့အာရုံကိုသာ ရှာဖွေနေသမျှကာလပတ်လုံး ကျွန်တော်တို့ လှတယ် ၊ အကျည်းတန်လို့ ပြောနေတဲ့ အရာတွေအားလုံးဟာ အလွန်အပေါ်ယံဆန်တဲ့ အနှစ်သာရပဲဖြစ်နေတော့မှာပါ။ ကျွန်တော်တို့ဟာ အဲဒီအရာတွေအားလုံးကို လတ်ဆတ်စွာ ချဉ်းကပ်နိုင်မှသာ ထာဝရပျော်ရွှင်မှုဆိုတာ ရှိမှာပါ။ ကိုယ်ရဲ့ လိုအင်ဆန္ဒတွေနဲ့ ချည်နှောင်ထားနေရင်တော့ ဒါဟာ မဖြစ်နိုင်တော့ပါဘူး။ အတွေ့အထိအာရုံနဲ့ ကျေနပ်ဖွယ်ရာတွေကို တောင့်တခြင်းဟာ အမြဲသစ်လွင်နေတဲ့ တွေ့ကြုံခံစားခြင်းကို တားဆီးပါတယ်။  အတွေ့အထိအာရုံခံစားခြင်းဆိုတာ ဝယ်လို့ရပါတယ်။ အလှတရားကိုချစ်ခြင်းကတော့ ဝယ်လို့မရပါဘူး။
ကျွန်တော်တို့ဟာ ကိုယ့်စိတ်နှလုံးက ဗလာကျင်းနေမှုကို သတိရှိရပါမယ်။ အတွေ့အထိအာရုံတွေနဲ့ နှိုးဆွခြင်းဆီကိုသာ ထွက်ပြေးနေခြင်း မရှိရပါဘူး။ စိတ်နှလုံးကို အပြည့်အစုံဖွင့်လှစ်ထားတဲ့အခါမှသာ တကယ်အာရုံခံစားမှုမြင့်မားလာမှာပါ။ အဲဒီတော့မှ တီထွင်ဖန်တီးနိုင်စွမ်းလည်း ရှိလာမှာပါ။ အဲဒီအခါမှသာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ပျော်ရွှင်မှုကို ရရှိမှာပါ။ အတွင်းအဇတကို နားမလည်ဘဲ ပြင်ပဗဟိဒကိုသာ ပျိုးထောင်နေခြင်းဟာ လူသားတွေအတွက် ပျက်စီးမှုနဲ့ သောကတွေဆီကိုသာ ဦးတည်စေတဲ့ တန်ဖိုးတွေကို မလွဲမသွေတည်ဆောက်နေတာပါပဲ။
နည်းနိဿယတခုကို သင်ယူခြင်းဟာ အလုပ်တခုတော့ ရကောင်းရစေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကို တီထွင်ဖန်တီးနိုင်လာအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ပျော်ရွင်မှုရှိမှသာ တီထွင်ဖန်တီးနိုင်စွမ်းတဲ့မီးတောက်လေးရှိမှာပါ။ အဲဒီမီးတောက်လေးဟာ သူ့ကိုသူ ဖွင့်ထုတ်ပြဖို့အတွက် သူ့လမ်းသူရှာပါလိမ့်မယ်။ စနစ်တခုကို သင်စရာမလိုပါဘူး။ ကဗျာတပုဒ်ရေးချင်လာတဲ့အခါ ရေးချလိုက်ပါ။ နည်းစနစ်ဆိုတာရှိရင်တော့ အများကြီးပိုကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကဘာမှပြောစရာမရှိဘူးဆိုရင် ပြောကြားဖို့ကြိုးစားတဲ့နည်းလမ်းဟာ စိတ်ဖိစီးမှုပဲ ဖြစ်တော့တာပဲ မဟုတ်ပါလား။ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာရှိနေရင် စကားလုံးတွေစီဖို့နည်းလမ်းကို ရှာနေစရာမလိုတော့ပါဘူး။
ကြီးကျယ်တဲ့အနုပညာရှင်တွေ စာရေးဆရာတွေဟာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ မဟုတ်ပါဘူး။ ကြည့်ရှုခံစားသူတွေလောက်ပါပဲ။ စာအုပ်တွေအများကြီးဖတ်တယ်။ ကောင်းပေ့ညွှန့်ပေ့ဂီတတွေနားထောင်တယ်။ ပန်းချီလက်ရာတွေကို ကြည့်တယ်။ ဒါပေမယ့် တကယ့်ထူးကဲတဲ့အာရုံကိုတော့ ဘယ်တော့မှ တိုက်ရိုက်မထိတွေ့နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ တွေ့ကြုံခံစားမှုဟာ ကဗျာတပုဒ်၊ ပန်းချီတချပ်၊ သူတော်စင်တပါးဆီကပဲ လာလေ့ရှိပါတယ်။ သီချင်းဆိုဖို့ဆိုရင် နှလုံးသားထဲမှာ သီချင်းတပုဒ်ရှိရပါမယ်။ ကျွန်တော်တို့ဟာ ကိုယ့်သီချင်းကိုယ်ပျောက်နေကြတဲ့အတွက် အဆိုတော်ကိုသာ လိုက်ရှာကြတာပါ။ ကြားကစေ့စပ်သူမရှိဘဲ ကျွန်တော်တို့ ပျောက်ဆုံးနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တခုခုကို မရှာခင် အရင်ပျောက်ဆုံးနေရပါမယ်။ ရှာဖွေခြင်းဟာ တီထွင်ဖန်တီးမှုရဲ့အစပါပဲ။ တီထွင်ဖန်တီးမှုမရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုပဲလုပ်လုပ် ပျော်ရွှင်မှု ငြိမ်းချမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ စနစ်တခု နည်းနာတခု ပုံစံတခုကို တတ်ပြီဆိုတာနဲ့ ပျော်ရွှင်စွာ တီထွင်ဖန်တီးစွာနဲ့ နေထိုင်နိုင်မယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တီထွင်ဖန်တီးနိုင်တဲ့ပျော်ရွှင်မှုဆိုတာ အတွင်းအဇတကြွယ်ဝမှုမှာသာ ရှိပါတယ်။ ဘယ်စနစ်နဲ့မှ ဖန်တီးယူလို့မရပါဘူး။ အတ္တတိုးမြင့်ခြင်းဟာ ငါ နဲ့ ငါ့ဟာဆိုတဲ့ လုံခြုံမှုတခုကို သေချာအောင်လုပ်နေတဲ့ နည်းလမ်းတလမ်းပါပဲ။ တီထွင်ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ အလှတရားကိုချစ်မြတ်နိုးခြင်းမဟုတ်ပါဘူး။ တီထွင်ဖန်တီးနိုင်မှုဟာ စိတ်ရဲ့ပုံစံအမျိုးမျိးကို အစဉ်သတိရှိနေမှသာ၊ အဲဒီစိတ်ကိုယ်တိုင်က ပြုလုပ်ထားတဲ့ အတားအဆီးတွေကို သတိကပ်ထားမှသာ ပေါ်ပေါက်လာတဲ့အရာပါ။
တီထွင်ဖန်တီးနိုင်တဲ့လွတ်လပ်မှုဆိုတာ ကိုယ့်ကိုယ်ပိုင်အသိဥာဏ်ကလာတာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ပိုင်အသိဥာဏ်ဟာ ပါရမီတခုမဟုတ်ပါဘူး။ ဘာအရည်အသွေးမှမရှိဘဲနဲ့လည်း လူတယောက်ဟာ ဖန်တီးနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်မှုဆိုတာ ကိုယ့်စိတ်အတ္တရဲ့ ပဋိပက္ခတွေ၊ သောကတွေနဲ့ ကင်းလွတ်နေတဲ့ အခြေအနေတခုပါ။ စိတ်မှာ လိုအင်ဆန္ဒလောဘတွေရဲ့ ချုပ်နှောင်မှုမရှိတဲ့ အခြေအနေတခုပါ။
တီထွင်ဖန်တီးနိုင်တယ်ဆိုတာဟာ ကဗျာတွေရေးရုံလောက်၊ ရုပ်ထုတွေထုရုံလောက်၊ ကလေးတွေမွေးရုံလောက် မဟုတ်ပါဘူး။ အမှန်တရားတည်ရှိလာနိုင်တဲ့ စိတ်အခြေအနေတခုပါ။ အမှန်တရားဆိုတာ အတွေးအကြံတွေ လုံးဝချုပ်ငြိမ်းမှသာ ရှိလာနိုင်ပါတယ်။ အတွေးဆိုတာမျိုးဟာလည်း အတ္တကင်းတဲ့ အချိန်မှသာ ချုပ်ငြိမ်းတာပါ။ စိတ်ဟာ တီထွင်ဖန်တီးနိုင်ဖို့ ရပ်တန့်ပစ်ရပါမယ်။ သူရဲ့လိုအင်ဆန္ဒတွေနောက်သာ လိုက်မနေရပါဘူး။ စိတ်ဆိုတာကလည်း တွန်းအားပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းတွေမရှိမှသာ လုံးဝတည်ငြိမ်နိုင်တာပါ။ အတ္တဆိုတာ အသက်မဝင်ဘူးဆိုရင် ဆိတ်ငြိမ်ခြင်းရှိပါပြီ။ အဲဒီအခါမှသာ တီထွင်ဖန်တီးမှု လာပါတော့တယ်။
ချစ်ခြင်းမေတ္တာအလှတရားဟာ သီချင်းတပုဒ်၊ အပြုံးလေးတချက်မှာ ဒါမှမဟုတ် ဆိတ်ငြိမ်ခြင်းထဲမှာပဲ သူ့ကိုသူ ဖော်ပြနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အများစုက ဆိတ်ငြိမ်လိုတဲ့ တိမ်းညွှတ်မှုမရှိပါဘူး။ ငှက်ကျေးသာရကာတွေ၊ ရွေ့နေတဲ့တိမ်တွေကို ကြည့်ဖို့ အချိန်မရှိကြပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်လောဘနဲ့ကိုယ်၊ ကိုယ့်သာယာမှုနဲ့ကိုယ်သာ အလုပ်ရှုပ်နေကြပါတယ်။ ကိုယ့်နှလုံးသားထဲမှာမှ အလှတရားမရှိဘူးဆိုရင် ကလေးတွေကိုလည်း အာရုံခံစားမှုနိုးကြွလာအောင် မလုပ်ပေးနိုင်တော့ပါဘူး။ ကျွန်တော်တို့ဟာ အကျည်းတန်တာတွေကို ရှောင်ရှားပြီး အလှကိုသာ အာရုံခံစားဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် အကျည်းတန်မှုတွေကို ရှောင်ရှားတာဟာ အာရုံထုံထိုင်းခြင်းဖြစ်စေပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အာရုံခံစားမှုနိုးကြွခြင်းကို ဖွံဖြိုးစေမှသာ အလှတရားကိုရော အကျဉ်းတန်မှုကိုပါ အာရုံသက်ဝင်ခံစားတတ်လာပါလိမ့်မယ်။ သုခတရားဟာ ကြည့်မြင်ခြင်းထဲမှာသာ ရှိတဲ့အတွက် အမြဲနိုးကြားနေစေဖို့ ရတဲ့အခွင့်အရေးတိုင်းကို အသုံးချရပါမယ်။ လူတွေဖန်တီးထားတဲ့ အလှတရားကိုပဲ မကြည့်ရပါဘူး။ သဘာဝရဲ့အလှတရားကိုပါ ကြည့်ရပါမယ်။

ရှိန်ဝါ
Art, Beauty and Creation by Jiddu Khrishnamurti

လိင်ကိစ္စကို ကျောင်းတွေမှာ ဘယ်လိုသင်မလဲ

တခြားလူမှုပြဿနာတွေလိုပဲ ကျွန်တော်တို့ရဲ့ရမ္မက်ဆန္ဒတွေနဲ့ လိင်တိမ်းညွှတ်မှုတွေဟာလည်း ခက်ခဲရှုပ်ထွေးတဲ့ အရာတစ်ခုပဲ။ ပညာပေးသူဆရာကိုယ်တိုင်က အဲဒီလိုလိင်ရမ္မက်တွေရဲ့ ရှုပ်ထွေးမှုတွေကို မမြင်ဘူး၊ မပြောပြနိုင်ဘူးဆိုရင် သူသင်နေတဲ့ ကျောင်းသားတွေကို ဘယ်လိုကူညီနိုင်တော့မှာလဲ။ မိဘတွေ ဆရာတွေ ကိုယ်၌က လိင်မှုကိစ္စအရှုပ်အထွေးတွေထဲမှာ ပိတ်မိနေရင် ကလေးကို ဘယ်လိုလုပ်လမ်းပြကြတော့မှာလဲ။ ဒီပြဿနာတစ်ခုလုံးရဲ့ အကြောင်းအရင်းကို သူတို့ကိုယ်တိုင်နားမလည်ဘူးဆိုရင် ကလေးတွေကို ဘယ်လိုကူညီကြတော့မှာလဲ။ ဆရာက လိင်မှုကိစ္စကိုနားလည်အောင်သင်ပေးမယ့်ပုံစံဟာ သူကိုယ်တိုင်ရဲ့ စိတ်အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ သူကိုယ်တိုင်က လိင်စိတ်နည်းပါနေသလား လိင်စိတ်ရဲ့လွှမ်းမိုးမှုကို ခံနေရသလားဆိုတဲ့ အပေါ်မှာ မူတည်နေတယ်။
ကျွန်တော်တို့အများစုအတွက် အရေးကြီးတဲ့အချင်းအရာတခုဖြစ်တဲ့ လိင်မှုကိစ္စဟာ ဘာကြောင့် ရှုပ်ထွေးမှုတွေ ၊ ပဋိပက္ခတွေ၊ ပြဿနာတွေနဲ့ ပြည့်နှက်နေရတာလဲ။ ဘာကြောင့် ကျွန်တော်တို့ရဲ့ဘဝတွေအပေါ် လွှမ်းမိုးတဲ့ အကြောင်းချင်းရာတခုဖြစ်လာရတာလဲ။ လိင်မှုကိစ္စကို ပွင့်ပွင့်လင်းလင်း အမြင်ကျယ်စွာကိုင်တွယ်တဲ့ နိုင်ငံတွေမှာတောင် လိင်မှုကိစ္စဟာ ပြဿနာကြီး တခုအဖြစ်ရှိနေသေးတယ်ဆိုရင် မပွင့်မလင်း မရရအောင် ဖုံးအုပ်ထားတဲ့ နိုင်ငံတွေမှာ လိင်ကိစ္စကြောင့်ဖြစ်တဲ့ ပြဿနာတွေဟာ အလွန်စိုးရိမ်စရာကောင်းလောက်အောင် ကြီးထွားနေပါတော့တယ်။ သတင်းတွေထဲမှာ မွေးကင်းစကလေးငယ်များကို ရက်စက်စွာစွန့်ပစ်ခြင်း၊ ဒါမှမဟုတ် မလိုလားတဲ့ကိုယ်ဝန်ကို ဖျက်ချခြင်းတို့ကြောင့် အမျိုးသမီးငယ်လေးများ သေဆုံးရခြင်း စတဲ့အရာတွေဟာလည်း လိင်မှုကိစ္စရဲ့ ပြဿနာတွေပါပဲ။  
အဓိကအချက်တွေအထဲက တချက်ကတော့ ကျွန်တော်တို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းမရှိလို့ပါ။ တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ လူတိုင်းဟာ စာပေ၊ အနုပညာ၊ သဘင်၊ ဂီတစတဲ့ အရာတွေကို ဖန်တီးနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သာမန်နေ့စဉ်လူမှုဘဝပုံစံခွက်ထဲက ရုန်းမထွက်နိုင်ကြတာပါ။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ဘောင်ထဲမှာသာ နေနေကြပါတယ်။ အဲဒီလို နေနေကြတဲ့အတွက်လည်း လူတိုင်းရဲ့စိတ်ထဲမှာ အလိုမပြည့်မှုတွေ၊ စိတ်မကြေလည်မှု အခုအခံတွေ နေ့စဉ်လိုလိုရှိလာကြပါတယ်။ အဲဒီမှာ လိင်မှုကိစ္စကို ထွက်ပေါက်အဖြစ် အသုံးပြုကြတော့ပါပဲ။ အဲဒီမှာပဲ စိတ်ရဲ့ အလိုဆန္ဒရမ္မက်ကို မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ချွန်းအုပ်ပြီး ထိန်းချုပ်တော့တာပါပဲ။ အဲဒီမှာပဲ ပြဿနာတွေ ပိုမိုကြီးထွားလာပါတယ်။ 
ကျွန်တော်တို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းမရှိကြပါဘူး။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ လူမှုရေးစံနှုန်းတွေ ၊ ကိုယ်ကျင့်တရားယဉ်ကျေးမှုဆိုတဲ့ အရာတွေကြောင့်ပါပဲ။ ပညာရေးနည်းစနစ်တွေကလည်း ပညာတတ်တွေများပြားဖွံ့ဖြိုးလာမှုအပေါ်ကိုပဲ ဦးစားပေးဆောင်ရွက်နေလို့ပါ။ လိင်ကိစ္စပြဿနာကို ဖြေရှင်းရမယ့် နည်းလမ်းကတော့ ပုံစံခွက်ထဲမှာပဲ အသားကျနေတဲ့ ပညာတတ်တွေရဲ့လုပ်ဆောင်ချက်တွေထဲမှာ တီထွင်ဖန်တီးနိုင်စွမ်းမရှိဘူးဆိုတာကို နားလည်ဖို့ပါပဲ။ တဖက်ကနေကြည့်မယ်ဆိုရင်လည်း လွတ်လပ်ပြီးအမြင်ကျယ်တဲ့ ပညာတတ်တွေတည်တံ့နေမှသာ တီထွင်ဖန်တီးမှုတွေရှိလာမှာပါ။
ပုံစံသေပညာတတ်တွေဟာ အချက်အလက်တွေကိုပဲ ပြန်လည်စုဆောင်းတတ်ပါတယ်။ ထပ်ကျော့သံသရာမှာသာ ချာချာလည်နေတတ်ပါတယ်။ စကားလုံးအသစ်တွေကို ပြုလုပ်နေသလိုလိုနဲ့ အဟောင်းတွေကို ထပ်ချည်းတလဲလဲနေရာပြန်ချနေကြတာပါ။ ကျွန်တော်တို့အများစုက ဦးနှောက်ကနေတဆင့်သာ ခံစား၊ တွေ့ကြုံဖူးကြတဲ့အတွက် စကားလုံးတွေနဲ့ ယန္တရားဆန်ဆန်ထပ်တလဲလဲပြုမူတွေမှာပဲ သီးသန့်နေထိုင်ပြီး ပိတ်မိနေတတ်ပါတယ်။ အဲဒါဟာ ဖန်တီးမှုမဟုတ်တာ သေချာပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးနိုင်စွမ်းမရှိတော့တဲ့အတွက် လိင်မှုကိစ္စကသာလျှင် တခုတည်းသောကျန်ရှိတဲ့ တီထွင်ဖန်တီးနိုင်ဖို့နည်းလမ်းဖြစ်လာပါတယ်။ လိင်မှုကိစ္စဆိုတာ စိတ်ကိစ္စပါ။ စိတ်ကိစ္စဖြစ်တဲ့အတွက်ကြောင့် စိတ်နဲ့ပဲဖြေရှင်းရပါမယ်။ ဒီလိုမှမဟုတ်ရင် အလိုမကျမှုတွေပဲ ဖြစ်လာမှာပါ။ လိင်မှုကိစ္စဆိုတာ ဇီဝကမ္မဖြစ်စဉ်တခုဖြစ်တယ်ဆိုသော်ငြားလည်း ဒါဟာ စိတ်နဲ့ပဲ အများစုပတ်သတ်နေတဲ့အရာပါ။ သဘာဝဆိုတာ မရှုပ်ထွေးပါဘူး။ သဘာဝကိုရှုပ်ထွေးအောင်လုပ်တာ ကျွန်တော်တို့လူသားတွေရဲ့စိတ်ပါပဲ။
ကျွန်တော်တို့ရဲ့အတွေးတွေ ၊ ဘဝတွေဟာ သဘာဝအရတော့ တောက်ပပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ခြောက်သွေ့နေရပါတယ်။ အနှစ်သာရမရှိတဲ့ အခွံချည်းပဲဖြစ်နေရပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အမြဲဆာလောင်နေတတ်ပါတယ်။ ဘာသာရေးအရရော ပညာရေးအရပါ ကျွန်တော်တို့ဟာ ထပ်တလဲလဲအပြုအမူတွေကိုသာ ပြုမူနေရပါတယ်။ ငြီးငွေ့နေရပါတယ်။ လူမှုရေးနဲ့ စီးပွားရေးအရလည်း လွှမ်းမိုးခံနေရပါတယ်။ ထိန်းချုပ်ခံနေရပါတယ်။ ကျွန်တော်တို့ဟာ ပျော်ရွှင်နေတဲ့လူသားတွေ မဟုတ်ကြပါဘူး။ အိမ်မှာရော၊ ကျောင်းမှာရော၊ အလုပ်မှာရော၊ ဘုရားကျောင်းမှာပါ ကျွန်တော်တို့ဟာ အသက်မဲ့နေကြပါတယ်။ ပျော်ရွှင်မှုကင်းမဲ့နေကြပါတယ်။ ဖန်တီးနိုင်စွမ်းမှုကို တခါမှတွေ့ကြုံမခံစားရပါဘူး။ နေ့စဉ်အပြုအမူ အတွေးအခေါ်တွေကနေ ရှင်းရှင်းလင်းလင်း မလွတ်ကင်းကြပါဘူး။
ဘက်ပေါင်းစုံကနေ ချုပ်ကိုင်ဖမ်းဆီးခံထားရတဲ့အတွက် လိင်မှုကိစ္စဟာ သဘာဝအရ ကျွန်တော်တို့ရဲ့ တခုတည်းသောထွက်ပေါက်ဖြစ်လာတော့တာပါပဲ။ ထပ်ခါထပ်ခါရှာဖွေလေ့ရှိတဲ့ အတွေ့အကြုံတခုဖြစ်လာတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ လိင်ကိစ္စဆိုတာဟာ ကိုယ့်ရဲ့ဖြစ်တည်မှုပျောက်ကွယ်နေတဲ့အချိန်မှာမှ ထွက်ပေါ်လာတဲ့ ပျော်ရွှင်မှုအခြေအနေတခုကို ခေတ္တခဏဖန်တီးပေးလို့ပါပဲ။ ပြဿနာကိုဖြစ်စေတာ လိင်ကိစ္စမဟုတ်ပါဘူး။ အဲဒီလိုပျော်ရွှင်မှုမျိုးကို ထပ်ခါထပ်ခါဖမ်းဆုပ်ချင်တဲ့ ဆန္ဒပါပဲ။ လိင်ကိစ္စအရသော်လည်းကောင်း အခြားနည်းလမ်းနဲ့သော်လည်းကောင်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဲဒီပျော်ရွင်မှုကို ရယူထိန်းသိမ်းထားချင်တဲ့ ဆန္ဒပါပဲ။
ကျွန်တော်တို့အမှန်တကယ်ရှာဖွေနေတဲ့အရာဟာ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ဖြစ်တည်နေခြင်းကိုမေ့လျော့နေချင်တဲ့ အရသာပြင်းပြင်းပါပဲ။ ကျွန်တော်တို့ဟာ ခဏငယ်လေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကိုယ့်ဘဝကိုယ် မေ့ထားချင်တတ်ကြပါတယ်။ ကိုယ့်ရဲ့အတ္တဖြစ်တည်ခြင်းဟာ သေးငယ်ပါတယ်။ သနားစရာကောင်းပါတယ်။ နာကျင်မှုရင်းမြစ်တခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ သိလျက်နဲ့ဖြစ်စေ မသိလိုက်မသိဘာသာနဲ့ဖြစ်စေ တဦးချင်းသော်လည်းကောင်း အစုလိုက်သော်လည်းကောင်း စိတ်လှုပ်ရှားမှုထဲမှာ  ဒါမှမဟုတ် မြင့်မားတဲ့အတွေးအခေါ်တွေထဲမှာ ဒါမှမဟုတ် အာရုံမှောက်မှားမှုတွေထဲမှာ မေ့လျော့ထားချင်နေတာပါပဲ။ လိင်ကိစ္စကိုစွဲလမ်းတာပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးကိုစွဲလမ်းတာပဲဖြစ်ဖြစ် ဒီသဘောတွေပါပဲ။
            ကျွန်တော်တို့ဟာ မိမိရဲ့ အတ္တမှ လွတ်မြောက်ချင်တဲ့အတွက်ကြောင့် လွတ်မြောက်ရာနည်းလမ်းတွေဟာ အရေးကြီးလာပါတယ်။ နောက်ပိုင်း အဲဒီနည်းလမ်းတွေဟာပဲ ကျွန်တော်တို့အတွက် ပြဿနာဖြစ်လာတော့တာပါ။ ကိုယ့်အဇတ္တအတွင်းမှ လွတ်မြောက်ခြင်းဖြစ်တဲ့ ဖန်တီးမှုရှိရှိနေထိုင်အသက်ရှင်နိုင်ခြင်းကို တားဆီးနေတဲ့ အတားအဆီးတွေ နားမလည် မစုံစမ်းဘူးဆိုရင်တော့ လိင်ကိစ္စရဲ့ ပြဿနာကို ကျွန်တော်တို့ ဘယ်တော့မှ နားလည်တော့မှာ မဟုတ်ပါဘူး။
ဖန်တီးမှုရှိရှိနေထိုင်အသက်ရှင်နိုင်ခြင်းကို တားဆီးနေတဲ့ အတားအဆီးတခုကတော့ အကြောက်တရားပါပဲ။ လေးစားမှုဟာ အကြောင်းတရားကို ပြဌာန်းပါတယ်။ ကျွန်တော်တို့ လေးစားနေတဲ့အရာတွေ၊ ကိုယ်ကျင့်သိက္ခာတရားစတဲ့အရာတွေနဲ့ ချည်နှောင်ခံထားရခြင်းဟာ ဘဝရဲ့ နက်နဲပြည့်ဝတဲ့အနှစ်သာရကို သိရှိအောင် မစွမ်းဆောင်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ်မှန်တယ်လို့ထင်ထားတဲ့ တံတိုင်းတွေကြားမှာသာ ပိတ်မိနေပြီး အဲဒီတံတိုင်းတွေကို ကျော်မမြင်နိုင်ကြပါဘူး။ စံပြအတွေးအခေါ်တွေနဲ့ ဘာသာရေးယုံကြည်မှုတွေအပေါ် အခြေခံထားတဲ့ အဲဒီလို မှုန်ဝါးတဲ့ ကိုယ်ကျင့်တရားတွေဟာ တကယ့်အစစ်အမှန်တရားအတွက်တော့ အလုပ်မဖြစ်ပါဘူး။ အဲဒီအကာအကွယ်တွေအောက်မှာသာ ပုန်းအောင်းနေမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဟုတ်ယောင်ထင်မှားမှုလောကကြီးမှာသာ နေထိုင်ကြတာပါပဲ။ ကိုယ့်ကိုယ်ကိုပြန်လည်ဆင်ခြင်ခြင်း မရှိတဲ့အတွက် အဲဒီ ကျွန်တော်တို့လေးစားနေတဲ့အရာတွေ ၊ လူတွေနည်းတူ ကျွန်တော်တို့ဟာလည်းပဲ ရှုပ်ထွေးမှုတွေ နှင့် ပဋိပက္ခတွေကြားမှာသာ ရောက်နေရတော့တာပါပဲ။ 
အကြောက်တရားဆိုတာ လုံခြုံချင်တဲ့ဆန္ဒရဲ့ ရလာဒ်ပါပဲ။ အဲဒီအကြောက်တရားက ကျွန်တော်တို့ကို ချုပ်ကိုင်ပါတယ်။ ပုံစံခွက်ထဲသွင်းပါတယ်။ အတုခိုးစေပါတယ်။ လွှမ်းမိုးမှုတွေကို ခံစေပါတယ်။ ဒါကြောင့် အဲဒီအကြောက်တရားဟာ တီထွင်ဖန်တီးနိုင်တဲ့နေထိုင်ခြင်းကို တားဆီးပါတယ်။ တီထွင်ဖန်တီးနိုင်ဖို့ဆိုရင်တော့ လွတ်လပ်မှုထဲမှာ နေမှသာရပါမယ်။ အကြောက်တရားမရှိရပါဘူး။ စိတ်ဟာ အလိုရမ္မက်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်းက ကင်းလွတ်နေတဲ့အခါမှသာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အခြေအနေတခုကို ဆိုက်ရောက်တာပါ။ ကိုယ့်စိတ်ကို သေသေချာချာ ဂရုတစိုက်စောင့်ကြည့်ပြီး အလိုဆန္ဒတွေရဲ့ မမြင်ရတဲ့စွမ်းအားတွေကို ဖော်ထုတ်ရပါမယ်။ ကျွန်တော်တို့ ပိုပြီးတွေးခေါ်တတ်၊ ပိုပြီး ချစ်ခြင်းမေတ္တာထားတတ်လေလေ၊ အလိုရမ္မက်တွေရဲ့ ထိန်းချုပ်မှုကနေ ကျွန်တော်တို့ရဲ့စိတ်တွေဟာ လွတ်ကင်းလာလေလေပါပဲ။ ချစ်ခြင်းမေတ္တာမပါဝင်တဲ့ အာရုံခံစားမှုဟာ အတွင်းလှိုက်စားတဲ့ ပြဿနာပါပဲ။
အဲဒီ အာရုံခံစားမှုပြဿနာကို နားလည်ဖို့ဆိုရင် သူ့ကိုအနီးကပ်ချဉ်းကပ်ပြီးလေ့လာဖို့ကလွဲလို့ တခြားနည်းမရှိပါဘူး။ ရှောင်တိမ်းဖုံးကွယ်နေလို့ မရပါဘူး။ မသိချင်ယောင်ဆောင် ချိုးနှိမ်ထားလို့မရပါဘူး။ လေ့လာစူးစမ်းတဲ့နေရာမှာလည်း ဘက်တဖက်တည်းကနေ လေ့လာလို့မရပါဘူး။ ဘက်ပေါင်းစုံကနေ လေ့လာရပါမယ်။ ဘယ်ကိစ္စမဆို အစစ်အမှန်နားလည်သဘောပေါက်ချင်ရင် တခုလုံးကို ပြည့်ပြည့်စုံစုံလေ့လာဖို့ လိုပါတယ်။ ပညာရေးအရ၊ ဘာသာရေးအရ၊ လှုမှုရေးအရ၊ ကိုယ်ကျင့်တရားစံနှုန်းတွေအရ စသည်ဖြင့် ဘက်ပေါင်းစုံက ချဉ်းကပ်ရပါမယ်။ အရသာခံစားမှုအာရုံပေါ်မှာသာ အလေးအနက်ထားနေမယ်ဆိုရင်တော့ အာရုံတခုတည်းကပဲ ကျွန်တော်တို့အတွက် အရေးပါနေမှာပါပဲ။ သူကပဲ ကျွန်တော်တို့ကို ချုပ်ကိုင်ထားနေမှာပါပဲ။
စာအုပ်တွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်တွေ နဲ့ အခြားများစွာသောနည်းလမ်းတွေကနေ အဲဒီအာရုံခံစားမှုတဏှာဟာ တချိန်လုံး ဖိစီးနေတာပါ။ ပျော်ရွှင်မှုပုံစံအမျိုးမျိုးဟာ တချိန်လုံး ကျွန်တော်တို့ကို တဏှာရာဂကြီးထွားလာအောင် နိုးဆွနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲဒီလို နိုးဆွချက်တွေထဲမှာပဲ သာယာနေတတ်ကြပါတယ်။ တဏှာကတချိန်လုံးကြီးထွားနေတာနဲ့ အမျှ ကိုယ်ကလည်း တချိန်လုံး တဏှာနောက်လိုက်ရင်း မောပန်းနေမှာပါ။ လိုက်လေလေ မပြည့်ဝလေလေ။ မပြည့်ဝလေလေ ပိုပြီးလိုချင်လာလေလေပါပဲ။ တဏှာသံသရာဆိုတာ အဲဒါပါပဲ။ တဏှာရှာတော်ပုံဟာ လိုက်လေမောလေ မဆုံးတဲ့သံသရာပါပဲ။
ဒါပေမယ့် တဏှာဆိုတာ သဘာဝပါ။ စိတ်ရဲ့ အရေးကြီးတဲ့ လက္ခဏာတရပ်ပါ။ အဲဒါကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံနားလည်သဘောပေါက်ဖို့ပဲလိုတာပါ။ အဖြေကတော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာသာမရှိရင် တဏှာရာဂက ပိုဆိုးလာပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာရှိတဲ့အခါမှာ လိင်စိတ်ဟာ နည်းပါးသွားပါတယ်။ တဏှာနောက်ကိုပဲ လိုက်နေမယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာမရှိပါဘူး။ ကောင်းမှုကုသိုလ်တရားဟာ လွတ်လပ်မှုနဲ့သာ အတူလာပါတယ်။ နားလည်မှုနဲ့သာ လာပါတယ်။ လွတ်လပ်မှုနှင့် နားလည်မှုတွေမှာသာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ တည်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ ငယ်ရွယ်စဉ်တုန်းကတော့ လိင်စိတ်တွေထကြွကြတာပေါ့။ ဒါပေမယ့် အများစုကတော့ အဲဒါကို ချိုးနှိမ်ပစ်လိုက်ကြတယ်။ ဘာကြောင့်ချိုးနှိမ်ရသလဲဆိုရင် ပတ်ဝန်းကျင်မှာ ကိုယ်ဟာတဏှာကြီးတဲ့လို့ အထင်မခံနိုင်တဲ့အတွက်ဖြစ်တယ်။ တဏှာကို သူမနိုင်နိုင်ဘူးလို့ ထင်တဲ့အတွက်ဖြစ်တယ်။ နှိမ်နှင်းတဲ့နည်းလမ်းကလည်း မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဒီနေရာမှာ  သံသရာ(Samsara) ဆိုတဲ့ တိဗက်ရုပ်ရှင်တကားကို အမှတ်ရစရာပါပဲ။ လိင်စိတ်ကို မေ့ပစ်ထားပြီး ဂူအောင်းတရားကျင့်၊ တိဗက်သာသနာမှာ အမြင့်ဆုံးဘွဲ့ကိုရပေမယ့်လည်း နောက်ပိုင်း သားသည်အမေ နို့တိုက်တာကိုမြင်တာတောင် မထိန်းသိမ်းနိုင်ဘဲ ရဟန်းဘဝကို စွန့်သွားရတဲ့ အကြောင်းပါ။ ဒီလို နည်းလမ်းမှားနဲ့ ထိန်းသိမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြိတ်အခဲကိုသာ ဖြစ်စေပြီး နောက်ပိုင်းမှာ ပြဿနာကို ပိုပြီး ကြီးထွားစေပါတယ်။
နေထိုင်ရာလူမှုပတ်ဝန်းကျင်ကြီးကလည်း ဒီတဏှာကိစ္စကို စက်ဆုပ်ရွံ့ရှာစရာလို့ သတ်မှတ်ထားလို့ဖြစ်တယ်။ တင်းကျပ်တဲ့ဘာသာရေးတွေကလည်း ကျွန်တော်တို့ရဲ့ လိင်ကိစ္စကို အရမ်းစိုးရိမ်ပါတယ်။ သူတို့အရေးတကြီးကိုင်တွယ်ရမယ့်အရာတခုလို့လည်း မြင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုတွေကို အခြားခေါင်းစဉ်တွေအောက်ရောက်အောင် တွန်းပို့ပစ်လိုက်ကြတယ်။ မျိုးချစ်စိတ်ဓါတ်တို့၊ အခွင့်အာဏာကိုလိုချင်တပ်မက်မှုတို့၊ တို့လူမျိုးတို့ဘာသာမှသာလျှင် ကြီးကျယ်တယ်ဆိုတဲ့ ခွဲခြားဆက်ဆံချင်စိတ်တို့ ဆိုတဲ့ခေါင်းစဉ်တွေအောက်ကိုသာ အတင်းသွပ်သွင်းပြီး လမ်းလွှဲပစ်လိုက်ကြပါတယ်။ ဘာသာရေးရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ လောဘ၊ ဒေါသ ကင်းငြိမ်းရာနဲ့တောင် ဝေးကွာသွားအောင် လုပ်ပစ်တတ်ကြပါတယ်။ တဖက်ကနေကြည့်ရင်လည်း အဲဒီလိုဘာသာရေးမျိုးတွေဟာ ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ။ အကြောက်တရားတွေ ၊ မျှော်လင့်တောင့်တမှုတွေ၊ မနာလိုစိတ်တွေ၊ ခွဲခြားဆက်ဆံချင်စိတ်တွေနဲ့သာ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးလိုက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတခုပါပဲ။ ရလာဒ်အနေနဲ့ ဘာသာရေးဆိုတာ ကျွန်တော်တို့ရဲ့ ဒေါသ၊ မောဟတွေကို ထုတ်ပြတဲ့ စင်မြင့်တခုဖြစ်လာတော့တာပါပဲ။ 
ကျွန်တော်တို့ရဲ့ လိင်စိတ်ကို အပြည့်အဝနားလည်အောင် ကျွန်တော်တို့ကိုယ်တိုင်ပဲ ကြိုးစားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်မှ နက်နက်ရှိုင်းရှိုင်းနားမလည်ဘူးဆိုရင်တော့ အိမ်ထောင်ပြုလိုက်ရင်လည်း ပြဿနာက ပိုပြီး ရှုပ်ထွေးသွားရုံကလွဲလို့ တခြားမရှိပါဘူး။ အရှေ့တိုင်းမှာပဲဖြစ်ဖြစ် အနောက်တိုင်းမှာပဲဖြစ်ဖြစ် အိမ်ထောင်ရေးဟာ လိင်ကိစ္စပြဿနာကို ပြေလည်စေတဲ့ အဖြေမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ စာချုပ်ထဲမှာရှိတာမဟုတ်ဘူးဆိုတာတော့ ရှင်းပါတယ်။ နောက်ပြီး နှစ်ဦးနှစ်ဖက် လုံခြုံ စိတ်သက်ရာရအောင်လုပ်ခြင်း အပေါ်မှာလည်း မမူတည်ပါဘူး။ အိမ်ထောင်ရေးဟာ ရမ္မက်ဆန္ဒအပေါ်မှာချည်းပဲ မူတည်နေတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ ရှိနေရင် လိင်ကိစ္စဆိုတာ ပြဿနာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာမရှိဘူးဆိုရင်တော့ ပြဿနာဖြစ်လာတော့တာပါပဲ။
ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုတွေက ဘယ်လိုရှိတယ်။ ကိုယ့်ကိုဘာတွေက ဆွဲဆောင်နိုင်သလဲဆိုတာတွေကို ပြန်ကြည့်ရပါမယ်။ ကိုယ်ဟာ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ရပါမယ်။ ပြဿနာက ကိုယ့်ရဲ့မိသားစုဟာ တသီးပုဂလဆန်နေခြင်း၊ ခွဲခြားဆက်ဆံနေခြင်းတွေ ရှိနေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုမိသားစုပုံစံမျိုးမှာဆိုရင် တဦးချင်းက ကိုယ့်အတ္တအတွက်သာ ရှေ့တန်းတင်နေတတ်ကြတဲ့အတွက် အဲဒီကမှ အုပ်စုဖွဲ့ခြင်း၊ ခွဲခြားနှိမ်ချဆက်ဆံခြင်းတွေဟာ အလေ့အထဖြစ်သွားပြီး လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်လာတော့တာပါပဲ။
လူသားတွေအတွက် ကြီးမားတဲ့ အခက်အခဲကတော့ လူသားမျိုးနွယ်မှာ ဦးဆောင်ဦးရွက်ပြုရမယ့် ဆရာတွေ မိဘတွေ ကိုယ်တိုင်က မောပန်းနွမ်းလျနေကြတာပါပဲ။ သူတို့ ပြဿနာကိုလည်း သူတို့ မဖြေရှင်းနိုင်ကြတော့ပါဘူး။ သူတို့ သက်သာရာလမ်းကြောင်းကိုပဲ သူတို့ရှာကြပါတော့တယ်။ ကိုယ်ကချစ်ဖို့ မကြိုးစားဘဲ အချစ်ခံချင်နေတဲ့ ဝေဒနာတွေပဲ ရှိနေပါတော့တယ်။ အဲဒီလို ဆရာတွေ မိဘတွေဟာ ကလေးတွေကို ဘယ်လိုလုပ် စစ်မှန်တဲ့ပညာရေးကို ပေးနိုင်တော့မှာလဲ။
အဓိကပြဿနာကတော့ ဆရာပါပဲ။ ဆရာကိုယ်တိုင်က စိတ်ရှင်းမှ တပည့်တွေကို ပညာပေးနိုင်မှာပါ။ ဆရာကိုယ်တိုင်က စိတ်ရှုပ်ထွေးနေပြီး လိင်မှုကိစ္စဝင်္ကပါကြီးထဲမှာပိတ်မိနေမယ်ဆိုရင်တော့ သူက ဘယ်လိုလုပ်ပြီး သူ့လိုမဟုတ်တဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်တော့မှာလဲ။ သေချာတာကတော့ ကျွန်တော်တို့ဟာ ပြင်ဆင်တပ်ဆင်ပေးရမယ့် စက်ယန္တရားတွေမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကြောင့်သာ ဒုက္ခရောက်နေကြတဲ့သူတွေပါ။ အဲဒီအတွက်ကြောင့် ကိုယ်ရဲ့သဘာဝအရ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုပြဿနာတွေကို ပြင်ပပယောဂတွေမပါဝင်ဘဲ ကိုယ်ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ကိုပဲ အစဉ်အမြဲကြိုးစားနေရမှာ ဖြစ်ပါကြောင်း။

မှီငြမ်း - Sex and Marriage by Jiddhu Krishnamurti

ရှိန်ဝါ