ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Wednesday, December 31, 2014

ဂုဏ်ပျို့အရိပ်များအား လိင်ပြောင်းလဲခြင်းဖြင့် ခါထွက်

မူးမူးရူးရူး စူပါမင်းဟာ တိမ်တွေနဲ့ ဝင်ဝင်ဆောင့်တယ်။ အသက်တွေ
ဟာ ဖုတ်ဇာတ်သွင်းကြပြီး ကြိုမယ့်ရထားကို လှုပ်ရှားစေတဲ့ သမိုင်းတွေ။

အန္တရာယ်လွယ်ထားတဲ့ ရေခဲပြင်ပေါ်နင်းလို့ တဖက်ကမ်းကို ကူးပြီ။
ရေအောက်ကနေ ငါ့ကိုကြည့်နေတာက ဘယ်သူဘယ်ဝါမှန်းမသိတဲ့
ငါ့မျိုးဆက်လေး။ အရိပ်အေးအောင် အမှောင်ရိရွဲလေးတော့ ဆမ်းခဲ့တယ်။

သွားကြားထိုးတံတွေရဲ့ တိုက်စစ်ကြောင့် ကြိမ်လုံးတွေ အထိတ်တလန့် ဆုတ်ခွာကြတယ်။
သွားကြားညှပ်နေတဲ့ မိန်းကလေးကို သိမြင်လင်းပွင့်လာအောင် သင်ကြားပေးနိုင်ဖို့။

လိင်ဆက်ဆံချိန်မှာ ငါ့ဒူးကို ငါအယုံဆုံးပဲ။ လောကမှာ
ရှိန်ဝါ မယုံကြည်ဆုံးက ရှိန်ဝါ့နှုတ်ထွက်စကားတွေပဲ။

“တုံမို့အဋိပ်၊ ဃိတ်စို့တိက်ကွှာ
ညန်လိန်ဝှါဆဲ၊  ဩီဌာဖဲဍင်။” လို့ အခေါက် စုံဂဏန်းရွတ်ပါ။
အမိပင်လယ်ကြီးထဲ သဘောင်္မကြီးပျက်လျှင် ယောက်ျားသားများ၊
ကိုယ်ပိုင်အင်္ဂါအသီးသီးအား ဖြတ်တောက်လျက် ငိုသံများသာ ဝတ်ဆင်ကြလော့။

အသက်ဟာ ရှည်လျားတွန့်လိမ်လွန်းလို့ နဂါးအဖြစ် ဖန်ဆင်းနိုင်တဲ့ လူသားပဲ။
“ပန်း”ရှိနေကြောင်း လက်မခံတဲ့ “ခေါင်း”တွေရဲ့ ခေါင်းမာမှုတွေ။


ရှိန်ဝါ
31 December 2014

Wednesday, December 3, 2014

ပုသိမ်

ရေကူးကန်ထဲက တက်လာတဲ့ သူ့ကိုယ်လုံးလေးပေါ်မှာ
ရေစက်မှန်းမသိ ချွေးစက်မှန်းမသိ
ပုံဆွဲခဲတံကို ခဏချထားပြီး စာပြန်ဖတ်ရတယ်
သွေးကြောစိမ်းဖြာတွေမှာပဲ စိတ်ဟာ စီးဆင်းဖြစ်ထွန်းနေတော့
သူ့နာမည်ကို မှားပြီး ဥသြဆွဲမိတယ်
ယင်ကောင်တွေ ဖြူဖြူ၊ မည်းမည်း
စားပွဲပေါ်က မုန့်အချိုတွေအပေါ် အုံ..နေဖို့ပဲ
ငါးကြေးခွံတွေကို လက်သည်းနီဆိုးပြီးရင်
လျှာရောင်စုံမိုးထားတဲ့ အရသာကိုလည်း လေးနက်ရဦးမယ်
ကလေးတွေဆော့တဲ့ ကော်ကျည်ဆန်လေးသုံးစေ့ကို
သမိုင်းဝင်မလားလို့ စိုက်ပျိုးခဲ့တယ်
အမျိုးကောင်းသားတို့ ပန်းတွေ ပြိုင်..ပန်ကြတယ်။   ။

3 December 2014



Monday, November 24, 2014

ကြည်ကြည်လင်လင်မြင်ရတဲ့ အတည်ပေါက်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဟာသ

နေဝင်အောင် စိတ်တွေ လွှတ်ကျောင်းထားတယ်။ ဒါမှမဟုတ်
စိတ်တွေကိုဘောင်ခတ်လိုက်လို့ နေဝင်သွားတာလည်း ဖြစ်နိုင်တယ်။
အရေပြားကို တဒုတ်ဒုတ်လာတိုးနေတဲ့ သွေးလေခြောက်ခြားမှု။
ပိုင်ဆိုင်မှုနယ်နမိတ်ထဲ အသန်ထွက်ညန့်ညန့်နဲ့ င…နိုင်ဂန်ဒေါ်။
တစ်ယောက်ကိုတစ်ယောက် တိုးကြိတ်နေကြတော့ ဘယ်နေရာက ဝင်ရူးရမလဲ။
အိပ်ရာသံတွေဟာ ဘုရားခန်းထဲအထိ ဝင်ရောက်ဝတ်ပြုတယ်။
ထွက်ပြေးဖို့ရာ ရုပ်ပြောင်းနာမ်ပြောင်းဂါထာကိုသာ စွဲစွဲမြဲမြဲ သရဇ္ဈာယ်ရမယ်။
Em;rvnfatmif a&;xm;wmudkvmzwfaeao;w,f  rMunfhygeJYqdwdkwmudk
အချက်ပေးသံတွေလာလာ မလာလာ၊ ကိုယ်တွင်းဗုံးဟာ ဘဝတပါးအဖြစ်
ပြန်လည်စလောင်တယ်။ လောင်ပြီးမှ ပြန်လည်စတင်အသံထွက်တယ်။
အရောင်တွေကိုတော့ မတားနိုင်တဲ့ ငှက်တွေရဲ့ တခုတည်းသောကောင်းကင်။
အလင်္ကာတွေချည်း ညှစ်ထုတ်ခဲ့တော့ အင်္ဂါအစစ်တွေနဲ့ လွဲချော်ခဲ့ရရှာလေတယ်။
ကလေးတွေဆိုတော့လည်း အမှန်ဆိုတာတွေချည်းပဲ လုပ်ကြတာပေါ့။

လာလတ္တံသောလှေကားထစ်များထက် ပို၍ပြောင်ချောနေသော ပထမလှေကားထစ်မှစတင်ကာ အခြားလှေကားထစ်များ၌ရှိနေသော အကြားအလပ်တိုင်း စိတ်သတိအဟများ သေကြေပျက်စီးနေပုံအား တွေ့ရှိအပြီး အခန်းတံခါးကို ကိုယ်ပိုင်တံခါးခေါက်ချက်မည်မျှဖြင့် ခေါက်ရမည်လဲကို စဉ်းစားရင်း တံခါးပွင့်သွားလျှင် နောက်ထပ်လှေကားထစ်တွေကို တွေ့ရဦးမှာလားဟုသော မဲပြာပုဆိုးမေးခွန်းအားသာ ထပ်မေးရမည်ဖြစ်သည်။ (တက်မိသောလှေကားအမှတ် မှား/မမှားအား မသိရှိသေး။ သိရှိရန် လို/မလို။)

အခြားတစ်ယောက်ဖြစ်သွားမှာစိုးလို့ ကိုယ့်ကိုယ်ကို ဝစ်လစ်စလစ်ထားပြီး
ပြန်မကြည့်ရဲဘူး။ အိမ်ပြန်လာတိုင်း အိမ်ပေါက်ဝကိုပိတ်ထားတဲ့ ငါ့ခွေး။
ဘာသာစကားဟာ မှန်ထဲ ငါ့ဘယ်ဖက်လက်နဲ့ ငါ့ကိုနှုတ်ဆက်တယ်။
Samsaung TV မှန်အခွက်ထဲက ရုန်းကြွလာတဲ့ 3D ပင်လယ်အခုံးကြီးထဲ
Google Earth ဟာ CCTVတွေရဲ့ နောက်ကွယ်ကကြိုးတွေကို မြင်မသွားရရှာဘူး။
ကြည်စိမ်းနေတဲ့ရေထဲ အခြားကမ္ဘာကဂြိုလ်သားတွေနဲ့ လိင်ဆက်ဆံကြ။
ကြည့်ရင်မြင်ရမယ်လို့ သိခဲ့ရတဲ့ စကြဝဠာကြီးကိုလည်း မော့မကြည့်ဖြစ်ခဲ့ဘူး။
ကြယ်တစ်လုံးကို ကိုလံဘတ်လို့ နာမည်ပေးလိုက်တယ်။ နှုတ်ခမ်းမွှေးတွေ
ကို ရိတ်ပြီးရင် ပျော်ပျော်ကြီးသေလို့ရပြီ။ (ကိုယ်ချင်းစာတဲ့အနေနဲ့)
ငါ့အလောင်းကို သူတို့ရှာလို့လွယ်အောင် အပုပ်နံ့ပေးခဲ့ရမယ်။
λ▲┴ᶩ¢£¤¥§µ·¶±€◊תּשּסּףּהּזּפֿﭏﭓﯝﯔﮱﮫﮪﮪﮬﮭﺱﺲﺴﻕﻹﻞﻜ
အဆုံးသတ်ပြီးရင် ဒီကဗျာက ရှိန်ဝါ့ကို ဟားတော့မှာပဲ။



ရှိန်ဝါ
19 November 2014

ဘာမှ အံ့သြစရာမရှိဘူး။ အံ့သြစရာ

မျက်လှည့်ဆရာက သူ့ပုဝါစလေးကို ခါယမ်းလိုက်တဲ့အခါ
နောက်ထပ်မျက်လှည့်ဆရာတစ်ယောက် ထွက်ကျလာ
နောက်ထပ်မျက်လှည့်ဆရာက သူ့ပုဝါစလေးကို ခါယမ်းလိုက်တဲ့အခါ
…………………………………………………………………………………..
စင်အောက်မှာ ပုဝါစတွေ
လက်ခုပ်သံတွေ ခါယမ်းလို့။

ရှိန်ဝါ
11 November 2014
ဗုဒ္ဓဝံသကျောင်းတိုက်။ မရမ်းလေးကျေးရွာ အမှတ်တရ။

Friday, November 7, 2014

ပါရမီရှိရှိ ကြို့ထိုးခြင်း

Yes!
မှားစရာမရှားလို့ သွေးကြိုးတွေကို မှားဖြတ်လိုက်တယ်။
သမ်းဝေမျက်နှာသစ်ပြီး ဖွင့်လှစ်မိတဲ့ အဆောက်အအုံသစ်ကြီး။
အညစ်အကြေးမစွန့်ခင် အစာပူပုပ်တွေ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရမယ်။
တော်လှန်တယ်ဆိုကတည်းက ဖိနှိပ်ထားတာတော်လို့ပဲ။ Yes or No?
နှုတ်မဆော့ရတော့ နှုတ်ပိတ်ပြီး နှုတ်လှန်ထိုးပစ်လိုက်တယ်။

လူ့ဘဝဆိုတာ ကာလ၊ ဒေသကိုကြည့်ပြီး ပယောဂချောင်းဆိုးတတ်ဖို့ပဲ လိုတယ်။
ထောက်မတွန်းကန်ခြင်းတွေကြောင့် ဝါယောဓါတ်ပျက်သွားရရှာတဲ့
မဟာဣတ္ထိယ။ No! No! No! မှားတတ်တဲ့ လူသားမျိုးရိုးဗီဇအရ
Without man, God is nothing!
တစ်နေ့တစ်ခါတော့ အာသာမဖြေဘဲမနေနိုင်တဲ့ ကဗျာဗူးထခြင်း။
မေ့သွားရင်တောင် ခွင့်မလွှတ်ဘူး။ အပူအအေးမမျှတလို့ မိုးကျစ်ခြိမ်းတယ်။
ပန်ကာလေးကိုင်ပြီး ပြေးသွားတဲ့ ငါ့သားမျက်နှာလေး၊ မွှတ်နေအောင် လည်လို့။
အောက်ဆီဂျင်ထက် မည်သည့်ဓါတ်ငွေ့ ပိုမိုလေးနက်သနည်း။
ဝမ်းမြောက်ဝမ်းသာ ရင်လေးနေရတာတွေကို ရင်တီးလက်ခတ်ပစ်လိုက်တယ်။

A ပြီးရင် A ပဲ။ ဘာမှ ထပ်တိုးမလာဘူး။ A ပဲ။ A မှ A ပဲ။
လူသတ်ဖို့ သင်လွယ်တတ်လွယ်တဲ့ အဆစ်အပေါက်ပဲ။ မျိုးနဲ့ ရိုးနဲ့
ယားလာခဲ့တဲ့ အရွက်တွေပဲ။ လူပြိန်းတွေနဲ့ ဘာမှမထူးဘူး
လို့ သိဖို့ အသိဥာဏ်ကို ဖြည့်ဆည်းထားတဲ့ လူပြိန်း။ တောက်။
စိတ်ကြီးဝင်။ အူလမ်းကြောင်းတလျောက် ခုန်ဆွ ခုန်ဆွ ခြေဖျားထောက်ပြီး
ရောက်ခဲ့တယ်။ လူအုပ်ကြီးထဲမှာ စအော်ဟစ်မယ့်လူပဲ လိုတယ်။ နာဂစ်
ဒုက္ခသည်တွေဟာ ကျေးဇူးတင်လွန်းလို့ ကွန်ဒုံးတွေ လက်ဆောင်ပြန်ပေးကြတယ်။
ကံဆိုးမက မိုးတွေပါ ခေါ်လာလို့ ကျင်ကနဲ ဒင်ကနဲ ပြီးပြီးသွားတယ်၊
ဆိုင်းသံကြားရင် လက်ချေင်းကိုင်းခြောက်တွေ ထလှုပ်တုန်း။ လူညစ်အမြစ်တွေဟာ
ကျောသားရင်သား မခွဲခြားဘူး။ ကော့ကော့ပန်းနေတာ ကိုယ်ထဲက ရေဟောင်းတွေ။
တောင်ကြီးမြို့ရိုးရာမီးထတောက်တော့ ငါတို့ မိုးပေါ်မြောက်ကြရတယ်။
အမှောင်ထဲ၊ အသံတွေမှာ အလင်းရှိတယ်။
တကယ်ဆို့။


ရှိန်ဝါ
                                                                                                 4 November 2014

Wednesday, October 22, 2014

ခါးSIZEချဲ့ထွင်ခြင်း

ဆရာတော် အိန်ဂျယ်သည် လေပူအားယူ၍
သက်ပြင်းထထိုင်တော်မူလိုက်သည်။
အဆိုပါ မှားလေ့မှားထရှိသော အမှားများအား
သာမန်ပြဌာန်းစာအုပ်အဖြစ်သာမက ကျမ်းကိုးအဖြစ်ပါ အသုံးပြုနိုင်သည်။
ဘယ်တံခါးကိုပဲ ပိတ်ပိတ် နာရီသံကိုတော့ ကြားနေရမှာပဲ။
သက်လတ်ပိုင်းအရွယ်ရောက်လာတာနဲ့
ညနေခင်းတွေဟာ လူတွေကိုယ်ထဲ လမ်းဝင်လျောက်တော့တာပဲ။
ဒီတခါတော့ အဲဒီမျှော်လင့်ချက်တွေကို သူဝတ်လို့ မတော်တော့ဘူး။
နာရီတွေကို ခုန်ကျော်ပစ်ဖို့ မျက်လုံးတွေဟာ မပေါ့ပါးတော့ဘူး။
သိဒ္ဓတ္ထဟာ မလုံလောက်ခြင်းဥာဏ်ပင်နဲ့ အတူ ပေါက်ဖွားခဲ့တယ်။
အာရှငွေကြေးအကျပ်အတည်းမှ ပြန်လည်နာလန်ထရန်အတွက်
အချုပ်ခန်းဝမှာ ကြက်သွေးရောင်မုတ်ဆိတ်များ ချိတ်ဆွဲထားရန်အတွက်
စဉ်းစားများ ဒီလိုပဲ ကြီးပြင်းလာရင်း
ဖရန်စစ်ကိုရီးရယ်တစ်ယောက် ဗြုန်းဆို သေသွားပါလေရော။
အဓိပ္ပါယ်များ ရှင်းလင်းစေရန် အချိန်တိုင်း အိပ်မက်မက်ပါ။
“လေပေါ်ပျံပြနေတဲ့ စားစရာများ” မျက်လှည့်ကို ပုံမှန်လေ့ကျင့်ပါ။
ဖရန်ကင်စတိုင်းဆီ ကျန်းမာကြောင်း သဝဏ်လွှာ နေ့စဉ်ပို့ပါ။
1909 ကျမှ “ဆေးစွဲသည်” ကြိယာဟာ နာမ်ဖြစ်ခွင့်ရခဲ့တာ။
ရိုမီယို နဲ့ ဂျူးလိယက်ဟာ ငါတို့အတွက် ကျောက်မီးသွေးတွေ သယ်လာတာ။
လူသုံးအများဆုံး ဗန်းစကားအဘိဓါန်တိုင်းမှာ လိုက်နာခြင်းဟာ ရှေ့ဆုံးစကားလုံးပဲ။
ရှားလော့ဟုမ်းအတွက်တော့ အမှုတိုင်းဟာ မိန်းမသားဆန်နေတာပဲ။
အစုန် အဆန် ဆိုတဲ့ သားနှစ်ယောက်ကို ထားရစ်ခဲ့ရပြီး
သူကြွယ်ကြီး မဟာသုဝဏ္ဏလည်း သေရတာပဲ။
နောက်ဆုံးမှာတော့ အရိုးတွေထဲ ခန်းမဆောင်တွေ ခေါင်းသွင်းလို့ ရပြီလေ။
LIFE မှာ အမှတ်ကောင်းကောင်းရဖို့ ဘယ်ဝေါဟာရတွေ မရှိမဖြစ်လိုအပ်သလဲ။
ယူလီဆီးတို့ ဒီကမ္ဘာမြေပေါ် ဝင်ရောက်သိမ်းပိုက်အပြီး
ဘယ်နှစ်ရက်အကြာမှာ ဒီကဗျာဖြစ်ပေါ်လာတာလဲ။
ငါတို့ရဲ့ အတွေးတွေက ဗုဒ္ဓကို ပုံသွင်းဖန်ဆင်းနေကြတာလား။
အများကြီးဆီက ခိုးချရင်ကျတော့ သုတေသန တဲ့လား။ ပြုံးမိတယ်။
ဘက်ခ်မူလင်ဂန်ဟာ နှုတ်ခမ်းကို သေသေချာချာစမ်းပြီးမှသာ
သူရဲ့ မုတ်ဆိတ်ရိတ်ဓါးကို မှန်ထဲမှာ နှစ်မြုပ်လိုက်တာဖြစ်တယ်။
မိုးသားတိမ်လိပ်တွေ မကင်းစင်သေးတဲ့အတွက်ကြောင့်သာ
ရူပဗေဒမှာ အလှတရားနဲ့ ရှင်းသန့်မှု ရှိနေတာ ဖြစ်တယ်။
ငါတို့ဟာ စုဖုရားလတ်ရဲ့ ငယ်ရွယ်မှုကို ခုတုံးလုပ်ခဲ့ကြတာပါ။
ဆွေမျိုးတွေကို ငြီးငွေ့လာတိုင်း အံဖွယ်ကမ္ဘာက အဲလစ်နံဘေး
ငါ သွားသွားထိုင်ရတယ်။ နှစ်ပေါင်း ၁၆၂၀ ကြာပြီးနောက်မှာတော့
မူလရေဒီယမ်ဒြပ်စင် သက်တမ်းဝက်ကုန်သွားတာပေါ့။
ဟိုရှေးရှေးတုန်းက အီစွပ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်ကွဲ့။
ကြည့်၊ ဟိုထောင့်မှာ ထိုင်နေကြတာ ငါတို့ သူငယ်ချင်းတွေပေါ့။
တမနက်၊ အိပ်မက်ဆိုးတွေက လန့်အနိုး၊ ဂရီဂေါ်ဆမ်ဆာဟာ
ဂရီဂေါ်ဆမ်ဆာအဖြစ် ပြောင်းလဲသွားကြောင်း ကြောက်လန့်တကြား တွေ့ရှိလိုက်ရတယ်။

* အောက်ပါစာအုပ်များမှ အစပိုင်းများအား ယူငင်သုံးစွဲထားသည်။
01.သင့်လူ၊ မိစ္ဆာမြူးချိန် In Evil Hour by Garcia Marquez
02. Metamorphosis by Franz Kafka
03. Alice’s Adventures in Wonderland , by Lewis Carroll, 1807
04. Dubliners, The Sisters, by James Joyce
05. A Haunted House by Virginia Wolf
06. Sustainable Development and Human Security, JCIE and ISEAS, 1999
07. မြင့်သန်း၊ ပန်းရောင်လမ်းထောင့်မှ လူ၊ ဘော့ရဂဲလ် Man on Pink Corner
08. Barron’s Essential Words for the TOEFL
09. A Century of New Words, John Ayto, Oxford
10. Common Mistakes in English; Longman
11. TOFEL Idioms Quiz Book; Kaplan
12. Cambridge Phrasal Verbs
13. နန္ဒသူ မြန်မာ့စောင်း Harp of Burma by Michio Takeyama
14. Words of Wisdom 100 Inspirational Quotations
15. Free Magic Tricks by Wolfgang Riebe
16. Dream Psychology by Sigmund Freud
17. 101 Best Jokes
18. Ulysses by James Joyce
19. စိုးစိုး (အင်္ဂပူ)၊ သေချာမှုမှ မရေရာမှုဆီသို့ ။ From Certainty to Uncertainty by F David Peat
20. The King in Exile by Sudha Shah
21. Oxford Practice Grammar by John Eastwood
22. ဦးရွှေအောင်၊ ဓမ္မပဒ္ဒ
23. The Odyssey by Homer
24. The Adventures of Sherlock Holmes by Sir Arthur Conan Doyle
25. Frankenstein by Mary Wollstonecraft Shelley
26. Tess of the d’Urbervilles by Thomas Hardy, 1891
27. The Time Machine by H. G. Wells
28. The Scarlet Letter by Nathaniel Hawthorne
29. Aesop’s Fables, 620 BC – 563 DC
30. Siddhartha by Hermann Hesse
ရှိန်ဝါ

                                                          အောက်တိုဘာ ၂၀ရက်နေ့ ၂၀၁၄ခုနှစ်။

Tuesday, October 14, 2014

ချစ်ခြင်းမေတ္တာ ရှာဖွေခြင်းများ နှင့် ဘာသာစကားရဲ့ အရသာ (သို့) (The Lunchbox)

ချိုမိုင်မိုင် ရယ်လို့ ပီပီပြင်ပြင် မကတတ်ခင် ကတည်းက ကျွန်တော်တို့ လူသားတွေဟာ ရှာဖွေမှုနဲ့ အသားကျ လာခဲ့ကြတယ်။ ဖေဖေ၊ မေမေ မှ ချစ်ချစ်၊ သားသား၊ မီးမီး စသဖြင့် ဘဝတလျောက်လုံး ရှာဖွေရင်းသာ အချိန်ကုန်ခဲ့ကြတယ်။ ချစ်ခြင်းမေတ္တာ၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အမှန်တရား စသဖြင့် ရှာဖွေမှုတွေကလည်း မျိုးစုံလို့ပါပဲ။ ဒါပေမယ့် ရှာဖွေခဲ့တဲ့ အရာတွေကို တကယ်ရော ရရှိခဲ့ကြရဲ့လား။ အဲဒီရှာဖွေမှုတွေထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကို ရှာဖွေမှုကိုရော ပြုလုပ်ခဲ့ကြသူ ဘယ်နှစ်ယောက်ရှိခဲ့ပါသလဲ။ ရှာဖွေလို့ တွေ့ရှိခဲ့တဲ့သူရော ဘယ်နှစ်ယောက်ရှိခဲ့ပါသလဲ။
ကမ္ဘာကြီးဟာ ဘာသာစကားကို ရရှိခဲ့ပြီးနောက် ဘာသာစကားထဲက ကမ္ဘာကြီးကိုရော ကျွန်တော်တို့ ရရှိ ပါပြီလား။ ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးကိုရော တကယ်တွေ့ရှိကြပါပြီလား။ ကိုယ်ရဲ့ ဖြစ်တည်မှု၊ လူသားရဲ့ ဖြစ်တည်မှုကိုရော တွေ့ရှိပါပြီလား။ ကိုယ်ရဲ့ ဖြစ်တည်မှု ဆိုတာရော ဘာလဲ။ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံသုံးပါးစလုံးနဲ့ ကြိုးပမ်းတိုင်းရော ရလို့လား။ ချစ်ခြင်းမေတ္တာကို အမျိုးမျိုးသော အဓိပ္ပါယ်တွေ ဖော်ကျူးခဲ့ ကြတယ်။ ပြီးပြည့်စုံအောင် ဘယ်သူဖော်နိုင်ခဲ့လို့လဲ။ ချစ်ခြင်းမေတ္တာ ဆိုတာကို အနက်မဖွင့်ဘဲ သူရဲ့ တည်ရှိမှု လေးကိုပဲ လက်ခံပေးလိုက်လို့ မရဘူးလား။ ဘာသာစကားသက်သက်မှာတင် ချစ်ခြင်းဟာ မဖြစ်တည်နိုင်ဘူးလား။
အဲဒီ မေးခွန်းတွေ အားလုံးကို မေးသွားတဲ့ ၊ တတ်နိုင်သလောက်လည်း ကြိုးစား အဖြေပေးသွားတဲ့ ရုပ်ရှင်ကား လေးကတော့ ဘောလိဝုဒ်က နာမည်ကြီး ဇာတ်ကားဖြစ်တဲ့ The Lunchbox ပါပဲ။ ဒီဇာတ်ကားဟာ ၂၀၁၃  ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ စပြခဲ့တဲ့ကားပါ။ ဒါရိုက်တာကလည်း နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ ရီသေးဘတ်သရား ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ ဒီကားနဲ့လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေက ဆုများစွာ ထပ်မံရရှိပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေ အားလုံးလည်း ဇာတ်ပို့ဆု အပါအဝင် ဆုတွေ အများကြီးရထားပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ မင်းသား အစ်ရ်ဖန်ခန်း၊ မင်းသမီး နင်မရတ်ကော၊ ဇာတ်ပို့ နဝဇူသင်း စစ်ဒကီး တို့ပါ။ ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ ထုတ်လုပ်ရေးတွေကလည်း များမှများပဲ။ အိန္ဒိယက နာမည်ကြီး ထုတ်လုပ်ရေး (၅) ခု အပြင် ဂျာမန်၊ ပြင်သစ် နှင့် အမေရိကန် ထုတ်လုပ်ရေးတွေပါ ပါပါတယ်။ ဇာတ်ကားရဲ့ ကြော်ငြာစာသားလေးကိုက စစားပါတယ်။ တစ်ခါမှ မမြင်ဖူးတဲ့ သူကို ချစ်ဖူးသလားတဲ့။
ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးလေးလို့ ပြောလို့လည်း ရပါတယ်။ လင်ယောက်ျားရဲ့ အချစ်ကို မရတော့တဲ့ ကလေးတစ်ယောက်အမေ အီလာ နဲ့ စပါတယ်။ သူ့ယောက်ျားရဲ့ အချစ်ကို ပြန်လည်ရရှိဖို့ အတွက် ရှေးရိုးနည်းအတိုင်း လျှာကနေ သိမ်းပိုက်မယ်ဆိုပြီး  ကောင်းနိုးရာရာလေးတွေ ချက်ပြီး ထမင်းချိုင့် ပို့တာပါပဲ။ အဲဒီမှာ သူတို့အိမ် အပေါ်ထပ်က အန်တီကြီး တစ်ယောက်ကလည်း ဘာချက်၊ ဘယ်လိုချက် ဆိုပြီ အကြံဥာဏ်တွေ ပေးပါတယ်။ ထမင်းချိုင့်ပို့တဲ့ စနစ်ကလည်း အဲ့အချိန်တုန်းက အိန္ဒိယမှာ နာမည်ကြီးခဲ့တဲ့ ဒပ်ဘာဝါလာ ဆိုတဲ့ လူတစ်တန် ယာဉ်တစ်တန်နဲ့ ထမင်းချိုင့်တွေကို စုပေါင်းပို့တဲ့ စနစ်နဲ့ပါ။ အဲဒီမှာ အင်္ဂလန်က ဘုရင်မကြီးကတောင် သဘောကျနေတယ် ဆိုတဲ့ စနစ်က မှားယွင်းပြီး အီလာရဲ့ ထမင်းချိုင့်က သူ့အမျိုးသားဆီကို မရောက်တော့ဘဲ ရုံးစာရေးကြီး ဆာဂျန် ဆီကို ရောက်သွားပါတော့တယ်။ ဆာဂျန်ဟာ မိန်းမကလည်း ဆုံးပါးသွားလို့ အထီးကျန်ဖြစ်နေတဲ့ မုဆိုးဖိုကြီးပါ။ အလုပ်ကလွဲလို့ ဘာသက်ဝင် လှုပ်ရှားမှုမှ မရှိတော့တဲ့ စက်ရုပ်ဆန်ဆန် လူသားကြီးပါ။ ဒါပေမယ့် ပထမဆုံး နေ့မှာတင် အီလာက မှားမှန်းသိသွားပါတယ်။ ဒါပေမယ့် အဲဒီက စလို့ အီလာနဲ့ ဆာဂျန်ဟာ ထမင်းချိုင့်ထဲ စာလေးတွေ အပြန်အလှန် ပို့ကြရင်း သံယောဇဉ်တွေ ညှိတွယ်မိကြပါတယ်။ အီလာရဲ့ ယောက်ျားကလည်း ဖောက်ပြန်နေတာဖြစ်ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ရှည်ကြာလာတော့ အီလာက ဆာဂျန်ကို လူကိုယ်တိုင် တွေ့ချင်လို့ ဆိုင်တဆိုင်ကို ချိန်းပါတယ်။ ဆာဂျန်က ဆိုင်ကို လာပေမယ့် အီလာကိုတော့ လူချင်းမတွေ့ခဲ့ပါဘူး။ ဆာဂျန်မှာ သူပင်စင်ယူရင် သူ့နေရာကို အစားဝင်မယ့် ရှအစ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အဓိက ဇာတ်ပို့ပေါ့။ ဇာတ်လမ်းအဆုံးမှာတော့ အီလာရော ဆာဂျန်ပါ သူတို့ကို သူတို့ ပြန်လည် တွေ့ရှိသွားပါတယ်။ ဟုတ်ပြီ သူတို့ ဘယ်လို တွေ့ရှိသွားကြတာလဲ။
ဒီဇာတ်ကားမှာ အားလုံးလိုလို သတိထားမိတာကတော့ အပေါ်ထပ်က အီလာကို ဟင်းချက်နည်းနဲ့ ပတ်သတ်လို့ အကြံအမြဲပေးတတ်တဲ့ အန်တီပါပဲ။ ဒီတကားလုံးမှာ အန်တီဆိုတဲ့ ဇာတ်ကောင်ဟာ အသံနဲ့ပဲ သရုပ်ဆောင်သွားတာပါ။ သူ့ပုံဘယ်လိုနေတယ်ဆိုတာကို သိဖို့နေနေသာသာ သူ့ရုပ်ကို မြင်ရဖို့ အသာထား သူ့နာမည်ကိုတောင် ကြည့်ရှုသူတွေ သိအောင် ဖော်ပြမသွားပါဘူး။ သူဟာ သူဖန်တီးထားတဲ့၊ သူထုတ်လုပ်ထားတဲ့ ဘာသာစကားထဲမှာပဲ သူ့ဘဝ ဖြစ်တည်နေရတာပါ။ ဒါပေမယ့် ဒီဖြစ်တည်မှုကို မစစ်မှန်ဘူးလို့ ဘယ်သူ ပြောနိုင်ပါသလဲ။ ဘာသာစကားနဲ့ ဖွဲ့စည်းထားတဲ့ သူ့ဘဝကြီးလို့ ပြောလို့ရပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဖြစ်တည်မှု ဆိုတာ အခြားသူကို မှီခိုနေရတာလား။ အခြားသူတွေနဲ့ ဘာသာစကားကို အသုံးပြု ဆက်သွယ်မှု ပြုလုပ်လိုက်မှ ကိုယ့်ဖြစ်တည်မှုက ပီပြင်လာတာလား။ ဒီကားမှာ အဲဒီ အန်တီဆီမှာလည်း နာမကျန်းတဲ့ သူ့အမျိုးသား ရှိပါတယ်။ အဲဒီ အမျိုးသားကြီးကလည် အိပ်ရာထဲက မထနိုင်ပါဘူး။ သူ့မှာ မျက်လုံး နှစ်လုံး ပွင့်ရာကစ ညအိပ်လို့ မျက်လုံးနှစ်လုံး ပိတ်သွားတဲ့ အထိ မျက်နှာကျက်က ပန်ကာ လည်တာကိုပဲ ကြည့်နေရသူပါ။ အဲတော့ အန်တီက ထင်တယ်။ အဲဒီ ပန်ကာသာ ရပ်သွားမယ်ဆိုရင် သူ့အမျိုးသား သေသွားမယ်ပေါ့။ အဲဒီ နေရာမှာလည်း လူရဲ့ ဖြစ်တည်မှုဟာ အရာဝတ္ထုပစ္စည်း ကိရိယာတွေ အပေါ် မှီခို နေရသလား၊ မူတည်နေသလား ဆိုတာ စဉ်းစားစရာပါပဲ။ ကာယကံ လှုပ်ရှားမှု လုံးဝမရှိတော့သလို ဖြစ်တဲ့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာကရော ဘာများပါလဲ။
နောက်ပြီး အဓိက ဇာတ်ပို့ဖြစ်တဲ့ ရှအစ် ဟာ မိဘမဲ့ကလေးတစ်ယောက်ပါ။ သူ့ဘဝ တလျောက်လုံး ဘဝမှာ ရပ်တည်နိုင်ဖို့ မျိုးစုံ ကြိုးစား ရှာဖွေ နေရတဲ့သူပါ။ ဆာဂျန် နေရာကို အစားဝင်ဖို့ သူအလုပ်ရတာလည်း ဘွဲ့လက်မှတ် အတုနဲ့ပါ။ ဇာတ်ကားထဲမှာတော့ သူ့ဘဝ ရပ်တည်ဖို့ အတွက် သူခိုင်မာခဲ့ပါတယ်။ သူလိုချင်တဲ့ မိန်းမလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေ မရခဲ့ရင်လည်း သူဟာ ဖြစ်တည်မှု သေချာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူရဲ့ ရှာဖွေမှု ကိုယ်တိုင်က သူ့ရဲ့ တွေ့ရှိမှုပါပဲ။ သူရဲ့ ရှာဖွေမှု အဟုန်ဟာ ဖြစ်တည်မှု၊ သက်ဝင်မှု ကင်းမဲ့နေခဲ့တဲ့ ဆာဂျန်ကိုလည်း တနည်းတဖုံအားဖြင့် အကူအညီပေးနိုင်ခဲ့ပါတယ်။ သတိပေးနိုင်ခဲ့ပါတယ်။
အဓိက ဇာတ်ဆောင် အီလာကတော့ သူ့ဘဝ ရိုးရှင်းပါတယ်။ ယောက်ျားနဲ့ သမီးရဲ့ ဝေယျာဝစ္စတွေ ကိုလုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပါ။ ဒါပေမယ့် ဇနီးတစ်ယောက် အဖို့ လင်ယောက်ျားရဲ့ အချစ်ကို မရရှိတော့ရာက စလို့ အီလာရဲ့ ရှာဖွေမှု ခရီးစဉ်ကြီး စတင် အသက်ဝင်လာ ပါတော့တယ်။ ပထမတော့ ယောက်ျားရဲ့ အချစ်ကို ပြန်လည်ရရှိဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် တကယ့် ချစ်ခြင်းမေတ္တာကိုတော့ မထင်မှတ်တဲ့ နေရာကနေ ထင်မှတ်မထားတဲ့ ပုံစံနဲ့ ရရှိလိုက်ပါတယ်။ အိမ်မှုကိစ္စတွေနဲ့ပဲ ဘဝမှာ အရသာကင်းမဲ့၊ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေရတဲ့ မိန်းမသားတွေရဲ့ ဘဝကိုလည်း ဒါရိုက်တာကြီးက ဖော်ကျူးသွားပါသေးတယ်။
အီလာရဲ့ အမေကိုယ်တိုင်ကလည်း အဲဒီလို မိန်းမသား မျိုးပါပဲ။ လူမမာ လင်ယောက်ျားကိုသာ တချိန်လုံး ပြုစုနေရင်း သူရဲ့ ဖြစ်တည်မှု ပျောက်ဆုံးနေရတဲ့ မိန်းမပါ။ သူ့ယောက်ျား ဆုံးပါးသွားတဲ့ အခါ သူ့သမီး အီလာကို ပြောတဲ့စကားက ကြည့်သူအားလုံးကို ရှော့ခ်ရစေပါတယ်။ “ငါ ဗိုက်ဆာတယ်” တဲ့။ လင်ယောက်ျား ဆုံးသွားလို့ ဝမ်းနည်းပက်လက် ငိုကြွေးနေရမယ့် အစား သူ့ပါးစပ် ထွက်လာတဲ့ စကားပါ။ ဝမ်းနည်းလွန်းလို့ ယီးတီးယောင်တောင် ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတချိန်လုံး ပြုစုပေးခဲ့တဲ့၊ တနည်းအားဖြင့် တာဝန်ကျေစွာ လုပ်ကိုင်ပေးခဲ့ရတဲ့ ယောက်ျားသေတော့မှ သူရဲ့ ဖြစ်တည်မှုကို ပြန်လည် ရှာတွေ့တာလို့ ထင်ပါတယ်။ သူ့ကိုယ်ခန္ဓာမှာ ဖြစ်ပျက်နေတာကို ပြန်လည် မြင်နိုင်သွားတာပါ။ လောကကြီးမှာ အဲဒီလို သူတပါးအတွက်၊ မိသားစုအတွက် ဘာအတွက် ညာအတွက် ဆိုပြီး သူတပါးတွေအတွက်သာ လုံးပမ်းရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေရတဲ့ လူတွေ ဘယ်လောက်များ ရှိပါလိမ့်မလဲ ဆိုတဲ့ တွေးစရာတွေ တသီကြီး ပေးပါတယ်။ ဒီနေရာမှာ အတ္တကြီးရမယ့် သဘော ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အတ္တဘဝကိုတော့ အမှန်အကန် သတိရှိရှိ နားလည် သဘောပေါက်နေရမှာပါ။ ဒီတော့မှသာ လူ့ဘဝကြီးရဲ့ အနှစ်သာရကို ဖမ်းဆုပ် နိုင်မှာပါ။ လောကီ နဲ့ လောကုတ္တရာ ဆိုင်တော့ မဆိုင်ပေမယ့် မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားဟာ လောကကြီးကို အမှန်တရား ပြသလိုတဲ့အတွက် သူရဲ့ မပြည့်ဝတဲ့ ပျော်ရွှင်မှုတွေ၊ အစွဲအလမ်းတွေကို မြင်အောင် ကြည့်ခဲ့တာပါ။ အဲ့အတွက်ကြောင့် အီလာ့အမေရဲ့ ခံစားချက်ကိုလည်း ကျွန်တော်တို့ ကြည့်သူတွေ ကိုယ်ချင်းစာပြီး ခံစား နားလည်ပေးနိုင် လောက်ပါတယ်။
သူ့သမီး အီလာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် အီလာကတော့ ကံကောင်းခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကို ပြန်လည်ရရှိခဲ့ပါတယ်။ လျှာအတွက် အရသာကို သူများကို ပေးရင်း သူကိုယ်တိုင်အတွက် သူ့ဘဝရဲ့ အရသာကို ပြန်လည် ရရှိခဲ့ပါတယ်။ ဆာဂျန် ဘဝကြီးလည်း ပထမတော့ အသက်ကင်းမဲ့နေတဲ့ ဘဝကြီးပါပဲ။ အလုပ်အကိုင် ကောင်းကောင်းရှိတယ်။ ဇနီးသည်ကလည်း ဆုံးပါးသွားပြီ ဆိုတော့ ကျန်ရှိနေသေးတဲ့  ဘဝကို အပူအပင်ကင်းကင်း ဒါမှမဟုတ် အသက်ကင်းမဲ့စွာ ဖြတ်သန်းဖို့သာ ပြင်နေသူပါ။ ဒါပေမယ့် သူဟာလည်း လျှာဖျားက တဆင့် သူ့ဘဝရဲ့ အရသာကို ပြန်လည် ရရှိခဲ့ပါတယ်။ သူကိုယ်တိုင်က ဘာမှ မဟုတ်ဘူး၊ အရသာ မရှိဘူးလို့ ထင်ရတဲ့ ဘဝကြီးကို တန်ဖိုး ပြန်ထားတတ်သွားပါတယ်။ အရသာ ပြန်ရှိသွားပါတယ်။ နောက်ပြီး သူကိုယ်တိုင် တန်ဖိုးသိပ်မထားတော့တဲ့ ဘဝကြီးဟာ ရှအစ် လို လူငယ်လေးအတွက် သေမတတ် အရေးပါနေတာကိုလည်း သူတွေ့လိုက်ရလို့ပါ။ သူဟာ ပြန်လည်ရှင်သန် ထမြောက်ခဲ့တယ် လို့ ဆိုကြပါစို့။
အီလာ နဲ့ ဆာဂျန်ရဲ့ သံယောဇဉ် ဆက်နွယ်မှုကို ပြန်ကြည့်ကြရအောင်။ သူတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တစ်ခါမှ မမြင်ဖူးဘဲ သံယောဇဉ်တွယ်ခဲ့ကြတာပါ။ ဒီဘက်ခေတ် Chatting ဝင်နေကြတဲ့ လူငယ်တွေ အတွက်ကတော့ ဒါ သိပ်မထူးဆန်းဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် သူတို့ ခေတ်ကတော့ ရိုးရိုး တကယ့်စာလေးတွေ နဲ့ပါပဲ။ ထားတော့။ ဘယ်ခေတ် ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာ ဆိုတာ အဲဒီလို ဘာသာစကား ကြီးထဲမှာတင်ပဲ တည်ရှိနေကြောင်းကို ရိုက်ပြသွားတာပါ။ အချစ်အကြောင်းကို အများကြီး ဘာသာပြန်ခဲ့ကြ၊ အနက်ဖော်ခဲ့ကြပြီးပါပြီ။ အပြန်အလှန်အားဖြင့် ဘာသာစကား မပါတဲ့ ချစ်ခြင်း အကြောင်းတွေကိုလည်း ရိုက်ပြခဲ့တဲ့ ရုပ်ရှင်ကားတွေ အများကြီး ရှိခဲ့ပြီးပါပြီ။ အိန္ဒိယ ကားတစ်ကားပဲ ဖြစ်တဲ့ kite ဆိုတဲ့ ကားကို ပြန်ကြည့်လို့လည်း ရပါသေးတယ်။ ဒါပေမယ့် ဘာသာစကား တစ်ခုတည်းနဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကို ရိုက်ပြသွားတဲ့ ကားကတော့ တော်တော်ရှားပါတယ်။ တွမ်ဟန့် ကားတစ်ကားတော့ ရှိပါတယ်။ ရှာကြည့်ကြည့်ကြပါ။ မြန်မာရုပ်ရှင်က ဆရာကြီးတွေ တောင် ကော်ပီလုပ်ထားတာ ရှိပါသေးတယ်။
            တကယ်တမ်းမှာတော့ ဘာသာစကားဆိုတာ ရှိလာပြီး နောက်ပိုင်းမှာ ဘာသာစကားထဲမှာ ချစ်ခြင်းမေတ္တာမှ မဟုတ်ပါဘူး။ ကမ္ဘာကြီး တစ်ခုလုံး ရှိတာပါ။ ဒါကို သတိမထားမိကြတာပဲ ရှိပါတယ်။ အဲတော့ ဇာတ်ကားရဲ့ ကြော်ငြာအရ ပြောရရင် တစ်ခါမှ မမြင်ဖူးတဲ့ သူတစ်ယောက်ကိုလည်း ချစ်နိုင်ပါတယ်။ ဘာသာစကားနဲ့ ငြိမ်းချမ်းရေးလည်း လုပ်လို့ရပါတယ်။ စစ်ကြီးလည်း ဖြစ်လို့ရပါတယ်။ အသုံးချ၊  ရှာဖွေ၊ တူးဆွ တတ်ဖို့သာ လိုတာပါ။ အီလာနဲ့ ဆာဂျန်ဟာ သူတို့ရဲ့ ဘဝအကြောင်းတွေကို ၊ နေ့စဉ် အဖြစ်အပျက်တွေကို အပြန်အလှန် ရင်ဖွင့်ကြရင်း သံယောဇဉ်တွေ တွယ်မိ ကြတာပါ။ လူဆိုတာ ဒီလိုပါပဲ။ ကိုယ့်ကို အရေးပေးမယ့်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အလေးပေး တန်ဖိုးထားမယ့် လူသား တစ်ယောက် မဖြစ်မနေလိုပါတယ်။ ဒီနေရာမှာ မိဘတွေကိုလည်း ထောက်ပံ့ချင်တဲ့ အတွက်ကြောင့် ယောက်ျားက ဖောက်ပြန်မှန်းသိနေတာတောင် အောင့်အင်းသည်းခံပြီး နေနေရတဲ့ အီလာ့ဘဝ ကလည်း သနားစရာပါပဲ။ ဒါပေမယ့် အီလာဟာ ဆာဂျန်ကြောင့် သူ့ဘဝကို သူ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဆာဂျန်ကို သံယောဇဉ် ဖြစ်မိတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အတ္တဘဝ ဖြစ်တည်မှုနဲ့ အချစ် ဆိုတာ ခွဲခြားလို့ မရကောင်းတဲ့ အရာပါပဲ။ အီလာတို့ နှစ်ယောက်ဟာ ဘဝချင်း ဖလှယ်သိစေပြီး နောက်ပိုင်းမှာတော့ နှလုံးသားချင်းပါ ဖလှယ်သွားနိုင်ပါတယ်။
            ဆာဂျန်ဟာ ပထမပိုင်းမှာပဲ ထမင်းချိုင့်မှာ ဘာဟင်းပါလာမလဲ ဆိုတာကိုသာ စိတ်ဝင်စားတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အစားအသောက်ကို စိတ်မဝင်စားတော့ပါဘူး။ ရှအစ် ကိုတောင် ကျွေးပစ်ပါတယ်။ လျှာဖျားက အရသာထက် နှလုံးသားက အရသာကို ပိုပြီး တပ်မက်သွားကြောင်း ရိုက်ပြသွားတာပါ။ အဲတော့ ကျွန်တော်တို့ လူ့လောကကြီးမှာလည်း လျှာဖျားက အရသာ နောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်နေကြပြီး တကယ့် လူ့ဘဝရဲ့ အနှစ်သာရ၊ အရသာကို မရရှိခဲ့တဲ့၊ မေ့ပျောက်နေကြတဲ့ လူတွေကို လှန့်နိုးလိုက်သလိုပါပဲ။ တစ်ခါ တစ်ခါ ခံစားမှု ဆောင်းပါးရေးရတာ ဖြစ်တဲ့ အတွက်ကြောင့်ရော၊ ရုပ်ရှင်ဆိုတာ လူထဲက လူတွေအကြောင်းကို ရိုက်ပြတာ ဖြစ်တဲ့ အတွက်ကြောင့်ရော ဒါရိုက်တာကိုယ်တိုင်တောင် ရည်ရွယ်ပြီး ရိုက်ပြထားတာ မဟုတ်လောက်တဲ့ အရာတွေကို ကျွန်တော်တို့ ကြည့်သူတွေက မြင်တတ်ပါတယ်။ မိတ်ဆွေတို့ ကြည့်ရင်လည်း မိတ်ဆွေတို့ ရတာတွေက ကျွန်တော်နဲ့ တူချင်မှ တူမှာပါ။ ဇာတ်ကားထဲမှာ ဟာသဆန်ဆန် ရိုက်မထားပေမယ့် ဟာသဖြစ်စရာ တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်တော်တို့တွေဟာ ဘွဲ့တွေ ပညာတွေကို အသက်မွေးဝမ်းကျောင်းဖို့အတွက်သာ အများစုက သင်ကြားခဲ့ကြတာပါ။ တနည်းအားဖြင့် ပြောရရင် ထမင်းတလုပ်စားရဖို့ အတွက်သာ သင်ကြားခဲ့ကြတာပါ။ ဒါပေမယ့် ဇာတ်ကားထဲမှာ ရှအစ် ဟာ အချိန်မလောက်လို့ ရုံးအသွားအပြန် ရထားပေါ်မှာတင် ဟင်းချက်စရာတွေကို ရုံးက ဖိုင်တွေကို စင်းနှီတုံး လို အောက်ခံထားပြီး လှီးသင်ပါတယ်။ ဒါပေမယ့် ဒါကို မန်နေဂျာက သိသွားတော့ စာရင်းတွေ မှားလို့ ဒေါသထွက်တဲ့ အပြင် အဲဒီလို ကြက်သွန်နံ့၊ ဟင်းရွက်နံ့တွေ နံ့နေလို့ ဆာဂျန်တို့ နှစ်ယောက်ကို ကောင်းကောင်းကြီး ကောပါတော့တယ်။ အော် ထမင်းတစ်လုပ်၊ ဟင်းတပွဲ အတွက် အလုပ်လုပ်နေကြတဲ့ သူတွေဟာ အလုပ်မှာ ဟင်းနံ့ နံတော့ မခံနိုင်ကြပါလား။ တွေးကြည့်လေ ပြုံးချင်စရာဖြစ်လေပါပဲ။
            ဇာတ်လမ်းကို ထပ်ဆက်ရရင် ဇာတ်ကားလေးဟာ  ကျွန်တော်တို့ကို စိတ်ကူးယဉ်ထဲမှာပဲ မထားခဲ့ပါဘူး။ အီလာနဲ့ ပထမဆုံး လူချင်းတွေ့ခါနီးမှာ ဆာဂျန်ဟာ သူရဲ့ ဖြစ်တည်မှု အစစ်အမှန် ကို ပြန်လည် တွေ့ရှိလိုက်ပါတယ်။ ဒါကတော့ အခြားမဟုတ်ပါဘူး။ သူရဲ့ အသက်အရွယ်ပါပဲ။ မထင်မှတ်ဘဲ ရေချိုးခန်းထဲမှာ မုတ်ဆိတ်ရိတ်နေရင်း သူဟာလည်း သူ့အဘလို အိုနံ့ရနေပြီလို့ သိလိုက်ရတာပါပဲ။ အဲဒီမှာတင် သူဟာ အီလာကို သွားသာ ကြည့်ပေမယ့် လူချင်းမတွေ့တော့ပါဘူး။ အသက်အရွယ် ကွာဟလွန်းတဲ့ အတွက် အီလာရဲ့ ငယ်ရွယ်လှပ နုပျိုနေသေးတဲ့ ဘဝလေးကို သူ့အတ္တအတွက် မသိမ်းပိုက်ချင်တော့ပါဘူး။ လှလိုက်တဲ့ ချစ်ခြင်းလေးပါပဲ။ ဘာသာစကားဆိုတဲ့ လူရဲ့ ဖန်တီးမှုက ပေါက်ဖွားလာတဲ့ အချစ်ကို လူ့ရဲ့ ဖြစ်တည်မှု အစစ်အမှန် တနည်းအားဖြင့် အိုခြင်း၊ နာခြင်းတွေနဲ့ အနားသပ်ပြသွားတာပါပဲ။ ဇာတ်သိမ်းကိုက ညင်သာ သိမ်မွေ့လွန်းပါတယ်။ အရမ်း ကြည့်ကောင်းတဲ့ ကားလေးပါပဲ။ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်သွားပုံဟာ လက်ဖျားခါ လောက်ပါတယ်။
            နောက်ပြီး ဒီဇာတ်ကားထဲမှာ အီလာရဲ့ ဖောက်ပြန်နေတဲ့ ယောက်ျားကိုရော၊ အီလာတို့ရဲ့ စာအသွားအလာထဲက ဖောက်ပြန်မှုကိုရော ဒါရိုက်တာက အပြစ်တင်တဲ့ဖက်က ရိုက်ပြသွားတာ မဟုတ်ပါဘူး။ ဇာတ်ကားထဲမှာ ရှအစ် ပြောတဲ့ စကားလေးလိုပါပဲ။ “ရထားမှားစီးမိလည်း ဘူတာအမှန်ကို ရောက်နိုင်တာပဲ” တဲ့။ အီလာတို့ နှစ်ယောက်ကတော့ လူ့ဘဝရဲ့ အရသာ အစစ်ဖြစ်တဲ့ ဘူတာအမှန်ကို ဆိုက်ရောက်ခဲ့ကြောင်း ရိုက်ပြသွားပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရသာ ရှိစွာ ပြန်လည်တွေ့ရှိ သွားကြပါတယ်။ လူ့အသိုင်းအဝိုင်းက လက်မခံတဲ့ ဖောက်ပြန်တယ် ဆိုတဲ့ သဘောကို ဒါရိုက်တာက လိမ္မာ ပါးနပ်စွာ ရိုက်ပြသွားတာပါ။ လူ့လောကကြီးမှာ တနည်းအားဖြင့် လူလူချင်းပေါင်းသင်းဆက်ဆံရေးတွေမှာ အမှန်၊ အမှား ဆိုတာ ပြတ်ပြတ်သားသား ရှိလို့လား။ အမှား နဲ့ အမှန်ကြား ခြားနားထားတဲ့ မျဉ်းဟာ ဘယ်လောက်ထူပါသလဲ။ အဲဒီမျဉ်းက တကယ်ရော ရှိလို့လား။ ပုထုဇဉ်လူသားတွေရဲ့ ထင်မြင်ယောင်မှားမှု တစ်ခုပဲလား။ ကိုယ်ကျင့်တရားဆိုတာ ကရော ဘယ်ဟာကို ခေါ်တာလဲ။ ကိုယ့်ကိုယ်ကို မတရားလုပ်မှ လောကကြီးမှာ တရားနည်းလမ်းကျတာလား။  အမှန်တရားဆိုတာကရော ဘယ်လောက်မှန်တာလဲ။ ဘယ်အတိုင်းအတာအထိ မှန်တာလဲ။ အီလာရဲ့ အစောပိုင်း အိမ်စေလို၊ အရသာ မရှိတဲ့ ဘဝက မှန်တာလား။ ဆာဂျန်ရဲ့ ကလေးတွေကိုတောင် မချစ်တတ်တဲ့ ၊ လူ့အသိုင်းအဝိုင်းနဲ့ သဟဇာတ မဖြစ်တဲ့ ဘဝကြီးက မှန်တာလား။ နောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပြန်လည် ရှာတွေ့မှုတွေက မှားတာလား။ စဉ်းစားစရာပါပဲ။ ဇာတ်ကားကောင်းဆိုတာ အဲဒီလို အခြားတဖက်က စဉ်းစားစရာတွေကို အမြဲချပေးသွားပါတယ်။ အနုပညာတစ်ခုရဲ့ နူးညံ့သိမ်မွေ့တဲ့ အင်အားပါပဲ။
            ဒီနေရာမှာ ကျွန်တော်ဟာ တလျောက်လုံး ရုပ်ရှင်ခံစားမှု ဆောင်းပါး လို့ ခေါင်းစဉ် တပ်ပြီး ရေးခဲ့တာပါ။ အဲ့အတွက်ကြောင့် ရုပ်ရှင်ဖန်တီးမှု အတတ်ပညာပိုင်းတွေကို ရေးလေ့မရှိပါဘူး။ အတတ်ပညာပိုင်းတွေကို သိချင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာတွေရဲ့ စာတွေကိုသာ ရှာဖတ်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ ကင်မရာ ရှုထောင့်တွေဟာ ဇာတ်ကားတစ်ကားလုံးကို သယ်သွားနိုင်ကြောင်းတော့ ပြောချင်ပါတယ်။ အီလာရဲ့ ဘဝကိုရော၊ ဆာဂျန်ရဲ့ ဘဝကိုရော ရိုက်ပြသွားတဲ့ နေရာမှာ သူတို့ဘဝတွေ မပြောင်းလဲခင် နဲ့ ပြောင်းလဲပြီး နောက်ပိုင်း သူတို့ ပုံမှန်နေထိုင်သွားလာ စားသောက်တဲ့ နေရာတွေကို တိတိကျကျ ရှုထောင့်ပြောင်း ရိုက်သွားတာတွေဟာ ဇာတ်ကားနဲ့ အံဝင်ခွင်ကျ ကောင်းမွန်လွန်းပါတယ်။ ကင်မရာ အထူးပြုလုပ်ချက်တွေ ဘာမှ မပါဘဲ ရိုက်သွားတဲ့ နေရာမှာ သူတို့ဆီက ရုပ်ရှင်ပညာဟာ ကျွန်တော်တို့ဆီက ရုပ်ရှင်တွေနဲ့ အရမ်းကွာခြား အဆင့်မြင့် သွားပြီ ဆိုတာကို သိလိုက်ရပါတယ်။ ပစ္စည်းကိရိယာတွေ အဆင့်မီမှ၊ လွတ်လပ်မှ ဘာမှ ညာမှ နဲ့ အကြောင်းပြနေလို့ ဘယ်လိုမှ အရာမဝင်နိုင်တော့ပါဘူး။ သူတို့ဆီမှာ ရထားပေါ်က မြင်ကွင်းကအစ ဇာတ်ကားရဲ့ အဓိက အကြောင်းအရာကို ပံ့ပိုးနိုင်အောင် ရိုက်သွားတာ အရမ်းလေးစား စရာ ကောင်းပါတယ်။ ထားပါတော့။
            အဲဒီတော့ ဘာသာစကားရဲ့ အင်အားတွေ၊ လူ့ဘဝကြီးထဲက ရှင်သန်ရပ်တည်မှုတွေ၊ လူ့လောကရဲ့ အမှားတွေ အမှန်တွေ၊ ကို ရှာဖွေရင်း မိမိကိုယ်ကိုလည်း ပြန်လည်တွေ့ရှိဖို့ ကြိုးစားနေတယ် ဆိုရင်တော့ ဒီ The Lunchbox ဇာတ်ကားလေးဟာ သေချာပေါက် ကျွန်တော်တို့ကို နှစ်သက်စရာ၊ ကြည်နူးစရာ၊ တွေးတောဆင်ခြင်စရာ သင်ခန်းစာတွေ ထိုက်ထိုက်တန်တန် ပေးစွမ်းနိုင်ပါတယ် လို့ ပြောကြားရင်း အားလုံး ကိုယ့်ကိုယ်ကို ရှာတွေ့ကြပါစေလို့ တောင်းဆု ပြုလိုက်ပါတယ်။
                                                                                                            ရှိန်ဝါ

Saturday, October 11, 2014

ချိုမိုင်မိုင်ရှာတော်ပုံ

ပျော်ရွှင်ဖို့ရာ ညစ်ညမ်းရတယ်။ ချားရဟတ်စီးမှု အကြားအလပ်ထဲ
အပေါ်ကလူ အန်ဖတ်မှန်းမသိ။ အောက်ကလူ အန်ဖတ်မှန်းမသိ။
ဝါကျထဲ ပင်ပန်းရှာသူ ဝိဘတ်တွေ သေညွှန့်တက်ဖို့ဆိုတာ။
ဂျက်ကီချန်းရဲ့ ရုပ်လောကအပေါ် အောင်မြင်မှုနဲ့ပဲ။
ပင်လယ်ဓါးပြတွေရဲ့ သင်္ဘောဝမ်းဗိုက်မှာ ကပ်နေတဲ့ ရတနာတွေ။
လျှာဟာ ဘာအရသာမှန်းမသိ ချိုရ။ သမံတလင်းပေါ်
ရေလောင်းပြီး ကိုယ့်မျက်နှာလေး ဖူးပွင့်လာတော့လည်း ရီရ။
မျက်မှန် ပါပါ မပါပါ တဏှာကြောက တချိန်လုံး တင်းနေတာ။
မြင်ကွင်းစိမ်းစိမ်းတွေက အဖိ၊ ပြားသွားတဲ့ ဘာသာစကားရေညှိပြင်ကြီး။
ရှေ့က စကားလုံးက အနစ်၊ နောက်က စကားလုံးက ဝင်အဖြည့်
ဆိုတော့ကာ ကမ္ဘာကြီး မြုပ်သေသွားမှန်း ဘယ်မာလိန်မှုးမှ မသိကြသေးဘူး။
ငါတို့ရဲ့ အစာအိမ်ဟာ ငါတို့ရဲ့ Google ပဲ။
လောဘဦးမှင်တစ်ချောင်း အနားပေးထားလည်း သွေးနံ့ကို အမိအရစုပ်
နိုင်တဲ့ ခြင်မျိုးပေပဲ။ ဘယ်ဖက်နှုတ်ခမ်းမွှေးက ပိုနံတယ်လို့ မလိမ်တော့ဘူး။
ငါဟာ ပန်းကန်လုံးဖင်အောက်ကပ်သွားတဲ့ ၁၄၉၅၅ လုံးမြောက် ထမင်းစေ့။
ပျော်ရွှင်ဖို့ရာ သုံးဆင့်ချိုင့်မှာ တစ်အံမှ လွတ်မနေဖို့ လိုအပ်တယ်။
ဆိုလိုတာက ကျားကန်ထားလို့ ကျီးကန်းတောင်းမှောက်ဖြစ်နေတာ။
ဆိုလိုတာက မိစ္ဆာထိုင်နေတဲ့ တရားတော်။ လေကို ဖမ်းလို့ နာကြားခဲ့တယ်။
မိုးရွာပြီးစ မြက်ဖျားပေါ် ကရုဏာတော်စွန့်သွားတဲ့ အရှင်။
နောက်ဆုံးညစာမှာ ဆွဲပြီးစမြေပုံပေါ် မှောက်ကျသွားတဲ့ Spy ဝိုင်။
သွားကြားထဲမှာ အရပ်လေးမျက်နှာ အံကြိတ်ခြင်း ပို့သမှု။
ဘေးဘီဝဲယာကိုပဲ ကြည့်ပြီး လမ်းကူးခဲ့လို့ ငါတို့ ကားတိုက်ခံခဲ့ရတာ။
ပြီး၊ သတိကြီးစွာဖြင့် ပန်းကန်ခွက်ယောက်များအား လွှတ်ချပါ။
အဖေဟာ အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တန်းမေးတယ်။
အောက်ခံဘောင်းဘီ ဝတ်နေတဲ့ အချိန်ဆို ဘယ်သူမှ မလှပ၊
ကိုးယိုးကားယား။ သမင်ဟာ ခြုံပုတ်ထဲ လုံခြုံမှု ဝင်ဝင်ရှာတယ်။


ရှိန်ဝါ

၁၁ အောက်တိုဘာ ၂၀၁၄

Sunday, September 28, 2014

ချိုမိုင်မိုင်

သတိရလို့ ကြည့်လိုက်တော့ ငါ့ခြေထောက်တွေက ငါ့ကိုပြေးနေပြီ
ရေအိုင်ထဲ ပြန်ငုံ့ကြည့်၊ ကိုယ့်ကိုယ်ကို ခေတ်စားကြည့်တော့
သတင်းစာသွားကြားညပ်နေတဲ့ အမွှေးစုတ်ဖွား ပြုံးဖြီးဖြီးကြီး
စာမျက်နှာတွေပေါ် ရောက်ဖို့ဆို၊ လိင်တံတစ်ချောင်း လိုအပ်တယ်
ဟု တင်မိုသီလျူမှ ရေးသား၊ ထောင့်တွေ့ရင် ချိုးပစ်လိုက်တယ်
ဘယ်/ညာ ၊ ခေါင်း/ပန်း ဘာမှ မစဉ်းစားတော့တဲ့ အမိုက်လင်းမီးတွေ
ထောင့်တစ်ထောင့်မှာ မျက်နှာညှိုးငယ်နေရှာတဲ့ ငါ့အမေ
ငါဘယ်လောက်ပြေးပြေး သူကပ်ပါလာတယ်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မျိုးဆက်အား
ကျွန်ုပ်တို့ထက် ပိုမိုမိုက်မဲစေရန် သင်ကြားကြရမည်
ကန်ထဲမှာ စက္ကူအသေများ ပြည့်နေသည်
ပျော်ပျော်ပါးပါး ရေမျောသွားကြမည်
ငြီးငွေ့မှုဟာ အကြီးကျယ်ဆုံး ဥာဏ်ပညာပဲ
ဇနီးနဲ့ ဈေးလိုက်ဝယ်မိတဲ့ ငါ့လို ယောက်ျားရင့်မကြီးရဲ့ စွန့်စားခန်း
ရွှံ့တွေ ဗွက်တွေဆိုတာ ခုန်ကျော်ပစ်ရမှာလို့ သင်ခဲ့ရဖူးတယ်
ငါရှေ့မှာလဲလျောင်းနေတဲ့ ငါကို ငါခုန်ကျော်ပစ်လိုက်တယ်
ရပ်နိုင်ပေ့ ဆိုတာကလွဲလို့ ဘာဖတ်စရာရှိသေးလို့လဲ စာအုပ်ကြီးတို့
ငါတို့အိမ်ရှေ့ ခြံစည်းရိုးမှာ လာလာညှိနေတဲ့ တိမ်တွေ
တွေ့ကရာအလုပ် ကောက်စွပ်ပြီး ငါအိမ်လည် ထွက်ခဲ့တာ
ဝဲပေါက်ဖူးမှ ကုတ်ရတဲ့ အရသာကို နားလည်မှာပါ နိုင်ငံတကာ
ဆံပင်ဝယ်သူဟာ ငါ့ခေါင်းကိုပါ အလေးခိုးသွားတယ်
ခြင်ပေါင်ရွက်ခြွေခြင်းမှာ ပျော်စရာ
ဟာ လက်သည်းကြားထဲ နင့်ကနဲ အာဟာရ
မိန်းကလေးတွေ ရင်ညွှန့်ဖော်ကြသလို
လူတစ်ယောက်ကို သတ်တယ်ဆိုတာ ဘာဆန်းလို့လဲ
ငါဟာ ဘာသာရေးတွေအောက်က လျောကနဲထိုးထွက်လိုက်တယ်
ဘဝင်မြင့်နေတဲ့ နိုင်ငံရေးသမားများကို အာကာသယဉ် စီးခွင့်ပြုလိုက်ပါ
အစာအိမ်ဟာ ပါးစပ်ကို လိုအပ်သလို စအိုကိုလည်း လိုအပ်ခဲ့တယ်
ရေ များများသောက်ပါ
တစ်နေ့ စိန်တလုံး မှန်မှန် သုံးစွဲပါ
ချွေးထွက်ရခြင်း အကြောင်းရင်းများကို ရှာဖွေတွေ့ရှိမှု
ဟာ ဆေးသိပ္ပံပညာရဲ့ အအောင်မြင်ဆုံး ခေတ်တခေတ်
အရည်မပါရင် ထမင်းစားမဝင်ဘူးလို့ ဇနီးကို ပြောပြီးတော့မှ
ငါ့လက်ချောင်းရိုးလေးကို ရိုးတွင်းခြင်ဆီပါ ပြောင်အောင်စုပ်လိုက်တယ်
ဆိုင်ရှေ့က ဖြတ်လျောက်သွားတဲ့ မိန်းကလေးထက်
ဆိုင်ထဲက တီဗီဟာ ရင်သားပိုမိုဖွံ့ထွားနေတဲ့ ပြည်သူ့ဆန္ဒ
တောင်ကပ် မြောက်ကပ် ခုန်ပျံကျော်လွှား ငါစားခဲ့ရတဲ့ ဆုတံဆိပ်တွေ
ခေါင်းစဉ်တွေ ဘယ်လောက်များများ လူ့ဘဝလို့ စာလုံးပေါင်း
ခဲ့တာ ဘယ်တော့မှ မမှားဘူး  ကဗျာဥာဏ်အဆင့်တက်ခြင်း
အစပဲ ရှိသေးတယ်၊ အောင်မြင်စွာ ဆံပင်ဖြူထွက်ရှိပါပြီ မိုင်တိုင်တို့
ဘက်စုံ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရန်
အခြောက်ကဗျာဆရာများဖြစ်ကြောင်း ဝန်ခံကြလော့
မော့ကြည့်လိုက်တော့ ငါ့အသက် (၄) ချောင်း ကျန်သေးတယ်
ငါ တစ်ခါတော့ သေလို့ရသေးတယ်။ ငါ့ကျားကို ငါအတောင်တပ်ရမယ်
အိမ်ရှေ့မှာ တူမလေးတွေဟာ သူငယ်ပြန်မှုကို ဆော့နေကြတယ်
ခင်ဗျား၊ ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ခင်ဗျားရဲ့ ရောဂါလေ
ထရံပေါက်က တိုးထွက်လာတတ်တဲ့ နေရောင်ခြည်တွေ
ကို နံရိုးစွပ်ပြုတ်လုပ်ပြီး ငါတို့ တွက်ခြေကိုက်ခဲ့ကြတယ်
ချက်ကြိုးနဲ့ ဖောက်ထိုးထားတယ်၊ လိမ့်ချင်ရာ လိမ့်စမ်း ဒင်္ဂါးပြားလေး။

ရှိန်ဝါ
၂၈ စက်တင်ဘာ ၂၀၁၄

မိဘ နှင့် ဆရာ (၂) (Parents and Teachers by Jiddu Krishanamurti)

ကလေးတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ အရာဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကို ခံရပါတယ်။ မှန်ကန်တဲ့ ပညာပေးသူတစ်ယောက်ဟာ အဲဒီလွှမ်းမိုးမှုတွေကို ကလေးခွာချနိုင်အောင် ကူညီသင့်ပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ပိုင်ခွင့်ကဖြစ်စေ ယဉ်ကျေးမှုတစ်ခုကဖြစ်စေ မှန်ကန်တဲ့ တန်ဖိုးတွေ ကို မရှာဖွေနိုင်ပါဘူး။ တစ်ဦးချင်းရဲ့ အမြော်အမြင်ရှိမှုကသာ အဲဒီတန်ဖိုးတွေကို ဖော်ထုတ်ပေးနိုင်တာပါ။
          ဒါကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ပြီဆိုရင်တော့ ကျောင်းသားတွေကို အစမှ အဆုံးတိုင် တစ်ဦးချင်းစီမှာရော လူမှုစံနှုန်းတွေမှာပါ သိမြင်မှု နိုးထလာအောင် တွန်းအားပေးပါလိမ့်မယ်။ တန်ဖိုးတစ်ခုချင်းစီကို ရှာဖွေခိုင်းတာ မဟုတ်ဘဲ အရာအားလုံးရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ရှာဖွေဖို့ တွန်းအားပေးတော့မှာပါ။ ကလေးတစ်ယောက်ကို မကြောက်တတ်အောင် သင်ပေးတာဟာ ဆရာကဖြစ်စေ၊ မိသားစုက ဖြစ်စေ၊ လူ့အဖွဲ့အစည်းက ဖြစ်စေ လွှမ်းမိုးထားတဲ့ လွှမ်းမိုးမှုတွေကနေ လွတ်အောင် ကူညီတာပါပဲ။ ဒါမှသာ အဲဒီကလေးဟာ ကောင်းမြတ်ခြင်းတရားတွေ၊ ချစ်ခြင်းမေတ္တာတွေ ပွင့်လန်းနိုင်မှာပါ။ ကျောင်းသား တွေကို လွတ်လပ်မှုဆီ ရောက်အောင် ကူညီရင်းနဲ့ပဲ ဆရာကိုယ်တိုင်က သူ့ကိုယ်ပိုင် စံနှုန်းတွေကိုလည်း ပြောင်းလဲလာပါတော့တယ်။ သူကိုယ်တိုင်လည်း “ငါပဲ၊ ငါ့ဟာ” ဆိုတဲ့အရာတွေကို စတင် ရှင်းလင်း လာပါတော့တယ်။ ဒီလို အပြန်အလှန် ပညာပေးခြင်း ဖြစ်စဉ်ကပဲ ဆရာနဲ့ တပည့်ကြား တမူထူးခြားတဲ့ အတူတကွ ဆက်ဆံရေးကို ဖန်တီးပေးတာပါ။
          လွှမ်းမိုးခြင်း၊ ဖိအားပေးခြင်းဆိုတာ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် လွတ်လပ်မှုနဲ့ ဥာဏ်ပညာ အတွက်တော့ တကယ့် အတားအဆီးပါပဲ။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းကြီးမှာ ဘာပါဝါမှလည်း မရှိပါဘူး။ သူဟာ ဘယ်လို ထိန်းချုပ် ပိတ်ဆို့မှုမျိုးနဲ့မှလည်း ညှိမနေပါဘူး။ ငါတို့ဟာ ကလေးတစ်ယောက်ကို တကယ်ကူညီတော့မယ်ဆိုရင် သူကိုယ်တိုင်က ဖန်တီးထားတဲ့ အတားအဆီးတွေရော၊ ပတ်ဝန်းကျင်က ဖန်တီးထားတဲ့ အတားအဆီးတွေနဲ့ပါ လွတ်ကင်းအောင် ကူညီရမှာပါ။ ဖိနှိပ်မှု၊ လွှမ်းမိုးမှု ပုံစံအမျိုးမျိုး သဘောပေါက်ပြီး အားလုံးကို ဘေးဖယ်ထုတ်ထားရပါမယ်။ ဆရာကိုယ်တိုင်က ဒီ မသန်မစွမ်း လုပ်ပိုင်ခွင့်တွေအားလုံးနဲ့ မလွတ်ကင်းဘူးဆိုရင်တော့ အဲဒီလို ဘေးဖယ်ထုတ်ဖို့ ကိစ္စဟာ မပြီးမြောက်နိုင်တော့ပါဘူး။
          ဘယ်လောက်ပဲ ကြီးကျယ်တဲ့ အရာပဲ ဖြစ်နေပါစေ၊ အဲဒီအတိုင်း လိုက်လံ အတုခိုးနေတယ် ဆိုတာဟာ ကိုယ့်ကိုယ်ကို ရှာဖွေမှုကို ပိတ်ပင်ထားတာပါပဲ။ အချို့သော အဆင်သင့် သုခဘုံတွေကို ရမယ်ဆိုတဲ့ ကတိတွေကိုပဲ ယုံစားနေရင်တော့ အဆင်ပြေဖို့၊ အာဏာရဖို့ တစုံတယောက်ရဲ့ အကူအညီကို ရယူလိုစိတ်တွေပဲ ဖြစ်နေပြီး ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ပြန်လည် ပိတ်ဆို့နေကြောင်း လုံးလုံးလျားလျား သိတော့မှာ မဟုတ်ပါဘူး။ ဘုန်းကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ ရှေ့နေတွေ၊ စစ်သားတွေဟာ ငါတို့ကို ကူညီမယ် ဆိုတာ ချည်းပါပဲ။ ဒါပေမယ့် အဲဒီလို အကူအညီတွေဟာ ဥာဏ်ပညာနဲ့ လွတ်လပ်မှုကိုတော့ ဖျက်ဆီးပစ်လိုက်တာပါပဲ။ ငါတို့ လိုအပ်တဲ့ အကူအညီဆိုတာ ငါတို့ရဲ့ ပြင်ပမှာ မရှိပါဘူး။ ဘာအကူအညီမှ တောင်းနေစရာမလိုပါဘူး။ အကူအညီဆိုတာ သူ့အလိုလို လာတာပါ။ ငါတို့ဟာ ကိုယ် နစ်မြုပ်ထားတဲ့ အလုပ်မှာ ကျိုးနွံနေဖို့၊ ငါတို့ရဲ့ နေ့စဉ်ပြုဖွယ် ကိစ္စတွေနဲ့ မတော်တဆ အဖြစ်အပျက်တွေမှာ စိတ်ကို ဖွင့်ထားနိုင်ဖို့တော့ လိုတာပေါ့။ 
          ငါတို့ဟာ ထောက်ပံမှု၊ အားပေးမှုတွေကို ဆာလောင်နေတဲ့ သိစိတ်၊ မသိစိတ်တွေ အားလုံးကို ရှောင်ရှားရပါမယ်။ ဒီလို ဆာလောင်မှုမျိုးဟာ သူ့နည်းသူဟန်နဲ့တော့ အမြဲစိတ်ကျေနပ်စေပါတယ်။ ငါတို့ကို အားပေးမယ့် ၊ ဦးဆောင်နိုင်မယ့်၊ ငြိမ်သက်စေနိုင်မယ့် သူတစ်ယောက်ရှိတာဟာ သက်တောင့် သက်သာတော့ ဖြစ်စေပါတယ်။ ဒါပေမယ့် အဲဒီအကျင့်ကြီးကပဲ ကိုယ့်ကို ထိန်းကျောင်းမယ့်၊ အခွင့်အာဏာပြုမယ့်၊ ငါတို့ရဲ့ စနစ်အတွက် အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားတာပါပဲ။ ငါတို့ တစ်ယောက်ယောက်ကို မှီခိုနေတဲ့ အခိုက်အတန့်မှာ တစ်ဦးချင်း လွတ်လပ်မှုနဲ့ ဥာဏ်ပညာကို နိုးထစေမယ့် ကိုယ်ရဲ့ မူရင်းရည်ရွယ်ချက်ကို မေ့နေတာပါပဲ။
          ဘယ် အခွင့်အာဏာမဆို အဟန့်အတား ချည်းပါပဲ။ ပညာသင်ပေးသူဟာ ကျောင်းသားကို ချုပ်ကိုင်မယ့် အာဏာပိုင် မဖြစ်သင့်ပါဘူး။ အာဏာကို တည်ဆောက်ခြင်းဟာ သိစိတ်ကရော၊ မသိစိတ်ကပါ လုပ်တဲ့ ဖြစ်စဉ်တစ်ခုပါ။
          ကျောင်းသားဆိုတာ မသေချာပါဘူး။ စမ်းတဝါးဝါးပါပဲ။ ဒါပေမယ့် ဆရာဆိုတာကတော့  သူ့အသိအရ သေချာပါတယ်။ အတွေ့အကြုံခိုင်မာပါတယ်။ ဆရာရဲ့ အဲဒီ သေချာမှု၊ အားကောင်းမှုဟာ နေပူစာလှုံချင်တဲ့ ကျောင်းသားတွေ အတွက်တော့ အာမခံချက်ပါပဲ။ ဒါပေမယ့် သေချာမှုဟာ ကြာရှည်မခံပါဘူး။ မှန်လည်း မမှန်ကန်ပါဘူး။ သိစိတ်ကရော မသိစိတ်ကပါ လွတ်လပ်မှုကို အားမပေးတဲ့ ဆရာဟာ ကျောင်းသားတွေ အတွက် ကြီးမားတဲ့ အကူအညီတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ သူဟာ သူရဲ့ အသိနဲ့ လွှမ်းမိုးဖို့သာ ကြိုးစား နေပါလိမ့်မယ်။ သူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပဲ ကလေးတွေကို ဝေဝါးအောင် လုပ်ပါလိမ့်မယ်။ ဒါဟာ စစ်မှန်တဲ့ ဆရာတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ အသိနဲ့ အတွေ့အကြုံဆိုတာတွေဟာ သူစွဲလမ်းနေတဲ့ အရာတွေပါ။ သူရဲ့ လုံခြုံမှုအတွက်ပါပဲ။ သူရဲ့ အကျဉ်းထောင်ပါပဲ။ သူကိုယ်တိုင်က အဲဒီအရာတွေနဲ့ မကင်းလွတ်ဘူးဆိုရင် ကျောင်းသားတွေကို ပေါင်းစည်းညီညွတ်စေတဲ့ လူသားတွေ ဖြစ်လာအောင် မကူညီနိုင်တော့ပါဘူး။
          မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဖြစ်ဖို့ဆိုရင် ဆရာတစ်ယောက်ဟာ စာအုပ်တွေ၊ ဓါတ်ခွဲခန်းတွေနဲ့ သူကိုယ်တိုင်က ကင်းလွတ်နေရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေက သူ့ကို အတုမယူအောင်၊ စံပြမထားအောင်၊ အာဏာပိုင် တစ်ယောက် အဖြစ် မမြင်အောင် အမြဲ သတိထား စောင့်ကြည့်နေရပါမယ်။ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေကနေ တဆင့် သူ့ကိုယ်သူသာ ဖြည့်နေမယ်ဆိုရင်တော့ အဲဒါ ကျောင်းသားတွေရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ သူ့အောင်မြင်မှုပါ။ အဲတော့ သူ့ရဲ့ သင်ကြားခြင်းဟာလည်း သူ့အတ္တကိုသူ အဓွန့်ရှည်အောင်လုပ်ခြင်းပါပဲ။ အဲဒါဟာ အသိပညာနဲ့ လွတ်လပ်မှုကို တားဆီးပါတယ်။ ဆရာကောင်းတစ်ယောက်ဟာ သူ့ကျောင်းသားကို သူ့ရဲ့ အာဏာအောက်ကနေဖြစ်စေ၊ သူတို့ကို သူတို့ ပိတ်ပင်တားဆီးနေတဲ့ အပိုအလုပ်တွေကနေဖြစ်စေ လွတ်မြောက်အောင် ကူညီဖို့ အဲဒီ အတားအဆီးတွေ အားလုံးကို အမြဲသတိထားနေရမှာပါ။
          ကံဆိုးတာက ဆရာအများစုက သူ့ကျောင်းသားတစ်ယောက်က ပြဿနာတစ်ခုကို နားလည်ပြီဆိုရင် အဲဒီကျောင်းသားကို သူနဲ့ အခွင့်အရေးတူညီတဲ့ အဖော်တစ်ယောက်အဖြစ် မဆက်ဆံတော့ ပါဘူး။ အထက်စီးကနေသာ ကြည့်ပါတော့တယ်။ ကိုယ့်တပည့်ကို ကိုယ့်အောက်မှာ ထားဖို့သာ ညွှန်ကြားချက်တွေ ထုတ်ပါတော့တယ်။ ဒီလို ဆက်ဆံရေးမျိုးဟာ ကျောင်းသားအတွက်ရော၊ ဆရာအတွက်ပါ အကြောက်တရား ကိုသာ ပိုမိုအားကောင်းစေပါတယ်။ ဒီလို မညီမျှတဲ့ ဆက်ဆံရေးကို ဘယ်အရာက ဖန်တီးနေတာပါလဲ။ ဆရာကရော အဲဒါကို သိဖို့ ကြောက်နေလို့လား။ သူရဲ့ အရေးပါမှုကို စောင့်ရှောက်ဖို့ ဂုဏ်သိက္ခာအရ ခပ်ဝေးဝေးမှာပဲ ထားချင်နေတာလား။ ဒီိလိုအထက်စီး သူစိမ်းဆန်မှုဟာ တစ်ဦးချင်းစီကို သင်းကွဲပစ်တဲ့ အတားအဆီးတွေကို ဖြိုဖျက်ဖို့အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။  ပြောရရင်တော့ ပညာသင်ပေးသူရော သူ့တပည့်တွေကပါ ပညာတတ်ဖို့အတွက် အချင်းချင်း အပြန်အလှန် ကူညီနေကြတာပါ။
          ဆက်ဆံရေးအားလုံးဟာ အပြန်အလှန် ပညာသင်ကြားပေးရေးပဲ ဖြစ်သင့်ပါတယ်။ ရည်ရွယ်ချက်တွေ၊ အောင်မြင်မှုတွေ၊ နဲ့ ဗဟုသုတတွေက ပြုလုပ်ထားတဲ့ တသီးပုဂ္ဂလဆန်မှုဟာ မနာလိုဝန်တိုစိတ်နဲ့ ငါတကောကောမှု အမုန်းတရားတွေကိုသာ မွေးဖွားပေးပါတယ်။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဟာ သူရဲ့ ဘေးမှာ ဝန်းရံနေတဲ့ နံရံတွေကို သူကိုယ်တိုင်က လည်း ဖြိုချရမှာပါ။
          တစ်ဦးချင်းစီရဲ့ သဟဇာတဖြစ်မှု နဲ့ လွတ်လပ်မှုအတွက်သာ မြုပ်နှံလုပ်ကိုင်နေရင် သူကိုယ်တိုင်ဟာ နက်နက်ရှိုင်းရှိုင်း မှန်မှန်ကန်ကန် ဘာသာရေးကိုင်းရှိုင်း တာပါပဲ။ သူဟာ ဘယ် ဘာသာရေး အသင်းအဖွဲ့နဲ့မှ မသက်ဆိုင်တော့ပါဘူး။ ကိုးကွယ်ယုံကြည်မှု၊ ပူဇော်ပသမှုတွေနဲ့လည်း ကင်းလွတ်နေပါတယ်။ ဒါတွေအားလုံးဟာ အတ္တလောဘက ဖန်တီးလိုက်တဲ့ ဟုတ်ယောင်ထင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေ၊ အယူသီးမှုတွေ ဆိုတာကို နားလည်နေလို့ပါ။ အမှန်တရား ဒါမှမဟုတ် ဘုရားသခင် ဆိုတာ ကိုယ့်ကိုယ်ကို သိခြင်း နှင့် လွတ်လပ်ခြင်းတွေ ဆီကိုသာ ကြွချီလာတယ်ဆိုတာကို သိပါတယ်။
          ဘာဘွဲ့ဒီဂရီ မှ မရတဲ့သူတွေဟာလည်း အကောင်းဆုံးဆရာ တွေ ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ လက်တွေ့စမ်းသပ်ချင်ကြလို့ပါ။ အထူးကျွမ်းကျင်သူတွေ ဖြစ်ချင်လို့ မဟုတ်ပါဘူး။  သူတို့ဟာ ဘဝကို နားလည်ဖို့ ၊ သင်ယူဖို့ကိုသာ စိတ်ဝင်စားကြလို့ပါ။ စစ်မှန်တဲ့ ဆရာတစ်ယောက် အတွက်တော့ သင်ကြားရေးဆိုတာ နည်းစနစ်တစ်ခု မဟုတ်ပါဘူး။ သူ့ဘဝရဲ့ နေထိုင်မှု ပုံစံပါပဲ။ ကြီးကျယ်တဲ့ အနုပညာရှင် တစ်ယောက်လို သူရဲ့တီထွင်ဖန်တီးမှုကို ပေးဖို့ ဘယ်တော့မှ လက်မလျော့ပါဘူး။ အမြဲထက်သန် နေပါတယ်။ ဒီလို ထက်သန်မှု မရှိရင်တော့ ဆရာတစ်ယောက် မဖြစ်သင့်ပါဘူး။ စာသင်ကြားခြင်းဟာ ကိုယ်ရဲ့ တကယ့်ပါရမီ ဟုတ်မဟုတ် အမြဲ စူးစမ်းနေဖို့ကတော့ အရေးကြီးဆုံး ပါပဲ။ စာသင်ကြားခြင်းထဲမှာ မျောနေရုံနဲ့တော့ မရပါဘူး။
          စာသင်ကြားခြင်းဟာ အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့သာ ဖြစ်နေဦးမယ်ဆိုရင်တော့ ဒါဟာ စစ်စစ်မှန်မှန် မြုပ်နှပ်ထားတဲ့ အလုပ်မဟုတ်တော့ပါဘူး။ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ကြားမှာ ကွက်လပ်ကြီး တစ်ခုသာ ဖြစ်လာတော့မှာပါ။ အိမ်ကဘဝနဲ့ အလုပ်ကဘဝ ဆိုတာလည်း တသီးတခြားစီ ဖြစ်နေဦးမှာပါ။ ပညာရေးဆိုတာ လုပ်ငန်းကိုင်ငန်း တစ်ခုသာ ဖြစ်နေသမျှ ကာလပတ်လုံး တစ်ဦးချင်းစီရဲ့ ကြားမှာပဲ ဖြစ်စေ၊ လူတန်းစား အမျိုးမျိုးကြားမှာပဲ ဖြစ်စေ ပဋိပက္ခတွေ၊ အမုန်းတရားတွေ မရှောင်လွဲအောင် ဖြစ်လာဦးမှာပါ။ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာပါမယ်။ ကိုယ့်ရည်ရွယ်ချက်နောက်သာ ကိုယ်ဟပ်ထိုးလိုက်ကြပါဦးမယ်။ အမျိုးသားရေး ၊ လူမျိုးရေး ပိုင်းခြားမှုတွေ ဆိုတာ အမုန်းတရားနဲ့ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေကိုသာ ဖန်တီးပါတယ်။
          ငါတို့ဟာ ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ ဆရာတွေ ဖြစ်ဖို့ ရည်စူးတယ်ဆိုရင်တော့ အိမ်မှာရော ကျောင်းမှာပါ အတားအဆီးတွေ မဖန်တီးရပါဘူး။ လွတ်လပ်မှု နဲ့ ဥာဏ်ပညာဆိုတာ နေရာတိုင်းမှာ ရှိသင့်တာပါ။ ဆင်းရဲ ချမ်းသာ မရွေး ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစား ရမှာပါ။ ငါတို့ဟာ အတန်းတစ်တန်းနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ အားကြီးတဲ့သူတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ အားနည်းတဲ့သူတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ ပေါင်းစည်း ညီညွတ်မှုတွေနဲ့သာ သက်ဆိုင်တာပါ။
          မှန်ကန်တဲ့ ပညာရေးကို အစစ်အမှန် မျှော်ကိုးတယ်ဆိုရင်တော့ စေတနာအပြည့်ထားရှိဖို့ကသာ အဓိကပါပဲ။ ပညာရေးဆိုတာ ဘယ်လို ဖြားယောင်းသွေးဆောင်မှုမျိုးမှ မဖြစ်သင့်ပါဘူး။ ကိုယ်ကျိုးကို မျှော်ကိုးခြင်းတွေလည်း မဖြစ်သင့်ပါဘူး။ အောင်မြင်မှုတွေကို မက်မောခြင်းကနေ ဖြစ်လာတဲ့ အကြောက်တရားတွေနဲ့ ပညာရေးဟာ ကင်းရှင်းနေရမှာ ဖြစ်ပါတယ်။  ဝါသနာတစ်ခုကို သင်ကြားဖို့ဆိုရင် ၊ တစ်ယောက်ချင်းစီ တိုင်းအတွက် မှန်ကန်တဲ့ ပညာရေးကို ရှာဖွေဖို့ ဆိုရင် ကိုယ်ရဲ့ ရည်မှန်းချက်တွေနဲ့ပဲဖြစ်ဖြစ် အခြားသူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို တားဆီး ပိတ်ပင်ထားလို့ မရပါဘူး။ ဒီလို လုပ်ဖို့အတွက် အချိန်တော့ လိုပါတယ်။ အခွင့်အရေးကိုလည်း စောင့်ရမှာပါ။ ဒါပေမယ့် ဆုတွေ လာဘ်တွေ ကျော်ကြားမှုတွေကို မမျှော်ကိုးမှသာ ဒီလိုလုပ်နိုင်မှာပါ။ ဒါမှသာ မိသားစု၊ ပုဂိုလ်ရေးလုံခြုံမှု၊ သက်သာရာရမှု တွေဟာ ဒုတိယ ဦးစားပေး နေရာမှာပဲ ရှိတော့မှာပါ။
          ငါတို့ဟာ မှန်ကန်တဲ့ ပညာပေးသူတွေ ဖြစ်ဖို့ တကယ်စိတ်အား ထက်သန်နေတယ် ဆိုရင်တော့ ပညာရေးစနစ်တစ်ခု တည်းလောက်ကိုပဲ အပြစ်ပြောနေလို့ မရပါဘူး။ ပညာရေးစနစ်အားလုံးကို နှံ့နှံ့စပ်စပ် ကြည့်နေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်ပညာရေးနည်းလမ်းကမှ တစ်ဦးချင်းကို လွတ်လပ်အောင် လုပ်မပေးနိုင်ဘူး ဆိုတာ ငါတို့ သိနေလို့ပါ။ နည်းလမ်းတစ်ခု၊ စနစ်တစ်ခု ဆိုတာ ကလေးတစ်ယောက်ကို တန်ဖိုးစံနှုန်း တစ်စုထဲကိုပဲ သွတ်သွင်းနိုင်လို့ပါ။ လွတ်မြောက်အောင်တော့ မလုပ်ပေးနိုင်ပါဘူး။
          ကိုယ့်စိတ်က အမြဲတည်ဆောက်ထားတဲ့ ကိုယ်ပိုင် စနစ်တစ်ခုအတွင်းမှာ မကျရောက်ဖို့ကိုလည်း သတိကြီးစွာ ထားရမှာ ဖြစ်ပါတယ်။ ပုံစံတစ်ခုထဲ သွတ်သွင်းတယ်ဆိုတာ အဆင်ပြေ စိတ်ချရတဲ့ နည်းလမ်း တစ်လမ်းတော့ ဖြစ်ပါတယ်။ စိတ်ဆိုတာကလည်း အဲဒီလို တည်ဆောက်ပုံတွေ အတွင်းမှာ အကာအကွယ်ယူ နေတတ်လို့ပါ။ အမြဲ သတိရှိနေဖို့ဆိုတာ စိတ်တော့ ပင်ပန်းပါတယ်။ ဒါပေမယ့် နည်းစနစ် တစ်ခုနောက်ကိုပဲ လိုက်နေမယ်ဆိုရင်တော့ အတွေးအခေါ်ဆိုတာ မရှိနိုင်တော့ပါဘူး။
          ထပ်တလဲလဲပြုလုပ်ခြင်း နဲ့ အလေ့အထ တွေဆိုတာ စိတ်ကို သံချေးတက်အောင် လုပ်နိုင်ပါတယ်။ ဒါကို နိုးထဖို့ ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုတော့ လိုပါတယ်။ အဲဒါ ပြဿနာပါပဲ။ ကျွန်တော်တို့က အဲဒီ ပြဿနာကိုလည်း တည်ရှိပြီးသား၊ ကျွန်တော်တို့ တစ်ချိန်လုံး အသင်ခံလာရတဲ့ နှုန်းစံ ၊ဆုံးဖြတ်ချက်တွေ နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီမှာ စိတ်ဟာ တခါပြန်ပြီး အိပ်ပျော်သွားပြန်တာပါပဲ။ အဲဒီ သံချေးတက်မှုကြီးမှာပဲ စိတ်ဟာ ပိတ်မိနေပါတော့တယ်။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဟာ သူ့ဆီမှာ ရှိတဲ့ ဒီစိတ်ကြီးကိုလည်း အဆုံးသတ်ရမှာ ဖြစ်သလို ကျောင်းသားတွေကိုလည်း သတိထားနိုင်လာအောင် ကူညီပေးရမှာပါ။
          တစ်ချို့ကတော့ မေးနိုင်ပါတယ်။ “မှန်ကန်တဲ့ ဆရာတစ်ယောက် ဘယ်လိုများ ဖြစ်လာနိုင်သလဲ” လို့။ သေချာတာကတော့ “ဘယ်လို” လို့ မေးတာဟာ လွတ်လပ်တဲ့ စိတ်မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ စိတ်ပါ။ အကျိုးရှာတဲ့ စိတ်ပါ။ မျှော်လင့်ချက်နဲ့ အားထုတ်ကြိုးပမ်းခြင်းဟာ စိတ်ဆန္ဒတွေကို အဆုံးသတ်ပစ် နိုင်တဲ့ အရာတစ်ခုပါပဲ။ လွတ်လပ်တဲ့ စိတ်ဆိုတာ အစဉ်အမြဲ စောင့်ကြည့်၊ သင်ယူ နေရမှာပါ။ ကိုယ့်ကိုယ်ကို ပြဌာန်းထားတဲ့ အတားအဆီးတွေကို ထွင်းဖောက် မြင်ကြည့် ရမှာပါ။
          လွတ်လပ်မှု ဆိုတာ အစမှာ ကတည်းက ရှိတာပါ။ အဆုံးသတ် ကျမှ ရရှိမယ့် အရာ မဟုတ်ပါဘူး။ “ဘယ်လိုလဲ” လို့ မေးတဲ့သူဟာ ဖြေရှင်းမရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတဲ့ သူပါ။ ပညာ သင်ကြားခြင်း အပေါ်ကို သူ့ဘဝ တစ်ခုလုံး တကယ်မြုပ်နှံထားတဲ့ သူဟာ ဒီလို မေးခွန်းမျိုး ဘယ်တော့မှ မမေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မှန်ကန်တဲ့ ဆရာတစ်ယောက် ဖြစ်ဖို့အတွက် ဘယ်လို နည်းလမ်းမှ ရှိမနေဘူးလို့ သူသိထားလို့ပါ။ သူသာ တကယ်စိတ်ဝင်စားရင် လိုချင်တဲ့ ရလာဒ်ကို အာမခံတတ်တဲ့ နည်းလမ်းတွေကို တောင်းဆိုနေမှာ မဟုတ်ပါဘူး။
          ဘယ်စနစ်က ကျွန်တော်တို့ကို ဥာဏ်ပညာရှိလာအောင် လုပ်နိုင်လို့လဲ။ ကျွန်တော်တို့ဟာ အဲဒီလို စနစ်နဲ့ သွားပြီးပါပြီ။ ဘွဲ့တွေ ဒီဂရီတွေလည်း မဆုံးနိုင်အောင် ရပြီးပါပြီ။ ဒါနဲ့ပဲ ငါတို့ဟာ ပညာပေးသူ တွေ ဖြစ်လာရောလား။ ဒါမှ မဟုတ် စနစ်တစ်ခုရဲ့ ဥပမာကောင်းကြီးတွေပဲ ဖြစ်တော့မှာလား။ ဆုလာဒ်ကို မျှော်ကိုးတယ်၊ ထူးချွန်တဲ့ ပညာပေးသူလို့ အခေါ်ခံချင်တယ် ဆိုတာတွေဟာ အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရလိုခြင်း တွေကို မက်မောနေတာပါပဲ။ တခါတရံတော့ အဲဒီိလို ချီးကျူး အားပေးခံချင် ခံရမှာပေါ့။ ဒါပေမယ့် အဲဒီ ချီးကျူးခံရလိုခြင်းကိုသာ စွဲလမ်းနေရင်း ကိုယ့်ကိုယ်ကို ပင်ပန်းစေတဲ့ ဆေးစွဲခြင်းပါပဲ။ အချီးကျူး ခံလိုတယ်၊ အားပေးမှု ခံလိုတယ် ဆိုတာတွေဟာ တော်တော်လေး မရင့်ကျက်သေးတာပါပဲ။
          အသစ် တစ်ခုခု ကို တီထွင် ဖန်တီးတော့မယ် ဆိုရင် သတိနဲ့ စွမ်းအင်ပဲ ရှိရမှာပါ။ အကျိုးမဲ့ ငြင်းခုံ နေတာမျိုးပဲ မလုပ်ရပါဘူး။ သူ့အလုပ်မှာ သူ စိတ်မကြည်တော့ဘူး ဆိုရင် ငြီးငွေ့နွမ်းလျမှုတွေဟာ ပေါ်လာ တတ်ပါတယ်။ စိတ်မဝင်စားဘူးဆိုရင် စာသင်ကြားခြင်း ဆက်မလုပ်သင့်တာ ရှင်းနေတာပါပဲ။
          ဒါပေမယ့် ဘာကြောင့် အဲလောက် အရေးကြီးတဲ့ စိတ်ဝင်စားမှုဟာ ဆရာတွေ ကြားမှာ ကင်းမဲ့နေရတာလဲ။ ဘာတွေက သူတို့ကို မကြည်လင်စေတာလဲ။ စိတ်ညစ်ညူးမှု ဆိုတာ ဒီဟာလုပ်၊ ဟိုဟာလုပ် ဆိုပြီး တွန်းအားပေးခံရတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ ကိုယ် တကယ်ဘာလုပ်ချင်တယ် ဆိုတာကို မသိတဲ့ ကိုယ့်ကိုယ်တွင်းမှာသာ ဖြစ်နေတာပါ။ စိတ်ရှုပ်နေပြီ ဆိုမှတော့ စွမ်းအားလည်း မရှိတော့ပါဘူး။ စိတ်ဝင်စားမှုလည်း လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။
          စာသင်ကြားခြင်းဟာ ငါတို့ရဲ့ တကယ့်ဝါသနာ ဆိုရင်တော့ လက်ရှိ ပညာရေးရှုပ်ထွေးမှု ကြီးကို ဖြေရှင်းနိုင်မယ့် နည်းမတွေ့လို့ ခဏတော့ စိတ်ညစ်ကောင်း စိတ်ညစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ပညာရေးရဲ့ ဖွင့်ဆိုချက်တွေကို နားလည် သိမြင်လိုက်တာနဲ့ တစ်ပြိုင်တည်း ငါတို့ လိုအပ်နေတဲ့ မောင်းနှင်အား နှင့် စိတ်အားထက်သန်မှုတွေကို ပြန်ရလိုက်တော့တာပါပဲ။ ဒါဟာ ဆန္ဒတွေ ဆုံးဖြတ်ချက်တွေရဲ့ အရာ မဟုတ်ပါဘူး။ နားလည်မှု၊ သိမြင်မှုတွေနဲ့သာ သက်ဆိုင်တဲ့ အရာပါ။
          စာသင်ကြားခြင်းဟာ ကိုယ်ရဲ့ တကယ့်ဝါသနာသာ ဖြစ်နေရင်၊ မှန်ကန်တဲ့ ပညာရေးရဲ့ ခိုင်မာတဲ့ အရေးပါမှုကို သိမြင်နေမယ် ဆိုနေရုံနဲ့ မှန်ကန်တဲ့ ပညာပေးသူ အလိုလို ဖြစ်လာတော့တာပါပဲ။ ဘယ်နည်းလမ်း နောက်ကိုမှ လိုက်နေစရာ မလိုပါဘူး။ ငါတို့ဟာ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ၊ ပေါင်းစည်းမှုတွေကို ရရှိချင်တယ်ဆိုရင်တော့ အဲဒီိလို မှန်ကန်တဲ့ ပညာရေးကို မရှိမဖြစ် လိုအပ်တယ် လို့ သဘောပေါက်ခြင်းဟာ အားလုံးအတွက် အခြေခံကျတဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးလာမှာပါ။ မှန်ကန်တဲ့ ပညာရေးကနေ တဆင့်သာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ရရှိနိုင်တယ်လို့ သတိပြုမိလာပြီ ဆိုရင်တော့ သူဟာ သူရဲ့ ဘဝတစ်ခုလုံးကို စိတ်ရော ကိုယ်ပါ ပညာရေးအတွက် အလိုလို မြုပ်နှံလိုက်တာပါပဲ။
          ကလေးတစ်ယောက်ရဲ့ အတွင်း အဇတ္တအတွင်းမှာပါ ကြွယ်ဝစေချင်ရင်တော့ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ မှန်ကန်တဲ့ တန်ဖိုးတွေကို ဆရာက သင်ပေးရပါမယ်။ ကိုယ့်စိတ်အတွင်းမှာ ကြွယ်ဝမှု မရှိရင်တော့ ရုပ်ဝတ္တုဆိုတာတွေကိုပဲ အရေးကြီးတယ်လို့ မှတ်ယူနေတော့မှာပါ။ အဲဒီလို မှတ်ယူနေတာဟာ ဒုက္ခတွေ ပျက်စီးခြင်းတွေကိုသာ ဦးတည်နေပါတယ်။ ကိုယ့်ရဲ့ ဝါသနာအစစ်ကို ရှာဖွေဖို့၊ လူလူချင်း အမုန်းတရားကို ရှေးရူတဲ့ အလုပ်တွေကို ရှောင်ရှားဖို့ ဆရာက ကျောင်းသားတွေကို အမြဲအားပေး သင်ကြားနေရမှာပါ။ လူငယ်တွေကို ကိုယ့်ကိုယ်ကို သိမြင်ဖို့၊ ကိုယ်ပိုင် အသိဥာဏ်ရှိဖို့ အတွက် ကူညီ သင်ကြားနေရမှာပါ။ ငြိမ်းချမ်းမှု မရှိရင် ကြာရှည်တဲ့ ပျော်ရွှင်မှု ဆိုတာလည်း မရှိပါဘူး။ စာသင်ကြားခြင်းဆိုတာ အတ္တကို ဖြည့်ဆည်းတာ မဟုတ်ပါဘူး။ အတ္တကို လျှော့ချတာပါ။
          မှန်ကန်တဲ့ သင်ကြားခြင်း မရှိရင် အရိပ်အယောင်ကိုသာ အကောင်အထည် ထင်နေတတ်ပါတယ်။ 
တစ်ယောက်တည်းမှာတောင် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မတည့်တော့ပါဘူး။ အဲတော့ အခြားသူတွေနဲ့လည်း မသင့်မြတ်တော့ပါဘူး။ လူ့အဖွဲ့အစည်းကလည်း မသင့်မြတ်ကြတော့ပါဘူး။ ကိုယ့်ကိုယ်ကို သိမြင်ခြင်းကသာ ငြိမ်းအေးတဲ့ စိတ်ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ။ တရားသေဝါဒတွေနဲ့ ဘာသာရေး အစုအဖွဲ့တွေရဲ့ အယူသီးပူဇော်ပသမှုတွေက မဆောင်ကျဉ်းပေးနိုင်ပါဘူး။ အမှန်တရားတို့၊ ဘုရားသခင်တို့ ဆိုတာတွေကို ဖန်တီးခြင်းကလည်း “ငါ” “ငါ့ဥစ္စာ” ဆိုတဲ့ စိတ်တွေ လွှမ်းမိုးနေတဲ့ သူတွေကိုသာ သွေးဆောင်လို့ရတဲ့ အရာတွေပါပဲ။ ဆရာက ဒါတွေကို သဘောပေါက်အောင် သင်ကြားပေးရမှာပါ။