ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, September 28, 2014

ချိုမိုင်မိုင်

သတိရလို့ ကြည့်လိုက်တော့ ငါ့ခြေထောက်တွေက ငါ့ကိုပြေးနေပြီ
ရေအိုင်ထဲ ပြန်ငုံ့ကြည့်၊ ကိုယ့်ကိုယ်ကို ခေတ်စားကြည့်တော့
သတင်းစာသွားကြားညပ်နေတဲ့ အမွှေးစုတ်ဖွား ပြုံးဖြီးဖြီးကြီး
စာမျက်နှာတွေပေါ် ရောက်ဖို့ဆို၊ လိင်တံတစ်ချောင်း လိုအပ်တယ်
ဟု တင်မိုသီလျူမှ ရေးသား၊ ထောင့်တွေ့ရင် ချိုးပစ်လိုက်တယ်
ဘယ်/ညာ ၊ ခေါင်း/ပန်း ဘာမှ မစဉ်းစားတော့တဲ့ အမိုက်လင်းမီးတွေ
ထောင့်တစ်ထောင့်မှာ မျက်နှာညှိုးငယ်နေရှာတဲ့ ငါ့အမေ
ငါဘယ်လောက်ပြေးပြေး သူကပ်ပါလာတယ်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မျိုးဆက်အား
ကျွန်ုပ်တို့ထက် ပိုမိုမိုက်မဲစေရန် သင်ကြားကြရမည်
ကန်ထဲမှာ စက္ကူအသေများ ပြည့်နေသည်
ပျော်ပျော်ပါးပါး ရေမျောသွားကြမည်
ငြီးငွေ့မှုဟာ အကြီးကျယ်ဆုံး ဥာဏ်ပညာပဲ
ဇနီးနဲ့ ဈေးလိုက်ဝယ်မိတဲ့ ငါ့လို ယောက်ျားရင့်မကြီးရဲ့ စွန့်စားခန်း
ရွှံ့တွေ ဗွက်တွေဆိုတာ ခုန်ကျော်ပစ်ရမှာလို့ သင်ခဲ့ရဖူးတယ်
ငါရှေ့မှာလဲလျောင်းနေတဲ့ ငါကို ငါခုန်ကျော်ပစ်လိုက်တယ်
ရပ်နိုင်ပေ့ ဆိုတာကလွဲလို့ ဘာဖတ်စရာရှိသေးလို့လဲ စာအုပ်ကြီးတို့
ငါတို့အိမ်ရှေ့ ခြံစည်းရိုးမှာ လာလာညှိနေတဲ့ တိမ်တွေ
တွေ့ကရာအလုပ် ကောက်စွပ်ပြီး ငါအိမ်လည် ထွက်ခဲ့တာ
ဝဲပေါက်ဖူးမှ ကုတ်ရတဲ့ အရသာကို နားလည်မှာပါ နိုင်ငံတကာ
ဆံပင်ဝယ်သူဟာ ငါ့ခေါင်းကိုပါ အလေးခိုးသွားတယ်
ခြင်ပေါင်ရွက်ခြွေခြင်းမှာ ပျော်စရာ
ဟာ လက်သည်းကြားထဲ နင့်ကနဲ အာဟာရ
မိန်းကလေးတွေ ရင်ညွှန့်ဖော်ကြသလို
လူတစ်ယောက်ကို သတ်တယ်ဆိုတာ ဘာဆန်းလို့လဲ
ငါဟာ ဘာသာရေးတွေအောက်က လျောကနဲထိုးထွက်လိုက်တယ်
ဘဝင်မြင့်နေတဲ့ နိုင်ငံရေးသမားများကို အာကာသယဉ် စီးခွင့်ပြုလိုက်ပါ
အစာအိမ်ဟာ ပါးစပ်ကို လိုအပ်သလို စအိုကိုလည်း လိုအပ်ခဲ့တယ်
ရေ များများသောက်ပါ
တစ်နေ့ စိန်တလုံး မှန်မှန် သုံးစွဲပါ
ချွေးထွက်ရခြင်း အကြောင်းရင်းများကို ရှာဖွေတွေ့ရှိမှု
ဟာ ဆေးသိပ္ပံပညာရဲ့ အအောင်မြင်ဆုံး ခေတ်တခေတ်
အရည်မပါရင် ထမင်းစားမဝင်ဘူးလို့ ဇနီးကို ပြောပြီးတော့မှ
ငါ့လက်ချောင်းရိုးလေးကို ရိုးတွင်းခြင်ဆီပါ ပြောင်အောင်စုပ်လိုက်တယ်
ဆိုင်ရှေ့က ဖြတ်လျောက်သွားတဲ့ မိန်းကလေးထက်
ဆိုင်ထဲက တီဗီဟာ ရင်သားပိုမိုဖွံ့ထွားနေတဲ့ ပြည်သူ့ဆန္ဒ
တောင်ကပ် မြောက်ကပ် ခုန်ပျံကျော်လွှား ငါစားခဲ့ရတဲ့ ဆုတံဆိပ်တွေ
ခေါင်းစဉ်တွေ ဘယ်လောက်များများ လူ့ဘဝလို့ စာလုံးပေါင်း
ခဲ့တာ ဘယ်တော့မှ မမှားဘူး  ကဗျာဥာဏ်အဆင့်တက်ခြင်း
အစပဲ ရှိသေးတယ်၊ အောင်မြင်စွာ ဆံပင်ဖြူထွက်ရှိပါပြီ မိုင်တိုင်တို့
ဘက်စုံ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရန်
အခြောက်ကဗျာဆရာများဖြစ်ကြောင်း ဝန်ခံကြလော့
မော့ကြည့်လိုက်တော့ ငါ့အသက် (၄) ချောင်း ကျန်သေးတယ်
ငါ တစ်ခါတော့ သေလို့ရသေးတယ်။ ငါ့ကျားကို ငါအတောင်တပ်ရမယ်
အိမ်ရှေ့မှာ တူမလေးတွေဟာ သူငယ်ပြန်မှုကို ဆော့နေကြတယ်
ခင်ဗျား၊ ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ခင်ဗျားရဲ့ ရောဂါလေ
ထရံပေါက်က တိုးထွက်လာတတ်တဲ့ နေရောင်ခြည်တွေ
ကို နံရိုးစွပ်ပြုတ်လုပ်ပြီး ငါတို့ တွက်ခြေကိုက်ခဲ့ကြတယ်
ချက်ကြိုးနဲ့ ဖောက်ထိုးထားတယ်၊ လိမ့်ချင်ရာ လိမ့်စမ်း ဒင်္ဂါးပြားလေး။

ရှိန်ဝါ
၂၈ စက်တင်ဘာ ၂၀၁၄

မိဘ နှင့် ဆရာ (၂) (Parents and Teachers by Jiddu Krishanamurti)

ကလေးတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ အရာဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကို ခံရပါတယ်။ မှန်ကန်တဲ့ ပညာပေးသူတစ်ယောက်ဟာ အဲဒီလွှမ်းမိုးမှုတွေကို ကလေးခွာချနိုင်အောင် ကူညီသင့်ပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ပိုင်ခွင့်ကဖြစ်စေ ယဉ်ကျေးမှုတစ်ခုကဖြစ်စေ မှန်ကန်တဲ့ တန်ဖိုးတွေ ကို မရှာဖွေနိုင်ပါဘူး။ တစ်ဦးချင်းရဲ့ အမြော်အမြင်ရှိမှုကသာ အဲဒီတန်ဖိုးတွေကို ဖော်ထုတ်ပေးနိုင်တာပါ။
          ဒါကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ပြီဆိုရင်တော့ ကျောင်းသားတွေကို အစမှ အဆုံးတိုင် တစ်ဦးချင်းစီမှာရော လူမှုစံနှုန်းတွေမှာပါ သိမြင်မှု နိုးထလာအောင် တွန်းအားပေးပါလိမ့်မယ်။ တန်ဖိုးတစ်ခုချင်းစီကို ရှာဖွေခိုင်းတာ မဟုတ်ဘဲ အရာအားလုံးရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ရှာဖွေဖို့ တွန်းအားပေးတော့မှာပါ။ ကလေးတစ်ယောက်ကို မကြောက်တတ်အောင် သင်ပေးတာဟာ ဆရာကဖြစ်စေ၊ မိသားစုက ဖြစ်စေ၊ လူ့အဖွဲ့အစည်းက ဖြစ်စေ လွှမ်းမိုးထားတဲ့ လွှမ်းမိုးမှုတွေကနေ လွတ်အောင် ကူညီတာပါပဲ။ ဒါမှသာ အဲဒီကလေးဟာ ကောင်းမြတ်ခြင်းတရားတွေ၊ ချစ်ခြင်းမေတ္တာတွေ ပွင့်လန်းနိုင်မှာပါ။ ကျောင်းသား တွေကို လွတ်လပ်မှုဆီ ရောက်အောင် ကူညီရင်းနဲ့ပဲ ဆရာကိုယ်တိုင်က သူ့ကိုယ်ပိုင် စံနှုန်းတွေကိုလည်း ပြောင်းလဲလာပါတော့တယ်။ သူကိုယ်တိုင်လည်း “ငါပဲ၊ ငါ့ဟာ” ဆိုတဲ့အရာတွေကို စတင် ရှင်းလင်း လာပါတော့တယ်။ ဒီလို အပြန်အလှန် ပညာပေးခြင်း ဖြစ်စဉ်ကပဲ ဆရာနဲ့ တပည့်ကြား တမူထူးခြားတဲ့ အတူတကွ ဆက်ဆံရေးကို ဖန်တီးပေးတာပါ။
          လွှမ်းမိုးခြင်း၊ ဖိအားပေးခြင်းဆိုတာ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် လွတ်လပ်မှုနဲ့ ဥာဏ်ပညာ အတွက်တော့ တကယ့် အတားအဆီးပါပဲ။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းကြီးမှာ ဘာပါဝါမှလည်း မရှိပါဘူး။ သူဟာ ဘယ်လို ထိန်းချုပ် ပိတ်ဆို့မှုမျိုးနဲ့မှလည်း ညှိမနေပါဘူး။ ငါတို့ဟာ ကလေးတစ်ယောက်ကို တကယ်ကူညီတော့မယ်ဆိုရင် သူကိုယ်တိုင်က ဖန်တီးထားတဲ့ အတားအဆီးတွေရော၊ ပတ်ဝန်းကျင်က ဖန်တီးထားတဲ့ အတားအဆီးတွေနဲ့ပါ လွတ်ကင်းအောင် ကူညီရမှာပါ။ ဖိနှိပ်မှု၊ လွှမ်းမိုးမှု ပုံစံအမျိုးမျိုး သဘောပေါက်ပြီး အားလုံးကို ဘေးဖယ်ထုတ်ထားရပါမယ်။ ဆရာကိုယ်တိုင်က ဒီ မသန်မစွမ်း လုပ်ပိုင်ခွင့်တွေအားလုံးနဲ့ မလွတ်ကင်းဘူးဆိုရင်တော့ အဲဒီလို ဘေးဖယ်ထုတ်ဖို့ ကိစ္စဟာ မပြီးမြောက်နိုင်တော့ပါဘူး။
          ဘယ်လောက်ပဲ ကြီးကျယ်တဲ့ အရာပဲ ဖြစ်နေပါစေ၊ အဲဒီအတိုင်း လိုက်လံ အတုခိုးနေတယ် ဆိုတာဟာ ကိုယ့်ကိုယ်ကို ရှာဖွေမှုကို ပိတ်ပင်ထားတာပါပဲ။ အချို့သော အဆင်သင့် သုခဘုံတွေကို ရမယ်ဆိုတဲ့ ကတိတွေကိုပဲ ယုံစားနေရင်တော့ အဆင်ပြေဖို့၊ အာဏာရဖို့ တစုံတယောက်ရဲ့ အကူအညီကို ရယူလိုစိတ်တွေပဲ ဖြစ်နေပြီး ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ပြန်လည် ပိတ်ဆို့နေကြောင်း လုံးလုံးလျားလျား သိတော့မှာ မဟုတ်ပါဘူး။ ဘုန်းကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ ရှေ့နေတွေ၊ စစ်သားတွေဟာ ငါတို့ကို ကူညီမယ် ဆိုတာ ချည်းပါပဲ။ ဒါပေမယ့် အဲဒီလို အကူအညီတွေဟာ ဥာဏ်ပညာနဲ့ လွတ်လပ်မှုကိုတော့ ဖျက်ဆီးပစ်လိုက်တာပါပဲ။ ငါတို့ လိုအပ်တဲ့ အကူအညီဆိုတာ ငါတို့ရဲ့ ပြင်ပမှာ မရှိပါဘူး။ ဘာအကူအညီမှ တောင်းနေစရာမလိုပါဘူး။ အကူအညီဆိုတာ သူ့အလိုလို လာတာပါ။ ငါတို့ဟာ ကိုယ် နစ်မြုပ်ထားတဲ့ အလုပ်မှာ ကျိုးနွံနေဖို့၊ ငါတို့ရဲ့ နေ့စဉ်ပြုဖွယ် ကိစ္စတွေနဲ့ မတော်တဆ အဖြစ်အပျက်တွေမှာ စိတ်ကို ဖွင့်ထားနိုင်ဖို့တော့ လိုတာပေါ့။ 
          ငါတို့ဟာ ထောက်ပံမှု၊ အားပေးမှုတွေကို ဆာလောင်နေတဲ့ သိစိတ်၊ မသိစိတ်တွေ အားလုံးကို ရှောင်ရှားရပါမယ်။ ဒီလို ဆာလောင်မှုမျိုးဟာ သူ့နည်းသူဟန်နဲ့တော့ အမြဲစိတ်ကျေနပ်စေပါတယ်။ ငါတို့ကို အားပေးမယ့် ၊ ဦးဆောင်နိုင်မယ့်၊ ငြိမ်သက်စေနိုင်မယ့် သူတစ်ယောက်ရှိတာဟာ သက်တောင့် သက်သာတော့ ဖြစ်စေပါတယ်။ ဒါပေမယ့် အဲဒီအကျင့်ကြီးကပဲ ကိုယ့်ကို ထိန်းကျောင်းမယ့်၊ အခွင့်အာဏာပြုမယ့်၊ ငါတို့ရဲ့ စနစ်အတွက် အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားတာပါပဲ။ ငါတို့ တစ်ယောက်ယောက်ကို မှီခိုနေတဲ့ အခိုက်အတန့်မှာ တစ်ဦးချင်း လွတ်လပ်မှုနဲ့ ဥာဏ်ပညာကို နိုးထစေမယ့် ကိုယ်ရဲ့ မူရင်းရည်ရွယ်ချက်ကို မေ့နေတာပါပဲ။
          ဘယ် အခွင့်အာဏာမဆို အဟန့်အတား ချည်းပါပဲ။ ပညာသင်ပေးသူဟာ ကျောင်းသားကို ချုပ်ကိုင်မယ့် အာဏာပိုင် မဖြစ်သင့်ပါဘူး။ အာဏာကို တည်ဆောက်ခြင်းဟာ သိစိတ်ကရော၊ မသိစိတ်ကပါ လုပ်တဲ့ ဖြစ်စဉ်တစ်ခုပါ။
          ကျောင်းသားဆိုတာ မသေချာပါဘူး။ စမ်းတဝါးဝါးပါပဲ။ ဒါပေမယ့် ဆရာဆိုတာကတော့  သူ့အသိအရ သေချာပါတယ်။ အတွေ့အကြုံခိုင်မာပါတယ်။ ဆရာရဲ့ အဲဒီ သေချာမှု၊ အားကောင်းမှုဟာ နေပူစာလှုံချင်တဲ့ ကျောင်းသားတွေ အတွက်တော့ အာမခံချက်ပါပဲ။ ဒါပေမယ့် သေချာမှုဟာ ကြာရှည်မခံပါဘူး။ မှန်လည်း မမှန်ကန်ပါဘူး။ သိစိတ်ကရော မသိစိတ်ကပါ လွတ်လပ်မှုကို အားမပေးတဲ့ ဆရာဟာ ကျောင်းသားတွေ အတွက် ကြီးမားတဲ့ အကူအညီတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ သူဟာ သူရဲ့ အသိနဲ့ လွှမ်းမိုးဖို့သာ ကြိုးစား နေပါလိမ့်မယ်။ သူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပဲ ကလေးတွေကို ဝေဝါးအောင် လုပ်ပါလိမ့်မယ်။ ဒါဟာ စစ်မှန်တဲ့ ဆရာတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ အသိနဲ့ အတွေ့အကြုံဆိုတာတွေဟာ သူစွဲလမ်းနေတဲ့ အရာတွေပါ။ သူရဲ့ လုံခြုံမှုအတွက်ပါပဲ။ သူရဲ့ အကျဉ်းထောင်ပါပဲ။ သူကိုယ်တိုင်က အဲဒီအရာတွေနဲ့ မကင်းလွတ်ဘူးဆိုရင် ကျောင်းသားတွေကို ပေါင်းစည်းညီညွတ်စေတဲ့ လူသားတွေ ဖြစ်လာအောင် မကူညီနိုင်တော့ပါဘူး။
          မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဖြစ်ဖို့ဆိုရင် ဆရာတစ်ယောက်ဟာ စာအုပ်တွေ၊ ဓါတ်ခွဲခန်းတွေနဲ့ သူကိုယ်တိုင်က ကင်းလွတ်နေရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေက သူ့ကို အတုမယူအောင်၊ စံပြမထားအောင်၊ အာဏာပိုင် တစ်ယောက် အဖြစ် မမြင်အောင် အမြဲ သတိထား စောင့်ကြည့်နေရပါမယ်။ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေကနေ တဆင့် သူ့ကိုယ်သူသာ ဖြည့်နေမယ်ဆိုရင်တော့ အဲဒါ ကျောင်းသားတွေရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ သူ့အောင်မြင်မှုပါ။ အဲတော့ သူ့ရဲ့ သင်ကြားခြင်းဟာလည်း သူ့အတ္တကိုသူ အဓွန့်ရှည်အောင်လုပ်ခြင်းပါပဲ။ အဲဒါဟာ အသိပညာနဲ့ လွတ်လပ်မှုကို တားဆီးပါတယ်။ ဆရာကောင်းတစ်ယောက်ဟာ သူ့ကျောင်းသားကို သူ့ရဲ့ အာဏာအောက်ကနေဖြစ်စေ၊ သူတို့ကို သူတို့ ပိတ်ပင်တားဆီးနေတဲ့ အပိုအလုပ်တွေကနေဖြစ်စေ လွတ်မြောက်အောင် ကူညီဖို့ အဲဒီ အတားအဆီးတွေ အားလုံးကို အမြဲသတိထားနေရမှာပါ။
          ကံဆိုးတာက ဆရာအများစုက သူ့ကျောင်းသားတစ်ယောက်က ပြဿနာတစ်ခုကို နားလည်ပြီဆိုရင် အဲဒီကျောင်းသားကို သူနဲ့ အခွင့်အရေးတူညီတဲ့ အဖော်တစ်ယောက်အဖြစ် မဆက်ဆံတော့ ပါဘူး။ အထက်စီးကနေသာ ကြည့်ပါတော့တယ်။ ကိုယ့်တပည့်ကို ကိုယ့်အောက်မှာ ထားဖို့သာ ညွှန်ကြားချက်တွေ ထုတ်ပါတော့တယ်။ ဒီလို ဆက်ဆံရေးမျိုးဟာ ကျောင်းသားအတွက်ရော၊ ဆရာအတွက်ပါ အကြောက်တရား ကိုသာ ပိုမိုအားကောင်းစေပါတယ်။ ဒီလို မညီမျှတဲ့ ဆက်ဆံရေးကို ဘယ်အရာက ဖန်တီးနေတာပါလဲ။ ဆရာကရော အဲဒါကို သိဖို့ ကြောက်နေလို့လား။ သူရဲ့ အရေးပါမှုကို စောင့်ရှောက်ဖို့ ဂုဏ်သိက္ခာအရ ခပ်ဝေးဝေးမှာပဲ ထားချင်နေတာလား။ ဒီိလိုအထက်စီး သူစိမ်းဆန်မှုဟာ တစ်ဦးချင်းစီကို သင်းကွဲပစ်တဲ့ အတားအဆီးတွေကို ဖြိုဖျက်ဖို့အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။  ပြောရရင်တော့ ပညာသင်ပေးသူရော သူ့တပည့်တွေကပါ ပညာတတ်ဖို့အတွက် အချင်းချင်း အပြန်အလှန် ကူညီနေကြတာပါ။
          ဆက်ဆံရေးအားလုံးဟာ အပြန်အလှန် ပညာသင်ကြားပေးရေးပဲ ဖြစ်သင့်ပါတယ်။ ရည်ရွယ်ချက်တွေ၊ အောင်မြင်မှုတွေ၊ နဲ့ ဗဟုသုတတွေက ပြုလုပ်ထားတဲ့ တသီးပုဂ္ဂလဆန်မှုဟာ မနာလိုဝန်တိုစိတ်နဲ့ ငါတကောကောမှု အမုန်းတရားတွေကိုသာ မွေးဖွားပေးပါတယ်။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဟာ သူရဲ့ ဘေးမှာ ဝန်းရံနေတဲ့ နံရံတွေကို သူကိုယ်တိုင်က လည်း ဖြိုချရမှာပါ။
          တစ်ဦးချင်းစီရဲ့ သဟဇာတဖြစ်မှု နဲ့ လွတ်လပ်မှုအတွက်သာ မြုပ်နှံလုပ်ကိုင်နေရင် သူကိုယ်တိုင်ဟာ နက်နက်ရှိုင်းရှိုင်း မှန်မှန်ကန်ကန် ဘာသာရေးကိုင်းရှိုင်း တာပါပဲ။ သူဟာ ဘယ် ဘာသာရေး အသင်းအဖွဲ့နဲ့မှ မသက်ဆိုင်တော့ပါဘူး။ ကိုးကွယ်ယုံကြည်မှု၊ ပူဇော်ပသမှုတွေနဲ့လည်း ကင်းလွတ်နေပါတယ်။ ဒါတွေအားလုံးဟာ အတ္တလောဘက ဖန်တီးလိုက်တဲ့ ဟုတ်ယောင်ထင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေ၊ အယူသီးမှုတွေ ဆိုတာကို နားလည်နေလို့ပါ။ အမှန်တရား ဒါမှမဟုတ် ဘုရားသခင် ဆိုတာ ကိုယ့်ကိုယ်ကို သိခြင်း နှင့် လွတ်လပ်ခြင်းတွေ ဆီကိုသာ ကြွချီလာတယ်ဆိုတာကို သိပါတယ်။
          ဘာဘွဲ့ဒီဂရီ မှ မရတဲ့သူတွေဟာလည်း အကောင်းဆုံးဆရာ တွေ ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ လက်တွေ့စမ်းသပ်ချင်ကြလို့ပါ။ အထူးကျွမ်းကျင်သူတွေ ဖြစ်ချင်လို့ မဟုတ်ပါဘူး။  သူတို့ဟာ ဘဝကို နားလည်ဖို့ ၊ သင်ယူဖို့ကိုသာ စိတ်ဝင်စားကြလို့ပါ။ စစ်မှန်တဲ့ ဆရာတစ်ယောက် အတွက်တော့ သင်ကြားရေးဆိုတာ နည်းစနစ်တစ်ခု မဟုတ်ပါဘူး။ သူ့ဘဝရဲ့ နေထိုင်မှု ပုံစံပါပဲ။ ကြီးကျယ်တဲ့ အနုပညာရှင် တစ်ယောက်လို သူရဲ့တီထွင်ဖန်တီးမှုကို ပေးဖို့ ဘယ်တော့မှ လက်မလျော့ပါဘူး။ အမြဲထက်သန် နေပါတယ်။ ဒီလို ထက်သန်မှု မရှိရင်တော့ ဆရာတစ်ယောက် မဖြစ်သင့်ပါဘူး။ စာသင်ကြားခြင်းဟာ ကိုယ်ရဲ့ တကယ့်ပါရမီ ဟုတ်မဟုတ် အမြဲ စူးစမ်းနေဖို့ကတော့ အရေးကြီးဆုံး ပါပဲ။ စာသင်ကြားခြင်းထဲမှာ မျောနေရုံနဲ့တော့ မရပါဘူး။
          စာသင်ကြားခြင်းဟာ အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့သာ ဖြစ်နေဦးမယ်ဆိုရင်တော့ ဒါဟာ စစ်စစ်မှန်မှန် မြုပ်နှပ်ထားတဲ့ အလုပ်မဟုတ်တော့ပါဘူး။ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ကြားမှာ ကွက်လပ်ကြီး တစ်ခုသာ ဖြစ်လာတော့မှာပါ။ အိမ်ကဘဝနဲ့ အလုပ်ကဘဝ ဆိုတာလည်း တသီးတခြားစီ ဖြစ်နေဦးမှာပါ။ ပညာရေးဆိုတာ လုပ်ငန်းကိုင်ငန်း တစ်ခုသာ ဖြစ်နေသမျှ ကာလပတ်လုံး တစ်ဦးချင်းစီရဲ့ ကြားမှာပဲ ဖြစ်စေ၊ လူတန်းစား အမျိုးမျိုးကြားမှာပဲ ဖြစ်စေ ပဋိပက္ခတွေ၊ အမုန်းတရားတွေ မရှောင်လွဲအောင် ဖြစ်လာဦးမှာပါ။ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာပါမယ်။ ကိုယ့်ရည်ရွယ်ချက်နောက်သာ ကိုယ်ဟပ်ထိုးလိုက်ကြပါဦးမယ်။ အမျိုးသားရေး ၊ လူမျိုးရေး ပိုင်းခြားမှုတွေ ဆိုတာ အမုန်းတရားနဲ့ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေကိုသာ ဖန်တီးပါတယ်။
          ငါတို့ဟာ ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ ဆရာတွေ ဖြစ်ဖို့ ရည်စူးတယ်ဆိုရင်တော့ အိမ်မှာရော ကျောင်းမှာပါ အတားအဆီးတွေ မဖန်တီးရပါဘူး။ လွတ်လပ်မှု နဲ့ ဥာဏ်ပညာဆိုတာ နေရာတိုင်းမှာ ရှိသင့်တာပါ။ ဆင်းရဲ ချမ်းသာ မရွေး ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစား ရမှာပါ။ ငါတို့ဟာ အတန်းတစ်တန်းနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ အားကြီးတဲ့သူတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ အားနည်းတဲ့သူတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ ပေါင်းစည်း ညီညွတ်မှုတွေနဲ့သာ သက်ဆိုင်တာပါ။
          မှန်ကန်တဲ့ ပညာရေးကို အစစ်အမှန် မျှော်ကိုးတယ်ဆိုရင်တော့ စေတနာအပြည့်ထားရှိဖို့ကသာ အဓိကပါပဲ။ ပညာရေးဆိုတာ ဘယ်လို ဖြားယောင်းသွေးဆောင်မှုမျိုးမှ မဖြစ်သင့်ပါဘူး။ ကိုယ်ကျိုးကို မျှော်ကိုးခြင်းတွေလည်း မဖြစ်သင့်ပါဘူး။ အောင်မြင်မှုတွေကို မက်မောခြင်းကနေ ဖြစ်လာတဲ့ အကြောက်တရားတွေနဲ့ ပညာရေးဟာ ကင်းရှင်းနေရမှာ ဖြစ်ပါတယ်။  ဝါသနာတစ်ခုကို သင်ကြားဖို့ဆိုရင် ၊ တစ်ယောက်ချင်းစီ တိုင်းအတွက် မှန်ကန်တဲ့ ပညာရေးကို ရှာဖွေဖို့ ဆိုရင် ကိုယ်ရဲ့ ရည်မှန်းချက်တွေနဲ့ပဲဖြစ်ဖြစ် အခြားသူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို တားဆီး ပိတ်ပင်ထားလို့ မရပါဘူး။ ဒီလို လုပ်ဖို့အတွက် အချိန်တော့ လိုပါတယ်။ အခွင့်အရေးကိုလည်း စောင့်ရမှာပါ။ ဒါပေမယ့် ဆုတွေ လာဘ်တွေ ကျော်ကြားမှုတွေကို မမျှော်ကိုးမှသာ ဒီလိုလုပ်နိုင်မှာပါ။ ဒါမှသာ မိသားစု၊ ပုဂိုလ်ရေးလုံခြုံမှု၊ သက်သာရာရမှု တွေဟာ ဒုတိယ ဦးစားပေး နေရာမှာပဲ ရှိတော့မှာပါ။
          ငါတို့ဟာ မှန်ကန်တဲ့ ပညာပေးသူတွေ ဖြစ်ဖို့ တကယ်စိတ်အား ထက်သန်နေတယ် ဆိုရင်တော့ ပညာရေးစနစ်တစ်ခု တည်းလောက်ကိုပဲ အပြစ်ပြောနေလို့ မရပါဘူး။ ပညာရေးစနစ်အားလုံးကို နှံ့နှံ့စပ်စပ် ကြည့်နေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်ပညာရေးနည်းလမ်းကမှ တစ်ဦးချင်းကို လွတ်လပ်အောင် လုပ်မပေးနိုင်ဘူး ဆိုတာ ငါတို့ သိနေလို့ပါ။ နည်းလမ်းတစ်ခု၊ စနစ်တစ်ခု ဆိုတာ ကလေးတစ်ယောက်ကို တန်ဖိုးစံနှုန်း တစ်စုထဲကိုပဲ သွတ်သွင်းနိုင်လို့ပါ။ လွတ်မြောက်အောင်တော့ မလုပ်ပေးနိုင်ပါဘူး။
          ကိုယ့်စိတ်က အမြဲတည်ဆောက်ထားတဲ့ ကိုယ်ပိုင် စနစ်တစ်ခုအတွင်းမှာ မကျရောက်ဖို့ကိုလည်း သတိကြီးစွာ ထားရမှာ ဖြစ်ပါတယ်။ ပုံစံတစ်ခုထဲ သွတ်သွင်းတယ်ဆိုတာ အဆင်ပြေ စိတ်ချရတဲ့ နည်းလမ်း တစ်လမ်းတော့ ဖြစ်ပါတယ်။ စိတ်ဆိုတာကလည်း အဲဒီလို တည်ဆောက်ပုံတွေ အတွင်းမှာ အကာအကွယ်ယူ နေတတ်လို့ပါ။ အမြဲ သတိရှိနေဖို့ဆိုတာ စိတ်တော့ ပင်ပန်းပါတယ်။ ဒါပေမယ့် နည်းစနစ် တစ်ခုနောက်ကိုပဲ လိုက်နေမယ်ဆိုရင်တော့ အတွေးအခေါ်ဆိုတာ မရှိနိုင်တော့ပါဘူး။
          ထပ်တလဲလဲပြုလုပ်ခြင်း နဲ့ အလေ့အထ တွေဆိုတာ စိတ်ကို သံချေးတက်အောင် လုပ်နိုင်ပါတယ်။ ဒါကို နိုးထဖို့ ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုတော့ လိုပါတယ်။ အဲဒါ ပြဿနာပါပဲ။ ကျွန်တော်တို့က အဲဒီ ပြဿနာကိုလည်း တည်ရှိပြီးသား၊ ကျွန်တော်တို့ တစ်ချိန်လုံး အသင်ခံလာရတဲ့ နှုန်းစံ ၊ဆုံးဖြတ်ချက်တွေ နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီမှာ စိတ်ဟာ တခါပြန်ပြီး အိပ်ပျော်သွားပြန်တာပါပဲ။ အဲဒီ သံချေးတက်မှုကြီးမှာပဲ စိတ်ဟာ ပိတ်မိနေပါတော့တယ်။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဟာ သူ့ဆီမှာ ရှိတဲ့ ဒီစိတ်ကြီးကိုလည်း အဆုံးသတ်ရမှာ ဖြစ်သလို ကျောင်းသားတွေကိုလည်း သတိထားနိုင်လာအောင် ကူညီပေးရမှာပါ။
          တစ်ချို့ကတော့ မေးနိုင်ပါတယ်။ “မှန်ကန်တဲ့ ဆရာတစ်ယောက် ဘယ်လိုများ ဖြစ်လာနိုင်သလဲ” လို့။ သေချာတာကတော့ “ဘယ်လို” လို့ မေးတာဟာ လွတ်လပ်တဲ့ စိတ်မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ စိတ်ပါ။ အကျိုးရှာတဲ့ စိတ်ပါ။ မျှော်လင့်ချက်နဲ့ အားထုတ်ကြိုးပမ်းခြင်းဟာ စိတ်ဆန္ဒတွေကို အဆုံးသတ်ပစ် နိုင်တဲ့ အရာတစ်ခုပါပဲ။ လွတ်လပ်တဲ့ စိတ်ဆိုတာ အစဉ်အမြဲ စောင့်ကြည့်၊ သင်ယူ နေရမှာပါ။ ကိုယ့်ကိုယ်ကို ပြဌာန်းထားတဲ့ အတားအဆီးတွေကို ထွင်းဖောက် မြင်ကြည့် ရမှာပါ။
          လွတ်လပ်မှု ဆိုတာ အစမှာ ကတည်းက ရှိတာပါ။ အဆုံးသတ် ကျမှ ရရှိမယ့် အရာ မဟုတ်ပါဘူး။ “ဘယ်လိုလဲ” လို့ မေးတဲ့သူဟာ ဖြေရှင်းမရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတဲ့ သူပါ။ ပညာ သင်ကြားခြင်း အပေါ်ကို သူ့ဘဝ တစ်ခုလုံး တကယ်မြုပ်နှံထားတဲ့ သူဟာ ဒီလို မေးခွန်းမျိုး ဘယ်တော့မှ မမေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မှန်ကန်တဲ့ ဆရာတစ်ယောက် ဖြစ်ဖို့အတွက် ဘယ်လို နည်းလမ်းမှ ရှိမနေဘူးလို့ သူသိထားလို့ပါ။ သူသာ တကယ်စိတ်ဝင်စားရင် လိုချင်တဲ့ ရလာဒ်ကို အာမခံတတ်တဲ့ နည်းလမ်းတွေကို တောင်းဆိုနေမှာ မဟုတ်ပါဘူး။
          ဘယ်စနစ်က ကျွန်တော်တို့ကို ဥာဏ်ပညာရှိလာအောင် လုပ်နိုင်လို့လဲ။ ကျွန်တော်တို့ဟာ အဲဒီလို စနစ်နဲ့ သွားပြီးပါပြီ။ ဘွဲ့တွေ ဒီဂရီတွေလည်း မဆုံးနိုင်အောင် ရပြီးပါပြီ။ ဒါနဲ့ပဲ ငါတို့ဟာ ပညာပေးသူ တွေ ဖြစ်လာရောလား။ ဒါမှ မဟုတ် စနစ်တစ်ခုရဲ့ ဥပမာကောင်းကြီးတွေပဲ ဖြစ်တော့မှာလား။ ဆုလာဒ်ကို မျှော်ကိုးတယ်၊ ထူးချွန်တဲ့ ပညာပေးသူလို့ အခေါ်ခံချင်တယ် ဆိုတာတွေဟာ အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရလိုခြင်း တွေကို မက်မောနေတာပါပဲ။ တခါတရံတော့ အဲဒီိလို ချီးကျူး အားပေးခံချင် ခံရမှာပေါ့။ ဒါပေမယ့် အဲဒီ ချီးကျူးခံရလိုခြင်းကိုသာ စွဲလမ်းနေရင်း ကိုယ့်ကိုယ်ကို ပင်ပန်းစေတဲ့ ဆေးစွဲခြင်းပါပဲ။ အချီးကျူး ခံလိုတယ်၊ အားပေးမှု ခံလိုတယ် ဆိုတာတွေဟာ တော်တော်လေး မရင့်ကျက်သေးတာပါပဲ။
          အသစ် တစ်ခုခု ကို တီထွင် ဖန်တီးတော့မယ် ဆိုရင် သတိနဲ့ စွမ်းအင်ပဲ ရှိရမှာပါ။ အကျိုးမဲ့ ငြင်းခုံ နေတာမျိုးပဲ မလုပ်ရပါဘူး။ သူ့အလုပ်မှာ သူ စိတ်မကြည်တော့ဘူး ဆိုရင် ငြီးငွေ့နွမ်းလျမှုတွေဟာ ပေါ်လာ တတ်ပါတယ်။ စိတ်မဝင်စားဘူးဆိုရင် စာသင်ကြားခြင်း ဆက်မလုပ်သင့်တာ ရှင်းနေတာပါပဲ။
          ဒါပေမယ့် ဘာကြောင့် အဲလောက် အရေးကြီးတဲ့ စိတ်ဝင်စားမှုဟာ ဆရာတွေ ကြားမှာ ကင်းမဲ့နေရတာလဲ။ ဘာတွေက သူတို့ကို မကြည်လင်စေတာလဲ။ စိတ်ညစ်ညူးမှု ဆိုတာ ဒီဟာလုပ်၊ ဟိုဟာလုပ် ဆိုပြီး တွန်းအားပေးခံရတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ ကိုယ် တကယ်ဘာလုပ်ချင်တယ် ဆိုတာကို မသိတဲ့ ကိုယ့်ကိုယ်တွင်းမှာသာ ဖြစ်နေတာပါ။ စိတ်ရှုပ်နေပြီ ဆိုမှတော့ စွမ်းအားလည်း မရှိတော့ပါဘူး။ စိတ်ဝင်စားမှုလည်း လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။
          စာသင်ကြားခြင်းဟာ ငါတို့ရဲ့ တကယ့်ဝါသနာ ဆိုရင်တော့ လက်ရှိ ပညာရေးရှုပ်ထွေးမှု ကြီးကို ဖြေရှင်းနိုင်မယ့် နည်းမတွေ့လို့ ခဏတော့ စိတ်ညစ်ကောင်း စိတ်ညစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ပညာရေးရဲ့ ဖွင့်ဆိုချက်တွေကို နားလည် သိမြင်လိုက်တာနဲ့ တစ်ပြိုင်တည်း ငါတို့ လိုအပ်နေတဲ့ မောင်းနှင်အား နှင့် စိတ်အားထက်သန်မှုတွေကို ပြန်ရလိုက်တော့တာပါပဲ။ ဒါဟာ ဆန္ဒတွေ ဆုံးဖြတ်ချက်တွေရဲ့ အရာ မဟုတ်ပါဘူး။ နားလည်မှု၊ သိမြင်မှုတွေနဲ့သာ သက်ဆိုင်တဲ့ အရာပါ။
          စာသင်ကြားခြင်းဟာ ကိုယ်ရဲ့ တကယ့်ဝါသနာသာ ဖြစ်နေရင်၊ မှန်ကန်တဲ့ ပညာရေးရဲ့ ခိုင်မာတဲ့ အရေးပါမှုကို သိမြင်နေမယ် ဆိုနေရုံနဲ့ မှန်ကန်တဲ့ ပညာပေးသူ အလိုလို ဖြစ်လာတော့တာပါပဲ။ ဘယ်နည်းလမ်း နောက်ကိုမှ လိုက်နေစရာ မလိုပါဘူး။ ငါတို့ဟာ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ၊ ပေါင်းစည်းမှုတွေကို ရရှိချင်တယ်ဆိုရင်တော့ အဲဒီိလို မှန်ကန်တဲ့ ပညာရေးကို မရှိမဖြစ် လိုအပ်တယ် လို့ သဘောပေါက်ခြင်းဟာ အားလုံးအတွက် အခြေခံကျတဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးလာမှာပါ။ မှန်ကန်တဲ့ ပညာရေးကနေ တဆင့်သာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ရရှိနိုင်တယ်လို့ သတိပြုမိလာပြီ ဆိုရင်တော့ သူဟာ သူရဲ့ ဘဝတစ်ခုလုံးကို စိတ်ရော ကိုယ်ပါ ပညာရေးအတွက် အလိုလို မြုပ်နှံလိုက်တာပါပဲ။
          ကလေးတစ်ယောက်ရဲ့ အတွင်း အဇတ္တအတွင်းမှာပါ ကြွယ်ဝစေချင်ရင်တော့ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ မှန်ကန်တဲ့ တန်ဖိုးတွေကို ဆရာက သင်ပေးရပါမယ်။ ကိုယ့်စိတ်အတွင်းမှာ ကြွယ်ဝမှု မရှိရင်တော့ ရုပ်ဝတ္တုဆိုတာတွေကိုပဲ အရေးကြီးတယ်လို့ မှတ်ယူနေတော့မှာပါ။ အဲဒီလို မှတ်ယူနေတာဟာ ဒုက္ခတွေ ပျက်စီးခြင်းတွေကိုသာ ဦးတည်နေပါတယ်။ ကိုယ့်ရဲ့ ဝါသနာအစစ်ကို ရှာဖွေဖို့၊ လူလူချင်း အမုန်းတရားကို ရှေးရူတဲ့ အလုပ်တွေကို ရှောင်ရှားဖို့ ဆရာက ကျောင်းသားတွေကို အမြဲအားပေး သင်ကြားနေရမှာပါ။ လူငယ်တွေကို ကိုယ့်ကိုယ်ကို သိမြင်ဖို့၊ ကိုယ်ပိုင် အသိဥာဏ်ရှိဖို့ အတွက် ကူညီ သင်ကြားနေရမှာပါ။ ငြိမ်းချမ်းမှု မရှိရင် ကြာရှည်တဲ့ ပျော်ရွှင်မှု ဆိုတာလည်း မရှိပါဘူး။ စာသင်ကြားခြင်းဆိုတာ အတ္တကို ဖြည့်ဆည်းတာ မဟုတ်ပါဘူး။ အတ္တကို လျှော့ချတာပါ။
          မှန်ကန်တဲ့ သင်ကြားခြင်း မရှိရင် အရိပ်အယောင်ကိုသာ အကောင်အထည် ထင်နေတတ်ပါတယ်။ 
တစ်ယောက်တည်းမှာတောင် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မတည့်တော့ပါဘူး။ အဲတော့ အခြားသူတွေနဲ့လည်း မသင့်မြတ်တော့ပါဘူး။ လူ့အဖွဲ့အစည်းကလည်း မသင့်မြတ်ကြတော့ပါဘူး။ ကိုယ့်ကိုယ်ကို သိမြင်ခြင်းကသာ ငြိမ်းအေးတဲ့ စိတ်ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ။ တရားသေဝါဒတွေနဲ့ ဘာသာရေး အစုအဖွဲ့တွေရဲ့ အယူသီးပူဇော်ပသမှုတွေက မဆောင်ကျဉ်းပေးနိုင်ပါဘူး။ အမှန်တရားတို့၊ ဘုရားသခင်တို့ ဆိုတာတွေကို ဖန်တီးခြင်းကလည်း “ငါ” “ငါ့ဥစ္စာ” ဆိုတဲ့ စိတ်တွေ လွှမ်းမိုးနေတဲ့ သူတွေကိုသာ သွေးဆောင်လို့ရတဲ့ အရာတွေပါပဲ။ ဆရာက ဒါတွေကို သဘောပေါက်အောင် သင်ကြားပေးရမှာပါ။ 

မိဘ နှင့် ဆရာ (၁) (Parents and Teachers by Jiddu Krishanamurti)

မှန်ကန်တဲ့ ပညာရေးဆိုတာ ကိုယ့်ကိုယ်ကို နားလည်တဲ့၊ အတွေးအခေါ်ပုံစံခွက်တွေနဲ့ ကင်းလွတ်နေတဲ့ ဆရာနဲ့သာ အစပြုရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာဆိုတာ သူသိတာကိုပဲ သူလက်ဆင့်ကမ်းမှာပါ။ သူကိုယ်တိုင်က မှန်ကန်စွာ ပညာတတ်မြောက်ထားတာ မဟုတ်ရင်  သူကိုယ်တိုင် သင်ကြားခံခဲ့ရတဲ့ ယန္တရားဆန်ဆန် အသိပညာတွေကို ဖြန့်ဝေပေးရုံက လွဲလို့ ဘာများလုပ်နိုင်ဦးမှာ မို့လို့လဲ။ ပြဿနာက ကလေးတွေ မဟုတ်ပါဘူး။ မိဘတွေနဲ့ ဆရာတွေပါ။ ပြဿနာက ပညာသင်ကြားသူ ဖြစ်တဲ့ ဆရာကို ပညာပြန်လည် သင်ကြားပေးဖို့ပါ။
          ငါတို့တွေဟာ ကိုယ့်ကိုယ်ကို နားလည်တဲ့ ဆရာတွေ မဟုတ်ဘူး ဆိုရင် ကလေးတွေကို သတင်းအချက်အလက်တွေ ပေးရုံလောက် ၊စာမေးပွဲတွေ အောင်အောင် လုပ်ပေးရုံလောက်သာ လုပ်နိုင်ပြီး ကလေးတွေနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို နားလည်မထားဘူးဆိုရင် အသစ်သော ပညာရေးအမျိုးအစားကို ဘယ်လိုလုပ် ဆောင်ကျဉ်း ပေးနိုင်တော့ မှာလဲ။ တပည့်တွေဆိုတာ လမ်းပြပေးရပါတယ်။ ကူညီပေးရပါတယ်။ ဒါပေမယ့် လမ်းညွှန်ကူညီသူ ကိုယ်တိုင်က အမျိုးသားရေးတွေ သီအိုရီတွေနဲ့ ရှုပ်ထွေးနေရင် ကျဉ်းမြောင်းနေရင် တပည့်တွေဟာလည်း ဆရာအတိုင်းပဲ ဖြစ်လာတော့မှာပါ။ ပညာရေးဆိုတာလည်း ရှုပ်ထွေးမှုတွေနဲ့ ခက်ခဲပင်ပန်းမှုတွေ နောက်ထပ်ဖြစ်လာစေဖို့ ရင်းမြစ်တစ်ခုပဲ ဖြစ်လာတော့မှာပါ။
          ငါတို့ဟာ ဒီအမှန်တရားကိုသာ သိမြင်ရင် ငါတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်လည် ပညာသင်ကြားခြင်း စတင်ဖို့ဟာ ဘယ်လောက် အရေးကြီးကြောင်း သဘောပေါက်လာမှာပါ။ ကလေး တစ်ယောက်ရဲ့ လုံခြုံရေးအတွက်၊ အနာဂတ်ကောင်းစားရေး အတွက် ပူပန်နေတာထက် ကိုယ့်ကိုယ်ကို ပြန်လည် သင်ကြားဖို့ ကြောင့်ကြနေဖို့ဆိုတာ အဆပေါင်းများစွာ ပိုမို လိုအပ်ပါတယ်။
          ဆရာတစ်ယောက်ကို ပြန်လည် ပညာပေးဖို့၊ တနည်းအားဖြင့် သူ့ကိုသူ နားလည်လာအောင် လုပ်ပေးဖို့ဆိုတာ ဆောင်ရွက်ဖို့တော့ အခက်ခဲဆုံး အလုပ်တစ်ခုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ငါတို့ အများစုဟာ အတွေးအခေါ်စနစ်တစ်ခု၊ လုပ်ဆောင်မှု ပုံစံခွက်တစ်ခုနဲ့ အသားကျ ခိုင်မာနေလို့ပါပဲ။ ငါတို့ဟာ အတွေးအခေါ်အချို့ကို လက်ခံပြီးပါပြီ။ ဘာသာရေးတစ်ခုကို လက်ခံပြီးပါပြီ။ လုပ်ဆောင်မှုတစ်ခုနဲ့ အသားကျပြီးပါပြီ။ ဒါကြောင့်လည်း ငါတို့ဟာ ကလေးတွေကို ဘာကိုပဲ စဉ်းစားရမယ်။ ဘယ်လိုတော့ဖြင့် မတွေးတောရဘူးလို့ သင်ကြားကြတာပါ။
          ဒါ့အပြင် မိဘတွေ၊ ဆရာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပဋိပက္ခတွေ သောကတွေနဲ့ ဘယ်လိုမှ မအားလပ်ကြတော့ ပါဘူး။ ဆင်းရဲရဲ ချမ်းသာသာ မိဘအများစုဟာ သူတို့ရဲ့ ပုဂိုလ်ရေး သောကတွေ ပြဿနာတွေ ထဲမှာ နစ်မြုပ်နေတတ် ကြပါတယ်။ သူတို့ဟာ လက်ရှိ လုမှုရေး နဲ့ အကျင့်သိက္ခာ ပျက်စီးခြင်းတွေကို တကယ် ခြေခြေမြစ်မြစ် မပူပန်ကြတော့ပါဘူး။ သူတို့ရဲ့ကလေးတွေ ကမ္ဘာကြီးထဲမှာ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက်သာ ပစ္စည်းကိရိယာတွေ တပ်ဆင်ပေးဖို့ပဲ ဆန္ဒရှိကြပါတော့တယ်။ သူတို့ ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ကြပါတယ်။ သူတို့ကို စိတ်ချရတဲ့ ရာထူးတွေ ရဖို့၊ အိမ်ထောင်ရက်သား ကောင်းကောင်းကျဖို့ အတွက်ပဲ ပညာသင်ကြားပေးချင်ကြတာပါ။
          အများယုံကြည် ထားတာနဲ့ ဆန့်ကျင်ပြီး ပြောရမယ် ဆိုရင်တော့ မိဘ အများစုဟာ သူတို့ကလေးတွေကို  ဘယ်လောက်ပဲ ချစ်တယ် ပြောပြော တကယ် မချစ်ပါဘူး။ သူတို့ တကယ်သာ ချစ်ရင် လူအချင်းချင်း ကြားမှာ စစ်ပွဲတွေ၊ အငတ်ဘေးတွေ ကို ဖြစ်စေတဲ့ တစ်ခုလုံးလို့ ထင်ရတဲ့ မိသားစု နှင့် နိုင်ငံအပေါ်မှာသာ အလေးအနက်ထားအောင် မသင်ကြားပါဘူး။ တကယ် ဆန်းတာလည်း ရှိပါတယ်။ လူတွေဟာ ဒေါက်တာတွေ ဆရာဝန်တွေ ဖြစ်ဖို့ အားကြိုးမာန်တက် လေ့ကျင့်ပေးခံလိုက် ရပါတယ်။ ဒါပေမယ့် မိဘဖြစ်ဖို့ ဆိုတဲ့ အရေးကြီးဆုံး ကိစ္စကိုတော့ ဘယ်လေ့ကျင့်ရေး ကမှ သင်ကြားမပေးလိုက်ပါဘူး။ ဘာ လေ့ကျင့်မှုမှ မရှိဘဲ မိဘတွေ ဖြစ်လာကြပါတယ်။
          အချိန်တော်တော်များများမှာ မိသားစု ဆိုတာမှာ သီးခြားတည်ရှိနေတဲ့ တိမ်းညွှတ်မှုတွေ ရှိပါတယ်။ တသီးတခြား ဆန်မှုကို တွန်းအားပေးပါတယ်။ အဲဒီ အချက်ကပဲ လူ့အဖွဲ့အစည်းကြီးကို ဖျက်ဆီးနေတဲ့ အချက်ပါပဲ။ အဲဒီ တစ်သီးပုဂလဆန်မှု ဆိုတဲ့ နံရံတွေ ပြိုချနိုင်တဲ့ ချစ်ခြင်းမေတ္တာ နဲ့ နားလည်မှုတွေသာ ရှိတဲ့အခါမှသာ မိသားစု ဆိုတာလည်း အပိတ်အဝန်းအဝိုင်း တစ်ခု မဖြစ်တော့မှာပါ။ ထောင်တစ်ခု၊ ဒုက္ခသည်စခန်း တစ်ခု မဖြစ်တော့မှာပါ။ မိဘတွေ ကိုယ်တိုင်ကလည်း သူတို့ကလေးတွေနဲ့ သာမက၊ သူတို့ရဲ့အိမ်နီးချင်းတွေ နဲ့ပါ တကယ် ပေါင်းစည်းညီညွတ်မှု ရလာမှာပါ။
          သူတို့ ကိုယ်တိုင်က သူတို့ရဲ့ ပြဿနာတွေထဲ နစ်မြုပ်နေတဲ့အတွက် သူတို့ ကလေးတွေ ကောင်းစားဖို့ အတွက် တာဝန်ဝတ္တရားကို ဆရာဆီကို လွှဲအပ်လိုက် တော့တာပါပဲ။ အဲဒါကြောင့်မို့ ပညာပေးသူ အနေနဲ့ မိဘတွေကိုလည်း ပညာပေးဖို့ဆိုတာ အရေးကြီးတာပါ။
          ဆရာဟာ သူတို့ကို ရှင်းပြရပါမယ်။ ကမ္ဘာကြီးရဲ့ ရှုပ်ထွေးတဲ့ အခြေအနေဟာ သူတို့ရဲ့ ကိုယ်ပိုင် ရှုပ်ထွေးမှု တွေမှာ လာရောက် ထင်ဟပ်နေတယ် ဆိုတာကို။ တည်ရှိနေတဲ့ တန်ဖိုးစံနှုန်းတွေ အပေါ် ထိရောက်တဲ့ ပြောင်းလဲမှုကို ဘယ် သိပ္ပံတိုးတက်မှုကမှ သူ့ချည်းပဲ ဆောင်ကျဉ်းပေးမလာနိုင်ဘူး ဆိုတာကိုလည်း ညွှန်ပြပေးရပါမယ်။ အဲဒီလို နည်းပညာ လေ့ကျင့်ရေးဖြစ်တဲ့ ကျွန်တော်တို့အခု ပညာရေးလို့ ခေါ်နေတဲ့ အရာကြီးက ဘယ်သူ့ကိုမှ လွတ်လပ်လာအောင်၊ ပိုပြီး ပျော်ရွှင်လာအောင် မလုပ်ပေးနိုင်ဘူး ဆိုတာကိုလည်း ညွှန်ပြရပါမယ်။ လက်ရှိ ပတ်ဝန်းကျင်ကြီးကို ကလေးတွေကို အတင်းလက်ခံခိုင်းတာဟာ ဥာဏ်ပညာ ဆီကိုတော့ ဆိုက်ရောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူဟာ ကလေးတွေအတွက် ကြိုးစားနေပါတယ်။ ဘယ်လို တည်ဆောက်နေပါတယ် ဆိုတာကို နားလည်အောင် ပြောပြထားရမှာပါ။ မိဘတွေက သူ့ကို ယုံကြည်လာအောင်လည်း အထက်စီးကနေ ရိုးရိုးသာမန်လူတွေကို ကျွမ်းကျင်ပညာရှင် တစ်ယောက်က ပြောနေတဲ့ ပုံစံမျိုး မပေါက်အောင် ပြောရမှာပါ။ ကလေးတွေရဲ့ စရိုက်လက္ခဏာတွေ ၊ အခက်အခဲတွေ ဗီဇတွေ နဲ့ ပတ်သတ်လို့လည်း ဒီနည်း အတိုင်းပဲ သူတို့နဲ့ ဆွေးနွေးရပါမယ်။
          ဆရာတစ်ယောက်ဟာ ကလေး တစ်ယောက်ချင်းစီကို တကယ်စိတ်ဝင်စားမှု ရှိရင် မိဘတွေကလည်း သူ့အပေါ်ကို တကယ် ယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ်မှာ ဆရာဟာ မိဘတွေကိုလည်း ပညာပေးသလို သူ့ကိုသူလည်း ပညာပြန်ပေးရပါမယ်။ အပြန်အလှန်အားဖြင့် မိဘတွေဆီကလည်း ပြန်လည် သင်ယူရပါမယ်။ မှန်ကန်တဲ့ ပညာရေးဆိုတာ စိတ်ရှည်မှု၊ စဉ်းစားဆင်ခြင်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦးနှစ်ဖက် လုပ်ဆောင် ရမယ့် အရာပါ။ တကယ် အမျှော်အမြင်ရှိတဲ့ လူ့ပတ်ဝန်းကျင်က တကယ် ဥာဏ်ရည်မြင့်တဲ့ ဆရာဟာ ကလေးတွေကို ဘယ်လို ပျိုးထောင်ရမလဲ ဆိုတဲ့ ပြဿနာကို ကောင်းကောင်း ဖြေရှင်းနိုင်ပါတယ်။ အဲဒီလို လက်တွေ့ အများအပြား လုပ်ဆောင်ရမယ့် ကိစ္စတွေဟာ တကယ် စိတ်ပါဝင်စားတဲ့ ဆရာတွေ နဲ့ အမြော်အမြင်ရှိတဲ့ မိဘတွေရဲ့ သေးငယ်တဲ့ ပမာဏကနေပဲ စသင့်ပါတယ်။
          မိဘတွေဟာ ဘာလို့ ကလေးယူတာလဲလို့ သူတို့ကို သူတို့ ပြန်မေးဖူးလား။ ကလေးတွေကို သူတို့ နာမည်တွေကို လက်ဆင့်ကမ်းဖို့ပဲလား။ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ဆက်လက် ထိန်းသိမ်းဖို့လား။ ကလေးတွေကို သူတို့ ပျော်ရွှင်ဖို့ အတွက်ပဲ အကျိုးမျှော်ပြီး မွေးထားတာလား။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေမှာ စိတ်ကျေနပ်မှုရဖို့ အတွက်လောက်ပဲ ကလေးလိုချင်ကြတာလား။ ဒီလိုသာဆိုရင် ကလေးတွေဆိုတာ မိဘတွေရဲ့ ဆန္ဒတွေ ၊အကြောက်တရားတွေ ကို ဖော်ပြတဲ့ ပြယုဂ်တွေလောက်ပဲ ဖြစ်နေတော့မှာပေါ့။
          ကိုယ်ရဲ့ကလေးတွေကို မှားယွင်းတဲ့ နည်းလမ်းနဲ့ပဲ ပညာသင်ပေး၊ ပြီး မနာလိုဝန်တိုစိတ်တွေ၊ လောဘတွေ ရည်မှန်းချက်တွေကိုပဲ သွတ်သွင်းပြီးမှ ဒါကလေးကို ချစ်လို့လုပ်တာ ဆိုပြီး အကြောက်အကန် ပြောဦးမလို့လား။ ချစ်ခြင်းမေတ္တာဆိုတာ စစ်ပွဲတွေ၊ ပျက်စီးမှုတွေ၊ ကြီးစွာသော သေကတွေကို ဖြစ်စေတဲ့ အမျိုးသားရေး၊ လူမှုရေး အမုန်းတရားတွေကိုပဲ နှိုးဆွပေးတဲ့ အရာဟုတ်လို့လား။ ဘာသာရေးတွေ အတွေးအခေါ်တွေ စသဖြင့် နာမည်ခံပြီး တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြတာတွေဟာ ချစ်ခြင်းမေတ္တာ ဟုတ်လို့လား။
          မိဘအများစုဟာ သူတို့ကလေးတွေကို အခုလို သောကတွေ၊ ပဋိပက္ခတွေကိုပဲ ဖြစ်စေတဲ့ နည်းလမ်းတွေကို မှားယွင်းတဲ့ ပညာရေးနဲ့ သင်ကြားပေးရုံ သာမက သူတို့ကိုယ်တိုင်လည်း သူတို့ဖြတ်သန်းခဲ့တဲ့ ပုံစံအတိုင်း ရှေ့ဆောင်လမ်းပြ လုပ်ကြပါတယ်။ အဲဒီကလေးတွေ အရွယ်ရောက်ပြီး ဒုက္ခတွေကို ခံစားရရင်တော့ ကလေးအတွက် သူတို့ ဆုတောင်းပေးကြတယ်။ ဒါမှမဟုတ် အဲဒီလို ခံစားရတာ ဒါကြောင့်ဆိုပြီး ဆင်ခြေတွေ ပေးတော့တာပါပဲ။ မိဘတွေရဲ့ ကလေးတွေအတွက် ဒုက္ခဆိုတာကလည်း ချစ်ခြင်းမေတ္တာရှိမနေတဲ့ နေရာမှာသာ တည်နိုင်တဲ့ ကိုယ့်ကိုယ်ကို သနားခြင်း ပုံစံ တစ်မျိုးပါပဲ။
          မိဘတွေဟာ သူတို့ကလေးတွေကို ချစ်ရင် သူတို့ကိုယ်တိုင်လည်း အမျိုးသားရေးဝါဒီ တွေ ဖြစ်မလာ တော့ပါဘူး။ သူတို့ကို သူတို့လည်း နိုင်ငံတစ်ခုနဲ့ ဘောင်ခတ်မထားတော့ ပါဘူး။ နိုင်ငံတော်ကိုပဲ ကိုးကွယ်နေခြင်းဟာ စစ်ပွဲတွေကို ဖြစ်စေပါတယ်။ ကိုယ့်ရဲ့သားတွေကို သေစေပါတယ်။ မိဘတွေဟာ ကလေးတွေကို ချစ်ရင် ပစ္စည်းဥစ္စာ အပေါ် ထားတဲ့ သဘောထားအမှန်ကိုလည်း နားလည်လာပါလိမ့်မယ်။ ဥစ္စာပစ္စည်း ပိုင်ဆိုင်လိုစိတ်ဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့ ကြီးစွာသော အနှစ်သာရ အမှားကြီး ကို ဖြစ်စေပါတယ်။ မိဘတွေဟာ ကလေးတွေကို ချစ်ရင် သူတို့ဟာ ဘာသာရေးစုဖွဲ့မှု ထဲမှာလည်း ပါမှာ မဟုတ်တော့ပါဘူး။ တရားသေ ဝါဒတွေနဲ့ ယုံကြည်ချက်တွေဆိုတာ လူအချင်းချင်း ပဋိပက္ခဖြစ်စေအောင် ပိုင်းခြားပစ်ပါတယ်။ လူအချင်းချင်းကြား အမုန်းတရားတွေကို တိုးပွားစေပါတယ်။ မိဘတွေဟာ ကလေးတွေကို ချစ်ရင် မနာလိုစိတ်တွေ၊ အတိုက်အခိုက်တွေကို ဝေးဝေးဖယ်ထုတ် လာနိုင်ပါတယ်။ ဒါမှသာ ယနေ့လက်ရှိ လူ့အဖွဲ့အစည်းအကြီးရဲ့ တည်ဆောက်ပုံကြီးကို အခြေခံကျကျ ပြောင်းလဲလာ နိုင်မှာပါ။
          ငါတို့ဟာ ငါတို့ရဲ့ ကလေးတွေကို အာဏာကြီးစေချင်နေ သမျှ ကာလပတ်လုံး၊ ရာထူးကြီးသထက် ကြီးတာတွေ ပိုင်ဆိုင်နေစေချင် သမျှကာလပတ်လုံး၊ ပိုပိုပြီး အောင်မြင်နေစေချင်သမျှ ကာလပတ်လုံး ငါတို့ရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာ ဆိုတာ မရှိတော့ပါဘူး။ စစ်ပွဲတွေ သောကတွေကိုသာ တွန်းအားပေးတဲ့ အောင်မြင်မှုကို ကိုးကွယ်နေခြင်းသာ ရှိပါတော့တယ်။ ကိုယ်ရဲ့ ကလေးတွေကို တကယ်ချစ်ရင် သူတို့နဲ့ အမြဲပူးပေါင်း နေရမှာ ဖြစ်ပါတယ်။ ဒါမှသာ သူတို့ကို သတိရှိစေတဲ့ ၊ဥာဏ်ရှိစေတဲ့၊ ပေါင်းစည်းစေနိုင်တဲ့ မှန်ကန်တဲ့ ပညာရေး ရ၊ မရ သိနိုင်မှာပါ။
          ဆရာတစ်ယောက်က ကိုယ့်ကိုယ်ကို မေးရမယ့် ပထမဆုံး မေးခွန်းကတော့ သူသင်ကြားမယ့် အရာကို ဆုံးဖြတ်တဲ့ အခါမှာ စာသင်ကြားခြင်းဆိုတာ အတိအကျ ဘာကိုဆိုလိုတာလဲ ဆိုတာကို မေးရမှာပါ။ သူဟာ သမားရိုးကျ ဘာသာရပ်တွေကို သင်နေကျ ပုံစံအတိုင်းပဲ သင်တော့မှာလား။ ကလေးတစ်ယောက်ကို လူမှုရေးစက်တစ်လုံး ဖြစ်အောင်ပဲ ပုံသွင်းချင်တာလား။ တန်ဖိုးစံနှုန်းအမှားတွေ အတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်တဲ့ တကယ် ပေါင်းစည်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ လူသားတွေ ဖြစ်လာအောင် ကူညီမှာလား။ ပညာသင်ပေးသူ တစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်လည်း ကျင်လည်နေရတဲ့၊ သူ့ကို ဝန်းရံထားတဲ့ တန်ဖိုးစံနှုန်းတွေ၊ လွှမ်းမိုးမှုတွေကို စစ်ကြောတတ်လာအောင်၊ တကယ်သဘောပေါက်လာအောင် ကူညီမယ်ဆိုရင်တော့ ဆရာကိုယ်တိုင်ကလည်း သတိရှိနေဖို့ မရှိမဖြစ် မလိုအပ်ဘူးလား။ ကိုယ်ကိုယ်တိုင်ကိုက ကန်းနေပြီဆိုရင်တော့ တဖက်ကမ်းကို ဖြတ်ကူးနိုင်အောင် တခြားသူတွေကို ဘယ်လို ကူညီနိုင်တော့မှာလဲ။
          သေချာတာကတော့ ဆရာကိုယ်တိုင်က စတင် နားလည်သဘောပေါက်နေရမှာပဲ ဖြစ်ပါတယ်။ သူဟာ အမြဲတမ်း နိုးကြားနေရပါမယ်။ သူရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ ခံစားချက်တွေ နဲ့ ပတ်သတ်လို့လည်း အမြဲ စူးစူးစိုက်စိုက် သတိရှိနေရပါမယ်။ သူ့ကို ပုံသွင်းထားတဲ့ နည်းလမ်းတွေကိုလည်း သိနေရပါမယ်။ သူရဲ့ လှုပ်ရှားမှုတွေ တုံ့ပြန်မှုတွေကိုလည်း သတိထားနေရပါမယ်။ အဲဒီလို သတိကပ်မှုကသာ ဥာဏ်ပညာကို ဖြစ်စေတာပါ။ အဲဒီဥာဏ်ပညာနဲ့  အတူ ပတ်ဝန်းကျင်အပေါ် သူရဲ့ ဆက်ဆံပုံကလည်း သိသာထင်ရှားစွာ ပြောင်းလဲသွားတော့ မှာပါ။
          ဥာဏ်ပညာဆိုတာ စာမေးပွဲအောင်ရုံလောက်ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ဥာဏ်ပညာဆိုတာ လူတစ်ယောက်ကို အင်အားပြည့်ဝပြီး လွတ်လပ်စေဖို့အတွက် ပြုလုပ်ပေးတဲ့ အလိုအလျောက် သိမြင်စိတ်ပါပဲ။ ကလေးတစ်ယောက်ရဲ့ ဥာဏ်ပညာကို နိုးထလာအောင် လုပ်ပေးဖို့ ဆိုရင် ငါတို့ကိုယ်တိုင်ကလည်း ဥာဏ်ပညာဆိုတာ ဘာလို့ သဘောပေါက်နေရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ကိုယ်တိုင်က ပုံစံမျိုးစုံနဲ့ ဥာဏ်ပညာ ကင်းမဲ့နေကြရင်  ကလေးတစ်ယောက်ကို ဘယ်လိုလုပ် ဥာဏ်ပညာရှိလာအောင် လုပ်ပေးနိုင် တော့မှာလဲ။ ပြဿနာက ကလေးရဲ့ အခက်အခဲတွေ မဟုတ်ပါဘူး။ ငါတို့ရဲ့ အခက်အခဲတွေပါ။ ငါတို့မှာ အကြောက်တရားတွေရှိတယ်။ သောကတွေရှိတယ်။ မလွတ်လပ်တဲ့ ရှုပ်ထွေးမှုတွေ ရှိနေတယ်။ ကလေးတစ်ယောက်ကို ဥာဏ်ပညာရရှိအောင် ကူညီဖို့ဆိုရင် ငါတို့ကိုယ်တိုင်ကိုက ငါတို့ကို ပျင်းရိစေတဲ့ ၊ အတွေးအခေါ်ကင်းမဲ့စေတဲ့ အတားအဆီးတွေကို ချိုးဖျက်ထားဖို့ လိုပါလိမ့်မယ်။
          ငါတို့ကိုယ်တိုင်က ပုဂိုလ်ရေးလုံခြုံစိတ်ချရမှု နောက်ကိုပဲ လိုက်နေရင် ကလေးတွေကို အဲဒီလို မလိုက်ကြဖို့ ဘယ်လိုသင်မှာလဲ။ ငါတို့လို မိဘတွေ၊ ဆရာတွေ ဖြစ်တဲ့သူတွေကမှ ဘဝကို တန်ဖိုးမထားရင်၊ ငါတို့ရဲ့ တံတိုင်းတွေကို ငါတို့ကိုယ်တိုင် တည်ဆောက်ကာရံနေကြရင် ၊ ကလေးတွေအတွက် မျှော်လင့်ချက် ဆိုတာ ရှိပါဦးမလား။ ကမ္ဘာကြီးကို အခုလို ပရမ်းပတာတွေ ဖြစ်စေတဲ့ လုံခြုံမှုကိုပဲ ရှာဖွေချင်တဲ့စိတ်ကို ပါယ်သတ်ဖို့ ရှာဖွေချင်တယ် ဆိုရင်တော့ ငါတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို သတိကပ်ထားပြီး ဥာဏ်ပညာနိုးထလာအောင် စတင်ကြိုးစားရမှာပါ။ ငါတို့ကို ပိတ်ဆို့ထားတဲ့ တန်ဖိုးစံနှုန်းတွေကို စတင်ပြီး မေးခွန်းတွေ ထုတ်ရတော့မှာပါ။
          ငါတို့ ပြုစုပျိုးထောင်ခံလိုက်ရတဲ့ ပုံစံခွက်အတိုင်းပဲ ငါတို့ အသိဥာဏ်မဲ့စွာ ဆက်မျောနေလို့ မသင့်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် နားမလည်ရင် တစ်ဦးချင်းစီပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းကြီးမှာပဲ ဖြစ်ဖြစ် ဘယ်လိုလုပ် ပေါင်းစည်းညီညွှတ်မှု ရှိတော့မှာလဲ။ ပညာသင်ပေးမယ့်သူဟာ သူ့ကိုယ်သူတောင် နားမလည်ရင်၊ သူပုံသွင်းခံလိုက်ရတဲ့ ပုံစံတွေကို မသိမြင်ရင်၊ တည်ရှိနေတဲ့ တန်ဖိုးစံနှုန်းတွေက မလွတ်မြောက်ရင် ကလေးတွေကို ဘယ်လိုလုပ် ပညာပေးနိုင်တော့မှာလဲ။ ကလေးတွေကို ပညာမပေးနိုင်ရင် သူ့အလုပ်က ဘာဖြစ်ရောလဲ။
          ငါတို့ကိုယ်တိုင်က ကိုယ့်အတွေး ကိုယ့်ခံစားချက်တွေကို နားလည်မှ ကလေးတစ်ယောက်ကို တကယ်လွတ်မြောက်တဲ့ လူသားတစ်ယောက် ဖြစ်လာအောင် ကူညီလို့ ရမှာပါ။ တကယ်နားလည်တဲ့ ဆရာမှသာ သူ့ကိုယ်သူရော ကလေးတွေနဲ့ ပတ်သတ်လို့ပါ အမြဲ သတိရှိတာပါ။
          ကိုယ့်အတွေး ကိုယ့်ခံစားချက်တွေကို ကိုယ်ကိုယ်တိုင် နားလည်တဲ့သူကတော့ မရှိသလောက်ပါပဲ။ အဲဒီအတွေးတွေ ခံစားချက်တွေဟာ အရုပ်ဆိုးတာ သိသာလွန်းနေတဲ့ အတွက် ငါတို့ဟာ သူတို့ရဲ့ အတွင်းသဘောကို နားမလည်ချင်ကြတော့ပါဘူး။ ဘေးဖယ်ထားဖို့  လောက်ပဲ လုပ်ကြပါတော့တယ်။ ငါတို့ဟာ ကိုယ့်ကိုယ်ကို သတိမထားရင် ငါတို့ရဲ့ခံစားချက်တွေ အတွေးတွေ ဆိုတာလည်း ပုံစံသေကြီးတွေပဲ ဖြစ်နေဦးမှာပါ။ ငါတို့ဟာ ဘာသာရပ်လေး နည်းနည်းလောက် သင်၊ အချက်အလက်လေးတွေ နည်းနည်းလောက် မှတ်၊ ပြီးတာနဲ့ ဒါလေးကိုပဲ ကလေးတွေကို လက်ဆင့်ကမ်းနေကြတာပါ။
          ဒါပေမယ့် တကယ်သာစိတ်ဝင်စားရင် ငါတို့ဟာ ကမ္ဘာတဝှမ်းလုံးမှာ ရှိနေတဲ့ ပညာရေးမျိုးစုံက သင်ကြားပေးလိုက်တဲ့ လက်တွေ့စမ်းသပ်ချက်တွေကို ရှာဖွေရုံလောက်တင် မကတော့ဘဲ အောက်ပါ မေးခွန်းကို ဖြေရှင်းဖို့ ငါတို့ရဲ့ ချဉ်းကပ်လေ့လာမှုတွေကို ရှင်းရှင်းလင်းလင်း ဖြစ်ချင်စိတ် ရှိလာတော့မှာပါ။ ငါတို့ဟာ ကလေးတွေကို ဘာကြောင့် ပညာသင်ပေးကြတယ်။ ငါတို့ကိုယ်တိုင်လည်း ဘာရည်ရွယ်ချက်နဲ့ ပညာသင်ယူကြတယ်ဆိုတာကို ပြန်မေးရပါမယ်။ တစ်ဦးချင်းကနေ စလို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးမှာပါ ဖြစ်တည်မှုရဲ့ အဓိပါယ်ကို စူးစမ်းရပါမယ်။ သေချာတာကတော့ ပညာသင်ကြားသူတွေဟာ အဲဒီ ပြဿနာတွေကိုလည်း သတိထားရမှာဖြစ်သလို ကလေးတွေကို အဲဒီပြဿနာတွေနဲ့ ပတ်သတ်တဲ့ အမှန်တရားကို ရှာဖွေဖို့ ကူညီရမှာပါ။ ကိုယ်ရဲ့ သာမင်ညောင်ည အတွေးအခေါ်တွေ အလေ့အကျင့်တွေကို ကလေးတွေဆီမှာ ပုံတူပွားရုံလောက်နဲ့တော့ မရပါဘူး။
          နိုင်ငံရေးပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် စနစ်တစ်ခုနောက်ကို လိုက်နေရုံနဲ့တော့ ငါတို့ရဲ့ များစွာသော လူမှု ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပြဿနာကို ချဉ်းကပ်တဲ့ နည်းလမ်းကို နားလည်ဖို့ဟာ ပြဿနာကို နားလည်ဖို့ထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။
          ကလေးတွေဟာ မိဘတွေ၊ ပတ်ဝန်းကျင်တွေနဲ့ ဘုရားသခင်ကို ကြောက်စိတ်မရှိတော့ဘူး ဆိုရင် ဆရာကိုယ်တိုင်က အကြောက်တရား မရှိတော့လို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောက်တရားရဲ့ သားကောင် မဖြစ်တဲ့ ဆရာတွေကို ရှာရတာ အခက်အခဲ တစ်ခုပါပဲ။ အကြောက်တရားဆိုတာ အတွေးအခေါ်တွေကို ဘောင်ခတ်ပစ်ပါတယ်။ စွန့်ဦးတီထွင်ချင်စိတ်တွေကို ကန့်သတ်ပစ်ပါတယ်။ ကြောက်နေတဲ့ ဆရာ တစ်ယောက်ဟာ အကြောက်တရားကင်းတဲ့၊ နက်နဲတဲ့ အနှစ်သာရကို လက်ဆင့်ကမ်းနိုင်မှာ မဟုတ်ဘူး ဆိုတာကတော့ ရှင်းပါတယ်။ ကောင်းမှုလိုပဲ အကြောက်တရားကလည်း ကူးစက်လွယ်ပါတယ်။ သူကိုယ်တိုင်က အတွင်းစိတ်မှာ ကြိတ်ကြောက်နေတဲ့ ဆရာတစ်ယောက်ဟာ သူ့ကျောင်းသားတွေကို အဲဒီအကြောက်တရားကို လက်ဆင့်ကမ်းတော့မှာပါ။ ရောဂါကူးစက်မှုကတော့ မြင်ချင်မှ မြင်ရမှာပါ။
          ဆိုကြပါစို့။ ဥပမာအားဖြင့် ဆရာတစ်ယောက်ဟာ အများအမြင်ကို ကြောက်နေပြီ ဆိုရင်ပေါ့။ သူဟာ သူ့အကြောက်တရားရဲ့ မူမမှန်မှုကို မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျော်လွန်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် သူဘာလုပ်မှာလဲ။ အနည်းဆုံးတော့ သူ့ကိုယ်သူ အသိပေးနိုင်ပါတယ်။ သူ့ရဲ့ ကြောက်စိတ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ဝန်ခံပြီး ကလေးတွေနဲ့ ဆွေးနွေးပြီး အကြောက်တရားဆိုတာကို ကလေးတွေ နားလည်လာအောင် ကူညီလို့ရပါတယ်။ ဖြူစင်ရိုးသားတဲ့ နည်းလမ်းဟာ ကျောင်းသားတွေကို သူတို့အချင်းချင်းရော၊ ဆရာနဲ့ပါ ပွင့်လင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။

          ကလေးတစ်ယောက်ကို လွတ်လပ်မှု ပေးဖို့ဆိုရင် ပညာသင်ကြားသူ ကိုယ်တိုင်က အဲဒီရောဂါ လက္ခဏာတွေကို သိရပါမယ်။ လွတ်လပ်မှုရဲ့ ပြည့်ဝတဲ့ အနှစ်သာရကို သိရပါမယ်။ ဥပမာတွေ ထပ်တလဲလဲပြုမှုတွေဟာ ဘယ်လိုပုံစံနဲ့မှ လွတ်လပ်မှုကို ဆောင်ကျဉ်းမလာနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ရှာဖွေမှုနဲ့ သိမြင်မှုမှာသာ လွတ်လပ်မှုဟာ တည်ရှိတာပါ။ 

Friday, September 19, 2014

ပထဝီ ညံ့ရာကစလို့

·                     သောကြာနေ့ဟာ ညဝတ်အင်္ကျီ ဖြစ်တယ်။ ပြန့်ကျဲနေတဲ့
ခရုတွေကို သနားလို့ ပင်လယ်တွေကို တဂျွမ်းဂျွမ်း တက်နင်းပစ်လိုက်တယ်။
အမိုက်မှောင်ထဲ တိုးဝင်ဖို့ ရှုခင်းကောင်းကောင်း ပြတင်းပေါက်တွေ
လိုအပ်တာပဲလား။ သော့ပေးလိုက်တယ်။ ဘယ်ကို ဖွင့်ရမလဲ မပြောဘူး။
ဟင်းသီးဟင်းရွက်ထဲက ပိုးကောင်တွေရဲ့ အက။ ယမန်နှစ်က တိုင်းထွာချက်
များအရ ဤကဗျာအား အပိုဒ်ခွဲလိုစိတ် ရွာရန် ရွာနှုန်း ၆၀ ဖြစ်ပါသည်။

·                     ဖုန်းခွက်ထဲ အဖေ့အနော်တကာအရော်တကေး သတင်း
ကြားပြီး ကတည်းက ဒီဆေးလိပ်ပြာ ဘယ်မှာ သွားခြွေရမလဲ မသိတော့။
မိုးမျှော်စာအုပ်တွေထဲ ရွှေ့ပြောင်းဝိဘတ်လေးတွေ ညပ်ကုန်တယ်။
ပလက်ဖောင်းပေါ် လှမ်းထားတဲ့ သောကြာတွေကို အခုမှ ရုပ်ဖြစ်တယ်။
မိုးစက် တစ်စက်နဲ့ တစ်စက်အကြား အကွာအဝေးက 2.4 cm တိတိ။
ဂျပန်က ဘီစကစ်ဟာ သာကေတမှာ လာချိုနေတယ်။ ဇာတ်အိမ်နာကျင်စေရန်
ကြမ်းခင်းကြွေပြားနှင့် ညီမလေးရဲ့ ဆက်စပ်မှုယုတ္တိကို ရှာဖွေတင်ပြပါ။
ငါ့အိပ်ရာနိုင်ငံတော်ထဲ စောင်တွေ၊ ခေါင်းအုံးတွေ

·                     ကို လွတ်လပ်ခွင့် အပြည့်ပေးထားတယ်။ ငါ မသိမ်းပိုက်ရသေးတဲ့ မီးဖိုချောင်
ပတ်ခွေနေတဲ့ မြွေစိမ်းမြီးခြောက်ကြီးကို ဘယ်အလံတိုင်နဲ့ ထိုးကင်စားရမလဲ။
ကိုယ့်ကိုယ်ကို လူကုန်ကူးခြင်းဟာ တရားဝင်ဖြစ်ပြီးသား။
လှေကားက တက်လာတာ သော့ခလောက်ထဲ ထိုးစိုက်ဆင်းဖို့ပဲ။
ဆီပူလာလျှင် ဒယ်အိုးထဲ တီဗီကို ထည့်ပါ။ စားချင်စဖွယ် နိုင်ငံတကာ
အသံတထောင်းထောင်း ထွက်လာတဲ့ အထိ ၁၅ မိနစ်ခန့် စောင့်ပါ။
ကြိုးကြိုးကုပ်ကုပ်။ မီးအေးဖို့ ချိတ်တွေ ကွေးပေးနေရတယ်။
ခန်းဆီးတွေဟာ ဆွဲဆောင်မှုအရှိဆုံး အမှိုက်တွေပဲ။

ရှိန်ဝါ
          18 September 2014

Tuesday, September 9, 2014

နေ့တိုင်း ရုပ်ရှင်တွေလာနေတာ အံ့သြဖွယ်ရာ


ဟထားတဲ့ ပါးစပ်ထဲကနေ တင့်ကားတွေ တစီးပြီး တစီးအထွက်
မရိုးနိုင်တဲ့ အမှောင်ခြောက်တွေ မီးထလောင်တယ်။ တဲတဲကလေး
ချောက်ကမ်းပါးစွန်းမှာ ဘီးနှစ်ဖက်ကျ ကူကယ်သူလက်ပြင်များ။
ချစ်သူက ရပ်နေပေမယ့် ဆံပင်တွေ လွင့်နေတာ။ ခေါင်းတွေ လွင့်နေတာ။
ဆေးရုံကုတင်တစ်ခုကို ဝိုင်းလာကြပြီ ဇွမ်ဘီးတွေဟာ။ စိတ်လှုပ်ရှားဖွယ်ရာ
ကြက်ခြံထဲ ကြက်ဥတွေဝင်ခိုးပြီး ဓါးနဲ့ ကြိတ်လှီးရာက ပွင့်ကုန်တဲ့ သွေးပန်းတွေ။
ခေါင်းရင်းမှာတင်ထားတဲ့ ဖေဖေ၊မေမေတို့ လေပြင်းလို့ ကျကွဲကုန်တယ်။
ချီတက်လာတဲ့ လူအုပ်ကြီးရဲ့ ကြွေးကြော်သံဟာ “စိတ်မကောက်ကြေး”။
လက်မောင်းကို ဗြောင်းကနဲဆွဲအတင်၊ တွဲလောင်းဖြစ်နေတဲ့ ဒေါသသလိပ်ဖတ်။
ကောင်းကင်မှာ ယင်ကောင်တွေ ဝဲနေပြီ။ လက်နှစ်ဖက်ကို ဆန့်တန်းပြီးပြေးရတာ
ပျော်စရာ။ ကျောမှာလည်း မီးစွဲလောင်လို့။ မွေ့ယာတွေ ခေါင်းအုံးတွေရဲ့
ပေါက်ကွဲမှု အလွင့်တွေဟာ လှလှပပ။။ ပစ်မှတ်ကို မရောက်ခင် မှာချင်တာ
အော်ဟစ်မှာစားကြ။ ပိုတဲ့ကျည်ဆံတွေ ပြန်မအမ်းနဲ့လို့ အော်ပြောလိုက်ကြ။
နေ့တိုင်း၊ ရုပ်ရှင်တွေ လာနေတာ အံသြဖွယ်ရာ။

ရှိန်ဝါ

9 September 2014

စင်ပေါ်မှာ (ရွတ်ဆိုရန်အတွက်သာ ကဗျာများ)

v  ဘာသာစကား
ကျွန်တော် မိုးပေါ်ပျံပြပါမယ်
သေသေချာချာ ကြည့်ပါ
ကျွန်တော့်ခြေထောက်ကို ကြည့်ပါ
ကျွန်တော့်ခေါင်းကို ကြည့်ပါ
ခဏလေးပါ ခဏလေးပါ
ကျွန်တော် မိုးပေါ်ပျံပြပါမယ်။

*Language*
Look! I’m gonna fly.
Take a deep look at me.
Look at my legs.
Look at my head.
A while! Just a while!
Yes, I’m gonna fly.
 ................................................................
v  စင်ကြောက်သူများ
စင်ပေါ်တက်တဲ့အခါ
တစ်ချို့သူတွေ တုန်ယင်ကြတယ်
တစ်ချို့သူတွေ တက်တဲ့အခါ
စင်တွေ တုန်ယင်ကြတယ်
စင်တွေတက်တဲ့အခါ
တစ်ချို့သူတွေ တုန်ယင်ကြတယ်

*The Stage-frightened Ones*
Getting on the stages,
some are trembling.
When some are getting on,
the stages are trembling.
When the stages are getting on,
some are trembling.
................................................................ 
v  စင်ဆောက်သူများ
 (ဂုဏ်ပြုသောအားဖြင့်) လိုက်ဆိုပေးကြပါ
စလုံးရေ ငသတ်စင်
(သံပြိုင်) စလုံးရေ ငသတ်စင်
ကိုယ့်အဓိပ္ပါယ် ကိုယ်ရရှိဖို့
ကိုယ့်အက္ခရာ ကိုယ်စတေးကြရတဲ့
ကမ္ဘာကြီးရဲ့ အက္ခရာတွေအတွက်။

*The Stage-Building Ones*
Repeat after me
s-t-a-g-e STAGE
(chorus) s-t-a-g-e STAGE
in honor of the alpha-betas
of the world
that have to sacrifice themselves
to get their own meanings.
 ..........................................................

v  သူတလူ ငါတမင်း
တစ်ယောက်ယောက်
နာမ်တခုခုလောက် ပြောပြပေးပါ
တစ်ယောက်ယောက်
ကြိယာတခုခုလောက် ရွေးပေးပါဦး
…………………………. (ကျေးဇူး)
ကျွန်တော် အဲဒါတွေကို ကဗျာစပ်ပြပါမယ်
ကျွန်တော် ဘယ်လိုစပ်မလဲလို့
စဉ်းစားနေတဲ့သူရှိရင်
အဲဒါ သူ့ကဗျာပါပဲ။

*In Rivalry*
Hello! Anybody here?
Could you choose one noun?
Again! Anybody here?
One verb for me?
……………… (Thanks)
I am composing them
into a poem.
If there’s anybody here
who’s thinking how I compose,
this is yours!
 .........................................................................

v  ကဗျာရှာခြင်း
ကျွန်တော် ကဗျာရွတ်ပါတော့မယ်
လူကြီးမင်းတို့ရဲ့ ဖုန်းများကို
ခေတ္တခဏ ပိတ်ထားပေးကြပါ
ကျွန်တော် ကဗျာစရွတ်ပါပြီ
လူကြီးမင်းတို့ရဲ့ ဖုန်းတွေကို
ပြန်ဖွင့်လို့ရပါပြီ။

*In Search of Poetry*
I’m gonna recite a poem.
Could you turn off your phones?
Now, I start reciting the poem.
You can turn on yours.
.......................................

v  ကိုယ်တွေ့
ကျွန်တော် ကဗျာရွတ်တာကို
လူကြီးမင်းတို့ မကြားလိုက်ပါဘူး
ဟုတ်ပါတယ်
လူကြီးမင်းတို့ ကျွန်တော့်ကို မကြားပါဘူး
လူကြီးမင်းတို့ကြားတာ လူကြီးမင်းတို့ပါပဲ။

*Your Own Experience*
You haven’t heard
that I recited a poem.
It is not me
that you have heard.
It is really you
that you have heard.
 ...................................................... 

v  အကြား/အလပ
စာသားကို ကြည့်ရွတ်ရင် တဆင့်ခံမှာစိုးလို့
ကျွန်တော် လက်တန်းရွတ်ပြပါမယ်
လူကြီးမင်းနားနဲ့ ကျွန်တော့်ပါးစပ်ကြား
အာရုံငါးပါး အကွာအဝေး
လေထုကို ဘယ်သူပိုင်ပါသလဲ။

*Hearing/Gaps*
By reading the text,
if I recite a poem,
lest it’s the indirect way.
So, I am reciting it off the cuff.
From my mouth to your ears, 
there’re five senses of distance.
Who owns the air?


Thursday, September 4, 2014

ပြတ်ရွေ့


သေချင်စော်ဟာ ဟိုမှာသောင်ကမ်း တိုက်တွေအထိ ပုပ်အဲ့။
အုတ်တွေစီပြီဆို တစ်ခုခုတော့ တစ်ခုခု…ခု …ခု … ။ ပြဌာန်းစာအုပ်
အထဲက ရွစိထိုး ကုတ်ခြစ်တက် လက်ညှပ်ကားကားတွေ။
ငါတို့ရဲ့ မလုံခြုံမှုဟာ မြီးညှောင့်ရိုးပေါ်။ ပုံပြောကောင်းသူတွေမှာ
အောက်သွားတွေ မရှိတော့။ သမိုင်းကြားကို အပ်စိုက်ပြီး မိုက်မဲမှုနဲ့ ထုဆစ်/စစ်။
ကျင်ငယ်စွန့်နံရံထက် အညှိတက်နေတဲ့ သဘာဝ/ဝတ္တရား။
ဗြူတီစလွန်းရှေ့မှာ သစ်ရွက်ခြောက်တွေ အရွေ့။ အညှောင့်ထွက် မထွက်
သိရအောင် သူမ လျှာထုတ်အပြ။  ထုံးအိုးဝမှာ
သဘောပေါက်လာခြင်းတွေ သိမှုချဲ့ထွင်ခြင်းတွေ။ ချစ်လို့နမ်းခဲ့
ပေမယ့်လည်း အကြိမ်ကြိမ် အောင့်ခဲ့ရ လမ်းပျင်းကြီး။ ခြင်ထောင်လှုပ်ရာကစ
ဘောင်ဘင်ခတ်ခဲ့တဲ့ ရေအိုးကို ဘာအခုမှ ရိုက်ခွဲမှာလဲ သချိုင်္င်းကုန်းကြီး။
ဟူး ……….. ။

ရှိန်ဝါ
31 August 2014