ဘုရားသခင်နဲ့ ပွတ်သီးပွတ်သပ်နေခဲ့တဲ့
ညက
ဖုန်ထူထူထပ်ခိုးတွေပေါ်မှာ အရသာတွေအများကြီးနဲ့
တွေ့ရတယ်။
သေပြီးသားမသာက ရေထတောင်းတယ် ပြီး ပြန်သေတယ်
ဘုရားသခင်နဲ့ ပွတ်သီးပွတ်သပ်နေခဲ့တဲ့
ညက။
စိတ်ရောလက်ပါ ကိုင်းလိုက်တယ် အလင်းတန်းတွေဝင်နေတဲ့ ဘီယာခွက်ဆီ။
လက်မနဲ့ထိမယ်လို့ မျှော်လင့်ထားပေမယ့်
လက်ခလယ်နဲ့ အရင်ထိသွားတယ်။
မယုံနိုင်စရာ လက်ရဲ့အထွတ်အမြတ် အတွင်းပိုင်းထိပ်ဖူးလေးနဲ့။
အို ….. ဆံနွယ်ရှည်လျားတဲ့ မိန်းမချောလေး
ကို ခြေထောက်ကကိုင်မြှောက်ပြီး တံမြက်စည်းလုပ်
လှည်းလိုက်တယ်။
အို …….. ဘုန်းတော်ဘွဲ့အသစ်နဲ့ ရေမြေ့သနင်း
ပြည့်ရှင်မင်းကြီး
ဟာ လက်သည်းလေးကိုက်ပြီး ကြီးမြတ်စွာ
ရှက်နေတော်မူရှာတယ်။
ခွက်အသွေးအသားထဲဝင်နေတဲ့ မွှေးပျံ့အခိုးအငွေ့တွေ။
မိုးပေါ်ကျလာတဲ့ ကြေလွယ်မွလွယ် မသိမှုချွေးဥလေးတွေ။
(ဆုတောင်းလေ) မိရိုးဖလာအရ တစီစီမြည်နေဦးမှာပဲ
ဒီအမြုပ်တွေ။
ခွက်ကိုဖောက်ပြီး ဝိုးတိုးဝါးတားမြင်လိုက်ရတဲ့
လက်သင်္ကေတတွေ။
ဘယ်စနစ်ဖြစ်ဖြစ် ကြောက်စရာကောင်းတာချည်းပဲ
ဆိုပြီး သရဲတွေဟာ ဘုရားတ ထွက်ပြေးကြတယ်။
ဆားတောင်းကြီးထဲ ပဲလှော်စေ့ကို ပစ်ထည့်လိုက်တယ်
ကိုယ့်ပေါင်ကိုယ်လှန်လိမ်ရတာ အယားအပြေဆုံးပဲ။
(ဆံပင်စုတ်ဖွားနဲ့ ဓါတ်ပုံဆိုင်ပညာရှင်တစ်ယောက်ရဲ့
ပြောကြားချက်အရ)
“နှာခေါင်းပေါက် နဲနဲ ချဲ့၊ ထောင်နေတဲ့
နားရွက်ကို နဲနဲဖြတ်ထုတ်၊
ခြေသည်းမဲမဲတွေကို ချွတ်လဲ၊ မျက်လုံးစောင်းနေတာကို
မသိမသာတည့်၊
သဘာဝကျအောင်လည်း အသားဖြူရဦးမယ်၊ ကျွန်မ
ဆရာဆို ပိုလှမှာရှင့်။”
မျက်နှာရှေ့က မင်္ဂလာဇာပုဝါလေးကို လှပ်ပြီး
နမ်းလို့ရပြီ။
ဘဝတပါးကူးပြောင်းတော့မယ့် စပျစ်စေ့တွေကို
တွေ့လား။
မက် ရဲ့လို မလုပ်ကေ့ ဆိုတဲ့ ရွေးဆိုစရာ
ဂါထာများ ပေါများခြင်း။ …. နဲ့ အတူ
အဝတ်ချွတ်တယ်ဆိုတာ တစ်မိုးတည်းအောက်မှာသာ
လုပ်ရတဲ့ အရာမဟုတ်။
Coldplay ရဲ့ “ကောင်းကင်ဘုံလို နာကျင်စေတယ်”
ဆိုတဲ့ သီချင်းကို နားဆင်ရင်း
ဝမ်းလျားထိုးချဉ်းကပ်နေတာကို အရိုအသေပြုခြင်းလို့
နာမည်တပ်နိုင်/မတပ်နိုင်။
ဥာဏ်တိမ်လွန်းလို့ အနက်ကို မသိရာက ကြောက်ကန်ကန်လိုက်တဲ့
ရွံသေမှု။
“ဧဝရဲ့ ကုပ်ပိုးပေါ်မှာ ဘာသာစကားပါ တပါတည်း
ခွစီးသွားစေ”
ငါတို့ကတော့ ကိုယ်လက်နှီးနှောခြင်းကိုသာ
ဖန်ဆင်းပစ်လိုက်တယ်။
ရှိန်ဝါ
၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၅။