ကောင်းကင်ဘုံတံခါးခေါက်ခြင်း
သီချင်းကို အကြိမ်ကြိမ်ပြန်ဆိုနေကြတယ်။
ခေါင်းလောင်းထိုးသံ
ပုပ်အဲ့ပြီးမှ ကျောင်းဝတ်စုံနွမ်းဖက်လေး ရောက်လာတယ်။
စားပွဲထိုးလေးတွေ
အသက် ပိုပိုငယ်လာကြတယ်။
……
လို့ ပြောတဲ့ တစ်ယောက် အခု အသက်ဘယ်လောက်ရှိပြီလဲ။
အရမ်းချစ်ဖို့ကောင်းတဲ့
ကလေးဟာ ကြော်ငြာထဲကလား၊ သတင်းထဲကလား။
ချက်ကြိုးနဲ့
ဆွဲကြိုးချသေခဲ့ရမယ့် ဘဝတွေလား။
သင်ဟာ
ကလေးအရမ်းချစ်တတ်ပေမယ့် အရိုးအထူးကုပဲ လေ့လာနေတော့တဲ့ ဆရာဝန်ကြီးလား။
လှုမှုကွန်ယက်တွေထဲ
ဟာသစကားလုံးကြီးတွေနဲ့ ဖိသတ်ခံလိုက်ရတဲ့ ကလေးပုံလေးတွေ။
နှပ်စားခံလိုက်ရတဲ့
သူငယ်တွေ။
ရှပ်အင်္ကျ
ီအောက်နားက အမေ့လျော့ခံ အပို ကြယ်သီးလေးတွေ။
သတိတောင်မထားမိဘဲ
ဖွင့်ပစ်လိုက်တဲ့ လက်ပန်းကုံးပြုတ် အဖုံးတွေ။
ထိုးချေပစ်ခဲ့တဲ့
အနံဆိုးကြီးစွဲကျန် ဆေးလိပ်အစီခံတွေ။
အဓိပ္ပါယ်မဲ့
ဖျက်ဆီးပစ်လိုက်တဲ့ ထမင်းတနပ် ပုလင်းခွံ၊ ဘူးခွံတွေ။
ကားကြို
ကားကြား ပန်းလေးတွေနဲ့ မွှေးရနံ့တွေရောင်းတဲ့ မွှေးရနံ့ပျောက်ကလေးတွေ။
မေမေတော့
ငါ့ကို သတ်တော့မှာပဲဆိုတဲ့ ဗိုက်ထဲက မေမေတော့ငါ့ကိုသတ်တော့မှာပဲလေးတွေ။
မျက်စိအောက်က
အပျောက်မခံတော့ ကျောင်းကောင်းကောင်းနဲ့ ဝေးခဲ့ရတဲ့။
ဘာမှမသိဘဲ
ဘာမှမသိချင်အောင်လုပ်ခံထားရတဲ့။
ဝါးက
ဖွားတဲ့၊ အပင်က ဖွားတဲ့၊ လေထဲက ဖွားတဲ့။
ဦးလေးတွေ
အဒေါ်တွေအိမ် ပတ်ကပ်နေရတဲ့။
ဘယ်သူကမှ
ဘယ်သူ့ကို ရွေးချယ်ခွင့်မရှိခဲ့ကြတဲ့။
ကလေးတွေရှေ့
ရန်ဖြစ်ခြင်းဟာ ပြေးစရာမြေမရှိစေတဲ့ ကြောက်စရာ အနာဂတ်ပြမြေပုံကြီး။
Parent
Abuse ဆိုတာ အဘိဓါန်ထဲမှာတောင် မရှိရရှာတဲ့ မိဘတို့အတွက် အစဉ်အလာကျိန်စာ။
ငါတို့ရဲ့
တာဝန်မကျေမှုအတွက် ငါတို့ဒေါသနဲ့ ဖုံးခဲ့တာကို နားလည်ပါ။
ဒီကဗျာမှာ
ပုဂ္ဂလဒေါသ ဘဝအကြောင်းရေများစွာကို ပြင်ခဲ့၊ ဖြုတ်ခဲ့၊ ဖုံးဖိခဲ့လိုက်ရပါတယ်။
ဆော့ရင်း
ပြုရင်း သေနတ်ဟာ ရေထဲကျသွားတော့
ခိုက်ခိုက်တုန်လေးက
သူ့ရှိသမျှ အပူအားလေးနဲ့ ရင်ခွင်ထဲ ထွေးထားရရှာတယ်။
ယူနီဖောင်းအစိမ်းကြီးဟာ
ပွလွန်းရှည်လွန်းတော့ ခြေတွေ၊လက်တွေကို အတင်းဆွဲဆန့်ပစ်တယ်။
ပလပ်ပေါက်
မှားအထိုးမှာ နုမွှားတဲ့ ဆားကစ်ပြားလေးတွေ တဖျတ်ဖျတ်ကျွမ်းတယ်။
အခမဲ့
မူလတန်းပညာဒါနကျောင်းလေးဟာ အလှူငွေ ကောင်းကောင်းရရှာတယ်။
ဆင်းရဲနိုင်ငံမို့
အသက်မွေးဝမ်းကျောင်းပညာတွေ အရင်ဖွင့်ဖို့ ပြောသံကြားတယ်။
ချောင်ထိုးခံရပါများတော့
ချောင်စိတ်ပေါက်သွားတယ်။
အောက်ဖော်ပြပါ
အနုလေးတွေပုံထဲမှ သင်ကြိုက်ရာရွေးပါ။ ပြီးရင် ငွေလွှဲလိုက်ပါ။
ဒီကဗျာကို
ဒေါသသင့်မနေမှ ဖတ်ပါ။ ဒီကဗျာ ဒေါသ သင့်၊ မသင့်ကိုလည်း ဝေဖန်ပါ။
ပန်းခြံအဟောင်းထဲက
ကွန်ဒိုကြီးပေါ်မှာ ပန်းခြံဆောက်ပါ။
အရုပ်ဆိုင်ရှေ့
ဖြတ်လျောက်မိရင် ဝယ်ပေးဖို့ ကြိုပြင်ထားပါ။
မေးတိုင်းဖြေပါ။
အားတိုင်းနမ်းပါ။ အိပ်ခါနီးတိုင်း ပုံပြောပေးပါ။
သူကလေးပွေ့ထားတဲ့
သတင်းဂျာနယ်တွေထဲမှာ သူကလေးအကြောင်းမပါကြောင်း ပြောပြပေးပါ။
ကံကြီးမထိုက်ရန်
အလို့ငှာ ဒီကဗျာပါ စာသားများအား အပီအပြင် ဆုံးမ ထိန်းကျောင်းပါ။
အဖွားချက်ကျွေးတဲ့
ဟင်းချိုဟာ ငါ့မျက်ရည်လောက်တောင် မပျစ်ပေမယ့် ငါတစ်ခါမှ မငြင်းပယ်ခဲ့ဘူး။
အစုတ်အပြတ်တွေ
လူရှေ့ထုတ်လာတယ်လို့ ပြောရအောင်လည်း တားဆေးသောက်ချိန်မရခဲ့ဘူး။
တံခါးခေါက်သံဟာ
ပီသလွန်းပေမယ့်လည်း ထကြည့်တော့ ဘယ်သူမှ ရှိမနေခဲ့ဘူး။
ဂွေးစိတွဲလောင်းနဲ့
ငယ်ငယ်တုန်းကပုံကို ဂွေးစိကြီးသွားတော့ မကြည့်ရဲတော့ဘူး။
အားကစားသာလုပ်ရင်
ဘွဲ့ရမယ်ဆိုတော့ စာကိုဖျက်လိုက်တာ မသိကြဘူး။
အဖွားဆိုတာ
အမေမဟုတ်ဘူးလို့ ပြောတာကို သူမယုံတော့ဘူး။
တစ်မြို့လုံးမြေပုံ
ငါအလွတ်ရပေမယ့် တစ်နေရာမျှ ငါမပိုင်ဘူး။
သူ့ကို
ရှင်ပြုလိုက်တာကို သူ့အသိဥာဏ်အရ မသိလိုက်ဘူး။
အားလုံးကို
ခြုံငုံမိဖို့ တစ်စစီလည်း အမှိုက်မကောက်ခဲ့ဘူး။
ဒီကဗျာကို
ရေး/ဖတ်ခြင်းတွေဟာ ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတဲ့ ကိုယ့်သားသမီးတွေ ပါပဲ။
မမြင်ကွယ်ရာ
မဆန့်အင်္ဂါ ငါ့နှမလေး။
တောင်းရမ်းစားသောက်ကလေးရဲ့
ခါးပုံစထဲက မျက်လုံးလေး ပြူးကြည့်နေတဲ့ ငှက်ကလေး။
ဂရုတစိုက်
နားဆင်ရမှာကတော့ ကမ္ဘာသုံးဘာသာစကား အမိဝမ်းက ကျွတ်တဲ့ ငိုသံပဲ။
No comments:
Post a Comment