ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, May 22, 2016

လေးစိတ်ကွဲ

ငရုတ်သီးယောဂီ

ငါမပါရင် ဒီအိမ်တွင်းလုပ်ငန်းက ထမင်းမမြိန်ဘူး
ငါက စိုက်ပျိုးသူလည်းမဟုတ် ရိတ်သိမ်းသူလည်းမဟုတ်
ငါက သဘာဝအရလည်းကြွေတဲ့အညှာကို ချွေတဲ့သူ
ငါဟာ မျက်နှာဖုံးစွပ် ငါ့ကိုငါအကြမ်းဖက်သမား
ငါ့မျက်နှာဖုံးအောက်ကချွေးတွေက ပြောတယ်
ဘဝဟာ ပူစပ်ပူလောင် ရှောင်မပြေးနိုင်တဲ့အရာ
နောက်ကိစ္စတွေကို နောက်လူတွေ လုပ်လိမ့်မယ်
အရေးကြီးတာ ငါအညှာချွေဖို့ ငါအရေးကြီးတာ။

ပန်းဖိုပန်းမအလှပြင်သူ

ငါမဆောင်ဖူးတဲ့ မင်္ဂလာတွေအတွက်လည်း
ငါ ပန်းပြင်ပေးဖူးတယ်
ငါမကိုးကွယ်တဲ့ဘုရားတွေအတွက်လည်း
ငါ ပန်းပြင်ပေးခဲ့တယ်
ငါ မသေဖူးတဲ့အသုဘတွေအတွက်လည်း
ငါ ပန်းပြင်ပေးခဲ့တာပဲ
ပန်းကိုစိုက်ပြီး ငါ့ကိုငါပျိုး
ပန်းကိုသိမ်းပြီး ငါ့ကိုငါရိတ်ခဲ့ရ
ရွံ့အတုမှာပေါက်သူတွေ
ပန်းနဲ့ငါဟာ လိင်တူချင်းပဲ
သူ့ပေါ်ပြုတ်ကျတဲ့ ငါ့ချွေးကို
ပန်းအတုက ဗွေမယူခဲ့ဘူး။

ဓါတ်မလိုက်ပန်းပုဆရာ

ဆံပင်ရှည်ရှည်ဘုရားတွေဟာ ရောင်းပန်းလှတယ်
ငါကိုယ်တိုင်လည်း ဆံပင်ရှည်ရှည်
ဂျီးညှော်တက်လက်သည်းပန်းကုံးပြုတ်နဲ့
ဘုရားလက်က နဲနဲကြီးနေရင်ဖဲ့ထုတ်ပြီး
ဝစ်လစ်စလစ်ရုပ်ထုတခုမှာ တပ်ပေးလိုက်တယ်
လိင်ရုပ်ထုတွေမှာ ပိုသွားတဲ့အစိတ်အပိုင်းရယ်လို့မရှိဘူး
အုတ်တချပ်ပေါ် သဲပွင့်များစွာပါတဲ့ နေ့လည်စာ
အညစ်အကြေးဟာ စွန့်စရာနေရာကိုမျှော်တယ်
ထုရိုက်လို့ ပူလာလို့ လောင်းရတဲ့ရေတွေကိုတော့
ဘယ်နတ်ဘုရားသောက်သောက်သွားမှန်း မသိဘူး။

မြစ်ဘာသာဝင်

မြစ်ကို အကြည့်နဲ့ပူဇော်တုန်း
ငါ့ပခုံးကို ပုတ်သွားသူ တယောက်ယောက်မက
သူတို့ ရေငတ်ပြီးသေကြလိမ့်မယ်လို့ ငါတွေးလိုက်တယ်
မြစ်ဟာ ငါ့နဖူးပေါ် ဆားပွင့်များကောင်းချီးပေးတယ်
အောင်ပြီ အောင်ပြီလို့ ထထအော်ရတာ မျောတယ်
ငါဘယ်လိုအော်အော် အဖွားကြီးအသံအဖြစ် အိုတယ်
ကြွေရမှာကြောက်ရုံနဲ့တော့ သေးမပေါက်ဘဲမနေနိုင်ဘူး
မြစ်ပင်။

ရှိန်ဝါ
၂၀၁၆ ကဆုန်လပြည့်နေ့

အရုပ်သာကြည့်ရန် လုံးဝအကြည်၊ စာတန်းထိုးမှန်/မမှန် မသိသေး စဉ်းစားရန

ငါ့မိန်းမက ရေခဲတုံးလေးမွေးတယ်။
သူ့ရင်ထဲက ကျန်ရှိရေခဲတောင်အစိုင်အခဲကိုတော့
ငါက ကိုယ်တုံးလုံးနဲ့ မသိချင်ယောင်ဆောင်ထားမိ။

ဖန်နဲ့လုပ်ထားတဲ့ စာခြောက်ရုပ်ကို
ကောင်းကင်လို့ အထင်မှုား ၊ ဝင်အောင်းကြတဲ့ငှက်တွေ။
ဘီးတပ်ကုလားထိုင်ပေါ်က ငှက်မလေးကသာ
သွေးကြည်ရာ အရိုးနုရာကိုတွေး
မြေခွေးတကောင်အဖြစ် အသွင်ပြောင်းချင်နေတာ။

လေယာဉ်ပြတင်းပေါက်ကနေ ပါလေရာဆီတွေ လောင်းချတယ်
လေထုထဲ ဆီတွေဝေ့နေရင်
လိုရာခရီးကို ချောချောမောမောဆိုက်ရောက်မယ်လို့
လေယာဉ်တစီးလုံးကို အယုံသွင်း ကြေငြာနိုင်ရမယ်။

မျက်နှာကျက်မှာ ကပ်ထားတဲ့ မီးစုန်းကြယ်အတုလေးတွေ
ကြာလာတော့လည်း အိပ်ရာပေါ် တခုချင်း ပြန်ပြုတ်ကြ
ဖိနပ်စုတ်တွေကို လေထဲပစ်မြှောက်လိုက်ကြတော့
အရိပ်တွေဟာ ကြမ်းခင်းမှာ လှပစွာကခုန်။

ဟိုဖက်ကမ်းကထောင်ထားတဲ့ မှန်ကို ကြည့်ပြီး
ဟိုဖက်ကမ်းမှန်ထဲက ဒီဖက်ကမ်းကို
ဒီဖက်ကမ်းက ဟိုဖက်ကမ်းလို့ ထင်နေတယ်။

ရှိန်ဝါ
၂၀၁၆ ဧပြီ ၂၁

ရုပ်ရှင်ကဗျာတိုများ

မှတ်ဥာဏ်တွေဟာ ခါးတယ်
မသေခင် နောက်ဆုံးစားခဲ့တဲ့ ဝက်သားဒုတ်ထိုးကို
အစွဲအလမ်းကြီးမိတယ်
#Corpse Bride

သတ္တိတွေဟာ တောင်ထိပ်ပေါ်က စီးကျလာတယ်
တယောက်ယောက် အနစ်နာခံမှဖြစ်မယ်ဆိုလို့
ငါက မြောင်းနက်နက်တူးပေးလိုက်တယ်
ငါမရှိလည်း ငါ့မျက်မှန်က မင်းကိုစောင့်ကြည့်နေမှာ
#9

ဘုရားသခင်ဆီက လိမ်လည်ခြင်းကို
ငါ့မျက်လုံးနှစ်လုံးနဲ့ ဝယ်ယူခဲ့တယ်
တကယ်တော့ ဘုရားသခင်ပေးတဲ့လိမ်လည်ခြင်းက အတုကြီး
အတုကြီးဖြစ်ကြောင်း ငါ့မျက်လုံးကိုကြည့်ရင် သိနိုင်တယ်
ငါကိုယ်တိုင်ကျ မသိတော့
လိမ်လည်ခြင်းအစစ်အကြောင်းကို
တကမ္ဘာလုံးသဘောကျအောင်
ငါရိုးရိုးသားသားပြောပြနိုင်ခဲ့တယ်
#Big Eyes



ခန္ဓာကိုယ်က ကိုယ့်အရေပြားဆီက လွှင့်ပါးသွားတဲ့ သိုးမွှေး
စိတ်ကသာ သိုးမွှေးထည်အောက်မှာ နွေးချင်နေတာ
နှုတ်ခမ်းမွှေးမျိုးဆက်သစ်များအတွက်
အသားနဲ့ဓါးနဲ့ ရင်းယူကြရတဲ့ အိမ်လေးတလုံး
#The Crossing II

လင်ဆိုးမယားတယောက်ကို ငါကယ်တင်လိုက်တယ်
အပူငုပ်လျှာဟာ ချိုချဉ်ဖန်ခါး မဆုံးဖြတ်နိုင်ဘူး
အချိန်မှန်ထိုးတဲ့ ခေါင်းလောင်းကြီးသာ
တိတ်တဆိတ်အမြတ်ထွက် ဝဖီးခဲ့လေတယ်
#Bridge of Spies

မအိုညနေ

ဖက်ကြမ်းစိမ်းစိမ်းကိုရှိုက်ဖွာလို့ အဖွားကပြောတယ်
တိမ်တိုင်းမှာ သရဲရှိတယ်တဲ့
မာမာတောင်တောင်ဒူးနှစ်လုံးကြားထဲ
ရစ်ရစ်သိုင်းသိုင်း အခိုးအငွေ့တွေနဲ့
နီနီစွေးစွေးနေလုံး
အိမ်တံစက်မြိတ်ခြောက်ခြောက်ရဲ့ ဟိုဖက်မှာက ချောင်းစိုစိုရဲ့ ဟိုဖက်မှာက ပျော့ပျော့အိအိ လတာပြင်ရဲ့ ဟိုဖက်မှာက
…………………………………………………..
ထိုအရာကိုခေါ်ဆိုရန် ဘာသာစကားမရှိသေး။

ရှိန်ဝါ
၂၀၁၆ ဖေဖော်ဝါရီ ၂၉

ပူဖောင်း၊ အနာဂတ်ကမ္ဘာနှင့် ကြက်ဥ

ငါတို့တွေဟာ အချိန်အားတိုင်း ပူဖောင်းတွေမှုတ်ပြီး ဝေကြတယ်။
ပူဖောင်းအတွင်းကတိမ်တွေဟာ ငါတို့ပါးစပ်တွေကို ပွင့်စေတယ်။

ပန်းချီကားကို ဇောက်ထိုးထားလိုက်တော့
မြေကြီးပေါ်က သစ်သီးတွေဟာ အပင်ဆီ ပြန်ကြွေကျ။

ကမ်းပေါ်ပြန်တက်လာတိုင်း တခြားကမ္ဘာက တေးသွားတခု၊
စိတ်ကူးရှေ့မှောက် ချက်ချင်းဆိုက်ရောက်တဲ့ လျှပ်စစ်ရထား။

ကြက်ဥပေါ် အတောင်ပံတွေ ဘောပင်လ်နဲ့ ဆွဲကြတယ်။
သင်္ချာသင်္ကေတပုံစံပူဖောင်းတွေဟာ ငါတို့အကြိုက်ဆုံးအမျိုးအစား။

ငှက်က ရထားကြိတ်လို့ သေသွားပြီ။
ငှက်မွှေးနဲ့ ငှက်သွေးတွေကတော့ ရထားသံလမ်းပေါ်မှာ ခုန်နေတုန်း။

လေထုဟာ ပူဖောင်းထဲမှာ သန့်ရှင်းလတ်ဆတ်စွာ။
လူ့အာခံတွင်းနံ့တွေနဲ့ သင်းပျံ့စွာ ကောင်းကင်ဘုံ။

ပူဖောင်းကိုချည်တဲ့အပ်ချည်ကြိုးဟာ ကြက်ဥပြုတ်ကို ခြမ်းဖို့
သွားကြားထိုးဖို့ စသဖြင့်လည်း အသုံးဝင်တယ်။

ပူဖောင်းတွေထည့်ထားတဲ့အိတ်ဟာ လေးလံတယ်။
ငါတို့ကတော့ တလှည့်စီ လုသယ်ကြတယ်။

ငါတို့ဝေခဲ့တဲ့ ပူဖောင်းတလုံး၊ ငါတို့ကို ပြန်လာဝေတော့
မျက်နှာဖုံးစွပ်တွေနဲ့ကလေးတွေလို ငါတို့မှာ ရီလိုက်ကြရတာ။

ခဲဆံ အခေါင်းအဝိုင်းကိုမြင်ရဖို့
ခဲတံကို ချွန်မှဖြစ်မှာ။

ရှိန်ဝါ
၂၀၁၆ ဖေဖော်ဝါရီ ၁၉

နားခေါင်းထဲမှာ မိဘတွေရဲ့အရိုးပြာတွေ

အမြင့်ဆုံးအဆောက်အဦပေါ် ငါတက်တယ်။
အပေါ်ကနေ စီးကြည့်တဲ့အခါ
ငါကလွဲ အားလုံးဟာ ဖွဲ၊ ဆန်ကွဲလို သေးငယ်
အောက်ခြေမှာ ဆူညံနေပေမယ့် ငါ တလုံးမှနားမလည်
ငါကြားရတယ်ဆိုတော့
အပေါ်မှာ ဆူနေတာလည်းဖြစ်နိုင်တယ်
ငါ လှမ်းအော်ရင်လည်း သူတို့နားလည်မှာမဟုတ်
အပေါ်ရောက်ရင် လုပ်စရာတခုခုရှိလာရောလား
တကယ်တော့ မသေချာမှန်းသိကြတာပဲ
ငါ ပြန်ဆင်းလာတယ်
လှေကားတခုပြီးတခု ကူးဖြတ်တယ်
ရေစိုသွားတဲ့ ခြေထောက်တွေကို
ပါလာတဲ့ စာအုပ်တွေနဲ့သုတ်ပစ်တယ်
လှေကားထောင့်ကမှန်တွေမှာ ပေါ်နေတဲ့ပုံကို
ငါ့ပုံလို့ ထင်ထားတာ
ငါ့ပုံမဟုတ်ဘူးလား
ငါက လှေကားကို နောက်ပြန်ဆင်းလာတာ
အဲဒီတော့
ငါ အပေါ်ကို ပြန်တတ်နေတာလည်းပဲ ဖြစ်နိုင်တယ်။

ရှိန်ဝါ
၂၀၁၆ ဖေဖော်ဝါရီ ၂၂

ဖုန်းမျက်နှာပြင်ပေါ်က လှုပ်ရှားပန်းချီကား

ဒရမ်သံကြမ်းတမ်းစွာဖြင့် နွေလေရူးလာချေပြီ။
အသိုက်ဆီမှလွင့်ကျလာသော ငှက်ကလေး
လေတွင်လူးလွင့် ပန်းထုပ်ဖူးသော ကျွပ်ကျွပ်အိတ်ငယ်
နွေလေရူးစီမံရာ တည့်တည့်ကြီးစွပ်မိကြချေပြီ။
ကမ္ဘာကြီးအား အမှိုက်ကတဆင့်သာ ရှုမြင်နိုင်ကြသည်။
မွှေးပျံ့ကြိုင်လှိုင်သော ကျွပ်ကျွပ်အိတ်ဥယျာဉ်။
နေရောင်ခြည်သက်တန့်ဖြာသော ကျွပ်ကျွပ်အိတ်ကမ္ဘာ။
ကျွပ်ကျွပ်အိတ်မိုးကုပ်စက်ဝိုင်း၌ တွဲလွဲခိုနေသော ရေစက်လေးများ။
တယောသံညှင်းနွဲ့၌ ရေစက်ကို ငှက်ကလေးထိုးအဆိတ်
ကျွပ်ကျွပ်အိတ်ငယ်သည်ကား ရာထူးပြန်လျောပြန်လေသည်။
စစ်ချီတေးစလေပြီတကား။
အောင်မြင်မှုဟူသည် ကြောက်လန့်စရာဟင်းလင်းပြင်သာ ဖြစ်ချေ၏။
ကမ္ဘာကြီးတွင် ရွှေရောင်ဝင်းသောရေအိုင်ဒွိစုံသာ ရှိလေသည်။
သွပ်နန်းကြိုးဖြင့်တုပ်နှောင်နိုင်လျှင် အရာရာသည် တောက်ပပြီဖြစ်သည်။
မြင်နေရသမျှကာလပတ်လုံး အမြင်တွင် အကျိုး/အကန်းမရှိပါ။
ဇာတ်သိမ်းတေးသံသည်ကား ငှက်သံများစွာကြားရခြင်းပင်။
မျက်မှန်အကျိုးကို ရေအိုင်ဟုထင်မှတ်မိသောငှက်ကလေး
နှောင်တချိန် ထိုအကြောင်းကို
တခြားမည်သည့်ငှက်အား ကျီကျီကျာကျာ ပြန်လုပ်ပါမည်နည်း။      ။

ရှိန်ဝါ
24 March 2016
6:54 PM

ဟ ဠ အ

ဇန်နဝါရီလဟာ စတီးချောင်းထဲမှာရှိတယ်။
စတီးချောင်းထဲမှာက အဖြူရောင်နေဝင်ဆည်းဆာ။

ဖေဖော်ဝါရီလဟာ ဖုန်းငွေဖြည့်ကဒ်ထဲမှာရှိတယ်။
ဖုန်းငွေဖြည့်ကဒ်ထဲမှာက အနီရောင်ကမ်းခြေခြောက်ခြောက်တခု။

မတ်လဟာ ပေါင်ဒါမှုန့်ထဲမှာရှိတယ်။
ပေါင်ဒါမှုန့်ထဲမှာက မိုးပြာရောင်တောင်တက်သမား။

ဧပြီလဟာ အဝတ်လျှော်စက်ထဲမှာရှိတယ်။
အဝတ်လျှော်စက်ထဲမှာက အနက်ရောင်ယုတ္တိဗေဒ။

မေလဟာ ကြော်ငြာဆိုင်းဘုတ်ထဲမှာရှိတယ်။
ကြော်ငြာဆိုင်းပုတ်ထဲမှာက ပန်းနုရောင်သေနတ်သံတွေ။

ဇွန်လဟာ ကလေးသေးခံထဲမှာရှိတယ်။
ကလေးသေးခံထဲမှာက ရွှေရောင်ရင်ခွဲရုံ။

ဇူလိုင်လဟာ ဥက္ကာပျံတခုပေါ်မှာရှိတယ်။
ဥက္ကာပျံထဲမှာက ငွေရောင်နားရွက်တွေ။

သြဂုတ်လဟာ နွားပါးစပ်ထဲမှာရှိတယ်။
နွားပါးစပ်ထဲမှာက အစိမ်းရောင်တယ်လီဖုန်းဆင်းမ်ကဒ်တွေ။

စက်တင်ဘာလဟာ ကြမ်းတိုက်အဝတ်ထဲမှာရှိတယ်။
ကြမ်းတိုက်အဝတ်ထဲမှာက ခဲရောင်တရားရုံးတခု။

အောက်တိုဘာလဟာ အသံချဲ့စက်ထဲမှာရှိတယ်။
အသံချဲ့စက်ထဲမှာက အဝါရောင်စာသင်ခန်း။

နိုဝင်ဘာလဟာ ရေပိုက်ခေါင်းထဲမှာရှိတယ်။
ရေပိုက်ခေါင်းထဲမှာက ဗေဒါရောင်စေတီပုထိုးတွေ။

ဒီဇင်ဘာလဟာ စီဒီပြားထဲမှာရှိတယ်။
စီဒီပြားထဲမှာက ပန်းဆီရောင်မြို့ပတ်ရထား။

(မောင်ချောနွယ် နှင့် ဒီးယန်းဂ် အား မှီးလျက်)

ရှိန်ဝါ
၂၀၁၆ ဖေဖော်ဝါရီ ၂၀

အခန်းထဲက ယင်ကောင်

တဆောင်လုံးတိတ်ဆိတ်နေတဲ့ နေ့လည်ခင်း
အခန်းတံခါးတွေအကုန်ပိတ်ပြီး
ငါ အိပ်ဖို့ကြိုးစားတယ်
ငါ အိပ်ရေးပျက်တာတွေများနေပြီ
အခု အရမ်းလည်း အိပ်ချင်နေပြီ
လှဲချဖို့ ခေါင်းအုံးကို သပ်လိုက်တော့
ယင်ကောင်တကောင်ထပျံသွားတယ်
သာမန်ပဲ ငါ လက်ကိုဝှေ့ယမ်းလိုက်တယ်
အခန်းထဲ တဝီဝီအသံဟာ ပိုကျယ်လာတယ်
သူက တခန်းလုံးလှည့်ပတ် ပျံနေတယ်
အပျော်ပေါ့ ဘေးနားကအလွယ်တကူတွေ့ရတဲ့ သားရေကွင်းနဲ့
ငါဆွဲပစ်လိုက်တယ်
ထိထိ မထိထိ ငါ အိပ်ရာပေါ်လှဲချပြီး
မျက်လုံးမှိတ်လိုက်တယ်
မျက်လုံးမှိတ်လိုက်ခါမှ ပိုဆိုးလာတယ်
အဲဒီ ယင်ကောင်ရဲ့တဝီဝီအသံက တော်တော်အနှောင့်အယှက်ဖြစ်လာတယ်
ကိုယ်လုံးတွေပါ ယားယံပြီး မရိုးမရွ ဖြစ်လာတယ်
ငါအိပ်လို့မရတော့ဘူး
အဲဒီယင်ကောင်ကိုလိုက်ရှာတယ်
တွေ့ပြီ လုံးလုံးမဲမဲကြီး
တခန်းလုံး ဝီညောင်ဝီညောင်လျောက်ပျံနေတုန်းပဲ
ငါ ကြိုးစားအိပ်ကြည့်တယ်၊ မရဘူး
ငါ စဉ်းစားကြည့်တယ်
ဘာ့ကြောင့် ခြင်တွေမရှိဘဲ ယင်ကောင်တကောင်တည်း
ငါ့အခန်းထဲလာပြီး သောင်းကျန်းနေတာလဲ
ဘယ်အညှီရှိလို့များလဲ
ငါ့အကျင့်အတိုင်း စားပွဲခုံအောက်မှာ နှပ်ချီးများကပ်သုတ်ခဲ့မိလို့လား
အဲဒါတွေကြောင့်လား
သေချာတာကတော့ အဲဒီမသာယင်ကောင်ကြောင့်
ငါအိပ်မရတာ
ဒီယင်ကို ငါသတ်မှဖြစ်မှာ
အရင်ဆုံး ခြင်ဆေးဗူးလိုက်ရှာရတယ်
ခြင်ဆေးဗူးကိုလည်း မနည်းရှာလိုက်ရတယ်
ခြင်ဆေးဗူးရတော့ သူ့ကို လိုက်ရှာပြီးဖျန်းတယ်
တခန်းလုံး ခြင်ဆေးတွေ ပျံ့ကုန်တယ်
နှာတောင်ချေလိုက်ရတယ်
မွှန်ထွန်နေတာပဲ
သူ့ကိုတော့ မထိဘူးထင်တယ်
ဒါမှမဟုတ် ခြင်ဆေးကိုများ မဖြုံတာလား
သူ ပျံကောင်းတုန်းပဲ
ငါ့ခေါင်းပေါ်ကတောင် ဖြတ်ပျံတယ်
ငါ လှစ်ကနဲ ခြင်ဆေးနဲ့ထပ်ဖျန်းတယ်
ခြင်ဆေးငွေ့ရည်တွေက ပြန်ကျလာလို့
ငါ့ပါးစပ်ကိုလက်ဝါးနဲ့အုပ်
မျက်လုံးကိုတောင် အတင်းမှိတ်ထားလိုက်ရသေး
ထားလိုက်တော့မယ်ဆိုပြီး ငါပြန်အိပ်ဖို့ ကြိုးစားတယ်
ခြင်ထောင်ချထားရင်လည်း ဒီယင်ဝီသံကို ကြားရမှာပဲ
ထူးမှာမဟုတ်ဘူး၊ ပူတာပဲအဖတ်တင်မယ်
အိပ်ရေးပျက်တာတွေ များနေပါတယ်ဆိုမှ
ဘာမဟုတ်တဲ့ ယင်ကောင်တကောင်ကြောင့် အနှောင့်အယှက်ဖြစ်ရတယ်
ငါ့အဖို့က အိပ်မှဖြစ်မှ
ငါ့မှာ လုပ်စရာတွေလည်း အများကြီးကျန်သေးတယ်
အခုလို အားအားလပ်လပ်လည်း ရှိခဲတယ်
အခုအချိန်မှ ငါမအိပ်ရရင် မဖြစ်ဘူး
မရဘူး တော်တော်အသဲယားစရာကောင်းတဲ့အသံ
ငါ့မျက်နှာနားဝဲလာလို့ စောင်နဲ့လှမ်းရိုက်တယ်
စောင်က လေးနေတော့ လိုရာမရောက်ဘူး
တွေ့မယ်၊ ငါ အသာလေး သူ့ကိုချောင်းတယ်
ယင်ကောင်က ခြင်ထက် ရိုက်ဖို့ခက်တာ ငါသိတယ်လေ
ဘေးနားက နံရံမှာ သူက မိန့်မိန့်ကြီး
ငါ လက်ဝါးနဲ့ အားကုန်ရိုက်လိုက်တယ်
နံရံနဲ့ ငါ့လက်ထိသံဟာ ဗြောင်းကနဲအကျယ်ကြီး
ငါ့လက်သန်းလက်သည်းခွံဘေးက သွေးစလေးစိမ့်ထွက်လာတယ်
သူက ပျံကောင်းတုန်းပဲ
ငါ့အနာကို ဆေးထည့်မှဖြစ်မှာ
ဆေးဗူးကလည်း ထုံးစံအတိုင်း ချက်ချင်းရှာမရပြန်ဘူး
ဆေးဗူးရတော့ ငါ ချက်ချင်းဆေးထည့်တယ်
နာလို့လား ဒေါသထွက်လို့လား မသိဘူး
ငါ့လက်တွေ တအားတုန်နေတယ်
ဆေးတောင် မနည်းကြိုးစားထည့်လိုက်ရ
အဲဒီစောက်တဝီဝီအသံက ဟားတိုက်နေသလိုပဲ
ငါ အိပ်မရတော့တာ သေချာပြီ
ဒီငနဲကို ဘယ်လိုလုပ်ရပါ့
တံခါးတွေအကုန်ဖွင့်လိုက်ရင်ရော သူထွက်သွားလေမလား
သူထွက်သွားရင်ရော
နောက်ယင်ကောင်တကောင်ရောက်မလာနိုင်ဘူးလား
သူ့ထက်ဆိုးချင်တောင် ဆိုးမှာပေါ့
နောက်ကျ နေ့ခင်းဖက်တွေ ငါအိပ်လို့တောင်ရပါတော့မလား
နောက်ရောက်လာတဲ့ ယင်ကောင်ကို ငါက အသစ်လို့ထင်နေပေမယ့်
အဲဒီအကောင်ကြီးလည်း ဖြစ်ရင်ဖြစ်နေမှာ
အသစ်ဆိုလည်း ဘာထူးလဲ
ယင်ကောင်ပါဆိုမှ အတူတူပဲနေမှာပေါ့
အခု ဒီကဗျာကို ငါရေးနေရင်းတောင်
တဝီဝီအသံကို ကြားနေရသလိုပဲ
အဲဒီနေ့ကတော့ တော်တော်ဆိုးခဲ့တယ်
နောက်ဆုံးကျ
အဲဒီယင်ကောင်စုတ်က ပြတင်းပေါက်မှန်ဘောင်မှာ ကပ်နေတယ်
ငါ သေသေချာချာစိုက်ကြည့်လိုက်တော့
တော်တော်ရွံ့စရာကောင်းတဲ့အကောင်ကြီး
ပြတင်းတံခါးကို ငါဗြုန်းကနဲ တွန်းဖွင့်လိုက်ရင်
သူ အပြင်ကို လန့်ပျံသွားမလားပဲ
ဒါပေမယ့် ပြတင်းပေါက်ကို ဆွဲဖွင့်ရမယ့်အစား
အခန်းတံခါးကိုသာ ငါဆွဲဖွင့်လိုက်တယ်
ပြီး အခန်းတံခါးကို ဆွဲပိတ်
အခန်းအပြင်ဖက်ကို ငါထွက်လာလိုက်တယ်။

ရှိန်ဝါ
၇ မတ်လ ၂၀၁၆

ရန်သူကောင်းကောင်းမောင်းသော Taxi ငှားစီးခြင်း

ခုန်ရမယ့်အချိန်ဟာ အနှေးနဲ့အမြန်ရောက်လာတာပါပဲ
လေပေါ်ရောက်နေတဲ့အခိုက်အတန့်မှာတင်
ခုန်ရတာကို ငါကြိုက်သွားတယ်
အရင်ဆုံး စာသင်ကျောင်းတွေရှေ့မှာ ခုန်တယ်
ပုံပြင်ထဲက ပုလွေဆရာလို ငါ့နောက်ကို
ကလေးတွေ ပျော်ပျော်ပါးပါး လျောက်လိုက်ကြတယ်
ပြီး ဈေးတွေရှေ့မှာ ငါခုန်တယ်
ကုန်ဈေးနှုန်းကို သရုပ်ဖော်တင်ဆက်တာတဲ့
ထင်ရာမြင်ရာတလွဲတွေ ပြောကြတာ အမှန်တရားလား
ငါစိတ်ညစ်ပြီး ဆေးရုံတွေရှေ့သွားခုန်တယ်
လူနာညည်းသံတွေဟာ ပျော်စရာကောင်းတယ်
ငါ့နောက်ကို တုတ်တွေ ခဲတွေနဲ့ လိုက်ကြတယ်
ရဲစခန်းတွေရှေ့မှာလည်း ငါသွားခုန်တယ်
သူတို့က ကလေးတွေလိုတော့မဟုတ်ပေမယ့်
ကြောက်လန့်ပြီး ငါ့နောက်ကို လျောက်လိုက်ကြတာပဲ
ဘာသာရေးအဆောက်အဦတွေရှေ့မှာလည်း ငါခုန်တယ်
ဘုရားသခင်က ငါနဲ့ အတူရှိနေတယ်လို့ သူတို့ပြောကြတယ်
ခုန်ပါများလို့ ငါ့ခြေထောက်တွေဟာ ပေါက်ပြဲပြီး သွေးအလိမ်းလိမ်း
ငါ ခုန်လိုက်တိုင်း ငါ့ခြေထောက်အောက်က သွေးတွေဟာ
လေပေါ်မှာ ဝံပျဲနေတာ သိပ်လှတယ်
ငါ ခုန်လိုက်တိုင်း ငါ့ကိုယ်အောက်ပိုင်းဟာ
သူရဲကောင်းသွေးစကတ်ဝတ်ထားသလိုပဲ
ငါက ယောက်ျားလား မိန်းမလား ငြင်းခုံကြတယ်
ငါ့ကို နာမည်အမျိုးမျိုးလည်း ပေးကြတယ်
လှေကားတွေကိုတော့ ငါ မုန်းလာတယ်
လှေကားတွေဟာ ငါ့အခုန်ရဲ့ ရန်သူတွေပဲ
စီးနေတဲ့ မြစ်တွေချောင်းတွေဟာလည်း ပျင်းစရာပဲ
ငါခုန်ခဲ့တဲ့နေရာတိုင်းမှာ နိမ့်ကျသွားတဲ့ ချိုင့်ခွက်တွေ
အဲဒါဟာ ငါ့သမိုင်းလို့ သူတို့ပြောကြတယ်
ငါမဝတ်ဖြစ်ခဲ့တဲ့ ဖိနပ်တွေကသာ ငါ့သမိုင်းပဲ
လို့ ထုံးစံအတိုင်း အဖြစ်မှန်ကို ရှင်းပြမနေတော့ဘူး
တဖြည်းဖြည်း ငါ့မှာ ခုန်စရာနေရာရှားလာတယ်
ငါ့မှာ ဒီတဘဝလေးပဲ ခုန်စရာအချိန်ရတာ
ခုန်စရာနေရာမရှိဘဲ ငါ မနေနိုင်တော့ဘူး
ငါ့ခြေထောက်ပေါ် ငါခုန်နိုင်မယ့် တနေ့ကို ရှာရမယ်
ငါ့ခေါင်းပေါ်မှာတော့ မီးအိုးမည်းမည်းတွေ အူထွက်နေပြီ။

ရှိန်ဝါ
၂၀၁၆ ဧပြီလ ၂၀ ရက

ကြောင်အသေတကောင်မွေးထားတယ်

အမေက ငါ့နားရွက်တွေကို ဖြတ်စားတယ်
မရည်ရွယ်ပါဘူး နေထွက်အပင်ရဲ့အရိပ်မှာ
သစ်ခေါင်းအသိုက်ထဲ ထိုးဆိတ်နေတဲ့ တကျီကျီငှက်
အမေ မဝမှာစိုးလို့ တခေါင်းလုံးပြောင်တလင်းခါတဲ့အထိ
ငါ့လျှပ်စီးဆံပင်တွေ ရိတ်ကျွေးပစ်လိုက်တယ်
ငါ့ကိုလှတယ်လို့ထင်တဲ့ အမေ့ရဲ့မျက်လုံးနှစ်လုံးကိုတော့
မနက်ဖြန်စာများအတွက် ငါဖြုတ်ရောင်းထားပြီးပြီ
တွေ့ကရာအမှောင်နဲ့ လင်ငယ်နေပစ်တဲ့ စိမ်းလန်းနေဝင်အပင်
အိမ်ရှေ့ကသွေးပုပ်မြောင်း စီး၊ မစီးလည်း မသိတော့ဘူး
အပြင်ထွက်တဲ့အခါတိုင်း လူကောင်းလေးလို့အထင်ခံရဖို့
အဲဒီသွေးပုပ်မြောင်းထဲ
ငါ့ခြေထောက်တဖက်ထားထားခဲ့ရတာပဲ ငါသိတယ်
အမြင်ခိုင်မာ အတွင်းဗလာ ကြောင်အိမ်ကြီးကို နေ့စဉ်ထမ်းပိုးပြီး
ပင်လယ်ကမ်းစပ်မှာ သွားသွားချထားရတယ်
လှိုင်းဖွေးဖွေးတွေ ကြောင်အိမ်ထဲ ထုံးစံအတိုင်းရောက်လာရင်
ပင်လယ်ကိုထိုးဟောင်နေတာရပ်ပြီး အိမ်ပြန်နေကျ
ဘယ်လမ်းဘေးမှာမဆို အမှန်တရားအမှိုက်တွေချည်းပဲ
အိမ်ပြန်ရောက်တော့
အမေ့တကိုယ်လုံး လေစားလို့ အရိုးပဲကျန်တော့တယ်
အရိုးတွေကြားထဲ လေတိုးနေသံဟာ တယောသံ
တမြို့လုံး အပျင်းပြေ လာနားထောင်ကြတယ်
အိမ်ပြန်ရောက်လာတဲ့ကြောင်ကိုသတ်ပြီး
ဧည့်သည်တွေကို ငါချက်ကျွေးလိုက်တယ်
ငါ့ခေါင်းပေါ်ကကြောင်မွှေးတွေကို ပွတ်သပ်ပြီး
သူတို့ ဆူဆူညံညံ ပြန်သွားကြတယ်
အဲဒီည၊ ငါတို့မြို့မှာ လောက်မိုးတွေရွာတယ်
တမြို့လုံးလင်းထိန်ငြိမ်သက်လို့
လောက်တွေရဲ့ အလင်းရောင်ဖွေးဖွေးမှာ
ငါ မမြင်ဖူးတာတွေ မြင်လိုက်ရတယ်။

ရှိန်ဝါ
၂၀၁၆ ဖေဖော်ဝါရီ ၆