ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Tuesday, February 5, 2013

“မျက်လုံးနှင့် နားမှ၊ နှလုံးသား နှင့် ဘ၀များစွာ အထိ (၃) (The Skin I live in)”

“မျက်လုံးနှင့် နားမှ၊ နှလုံးသား နှင့် ဘ၀များစွာ အထိ (၃)”
ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရားများ၊ အရေပြားတစ်ထောက်စာ လိင်စိတ် နှင့် မောင်မစ္စက
(သို့) (The Skin I live in)

လူရယ်လို့ ဖြစ်လာရင် လူတိုင်း လိုက်နာစောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်တွေရှိပါတယ်။ အဲလိုပဲ အသက်မွေးဝမ်းကျောင်းပြုကြရတဲ့ နေရာမှာလည်း ကိုယ့် အသက်မွေးမှု အလိုက် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိလာပြန်ပါတယ်။ အဲ့ကျင့်ဝတ်တွေ မစောင့်ထိန်းရင်တော့ ကျနော်တို့ တတွေဟာ ကိုယ့်ကျင့်တရား ပျက်ပြားတယ်လို့ လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ကြပါတယ်။ ဟုတ်ပါပြီ။ ဒါပေမယ့် အဲလို စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ကရော လုံးဝ အပြည့်အစုံ မှန်ကန်ပါရဲ့လား။ တကယ်ရော လိုက်နာ သင့်ရဲ့လား။ မေးခွန်းထုတ်စရာ မရှိတော့ဘူးလား။ တော်တော်များများကတော့ မေးခွန်း မထုတ်ကြပါဘူး။ ကိုယ့်ကို ကိုယ်ကျင့်တရား မကောင်းဘူးလို့ ထင်မှာ စိုးတဲ့အတွက် မေးခွန်းလဲ မထုတ်ရဲကြပါဘူး။ ဒါပေမယ့် ရုပ်ရှင်ကားလေး တစ်ကားကတော့ အဲလိုမေးခွန်းတွေကို အများကြီး ထုတ်ပေးသွားပါတယ်။ အဲ့ကားလေးကို ကြည့်ပြီး ကျနော်တို့တတွေ ကြောက်လန့် တုန်လှုပ် ချောက်ချားသွားစေတဲ့ အထိ သူမေးခွန်းထုတ်ထားတာပါ။
အဲ့ကားလေးကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားလေး တစ်ကားပါ။ အင်္ဂလိပ်လို နာမည်ကတော့ The Skin I live in ပါ။ ဒါရိုက်တာကတော့ စပိန်နာမည်ကြီး ဒါရိုက်တာ Almodovan ပါ။ သူကလည်းပဲ နာမည်ကြီး ၀တ္ထုတစ်ပုဒ်ဖြစ်တဲ့ Theiry Jonquet ရေးတဲ့ စပိန်ဝတ္ထု  Tarantula (Mygale) ကို ပြန်ရိုက်ထားတာပါ။ အင်္ဂလိပ်လို လည်း ရှိပါတယ်။ အဲ့ကားလေးဟာ ၆၄ ကြိမ်မြောက် ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလည်း အင်္ဂလိပ်စကားပြော မဟုတ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့ပါတယ်။ ၆၅ ကြိမ်မြောက် British Academy Film Award ကိုလည်း ရရှိခဲ့ပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ ဒေါက်တာ ရောဘတ်အဖြစ် Antonio Banderas, ဗီရာ အဖြစ်Elena Anaya,  မာရီလာ အဖြစ် Marisa Paredes,  ဗင်းဆင့် အဖြစ် Jan Cornet တို့ပါ။ Antonio Banderas ကိုတော့ ကျနော်တို့ မြန်မာပရိသတ်များ ရင်းနှီးပြီးသားပါ။ Desperado ဆိုတဲ့ ဂစ်တာထဲ သေနတ်တွေ ထည့်ပစ်တဲ့ မင်းသားဆို လူတိုင်းသိပါတယ်။ Antonio ရဲ့ ထုံးစံအတိုင်း ဇာတ်ကားကတော့ အနည်းငယ် ညှီပါတယ်။ ဒါပေမယ့် အဲလို ညှီတာကပဲ ဒီကားမှာ ကြောက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းတွေ ဖြစ်လာတော့တာပါ။
ဒေါက်တာရောဘတ်ဟာ အရေပြားအထူးကု ဆရာဝန်တစ်ယောက်ပါ။ သူဟာ စစ်ပွဲမှာ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ စစ်သားတွေအတွက် ဂုဏ်သိက္ခာပြန်လည်ရစေဖို့ လူ့အရေပြား အတုကို တီထွင်နေတာပါ။ သူရဲ့ ရည်ရွယ်ချက်ကတော့ မြင့်မြတ်ပါတယ်။ ဒုက္ခိတ စစ်သားတွေဆိုတာ သူတို့ကို အသက်ကယ်ယုံတင် မပြီးသေးဘဲ သူတို့ရဲ့ လူသားပီသမှု၊ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရအောင် လုပ်ပေးမှသာ တာဝန်ကျေတာလို့ သူက ခံယူပါတယ်။ သူဟာ တော်ရုံ မှတ်၊ ခြင်၊ယင် ကိုက်တာကိုတောင် မဖြုံတဲ့ အရေပြားကိုတောင်မှပဲ စမ်းသပ်တီထွင်နေတာပါ။ သူဟာ စိတ်ဇောပြင်းထန်လွန်းတဲ့အတွက် လူ့အသိုင်းအ၀ိုင်း၊ ဆေးပညာလောကမှာ တားမြစ်ထားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲခြင်းနည်းနဲ့တောင် ၀က်ရဲ့ အရေပြားကို တုပပြီး လူ့အရေပြား တီထွင်ဖို့ ကြိုးပမ်းနေတာပါ။ အင်း သူ့ဆီမှာ သူအခုလို စမ်းသပ်ဖို့လည်း ကောင်မလေးတစ်ယောက်ရှိပါတယ်။ နာမည်ကိုတော့ သူက ဂယ်လ် လို့ပေးထားပါတယ်။ သူ အများကို ပြောထားတာတော့ လူ လို့ မပြောထားပါဘူး။ တိရိစ္ဆာန်တစ်ကောင်လို့ ပြောထားတာပါ။ သူက အဲ့ဒီ ကောင်မလေးကို အချွန်အထက် လုံးဝမရှိတဲ့ အလုံပိတ် အခန်းထဲမှာ ထားတာပါ။ ကောင်မလေးကို ကြည့်ရှုဖို့၊ အစားအသောက် ကျွေးမွေးဖို့ မာရီလာ ဆိုတဲ့ အဒေါ်ကြီး တစ်ယောက်ကိုတော့ ထားပါတယ်။ ကောင်မလေးကိုလည်း ရောဘတ်က အရေပြား ပြောင်းလဲထားပြီးသားပါ။ ကောင်မလေးက  နာကျင်မှုကို ခံနိုင်အောင် အထူးပြုလုပ်ထားတဲ့ ကိုယ်ကျပ်အကျီကိုပဲ ၀တ်နေရပါသေးတယ်။ ကောင်မလေးကတော့ အဲ့အခန်းလေးထဲမှာ သူ့တစ်ယောက်တည်း ယောဂ ကျင့်လိုက်၊ တီဗွီ ကြည့်လိုက်နဲ့ပဲ အချိန်တွေကို ကုန်ဆုံးနေရပါတယ်။
တစ်နေ့တော့ မာရီလာရဲ့ သားတစ်ယောက်ဖြစ်တဲ့ ထောင်ထွက် လူမိုက် ဇက်ကာ (တိုက်ဂါး) က မမျှော်လင့်ဘဲ အဲဒီ့အိမ်ကို ရောက်ချလာပါတော့တယ်။ တိုက်ဂါးက သူ့အမေဆီကို လာလည်ရင်း အဲ့ကောင်မလေးကိုတွေ့တော့ လူတစ်ယောက်နဲ့မှားပြီး အမေကိုလည်း ကြိုးနဲ့တုပ်ပြီး ကောင်မလေးကို အတင်းဓမ္မပြုကျင့်ပါတော့တယ်။ အရေပြား အသစ်လဲထားတာ မကြာသေးတဲ့ ကောင်မလေးအတွက်တော့ ဒါတကယ့်ကို ငရဲပါပဲ။ အဲဒီအချိန်မှာပဲ ဒေါက်တာ ရောဘတ်ပြန်ရောက်လာပါတယ်။ ပထမတော့ လက်ထဲက သေနတ်နဲ့ ကောင်မလေးကိုရော တိုက်ဂါးကိုရော နှစ်ယောက်စလုံးကို သတ်ဖို့လုပ်ပါတယ်။ မာရီလာကတော့ ကောင်မလေးကိုပဲ သတ်စေချင်ပါတယ်။ ဒါပေမယ့် ရောဘတ်က နောက်ဆုံးမှာတော့ တိုက်ဂါးကိုပဲ ပစ်သတ်လိုက်ပါတယ်။ အဲဒီမှာပဲ မာရီလာကပြောပါတယ်။ “အော် သူတို့ ငယ်ငယ်တုန်းကတည်းက ဒီလို သေနတ်ပစ်တမ်းကစားလာတာ။ ဒီတစ်ခါတော့ တကယ့်ကို ပစ်သတ်လိုက်တာပဲ။” လို့ ပြောပါတယ်။ အဲတော့မှ ကောင်မလေးက မာရီလာ့ကို အကြောင်းစုံ မေးပါတော့တယ်။ မာရီလာကလည်း ရှင်းပြပါတယ်။ အကြောင်းစုံက ဒီလိုပါ။
ရောဘတ်နဲ့ တိုက်ဂါးက အဖေတူ အမေကွဲ ညီအစ်ကိုတွေပါ။ မာရီလာက ရောဘတ်တို့အိမ်က အစေအပါးပါ။ ရောဘတ်ရဲ့ အဖေက မာရီလာနဲ့ မှောက်မှားလို့ သားတစ်ယောက်ရပါတယ်။ အဲ့သားလေးက တိုက်ဂါးပါ။ ဒါပေမယ့် တိုက်ဂါးကလည်း  ငယ်ငယ်ကတည်းက ဆိုးသွမ်းပြီး ဆေးခြောက်တွေ ဘာတွေရောင်းပါတယ်။ နောက် လေလွင့်ပြီး အိမ်ကနေ ကလေးအရွယ်ကတည်းက ထွက်ပြေးသွားပါတယ်။ နောက်တော့ ရောဘတ်က အမျိုးသမီးချော တစ်ယောက်ဖြစ်တဲ့ ဂယ်လ် နဲ့ အိမ်ထောင်ကျပါတယ်။ နော်မာ လို့ခေါ်တဲ့ သမီးလေး တစ်ယောက် မွေးပါတယ်။ အဲဒီ အချိန်မှာပဲ တိုက်ဂါး အိမ်ကို ပြန်ရောက်လာပါတယ်။ မထင်မှတ်ဘဲ တိုက်ဂါးနဲ့ ဂယ်လ် တို့ ညှိစွန်းကြပါတယ်။  အဲလို ညှိစွန်းပြီး တိုက်ဂါးနဲ့ ဂယ်လ်ဟာ ရောဘတ်မရှိခိုက် အိမ်ကနေ ထွက်ပြေးကြပါတယ်။ ကံကလည်း ဆိုးချင်တော့ အဲလို ထွက်ပြေးတဲ့ လမ်းမှာပဲ ကားက မှောက်ပါတယ်။ ကားက မီးလောင်တော့ တိုက်ဂါး ထွက်ပြေးပါတယ်။ ဒါပေမယ့် ရောဘတ်ကတော့ တစ်ကိုယ်လုံး မီးတွေ လောင်ကျွမ်းနေတဲ့ ဂယ်လ်ကို အသက်ငွေ့ငွေ့လေးမှာ ကယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ဂယ်လ်ကတော့ လူရုပ်တောင် မပေါက်တော့ပါဘူး။ ရောဘတ်ကတော့ သူ့မိန်းမနားက နေ့ရော ညပါ တစ်ဖ၀ါးမှ မခွာဘဲ သူ့မိန်းမကို ကြိုးစားကယ်တင်ပါတယ်။ အဲ့ဒီမှာပဲ အရေပြား မီးလောင်တဲ့ အနံ့ကို တစ်ချိန်လုံး ခံခဲ့ရတဲ့ ရောဘတ်ဟာ လူ့အရေပြားအတုကို ဖန်တီးဖို့ ကြိုးစားမှု စတင်တော့တာပါ။ ဂယ်လ်ကလည်း နောက်ပိုင်း တဖြည်းဖြည်း ထူထူထောင်ထောင်ဖြစ်လာပါတယ်။ ဒါပေမယ့် ဂယ်လ်ဟာ သူ့ရုပ်ကို မြင်ရင် စိတ်ချောက်ချားမှာ စိုးတဲ့အတွက် အိမ်တစ်အိမ်လုံးမှာ မှန်တောင် မထား၊ အမှောင်ချထားပြီး သူရဲသဘက်တွေလို နေကြတာပါ။ ဒါပေမယ့် ဖြစ်ချင်တော့ တစ်နေ့မှာ ဂယ်လ် အရင်က သူ့သမီးလေး နော်မာကို သင်ပေးတဲ့ သီချင်းလေး တစ်ပုဒ်ရှိပါတယ်။ အဲ့သီချင်းကို ပန်းခြံထဲမှာ နော်မာလေး ဆိုတာကို ဂယ်လ်က အပေါ်ထပ်က လှမ်းကြားတော့ သူ ၀ရန်တာကို ထွက်လာပါတယ်။ အဲ့မှာပဲ သူတစ်ခါမှ မမြင်ရတဲ့ သူု့ရုပ်ကို တံခါးမှန်ကနေ တဆင့် သူ ပြန်မြင်လိုက်ပါတယ်။ သူ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားပါတယ်။ နောက်ဆုံး ၀ရန်တာကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ ဖြစ်ချင်တော့ သူအပေါ်ကနေ ပြုတ်ကျတဲ့နေရာက အောက်က ပန်းခြံထဲမှာ ဆော့နေတဲ့ နော်မာလေးရဲ့ ဘေးကို ပြုတ်ကျတာပါ။ အဲ့အချိန်က စပြီး နော်မာလေးဟာလည်း စိတ္တဇဖြစ်သွားပြီး တစ်သက်တာလုံး ဆေးတွေသောက် ဆေးတွေထိုးပြီး နေရတဲ့ ဘ၀ကို ရောက်သွားပါတော့တယ်။ နောက်ဆုံး သူလည်း သူ့အမေလို ၀ရန်တာကနေ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။
ဒါကတော့ မာရီလာပြောပြတဲ့ ရောဘတ်ရဲ့အကြောင်းပါ။ မာရီလာက အဲလို ကောင်မလေးကို ပြောပြီးသွားတဲ့ အခါမှာ အပြင်ကနေ တိုက်ဂါးအလောင်းကို ဖျောက်ဖျက်ပြီး ပြန်လာတဲ့ ရောဘတ် ပြန်ရောက်လာပါတယ်။ အဲ့ညမှာပဲ ရောဘတ်က ကောင်မလေးနဲ့ ချစ်တင်းနှောဖို့ ကြံပါတယ်။ ဒါပေမယ့် တိုက်ဂါးကြောင့် နာကျင်ခဲ့ရတဲ့ ကောင်မလေးက နောက်ကျမှ ဆိုပြီး ရောဘတ်ကို ပြောပါတယ်။ ရောဘတ်ကလည်း လက်ခံလိုက်ပြီး အတိတ်က အကြောင်းတွေကို ပြန်စဉ်းစားပါတော့တယ်။ ရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်တာ ကာလကို flashback ပြန်ပြတာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဇာတ်လမ်းကတော့ ဒီလိုပါ။
လွန်ခဲ့တဲ့ ခြောက်နှစ်က တုန်းက စိတ္တဇဆန်ဆန်ခံစားနေရတဲ့ သနားစရာ နော်မာလေးဟာ သူရဲ့ ပထမဆုံးအတွေ့အကြုံအနေနှင့် မင်္ဂလာဆောင်တစ်ခုရဲ့ ညနေစာစားပွဲကို သူ့အဖေနဲ့ အတူတတ်ပါတယ်။ သူဟာ လူတွေကို တွေ့ရမှာလည်း ကြောက်တော့ ဒါဟာ သူ့အတွက်တော့ ပထမဆုံးသော စွန်းစားခန်းတစ်ခုပါပဲ။ အဲဒီမှာပဲ နော်မာလေးဟာ ကိုယ်ကာယ အနည်းငယ် သေးတဲ့ ကောင်လေး တစ်ယောက်ဖြစ်တဲ့ ဗင်းဆင့် ကိုတွေ့ပြီး မျက်စိကျသွားပါတယ်။      ဗင်းဆင့် ကိုယ်ကာယ သေးတာဟာလည်း ဒီဇာတ်ကားရဲ့ အသက်ပါ။ ဗင်းဆင့်ဟာ သူ့အမေရဲ့ ဖက်ရှင်ဆိုင်ကို ကူရောင်းပေးနေတဲ့ ရိုးရိုးသာမာန်လူငယ်လေးတစ်ယောက်ပါ။ အဲဒါနဲ့ သူတို့နှစ်ဦး လူငယ်သဘာဝ ဧည့်ခံပွဲကနေထွက်ပြီး ပန်းခြံထဲမှာ ချိန်းတွေ့ကြပါတယ်။ အဲဒီမှာပဲ ဗင်းဆင့်က သူတို့ထုံးစံအတိုင်း နော်မာလေးနဲ့ ချစ်တင်းနှောဖို့ လုပ်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲလို ချစ်တင်းနှောခါနီးမှာ ဧည့်ခံပွဲကနေ အဆိုတော်က မင်္ဂလာပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းလေး တစ်ပုဒ်ဆိုပါတယ်။ အဲ့သီချင်းက နော်မာလေး ဆိုလိုက်လို့ သူ့အမေ ထွက်ကြည့်ပြီး ၀ရန်တာကနေ သေကြောင်းကြံတဲ့ သီချင်းပါ။ အဲဒီမှာပဲ နော်မာလေး စိတ်ဖောက်ပြီး အော်ဟစ်ပါတော့တယ်။ ဗင်းဆင့်ကလည်း မအော်အောင် ပါးစပ်ကို ပိတ်ပါတယ်။ နော်မာကလည်း ပိတ်တဲ့လက်ကို ကိုက်ပါတယ်။ အဲတော့ ဗင်းဆင့်ကလည်း နာတာနဲ့ ကောင်မလေးကို ပိတ်ရိုက်လိုက်ပါတယ်။ အဲ့မှာတင် နော်မာ လည်း မေ့သွားပါတယ်။ အဲလို မေ့သွားပေမယ့်လည်း ဗင်းဆင့်က ဘာမှ ဆက်မလုပ်ပါဘူး။ အ၀တ်အစားသေသေချာချာ ဖုံးပေးပြီး ကြောက်ကြောက်လန့်လန့်နဲ့ ပြန်သွားပါတယ်။ ဒါပေမယ့် ရောဘတ်က သူ့သမီးကို လိုက်ရှာရာက ဒီလိုပုံနဲ့ တွေ့ရတော့ သူ့သမီးလေး ဗလက္ကာရ အလုပ်ခံရတယ်လို့ ထင်ပါတယ်။ ဒါနဲ့ ဗင်းဆင့်ကို လိုက်ရှာပါတယ်။ ဗင်းဆင့်ရဲ့ ဆိုင်ကယ်ကိုလည်း သူက အဲ့ညက တွေ့လိုက်ရတော့ ရှာလို့လွယ်ပါတယ်။ လိုက်ရှာပြီး ကားနဲ့တိုက်ပြီး ဗင်းဆင့်ကို အခန်းတစ်ခုမှာ ဖမ်းချုပ်ထားပါတယ်။ နော်မာလေးကတော့ မရတော့ပါဘူး။ စိတ်ဖောက်သွားပါပြီ။ သူ့အဖေကိုတောင် အတွေ့မခံတော့ပါဘူး။ နောက်ပိုင်း သူလည်း သူ့အမေ လမ်းစဉ်အတိုင်း ၀ရန်တာပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံတော့တာပါပဲ။ အဲဒီမှာပဲ ရောဘတ်ကလည်း စဖမ်းခါစတုန်းကတော့ ဒေါသကြောင့်သာ နှိပ်စက်ဖို့  ဖမ်းထားတာ။သူ့သမီးလည်းသေရော သူလည်း စိတ်ပြောင်းပါတော့တယ်။
 မိန်းမရော သမီးရော ဆုံးရှုံးရတဲ့ ၀မ်းနည်းမှုကနေ အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ ဆရာဝန်တစ်ယောက်အဖြစ်ကို ရောက်သွားပါပြီ။ သူ့သမီးကို သဂြိုဟ်တဲ့နေ့မှာပဲ ကောင်လေးကို လိင်ပြောင်းပစ်ပါတေ့တယ်။ သူ့အပေါင်းအသင်းဆရာဝန်တွေကို မရရအောင် လိမ်ပြီးတော့ပေါ့။ ဗင်းဆင့်ရဲ့ အဖြစ်ကတော့ ဆိုးပါတယ်။ ဘာဆိုဘာမှန်းတောင်မသိ ဘာမကောင်းမှုကြီးကြီးမားမားတောင် မလုပ်ခဲ့ဘဲ အဆိုးရွားဆုံး ရက်စက်တာကို ခံလိုက်ရပါတယ်။ အဲဒီမှာ ဗင်းဆင့် အဖြစ် သရုပ်ဆောင်တဲ့ မင်းသားလေးဟာ အဓိက ဇာတ်ဆောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူရဲ့ သရုပ်ဆောင်ချက်ကလည်း လက်ဖျားခါလောက်ပါတယ်။ ယောင်္ကျားတစ်ယောက်ဟာ သူ့ဘ၀မှာ လိင်ပြောင်းခံရတာလောက် ဆိုးရွားတဲ့ အတွေ့အကြုံရှိပါဦးမလား။ အဲဒီ ဆိုးရွားတဲ့ အတွေ့အကြုံကို ( တနည်းပြောရရင် ကမ္ဘာပေါ်မှာ ဘယ်သူမှ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ရုပ် အသစ်စက်စက်ကို သူအကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့ပါတယ်)။ နောက်ပိုင်း ရောဘတ်ဟာ ဗင်းဆင့်ကို ဗီရာ လို့ နာမည်ပြောင်းပေးပြီး တကယ့်မိန်းမ တစ်ယောက်နဲ့ တုအောင် အကုန်လုပ်ပါတော့တယ်။ ရုပ်ကိုလည်း သေဆုံးသွားတဲ့ သူ့မိန်းမ ဂယ်လ် နဲ့ တူအောင် ကြိုးစားပါတယ်။
ဗင်းဆင့် ပေါက်ကွဲပါပြီ။ အခန်းထဲ ပိတ်လှောင်ခံထားရတဲ့ ဘ၀ကနေ နည်းအမျိုးမျိုးသုံးပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ နောက်ဆုံး သူ့အသတ်ကိုတောင် သူပြန်သတ်တဲ့အထိ ဒီဘ၀ကြီးကနေ လွတ်မြောက်ဖို့ ကြိုးစားပါတယ်။ အဲဒီမှာ ကျနော်တို့ နာကျင်စွာနဲ့ သိလိုက်ရတာက လူတစ်ယောက်ဟာ သူရဲ့ အသက်ကို တကယ်နှမြောတယ်ဆိုတာပါပဲ။ သေလောက်အောင် နာကျင်နေရပေမယ့်လည်း တကယ့်တကယ်မှာတော့ ဘ၀ကြီးကို အဆုံးသတ်ပစ်လိုက်ချင်ခြင်းနဲ့ ဘ၀အပေါ်ကို မက်မောတွယ်တာ မှုတို့ လွန်ဆွဲနေတဲ့ သရုပ်ကို ဗီရာ အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးလေးက အစွမ်းကုန် လုပ်ပြပါတယ်။ ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ မွှန်းနေသလို နာကျင်ခံစားရပါတယ်။ မင်းသမီးလေးရဲ့ သရုပ်ဆောင်မှုကလည်း ကြောက်စရာကောင်းလောက်အောင် ကောင်းပါတယ်။ နဂိုက ယောင်္ကျားဖြစ်ခဲ့ဖူးတဲ့၊ ရင်ထဲမှာ ယောင်္ကျားတွေရဲ့ စိတ်ဓါတ်တွေ ကျန်ရှိနေသေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ၀ိရောဓိ စိတ်တွေကို အကောင်းဆုံး သရုပ်ဆောင်ပြခဲ့တာပါ။
ဒါကြောင့်လည်း ဒီဇာတ်ကားလေကို ဝေဖန်တဲ့သူတွေက ဒီကားဟာ သတ်တာ ဖြတ်တာတွေ မပါဘဲ ကြောက်စရာအကောင်းဆုံး ဇာတ်ကားလို့ ပြောကြတာပါ။ နောက်ဆုံး မတတ်သာတဲ့ အဆုံးတော့ ဗီရာ ဟာ ဖြစ်ရာဘ၀မှာ ပျော်အောင်နေပါတော့တယ်။ သူ့စိတ်ဒဏ်ရာ သက်သာရကြောင်း အမျိုးမျိုးကြိုးစားနေထိုင်ပါတယ်။ လူဆိုတာ ဒီလိုမျိုးပါပဲ။ မဖြစ်သာတဲ့ အခြေအနေမှာတောင် နေသာအောင် နေနိုင်စွမ်းတဲ့ အစွမ်းသတ္တိရှိပါတယ်။  ဒါပေမယ့် သူရဲ့ သက်သာရာ ရှာတာဖြစ်တဲ့ ၊နံရံပေါ်မှာ သူ့ကို အလှပြင်ဖို့ပေးထားတဲ့ မျက်လုံးဆွဲတဲ့ ခဲတံနဲ့ ရေးထားတာတွေဟာ ကျနော်တို့ ကြည့်တဲ့သူတွေကို သက်သာရာရဖို့ဝေးလို့ အဲ့နံရံကစာတွေကို ကြည့်တာနဲ့တင် ကျနော်တို့ မွန်းကျပ်လာပါတယ်။ ဗီရာဟာ တီဗီကလာတဲ့ ယောဂ ကျင့်နည်းကို လေ့လာပြီး ယောဂလည်း ကျင့်ပါတယ်။ သူဘယ်လောက်တောင် တော်လဲဆို။ နောက်ပိုင်းမှာ ရောဘတ်ကိုယ်တိုင်ကတောင် သူ့ကို ယုံကြည်လာတဲ့အထိ လုပ်နိုင်သွားပါတယ်။ အပြင်တွေ ဘာတွေတောင် ပေးထွက်တဲ့ အထိပါ။ ဒါပေမယ့် ဇာတ်ကားအဆုံးသတ်မှာတော့ ဗီရာဟာ ရောဘတ်ကိုရော မာရီလာ ကိုပါ သတ်ပြီး သူ့ဘ၀ဟောင်းကို ပြန်သွားပါတယ်။ ဒါပေမယ့် ဇာတ်ကားက ကျနော်တို့ကို တွေးစရာ တစ်ချက်ထပ်ပေးပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဗီရာဘ၀ကို နှစ်သက်သာယာတဲ့ အရိပ်အရောင်တွေ ပြခဲ့တာပါပဲ။ နောက်ဆုံး ရောဘတ်ကို သတ်တဲ့နေရာမှာတောင် သူ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။ ဒါပေမယ့် ဇာတ်ကားကတော့ ကျနော်တို့ကို အဖြေပေးမသွားခဲ့ပါဘူး။ ဗီရာဟာ ဗီရာအဖြစ်နဲ့ ဗင်းဆင့် ဘ၀မှာ နေထိုင်မလား။ ဗီရာကနေ မူလဗင်းဆင့်အဖြစ်ကို ပြန်ပြောင်းမလားဆိုတာကိုတော့ ပြောမသွားပါဘူး။ ဒါပေမယ့် ဇာတ်ကားအလိုအရတော့ သူ့ကို အဲလို ပြန်ပြောင်း ပေးနိုင်တာ ရောဘတ်ပဲ ရှိပါတယ်။ အဲတော့ ပြန်မပြောင်းနိုင်ဘူးလို့ ပြောလို့ရပါတယ်။
အဲ့ဒီမှာ ရုပ်ရှင်ကြည့်သူတွေကို ဇာတ်ကားက မေးတာ တစ်ခုရှိပါတယ်။ အဆင်ပြေနေပြီဖြစ်တဲ့ ဗီရာ ဘ၀မှာပဲ နေလို့ရရဲ့သားနဲ့ ဘာလို့ ဗင်းဆင့် ဘ၀ကို ပြန်သွားရတာလဲ။ ကျနော်တို့ဆိုရင်ရော ဗီရာ့နေရာမှာဆို ဘယ်လိုလုပ်မှာလဲ။ ဘ၀အသစ်မှာပဲ အဆင်ပြေအောင်နေမလား။ ဘ၀ဟောင်း အစစ်အမှန်ကို ပြန်သွားမလား။  သေလောက်တဲ့ အဖြေရကျပ်တဲ့ မေးခွန်းတွေ ချည်းပါပဲ။ ကျနော်တို့ ဗုဒ္ဓစာပေတွေထဲမှာတော့ အဲဒီလို ယောင်္ကျားဘ၀ကနေ မိန်းမဘ၀ကို ပြောင်း၊ ပြီး ယောင်္ကျားဘ၀ကို ပြန်ပြောင်းသွားတဲ့ မောင်မစ္စက ရှိပါတယ်။ မောင်မစ္စက ကလည်း မူလဘ၀ကို ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဖတ်ဖူးတာကတော့ မောင်မစ္စက ဘ၀နှစ်ခုစလုံးမှာ သူပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကျနော်တို့ ဘာသာအလိုအရသာ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ကို ပြန်သွားခဲ့တာပါ။ ဗီရာ့လို နာကျင်မှုတွေနဲ့ ပြန်သွားခဲ့တာ မဟုတ်ပါဘူး။ မောင်မစ္စက ဘ၀နှစ်ခုစလုံးမှာလည်း သားသမီးတွေ မွေးဖွားခဲ့ပါတယ်။ မိန်းမဘ၀က သားသမီးတွေကို ပိုချစ်တယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဟုတ်ပြီ။ ဗီရာ့ဘ၀ ကျတော့ရော။ ထားပါတော့ အပေါ်က မေးခွန်းကို ကျနော်တို့ မဖြေနိုင်ပါဘူး။ ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့မေးခွန်းကို ဘယ်လိုပဲ ဖြေဖြေ။ ဘယ်အဖြေမှ မှားတယ်လို့လည်း မပြောနိုင်ပါဘူး။ မှန်တယ်လို့လည်း မပြောနိုင်ပါဘူး။ လောကကြီးမှာ အဲဒီလို အမှန် အမှား ခွဲခြားလို့ မရတဲ့ အရာတွေ အများကြီး ရှိပါလားဆိုတာကို ကျနော်တို့ကို နာနာကျင်ကျင် သတိပေးနေတာပါ။ ခရစ်ရှနားကြီးပြောတာကတော့ လူမှုရေး ပြသနာတွေမှာ အမှား အမှန်ဆိုတာ မရှိဘူးလို့ ပြောပါတယ်။ တကယ်ပါ အမှားဆိုတာ ၊အမှန် ဆိုတာတွေကို ကျနော်တို့ ပြန်လည် ဆန်းစစ်သင့်ပြီ ဆိုတဲ့အကြောင်း ဒီဇာတ်ကားလေးက တရားပြသွားတယ်လို့တောင် ပြောလို့ရပါတယ်။ ခုခေတ် လိင်တူဆက်ဆံသူများက သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတာကို မှားလား မှန်လားလို့ သိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်နိုင်ပါတယ်။
နောက်ပြီး ကျနော်တို့ ဒီဇာတ်ကားလေးကို ရှင်တော် ဗုဒ္ဓဟောကြားတော်မူသွားတဲ့ တရားတော် တွေနဲ့ တတ်သလောက် မှတ်သလောက် ချဉ်းကပ်ကြည့်ရအောင်။ ဒီဇာတ်ကားလေးမှာ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ပြသွားတာက အရေပြားတစ်ထောက်စာလေး အပေါ် ကျနော်တို့ လူသားတွေရဲ့ တိမ်းညွှတ်မှုပါ။ အရေပြား တစ်ထောက်စာလေး အပေါ်က လိင်စိတ်ပါ။ ရောဘတ်ကလည်း ဒီကောင်မလေး ဗီရာဟာ ဗင်းဆင့်ကနေ သူပြောင်းလဲထားမှန်းသိသိကြီးနဲ့ ဗီရာအပေါ် သူတပ်မက်ခဲ့ပါတယ်။ ဗီရာကလည်း သူ့ကို ယုတ်မာပက်စက်စွာ လိင်ပြောင်းလဲခဲ့တဲ့ သူကြီးမှန်း သိလျက်နဲ့ ရောဘတ်အပေါ် သူရဲ့ လိင်စိတ်ကို ဖောက်ထုတ်ခဲ့ပါတယ်။ ဒါဟာ စိတ်ပညာနယ်ပယ် ကနေကြည့်ရင်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေ တစ်ခုပါ။ အကုန်လှောင်ပိတ်ထားခံရတဲ့ လူသားတစ်ယောက်၊ ဘာဆိုဘာမှလည်း မျှော်လင့်စရာမရှိတော့တဲ့ လူသားတစ်ယောက်၊ စိတ်လက်ဖြေဖျောက်စရာလည်း နည်းပါးတဲ့ လူတစ်ယောက်အဖို့တော့ လိင်စိတ်ကပဲ သူရဲ့ ထွက်ပေါက်ဖြစ်ခဲ့တာပါ။ အလွန် သနားစရာ၊ စိတ်တုန်လှုပ်စရာ အခြေအနေတစ်ခုပါ။ အဲဒီမှာ သူတို့နှစ်ယောက်စလုံးဟာ အစစ်အမှန် မဟုတ်ဘူး သိသိကြီးနဲ့ သူတို့ရဲ့ လိင်စိတ်တွေဟာ ထကြွလာပါတယ်။ အရေပြား တစ်ထောက်လေး အပေါ် သူတို့ရဲ့ ငြိတွယ်မှု တဏှာဟာ ကျနော်တို့ ကြည့်ရှုသူတွေ အဖို့ အလွန် တုန်လှုပ်စရာ၊ တရားကျချင်စရာ ဖြစ်အောင် ပြုလုပ်သွားနိုင်ပါတယ်။ လောကရဲ့ အကြီးဆုံး တဏှာဖြစ်တဲ့ လိင်စိတ်ကို သူတို့ သရုပ်ဖော်သွားတာ ကျနော်တို့ကို တစ်ချက်တစ်ချက် အတော်လေး တုန်လှုပ်ချောက်ချား စေပါတယ်။ ဒီလိုစိတ်မျိုးတွေဟာ ကျနော်တို့ရဲ့ မဆုံးနိုင်သော သံသရာကြီး ကို ဖန်တီးနေတာပါလား၊ ဒီ မဆုံးနိုင်သော သံသရာကြီးမှာ ကျနော်တို့ဟာ ဒီလို ကာမတဏှာတွေနဲ့ ရှင်သန်လိုက်၊ သေဆုံးလိုက် ဖြစ်နေရတာပါလား လည်း ဆိုပြီး ပါးပါးလေး နဲ့ နာနာလေး ကျနော်တို့ကို ရိုက်ပုတ်လိုက်တာပါ။ ကျနော်တို့ ပုထုဇဉ်တွေရဲ့ ဘ၀တဏှာတွေကို ဗီရာရဲ့ သေကြောင်းကြံစည်မှုတွေ၊ ရောဘတ်အပေါ် ဖြစ်ပေါ်လာတဲ့ စိတ်တွေကနေ မီးမောင်းထိုးပြသွားပါတယ်။ ဒီနေရာမှာ ရှင်တော်ဟောခဲ့တဲ့ သညာသိ နှင့် ပညာသိ ဆိုတာကိုလည်း ကျနော်တို့ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားမိပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အစစ်အမှန်မဟုတ်မှန်းတော့ သိတော့ သိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အသိတွေဟာ အချက်အလက်ကို သိရုံမျှဖြစ်တဲ့ သညာသိ ဖြစ်နေတဲ့အတွက် ဒီစိတ်ကို သူတို့ မကျော်လွှားနိုင်ခဲ့ပါဘူး။ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ ခန္ဓာကိုယ် အတ္တဘောကြီးအပေါ် တရားအမြင်နဲ့ ငါ၊သူတစ်ပါး၊ယောင်္ကျား၊ မိန်းမ စသည်ဖြင့် ပညာသိနဲ့ သူတို့ မကြည့်နိုင်ခဲ့ပါဘူး။ ကျနော်တို့ရော သူတို့နေရာမှာဆို အဲဒီ့စိတ်ကို ကျော်လွှားနိုင်ပါ့မလား စဉ်းစားချင်စရာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက ကျနော်တို့က ကြောက်လန့်တုန်လှုပ်အောင် မေးခွန်းထုတ်ပြီး သတိပေးပါတယ်။ တကယ်ကြည့်ရတာ တန်တဲ့ ကားဖြစ်ပါတယ်။
ဇာတ်ကားတစ်ကားလုံးကလည်း ကျနော်တို့ကို မေးခွန်းတွေနဲ့ တရစပ် ပစ်ပေါက်သွားတာပါ။ ပထမဆုံး ရောဘတ်ရဲ့ ဘ၀ကို ဆန်းစစ်ကြည့်လိုက်ကြရအောင်။ ဒီနေရာမှာ အန်တိုနီယို ကြီးရဲ့ သရုပ်ဆောင်ချက်တွေ ကောင်းကြောင်းတော့ ပြောမနေတော့ပါဘူး။ ကမ္ဘာကျော်သရုပ်ဆောင်ကို ကျနော့်လို ဘာမဟုတ်တဲ့ကောင်က ချီးမွမ်းသလိုကြီး ဖြစ်နေမှာစိုးလို့ပါ။ ရောဘတ်ကို ဆန်းစစ်ကြည့်ရင် ကောင်လေးကို လိင်ပြောင်းတဲ့ အပိုင်း နဲ့ ပြီး လိင်ပြောင်းပြီး သူကပဲ ပြန်ကြိုက်သွားတဲ့ (၂) ပိုင်း ခွဲပြောရမှာ။
ပထမဆုံး ကောင်လေးကို လိင်ပြောင်းတဲ့ကိစ္စကတော့ ရှင်းပါတယ်။ သူရဲ့ ကြီးမားလှတဲ့ နာကျင်မှုတွေက အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ ၊လူမဆန်တဲ့ အလုပ်တွေကို လုပ်မိစေဖို့ တွန်းအားပေးလိုက်တာပါ။ နာကျင်မှုတွေဟာ သူရဲ့ ပညာတတ်အမြင်၊ လူကောင်းစိတ်တွေကို မြူတွေလို ဖုံးအုပ်ပစ်လိုက်တာပါ။ ဒီနေရာမှာ ဆရာဝန်တွေရဲ့ ကျင့်ဝတ်အကြောင်းကို ပြောဖို့လိုလာပါပြီ။ စတင်စဉ်တုန်းကတော့ သူ့ဇနီးကို ကုသဖို့၊ စစ်ပြန် ဒုက္ခိတတွေကို ကုသဖို့ မွန်မြတ်လှတဲ့ စိတ်ဓါတ်ဟာ ရက်စက်တဲ့စိတ်ကို ပြောင်းသွားတဲ့ အခါမှာတော့ လူမဆန်အောင် ရက်စက်တဲ့ အဖြစ်ကို ရောက်သွားတာပါပဲ။ အဲတော့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်နေရာကနေ ကြည့်ရင် သူတကယ် ကျင့်ဝတ်ပျက်ပြားတာပါ။ ဒါပေမယ့် ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနေရာကနေ ကြည့်ရင်တော့ သနားစရာကောင်းနေပြန်ပါတယ်။ ကျင့်ဝတ်ဆိုတာ ဒါပါပဲ။ လူ့လောက လု့ဘောင် အသိုင်းအ၀ိုင်းက မဖြစ်သင့်ဘူးလို့ ထင်တဲ့အရာတွေပါပဲ။ ဆရာဝန်တစ်ယောက်ဟာ ပုဂ္ဂိုလ်ရေးကို သူ့အလုပ်မှာ လာရောသင့်သလား၊ အဲဒီလို တစ်ဦးချင်းခံစားမှုတွေနဲ့ အလုပ်ကို ရောနှောပစ်သင့်သလား။ ပြီး သူတတ်ထားတဲ့ ပညာတွေဟာ လူတွေကို ကူညီဖို့ ဖြစ်ရမှာကို ကြီးမားတဲ့ ဒေါသတစ်ခုရဲ့ ပြောင်းလဲခြင်းကြောင့် ပြောင်းလဲသွားရပါတယ်။အဲတော့ အဲ့နေရာမှာ ကျနော်တို့ ကောက်ချက်တစ်ခုဆွဲလို့ ရပါပြီ။ ဆရာဝန်တွေတင် မကပါဘူး။ ဘယ်အသက်မွေးဝမ်းကျောင်းမဆို ကိုယ်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေ၊ လောဘတွေ၊ ဒေါသတွေ ရောယှက်လာပြီဆိုရင်တော့ မောဟ အမှောင်တွေ ဖုံးပြီး သူတတ်ထားတဲ့ ပညာတွေဟာ လူ့လောကြီးအတွက် တကယ့်ကို ကြီးမားလှတဲ့ အဖျက်အမှောင့်ကြီး ဖြစ်သွားတောာ့ပါပဲ။ ရောဂါကုဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ပျောက်ပြီး ပိုက်ဆံပဲ မည်းသည်းရှာ၊ အထူးကု ဖြစ်ဖို့လောက်ပဲ တစ်ချိန်လုံးတွေးနေမယ် ဆိုရင်တော့ ဒါ ဆရာဝန် မဟုတ်တော့ပါဘူး။ ပိုက်ဆံရှာဖို့ ဆရာဝန် အရည်ခြုံလိုက်တာပဲ ဖြစ်ပါတော့တယ်။ ကျောင်းဆရာ၊ဆရာမတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ မူလရည်ရွယ်ချက် ပျောက်ပျောက်နေတတ်ကြပါတယ်။ စာသင်ကြားဖို့ တော်တဲ့ တတ်တဲ့ ကလေးတွေ မွေးထုတ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပျောက်ပြီး အပိုဝင်ငွေရဖို့ ကျူရှင်သင်ဖို့လောက်ကိုပဲ စိတ်ကုးနေကြတော့တာပါ။ ဒါ အပြစ်ပြောနေခြင်း မဟုတ်ပါဘူး။ ပြောချင်တာက အဲဒီလို မူလရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ စားဝတ်နေရေးအတွက် ဘယ်အသက်မွေးဝမ်းကျောင်းမှာ မဆို ငွေရှာဖို့ လိုအပ်ပါတယ်။ ကိုယ်ရပ်တည်နိုင်မယ့် ငွေကြေးရှိမှသာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ငွေရှာရင်းနဲ့ပဲ ငွေရှာတဲ့ အလုပ်ပေါ်မှာသာ သာယာသွားပြီး မူလရည်ရွယ်ချက်တွေကို မေ့မေ့သွားတတ်လို့ပါ။ နေရာတကာမှာ အဲလို မူလရည်ရွယ်ချက် ပျောက်ပျောက်သွားတတ်လို့ပါ။ အဲတော့ အဲလို မူလရည်ရွယ်ချက် မပျောက်ချင်ရင် ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ဒါကတော့ ကျနော်တို့ တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရား ကိုယ်ခံအားနဲ့ပဲ သက်ဆိုင်ပါတယ်။ အဓိကကတော့ ကိုယ်ခံအားကောင်းနေဖို့ပါပဲ။ အဲလို ကိုယ်ခံအား ကောင်းနေဖို့ဆိုရင်လည်း အများလက်ခံထားတဲ့ ကျင့်ဝတ်တွေကို တတ်နိုင်သလောက် လိုက်နာပြီး လေ့ကျင့် ထိန်းကျောင်းဖို့ပဲ ရှိတာပါ။ ဘာသာရေးက ပြဌာန်းထားတာတွေကိုလည်း လိုက်နာယုံပါပဲ။ တခြားနည်းမရှိပါဘူး။
ထားတော့။ နောက်တစ်ပိုင်းကို စဉ်းစားကြည့်ကြရအောင်။ အဲဒီမှာလည်း သူပဲ လိင်ပြောင်းပေးလိုက်တဲ့ ကောင်လေးတစ်ယောက်ကို တနည်းအားဖြင့် ကောင်မလေးကို ရောဘတ်က ဘာကြောင့် ပြန်သာယာ သွားရတာလဲ။ ပြန်ကြိုက်သွားရတာလဲ။ ကောင်မလေးက မြူဆွယ်တာကြောင့်ရော၊ သူရဲ့ ဆုံးပါးသွားတဲ့ ဇနီးနဲ့ တုတာကြောင့်ရော အကြောင်းအမျိုးမျိုးတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူဟာ သူကိုယ်တိုင် ထုဆစ်ခဲ့တဲ့ ပန်းပုရုပ်လေးကို သူပြန်လည် တပ်မက်သွားတာမျိုးပါ။ နှမြောတသ ဖြစ်သွားပုံမျိုးပါ။ အဲတော့ ဒီနေရာမှာလည်း ကျင့်ဝတ်တစ်ခု ရှိလာပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ဟာ သူကုသပေးခဲ့ရတဲ့ လူနာတစ်ယောက်ကို ကိုယ်ပြန်ကြိုက်နှစ်သက်ခွင့် မရှိတော့ဘူးလား။ ဆရာ၊ဆရာမတစ်ယောက်ဟာ သူစာတွေသင်ပေးနေရတဲ့ ၊သင်ပေးလိုက်တဲ့ တပည့်တစ်ယောက်ကို ကြိုက်ခွင့် မရှိတော့ဘူးလား။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာတော့ ဒါကို လက်မခံပါဘူး။ လက်မခံပေမယ့်လည်း ဒါမျိုးက ခဏခဏဖြစ်နေကြတာပါပဲ။ ဖြစ်လည်း ဖြစ်လေ့ဖြစ်ထ ရှိနေကြတဲ့ အရာပါ။ ဒါကိုရော ကျနော်တို့ အလုံးစုံမှားတယ်လို့ ပြောလို့ရနိုင်သလား။ လူသားတစ်ယောက် ရဲ့ခံစားချက်၊ လူသားတွေရဲ့ လူ့ကျင့်ဝတ်တွေကြားမှာ ကြီးမားတဲ့ ပဋိပက္ခကြီး တည်ရှိနေတာကြာပါပြီ။ အဲဒီ ပဋိပက္ခကြီးကိုရော ကျနော်တို့ ဘယ်လိုဖြေရှင်းကြမှာလဲ။ ဖြေရှင်းဖို့ နည်းလမ်းရော တွေ့ကြပြီလား။ လူသားရဲ့ တိရစ္ဆာန်တွေနဲ့ မတူတဲ့ အကြီးမားဆုံးအချက်က ကြီးမားသော စိတ်ခံစားချက်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာပါ။ ပြီးတော့ လူသားတစ်ယောက်အတွက် အရေးကြီးဆုံး သိက္ခာတရားဟာလည်း လူ့ကျင့်ဝတ်တွေကို စောင့်ထိန်းတဲ့ ကိုယ်ကျင့်တရားပါပဲ။ အဲဒီနှစ်ခုအကြား အားပြိုင်မှုတွေမှာ အောင်မြင်တယ်လို့ သတ်မှတ်ခံရတဲ့ သူတွေ၊ ရှုံးနိမ့်တယ်လို့ သတ်မှတ်ခံရတဲ့သူတွေ အများကြီး အများကြီး ရှိပါတယ်။ အောင်မြင်သူတွေကရော ဘယ်စံ ဘယ်နှုန်းနဲ့ အောင်မြင်တာလဲ။ ရှုံးနိမ့်သူတွေကရော ဘယ်စံ ဘယ်နှုန်းနဲ့ ရှုံးနိမ့်တာလဲ။ တကယ်အစစ်အမှန် အောင်မြင်ခြင်းလား၊ ရှုံးနိမ့်ခြင်းလား။ အဖြေမထွက်တဲ့ မေးခွန်းတွေ အများကြီးပါ။
အားလုံးကို ခြုံကြည့်လိုက်ရင်တော့ ဒီဇာတ်ကားလေးဟာ ကြည့်တဲ့သူတွေကို ဇာတ်ကားအတွင်းမှာရော၊ ဇာတ်ကားပြီးသွားတဲ့ အခါမှာရော မေးခွန်းတွေနဲ့သာ ကျနော်တို့ကို ရက်ရက်စက်စက် ပစ်ပေါက်၊ ရက်ရက်စက်စက် ချန်ထားသွားခဲ့တာပါ။ ဒီဇာတ်ကားဟာ မသိနားမလည်တဲ့ သူတွေအဖို့တော့ လိင်အသားပေး ဇာတ်ကားတစ်ကားလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် သေချာပါတယ်။ ဒီဇာတ်ကားကို ကြည့်နေစဉ်မှာရော၊ ကြည့်ပြီးသွားတဲ့ အခါမှာရော ကိုယ့်လိင်စိတ်ကိုတောင် ကိုယ်ရှက်ရွံ့တဲ့အထိ ခံစားသွားရမှာ အမှန်ပါပဲ။ အနောက်နိုင်ငံတွေမှာတော့ လုတော်တော်များများက သတ်မှတ်တာက သေခြင်းရယ် လိင်စိတ်ရယ်က အကြီးမားဆုံး စိတ်ပြသနာတွေပါပဲတဲ့။ လိင်စိတ်တစ်ခုဟာ အမုန်းတွေကိုလည်း ကျော်နိုင်ပါတယ်။ အချစ်တွေကိုလည်း ကျော်နိုင်ပါတယ်။ အရာအားလုံးကိုလည်း ဂမူးရှုးထိုး ကျော်ဖြတ်နိုင်ပါတယ်။ အဲတော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်သိက္ခာတွေသာ မရှိဘူးဆိုရင် ကျနော်တို့ရဲ့ စိတ်တွေဟာ အလွန်တရာ ရွံရှာကြောက်ရွံ့ဖွယ် ကောင်းကြောင်းကို မီးမောင်း ထိုးပြသွားတာပါ။ ဇာတ်ကားတစ်လုံးကို ကြည့်လိုက်ရင်လည်း ပါဝင်တဲ့ အဓိကဇာတ်ဆောင်တွေ အားလုံးကို အမှတ်တမဲ့ဆိုရင်တော့ လိင်စိတ်သောင်းကျန်းသော လူတွေလို့ ထင်မိကြမှာပါ။ ဒါပေမယ့် သူတို့အားလုံးဟာ ကျနော်တို့အားလုံးကို ကိုယ်စားပြုပါတယ်။ သူတို့အားလုံးဟာ လူသားတွေ အကြောင်းကို သရုပ်ဆောင်ပြသွားတာပါ။ ဒီကားထဲမှာ အဆိုးဆုံးဖြစ်တဲ့ တိုက်ဂါးဇာတ်ကောင်တောင် သူနဲ့ ချစ်ကြိုက်ဖူုးတဲ့ ကောင်မလေးနဲ့ အထင်မှားသွားလို့ ယုတ်ညံ့ကြမ်းတမ်းတဲ့သူ ဖြစ်သွားတာပါ။ ဒါပေမယ့် သူဟာ အစကတည်းက သူ့အကို မိန်းမကို ပြန်ကြိုက်တဲ့ လူယုတ်မာ တစ်ယောက်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ဒါတွေအားလုံးဟာ လူသားတွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြမ်းတမ်းယုတ်မာသော စိတ်တွေအကြောင်းကို အသေးစိတ် ကျနော်တို့ ကြောက်လန့်သွားစေတဲ့အထိ ချယ်မှုန်းပြသသွားခဲ့တာပါ။ ကျနော်တို့ ဘာကြောင့် ကြောက်လန့်သွားရသလဲ ဆိုတာလည်း ရှင်းပါတယ်။ ကျနော်တို့ဟာလည်း အသွေးတွေ အသားတွေနဲ့ တည်ဆောက်ထားတဲ့ လူသားစစ်စစ်တွေ ဖြစ်နေတာကိုး။
နောက်ဆုံးအနေနှင့် ပြောရရင်တော့ အထက်မှာ ကျနော် တောက်လျောက်ပြောခဲ့တဲ့အတိုင်း ဒီကားလေးက ကျနော့်တို့ကို တစ်ချိန်လုံး မေးခွန်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အဖြေပေးမသွားခဲ့ပါဘူးလို့ တော့ ပြောလို့မရပါဘူး။ သူဟာ မေးခွန်းတွေမေးပြီးပဲ အဖြေပေးသွားခဲ့ပါတယ်။ လောကမှာ ကြောက်စရာအကောင်းဆုံး စိတ်ဖြစ်တဲ့ လိင်စိတ်ကို ဘယ်လို ဘယ်နည်း ချုပ်ကိုင်သွားရမယ်ဆိုတာကို တိုက်ရိုက်အဖြေမပေးဘဲ မေးခွန်းတွေနဲ့ပဲ အဖြေပေးသွားခဲ့တာပါ။ ကျနော်တို့ လူအဖွဲ့အစည်းမှာ ယဉ်ကျေးသော လူုမှုအသိုင်းအ၀ိုင်းမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ သိက္ခာတွေ ၊လူ့စည်းကမ်းတွေ ရှိပါတယ်။ အဲဒီ လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကိုယ်တိုင်ကိုလည်း လူတွေကပဲ တီထွင်ထား၊ သတ်မှတ်ထားတဲ့ အတွက် ယိုပေါက်တွေ၊ မလွယ်ပေါက်တွေ၊ အမြီးအမောက် မတည့်တာတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာတွေပဲ ရှိနေရှိနေ ကျနော်တို့ လူသားတွေဟာ လူ့ကျင့်ဝတ်တွေကိုတော့ လိုက်နာရမှာပါ။ ဘာတွေ ပေးဆပ်ရသည်ဖြစ်စေ ခံစားချက်တွေ နှလုံးသားတွေ ဘယ်မျှသေဆုံး ကုန်ကျရသည်ဖြစ်စေ ကျနော်တို့ လိုက်နာရမှာပါ။ အမှားလား အမှန်လား မခွဲခြားနိုင်တဲ့ လူမှုပြသနာတွေကို ကျနော်တို့ လိုက်လံဖြေရှင်းနေရင် ပြီးမှာ မဟုတ်တော့ပါဘူး။ အဲတော့ လူသားအားလုံးက လက်ခံထားရတဲ့ လူ့ကျင့်ဝတ်တွေကို အပြည့်အ၀ လိုက်နာရုံကလွဲလို့ တခြားနည်း မရှိပါဘူး။ အဲဒီလို လူ့ကျင့်ဝတ်တွေ၊ လူ့စည်းကမ်းတွေ လိုက်နာရလို့ နာကျင်ရမယ့် ခံစားမှုတွေထက်စာရင် ကျင့်ဝတ်တွေ မလိုက်နာလို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက မတွေးရဲစရာပါပဲ။ လူ့ကျင့်ဝတ်တွေသာ မရှိဘူးဆိုရင် လူ့လောကကြီးဟာ တကယ့်ကို တိရိစ္ဆာန်တွေနဲ့ မခြား တကယ့်ကို ကပြောင်းကပြန် ယုတ်ညံ့ကြမ်းတမ်းတဲ့ နေရာကြီးသာ ဖြစ်လာတော့မှာပေါ့။ လူကျင့်ဝတ်တွေကသာ လျှင် လူ့လောကကြီးကို စည်းနဲ့ ကမ်းနဲ့ ဖြစ်အောင်မောင်းနှင်သွားတာပါ။
အဲတော့ ကျနော်တို့ တတွေဟာ ဆရာဝန်ကလည်း ဆရာဝန်ကျင့်ဝတ်၊ ကျောင်းဆရာကလည်း ကျောင်းဆရာ ကျင့်ဝတ်၊ စစ်သားကလည်း စစ်သားကျင့်ဝတ်

1 comment: