ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, February 4, 2013

မြန်သော များသော ခေတ်ကြီးနဲ့ လူသားရဲ့ တန်ဖိုး

ကျနော် FB မှာ “ခေါင်းစဉ်များသော ခေတ်ကြီးအောက် လူငယ်တစ်ယောက်ရဲ့ တစ်နေ့တာ” ကို ဒီစာကို ရေးဖို့ အကြို အနေနှင့် ရေးခဲ့ပါတယ်။ တကယ်တော့ ခေတ်ကြီးရဲ့ အကြောင်းရယ်၊ ကျနော်တို့ လူငယ်တွေရဲ့ အကြောင်းတွေ ဆိုတာ ရေးဖို့ အရမ်းကျယ်ပြန့်ပါတယ်။ အခု ကျနော်က ကျနော်မြင်သလောက်ကိုသာ တင်ပြလိုက်တာပါ။ ခေတ်ကြီးက ဘာတွေ မြန်နေတယ်။ ဘာတွေ များနေတယ်။ တန်ဖိုးရှိသော လူသားတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲကို ကျနော် ဆွေးနွေးကြည့်တာပါ။

မြန်သော ခေတ်ကြီး
                           ခေတ်ကြီး မြန်တာတော့ တော်တော်များများ သိကြပါတယ်။ ပို့ဆောင် ဆက်သွယ်ရေးတွေ မြန်လာတယ်။ သတင်းအချက်အလက်တွေ ပြန့်ပွားမှုမြန်လာတယ်။ ကမ္ဘာကြီးက ရွာတစ်ရွာဖြစ်လာတယ် ဆိုတာကတော့ တော်တော်များများ သိကြပါတယ်။ ဒါပေမယ့် ကျွဲကူးရေပါ သဘောအတိုင်း ခေတ်ကြီး မြန်လာသလို အိုမင်းတာတွေလဲ မြန်လာပါတယ်။  ခေတ်ကုန်တာတွေလဲ မြန်လာပါတယ်။ အတွေးအခေါ်တစ်ခု၊ တန်ဖိုးတစ်ခု၊ နှုန်းစံ တစ်ခုရဲ့ သက်တမ်းကလဲ ဘာမှ မကြာတော့ပါဘူး။ အရင်ဆုံး အီလက်ထရွန်နစ် ပစ္စည်းတွေရဲ့ တန်ဖိုးကိုပဲ ကြည့်လိုက်ပါ။ တစ်လလောက်ဆို တော်တော်ဈေးကျသွားပါပြီ။ အဲဒီလိုပဲ ကျနော်တို့ ဆုပ်ကိုင်ထားကြတဲ့ အတွေးအခေါ်တွေ တန်ဖိုးထားမှုစံနှုန်းတွေ ဟာလည်း သက်တမ်း ကြာကြာမခံတော့ပါဘူး။ ဒီနေရာမှာ ကျနော်တို့တင် မဟုတ်ပါဘူး။ တကယ့်ဆရာကြီးတွေတောင် မှားတတ်ပါတယ်။ ဟိုတစ်လောလေးကမှ မြန်မာနိုင်ငံကို လာသွားတဲ့ ဖရစ်စစ်ဖူကူယာမတောင် အရင်က သမိုင်းအဆုံးသတ်သွားပြီလို့ ပြောပြီး နောက်ပိုင်း သူကိုယ်တိုင် ဒီလို ဆိုလိုတာ မဟုတ်ဘူးလို့ ပြင်ယူရပါတယ်။ ကျနော်ကတော့ ကျနော်တို့ နိုင်ငံကအကြောင်းတွေနဲ့ပဲ ဥပမာပေး ပြောပါမယ်။ အရင် ၂၀၁၀ မတိုင်ခင်ကဆို အစိုးရအကြောင်း မကောင်းပြောတဲ့ လူတွေဆို “ အို ပြောရဲလိုက်တာ။ မှန်လိုက်တာ။ သတ္တိရှိလိုက်တာ” လို့ပဲ ချီးကျူးကြပါတယ်။ အခု ၂၀၁၀ ကျော်လာတဲ့ အခါကျတော့ အဲလိုပြောတိုင်းလည်း လူထုမေတ္တာ မရနိုင်တော့ပါဘူး။ တကယ်မှန်မှပဲ တကယ်ချစ်ကြတော့တာပါ။ NLD အပေါ်ထားတဲ့ သဘောထားရော အရင်ကလို တူသေးရဲ့လား လို့  မိတ်ဆွေတို့ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပါဦး။ ကျနော်တို့ ဆရာတွေတောင် ကိုယ်သင်မယ့် စာကျွမ်းကျင်ရုံနဲ့ မရတော့ပါဘူး။ ကျန်တာတွေ မသိရင် ဥပမာ ဖုန်းမှာ Bluetooth လေးတောင် မပို့တတ်ရင် “ဟင် ဆရာကလဲ ဒါတောင် မတတ်ဘူးလား” ဆိုပြီး အငေါက်ခံရပါတယ်။ ပြီးတော့ ကျောင်းသားတွေရဲ့ အမြင်မှာလဲ ဆရာဆိုတာ အရင်တုန်းကလို ကိုးကယ်ဆည်းကပ်စရာလို့ သဘောမထားတော့ဘဲ သူ့ကို စာသင်ပေးတဲ့ ကျေးဇူးတင်စရာကောင်းတဲ့ စာသင်စားသူကြီး အဆင့်ပဲ ရှိပါတော့တယ်။ အရင်တုန်းက ဆရာဆိုတဲ့ သဘောမျိုး မရှိတော့ပါဘူး။ ဆရာတစ်ချို့က ဆရာဂုဏ် မညီတာလည်း ပါတာပေါ့လေ။ ပြောချင်တာက တန်ဖိုးထားမှု စံနှုန်းတွေ အိုမင်း သေဆုံးတာ မြန်လာတာကိုပါ။ စီးပွားရေးမှာလဲ ကြည့်ကြည့်ပါ။ ဘယ် Brand က ကြာကြာခံနေသေးလို့လဲ။ အဲတော့ ခေတ်ကြီး မြန်လာတာနဲ့ အမျှ လိုက်မြန်လာတဲ့ နေရာမှာ တစ်ချို့ မြန်လာတာက ကောင်းပေမယ့် တစ်ချို့ မြန်လာတာက အဆိုးသဘောဖြစ်နေပါတယ်။ တရုတ်မှာပဲ ကြည့်ကြည့်ပါ။ တရုတ်တော်တော်များများရဲ့ ခေါင်းထဲမှာ ကွန်ဖြူးရှပ် က ဟီးရိုး မဟုတ်တော့ပါဘူး။ တကယ်သာ ဟီးရိုးဖြစ်နေသေးတယ်ဆိုရင် ကျနော်တို့ ဘယ်မှာလာ အခုလို ခံနေရမလဲဗျာ။ ခေတ်က အဖေတောင် သားကို လမ်းမညွှန်နိုင်တော့တဲ့ ခေတ်ပါ။ တစ်ခါကဆို ကျနော်တို့ ပုသိမ်က စိုးအိမ် ကလောင်နဲ့ စာရေးတဲ့ ဆရာဦးစိုးထိုက် ပြောတာလေး ပြောချင်ပါတယ်။ သူ့သားက ဆယ်တန်းအောင်တော့ သူ့ကို “ သား ဘယ်လိုင်းလိုက်ရင် ကောင်းမလဲ” ဆိုတော့ သူက “သားရယ် အဖေလည်း ဘာကောင်းမှန်းတောင် မသိတော့ပါဘူး။ မင်း ကောင်းမှန်းထင်တာသာ လုပ်ပေါ့ကွာ။ မင်းတို့ ခေတ်ကြီးက မြန်လွန်းတော့ အဖေလည်း လိုက်မမှီတော့ဘူး” တဲ့။ အဲလိုဆို ကျနော်ကလဲ သူ့ကို မေးချင်ပါတယ်။ ဆရာရော အရင်လို နီသေးလားလို့ ဆိုပြီး။

များသော ခေတ်ကြီး

ကျနော် ခုလို ခပ်ရွဲ့ရွဲ့ ပဲ ပြောချင်ပါတော့တယ်။ “ ဟေ့ကောင် ခေတ်ကြီး။ မင်း နဲနဲတော့ များနေပြီ” နော်လို့။ များတာမှ တော့်တော့်ကို များတာ ။ သည်းမခံချင်လောက်အောင်ကို များတာ။ အရင် ကျနော်တို့ အဖေတွေ ခေတ်ကဆို သူတို့ လူငယ်ဘ၀မှာ သွားစရာလမ်းက သိပ်မများဘူး။ Trend သိပ်မများဘူးပေါ့ဗျာ။ အင်း အဲဒါကြောင့်လဲ လူတော်တွေ များတာထင်ပ။ ပုသိမ်မှာ အဲ့ဒီ ခေတ်က သင်တန်းကျောင်းဆိုလို့ သိုင်းသင်တန်းရယ်။ ဂစ်တာသင်တန်းရယ်ပဲ ရှိတယ်။ အဲတော့ အကြမ်းဖျင်းအားဖြင့် တွက်ကြည့်ရင် ပုသိမ်မှာ အဲဒီ ခေတ်တုန်းက လူငယ်အများစုက ဂီတရယ်၊ စာပေရယ်၊ စာတော်ချင်တာရယ် သိုင်းတတ်ပြီး ဖိုက်တာကြီး လုပ်ချင်တာရယ် ဒီလောက်ပဲရှိတယ်။ အခုလို ဘယ်လိုက်လို့ လိုက်ရမှန်းမသိအောင်ကို မများတာ။ အခုဆို ဘယ်ဖက်လိုက်မလဲ။ ကွန်ပျူတာလား (ကွန်ပျူတာမှာတာင် အများကြီး)၊ အနုပညာလား(တီးမလား.ဆိုမလား)၊ ဂျာနယ်လစ် လုပ်မှာလား၊ ဘောလုံးသမား လုပ်မှာလား။ ပရဟိတ လုပ်မလား။ ကုန်ကုန်ပြောရရင် အခြောက်လုပ်ပြီး မိတ်ကပ်ပြင် စားမလားလို့တောင် မေးလို့ရတယ်။ ဆရာဝန်တွေ သီချင်းဆိုနေတာသာ ကြည့်တော့။ အဲဒီလို နယ်ပယ်တွေ ကူးလူးဆက်စပ်နေတဲ့ နေရာမှာ ကောင်းတာတွေလဲ ရှိသလို၊ ဆိုးတာတွေလဲ အများကြီးပါ။ ကျနော်တို့ အင်္ဂလိပ်စာမှာတောင် ဒါ သိပ္ပံဖက်က စကားလုံးတွေဆိုပြီး လွှတ်ထားလို့ မရတော့ဘူး။ ရအောင်ကို လိုက်လေ့လာရတော့တာ။ အခြောက်ဆိုလို့ ပြောရဦးမယ်။ တန်ဖိုးထားမှု စံနှုန်းတွေ ပြောင်းတဲ့ အကြောင်း။ အရင်ခေတ်တုန်းက တကယ်ခြောက်ချင်နေတဲ့ သူတွေတောင် သူတို့ကို အခြောက်လို့ စရင် အရမ်းရှက်တာ။ အခုတော့ အခြောက်ကို အခြောက်လို့ သွားပြောကြည့်။ ဘယ်အခြောက်မှ စိတ်မဆိုးတော့ဘူး။ မြှောက်ပေးတယ်လို့တောင် ထင်ရင်ထင်နေမှာ။ ကျနော်တို့ဖက်ကရော ဘာထူးလို့လဲ။ အရင်တုန်းကဆို အခြောက်တစ်ယောက် တွေ့လိုက်ရရင် ထူးဆန်းလို့ လိုက်လိုက်ကြည့်ရတာ အမော။ အံ့လည်း တော်တော်အံသြ ကြတာ။ အခု ကျနော်တို့ကိုယ်တိုင်တောင် အဲလိုဟုတ်သေးလို့လား။ ရိုးသွားကြပြီလေ။ ဘာသာတရားက ပြောထားတဲ့ ယောင်္ကျားဘ၀ မြင့်မြတ်တာတို့ ဘာတို့ မပြောချင်တော့ဘူးလေ။

အဖြေ?

အဲတော့ အဲလို မြန်လွန်းတဲ့ ခေတ်ကြီးမှာ ဘယ်လိုနေကြမလဲ။ ဘယ်လိုဖြတ်သန်းကြမလဲပေါ့။ ကျနော့်သဘောအရပြောရရင် ကိုယ့်ဖက်က ခိုင်မာနေဖို့ပဲလိုပါတယ်လို့.။ ခေတ်ကြီး မြန်တိုင်း ကျနော်တို့ အမြန်လိုက်နေလို့ မရပါဘူး။ လိုက်လည်း မမှီပါဘူး။ ဆရာ ကျော်ဝင်း ခဏ ခဏရေးသလို ကျနော်တို့ အာရှမှာ တန်ဖိုးထားစရာ အတွေးအမြင်တွေ အများကြီးရှိပါတယ်။ ဗုဒ္ဓ ရှိပါတယ်။ ကွန်ဖြူးရှပ် ရှိပါတယ်။ အဲတော့ ကိုယ်ယုံကြည်ရာကိုသာ အခိုင်အမာ ဆုပ်ကိုင်ထားပြီး တစ်နေရာမှာ ကျောက်ချကာ ကိုယ်တတ်နိုင်သလောက် ကိုယ့်အကျိုး၊ နိုင်ငံ့အကျိုး၊ လောကအကျိုး သယ်ပိုးလိုက်ပါ။ ဘယ်ဟာကိုမှ အမှီ မလိုက်နေရတော့တဲ့ အတွက် မောလည်း မမောတော့ပါဘူး။ စိတ်လည်း အေးချမ်းပါတယ်။ စိုက်လိုက်မတ်တပ် လုပ်လို့ ထူးလည်း ထူးချွန်လာနိုင်ပါတယ်။ ကျောက်ချနေရလို့လည်း စိတ်မပျက်ပါနဲ့။ ဖက်ရှင် သံသရာ သဘောအရပြောရရင် တစ်ချိန်ကျရင် ခင်ဗျားက ရှေ့က ပြန်ပြေးနေသလိုတောင် ဖြစ်နေဦးမယ်။ ကျနော် အခုဆိုရင် ကျနော်တို့ ခေတ်နဲ့ဆိုရင် ကျန်ခဲ့ပြီ ဖြစ်တဲ့ ဇော်ဝင်းထွဋ်ကြီးကို ပြန်ပြီး လေးစားတတ်နေပါပြီ။ သူ့တန်ဖိုးလေးနဲ့ သုနေထိုင်လို့ပါ။
များလွန်းတဲ့ အကြောင်းကို ပြောရရင်လည်း ခေတ်မှာ သူကြိုက်သလောက် ရွေးစရာများနေပစေ။ ကိုယ်တကယ် ဘာသန်လဲ။ ဘယ်မှာ ငါ အောင်မြင်နိုင်လောက်လဲ ကိုပဲ သိဖို့လိုပါတယ်။ ဒါမယ့် အဲဒါလေးကိုကလည်း တော်တော်ခက်ပါတယ်။ ကံကောင်းရင် ခဏလေးနဲ့ သိမယ်။ ကံမကောင်းရင်တော့ ဘ၀တစ်သက်လုံး သိချင်မှလဲ သိပါလိမ့်မယ်။ ဒါပေမယ့် ခက်တာက ခုခေတ် လူငယ်တော်တော်များများက ကိုယ်ဘာသန်လဲကို သိဖို့ အသာထား။ ကိုယ် ဘာလုပ်ချင်လည်း ဆိုတာလေးတောင် မသိကြတော့ဘူး။ သူများ ယိမ်းရင် လိုက်ရောယိမ်းလိုက်ကြတာပဲ။ သူများ ပရဟိတ ဆို တ တ။ သူများ နိုင်ငံရေး ဆို ရေး ရေး။ သူများ အဆိုတော်ဆို တော်တော် ကြီးပဲ။ ကျနော်တွေ့ဖူးတယ်။ အင်္ဂလိပ်စာကို ၀ါသနာ မပါဘဲနဲ့တောင် master အထိ တတ်နေကြတာတွေကိုပါ။ ဒီနေရာမှာ ပြောစရာရှိတာက ဒီလောက် ပညာလေးနဲ့ လုပ်စရာလဲ များများစားစားမှ မရှိတာ လို့ ပြောကြပါ လိမ့်မယ်။ နိုင်ငံကိုကလည်း လိုအပ်ချက်တွေ အများကြီးရှိနေတာကိုး။ ဒါပေမယ့် ဘယ်ပညာရပ်သေသေးလေးမှာပဲ ဖြစ်ပစေ ကိုယ်တကယ်တော်လာရင် ကိုယ့်အတွက် နေရာတစ်နေရာ အမြဲ ရှိပါတယ်။ ကျနော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို ကျောင်းတောင် ပြီးအောင် ဆက်မတတ်တော့ဘဲ ကွန်ပျူတာလိုင်းထဲ ၀င်သွားတာ။ အခုဆို သူ့ကို ပါမောက္ခ ဆရာ၊ ဆရာမကြီးတွေ တောင် ဖင်မနေရတယ်။ တစ်ခုပဲ။ သူများ ယိမ်းတိုင်း လိုက်ယိမ်းနေရင်တော့ ကိုယ်ဘာသန်လည်း ဘယ်တော့မှ သိလာမှာ မဟုတ်ဘူး။ ခက်တာကလည်း တော်တော်များများက ဆရာဇေယျာလင်း ပြောသလိုဆို Identity ပျောက်နေကြတယ်။ ကိုယ်ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာ မရှိကြတော့ဘူး။ သူများ ဆံပင်ဖြောင့် လိုက်ဖြောင့်။ သူများ ကြက်ဖကေ ငါလည်း ကြက်ဖကေ။ ကိုယ်နဲ့ လိုက်မှန်း မသိ မလိုက်မှန်း မသိ စွတ်လုပ်တော့တာပဲ။ အဲလိုဆိုရင် ဒီလောက် ရွေးချယ်စရာများတဲ့ ခေတ်ကြီးမှာ ရူးသေဖို့ပဲ ရှိတော့တယ်။ လှိုင်းတွေ့တိုင်း လိုက်မျောဖို့ မှ မဟုတ်တာ။ ကိုယ်စီးနိုင်တဲ့ လှိုင်းတွေ့ရင် ရဲရဲကြီးကို တက်စီးပစ်လိုက်ရမှာ။ လှိုင်းလုံးတိုင်း လိုက်စီးနေရင် မောပြီးသေမှာပေါ့။
ကဲ… ဟုတ်ပြီ။ မြန်တဲ့ များတဲ့ ခေတ်ကြီးမှာ ငါတို့ ကိုယ်သန်ရာမှာ ကျောက်ချ စူးစိုက်လုပ်တော့မယ်။ ဒါဆိုရင် ငါတို့ တန်ဖိုးရှိတဲ့ လူတွေ ဖြစ်ပြီလားပေါ့။ မဖြစ်သေးပါဘူး။ အခုမှ လူဖြစ်လာတာပါ။ လူသားဆန်လာတာပါ။ ခုနကလို အသစ်တစ်ခုပေါ်လာတိုင်း နောက်ကလိုက်နေရင်၊ များလွန်းတဲ့ အထဲမှာ ဘာကိုမှ သေသေချာချာ မရွေးချယ်ဘဲ ပိတ်ညပ်မိနေရင် ခေတ်ယန္တာရားကြီးရဲ့ မောင်းနှင်ခံထားရတဲ့ ခွေးသားစိတ်လေးတွေ ပဲဖြစ်နေတော့မှာပါ။ ခေတ်ကြီးရဲ့ ခွေးသားစိတ်တွေတော့ မဖြစ်ချင်ကြပါနဲ့။ ခေတ်ကြီးရဲ့ မောင်းနှင်တာကို မခံပါနဲ့။ ခေတ်ကြီးကိုသာ မောင်းနှင်ဖို့  ကြိုးစားကြစမ်းပါ။ ကမ္ဘာမှာ အရမ်းကျော်ကြားတဲ့သူတွေကိုပဲ ကြည့်ကြည့်ပါ။ သူတို့က ခေတ်ကို မောင်းတာပါ။ အမောင်းမခံပါဘူး။ အခု FB ကိုထောင်ခဲ့တဲ့ ဇက်ကာဘက် ကိုပဲ ကြည့်ကြည့်ပါ။ သူက ခေတ်နဲ့မမျောဘဲ ခေတ်ကိုမောင်းခဲ့လို့သာ အခုဆို ကျနော်တို့ social network ကို အသည်းအသန် စွဲလမ်းနေကြတာလေ။
ကဲ ဟုတ်ပြီ။ လူတော့ ပီသလာပြီ။ တန်ဖိုးရှိဖို့ အသည်းအသန်ထပ်ကြိုးစားရ ဦးမှာလား ဆိုရင်လည်း  မဟုတ်ပါဘူး။ ကျနော်က လူပီသ လာကြဖို့ကိုပဲ ပခုံးပုတ်ကြည့်တာပါ။ တန်ဖိုးမြှင့်လာအောင် လုပ်ဖို့ကတော့ ကျနော်တို့ အာရှသားတွေ ကံကောင်းပါတယ်။ ကျနော်တို့မှာ ဗုဒ္ဓ ရှိပါတယ်။ ကွန်ဖြူးရှပ် ရှိပါတယ်။ ကျနော်တို့ စက်ယန္တရားဆန်မှုက လွတ်လာတာနဲ့ တစ်ပြိုင်နက်တည်းဆိုသလို တန်ဖိုးတကယ်ရှိလာတော့မှာပါ။ ကျနော်တို့ မွေးကတည်းက ဒီိလို ရွှေလို တန်ဖိုးရှိတဲ့ အတွေးအမြင်တွေနဲ့ ကြီးပြင်းခဲ့ရတာလေ။ ကျနော်တို့ ခေတ်ကြီးရဲ့ ရုပ်ပြကောင်းမှုထဲ၊ မြန်နှုန်းထဲ ခေတ္တခဏ မျောပါသွားကြလို့ပါ။ အဲတော့ မိတ်ဆွေတို့ နိုးထကြပါတော့ဗျာ။
       အင်း တစ်ခုတော့ ရှိတယ်။ ဒီလို နိုးထတဲ့ နေရာမှာ သတ္တိလဲ ရှိရမယ်ဗျ။ ဒီဟာကတော့ အခက်ဆုံးပဲ။ လွယ်သယောင်နဲ့ အရမ်းခက်တာ။ ကိုယ်ဝါသနာမပါတာကြီးကို လုပ်နေပြီး ဒါလဲ ရတာပါပဲ ဆိုပြီး ကိုယ့်ကိုယ်ကို ညာနေ ညှာနေကြသေးတာ။ အဲလို ကိုယ့်ကိုယ်ကို ညာရင်တော့ အဆိုးဆုံးပဲ။ အင်း ထားပါတော့ ကိုယ့်ကိုယ်ကိုလဲ မညာဘူး။ ဒါမယ့် သတ္တိမရှိဘူးဆိုရင်လဲ မဖြစ်ပြန်ဘူး။ မဖြစ်တော့ မရရအောင် မွေးယူရမှာပေါ့. အားယူရမှာပေါ့။ အဲလို အားတွေရှိလာရင် သတ္တိတကယ်ရှိလာရင် ရမယ့် ရလဒ်က အရမ်းကောင်းတဲ့ အတွက် ကြိုးစားသင့်ပါတယ်။ ကြိုးလည်းကြိုးစားထိုက်ပါတယ်။ ရလဒ်ရပြီးရင် ကြိုးစားခဲ့ရတာ တကယ်တန်တယ်ဆိုတာ သိလာလိမ့်မှာပေါ့။
အမှန်အတိုင်း ၀န်ခံရရင် ကျနော်ကိုယ်တိုင်လည်း မမျောပါအောင် အတင်း အသည်းအသန် ကုပ်ဖက်ပြီး နေနေရတာပါ။ အရင်စာတစ်စောင်မှာ ရေးခဲ့သလို မျိုး ဖြစ်နေတာပါ။ ဒါပေမယ့် ကျနော်ဆုပ်ကိုင်ထားတဲ့ ကြိုးတွေတော့ ရှိပါတယ်။ ရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမတွေထဲက ကျနော်ကြိုက်တာယူထားတာပါ။ အဲ့ကြိုးတွေထဲကကျနော် အကြိုက်ဆုံး (၃) ကြိုးကတော့ ကိုယ်ချင်းစာတရားရယ်။ အမှန် အမှားကို သိတဲ့ အသိဥာဏ်ရယ်။ မှားပြီထင်ရင် ပြန်ပြင်ရဲတဲ့ သတ္တိရယ်ပါ။
အဲတော့ နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ လူသားတွေမှာ ကျနော်တို့ တန်ဖိုးထားရတဲ့ မြတ်နိုးရတဲ့ တန်ဖိုးတွေ စံနှုန်းတွေ ချစ်ခြင်းမေတ္တာတရားတွေ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေ ဘာသာရေးတွေ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြပါတယ်။ ခေတ်ကြီးထဲ လိုက်မျောနေစရာ မလိုပါဘူး။ အဲတော့ ကျနော် ဒီအကြောင်းတွေကို ရေးထားတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ နှုတ်ဆက်ရင်း ကျနော်တို့ တတွေ တန်ဖိုးထားသင့်တာကို ထားကြဖို့။ ချစ်သင့်တဲ့ အရာတွေကို ချစ်ကြဖို့ မေ့လျော့မနေကြစေပါစေနဲ့လို့ ကျနော် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                      “ဒီခေတ်ကြီးမှာ ဒီနည်းနဲ့တော့……”
မနေ့က စာရေးကိရိယာဆိုင် တစ်ဆိုင်ကို ရောက်ခဲ့တယ်။
နံရံမှာ၊ မျက်နှာကျက်မှာ၊ မှန်ဗီဒိုတွေ ထဲမှာ
ငါ့ရှေ့မှာ၊ ငါ့နောက်ကျောမှာ
ဘောပင်လ်တွေ၊ ပေတံတွေ၊ ခဲတံတွေ၊
ဒေါသတကြီးနဲ့ စိုက်ဝင်နေကြတယ်။
ဆေးပုံးထဲ အရောင်တွေ အပြားလိုက် လည်ထွက်နေကြသလို
များပြားလွန်းတဲ့ ရွေးချယ်ခွင့်တွေကြား
ငါ ခြောက်ခြောက်ချားချား လမ်းမှားသွားခဲ့တယ်။
ဘယ် ဘောလ်ပင်နဲ့ ဘယ်အမှားကို မှားမိလို့
ဘယ် အရာနှင့် ပြန်ဖျက်ရမလဲ။
ဘယ်အမှတ်တရ တွေကိုရော
ဘာနဲ့ ချိတ်ပိတ်ပစ်ရမလဲ။
အဖြူရောင် စာရွက်ပေါ်
မှင် အနက်နဲ့ ရေးရမှာလား။
မှင်နီတွေ မှင်ဝါတွေ မှင်ပြာတွေ မှင်စိမ်းတွေ
ဒိုင်ယာရီတွေကို ၀ါးမြိုဖို့ ချောင်းနေကြတယ်။
ဒါနဲ့…..
ဘောပင်လေးတစ်ချောင်းက ငါ့အာရုံကို လှမ်းဖမ်းတော့
ဆိုင်ရှင်က ငါ့ကို လှမ်းပြောတယ်။
“မင်း ရွေးလိုက်တဲ့ ဘောပင်လ် က
တော်တော့ကို ခေတ်နောက်ကျနေပြီ”တဲ့။
သူဘယ်လောက်ပြောပြော
ငါ သူ့ကို တစ်ချက် ပြုံးပြလိုက်ပြီး
အဲ့ ဘောပင်လ်လေးကိုပဲ ၀ယ်လိုက်တယ်။
ပြီး ကျေကျေနပ်နပ်ကြီးကို ပြန်ထွက်လာခဲ့လိုက်တယ်။
အဲ့ဘောပင်လ်လေးဟာ
ငါ ငယ်ငယ်က ဆုရဖူးတဲ့ ဘောပင်လ်နဲ့ တူတယ်ဆိုတဲ့ အကြောင်းကိုတော့
သူ့ကို ရှင်းမပြမိခဲ့ဘူး။       ။

No comments:

Post a Comment