ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Tuesday, February 5, 2013

“မျက်လုံး နှင့် နား မှ နှလုံးသား နှင့် ဘ၀များစွာ အထိ (Ice Age)”

ကျနော် ကာတွန်းကားတွေ အရမ်းကြိုက်တာပဲလို့ လူကြားထဲ ပြောမိရင် တော်တော်များများက ပြောင်စပ်စပ် မျက်နှာပေး နဲ့ အထင်သေးသလို ကြည့်ကြပါတယ်။ ဒီအရွယ်ကြီးရောက်နေပြီ။ ကာတွန်းကားကြည့်စရာလားဆိုတဲ့သဘောပေါ့။ အဲ့လူတွေကို ကျနော် တစ်ခွန်းလောက်ပဲ မေးကြည့်ချင်ပါတယ်။ Kungfu Panda နောက်ခံစကားပြောပေးတာ ခင်ဗျားတို့ သိပ်ကြိုက်တဲ့ ဂျက်ကီချမ်းတို့၊ ဂျိုလီတို့၊ မီရှယ်ရိုးတို့၊ ဗန်ဒိမ်းတို့ဆိုတာ သိလားလို့ပေါ့။ နောက်ပြီး ကာတွန်းကားတွေရဲ့ နောက်ခံ သီချင်းတွေကို ဘယ်သူတွေ ဆိုလည်းရော သိလားလို့။ Bryan Adam, Celine Dion တို့ ဆိုမှန်းသာ သိရင် ဖျားတောင် ဖျားသွားဦးမယ်။ ဒီနေရာမှာ တော်တော်များများ ပြောကြတာတစ်ခုက Romantic ဖြစ်အောင် ရိုက်တာ Twilight မှာဆိုရင် အခန်းများစွာ ရိုက်ရပေမယ့် Up ကားလေးမှာတော့ တစ်ခန်းတည်းနဲ့ ပြလို့ရတယ်တဲ့။ ဟုတ်ပါတယ်။ ကာတွန်းကားတွေရဲ့ အကောင်းဆုံး အားသာချက်ဟာ မိမိပြောချင်တာ ပြချင်တာကို အကုန်ပြနိုင် ပြောနိုင်ပါတယ်။ ဘာမှ အခက်အခဲ မရှိပါဘူး။ အားနည်းချက်ကတော့ Happy Ending ပဲ အမြဲဖြစ်လေ့ရှိတာပေါ့။ ဒါလဲ ပျော်ရွင်စရာ အဆုံးသတ်ကို ကြိုက်ကြတဲ့သူတွေက များတော့ သိပ်မပြောပလောက်ပါဘူး။
ထားပါတော့။ ကျနော် ပထမဦးဆုံးအနေနှင့် တော်တော်များများလည်း ကြည့်ဖူးကြလောက်တဲ့ Ice Age ဆိုတဲ့ ကာတွန်းကားလေး အကြောင်းပြောချင်ပါတယ်။ ကျနော့် မျက်စိ နဲ့ နားကို သူတို့ ဘယ်လို သိမ်းပိုက်ပြီး ကျနော့် နှလုံးသားကို ဘယ်လိုသွန်သင်ခဲ့တယ် ဆိုတဲ့ အကြောင်းပေါ့။
ဇတ်လမ်းကတော့ တိုတိုလေးပါ။ ဒီကားမှာ ဇတ်ကောင် သုံးယောက်ပဲ ပါပါတယ်။ ဆင်ကြီး မန်နီရယ်။ ရှဥ့်ငပြောင်လေး ဆစ် ရယ်။ ခြင်္သေ့ကြီး ဒီယေဂို ရယ်ပါ။ ခြင်္သေ့တွေ လိုက်လို့ ပြေးရင်းနဲ့ မုဆိုး နဲ့ မုဆိုးရဲ့ ဇနီး လူချင်းကွဲသွားကြတယ်။ အဲဒီမှာ ပြေးရင်းလွှားရင်း မုဆိုးရဲ့ ဇနီးက သေဆုံးခါနီးမှာ မန်နီ နဲ့ ဆစ်ကိုတွေ့ပြီး သူ့ကလေးလေး ကို သူတို့ လက်အပ်ခဲ့တယ်။ သူတို့က မုဆိုးကို ပြန်ရှာပြီး ပေးတယ်။ အဲဒီမှာပဲ ခြင်္သေ့အုပ်စုထဲက ဆရာကြီးရဲ့ လက်ထောက် ဒီယေဂို ပါ လိုက်လာပြီး သူတို့ကို ထောင်ဖမ်းတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီယေဂို က အမြင်မှန် ရပြီး မန်နီတို့ကို အသက်စွန့်ပြန်ကယ်တယ်။ ကလေးလေး ကို သူ့အဖေ လက်ထဲ ပြန်ထည့်လိုက်နိုင်တယ် ။ ဒါပါပဲ။ ဇတ်လမ်းက ရိုးရိုးလေးပါ။ တိုတိုလေးပါ။ ဒါပေမယ့် တွေးစရာတွေတော့ အများကြီးရပါတယ်။
ပထမဦးဆုံး ဇတ်လမ်းနဲ့ သိပ်ပြီးတော့ မသက်ဆိုင်ဘဲ ကားထဲ ထည့်ထားတဲ့ ရှဥ့်တစ်ကောင် အကြောင်းပြောချင်ပါတယ်။ အဲဒီ ရှဥ့်လေးက သူစားမယ့် သစ်ကြားသီးလေး ကို လိုက်ရှာရင်း ဖွက်ရင်းနဲ့ပဲ ကားအစ ကားအဆုံး ပြီးသွားပါတယ်။ ပထမတော့ ကျနော်လဲ ဒါ ဘာသဘောပါလိမ့် ဆိုပြီး နားမလည်ပါဘူး။ နောက်တော့မှ စဉ်းစား မိတာက ဟာ ဒါ ငါတို့ကို ပြောတာပဲ။ စားဝတ်နေရေး အတွက်ပဲ အချိန်ကုန်ပြီး ကမ္ဘာကြီး ဘာဖြစ်ဖြစ်နေ ဂရုမစိုက် မသိချင် စိတ်မ၀င်စားတဲ့ ငါတို့လို လူတွေ အကြောင်းပြောတာပဲလို့။ အဲလို လူတွေအများကြီး သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိမှာပါ။ သူတို့က သင်တို့ကို ရန်လည်း မပြုပါဘူး။ ကူလည်း မကူညီပါဘူး။ ဒါပေမယ့် သူတို့ အစာရရင် ပြီးရော တစ်ခြားသူတွေကို ထိခိုက်သည်ဖြစ်စေ မထိခိုက်သည် ဖြစ်စေ ကြံဆောင်တတ်ကြပါတယ်။ အဲ့ ကာတွန်းကားလေးမှာ အဲဒါလေးကို တစ်ကွက် နှစ်ကွက်လောက်နဲ့ မီးမောင်းထိုးပြသွားတာပါ။ ပြီးတော့ ရှိသေးတယ်။ အဲဒီ ရှဥ့်လေး ဘယ်တော့မှ သူ့အစာကို မသိမ်းဆည်းနိုင်ဘူး။ ပြောချင်တာက စားဝတ်နေရေး ကိစ္စဆိုတာ ဘယ်တော့မှ မပြီးဘူးပေါ့ဗျာ။
ဆင်ကြီး မန်နီရဲ့ စရိုက်ကလည်း ထူးခြားပါတယ်။ တစ်ကောင်တည်းနေပါတယ်။ သူ့လို ဆင်မျိုးမရှိဘူးလို့ ထင်ပြီး တစ်ကောင်တည်းပဲ အေးအေးဆေးဆေး နေချင်တဲ့သူပါ။ ဒါပေမယ့် မတရားတာ အမြင်မတော်တာတွေ့ရင်တော့ အားနည်းသူတွေကို ကူညီတတ်ပါတယ်။ ဒါပေမယ့် ကူညီပြီးရင်လည်း သူနဲ့ မဆိုင်သလို သူ့လမ်း သူဆက်သွားတာပါပဲ။ ဒါက ဒီကားထဲမှာပါ။ နောက်ပိုင်း အဆက်တွေကျတော့ သူလည်း အဖော်ရှာတွေ့ပြီး သာမန်တိရစ္ဆာန်တွေလို နေထိုင်သွားပါတယ်။ အဲဒီမှာ စဉ်းစားစရာ တစ်ချက်က လူတွေဟာ အထီးကျန်နေရတာကို တကယ်မကြိုက်ပါဘူး။ အေးအေးဆေးဆေး နေချင်တာနဲ့ အထီးကျန်နေရတာ တခြားစီပါ။ တကယ့် တကယ်မှာတော့ အသိုင်းအ၀ိုင်းကို ကြိုက်ပါတယ်။ ကျနော်တောင် စာသင်နေရင်းနဲ့ တပည့်တွေကို ဟေ့ မင်းတို့ အခု လုပ်နေတာတွေ ငါ အကုန်လုပ်ဖူုးတယ်လို့ ပြောလိုက်ရင် အဲ့တပည့်တွေကို ကျနော့်ကို အရမ်းချစ်တော့တာပါပဲ။ မင်းတို့က အဆောင်ရှေ့ ဂစ်တာတီးဖူးသလို ငါလည်းတီးဖူးတာပဲ။ မင်းတို့ သောက်စားမူးယစ် ဖူးသလို ငါလည်း မူးယစ်ဖူးတာပဲ လို့ပြောလိုက်။ အဲ့ကောင်တွေ ပွဲကျရောပဲ။ ဒါလဲ လူ့လောကမှာ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို တစ်ကွက် နှစ်ကွက်တည်းနဲ့ ပြသွားတာပါ။
ရှဥ့်ငပြောင်လေး ဆစ် ကတော့ ဒီကားမှာ ဆရာကြီးပါ။ ပြောင်ချော်ချော် တစ်ချိန်လုံးလုပ်ရင်း တစ်ကားလုံးကို သူက ဆွဲခေါ်သွားတာပါ။ သူလည်း ပြောင်သာ ပြောင်ပေမယ့် တကယ့် တကယ် အရေးကြုံလာရင်တော့ စွန့်စားဖို့ ၀န်မလေးသုပါ။ ဘဲစစ်တပ်နဲ့ တိုက်ခိုက်တာလေးကို အဲ့ကားမှာ ရယ်စရာလေး အနေနဲ့ ပြထားပါတယ်။
ခြင်္သေ့ ဒီယေဂိုရဲ့ စရိုက်ကတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီမှာ ပြောစရာရှိတာ တစ်ခုက အဲ့ကားမှာ ဒီယေဂိုက ခြင်္သေ့နဲ့ တူပေမယ့် သူတို့က Tiger လို့ပဲ ခေါ်ပါတယ်။ အဲတော့ ကျနော် တစ်ခု သွားသတိရတယ်။ သိပ္ပံပညာရှင်တွေ ပြောတာက အာရှမှာ ခြင်္သေ့မရှိဘူးတဲ့။ နောက်မှသာ နယ်မြေတွေ ပြောင်းပြီး ရောက်လာတာတဲ့။ အဲတော့ ကျနော်တို့ ဘုရားတွေ ရှေ့က ခြင်္သေ့တွေက ဘယ်လိုပါလိမ့်။ သီဟ ဗာဟု ဇတ်လမ်းက ဘယ်လိုပါလိမ့်။ နောက်ပြီး သီဟပူရ လို့ ဘာသာပြန်လို့ရတဲ့ Singapore နိုင်ငံမှာလည်း ခြင်္သေ့မရှိပါဘူးတဲ့။ မရှိသာ မရှိတယ် ငါးနဲ့တောင် စပ်ဖောက်ပြီး ရုပ်ထု လုပ်ထားလိုက်သေးတယ်။ Merlion ဆိုပြီး။ အဲတော့ ကျနော်တို့ပဲ မှားလား။ သူတို့ပဲ မှားလား။ ခြင်္သေ့နဲ့ ဆင်က မကွဲဘူးလား။ ဘာတွေမှန်းကို မသိတော့ဘူး။ ထားပါတော့။ ဒါကတော့ စကားစပ်မိလို့ ပြောတာပါ။
ဒီယေဂိုကတော့ ရှင်းပါတယ်။ မန်နီနဲ့ ဆစ် နောက်ကို လိုက်တာ ကလေးလေးကို လုဖို့ပါ။ ဒါပေမယ့် မန်နီကိုလည်း သူတစ်ယောက်ထဲ ချလို့ မနိုင်တော့ ဘေးကနေပဲ ကပ်လိုက်ပါတယ်။ အခွင့်ကြုံရင် လုမယ်ပေါ့။ ပြီးတော့ သူတို့ ခြင်္သေ့အုပ်စု ရှိတဲ့ နေရာကို သူကပဲ လမ်းကျွမ်းသလို ဘာလိုလိုနဲ့ မျှားခေါ်တာပါ။ အဲ့နေရာမှာ ကျနော် တစ်ခုစဉ်းစားမိတယ်။ အော် လမ်းတူပေမယ့်လည်း လူချင်း မတူနိုင် ခံယူချက်ချင်း မတူနိုင်ဘူးဆိုတာလေးပါ။ ဒီလမ်း တစ်လမ်းထဲကို လျောက်နေပေမယ့်လည်း ကိုယ့်မိတ်ဆွေ လို့ မထင်ပါနဲ့။ ကိုယ့်ကို အခွင့်အရေးကြုံရင် စားမယ့်လူဆိုတာ သတိထားဖို့ပါပဲ။ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ နဲ့ အလုပ်လုပ်နေတဲ့သူတွေ စဉ်းစားစရာပါပဲ။
အဲလိုနဲ့ သူတို့ သုံးယောက်ခရီးဆက်သွားလိုက်ကြတာ။ လမ်းမှာ အန္တာရာယ်တွေ့ပါလေရော။ အဲဒီမှာ ဆင်ကြီး မန်နီက ဒီယေဂိုကို အသက်စွန့်ပြီး ကယ်လိုက်ပါတယ်။ အဲတော့ ဒီယေဂို ပြောင်းလဲပါပြီ။ သူနေထိုင်ခဲ့ရတဲ့ နေရာက တကယ့်ကို တောတွင်းဥပဒေ အရ သူနိုင်ကိုယ်စား ပတ်ဝန်းကျင်မှာပါ။ ဘယ်သူကမှ ဘယ်သူ့အတွက် အနစ်နာ မခံပါဘူး။ သု့အသက်ကို အဲဒီလိုလည်း ကယ်လိုက်ရော သူတော်တော် အံသြသွားပါတယ်။ သူတစ်ခါမှ မကြုံဖူးဘူး ဆိုတဲ့ သဘောနဲ့ ဘာလို့ကယ်တာလဲ တောင် မေးလိုက်ပါသေးတယ်။ အဲဒီမှာ ကျနော် တစ်ခုသွားစဉ်းစားမိတာက ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ပြောင်းလဲသွားတဲ့ ကျေးညီနောင် အကြောင်းပါ။ ဒါပေမယ့် ဒီကားမှာ တိရစ္ဆာန်တွေနဲ့ ပြပေမယ့် လူ့အကြောင်းတွေကိုပဲ ပြောတာပါ။ တကယ့်တကယ်မှာ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ သူတို့မှာ လူဆန်တဲ့ နှလုံးသားရှိပါတယ်။ အခြေအနေအမျိုးမျိုး ကြောင့်သာ ပြောင်းလဲနေရတာပါ။ ဒီကားမှာလည်း လူသား ကလေးလေးက လမ်းစလျောက်တတ်တော့ သူ့ဆီလာတော့ ဒီယေဂို ဖြစ်နေတဲ့ပုံက နဂိုလို စားဖို့ ၀ါးဖို့ထက် နုးညံ့တဲ့ နှလုံးသား ကို ကျနော်တို့ မြင်လိုက်ရပါတယ်။ ဒါကိုလည်း တစ်ကွက်တည်းနဲ့ ပြသွားတာပါ။
အကောင်းဆုံး အခန်းကတော့ ဒီယေဂို နောင်တရတဲ့ အခန်းပါ။ Climax လို့ပဲ ပြောရမလား။ သူ နောင်တရတော့ မန်နီ နဲ့ ဆစ် ကို ၀န်ခံပါတယ်။ ငါ မင်းတို့ကို သတ်ဖို့ ခြင်္သေ့တွေ တောထဲ မျှားခေါ်လာတာပါပေါ့။ ဒါပေမယ့် အခုတော့ နောင်တရပါပြီပေါ့။ ငါ့ကို ခွင့်လွှတ်ပါပေါ့။ ငါမင်းတို့ကို လွတ်အောင် လုပ်ပေးမယ်ပေါ့။ ငါ့ကို ယုံပါတဲ့။ အဲဒီနေရာမှာ မန်နီနဲ့ ဆစ် ကလည်း ပြန်ပြောပါတယ်။ အင် မင်းကို ငါတို့ ဘယ်လိုယုံရမှာလဲပေါ့။ ဒီအထိတောင် ရောက်လာပြီးမှ ယုံစရာလားပေါ့။ အဲတော့ ဒီယေဂိုက ပြောပါတယ်။ “ ဒါ ငါရဲ့ နောက်ဆုံး အခွင့်အရေး မို့လို့ပါကွာ” တဲ့။ ကျနော် ကြက်သီးတောင် ထသွားတယ်။ ဒါတော်တော်အရေးကြီးပါတယ်။ သူပြောလိုက်တဲ့ စကားလေးဟာလည်း တိုတိုလေးပါ။ ဒါပေမယ့် ကျနော့်အတွက်တော့ စဉ်းစားစရာတွေ အများကြီးရပါတယ်။ တစ်သက်လုံး သူများအသက်တွေ သတ်၊ ယုတ်မာ ဆိုးသွမ်းခဲ့တဲ့သူတွေကို လူကောင်းတွေက တစ်ကြိမ်လောက်တော့ သူတို့ ကောင်းတာလေးကို လုပ်ခွင့်မပေးသင့်ဘူးလား။ သူတို့ကို တစ်ကြိမ်လောက်တော့ မယုံကြည့်သင့်ဘူးလား။ ဒါ စဉ်းစားစရာပါ။ အဲဒီလို ပြောင်းလဲချင်နေတဲ့ လူဆိုးတွေကို ယုံယုံကြည်ကြည် ပြောင်းလဲခွင့် မပေးရင် လူကောင်းဆိုတဲ့သူတွေကရော မှန်ပါဦးမလား။ ကျနော်တို့ မဖြေတတ်ပါဘူး။ တွေးကြည့်တာပါ။ ဒါပေမယ့် ကျနောတို့ရဲ့ ရှင်တော်မြတ်စွာဘုရားကတော့ အင်္ဂုလိမာလ ကို ရဟန်းဝတ်ခွင့် ပြုပါတယ်။ ဒီနေရာမှာ Movie Crazies က Admin တို့က ရုပ်ရှင်နဲ့ ပတ်သတ်တာပဲပြောဆိုလို့ ကျနော် မပြောတော့ပါဘူး။ ကျနော်တို့ နိုင်ငံနဲ့ အခုတော်တော် တိုက်ဆိုင်ပါတယ်။ ကိုယ့်ဘာသာပဲ တွေးကြည့်လိုက်ကြပါ။ ဟဲဟဲ။
အင်း တစ်ကားလုံးချုံကြည့်လိုက်ရင်တော့ ကားလေးက တိုတိုလေးပေမယ့် ပေးသွားတာတွေ ပြသွားတာတွေ အများကြီးပါ။ ယူရင် ယူသလောက်ရပါတယ်။ နောက်ပြီး ကိုယ့်ပေါင်ကို လှံထောင်းလိုက်ပါဦးမယ်။ တစ်ဆိတ်ရှိ စကားတွေ အများကြီးပြော ဇတ်ကောင်နဲ့တောင် မလိုက်ဖက်ဘဲ စကားလုံး အကြီးကြီးတွေ ပြော၊ ဇတ်ကားက ပြီးသွားတာတောင် သူတို့က ရုပ်ရှင်ကြည့်တဲ့သူကို သူတို့ တပည့်များ မှတ်နေသလား မသိ အတင်းကြီးပဲ ဆို ဆုံးမ နေချင်တဲ့ အခုခေတ် မြန်မာရုပ်ရှင်ကားတွေ ရိုက်ကူးသူတွေကို ပြောချင်ပါတယ်။ အဲ့ကာတွန်းကားလေးရဲ့ နောက်ဆုံး တစ်ခန်းကိုပဲ ကြည့်လိုက်ပါလို့။ အဲ့မှာ ကလေးအဖေက ကလေးလေးကိုပြန်ရတော့ မန်နီရဲ့ နှာမောင်းမှာ ကလေးလေး ပတ်ခဲ့ဖူးတဲ့ လည်ဆွဲလေးကိုပဲ ချိတ်ပေးလိုက်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတဲ့ သဘောပေါ့။ ဘာမှ မပြောပါဘူး။ နားလည်း နားလည်လို့ ရပါတယ်။ အင်း အဲ့နေရာမှာ ခုခေတ် မြန်မာကားတွေသာဆို ရွှန်းရွှန်းဝေအောင် ပြောလိုက်မယ့်ဖြစ်ခြင်း။
ထားပါတော့။ ကျနော် ပြောချင်တာလေးက ရုပ်ရှင်ကားကောင်းလေးတွေကြည့်ရရင် တကယ့်ဂန္တ၀င် စာတွေကို ဖတ်ရသလို သင်ခန်းစာတွေ တွေးစရာတွေ အများကြီးရနိုင်ကြောင်း။ မျက်စိ နဲ့ နားကနေ ရင်ထဲနှလုံးသားထဲ ရောက်ပြီး ဘ၀အတွက် အများကြီး သင်ယူလို့ ရကြောင်းပါ။ ရုပ်ရှင်သရဲတွေ ဆိုတာ ဘ၀တွေ အများကြီးကို ဖြတ်သန်းဖူးပါတယ်လို့ ပြောလို့ရပါတယ်။ ဂုဏ်ယူလိုက်ကြစမ်းပါဗျာ။ အင်း ရုပ်ရှင်သရဲဆိုတာ ကျနော်ကတော့ Movie Crazies တွေကို မြန်မာလို ဘာသာပြန်ပြီး နာမည်ပေးကြည့်လိုက်တာပါ။။။။


ရှိန်ဝါ


1 comment:

  1. ရေလည်ကြွေရတဲ့ ကာတွန်းကား ♥

    ReplyDelete