ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, February 3, 2013

ခေတ်ပေါ် ကဗျာများကို ကျောင်းသုံး ဘာကြောင့် ပြဌာန်းသင့်သလဲ

ကျနော် ဒီဆောင်းပါးလေးမှာ ခေတ်ပေါ်ကဗျာကို ဘာကြောင့်သင်သင့်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်လေးတွေ ပေးသွားမှာပါ။ ကျနော်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်သော သူများ ကျနော့်ကို အပီအပြင် ဝေဖန်နိုင်ပါတယ်။ ဒီစာဟာ ခေတ်ပေါ်ကဗျာ ကောင်းကောင်းကို တစ်ပုဒ်မှ မဖတ်ဖူးဘဲ ပါးစပ်ထဲ ဘူးသီး အတင်းထိုးထည့် စွတ်ငြင်းနေသောသူများ၊ ကျောင်းသုံးသင်ရိုးထဲမှာသာ နစ်မြုပ်နေပြီး ပြင်ပအကြောင်းအရာများ၊ ပညာများကို မဆည်းပူးသောသူများ ၊ ဆည်းပူးဖို့ရာ ပျင်းနေသောသူများ၊ ခေတ်ပေါ်ကဗျာများက ဖတ်သူကို စိမ်ခေါ်တဲ့ အတွက် ခေါင်းသုံးရမှာ ကြောက်ပြီး ကြောက်လန့်နေသောသူများ နှင့် ခေတ်ပေါ်ကဗျာကို အမှန်တကယ်ချစ်မြတ်နိုးသောသူများ နှင့် ခေတ်ပေါ်ကဗျာဆရာများ အတွက် ရေးလိုက်ပါတယ်။
          ပထမဦးစွာ ဆရာကြီး ဒေါက်တာသန်းထွန်းစကားနဲ့ ပြောပါမယ်။ ဆရာကြီးက သမိုင်းကို မသိရင် “အ“ မယ်တဲ့။ ကျနော်က ဆရာကြီးကို ဦးတင်ပြီး တစ်ခု ထပ်ပြောချင်ပါတယ်။ ခေတ်ကို မသိရင် ဒုက္ခိတ ဖြစ်မယ်လို့။
          ကျနော် အကြောင်းပြချက်တွေ မပေးခင် ကျနော်ဟာ ကဗျာ အားလုံး ဟောင်းဟောင်း သစ်သစ် ချစ်မြတ်နိုးသူ ဖြစ်ကြောင်း။ အခု ကျောင်းသင်ရိုးများပါ ကဗျာအားလုံးကို ကြိုက်နှစ်သက်ကြောင်း။ ရှေးကဗျာများကို ပစ်ပြယ်ဖို့ ပြောကြားနေခြင်း လုံးဝ လုံးဝ လုံးဝ မဟုတ်ပါကြောင်း အရင်ဆုံး ပြောလိုပါတယ်။
          ကျနော်တို့ အရင်ဆုံး ကိုယ့်ကိုယ်ကို မေးသင့်တာ တစ်ခုက ကျောင်းမှာ ကဗျာ ဘာကြောင့်သင်တာလဲ ဆိုတာကို ငါ တကယ်သိလားပေါ့။ ကဗျာသင်တာ စာပေကို သင်ဖို့လား။ ဘာသာစကားကို သင်ဖို့လား။ အကြောင်းအရာကို သင်ဖို့လား။ အရေးအသားကို သင်ဖို့လား။ ကာရန်ကို သင်ဖို့လား။ ကဗျာကို သင်ဖို့လား။ ပြောရရင်တော့ အရှည်ကြီးပါ။ ဆရာ မင်းခက်ရဲ ရဲ့ ဆောင်းပါးတွေ ပြင်ပကဆရာတွေ ရေးတာတွေကိုသာ များများ ဖတ်ရင် သိကြမှာပါ။
          ကျနော်စာသင်ပေးတဲ့ ကလေးတွေကို ပြောနေကျစကားတစ်ခုရှိပါတယ်။ မင်းတို့ I ကို ကျွန်ုပ်၊ you ကို  သင် လုပ်နေသမျှ ကာလပတ်လုံး မင်းတို့ အင်္ဂလိပ်စာ တတ်မှာ မဟုတ်ဘူးလို့။ စာကို တကယ့်ဘ၀ထဲ မဆွဲခေါ်နိုင်သေးသမျှ ကာလပတ်လုံး မင်းတို့ ဘယ်စာသင်သင် တတ်မှာ မဟုတ်ဘူးလို့။ အဲတော့ ခေတ်ပေါ်ကဗျာများဟာ ကလေးတွေကို စာ မှ ပညာဖြစ်လာအောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီး ဆောင်ရွက်နိုင်တာကို သိတဲ့ အတွက် ဒီစာကို ရေးပါတယ်။
(၁) နောက်ခံ အခင်းအကျင်း
 ရှေးကဗျာတွေကို သင်ရင် ရှေးက အကြောင်းတွေသိပါမယ်။ ရှေးက အကြောင်းတွေဟာလဲ သိသင့်သလို အခုခေတ် အကြောင်းတွေဟာလဲ သိသင့်ပါတယ်။ မဲဇာတောင်ခြေကို သိသင့်သလို ရန်ကုန်မြို့ ကြီး အကြောင်းလည်း သိသင့်ပါတယ်။ ခေတ်ကိုက သက်ဦးဆံပိုင် ဘုရင်ခေတ် မဟုတ်တော့ပါဘူး။ ထီးသုံး နန်းသုံးတွေကို သိသင့်သလို ရပ်ကွက်ထဲက အကြောင်းတွေကိုလဲ သိရပါမယ်။ ရှင်းရှင်းပြောရရင် ကလေးတွေက သူတို့ မမွေးခင်က အကြောင်းတွေကို လှမ်းပြီး ငေးရတာထက်စာရင် သူတို့ ကျင်လည်နေတဲ့ ခေတ်အကြောင်းကိုသာ ပိုပြီး စိတ်ဝင်စားမှာ အမှန်ပါပဲ။
          ပတ်ဝန်းကျင် သဘာဝ ရေမြေတောတောင် အကြောင်းတွေကို သိသင့်သလို ရန်ကုန်မှာ ဘတ်စ်ကားကျပ်တဲ့ အကြောင်းတွေ၊ လမ်းဘေးဈေးသည်တွေ တောင်ပြေးမြောက်ပြေး လုပ်နေရတဲ့ အကြောင်းတွေကိုလည်း သိသင့်ပါတယ်။ တော နှင့် တောင်စွယ် ပြောကြ မောင်မယ် မှာပဲ အချိန်ကုန်နေရင် ကလေးတွေ စာကို စိတ်ပါဝင်စားပါတော့မလား။ သူတို့ကို ဆွဲခေါ်ဖို့ကလဲ အရေးကြီးပါတယ်။ တောင်တောက သာတဲ့ အကြောင်းလဲ သိသင့်သလို လမ်းတွေ ကျပ်တယ်၊ ဆိုင်ကယ်တွေ ရှုပ်တယ်ဆိုတာကိုလဲ သိသင့်ပါတယ်။ သူတို့ ဘာကို ပိုပြီး စိတ်ဝင်စားမလဲဆိုတာကိုပဲ ပွင့်ပွင့်လင်းလင်းဖြေကြည့်ကြစမ်းပါ။
(၂) ခေတ်ကာလ
ခေတ်ကာလ က ဓါးထိုး လှံခုတ် ခေတ်မဟုတ်တော့ပါဘူး။ ဒါပေမယ့် အဲဒါတွေကိုလဲ သိရမှာ ဖြစ်သလို အနုမြူဗုံး အကြောင်းလဲ သိရပါမယ်။ မြင်းမစီးတော့ပါဘူး Kenbo တရုတ်ဆိုင်ကယ်တွေ စီးနေကြပါပြီ။ စာချွန်လွှာ မပါးတော့ပါဘူး။ ဖုန်းလေးကို တစ်ချက်လောက် ကောက်ပွတ်လိုက်ရင် ရပါပြီ။ အဲတော့ ဒါတွေကို မသိချင်ယောင်ဆောင်နေရင်၊ ဒီအကြောင်းအရာတွေကို ရေးနေတဲ့ ခေတ်ပေါ်ကဗျာတွေကို မျက်ကွယ်ပြုထားရင် ဘာဖြစ်မလဲ။ ပညာသင်တယ် ကဗျာ သင်တယ်လို့ မပြောပါတော့နဲ့။ သမိုင်းတွေကို ကာရန်လေးတွေစီပြီး သင်နေတယ်လို့သာ ပြောလိုက်ပါတော့။
(၃) အကြောင်းအရာ
ခေတ်ပေါ်ကဗျာက အကြောင်းအရာတွေဟာ စစ်တိုက်နေတဲ့ ချစ်သူကို မယ်က လွမ်းတဲ့အကြောင်း၊ ဘုရင်ကြီး ဘုန်းတန်ခိုး တတ်တဲ့ အကြောင်းတွေ မဟုတ်တော့ပါဘူး။ အခု လက်ရှိ လက်တွေ့ဘ၀က စားဝတ်နေရေး ကျပ်တည်းတဲ့ အကြောင်းတွေ၊ ဖုန်းလိုင်း မကောင်းတဲ့ အကြောင်းတွေ၊ ကိုရီးယားကား အရူးထနေကြတဲ့ အကြောင်းတွေ ကို ရေးနေတာပါ။ အဲဒါကို မဖတ်သင့်ဘူး မသင်သင့်ဘူး ပြောရင် ကြော်ငြာထဲကလို ဦးလေး ဘယ်ခေတ်မှာ နေနေတာလဲ လို့ပဲ မေးလိုက်ပါမယ်။
(၄) ရည်ရွယ်ချက်
ရည်ရွယ်ချက်ဆိုတဲ့ နေရာမှာ ရှေးကဗျာတိုင်းလဲ ရည်ရွယ်ချက် မကောင်းသလို ခေတ်ပေါ်ကဗျာတိုင်းလဲ ရည်ရွယ်ချက် စေတနာ မကောင်းပါဘူး။ အဲဒါကို ကဗျာနဲ့ပဲ ပိုင်းဖြတ်ပါ။ ရှေး တွေ ခေတ်တွေနဲ့ ပိုင်းဖြတ်စရာမလိုပါဘူး။ ရှေးကဗျာတွေမှာ ဘုရင်ကို အသားလွတ်ကြီး မြှောက်ပင့်ပေးတာတွေ၊ လင်မလာလို့ မယားက အပူထပြီး တောင့်တနေတာတွေ ပါပါတယ်။ အဲလိုပဲ ခေတ်ကဗျာမှာလဲ အသားလွတ်နေရင်း ဒဏ်ရာတွေကို ရေးဖို့လောက် ချောင်းနေကြတာတွေလည်းရှိပါတယ်။ တစ်ခုတော့ ရှိတယ်။ အဲဒါတွေကို သွားအပြစ်ပြောလို့ မရပါဘူး။ ခေတ်က မောင်းနှင်တဲ့အတိုင်း ရေးခဲ့ကြတာပါ။ ဘုရင် အရေးကြီးတဲ့ ခေတ်မှာ ဘုရင် အကြောင်းရေးမှာ ဖြစ်သလို၊ ခေတ်ပျက်ကြီးကျရင်လဲ ဒဏ်ရာတွေ သောကတွေကိုသာ ရေးဖွဲ့ကြမှာပါ။ အဲတော့ ကဗျာကို ကဗျာနဲ့ပဲ ပိုင်းဖြတ်ပါ။ ခေတ်နဲ့ မပိုင်းဖြတ်ကြပါနဲ့။
ပြောရရင် ခေတ်ပေါ်ကဗျာ အများစုမှာ နိုင်ငံကြီးကို ပြုပြင်ချင်တဲ့ စေတနာတွေ၊ ကိုယ့်မြန်မာစာပေကြီးကို ခေတ်နဲ့ ရင်ဘောင်တန်း ချင်တဲ့ စေတနာတွေ အများအပြားပါဝင်ပါတယ်။ အကြောင်းအရာလည်း မျိုးစုံပါတယ်။ ကလေးတွေ ဖတ်သင့်တာတွေလည်း အများအပြားရှိပါတယ်။ ရည်ရွယ်ချက်ကောင်းတာတွေလဲ အများကြီးပါ။ ကောင်းကောင်းကန်းကန်း တစ်ပုဒ်မှ မဖတ်ဖူးဘဲ နဲ့တော့ ရမ်း ငြင်းနေလို့ မရပါဘူး။ ဖတ်ဖုးတဲ့ သုတိုင်း သိကြမှာပါ။
(၅) ဘာသာစကား
ဘာသာစကားတစ်ခုကို လေ့လာရင် ရှေးခေတ်က ဘယ်လိုသုံးခဲ့တယ်ဆိုတာက သိသင့်တာပါ။ အခုခေတ် ဘယ်လိုသုံးနေတယ် ဆိုတာကတော့ မသိမဖြစ်ပါ။ တော်တော်များများက အဲဒီ အခြေခံ အချက်ကလေးတောင် မသိတာ တော်တော်ဆိုးပါတယ်။ ထပ်ပြောရရင် ရှေးကဗျာတွေ နားလည်ဖို့ ခက်ဆစ် အလုံး ၃၀ လောက်ကျက်မှ နားလည်နေတော့ တစ်ဆင့်ခံမနေဘူးလား။ ခေတ်ပေါ်ကဗျာ အများစုမှာ ခက်ဆစ်ပေးနေစရာ ကျက်စရာမလိုဘဲ ဖတ်လို့ရတဲ့ ကဗျာတွေ အများကြီးပါ။ အဆွေတော် ထက်စာရင် သားကြီးလို့ ခေါ်တဲ့ ကဗျာတွေကို ကလေးတွေ ပိုသဘောကျမှာပါ။ ဒီ အကြောင်းအရာကိုတော့ သိပ်မပြောတော့ပါဘူး။ Rapping တွေကို ကလေးတွေ ဘာကြောင့်ကြိုက်တယ်ဆိုတာကို ပဲ တွေးကြည့်လိုက်ပါ။ အဖြေကို တိုတိုပြောရရင် သူတို့ပြောတဲ့စကား အတိုင်း သူတို့သိတဲ့ အကြောင်းအရာတွေကို သီချင်းလုပ်ဆိုထားလို့ပါ။
(၆) ကာရန်ကို အဓိက ဟု မသတ်မှတ်တော့ခြင်း
ကဗျာဆိုတာ ကာရန်ပါမှ လို့သတ်မှတ်ရင် ကျနော်အခုထိ အရမ်းကြိုက်လို့ ပါးစပ်က မကြာခဏဆိုသလို ရွတ်မိနေတဲ့ ဦးပုည ရဲ့ ရေသည်ပြဇတ်ကို သေသေချာချာ ဖတ်ကြည့်ပါ။ ကာရန်ကို ဖော့ထားတာတွေ အများကြီး တွေ့ရမှာပါ။ ဒါဆိုလည်း ပြောကြဦးမယ်။ ဒါကဗျာ မဟုတ်ဘူးလို့။ ပြောချင်တာက ကာရန်ကိုဖော့လဲ စာကောင်းဖြစ်တယ်ဆိုတာပါ။ ဘုရင်ခေတ်မှာ ဒီလိုတွေရေးရဲတဲ့ ဦးပုည ကို တကယ့်ကို ဆရာပါ။ နောက်ပြီး တောသားတွ အကြောင်းရေးတဲ့ the great ၀န်ကြီး ပဒေသရာဇာလဲ ရှိပါတယ်။ သူတို့လဲ ဆန်းသစ်လာတာပါ။ ဒါပေမယ့် အဲ့ခေတ်က လူတွေက တော်ပါတယ်။ အတင်းကြီး ဗူးခံပြီး စွတ်မငြင်းကြပါဘူး။ လက်ခံ မြတ်နိုးကြပါတယ်။ အဲတော့ ကျနော်တို့လဲ ကာရန်ပါတာ မပါတာ အဓိကလို့ သဘောမထားဘဲ ကာရန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကဗျာဆန်ဖို့ ကဗျာဆန်တဲ့ အရေးအသားဖြစ်ဖို့ကိုပဲ ဂရုစိုက်ကြရအောင်လား။ ရပ်ကွက်ထဲမှာတောင် စကားနုနုရွရွလေးတွေ ပြောရင် မင်းက ကဗျာလာဆန်နေတယ်လို့တောင် နောက်ကျသေးတယ်လေ။ အဲတော့ အများလက်ခံထားတာ သေချာတာက အရေးအသားက အဓိကပါ။ ကာရန်ပါသည် မပါသည် အရေးမကြီးပါ။ဒါကိုတော့ ကျနောဆက်မရှင်းတော့ပါဘူး။ ကျနော်တို့ ဆရာဆရာကြီးတွေ ရှင်းထားတာကိုပဲ။ ရှာဖတ်ကြည့်လိုက်ကြပါဗျာ။
နောက်ပြီး ကာရန်ကို ဖော့လို့ ကာရန်ကို အဓိက မထားတော့လို့ ခေတ်ပေါ်ကဗျာကို လွယ်တယ်လို့ ထင်ရင် ရေးကြည့်လိုက်ပါ။  ခေတ်ပေါ်ကဗျာရေးဖို့ ခေတ်ပေါ်အတွေး၊ ခေတ်ပေါ်အလင်္ကာ ခေတ်ပေါ်ဘာသာစကား ခေတ်ပေါ်ခံစားမှုလိုပါတယ်။ ရမရ ကိုယ့်ကိုယ်ကိုသာ အသိဆုံးဖြစ်မှာပါ။ မင်းကို ငါ ပင်လယ်ကြီးလောက်ချစ်။ ကောင်းကင်ကြီးက ပြာ ဆိုတဲ့ အဆင့်က မတတ်နိုင်ရင် ကားသွားမှာပေါ့။
တစ်ခုတော့ ရှိပါတယ်။ အသစ်ကို တည်ထွင်ရတဲ့ အတွက် ကျဆုံးမှုတွေ ဂမ္ဘီရဆန်လွန်းတဲ့ ချောက်ကမ်းပါးတွေထဲကို ထိုးကျသွားတဲ့ ခေတ်ပေါ်ကဗျာတွေ အများကြီးပါ။ ဒါပေမယ့် အကုန်မဟုတ်ပါဘူး။ လက်ဆော့ပြီး ကာရန်လဲ မစပ်တတ်၊ ခေတ်ပေါ်ခံစားမှုလဲ မရှိလို့ လက်ဆော့ထားတဲ့ ကောင်တွေကို ဖတ်ပြီး တကယ့် အကျော်အမော် ခေတ်ပေါ်ကဗျာတွေကို နှာခေါင်းရှုံ့နေရင်တော့ မှားမှာပေါ့ဗျာ။
အဲ့မှာပြောစရာ ရှိလာပါတယ်။ ကလေးတွေက အခုထိ ဘာလေးကိုပဲဖြစ်ဖြစ်  ကာရန်လေးချိတ်ပြီး စာလေးတွေ သင်ပေးရင် သဘောကျတယ်လို့ ပြောကြပါဦးမယ်။ အဲဒါ ဘော်ဒါတွေ သင်တန်းကျောင်းတွေမှာ သာမန်အောက် ကလေးတွေကို ကျူရှင်ဆရာတွေ သုံးတဲ့ နည်းပါ။ ကျနော့် အတွေ့အကြုံအရ ပြောရရင် Tranformation ကို ကာရန်တွေ စပ်ပြီး သင်ရင်တောင် ဘယ်လိုပုံစံ လာလာရအောင် လုံခြုံပြည့်စုံအောင် မစပ်နိုင်ပါဘူး။ ဟေးလား ၀ါးလား သိပ်လုပ်ချင်ကြရင်တော့ လုပ်ပါ။ နာမည်ကြီး ၀ိုင်းတွေကို သင်နေတဲ့ ဆရာ့ ဆရာကြီးတွေကို မေးကြည့်လိုက်ပါ။ အခုခေတ် ကလေးအများစုဟာ ကာရန်တွေနဲ့ ဟေးလားဝါးလား တွေလုပ်တိုင်း ကြိုက်ကြသလားလို့။ သူတို့ တကယ်နားလည်မှ တကယ်သဘောကျတော့တာပါ။ ဥာဏ်ထိုင်းတဲ့ ကလေးတွေကို မှတ်မိအောင် ကာရန်လေးတွေ ချိတ်တာ ကောင်းပါတယ်။ ဒါပေမယ့် တော်တဲ့ ထက်တဲ့ ကလေးတွေကိုတော့ ကာရန်တွေနဲ့ မလုံမခြုံ ပိတ်မပစ်ပါတော့နဲ့။ ပြီးတော့ ကလေးတိုင်း ဆရာသင်ပေးတဲ့ ကာရန်ကို ကြိုက်တယ်လို့ မထင်ပါနဲ့။ ဒီခေတ်မှာ သူတို့အတွက် ကာရန်ဆိုတာ အေးဆေးပါ။ ဆရာကိုတောင် ပြန်ကာရန် စပ်ပြလိုက်ဦးမယ့် ပုံမှာရှိပါတယ်။
(၇) ဖတ်သူကို စိန်ခေါ်ခြင်း
မလိုသူတွေကတော့ ပြောမယ်။ မင်းတို့ ကဗျာတွေက ဘာတွေမှန်းလဲ မသိဘူး။ ဘာမှ နားမလည်ဘူး။ ဖိုးသူတော် ရေးတဲ့ ကျွတ်မုန်းဝင် ဖိုးသူတော်ပဲ သိတယ်ဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။ ကျနော်ကတော့ လိုလို့ ဖတ်သူကို စိန်ခေါ်တယ်လို့ ပြောတာပါ။ အလွယ်ကြိုက်ရင် တစ်သက်လုံးဖတ်လာခဲ့တဲ့ ကဗျာတွေပဲ ဖတ်ပါ။ အသစ်ကို ခံစားချင်ရင်တော့ ချွေးနဲနဲထွက်မှာပေါ့။ အဟောင်းထဲမှာ ပိတ်မိနေရင်တော့ ခေတ်လေညှင်းကို ချမ်းတယ်လို့ ထင်မှာပေါ့။ ဒါ အမှန်ပါပဲ။
အဲတော့ ပြောကြမယ်။ ငါတို့ လူကြီးတွေ တောင် နားမလည်တာ။ ကလေးတွေဆို သေရောပေါ့တဲ့။ ကိုယ် တုံးအ တိုင်း ကလေးတွေကိုလည်း ငါ့လို တုံးအမယ်လို့ မထင်ပါနဲ့။ ဒီခေတ်မှာ ကြီးတဲ့ ကလေးတွေပါ။ ဒီခေတ်ခံစားချက်ကို သိပါတယ်။ ခေတ်ပေါ်ကဗျာ အများစုက ဖတ်သူကို သူလိုသလို ခံစားချက်ကို ဖန်တီးခိုင်းတာပါ။ ဒါတော်တော်အရေးကြီးပါတယ်။ အခုကျမှ အတင်းထပြီး ပြောနေကြတဲ့ student-oriented ဆိုတာကို ခေတ်ပေါ်ကဗျာ နဲ့ အများဆုံး သင်လို့ရပါတယ်။ တကယ်ကိုက်ပါတယ်။ ဒါ ကျက်၊ ဒါပဲတွေး၊ ဒီလိုပဲ ရေး။ ဟိုလိုတွေးရင် အမှတ်လျော့ချင်တဲ့ဆရာတွေ၊ ပျင်းတဲ့ဆရာတွေကတော့ ခေတ်ပေါ်ကဗျာကို ကြိုက်မှာ မဟုတ်ပါဘူး။ ကျနော့် အတွေ့အကြုံအရပြောရရင် ဆယ်တန်း အင်္ဂလိပ် ကဗျာတွေ ကျနော်သင်တော့ Cloud Zoo ကို သင်တာ အဲ့မှာပါတဲ့ တိရိစ္ဆာန်တွေဆိုတာ ငါတို့ ဘ၀မှာတွေ့ကြုံရတဲ့ လူတွေအကြောင်းပေါ့လို့ ကျနော် ပြောလိုက်ရုံပဲ ရှိသေးတယ်။ တဲပြာလေး ပိတ်တဲ့ နေရာလည်း ရောက်ရော ဆရာ ဒါသေတာကို ပြောတာလားတဲ့ ကလေးတိုင်းလိုလို မေးကြပါတယ်။ အဲတော့ ခေတ်ပေါ်ကဗျာတွေ သင်လို့ရပါတယ်။ အရမ်းကြီး ခက်ခဲမနေပါဘူး။ အင်း… ဆရာက တော်ဖို့လဲ လိုတာပေါ့လေ။
(၈) နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ရန် ခေတ်နဲ့ အညီ သင်ရိုးကို ပြောင်းလဲခြင်း
နိုင်ငံတကာမှာတော့ ရှင်းပါတယ်။ ကဗျာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် စာ တစ်ပုဒ် ကောင်းလာပြီဆိုရင် သင်ရိုးထဲ ထည့်သင်တော့တာပါပဲ။ တကယ့်ကို ဥာဏ်အမြော်အမြင်ကြီးကြပါတယ်။ ကျနော်တို့ ဆီမှာရော အဲလို ဘာလို့မလုပ်နိုင်ရမှာလဲ။ ဘာလို့ ခေတ်နဲ့ အညီ မဖြစ်နိုင်ရမှာလဲ။ ဘာလို့ သင်ရိုးထဲ ထည့်သင့်တဲ့ ကဗျာတွေကို စစ်တမ်းကောက်ပြီး မရွေးနိုင်ရမှာလဲ။ ကျနော်တို့ ဘာဖြစ်လို့ငြိမ်နေတော့မှာလဲ။ မကျန်ခဲ့ချင်ဘူးဗျာ။
(၉) ခေတ်ပေါ်ကဗျာဆရာများကို ဦးညွတ်ခြင်း
နောက်ဆုံးဆိုပေမယ့် အရေးအကြီးဆုံးပါ။ ခေတ်ပေါ်ကဗျာဆရာအများစုဟာ အပယ်ခံတွေပါ။ ထောင်နှုတ်ခမ်း နင်းပြီး နိုင်ငံကောင်းရေးအတွက် ပြောခဲ့တဲ့ သူတွေပါ။ မြန်မာ ကဗျာလောကကြီးတိုးတက်ရေး အတွက် ရှေ့တန်းကနေ မားမားမတ်မတ် အပြောခံ အဆိုခံ အငတ်ခံပြီး ရေးခဲ့ ကြတဲ့ သူတွေပါ။ ကဗျာ အပေါ် ချစ်မြတ်နိုးစိတ် တကယ်လဲ ကြီးပါတယ်။ ကဗျာ မှန်သမျှကို ချစ်တာပါ။ သူတို့က တချို့သော မျက်ကန်းတွေလို ခေတ်တွေ ရှေးတွေ ခွဲမနေပါဘူး။ မယုံရင် ၀န်ကြီး ပဒေသရာဇာ မေးမလား၊ ဆရာ ဇော်ဂျီ မေးမလား လက်တန်း အပုဒ် ၂၀ လောက် ဆိုနိုင်တဲ့ သူတော်တော်များပါတယ်။ သူတို့က ရှေးကဗျာတွေကို မချစ်လို့ မဟုတ်ပါဘူး။ ချစ်လည်း ချစ်ပါတယ်။ သစ်လည်း သစ်ချင်ကြလို့ပါ။ တစ်ချို့သော ပါးစပ်ဗူးဆို့ ငြင်းနေကြသူများ အသက်နဲ့ ယှဉ်ရင် သုတို့က အဖေ လောက် အဘလောက် ရှိတဲ့သူတွေပါ။ အနှစ် ၂၀ ကျော် ၃၀ နီးပါး ကဗျာနဲ့  ရှင်သန်နေတဲ့ သူတွေကို အလေးမထားရင် ခင်ဗျားတို့ တစ်ချိန်ချိန်မှာ ကောင်းကောင်းကြီး အခက်တွေ့ကြ တော့မှာပါ။ သူတို့ရဲ့ ခံယူချက်တွေ၊ စေတနာတွေကို လည်း မြင်အောင် ကြည့်ကြပါလားဗျာ။
          ပြောစရာတွေတော့ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် အတိုချုံးအနေဖြင့် ပြောရရင်တော့ ခေတ်ပေါ်ကဗျာရဲ့ သက်တမ်းဟာလဲ ကျနော်တို့ လူငယ်တွေ တစ်သက်လောက် ရှိပါပြီဗျာ။ ကျောင်းသင်ရိုးမှာ သင်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေရော တန်ဖိုးတွေပါ အများကြီးရှိပါတယ်ဗျာ။ အဲဒါကြောင့်မို့ ပညာရှိများ ညှိနှိုင်းပြီး စစ်တမ်းကောက်ကာ သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းရေးဆွဲကြဖို့ ၊အသစ်ဖြစ်တဲ့ အတွက် ဂရုတစိုက် ရွေးချယ်ကြဖို့ ကို ပြောကြားချင်ပါတယ်။
          ခေတ်ပေါ်ကဗျာဆရာများ အနေဖြင့်လည်း ငါတို့ ကဗျာတွေဆိုတာ ဥာဏ်ရည်မြင့်မှ နားလည်တာ၊ ပညာတတ်တွေမှ နားလည်နိုင်တာ ဆိုပြီး ဘ၀င်မြင့်ကာ အသိုင်းအ၀ိုင်းတစ်ခုထဲ အတွင်းမှာသာ ကျင်လည်နေကြတဲ့ အကျင့်တွေကို စွန့်မယ်ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီး ပန်းတိုင်ကို မြန်မြန်ရောက်မှာပါ။ ကျနော်တို့ချစ်ခင်လေးစားရတဲ့ ခေတ်ပေါ်ကဗျာဆရာကြီးတွေ အတွက် သူတို့ မရှိတော့ရင်တောင်မှပဲ  စာသင်ကျောင်းတွေမှာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ကဗျာတွေကို ကလေးတွေ အော်ဟစ် ရွတ်ဆိုနေတာကို ကြားချင်ပါတယ် ခင်ဗျာ။ သူတို့ ကဗျာတွေ ထာဝရ တည်တံ့စေချင်ပါတယ် ဗျာ။
(အခု ကျနော်ကြိုက်တဲ့ ကျနော့်တစ်ယောက်တည်းရဲ့ အမြင် အရ ကျောင်းသုံးလုပ်လို့ ရနိုင်တဲ့ ကဗျာလေး (၃) ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ နှစ်သက်ခံစား စဉ်းစားဆင်ခြင်ကြပါကုန်။)

                                     “မမတင်ရဲ့ ကျောင်းကလေး”
နေတဖွေးဖွေး၊ လေတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။
သဲတဖွေးဖွေး၊ ဖုံတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။

မမတင်ရဲ့ ကျောင်းကလေးမှာ
ထန်းပင်တွေကလဲ လက်ပိုက်ပြီးတန်းစီရပ်လို့။
တစ်ဘ၀လုံးပဲ မမတင်ကျောင်းက မထွက်တော့ဘူးတဲ့။
တစ်သက်လုံးပဲ မမတင်ရဲ့ ကျောင်းမှာ ကျောင်းတက်မတဲ့။

ထန်းသီးတွေကလည်း
အပြွတ်လိုက် အခိုင်လိုက် သီးလို့။
မမတင်ရဲ့ ကျောင်းမှာလဲ ကျောင်းသားတွေက
အပြွတ်လိုက် အခိုင်လိုက် သီးလို့။
ယာကွက်ကလေး တစ်ကွက်ကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းတက်လို့။
မြေပဲ နဲ့ ပဲစဉ်းငုံတွေကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းလာတက်လို့။
ဟို တောင်ဘက်က ခေါင်းနီတောင်ကလဲ
မမတင်ကျောင်းကို တက်ချင်ရက် မတက်ရလို့
တစ်ဘ၀လုံး တစ်သက်လုံး ဆွေးနေရပါပြီတဲ့။
မမတင်ရဲ့ ကျောင်းကလေးကို
လှမ်းမျှော်ငေးလို့။

ပုပ္ပါးတောင်ကြီးကတော့
မမတင်ရဲ့ ကျောင်းထွက်ကြီးပေါ့
မမတင်ရဲ့ ကျောင်းသားဟောင်းကြီးပေါ့
ခုလဲ မမတင်ကျောင်းကို ငေးကြည့်
တစ်ဘ၀လုံး ပီတိတွေနဲ့
မမတင်ကျောင်းကလေးကို
မြိန်မြိန်ကြီး ငေးလို့။

မမတင် ကျောင်းလာရင်
သူများ မိန်းကလေးတွေလို
ရွှေတွေ ငွေတွေ ဖိတ်လတ်နေအောင် ၀တ်စားမလာဘူး။
စေတနာရယ်
ဝါသနာရယ်
အနစ်နာရယ်
နာသုံးနာကို
ဖိတ်လတ်ရွှန်းတောက်နေအောင် ၀တ်စားလာတယ်။

မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့
မမတင်က
လင်မယူ သားမမွေး
အနာဂတ်အသစ်တွေ မွေးတယ်
စာကျက်သံ စာအံသံ တညံညံတွေကို မွေးတယ်
အဝေးပြေး အသံသစ်တွေကို မွေးတယ်။

မမတင်ရဲ့ ကျောင်းကလေး မြောက်ဘက်မှာ
သချို င်္င်းထဲက အုတ်ဂူတွေဟာ
အဝေးပြေး ကားဂိတ်မှာ
ကားတွေ တန်းစီ ဂိတ်ထိုးထား သလိုပဲ။
မမတင်ကျောင်းကလေးမှာတော့
အဝေးပြေးတေးသံတွေ ဆော့ကစား ပျော်ပါးလို့ပေါ့။
(မောင်ချောနွယ်)

                             “မြစ်ဆိပ်”
နွားခြေတွေက
သူ့ခြေရာပေါ်နင်း
သူက နွားခွာရာတွေပေါ်နင်းနဲ့
အဲဒီနေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ
လူက ဦးဆောင်တာလား
နွားတွေက ဦးဆောင်တာလား။
နှင်တံကို ထောက်မှီလို့
နောက်ရို့ရပ်ကျန်ခဲ့တဲ့
ကမ်းပေါ်က သူ့ပုံရိပ်
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ။
ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။ ။
(မောင်အောင်ပွင့်)

                             “ပုခက်”
လက်တွေက ပုခက်လွှဲတဲ့အခါ
ဘယ်သီချင်းကို ဆိုရမလဲ
ခေတ်တွေက ဖေဖေတို့ကို လွှဲတဲ့အခါ
ဆိုတဲ့ သီချင်းကိုပဲ ဆိုရမှာပေါ့
သားရေ…..
သီချင်းတွေကို နှလုံးသားနဲ့ နားထောင်တတ်ဖို့
အငိုမြစ်တွေ အများကြီး ကျော်ဖြတ်ရလိမ့်ဦးမယ်
ပုခက်ဟောင်းလေးကတော့
ဖြူစင်စွာနဲ့ ဘ၀ရဲ့ ထောင့်ကလေးတစ်ထောင့်ထဲ
ကျန်ရစ်ခဲ့ရမှာပေါ့
ကမ္ဘာကြီးဟာ
ဒီလိုနဲ့ တစ်ဦးကို တစ်ဦး လက်ဆင့်ကမ်း လွှဲခဲ့ကြတယ်။
လက်များ
သီချင်းများ
ပုခက်များ
မေတ္တာတရားနဲ့ ထုံးဖွဲ့ထားခဲ့
ပိုက်အိမ်လေးထဲ ခုတော့
လိုချင်တာတစ်ခုရှိတိုင်း တွန်းထိုးကန်ကျောက်လို့
အားရအောင် ငိုလိုက်ပါဦး
သားရေ…..။   ။
                                      (ပိုင်)

ရှိန်ဝါ ရေးသား အကြံပြုသည်။

No comments:

Post a Comment