ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Tuesday, February 5, 2013

“ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ခုလို ခေတ်ကောင်းမှာ”

သတင်းဆိုးတွေ ဖတ်ရတာ၊ တွေ့ရတာ များလို့ စိတ်ညစ်နေပြီလား မိတ်ဆွေ။ ဂျာနယ်တွေ၊ သတင်းစာတွေ၊ မီဒီယာတွေမှာ တွေ့လိုက်ရရင်လည်း သတင်းဆိုးတွေကြီးပဲ များနေလို့ စိတ်ပျက်နေပြီလား ။ စိတ်မညစ်ပါနဲ့ ဗျာ။ တစ်ခုလောက်ပဲ စဉ်းစားကြည့်လိုက်ပါ ဗျာ။ အဲ့မီဒီယာတွေ အဲလို သတင်းဆိုးတွေ ပူလောင်တဲ့ အရာတွေကိုမှ သူတို့မဖော်ပြရင် ဘယ်မှာလာ သူတို့ ဂျာနယ်တွေ ရောင်းကောင်းတော့မလဲဗျာ။ အဲတော့ ကမ္ဘာကြီးမှာ ဆင်းရဲမွဲတေမှုတွေ၊ စစ်ပွဲတွေ၊ အထိကရုဏ်းတွေ၊ ရောဂါဆန်းတွေ များများလာလို့ စိတ်ညစ်နေရင်တော့ ဒီစာလေးကို ဖတ်ဖြစ်အေင် ဖတ်ကြည့်လိုက်ပါဗျာ။
            2012 September လထုတ် Reader’s Digest ထဲမှာ Matt Ridley ဆိုတဲ့ စာရေးဆရာကတော့ ခုလို အခိုင်အမာကြီးပြောတယ်ဗျ။ “ကမ္ဘာကြီးဟာ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာတာပါ”တဲ့။ သူ့အဆိုကို ဆန့်ကျင်ကြတဲ့ သူတွေကတော့ ထုံးစံအတိုင်း ဖဲ့ကြတာပေါ့။ ဒီကောင် အပေါ်ယံကြောတွေ လျောက်ပြောနေတယ်တို့၊ အတင်းဇွတ်ငြင်းနေတဲ့သူ ဆိုတာတစ်မျိုး။ တကယ့်ကြောင်တောင်တောင်နဲ့ လျောက်ပြောနေတယ် တို့ ဘာတို့ပေါ့။ သူက ပြောတာကတော့ ရှင်းပါတယ်။ “လူသားတွေ နှင့် ကမ္ဘာမြေကြီးအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်တာက ရူးတယ် လို့ ဆိုလို့ရမလား ဗျာ။ ဒါ အပြစ်ကြီးတစ်ခုလား ဗျာ” တဲ့။ သူကတော့ ဘယ်သူတွေ ဘာပြောပြော တကယ့်ကို အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ကမ္ဘာကြီး ပိုကောင်းလာကြောင်း အချက်အလက်တွေနဲ့ ပြောတာဗျ။ သူပြောတာ မှန်မမှန်တော့ မသိဘူး။ သူရဲ့စာအုပ် The Rational Optimist:… (ကြောင်းကျိုးခိုင်လုံတဲ့ အကောင်းမြင်သမား) စာအုပ်ကတော့ တော်တော်ရောင်းကောင်းဆိုပဲ။ အခု လထုတ် RD မှာတော့ ကမ္ဘာကြီး ပိုကောင်းလာကြောင်း သူက အကြောင်းပြချက် (၁၆) ခု ပေးပြီး တင်ပြထားပါတယ်။ မိတ်ဆွေတို့ သူပြောတဲ့ အချက်အလက်အားလုံးကို သဘောတူချင်မှ တူမှာပါ။ ဒါပေမယ့် သူ့စာတွေ ဖတ်ပြီးရင်တော့ သတင်းဆိုးတွေနဲ့ မွန်းကျပ်နေတဲ့ ကျနော်တို့ နဲနဲတော့ သက်သာရာ ရသွားမှန်တော့ အမှန်ပဲ ဗျို့။ (……...) ကွင်းလေး ခတ်ပြီးတော့ ကျနော်ကလဲ တစ်ချက် တစ်ချက် ထောက်ခံထားပါတယ်။ မိတ်ဆွေတို့ မြည်းကြည့်လိုက်ပါဦး။ အဲ တစ်ခုပဲ ရှိတယ်။ သူပြောတဲ့ အချက်အလက် အထောက်အထားတွေကို မယုံရင်တော့ ကိုယ့်ဘာသာပဲ ရှာကြည့်ကြပေါ့ဗျာ။ ကျနော်ကတော့ ယုံလို့ ပြန်လိုက်ပြီ။ ဖတ်ကြည့်ကြပါစို့။

(၁) ငါတို့ အခု ၀င်ငွေပိုတိုးလာကြတယ်။
လွန်ခဲ့သော နှစ် ၅၀ လောက်ကနဲ့ နှိုင်းယှဉ်ရင် ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ ၀င်ငွေသုံးဆ တိုးလာပါတယ်။ ငွေကြောင်းဖောင်းပွတာကိုတော့ မပြောပါနဲ့။ နောက်ပြီး တစ်နေ့စားတဲ့ ကယ်လိုရီဟာလဲ ၃ ပုံ ၁ ပုံလောက် ပိုစားလာနိုင်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ သေဆုံးမှုနှုန်းကလဲ ၃ ပုံ ၂ ပုံလောက် လျော့ကျသွားပါတယ်။ ပြီးတော့ ပျမ်းမျှအားဖြင့် ၃ ပုံ ၁ ပုံလောက်လည်း အသက်ပိုရှည်လာကြတယ်ဗျ။ ကမ္ဘာကြီးရဲ့ လူဦးရေဟာ အခုဆယ်စုနှစ်မှာ နှစ်ဆလောက် တတ်လာတယ်ဆိုသော်ငြားလည်းပဲ ၀င်ငွေလျော့နည်းသွားတဲ့ ဒေသကိုတော့  ခင်ဗျား ရှာရ တော်တော်ခက်နေမှာဗျ။ (ဟုတ်ပါတယ်။ ကုန်စရာပိုများလာသလို ရှာလို့ရတာလဲ များလာတာ အမှန်ဗျ။ လက်ထဲမှာ မစုမိတာပဲ ရှိရင် ရှိမှာ။ သုံးတော့ သုံးနေရသေးတာပဲလေ)

(၂) မြို့ပြလုနေမှု ပုံစံက ကောင်းတယ်ဗျ
            မြို့မှာနေတဲ့သူတွေက နေရာစား သက်သာတယ်ဗျ။ နေရာကျဉ်းကျဉ်းလေးမှာ လူ အများကြီး နေလို့ရတယ်။ အဲတော့ ကမ္ဘာ့ဂေဟ စနစ်ကြီးကိုလည်း ထိခိုက်မှု နည်းတာပေါ့ဗျာ။ ကမ္ဘာပေါ်က မြို့ကြီးတွေဟာ သူတို့နိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ကို လက်ခံထားကြတာဗျ။ အင်း ဒါပေမယ့် နေရာကတော့ အဲဒီနိုင်ငံရဲ့ နယ်မြေ ၃% လောက်ကိုပဲ နေရာယူထားတာဗျ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ မြို့ပြလူနေထိုင်မှုကို နှာခေါင်းရှုံ့ချင် ရှုံ့မှာပေါ့။ ဒါပေမယ့် တောမှာ နေတိုင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တယ်လို့ ဘယ်စစ်တမ်းမှာမှ ဖော်ပြမထားဘူးဗျ။ အဲတော့ မိုးမျှော်တိုက်ကြီးတွေ ဆောက်နိုင်သမျှသာ ဆောက်ကြစမ်းပါ။ ဒါကမ္ဘာအတွက် ကောင်းတယ်ဗျ။ ( အင်း… ကျနော်လဲ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးတယ်။ အံသြစရာပဲ။ တောရွာပိုင်းက လေထုက မြို့ပြက လေထုထက် ပိုညစ်ပတ်တယ်တဲ့ဗျာ။ အမေရိကားက ပညာရှင်တွေ စူးစမ်းထားတာတဲ့။ တောက ဖုန်မှုန့်တွေ၊ ကောက်ရိုးမှုန့်တွေ၊ ပိုးကောင်မွှားကောင်လေးတွေ ပါတဲ့လေက မြို့က ဓါတ်ဆီနံ့တွေ အနံ့အသက်ပေါင်းစုံ ပါနေတဲ့ လေထက် ကျန်းမာရေးကို ပိုဆိုးရွားစေတယ်တဲ့။ ဖတ်ဖူးတာ ပြောကြည့်တာပါ။)

(၃) ဆင်းရဲမွဲတေမှုဆိုတာ မူးရင် ရှုဖို့တောင် ရှားရှားလာပြီဗျ
            ချမ်းသာတဲ့သူတွေက ပိုချမ်းသာလာတော့ မှန်ပါတယ်။ ဒါပေမယ့် ဆင်းရဲသားတွေ ချမ်းသာလာတဲ့ နှုန်းနဲ့ ယှဉ်ရင်တော့ ဖျားသွားမယ်ဗျ။ ၁၉၈၀ နဲ့ ၂၀၀၀ ကြားမှာ ဆင်းရဲသားတွေရဲ့ စားသုံးမှုနှုန်းဟာ ၂ ဆ တတ်လာတယ်ဗျာ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကနဲ့ နှိုင်းရင် တရုတ်တွေဆို ၁၀ ဆ ပိုချမ်းသာလာကြတယ်တဲ့။၂၅ နှစ်လောက်လည်း ပိုပြီး အသက်ရှည်လာကြတယ်တဲ့။ နိုင်ဂျီးရီးယားတွေဆို ၂ ဆ ပိုချမ်းသာလာကြတယ်တဲ့။ ၉ နှစ်လောက်လည်း ပိုအသက်ရှည်လာ ကြတယ်တဲ့။ ကမ္ဘာတစ်ဝှမ်းလုံးက ဆင်းရဲမွဲတေမှုကလဲ တစ်ဝက်လောက် လျော့ကျသွားတယ်တဲ့။ ကုလသမ္မဂ္ဂ ကလည်း ခန့်မှန်းပါတယ်။ လွန်ခဲ့သော နှစ် ၅၀၀ လောက်ကထက်စာရင် အခု နှစ် ၅၀ လောက်မှာ ဆင်းရဲမွဲတေမှုက ပိုပိုလျော့လာတယ်တဲ့။ (အဲဒါတော့ ကျနော်တို့နိုင်ငံကို သူမသိလို့ ဖြစ်မှာပေါ့ ဟဲဟဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် ဖုန်းလေးတွေ သုံးနိုင်လာကြပြီ။ ဒါလည်း ပျော်စရာပါဗျာ။)

(၄) မဖြစ်မနေသုံးရတဲ့ ပစ္စည်းတွေ ဈေးမကြီးတော့ဘူးဗျ။
             နဂိုကထက် ငါတို့ ပိုချမ်းသာလာတယ်။ ပိုကျန်းမာလာတယ်။ ပိုအရပ်ရှည်လာတယ်။ ပိုတော်လာတယ်။ အသက်ပိုရှည်လာတယ်။ ပိုလွတ်လပ်လာတယ်။ စတာတွေကို ပြဖို့ အချက်တစ်ချက်ရှိတယ်ဗျ။ လူတွေ အဓိကလိုအပ်တဲ့ အခြေခံအစားအစာတွေ၊ အ၀တ်အထည်တွေ၊ လောင်စာတွေ၊ အမိုးအကာ အဆောက်အဦတွေရဲ့ ဈေးနှုန်းဟာ သတိမပြုဘဲ မနေနိုင်လောက်အောင် ကျဆင်းလာတာဗျ။ ဥပမာ အားဖြင့်ဗျာ။ ၁၈၀၀ ပြည့်နှစ်လောက်က ဆိုရင် တစ်နာရီလောက်ခံတဲ့ ဖယောင်းတိုင် တစ်ချောင်းရဖို့အတွက် လူတစ်ယောက်ဟာ ၆ နာရီလောက် အလုပ်လုပ်ရတယ်ဗျ။ ၁၈၀၀ ပြည့်နှစ်ကျော်နှစ်တွေကျတော့ ရေနံဆီ မီးအိမ် တစ်ခွက်ရဖို့ ၁၅ မိနစ်လောက်ပဲ အလုပ်လုပ်ရတော့ဗျ။ ၁၉၅၀ လောက်လည်းကျရော ၈ စက္ကန့်လောက်ပဲ ကြာတော့တယ်တဲ့ဗျာ။ အခုခေတ်ကျတော့ စက္ကန့်ဝက်လောက်ပဲ အလုပ်လုပ်ရတော့တယ်တဲ့ဗျာ။ ကဲ အဲတော့ ငါတို့ဟာ ၁၈၈၀ ပြည့်လောက်ကနဲ့ ယှဉ်ရင် အချိန်တွေ ၄၃၂၀၀  အဆလောက်ကို ပိုထွက်လာတော့တာပေါ့။ (အဲဒါတော့ ပြောစရာမလိုတော့ပါဘူး။ ခုခေတ်ကိုက နဲနဲပဲ လုပ်၊ များများ အကျိုးသက်ရောက်တဲ့ ခေတ်လေ။ စာတိုက်က စာတစ်စောင် ပို့တာနဲ့ E-mail တစ်စောင် ပို့တာ ဘယ်ဟာပိုမြန်မလဲ။ ပြီးတော့ တစ်ချိန်တည်းမှာ လူဘယ်လောက်များများကို ပို့နိုင်မလဲ စဉ်းစားသာကြည့်ပါတော့ဗျာ။)

(၅) သဘာဝပတ်ဝန်းကျင်ကြီးကလဲ ကျနော်တို့ ထင်ထားတာထက် ပိုကောင်းလာတယ်ဗျ
            အခုခေတ်မှာ သဘာဝပတ်ဝန်းကျင်ကြီးက ပိုပိုပြီး သန့်ရှင်းလာတယ်ဗျာ။ မယုံဘူးလား။ ဥပမာ တစ်ခုပြောပြမယ်ဗျာ။ ဒီနေ့ခေတ် မိုင်ကုန်မောင်းနှင်နေတဲ့ ကားတစ်စီးက ထုတ်လွှင့်တဲ့ ညစ်ညမ်းမှုဟာ ၁၉၇၀ လောက်က ပါကင်ထိုးရပ်နားထားတဲ့ ကားတစ်စီးက ဆီယိုစိမ့်တဲ့ ညစ်ညမ်းမှုကို မမှီဘူးဗျာ။ (အင်း နိုင်ငံတကာမှာတော့ ဖုံဆိုတာ မနည်း လိုက်ရှာရနေတယ်လေ။)

(၆) အရောင်းအ၀ယ်တွေလည်း ပိုကောင်းလာတယ်ဗျာ။
            ဘယ်လောက်ပဲ ဆင်းရဲနေတယ် ပြောပြောဗျာ။ အခုခေတ် ကျနော်တို့ မျိုးဆက်က အရင်ခေတ်ကထက်စာရင် ကယ်လိုရီတွေ ပိုစားလာနိုင်မယ့်၊ မြင်းကောင်ရေ လျှပ်စစ်ဓါတ်အားတွေ ပိုသုံးလာနိုင်မယ့်၊ ဂစ်ဂါဘိုက်တွေ၊ မီဂါဟတ်စ်တွေ၊ စတုရန်းမိုင်ပေါင်းတွေ၊ တစ်ဧက အထွက်နှုန်းတွေ၊ ကီလိုမီတာတွေ (အင်း ပိုက်ဆံလည်းကျိန်းသေပါတာပေါ့ဗျာ) ပိုသုံးနိုင်မယ့် အခွင့်အလမ်းတွေကို ပိုင်ဆိုင်လာကြတယ်ဗျ။ အဲတော့ ငါတို့ဒီလို သုံးနေလေလေ၊ ဒီဟာတွေ ပိုများများရောင်းရလေလေပေါ့။ အဲတော့ ၀င်ငွေပိုတိုးလာကြတယ်ဆိုတာ မမှန်ဘူးလားဗျာ။ (အင်း အဲ့အချက်ကို ခိုင်လုံစေတဲ့ အကြောင်းကတော့ ဒီခေတ်မှာ ပွဲစားတွေ ပိုများလာတယ်ဗျာ။)

(၇) လယ်ယာအထွက်နှုန်းတွေ ပိုတိုးလာတယ်ဗျာ။ မြေလွတ်မြေရိုင်းတွေလည်း ပိုများလာတယ်ဗျာ။
            ၁၉၀၀ ခုနှစ်လောက်ကတည်းက လူဦးရေ တစ်ချိန်လုံး တိုးနေသလိုမျိုးပဲ တခြားအရာတွေလည်း တိုးတက်လာတယ်ဗျ။ သီးနှံထွက်တဲ့ ဧကတွေ ၃၀ % လောက်တိုးလာတယ်ဗျာ။ စားကျက်မြေတွေ ၆၀၀ % လောက်တိုးလာတယ်ဗျာ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ လယ်သမားတွေဟာလည်း မြို့ပြတွေကို ပြောင်းရွေ့လာကြတာများတဲ့ အတွက်ကြောင့် အပူပိုင်းသစ်တော ဧက သန်း ၂၀၀၀ လောက်ကိုလည်း ပြန်လည်အသုံးပြုလို့ရအောင် စိုက်ပျိုးနေကြပြီဗျာ။ အဲတော့ ဇီဝဖြစ်စဉ်ကြီးအတွက်လည်း ကောင်းတာပေါ့ဗျာ။ အဲတော့ ကျနော် ကုန်ကုန်ပြောလိုက်မယ်ဗျာ။  ခုရာစုနှစ်မှာဗျာ ကမ္ဘာကြီးမှာ နောက်ထပ် စိုက်ပျိုးဧကတွေ မချဲ့ထွင်ဘဲနဲ့လည်း ကမ္ဘာသူ ကမ္ဘာသားတွေကို ကမ္ဘာကြီးက ပိုပြီး များသထက် များလာတဲ့ ပမာဏနဲ့ ကျွေးထားနိုင်တော့မှာဗျ။

(၈) လောင်စာဆီတွေကလည်း ခင်ဗျားတို့ထင်သလို အလျင်အမြန်ကြီးကုန်သွားမှာမှ မဟုတ်တာဗျာ။
            ၁၉၇၀ လောက်တုန်းက လောင်စာဆီသိုလှောင်ကန်ကြီးတွေ သန်း ထောင်ပေါင်း ၅၅၀ ရှိတယ်ဗျာ။ အဲ့ကနေစလို့ နောက် အနှစ် ၂၀ လောက်ကျတော့ ၆၀၀ ဖြစ်လာတယ်ဗျာ။ ၁၉၉၀ ကျတော့ သန်းထောင်ပေါင်း ၅၀ ထပ်တိုးလာတယ်ဗျာ။ အခုကျတော့ ၉၀၀ လောက်ရှိပြီဗျာ။ ဒါတောင် ဆော်ဒီအာရေဗျ က စာရင်းမသွင်းရသေးတဲ့ သိုလှောင်ကန်တွေ အများကြီး ရှိသေးတယ်ဗျာ။ ခင်ဗျားတို့ စိုးရိမ်တာတော့ ဟုတ်ပါတယ်။ လောင်စာဆီတွေ ကျောက်မီးသွေးတွေ သဘာဝဓါတ်ငွေ့တွေဆိုတာ အချိန်တန်ရင် ကုန်သွားတတ်တာကိုး။ ဒါပေမယ့် သေချာတာကတော့ အခုရှိထား၊ တွေ့ထားတာနဲ့တင် ရာစုနှစ်အများကြီး မဟုတ်ရင်တောင် ဆယ်စုနှစ် အများကြီးတော့ သုံးလို့ မကုန်နိုင်သေးပါဘူး။ နောက်ပြီး ကျနော်တို့ လူသားတွေက တော်တာပဲ ဗျာ။ လောင်စာအတွက် အခြားနည်းကောင်းတွေကို တွေ့ဦးမှာပါဗျ။ အဲတော့ ဘာလို့ အဲလောက်ကြီး တအား ကြို စိုးရိမ်နေကြမှာတုန်းဗျ။

(၉) လူဦးရေ တိုးလာတာကလည်း ခြောက်ခြားစရာမှ မဟုတ်တာဗျာ။
            ကမ္ဘာကြီှးမှာ လူဦးရေတွေ တစ်ချိန်လုံး တိုးနေတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကစပြီး လူဦးရေ တိုးနှုန်းတွေ ကျလာတယ်ဗျ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူမွေးဖွားနှုန်းဟာ ၁၉၆၀ လောက်ကနဲ့ စာရင်တော့ တော်တော်လျော့သွားပြီဗျ။ ဖွံဖြိုးမှု နှေးကွေးတဲ့ နိုင်ငံတွေမှာ ဆိုရင် မွေးဖွားနှုန်းက တစ်ဝက်လောက်တောင် လျော့သွားတာတဲ့ ဗျာ။ လျော့တာမှ မွေးကင်းစကလေးတွေ သေဆုံးမှုနှုန်း လျော့လာတာတောင် မွေးဖွားမှုနှုန်း လျော့တာက တော်တော်သိသာတယ် တဲ့။ ကုလသမ္မဂ္ဂ ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၇၅ မှာ လူဦးရေ ကအမြင့်ဆုံးဖြစ်တဲ့ သန်း ၉၂၀၀ အထိ ရှိမယ်တဲ့။ ပြီးရင်တော့ စပြီး လူဦးရေ လျော့ပြီတဲ့ဗျာ။ အဲတော့ စားနပ်ရိက္ခာတွေ ကုန်ဖို့ အခွင့်အလမ်းဆိုတာ မရှိပါဘူးဗျာ။ ခြုံပြီးကြည့်လိုက်ရင် ဆယ်စုနှစ်တိုင်း ဆယ်စုနှစ်တိုင်းမှာ အခု ရှိပြီးသား သန်း ၇၀၀၀ လောက်က အေးအေးဆေးဆေး ပိုပိုပြီး ကောင်းသထက် ကောင်းကောင်း စားရဖို့ပဲ ရှိတယ်ဗျာ။

(၁၀) စီးပွားပျက်ကပ်ဆိုတာကလည်း ဒီလောက် ပျက်တာမှ မဟုတ်တာ ၊၊ စိတ်ဓါတ်ကျစရာမှ မဟုတ်တာပဲ ဗျာ။
            လူတိုင်းသိတဲ့ ၁၉၃၀ ပတ်ဝန်းကျင်က စီးပွားပျက်ကပ်ဆိုတာ တကယ်တော့ လူနေထိုင်မှုပုံစံတွေ တိုးတက်နေတဲ့ ဒေါင်လိုက်မျဉ်းမှာ နည်းနည်းလောက် ကျဆင်းရုံလောက်ပါပဲဗျ။ တကယ့်ကို စီးပွားပျက်ကပ်ကြီး အလူးအလဲ အခံရဆုံး ဖြစ်ခဲ့တဲ့ အမေရိကန် နဲ့ ဂျာမနီနိုင်ငံတောင် ၁၉၃၉ မှာကျတော့ ၁၉၃၀ ထက်စာရင် ပိုချမ်းသာလာကြတာ အမှန်ပဲဗျ။ နောက်ပြီးတော့ ကုန်စည်အသစ်တွေ၊ စက်မှုလုပ်ငန်း အသစ်တွေလည်း အဲဒီ စီးပွားပျက်ကပ်ကြီးမှာ မှ ပေါ်လာတာဗျ။ နိုင်ငံရဲ့ ပေါ်လစီသာ မမှားဘူးဆိုရင် စီးပွားပျက်ကပ်လောက်ကတော့ အေးဆေးပါဗျ။ အဲတော့ ဆော့ဖ်ဝဲလေး အသစ်တစ်ခုကို ထွင်လိုက်၊ စက်ကိရိယာလေး တစ်ခုကို စမ်းလိုက်နဲ့ နေလို့ချင်ရင် ဘ၀က အများကြီး ပျော်စရာ ဖြစ်လာမှာပါ။ (စီးပွားပျက်ကပ်ကို မကြောက်ပါနဲ့။ အလုပ်မရမှာပဲ ကြောက်ပါ။ အလုပ်ရှိနေရင် ထမင်းတော့ စားနေရမှာပဲလေ.)

(၁၁) ငါတို့ဟာ ကံအကောင်းဆုံး မျိုးဆက်ပဲဗျ။
            အခု ကျနော်တို့ မျိုးဆက်ဟာ ငြိမ်းချမ်းမှုတွေ၊ လွတ်လပ်ခွင့်တွေ၊ အားလပ်ချိန်တွေ၊ ခေတ်ပညာတွေ၊ ဆေးပညာတွေ၊ တော်တော်များများကို အရင်တုန်းကနဲ့စာရင် ပိုရ ပိုသိရတယ်ဗျ။ နေရာတိုင်းမှာ ထူးချွန်ဖို့ အခွင့်အလမ်းရှိတယ်ဗျ။ ဘယ်လောက်ထိလည်းဆိုရင် အခုဆိုရင် လူတော်တော်များများက ပစ္စည်းတစ်မျိုးမှာ ရွေးစရာတွေ အများကြီး ရှိနေတာကိုတောင် အထူးအဆန်းလုပ်ပြီး ပျော်မနေကြတော့ပါဘူး။ အရင်တုန်းကလူတွေ ဆို ဘယ်ပြောကောင်းမလဲ။ ပါးစပ်ကြီး အဟောင်းသားနဲ့ အပျော်လုံးကို ဆို့နေမှာ။ ကျနော် နယ်မြို့က ဈေးဆိုင်လေး တစ်ဆိုင်ကို ရောက်ဖူးတယ်။ ရွေးစရာ သိပ်မရှိလို့ စိတ်ပျက်နေတဲ့သူတွေကို မတွေ့ဖူးဘူးဗျ။ အေးအေးဆေးဆေးပဲ။ ရွေးတော့ ရွေးနေကြတာပဲ။ (ကျနော်တို့လည်း supermarket တွေကို ရောက်ဖူးတယ်။ ရွေးစရာတွေ များလို့ စိတ်အရမ်းညစ်နေတဲ့ သူတွေကို မတွေ့ဖူုးဘူးဗျ။ အဲတော့ တကယ်ကံကောင်းတာဗျ။ ရွေးချင်သလား ရတယ်။ မရွေးချင်ဘူးလား ရတယ်။ အေးဆေးပဲ။)

(၁၂) အတိတ်မှာ ရွှေထီးဆောင်းခဲ့ ကြတယ်ဆိုတာလည်း မဟုတ်ဘူးဗျ။
            တစ်ချို့ကတော့ ငြင်းကြမှာပေါ့။ နဂိုတုန်းကဆို ဘ၀က ဘယ်လိုရိုးရှင်းတာ၊ ဘယ်လို ငြိမ်းချမ်းတာ၊ ဘယ်လို လူအချင်းချင်း သင့်မြတ်ကြတာ၊ စိတ်ဓါတ်တွေလည်း ကောင်းကြတာ ဘာညာပေါ့ဗျာ။ အခုတော့ အဲဒါတွေ မရှိတော့ဘူးဗျာ။ တကယ်တော့ ရွှေထီးဆောင်းတယ် ဆိုတာ ချမ်းသာခဲ့ကြတာကို မှ ပြောသင့်တာဗျ။ အခုဆို ဘယ်လောက်တောင် ကောင်းလဲ ကြည့်စမ်း။ တစ်ခုပဲ ပြောမယ်။ ခင်ဗျား တကယ့်ကို ကျော်ကြား ထင်ရှား စွန့်ဦး တီထွင်သူတစ်ယောက် ဖြစ်ချင်ရင်တောင် အိမ်ထဲက အိမ်ပြင် ထွက်စရာမလိုတော့ဘူးဗျ။ (မှန်တယ်ဗျာ။ တစ်ချို့များ အိမ်မှာပဲနေ Facebook လေး သုံးပြီး နိုင်ငံကျော်တောင် ဖြစ်နေကြပြီဗျာ။) အင်း နောက်ပြီးတော့လည်း တကယ့်ကို လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်း နေခဲ့ရပါတယ် ဆိုတဲ့ သူတို့ ခေတ်ကို ကြည့်ကြည့်။ အဲ့ခေတ်ကို အခုခေါ်ကြတာ။ အမှောင်ဖုံးသော ခေတ်များလို့ ခေါ်တယ်တဲ့ဗျာ။ ကဲ ပြီးရော။

(၁၃) တကယ့်ရှယ်အတွေးအကြံတွေလည်း ဆက်ထွက်နေတုန်းဗျ။
            ငါတို့ ကြွယ်ဝတော့ ပိုကြွယ်ဝလာနိုင်တာပေါ့။ ငါတို့ တီထွင်နေရင် ငါတို့ ထပ်တီထွင်နိုင်မှာပေါ့။ ကမ္ဘာကြီးက ဘယ်တော့မှ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးဗျ။ အဲတော့ အတွေးအကြံကောင်းတွေကလဲ ဆက်ထွက်ပြီးရင်း ထွက်နေဦးမှာဗျ။ တိုးသထက် တိုးလာ။ ကောင်းသထက် ကောင်းလာဖို့ပဲ ရှိတာပါဗျာ။ နောက်ပြီး အဲဒီလို အကြံကောင်း ဥာဏ်ကောင်းတွေ တုံးသွားမယ်၊ ကုန်သွားမယ်ဆိုတာကို သက်သေပြနိုင်တဲ့ ဘယ်သိပ္ပံစစ်တမ်းမှ မပေါ်သေးဘူးဗျ။ (ဒါကိုတော့ တော်တော်များများက ချွင်းချက်မရှိ လက်ခံကြမှာပါဗျာ။)

(၁၄) မုန်တိုင်းတွေဆိုတာလည်း ထင်သလောက် မဆိုးပါဘူးဗျာ။
            လုံးဝကို ထင်သလောက် မဆိုးတာဗျ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကစပြီး ကမ္ဘာကြီးက နဲနဲလေး ပိုပူနွေးလာတော့ ဆိုင်ကလုန်းတွေ၊ ဟာရီကိန်းတွေ ဖြစ်တယ်ပေါ့ဗျာ။ ကုလ က ပြောတာကတော့ ၁၉၂၀ လောက်စပြီး ကမ္ဘာကြီးရဲ့ လူသေဆုံးမှုနှုန်းဟာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ သေဆုံးမှုထက် အခြားအကြောင်းကြောင်း တွေကြောင့် သေဆုံးမှုဟာ ၉၉% လောက်ကို ပိုများတယ်တဲ့ဗျာ။ မုန်တိုင်းတစ်ခုရဲ့ အန္တရာယ်ဆိုတာကလည်း လေတိုက်နှုန်းပေါ်မှာထက် အဲဒီနိုင်ငံ ဘယ်လောက် ချမ်းသာသလဲ ဆိုတဲ့ အပေါ်မှာသာ ပိုပြီး မူတည်တာပါဗျာ။ ၂၀၀၇ ခုနှစ်တုန်းက အလွန်ကြီးမားတဲ့ မုန်တိုင်းကြီး တစ်လုံးဟာ စနစ်တကျပြင်ဆင်ထားတဲ့ မက္ကဆီကို နိုင်ငံက မြို့တစ်မြို့ကို ၀င်တိုက်တာ သေတဲ့သူ (၅) ဦး တောင် မပြည့်ဘူးဗျာ။ အဲ ဒါပေမယ့် အဲလောက်လေတိုက်နှုန်း ရှိတဲ့ မုန်တိုင်းပဲ မြန်မာနိုင်ငံကို ၀င်တိုက်တော့ လူပေါင်း တစ်သိန်းအထက် သေဆုံးကြရတယ်ဗျာ။ အဲတော့ အကောင်းဆုံး အကာအကွယ်ဟာ ချမ်းသာကြွယ်ဝမှုနဲ့ လွတ်လပ်မှု ပါပဲဗျာ။ ( အဲဒါ တူကျောတာနော်။ တားတား ပြောတာ မဟုတ်ဝူး။ တားတားက တွေ့တဲ့ အတိုင်းပဲ ဘာတာ ကျန်တာ။)

(၁၅) ငါတို့ဟာ ငါတို့ရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်စွမ်းရှိပါတယ်။
            ကမ္ဘာကြီးက ပိုကောင်းလာတယ်လို့ ပြောရင် လူတွေက ကျနော့်ကို ရူးနေတာလားတဲ့။ ကျနော်က ပြန်ပြောချင်တယ်။ ကမ္ဘာပျက်မှာသာ တကယ်သေချာရင် ခင်ဗျား နိုဘယ်ငြိမ်းချမ်းရေး ဆုတောင် ရဦးမယ်လို့။ စာအုပ်ဆိုင်တွေကလည်းဗျာ ရောင်းမကောင်းတိုင်း ခြူသံပါအောင် ငြီးတော့တာပဲ။ လေကြောင်းလိုင်းတွေကလဲ အခုပဲ စီးပွားပျက်တော့မယ့် အတိုင်း။ ကျနော်မှတ်မိသေးတယ်။ သူငယ်ချင်းတစ်ယောက်ပြောတာ။ သူက ကမ္ဘာကြီးဟာ စီးပွားရေး ဖွံဖြိုးမှုတွေကို မလုပ်တော့မှပဲ အသက်ဆက်ရှင်နိုင်တော့မှာတဲ့။ ဒီလိုသာ ဆက်သွားနေရင်တော့ မလွယ်ဘူးတဲ့။ သူ မသိတာပါဗျာ။ အလကား ယုန်လေးလို မိုးပြိုမှာကြောက်တာပါ။ လူဆိုတဲ့ အမျိုးကိုက ပြသနာဖြေရှင်းတတ်တဲ့ အမျိုးဗျ။ အချိန်တန်ရင်တော့ အရာအားလုံး ပြေလည်သွားမှာပါ။ ဒီတစ်နည်း မရရင် နောက်တစ်နည်း ကြိုးစားကြမှာပဲဗျ။ အဲတော့ တကယ့် အန္တာရယ်ဆိုတာ အပြောင်းအလဲ လုပ်ဖို့ နှောင့်နှေးနေရင်သာ ကြောက်ဖို့ကောင်းတာဗျ။ (ကောင်းလိုက်တာဗျာ။ ကျနော်တို့ နိုင်ငံကိုများ တည့်တိုးကြီး ပြောနေသလား မှတ်ရတယ်။)

(၁၆) အကောင်းမြင်သမားတွေဆိုတာ တကယ်မှန်တဲ့ သူတွေဗျို့။
            နှစ်ပေါင်း ၂၀၀ လောက်ကြာပြီဗျာ။ အကောင်းမြင်သမားတွေ ပြောတာ တော်တော်များများ မှန်တာတောင် အဆိုးမြင်သမားတွေကပဲ ဂျာနယ်တွေ၊ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းတွေကို တတ်တတ်သိမ်းနေတာ ကြာပြီဗျ။ အို အဆိုးမြင်သမားတွေ ရေးဖို့ဆို ထောက်ပံမယ့်သူတွေကလည်း မနည်းဘူးဗျ။ အကောင်းသာမြင်ပြီး ရေးကြည့်။ ပုံနှိပ်တောင် မဖော်ပြတော့ဘူး။ နောက်ပြီး ဒီရောဂါဆိုးကြီး ဒီအန္တာရာယ်ကြီးကတော့ မဖြစ်ဖို့ များတယ်လို့ပဲ ရေးကြည့်။ ခင်ဗျား ဘယ်တော့မှ ရှေ့မျက်နှာစာမှာ နေရာရမှာ မဟုတ်ဘူးဗျ။ အဲတော့ စာဖတ်သူတွေကိုရော၊ မီဒီယာတွေကိုရော ဘယ်လိုပဲ စိတ်ပျက်စရာတွေ ဖြစ်နေနေ ကောင်းတာလေးကို ရှာရေးကြဖို့ ၊ အလင်းရောင်လေးကို ရှာပြပေးကြဖို့ တွေကိုသာ တွန်းအား ပေးကြစမ်းပါဗျ။ မျက်မှောင်ကြီးကျုံ့ မှုန်ကုပ် မနေစမ်းပါနဲ့ဗျာ။ ရဲရဲကြီးသာ အကောင်းမြင်သမား အဖြစ် ခံယူလိုက်စမ်းပါ။ အနည်းဆုံးတော့ ခင်ဗျား (သို့) ခင်ဗျား ပတ်ဝန်းကျင် လင်းလာမှာတော့ အမှန်ပဲဗျ။


ရှိန်ဝါ မှီငြမ်းရေးသား ပြန်ဆိုသည်။

No comments:

Post a Comment