ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, February 3, 2013

ငြိမ်ဆိတ်ခြင်းပြီးဆုံးသွားသောအခါ

(ကဗျာ မရတာ ကြာပါပြီ။ ရမယ့်ရတော့လည်း kitaro ရဲ့ silence ကို ပြောင်းပြန်ခံစားပြီး ရလိုက်တယ်။ ဘာသာစကားအားထုတ်မှု ညံ့ဖျင်းပါတယ်။ အတွေးသစ်တစ်ခုကိုတော့ ပေးနိုင်တယ် ထင်လို့ မျှလိုက်မိတာပါ။         ရှိန်ဝါ   )
ဟိုး.....................
အသူရာနက်တဲ့ ချောက်အောက်ခြေကနေ
ငါ့ကို ပြန်လည်တွန်းတင်လိုက်ပေါ့
လွင့်မျော နာကျင် အေးစက် ထုံထိုင်း
လေ တဟူးဟူးလား
ငါ တစ်သက်လုံးပြောခဲ့တဲ့ စကားလုံးတွေလား
ကျိုးကြေသွားခဲ့သော အရိုးများ
ပြုတ်ပြတ်ထွက်ခဲ့ရသော အကြောများ
တစ်ခုချင်း တစ်လွှာချင်း တစ်စချင်း
ပြန်လည် တပ်ဆင်ကြပြီ
အမွှေးအမျှင်များ အသားစများ
ငါ့ကိုယ်ပေါ် ပြန်လည် ကပ်ညှိကြပြီ
အရိုး နဲ့ အကြော ကြား
ငါ့ရဲ့ ရူးမိုက်မှုများ
အသားစများကြား
ငါ့ရဲ့ ကြမ်းရှသော အတွေ့အကြုံများ
လျစ်ကနဲ ဖျတ်ကနဲ
ပြန်လည်တိုးဝင်ကြပြီ
ထုံထိုင်း နာကျင် ထုံထိုင်း နာကျင် ထုံထိုင်း နာကျင်
အလာခရီးတုန်းက ငါ့ကို နှိပ်စက်ခဲ့သော
အတားအဆီးများ သစ်ပင်များ ဆူးငြှောင့်များ
ရှောင်ကြ ရှားကြလော့
ငါ ပြန်လာပြီ ငါပြန်လာပြီ
အမာရွတ်မှ ဒဏ်ရာဆီ ပြန်တဲ့ အပြန်လမ်း
အမာရွတ်မှ ဒဏ်ရာဆီ အပြန်လမ်း
အမာရွတ်မှ ဒဏ်ရာဆီ လမ်း
အမာရွတ်ရဲ့ လမ်း
အပြန်လမ်း
အော်သံတစ်ခုနဲ့ ခရီးနှင်ခဲ့ပါပြီ
...................................................................................အား။   ။

No comments:

Post a Comment