ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, February 3, 2013

ပညာရေး နှင့် ဘ၀ရဲ့ အနှစ်သာရ”

                        ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးနှင်ကြည့်မယ်ဆိုရင်တောင် အိန္ဒိယမှာဖြစ်စေ၊ အမေရိကမှာဖြစ်စေ၊ ဥရောပမှာဖြစ်စေ၊ သြစတေးလျမှာဖြစ်စေ ကမ္ဘာပေါ်ကမည်သည့် နေရာမှာမဆို လူသဘာဝတွေဟာ အံအားသင့်စရာ ကောင်းလောက်တဲ့ အတိုင်းအတာအထိ တူညီနေတယ် ဆိုတာ သင် သတိပြုမိပါလိမ့်မယ်။ ဒီအချက်ဟာ အထူးသဖြင့်တော့ ကောလိပ်တွေ ၊ တက္ကသိုလ်တွေမှာ ပိုပြီးမှန်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပုံစံခွက်တစ်ခု တည်း ကပဲ ထွက်လာသလိုမျိုး တူညီနေကြပါတယ်။ စိတ်ချလုံခြုံမှုတွေကို ရှာဖွေဖို့၊ အရေးပါ အရာရောက်တဲ့ လူတစ်ယောက် ဖြစ်ဖို့၊ စဉ်းစားဆင်ခြင်စရာနည်းနည်းနဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ရရှိဖို့ စတဲ့အရာတွေကိုပဲ အဓိကစိတ်ဝင်စားတဲ့ လူသားပုံစံတစ်ခုဖြစ်နေတာပါပဲ။
                        သမားရိုးကျ ပညာရေးဟာ လွတ်လပ်စွာ တွေးခေါ်ခြင်းကို အလွန်အမင်း ဟန့်တားစေပါတယ်။ ပုံစံတကျဖြစ်မှုဆိုတာ သူလိုကိုယ်လိုသာမင်ညောင်ည အခြေအနေတစ်ခုကိုပဲ ဖြစ်စေပါတယ်။ အောင်မြင်မှုကိုပဲ ကိုးကွယ်နေသမျှ ကာလပတ်လုံး အများစုနဲ့ မတူထူးခြားဖို့၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ ဆိုတာ မလွယ်ကူလှသလို စွန့်စားလည်းစွန့်စားရတဲ့အရာပါ။ အောင်မြင်မှုအတွက် တွန်းအား ဆိုတာဟာ ရုပ်ဝတ္ထု နယ်ပယ်မှာပဲဖြစ်ပစေ၊ မည်ကာမတ္တ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုမှာပဲဖြစ်စေ ဆုလာဘ်တွေရဖို့ကိုသာ အားထုတ် ကြိုးပမ်းနေကြတာပါ။ စိတ်ပိုင်းဆိုင်ရာ လုံခြံမှုတစ်ခုကိုပဲဖြစ်စေ ၊အပြင်ပန်းလုံခြုံမှုတစ်ခုကိုပဲ ဖြစ်စေ ရှာဖွေနေတာပါ။ အဲဒီဖြစ်စဉ်တစ်ခုလုံးဟာ မကျေမနပ်ဖြစ်မှုကိုတော့ လျော့ကျစေပေမယ့် အလိုအလျောက် ထိုးထွင်းသိမြင်မှုကိုတော့ အဆုံးသတ်ပစ်ပါတယ်။ အကြောက်တရားတွေ ကိုသာ မွေးဖွားပေးပြီး အဲဒီ အကြောက်တရားတွေကပဲ အသိပညာ နဲ့ပြည့်စုံတဲ့ ဘ၀ကိုနားလည်ခြင်းကိုပါ ပိတ်ဆို့ပစ်ပါတော့တယ်။  ဒီလိုနဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ စိတ်နှလုံး ညှိုးချုံးခြင်းတွေသာ နေရာယူလာပါတော့တယ်။
                        သက်သာရာရမှုကို ရှာဖွေတဲ့နေရာမှာလဲ ကျွန်တော်တို့တွေဟာ ယေဘုယျအားဖြင့်တော့ ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းပါးတဲ့ ဘ၀ရဲ့ ဆိတ်ငြိမ်ထောင့်ချိုးလေးတစ်ခုကိုသာ ရှာဖွေကြတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့တွေဟာ အဲဒီအ၀န်းအ၀ိုင်းလေး အပြင်ကိုခြေလှမ်းကြည့်ဖို့ကိုတောင် ကြောက်ရွံ့ နေတတ်ကြပါတယ်။  အဲဒီ လို ဘ၀အပေါ်ကြောက်စိတ်၊ ရုန်းကန်ကြိုးစားရမှာကို ကြောက်တဲ့စိတ်၊ အတွေ့အကြုံသစ်တွေ တွေ့ကြုံရမှာ ကြောက်တဲ့စိတ် တွေဟာ ကျွန်တော်တို့တွေရဲ့ စွန့်စားလိုတဲ့ စိတ်ဝိညာဉ်ကို သတ်ပစ်တာပါပဲ။ ကျွန်တော်တို့ တစ်လျောက်လုံး ပြုစုပျိုးထောင်ခံလာရတဲ့ ပညာရေးဟာ ကျွန်တော်တို့ကို ပတ်ဝန်းကျင်က လူတွေနဲ့ မတူကွဲပြားမှာကို မ၀ံ့ရဲတဲ့စိတ်၊ လူ့အဖွဲ့အစည်းရဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ ပုံစံတွေ၊ လွဲမှားစွာ ရိုသေနေတဲ့ အမိန့်အာဏာတွေ၊ ထုံးတမ်းစဉ်လာတွေ နဲ့ ဆန့်ကျင်နေရမှာကို မ၀ံ့ရဲတဲ့စိတ်တွေကိုသာ ဖြစ်စေပါတယ်။
                        ကံကောင်းထောက်မစွာနဲ့ လက်ယာလဲ မယိမ်း၊ လက်ဝဲလဲမယိမ်းဘဲ အရှိကို အရှိအတိုင်း ကျွန်တော်တို့ လူသားတွေရဲ့ ပြသနာတွေကို စိတ်ပါဝင်စားစွာ ရှုမြင်ကြည့်ချင်တဲ့သူ အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများစုရင်ထဲမှာကတော့  မကျေနပ်၊ မနှစ်သိမ့်နိုင်တဲ့ စိတ်မျိုးလုံးဝမရှိသလို ဖောက်ထွက် တော်လှန်ချင်တဲ့ စိတ်လဲ ပျောက်ကွယ်နေပါတယ်။ ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုသာ မသိနားမလည်စွာ လည်ဆင်းခံနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ရှိနေနိုင်တဲ့ ဖောက်ထွက်ချင်တဲ့ စိတ်လေး လဲကျသေဆုံးသွားမှာပါပဲ။ ကျွန်တော်တို့ရဲ့ တာဝန်တွေ၊ ၀တ္တရားတွေကပဲ အဲဒီ စိတ်လေးကို အဆုံးသတ်ပစ်လိုက်မှာပါ။
                        တော်လှန်ဖောက်ထွက်တယ် ဆိုတာလဲ နှစ်မျိုးရှိပါတယ်။တည်ရှိပြီးသား အစီအစဉ်ကျနမှု တွေကို သိမြင်နားလည်မှု မပါဘဲ တန်ပြန်ခြင်း တစ်မျိုးဖြစ်တဲ့ ပြင်းထန်ကြမ်းတမ်းစွာ တော်လှန်ခြင်း နှင့် နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အသိဥာဏ် တော်လှန်ခြင်းတို့ ဖြစ်ပါတယ်။  တည်ဆောက်ပြီးသား အများလက်ခံထားတဲ့ ယုံကြည်ချက်တွေကို တော်လှန်တဲ့ လူအများစုဟာ အသစ်အသစ်သော အများလက်ခံတဲ့ ယုံကြည်ချက်တွေ၊  ထင်ယောင်ထင်မှားဖြစ်မှုတွေ၊ ပိတ်ဆို့ခံထားရတဲ့ ကိုယ်ပိုင်လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ထဲကိုပဲ ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတာကတော့ ကျွန်တော်တို့တွေဟာ အဖွဲ့အစည်းတစ်ခု၊ အတွေးအခေါ် တစ်ခုကနေ ဖောက်ထွက်ခဲ့ပေမယ့် အခြား အဖွဲ့အစည်းတစ်ခု၊ အခြား အတွေးအခေါ် တစ်ခုကို ပြန်လည်ဆုပ်ကိုင်မိသွားတတ်ရင်းနဲ့ပဲ၊ နောက်တစ်ခါ ထပ်ပြီး ပြန်လည်တော်လှန်ရမယ့် အတွေးအခေါ် ပုံစံတစ်ခု ထဲကိုသာ ပြန်လည် ကျရောက်သွားတာပါပဲ။ တန်ပြန်ခြင်း ဆိုတာ ဆန့်ကျင်မှုတွေ ကိုသာ မွေးဖွားပေးတာပါ။ ပြုပြင်ပြောင်းလဲရေး ဆိုတာလဲ ပြုပြင်ပြောင်းလဲရေး ထပ်လိုနေတာပါပဲ။
                         တန်ပြန်မှု မဟုတ်တဲ့ အသိဥာဏ်ဆိုင်ရာ တော်လှန်ခြင်း ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေး အခေါ် ၊ကိုယ်ပိုင်ခံစားချက်တွေကို သိမြင်မှုကနေတဆင့်  ကိုယ်ပိုင်အသိဥာဏ်နဲ့ ယှဉ်တွဲလာတာပါ။ အဲဒါဟာ ဘာလဲဆိုတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတွေ့အကြုံတွေ ကို ကျွန်တော်တို့ ရင်ဆိုင်ရတိုင်း မယိမ်းမယိုင်နဲ့ ကျွန်တော်တို့ရဲ့ အသိဥာဏ်တွေကို အားပြည့်အင်ပြည့် နိုးထနေအောင် ကြိုးစားထားဖို့ ပဲဖြစ်ပါတယ်။ အသိဥာဏ် အားအင်ပြည့်စွာ နိုးထခြင်းဆိုတာ အလိုအလျောက် ထိုးထွင်းသိမြင်မှုပါပဲ။ ဒါကပဲ ဘ၀ရဲ့ တစ်ခုတည်းသော စစ်မှန်တဲ့ လမ်းပြပါပဲ။
                        ကဲ… ဟုတ်ပြီ။ ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာလဲ။ ငါတို့ဟာ ဘာအတွက် အသက်ရှင် နေကြတာလဲ။ ဘာအတွက် ကြိုးစားရုန်းကန်နေကြရတာလဲ။ ငါတို့ပညာသင်ကြားတယ်ဆိုတာ ဘွဲ့ထူးဂုဏ်ထူးတွေ ရဖို့၊ အလုပ်ကောင်းကောင်းရဖို့၊ ပိုပြီးပြည့်စုံဖို့၊ သြဇာအာဏာ ကြီးမားဖို့တွေလောက်ကိုပဲ ရည်ရွယ်တာ ဆိုရင်တော့ ငါတို့ရဲ့ ဘ၀တွေဟာ ကျဉ်းမြောင်းပြီး အနှစ်သာရ ကင်းမဲ့နေမှာပေါ့။ နောက်ပြီး ပညာသင်ကြားတယ် ဆိုတာ သိပ္ပံပညာရှင်ကြီးဖြစ်ဖို့၊ စာအုပ်တွေနဲ့ပဲ ပေါင်းသင်းနေထိုင်တတ်တဲ့ ပညာတတ်ကြီးတွေ ဖြစ်ဖို့၊ သုတတွေကိုပဲ အရူးအမူး စွဲလမ်းနေတဲ့ ကျွမ်းကျင်သူကြီးတွေ ဖြစ်ဖို့လောက်ပဲ ဖြစ်နေရင်လဲ ငါတို့ဟာ ကမ္ဘာကြီးရဲ့ စိတ်ပျက်စရာတွေ၊ အပျက်အစီးတွေကိုသာ ဖြန့်ဝေပေးဖို့ ဖြစ်နေတော့မှာပေါ့။
                        ဘ၀မှာ ပိုပြီးမြင့်မားတဲ့၊ ပိုပြီးကျယ်ပြန့်တဲ့ အနှစ်သာရ ရှိနေပေမယ့်လည်း ငါတို့က အဲဒီအရာကို မရှာဖွေဘူးဆိုရင် ငါတို့ရဲ့ ပညာတွေဟာ ဘယ်မှာ တန်ဖိုးရှိပါတော့မလဲ။ ငါတို့ဟာ အဆင့်မြင့်ပညာတွေ တတ်မြောက်ကောင်း တတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် နက်နက်နဲနဲ မတွေးခေါ်၊ နက်နက်ရှိုင်းရှိုင်း မခံစားဘူးဆိုရင် ငါတို့ရဲ့ ဘ၀တွေဟာ မပြည့်မစုံကြီးနဲ့ အကြောက်တရားတွေနဲ့သာ နပန်းလုံးပြီး လုံးပါးပါးတော့မှာပေါ့။ ပညာရေးဟာ ဘ၀နဲ့ပတ်သတ်လို့ သဟဇာတဖြစ်တဲ့ အမြင်မျိုးမရှိနေသမျှ ကာလပတ်လုံး အနှစ်သာရ ရှားပါးနေတော့မှာပေါ့။
                        ငါတို့ရဲ့ လက်ရှိယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာတော့ ဘ၀ကို အခန်းကဏ္ဏအမျိုးမျိုး ခွဲခြားလွန်းကြ တဲ့အတွက် ပညာရေးအတွက်ကျတော့ အဓိပ္ပါယ် ရှားပါးသွားတော့တာပေါ့။ သီးသန့်နည်းလမ်းတစ်ခုနှင့် ဖြစ်စေ၊ အသက်မွေးဝမ်း ကျောင်းတစ်ခုနှင့်ဖြစ်စေ ပညာသင်ယူတာက လွဲရင်ပေါ့။ တစ်ဦးချင်းစီရဲ့ မြင့်မားတဲ့ အသိဥာဏ်နိုးထခြင်း တွေကို ဖြစ်စေရမယ့်အစား ပညာရေးဟာ သူတို့ကို ပုံစံခွက်တစ်ခုထဲ ရောက်သွားအောင်သာ ပြုလုပ်နေပါတယ်။ ကိုယ့်ကိုယ်ကို အလုံးစုံသိမြင်နားလည်လာခြင်း ကိုလည်းပဲ ဟန့်တား နေပါတော့တယ်။ သူတို့ရဲ့  မြောက်များစွာသော အမျိုးအစားတွေ ခွဲခြားခံထားရတဲ့ အဆင့်အသီးသီးမှာတောင် ဘ၀ဖြစ်တည်မှုပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရမယ် ဆိုကတည်းကိုက သိမြင်နားလည်ခြင်း လုံးဝဥဿုံကင်းမဲ့နေတယ် ဆိုတဲ့သဘောပါပဲ။
                        တစ်ဦးချင်းစီဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထွင်းထုခံထားရတာပါ။ ဒါပေမယ့် မတူကွဲပြားမှုတွေကိုပဲ အာရုံစိုက်ဖို့၊ တိကျတဲ့ ပုံစံတစ်ခုရဲ့ ဖွံဖြိုးတိုးတက်မှုကိုပဲ တွန်းအားပေးရမယ် ဆိုတာတွေကတော့ များစွာသော ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခတွေကိုသာ ဖြစ်စေပါတယ်။ ပညာရေးဆိုတာ အဲဒီခေါင်းစဉ်ကွဲ အမျိုးမျိုးကို ပေါင်းစည်းပေးရမှာပါ။ အဲဒီလို လိုက်လျောညီထွေစွာ ပေါင်းစည်းခြင်း မရှိရင် ဘ၀ဆိုတာ ပဋိပက္ခတွေ၊ ပူဆွေးသောကတွေနဲ့သာ သံသရာလည် နေတော့မှာပေါ့။ ငြင်းခုံချေပဖို့ကိုသာ အမြဲတမ်းကြိုးစားစိတ်ကူးနေမယ်ဆိုရင် ဥပဒေပညာရှင်တွေ ဖြစ်ရတာ ဘာတန်ဖိုး ရှိတော့မှာလဲ။ ငါတို့ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မသိသေးဘူးဆိုရင် အသိပညာဆိုတာ ဘာတန်ဖိုးရှိတော့မလဲ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ဖျက်ဆီ်းဖို့သာ ကြံစည်နေမယ်ဆိုရင် နည်းပညာတွေ၊ စက်မှုပညာတွေရဲ့ စွမ်းပကားဟာ ဘယ်မှာများ အနှစ်သာရ ရှိပါတော့မလဲ။ အထိကရုဏ်းတွေ၊ ဒုက္ခတွေသာ ပင်လယ်ဝေနေမယ်ဆိုရင် ငါတို့ ဘာကြောင့် အသက်ရှင် နေတော့မှာလဲ။ ငါတို့မှာ ငွေကြေးမပြည့်စုံရင်၊ ငွေကြေးမရှာနိုင်ရင်၊ ပျော်ရွှင်မှုတွေ မရရှိဘူးဆိုရင်၊ စနစ်တကျစုစည်းထားတဲ့ ဘာသာတရားတွေ မရှိဘူးဆိုရင် ငါတို့ဟာ ပဋိပက္ခသံသရာကြီးထဲမှာသာ လည်နေတော့ တာပါပဲ။
                        ပုဂ္ဂိုလ်ရေးဆိုတာ သီးခြားဖြစ်တည်မှုကိုဆိုလိုတာ မဟုတ်ဘူးဆိုတာကိုလည်း ငါတို့ ခွဲခြား နားလည် ထားရမယ်။ ပုဂ္ဂိုလ်ရေးဆိုတာ မတော်တဆမှုတစ်ခုပဲ။ ဆိုလိုတာက ငါတို့မွေးဖွားလာကြတဲ့ အခြေအနေတွေ၊ အရွယ်ရောက်လာကြရတဲ့ နေထိုင်ရာ ပတ်ဝန်းကျင်တွေ၊ အမျိုးသားရေးတွေ၊ အယူသည်းမှုတွေ၊ အဆင့်အတန်း ခွဲခြားခြင်းတွေ၊ အာဃာတတွေ ဆိုတာ မတော်တဆ ငါတို့ကိုယ်တိုင် မရွေးချယ်ဘဲ ဖြစ်လာရတာတွေပါ။ တကယ်တမ်း မှာတော့ အဲဒီလို မတော်တဆ ဖြစ်လာရတဲ့ ပုဂ္ဂိုလ်ရေးဆိုတာ တစ်ခဏပဲ ရှည်ကြာတာပါ။ ဒါပေမယ့်လဲ ယနေ့ခေတ် ပညာရေးစနစ်ဟာ အဲဒီလို  တဒင်္ဂသာဖြစ်တဲ့၊ မတော်တဆသာဖြစ်တဲ့ ပုဂ္ဂိုလ်ရေးတွေ အပေါ်မှာသာ အခြေခံထားတဲ့ အတွက်ကြောင့် အတွေးအခေါ် လွဲမှားခြင်းတွေ၊ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ချင်တဲ့ အကြောက်တရားတွေကိုပဲ ခေါင်းထဲ ရိုက်သွင်းခြင်းကိုသာ ဖြစ်စေတော့တာပေါ့။
                        ကျွန်တော်တို့အားလုံးကို ကိုယ်ကျိုးရှာတဲ့နေရာမှာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ထုံး ဖြစ်လာ အောင် ပညာရေးနှင့် ပတ်ဝန်းကျင်က သင်ကြားလေ့ကျင့်ပေးလိုက်တာပါ။ ဒီလိုစိတ်တွေကို စကားလုံးလှလှလေးတွေနဲ့ ဖုံးကွယ် ထားတတ်ကြပေမယ့်လည်း တကယ့်တကယ်မှာတော့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု နှင့် လောဘကြောင့် ဖြစ်တဲ့ ကြောက်ရွံ့မှုတွေ ပေါ်မှာသာ အခြေခံတဲ့ ပညာရေးစနစ်တစ်ခု အတွင်းမှာပဲ ကျွန်တော်တို့ဟာ အသက်မွေးဖို့ဆိုတဲ့ အကြောင်း အမျိုးမျိုးနဲ့ သင်ကြားခြင်းခံလိုက်ရတာပါ။ ဒီလို လေ့ကျင့်သင်ကြားပေးခြင်းဟာ ကျွန်တော်တို့အတွက်တော့ ကမ္ဘာကြီးကို ရော၊ ကိုယ့်ကိုယ်ကိုယ် ကိုရော သေချာပေါက် စိတ်အပျက်ကြီးပျက်၊ စိတ်အရှုပ်ကြီးရှုပ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို လေ့ကျင့်သင်ကြားပေးခြင်းဟာ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်တွေထဲမှာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ဖန်တီးပေးပြီး ကိုယ့်ကိုယ်ကို အကျဉ်းချကာ ပတ်ဝန်းကျင်နဲ့ ကင်းကွာအောင် ပြုလုပ်ပေးလို့ပါပဲ။
                        ပညာရေးဆိုတာ စိတ်ကိုလေ့ကျင့်ပေးရုံတင် မဟုတ်ပါဘူး။ လေ့ကျင့်ပေးခြင်းဟာ ကျွမ်းကျင်မှုကိုတော့ ဖြစ်စေပါတယ်။ ဒါပေမယ့် ပြည့်စုံခြင်းကိုတော့ ဆောင်ကျဉ်းမပေးနိုင်ပါဘူး။ လေ့ကျင့်ရုံပဲ လေ့ကျင့်ခံထားရတဲ့ စိတ်ဆိုတာ အတိတ်ကာလရဲ့ အဆက်အစပ်ပါပဲ။ ဒီလိုစိတ်မျိုးဟာ အသစ်ကို ဘယ်တော့မှ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါဘာ့ကြောင့်လဲ ဆိုတော့ စစ်မှန်တဲ့ ပညာရေးကို ရှာဖွေချင်တယ်ဆိုရင် အသက်ရှင်နေထိုင်ခြင်းရဲ့ အနှစ်သာရတစ်ခုလုံးကို စူးစမ်းလေ့လာနေရမှာပါ။
                        ကျွန်တော်တို့ အများစုအတွက်ကတော့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ လုံးဝဥဿုံကြီး အဓိက အရေးပါမှု မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပညာရေးကလဲ တစ်ချို့သော အသိပညာတွေလောက်မှာပဲ ကျွမ်းကျင်အောင် လုပ်ပေးပြီး ဒုတိယတန်းစား တန်ဖိုးတွေပေါ်ကိုသာ အလေးအနက်ထားနေတာပါ။ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ ဆိုတာ လိုအပ်သော်လည်းပဲ အဲဒီအရာတွေပေါ်မှာပဲ အဓိကအာရုံစိုက်နေမယ်ဆိုရင်တော့ ပဋိပက္ခတွေ၊ အရှုပ်အထွေးတွေကိုသာ ဖြစ်လာစေတော့မှာပါ။
                        အနှိုင်းအဆမဲ့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်လာတဲ့ ကျွမ်းကျင်မှုဆိုတာ ရှိပါတယ်။ ဒါပေမယ့် အဲဒါဟာ ရည်မှန်းချက် ပြည့်ဝခြင်းဆိုတာ ထက်တော့ အများကြီးပိုပါတယ်။ ဘ၀ကို ညီညွတ်မျှတစွာ နားလည်ခြင်းကို ဆောင်ကျဉ်းပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာသာ မရှိဘူးဆိုရင် ကျွမ်းကျင်မှုဆိုတာ ရက်စက်ကြမ်းကြုတ်မှုကိုသာ မွေးဖွားပေးပါ တယ်။ ဘ၀တစ်ဝှမ်းလုံး အမှန်တကယ်ဖြစ်နေတာကရော အဲဒါပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ရဲ့ လက်ရှိပညာရေးဟာ သူ့ရဲ့အဓိကရည်မှန်းချက်ကိုက ကျွမ်းကျင်မှုကိုသာ ဖွံဖြိုးစေဖို့ရည်ရွယ်ထားတော့ ယန္တရားဆန်အောင်လုပ်ရင်းနဲ့ စစ်ပွဲတွေကိုသာ အရှိန်မြှင့်ပေးပါတော့တယ်။ ကျွန်တော်တို့တွေဟာ ရက်စက်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အချင်းချင်း ဖျက်ဆီးခြင်းဆိုတဲ့ ယန္တရားကြီှးမှာသာ ပိတ်မိနေတော့တာပေါ့။ ပညာရေးဆိုတာ စစ်ပွဲတွေကိုပဲ ဦးတည်နေမယ်ဆိုရင်တော့ ငါတို့ပညာသင်တာဟာ ဖျက်ဆီးဖို့ ဒါမှမဟုတ် အဖျက်ဆီးခံရဖို့ပဲ ဖြစ်နေတော့တာပေါ့။ ဒါဟာ အလုံးစုံ ဆုံးရှုံးခြင်းပဲ ဖြစ်သွားတော့တာ မဟုတ်လား။
                        မှန်ကန်သော ပညာရေးကို ဆောင်ကျဉ်းမယ်ဆိုရင် ကျွန်တော်တို့တွေဟာ ဘ၀ရဲ့အဓိပ္ပါယ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နေရပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ဟာ တွေးတောဆင်ခြင်မှုလဲ ပြုနိုင်ရပါတယ်။ အဆက်မပြတ်မဟုတ်ဘဲ မှန်မှန်ကန်ကန်နဲ့ အရှိအတိုင်းသာ တွေးခေါ်နိုင်ရပါမယ်။ မရပ်မနား တွေးတောနေသူဟာ အတွေးအခေါ်မရှိတဲ့သူ ပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုသာ မရပ်မနား တွေးတောနေမယ်ဆိုရင် ပုံစံခွက်တစ်ခုကို သူကိုယ်တိုင်ဖန်တီးမိပြီး အဲဒီကျဉ်းမြောင်းတဲ့ ပုံစံခွက်ထဲမှာသာ သူ ထပ်ခါတလဲလဲ တွေးတော ပြောဆိုနေတတ်လို့ပါ။ ကျွန်တော်တို့တွေဟာ ရှင်သန်ဖြစ်တည်မှုကို စိတ်ကူးယဉ်ဆန်ဆန် ဒါမှမဟုတ်ရင် သီအိုရီကျကျ စဉ်းစားရုံနဲ့ နားမလည်နိုင်ပါဘူး။ ဘ၀ကို နားလည်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို နားလည်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို နားလည်ခြင်းဟာ ပညာရေးရဲ့ အစဆိုလည်း ဟုတ်သလို ပန်းတိုင်ဆိုလဲ ဟုတ်ပါတယ်။
                        ပညာရေးဆိုတာ ဗဟုသုတရရှိခြင်း၊ စုဆောင်းခြင်း၊ အချက်အလက်များကို ဆက်စပ်ခြင်း မျှသာ မကပါ ဘူး။ ပညာရေးဆိုတာ ဘ၀ရဲ့ ပြီးပြည့်စုံတဲ့ အနှစ်သာရ ကို မြင်ဖို့ပါ။ ဒါပေမယ့်လို့ အနှစ်သာရတစ်ခုလုံးကို အစိုးရတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အာဏာရပါတီတွေက အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်ဆိုတဲ့ အစိတ်အပိုင်း တစ်ခုလေးနေပဲ ချဉ်းကပ်လို့ မရနိုင်ပါဘူး။
                        ဒါကြောင့် ပညာရေးရဲ့ လုပ်ဆောင်ချက်ဟာ ညီညွတ်စွာ ပေါင်းစည်းထားသော၊ အသိဥာဏ်ရှိသော လူသားတွေကို ဖန်တီးပေးဖို့ပါ။ ကျွန်တော်တို့တွေ အသိဥာဏ်မရှိဘဲနဲ့တောင် ဘွဲ့တွေ၊ ဒီဂရီတွေ ယူနိုင်ပါတယ်။ သမား ရိုးကျ ကျွမ်းကျင်မှုတွေကိုလဲ ရနိုင်ပါတယ်။ အသိဥာဏ်ဆိုတာ အချက်အလက်တွေ မဟုတ်ပါဘူး။ စာအုပ်တွေထဲကနေလဲ မလာနိုင်သလို၊ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်တဲ့  ပါးနပ်စွာ အလိုအလျောက်တုံ့ပြန်မှုတွေ နှင့် အတင်းအကျပ် ခြိမ်းခြောက် ဖိအားပေးခြင်း တွေလဲ မပါဝင်ပါဘူး။ ဘွဲ့ရတစ်ယောက်ထက် ဘွဲ့မရတဲ့သူကလဲ အသိဥာဏ်ပိုရှိနိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ အသိဥာဏ်ကို စမ်းသပ်စစ်ဆေးတဲ့ စာမေးပွဲတွေ၊  ဘွဲ့ဒီဂရီတွေ အများကြီးလုပ်လာရင်းနဲ့ပဲ အရေးကြီးတဲ့ လူမှုကိစ္စတွေကို ရှောင်လွှဲတဲ့ ကောက်ကျစ်သောစိတ်တွေ ကြီးထွားလာကြတော့တာပါပဲ။ အသိဥာဏ်ဆိုတာ မသိမဖြစ် အရေးပါတဲ့အရာတွေကို သိမြင်နားလည်နိုင်တဲ့ စွမ်းရည်ပါပဲ။ ကိုယ်ကိုယ်တိုင်ပဲဖြစ်စေ၊ အများကိုပဲဖြစ်စေ အဲဒီစွမ်းရည် နိုးထလာအောင် လုပ်ပေးရင် အဲဒါ ပညာရေးပါပဲ။
                        ပညာရေးဆိုတာ ကျွန်တော်တို့ကို ရေရှည်တည်တံ့တဲ့ တန်ဖိုးတွေကို ညွှန်ပြပေးသင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ဟာ ဖော်မြူလာတွေ၊ ဆောင်ပုဒ်တွေကိုပဲ မှီခိုနေတဲ့ အနေအထားမျိုး မရှိတော့မှာပေါ့။ ပညာရေးဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး အတားအဆီးတွေ၊ လူမှုရေး အတားအဆီးတွေကို အလေးအနက်ထားမနေဘဲ ချေဖျက်ပစ်ဖို့ကိုလဲ ကူညီသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာတွေဟာ လူနဲ့ လူကြား အမုန်းတရားတွေကိုသာ မွေးဖွားပေးစေတာ ဖြစ်လို့ပါ။ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ လက်ရှိပညာရေးစနစ်ကတော့ ကျွန်တော်တို့ကို ဦးကျိုးအောင်၊ သာမင်ညောင်ညပဲဖြစ်အောင် ၊ အတွေးအခေါ် လုံးဝကင်းမဲ့အောင် လုပ်နေတာပါပဲ။ အခုစနစ်ဟာ ကျွန်တော်တို့ကို အသိဥာဏ်ဆိုင်ရာ နိုးထစေသော်လည်း အတွင်းကျကျပြောရင်တော့ ကျွန်တော်တို့ကို  ပျင်းရိထုံထိုင်းစွာ၊ ဖန်တီးမှု ကင်းမဲ့စွာ နဲ့ မပြည့်မစုံ ချန်ထားခဲ့တာပါ။
                        ဘ၀အပေါ် ညီညွတ်မျှတဲ့ အမြင်မျိုးမရှိဘူးဆိုရင် ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့၊ အားလုံးရဲ့ ပြဿနာတွေဟာ ပိုမိုနက်ရှိုင်း၊ ပိုမိုကြီးထွားလာမှာပါ။ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဟာ ဘွဲ့ရပညာတတ်တွေ၊ အတတ်ပညာရှင်တွေ နှင့် အလုပ်မရမကရှာဖွေနေသူတွေကိုသာ မွေးထုတ်ပေးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ညီညွတ်တဲ့ ၊ အကြောက်တရားကနေ ကင်းလွတ်တဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေကြားမှာတော့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းမှု ဆိုတာ ရှိနိုင်ပါတယ်။
                        ကျွန်တော်တို့ ကိုယ့်ကိုယ်ကို နားလည်ပြီဆိုရင် အကြောက်တရားလည်း လွင့်ပျောက်ပြီပေါ့။ လူတစ်ဦး ဟာ သူ့ဘ၀ကို အချိန်တိုင်းမှာ ချုပ်ကိုင်နေရမယ်ဆိုရင်၊  သူဟာ စိတ်ပျက်စရာတွေ၊ အရေးပေါ်လိုအပ်ချက်တွေ၊ ရှုပ်ထွေးမှု တွေကို ရင်ဆိုင်ရမယ်ဆိုရင် အလွန်ကို အလိုက်သင့် ပျော့ပြောင်းရမယ်။ သီအိုရီတွေ၊ အတွေးအခေါ်ပုံစံခွက်တွေကနေလဲ ကင်းလွတ်နေကို နေရပါမယ်။
                        ပညာရေးဟာ  တစ်စုံတစ်ယောက်ကို လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင်၊ သဟဇာတ မဖြစ် အောင် လည်း တွန်းအား မပေးသင့်ပါဘူး။ သမာသမတ်ကျတဲ့ စူးစမ်းမှုတွေ၊ ကိုယ့်ကိုယ်ကို သိမြင်မှုတွေ နဲ့ အတူ ပေါ်ပေါက်လာတဲ့ စစ်မှန်သော တန်ဖိုးတွေကို ရှာဖွေဖို့ကိုသာ ကူညီပေးသင့်ပါတယ်။ ကိုယ်ပိုင်အတွေးအခေါ်သာ မရှိဘူးဆိုရင် ကိုယ်ပိုင်ခံစားချက်တွေဟာ ကြမ်းတမ်းတဲ့၊ ရည်မှန်းချက်တွေလေးလံနေတဲ့ ပဋိပက္ခတွေနဲ့အတူ ကိုယ့်ကိုယ်ကို အတင်းအကျပ် ခိုင်းစေခြင်းပဲ ဖြစ်သွားတတ်ပါတယ်။ ပညာရေးဆိုတာ ကိုယ့်ခံစားချက်နဲ့ ပျော်ဝင်ကျေနပ် နေရုံ မျှတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကို သိမြင်မှုစွမ်းရည်ကိုလည်း နိုးထပေးသင့်ပါတယ်။
                        ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ ဖြစ်စဉ်ထဲမှာသာ အသက်ရှင်နေမယ်ဆိုရင် သင်ယူခြင်းရဲ့ ကောင်းကျိုးတွေ ဘာတွေဖြစ်ကုန်ရောလဲ။ ကျွန်တော်တို့ဟာ ပြင်းထန်တဲ့စစ်ပွဲတွေကိုသာ တစ်ပွဲပြီး တစ်ပွဲပြီး အဆက်မပြတ် ဆင်နွှဲနေတာကြောင့် ကျွန်တော်တို့ရဲ့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ တစ်စုံတစ်ခုဟာ အတိအကျကို သိသိသာသာကြီး လွဲချော်နေတော့တာပေါ့။ ကျွန်တော်တို့ အများစုဟာ ဒါကို သိကြတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအမှားကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာကိုတော့ မသိကြပါဘူး။
                        ပညာရေးမှာပဲ ဖြစ်စေ၊ နိုင်ငံရေးမှာပဲဖြစ်ပစေ စနစ်တွေဟာ အံအားသင့်စရာ ကောင်းလောက်အောင် တော့  လုံးဝ ရုတ်တရက်ကြီး ပြောင်းလဲ မသွားပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အခြေခံကျကျ ပြောင်းလဲပြီးမှသာ စနစ်တွေက အသွင်ပြောင်းသွားကြတာပါ။ လူတစ်ဦးတစ်ယောက်ချင်းစီကသာ အရေးကြီးဆုံးပါ။ စနစ် မဟုတ်ပါဘူး။ အဲဒီလို တစ်ဦးချင်းစီက ကိုယ့်ကိုယ်ကို အပြည့်အစုံ နားမလည်သေးသရွေ့ လက်ဝဲပဲ ယိမ်းယိမ်း၊ လက်ယာပဲ ယိမ်းယိမ်း ဘယ်လိုစနစ်ကမှ ကမ္ဘာကြီးဆီကို တည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းမှုတွေကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

                                                                                                                        ရှိန်ဝါ (အင်္ဂလိပ်စာ)
( Krishnamurti ၏ Education and the Significance of Life ကို တိုက်ရိုက်ပြန်ဆိုပါသည်။)  

No comments:

Post a Comment