ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, February 11, 2013

“နှုတ်ခမ်းများ



( သဘာဝတရားက လူကို မျက်စိ နှစ်လုံးစီ ၊ နားနှစ်ဖက်စီ ပေးထားပေမယ့် ပါးစပ်ကိုတော့ တပေါက်ထဲပေးထားတယ်။ ထို့ကြောင့်……………………..)

နှုတ်ခမ်းတွေဟာ
ဦးခေါင်းတွေရဲ့ အပေါ်ဘက်မှာရှိတယ်
နှုတ်ခမ်းတွေဟာ
ခြေဖ၀ါးရဲ့အောက်မှာလည်းရှိတယ်
အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကြားမှာ
ချောက်တစ်ချောက်ရှိတယ်
မတော်မဆစကားလုံးတွေဟာ
အဲဒီထဲ ထိုးထိုးကျတတ်တယ်
နီရဲတဲ့ နှုတ်ခမ်းတွေရှိသလို
ဖြူဖတ်ဖြူရော် နှုတ်ခမ်းတွေရှိလဲရှိတယ်
ညိုပုပ်ပုပ် နှုတ်ခမ်းတွေလဲ ရှိတယ်
ကြီးမားတဲ့ နှုတ်ခမ်းတွေ
သေးနုပ်တဲ့ နှုတ်ခမ်းတွေ
နှုတ်ခမ်းမွှေး ၊ မှုတ်ဆိတ်မွှေးတွေဟာ
နှုတ်ခမ်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေ
သူတို့ဟာ နှုတ်ခမ်းကို တော်တော်လေးလွှမ်းမိုးနိုင်တယ်
ဘုရားရှိခိုးစာရွတ်တာလဲ
ဒီနှုတ်ခမ်းတွေပဲ
ဆဲရေးတိုင်းထွာတာလဲ
ဒီနှုတ်ခမ်းတွေပဲ
ချစ်သူကိုနမ်းတာလဲ
ဒီနှုတ်ခမ်းတွေပဲ
ကုန်းချောလိမ်ညာတာလဲ
ဒီနှုတ်ခမ်းတွေပဲ
လိင်ဆက်ဆံမှုကိုကူညီတာလဲ
ဒီနှုတ်ခမ်းတွေပဲ
နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာလဲ
ဒီနှုတ်ခမ်းတွေပဲ
နှုတ်ခမ်းတွေကို အသုံးချနည်းစာအုပ်တွေလဲ
ရောင်းတမ်းသိပ်ဝင်တယ်
နှုတ်ခမ်းတွေဟာ
ပျော်ရွှင်လာရင် သီချင်းတွေကိုဆိုပေမယ့်
စိတ်ညစ်လာရင်တော့
အရက်အတူတူသွားသောက်ကြတယ်
နှုတ်တစ်ရာစာတစ်လုံး ဆိုတာ
နှုတ်ခမ်းတွေသိပ်မုန်းတဲ့ စကားပေါ့
ဘာ့ကြောင့်လဲဆိုတော့
မျက်တောင်တွေ အဖွင့်အပိတ်မှာ
မျက်ရည်တွေ စီးကျသလိုမျိုး
နှုတ်ခမ်းနှစ်ခု အဖွင့်အပိတ်မှာ
အမြောက်ဆံတွေလဲ ကြွေကျနိုင်တယ်
သံလွင်ခက်တွေလဲ ဝေဆာနိုင်တယ်
တခါတခါ
နှုတ်ခမ်းတွေဟာ ဘ၀င်လဲ မြင့်တတ်ကြတယ်
လ္ဘက်ရည်ဆိုင် ၊ ဘီယာဆိုင်
ဈေးတကာ့ဈေး ၊ အစည်းအဝေး
ဟောပြောပွဲ၊တွေ့ဆုံဆွေးနွေးပွဲ၊ ပွဲတကာ့ပွဲ
သူတို့ကအရာရာပါတယ်တဲ့
နှုတ်ခမ်းတွေကပြောတယ်
ရီတာ မဲ့တာက မွေးရာပါ ပညာ
ပြုံးတာကတော့ ကြီးမှတတ်တာ
အံကြိတ်တတ်တာကတော့
အခုမှတတ်တာတဲ့
လက်ဖ၀ါးတွေပေါ်မှာ
လမ်းညွှန်မြေပုံ လက္ခဏာပါပေမယ့်
နှုတ်ခမ်းတွေပေါ်မှာတော့ ဘာမှမပါဘူး
ဒါပေမယ့် နှုတ်ခမ်းတွေကပြောတယ်
သူတို့ပြောသမျှဟာ လမ်းပဲတဲ့
အဲတော့ သူတို့မှာ ဘာလမ်းညွှန်မှ မလိုဘူးတဲ့။
တခါတော့…..
နှုတ်ခမ်းပန်းတွေကို လူတွေက အပြစ်ဆိုကြတယ်
ပွင့်လည်း ပွင့်နိုင်တဲ့ပန်းတွေ
ပွင့်လွန်းလို့ အမြင်ကပ်စရာတောင် ကောင်းနေပြီ တဲ့။
တကယ်တော့ နှုတ်ခမ်းတွေဟာ
အဖူးဘ၀နဲ့ ဘယ်လောက်တောင် အကြာကြီး ငုံနေခဲ့ရသလဲ
သူတို့ မသိလို့ပါ။
အဲဒီသတင်းကြားပြီးကတည်းက
နှုတ်ခမ်းတွေဟာ ဘာမှမပြောတော့ဘူး
ရေငုံနှုတ်ပိတ်လို့
မဲ့ပြုံးကိုသာ အစွမ်းကုန် ပြုံးနေကြတော့တယ်။    
                                                                                                ( ရှိန်ဝါ )

No comments:

Post a Comment