ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, February 11, 2013

အရိပ်တို့နောက်ကွယ်


“ကြည့်ကြဟေ့…ဒီမှာခွေးလေး”
            ကျွန်တော်ဟာ လက်ဝါးနှစ်ဖက်ကိုပူးကပ်ပြီး လက်ချောင်းနှစ်ချောင်းကို ခွေးရဲ့နှာခေါင်းပုံစံလုပ်၊ ကျန်လက်ချောင်းနှစ်ခုကို ခွေးနားရွက်ပုံစံဖြစ်အောင် ထောင်ထားပါတယ်။ ပြီးတော့ နံရံပေါ်က အဲဒီအရိပ်ကို ဟိုဟိုဒီဒီ အကြိမ်ပေါင်းများစွာရွှေ့ပါတယ်။ ပါးစပ်ကလဲ ခွေးဟောင်သံလို ကျယ်ကျယ်လောင်လောင်လေး ထပ်ခါထပ်ခါအော်တာပေါ့။ ညီလေး နှင့် ညီမလေးကလဲ အိမ်တွင်းဖြစ် အရိပ်ရုပ်သေးပွဲကို ပျော်ပျော်ရွှင်ရွှင် အော်ဟစ်အားပေးလို့ပေါ့။
            ဒီတစ်ခါတော့ ငှက်တစ်ကောင်ပုံလုပ်ပါတယ်။ လက်မနှစ်ချောင်းကို ကွေးပြီးချိတ်လိုက်တယ်။ ကျန်တဲ့ လက်လေးချောင်းကိုတော့ ငှက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်လိုပုံမျိုးပေါ်အောင် တောင်ပံခတ်သလို လှုပ်တာပေါ့။ ငှက်ကလေးကလဲ ပျံသန်းနေရင်း စူးစူးရှရှ အော်မြည်လို့ပေါ့။ တခြားပုံစံမျိုးစုံကိုလဲ ညီလေးနှင့်ညီမလေး လိုက်လုပ်လို့ရအောင် ကျွန်တော်က ဒိုင်ခံ လုပ်ပြရတယ်လေ။
            အဲဒီ အရိပ်ရုပ်သေးပွဲဟာ ကျွန်တော်တို့မောင်နှမတွေရဲ့ အပျော်ရွှင်ဆုံး နဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားနည်းတွေထဲက တစ်ခုပေါ့။ အိပ်ရာဝင်ခါနီးတိုင်းလိုလို ကျွန်တော်တို့ ဆော့ဖြစ်ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ အရိပ်တွေ အသံတွေ ဘယ်လိုလုပ်ရမလဲ ဆိုတာ ပိုသိလာကြတယ်။ အဲတော့လဲ ဆူညံဗြောင်းသပ်နေကြတာပေါ့။ ပိုပြီးပျော်လေလေ ပိုပြီးဆူလေလေပေါ့။ မကြာခဏဆိုသလိုပဲ ညဥ့်အတော်နက်နေပြီ ဆိုတာတောင် မေ့မေ့သွားကြတယ်။ တခါတခါဆိုရင် စိတ်လှုပ်ရှားလွန်းလို့ ရှိသမျှပစ္စည်းတွေကိုတောင် ပစ်မြှောက်မိကြတယ်။ ခေါင်းအုံးတွေ၊ ဖက်ခေါင်းအုံးတွေ၊ ကျောမှီခေါင်းအုံးတွေပေါ့။ စောင်တွေတောင် ပါသေးတယ်။ အဲဒါတွေကတော့ ကြောက်လန့်စရာ၊ ထူးဆန်းအံသြဖွယ်ရာ အရိပ်တွေကို ဖန်တီးဖို့လေ။
            ဖွားဖွားကြားသွားပြီဆိုရင်တော့ ကျွန်တော်တို့ဆီ ပေါက်ချလာင်္ပြိး မဆူကြဖို့၊ ပစ္စည်းတွေကို ဟိုပစ်ဒီပစ် မလုပ်ကြဖို့ လာပြောတော့တာပဲ။ ဒါပေမယ့်လဲ သူပြန်ထွက်သွားပြီဆိုတာနဲ့ ကျွန်တော်တို့တစ်တွေဟာ အရိပ်တွေ လုပ်ဖို့ ဟိုလျောက်ဒီလျောက်လုပ်၊ ခုန်ဆွခုန်ဆွလုပ်၊ ခေါင်းတွေကို စောင်တွေနဲ့ ဖုံး၊ တခန်းဝင် တခန်းထွက် ခြေဖျားထောက်ပြီး စုံသွားကြနဲ့ အရိပ်တွေ ဖန်တီးရင်း သရဲတွေ ပုံစံလုပ်ကြတယ်။ ဘယ်လိုပဲလုပ်လုပ် ကျွန်တော်တို့ဆူတာ လသာဆောင်ကတောင် ကြားရတယ်ဆိုတော့ ဖွားဖွားပြန်ရောက်လာတော့တာပေါ့။ အဲဒီ့တော့မှပဲ ကြိမ်လုံးသံ တရွှမ်းရွှမ်းကို ကြားရလို့ ငြိမ်သွားလိုက်ကြတာ အိပ်ပျော်သွားပြီင်္း မနက်မိုးလင်းတဲ့ အထိပါပဲ။
            ဖေဖေတို့ မေမေတို့ကလဲ အလုပ်အမြဲသွားနေရတာဆိုတော့ သူတို့ရဲ့ ငကဲလေးတွေကို ထိန်းဖို့ အချိန်မရှိဘူးလေ။ အဲတော့ အဖိုးအဖွားတွေရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ကျွန်တော်တို့ နေရတော့တာပေါ့။ ရှေးတုန်းကဆိုရင် ဇနီးမောင်နှံတွေဟာ လက်ထပ်ပြီးသွားလဲ သူတို့ရဲ့ မိသားစုတွေနဲ့ပဲ အတူနေရတာဟာ ထိုင်းတွေရဲ့လှုမှုပုံစံပေါ့။ အဲဒီလိုနဲ့ အဲဒီမိသားစုအကြီးကြီးဟာ ဒီမိသားစုဝင်တွေထဲကပဲ အိမ်ထောင်ထပ်ပြုကြ ဘာကြနဲ့  ကြီးသထက် ပိုကြီးလာတော့တာပေါ့။ သူတို့တွေ ကလေးတွေ ဘာတွေ ရလာပြီဆိုရင်လဲ အဖိုးအဖွားတွေ ကျန်မိသားစုဝင်တွေကပဲ အဲ့ကလေးတွေကို ထိန်းကြတာပါပဲ။ ယုံကြည်မှုတွေ ကိုယ်ကျင့်တရားတွေ မိသားစုဘ၀ရဲ့ အရင်းနှီးဆုံး နှောင်ကြိုးတွေကို တန်ဖိုးထားတတ်ဖို့ကိုလဲ လေ့ကျင့် ပျိုးထောင်ပေးကြပါတယ်။ အဲဒါကြောင့် ငါတို့ရဲ့ အဲဒီယဉ်ကျေးမှုဟာ မျိုးရိုးအစဉ်အဆက်တည်တံ့လာခဲ့တာပေါ့။
            အဲဒီအချိန်တုန်းက တီဗွီဆိုတာလဲ အရမ်းရှားသေးတယ်လေ။ အဲတော့ ရွာက ကလေးအများစုကလဲ လက်လှမ်းမှီရာ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အရုပ်လေးတွေနဲ့ပဲ ဆော့ကြရရှာတယ်။ ၀ါစေ့တို့ ကောက်ရိုးတို့ အ၀တ်စတို့ သစ်သားတို့ ကျောက်ခဲတို့ စက္ကူတို့ သစ်ရွက်တို့ ဘာတို့ပေါ့။ ရွှံတောင်ပါသေးတယ်။ ခေတ်မီ ဘိုမရုပ်လေးတွေ ကားလေးတွေကိုလဲ မတတ်နိုင်ကြတော့ အိပ်မက်ထဲတောင် ထည့်မမက်ကြပါဘူး။ အဲတော့ ညဘက်ဆိုရင် တချို့ကလေးတွေဟာ အရိပ်တွေနဲ့ပဲ ကစားကြတာပေါ့။ အရိပ်သစ်တွေ ဘယ်လိုလုပ်ရတယ် ဆိုတာကိုလဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပြောပြတတ်ကြတယ်။ အဲလို အရိပ်ရုပ်သေး အသစ်လေးတွေရလာတဲ့ အခိုက်အတန့်ကတော့ မိုးမမြင်လေမမြင် ပျော်ရွှင်ကြတဲ့ အခိုက်အတန့်တွေပေါ့။
            ကျွန်တော် မှတ်မိနေတာကတော့ ဖွားဖွားက အရမ်းအာဏာရှိတယ် ဆိုတာပါပဲ။ သူက အလုပ်လဲ အရမ်းကြိုးစား၊ တာဝန်လဲ အရမ်းသိ၊ စည်းကမ်းလဲ အရမ်းကြီးပေမယ့် ကြင်နာတတ်တာကလဲ အရမ်းပဲ။ အစောကြီး အိပ်ရာထတယ၊် ပြီးအဲ့ကနေစလို့ တနေ့လုံးလိုလို အိမ်အလုပ်တွေကို တကုပ်ကုပ် လုပ်နေတော့တာပါပဲ။ ပစ္စည်းပစ္စယတွေ ထားတာသိုတာလဲ အရမ်းစနစ်ကျပြီး အရမ်းလဲ ဂရုစိုက်တော့ အိမ်ဆိုတာလဲ အမြဲ သန့ှ်ရှင်းသပ်ရပ် နေတော့တာပေါ့။ ပြတင်းပေါက်မှန်တွေဆိုတာလဲ ပြောင်လက်လို့၊ ကြမ်းပြင်တွေ အိမ်ထောင်ပရိဘောဂတွေဆိုတာလဲ အဲဒီအတိုင်းပဲပေါ့။ 
ကျွန်တော်တို့မှာလဲ ကိုယ့်တာဝန်နဲ့ ကိုယ်ပါ။ ကျွန်တော်က တံမြက်စည်းလှည်းရတယ်။ အပင်တွေ ရေလောင်းရတယ်။ ညီမလေးတို့ကတော့ စက်ဘီးတွေ ဆေးရတယ်။ အခန်းတိုင်းမှာ မီးအိမ်တွေ လိုက်ထွန်းရတယ်။ ညီလေးကတော့ ခွေးတွေနဲ့ ကြက်တွေကို အစာကျွေးရတယ်။ ဒေါ်ဒေါ်တို့ကတော့ ထမင်းချက် ဟင်းချက်ပေါ့။ ပန်းကန်ဆေးတာတို့ ပြီင်္းရင် ခြောက်အောင် သုတ်ပြီး သူ့နေရာနဲ့ သူပြန်ထားရတာတွေကတော့ အလှည့်ကျပေါ့။ အိပ်ခါနီးကျရင်တော့ အားလုံး ဘုရားရှိခိုးကြရတယ်။ ဖွားဖွားကတော့ မနက်တိုင်း အိမ်ကိုကြွတဲ့ သံဃာတွေကို ဆွမ်းလောင်းတယ်။ ဆင်းရဲနွမ်းပါးတဲ့ သူတွေကိုလဲ ငွေနဲ့ ပစ္စည်းပစ္စယလေးတွေ လှူတာပေါ့။ ရပ်ရေးရွာရေးကိစ္စတွေမှာလဲ သူတတ်နိုင်သလောက် ဆောင်ရွက်တာပါပဲ။
ည ကိုးနာရီ မထိုးမချင်းတော့ စာဖတ်လို့ရတယ်။ ကစားလို့ရတယ်။ သတ်မှတ်ထားတဲ့ ကိုးနာရီထိုးပြီဆိုရင်တော့ အားလုံး အိပ်ရာဝင်ကြရတယ်။ ပထမတော့ အရိပ်ရုပ်သေး ကစားတာကို  ဖွားဖွားက ဘာမှ မပြောပါဘူး။ ပထမဦးဆုံး တစ်ခါတုန်းကဆိုရင် ကြည့်ချင်စဖွယ် အရိပ်ရုပ်သေးလေးတွေ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူကိုယ်တိုင်တောင် သင်ပေးသေးတယ်။ ယုန်ပုံတို့ ကြောင်ပုံတို့ ငှက်ကုလားအုပ်တို့ ဘာတို့ပေါ့။ တီကောင်တောင်ပါသေး။ ဒါပေမယ့်လဲ ကျွန်တော်တို့က အပျော်လွန်ပြီး ထိန်းမရ သိမ်းမရ ၀ုန်းဒိုင်းကျဲလာပြီ ဆိုတာနဲ့ သူစည်းကမ်း အတိုင်း ပြန်လည်ထိန်းချုပ်တော့တာပါပဲ။
တစ်ည ကျွန်တော်လဲ စိတ်ကူးရတာနဲ့ ဖက်ခေါင်းအုံးကြီးကို လှေလုပ်၊ ပြီး ခရီးသည် သုံးယောက်ကစီးပေါ့။ ညီလေးနဲ့ ညီမလေးကိုလဲ ကျွန်တော်က နံရံပေါ်မှာ အရိပ်တွေကို ပုံဖော်ရင်း အသံကုန်အော်တဲ့ အခါတိုင်း လှေကို တွန်းပို့ခိုင်းတယ်။ ကျွန်တော်တို့တတွေ ဟိုပြေးဒီပြေးနဲ့ သံကုန်ခြစ်အော်ပြီး ဆူညံပွက်လောရိုက်နေကြတာပေါ့။ အဲဒီမှာပဲ ဖွားဖွား ဘွားကနဲ ရောက်လာတယ်။ သူရဲ့ အကြည့်နဲ့ ကြိမ်လုံးကြောင့် ကျွန်တော်တို့လဲ ချက်ချင်းငြိမ်ကျသွားတာပဲ။ အဲဒီနောက်မှာတော့ ဖွားဖွားက ကျွန်တော်တို့ကို ထိုင်ခိုင်းပြီး ပုံပြင်တစ်ပုဒ် စပြောပြပါတော့တယ်။ သူပြောတာကတော့ ဒီလိုပါ။
“မြစ်ထဲမှာ သရဲတစ္ဆေတစ်ချို့ရှိတယ်ကွဲ့။ အဲဒီဝိညာဉ်တွေက ညကိုးနာရီ နောက်ပိုင်းဆိုရင် အိမ်တွေကိုလာကြည့်တတ်ကြတယ်။ ကလေးတွေ အဲဒီအချိန်အထိ မအိပ်ကြသေးဘူးလား၊ ဒါမှမဟုတ် ကစားနေကြသေးလားဆိုတာ လာကြည့်တာပေါ့။ သူတို့က အရိပ်တွေထဲမှာ ပုန်းနေလေ့ရှိတယ်ကွဲ့။ အင်း တကယ့်တကယ်မှာလဲ အရိပ်ဆိုတာ သရဲတစ္ဆေကို ကိုယ်စားပြုတာပါပဲ။ အဲတော့ ကလေးတွေ အရိပ်တွေနဲ့ ကစားနေပြီဆိုရင် သူတို့ချက်ချင်းတန်းသိတာပဲ။ သိတာနဲ့ တစ်ခါတည်း အဲဒီကလေးတွေကို မြစ်ထဲကို ခေါ်သွားတတ်ကြတယ်။ မြစ်ထဲကို အဲလို အခေါ်သွားခံရတဲ့ ကလေးတွေဟာလဲ သူတို့ရဲ့ အိမ်ကို ဘယ်တော့မှ ပြန်လာလို့ မရတော့ဘူးကွဲ့။ ကလေးတို့ သုံးယောက်ကို ဖွားဖွား နမူနာတစ်ခု ပြောပြမယ်။ တစ်ခါတုန်းကဆိုရင် ကလေးတစ်ယောက်လေ၊ မင်းတို့အရွယ်လောက်ပေါ့။ သူက အရိပ်တွေနဲ့ ကစားရတာကို အရမ်းကြိုက်တယ်တဲ့။ ညကြီးသန်းခေါင်အထိ မအိပ်မချင်း ကစားတယ်တဲ့။ အဲတော့ ၀ိညာဉ်အရိပ်တွေ လာတော့တာပေါ့။ သူ့ကို မွေ့ရာကြီးနဲ့လိပ်၊ ပြီးတော့ တစ်ခါတည်း အဲဒီမွေ့ရာလိပ်ကြီးနဲ့အတူ မြစ်ရဲ့ ဟိုးအောက် ကြမ်းပြင်ကို ပစ်ချလိုက်ရောတဲ့။ အဲဒီကောင်လေးဟာ ဘယ်တော့မှ ပြန်မနိုးတော့ဘူးပေါ့ကွယ်။”
ဖွားဖွားပြောသမျှ ကျွန်တော်တို့လဲ ငြိမ်ပြီး နားထောင်နေမိတယ်။
“ဖွားဖွားကတော့ ဖွားဖွားရဲ့ ဒီအချစ်ဆုံးလေးတွေကို အဲဒီလိုဖြစ်မှာ အရမ်းစိုးတာပဲ။ မင်းတို့အားလုံးကိုလဲ ချစ်တယ်။ ဘယ်သူ့ကိုမှလဲ ဖွားဖွား မဆုံးရှုံးချင်ဘူး။ မင်းတို့က လိမ္မာတဲ့ ကလေးတွေပါ။ ဖွားဖွားတို့ အားလုံးကလဲ မင်းတို့ကို ချစ်ကြတယ်လေ။ တွေးကြည့်လိုက်စမ်းပါဦးကွယ်။ မင်းတို့သာ မရှိတော့ရင် မင်းတို့ရဲ့ ဖေဖေနဲ့ မေမေ ဘယ်လိုများ ခံစားရရှာမလဲလို့။ သူတို့ရင်ကွဲနာကျမှာကတော့ သေချာတယ်။ ဒါကြောင့် ဖေဖေနဲ့ မေမေတို့ကို ချစ်ရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပေါ့။ စောစောအိပ်၊ စောစောထ။ မနက်ကျရင် ကျောင်းသွားဖို့ အဆင်သင့် ဖြစ်အောင်လုပ်ကြပေါ့။ လိမ်လိမ်မာမာသာ နေကြစမ်းပါ။ လိမ်လိမ်မာမာသာ နေကြရင် မင်းတို့ကို ဘယ်သရဲတစ္ဆေမှ ဒုက္ခပေးမှာ မဟုတ်တော့ဘူး။ ကဲ ..အဲဒီတော့ ဒီည မင်းတို့ အိပ်မက်ဆိုး မက်ပြီဆိုရင် သူရဲတွေဟာ မင်းတို့ဆီ လာခါနီးပြီ ဆိုတဲ့ သဘောပဲ။”
ဖွားဖွားက ကျွန်တော့်ကို စိုက်ကြည့်တယ်။ ဒီကစားနည်းကိုစတာ ကျွန်တော်ပဲဆိုတာ သူသိတယ်လေ။ ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီအချိန်တုန်းက သူရဲ့ အဲဒီပုံပြင်ကြောင့် ကျွန်တော် ဘယ်လောက် အရမ်းကြောက်ပြီး အရမ်းရှက်နေသလဲဆိုတာကို။
အဲဒီညမှာပဲ ကျွန်တော်လဲ သရဲတွေကို အိပ်မက်တော့တာပဲ။ သရဲတွေက ကျွန်တော့်ကို စောင်နဲ့ ပတ်ပြီး မြစ်နားကို ခေါ်သွားတယ်တဲ့။ ကျွန်တော့် တစ်ကိုယ်လုံး မစိုမရွှဲမချင်း မြစ်အောက်ထဲကို ဆင်းကြတယ်တဲ့။ ကျွန်တော်လဲ သေလုအောင် ကြောက်လန့်ပြီး ဇောချွေးတွေ ပြန်ပြီး နိုးတော့တာပေါ့။ အဲဒီတော့မှ ကျွန်တော်တို့ သုံးယောက်လုံး စိုရွှဲနေရတာက ကျွန်တော်တို့အားလုံး ကြောက်လန့်ပြီး တစ်ယောက်ကို တစ်ယောက် အတင်းဖက်ယက်ပြီ်း အိပ်နေကြတုန်း ညီမလေးက ရှုရှုးပေါက်ချလို့ စိုကုန်တာပဲလို့ သိလိုက်ရတော့တယ်။
နှောင်… ကျွန်တော်တို့ သုံးယောက်သား အရွယ်တွေရောက်ပြီး အိမ်ကို အလည်အပတ် ပြန်ပြန်ရောက်ဖြစ်ကြတဲ့အခါ တစ်ခါတော့ ဖွားဖွားရဲ့  ပုံပြင်ကို ပြန်အစဖော်ဖြစ်ကြတယ်။ အဲဒီတော့မှ ဖွားဖွားက ပြုံးပြီး အဲဒီတုန်းက သူရဲ့ ရည်ရွယ်ချက်ကို ပြောပြတယ်။ အဲဒီ ဇတ်လမ်းဟာ လုပ်ကြံဖန်တီးထားတာကြီးပါတဲ့။ သူရဲ့ အဖွားတုန်းကလဲ သူ့ကို ဒီလို ရည်ရွယ်ချက်နဲ့ပဲ အဲဒီပုံပြင် ပြောပြခဲ့တာတဲ့။ ကျွန်တော့်အမေ ငယ်ငယ်တုန်းကလဲ အရမ်းကဲတော့ ဖွားဖွားက အဲဒီပုံပြင် ပြောခဲ့ရတာပဲတဲ့။ အဲဒီ ပုံပြင်ဟာ ဆွေစဉ်မျိုးဆက်ပြောခဲ့ကြတာတဲ့။ ပုံပြင်ရဲ့ ရည်ရွယ်ချက်ကတော့ ကဲတဲ့ ဆူတဲ့ ကလေးတွေကို ထိန်းဖို့သက်သက်ပါပဲ။ ကလေးသူငယ်ဆိုင်ရာ လေ့လာမှတ်သားစရာ စာအုပ်တွေ၊ တိုင်ပင်မေးမြန်းစရာ ပညာရှင်တွေကလဲ ရှားပါးလွန်းခဲ့တော့ ကလေးတွေကို ပျိုးထောင်တဲ့နေရာမှာ အဲဒီ ရှေးရိုး လှည့်ကွက်ကြီး ကိုပဲ သုံးခဲ့ကြရတယ်ဆိုတဲ့ သဘောပေါ့။ ပြင်ပပယောကဂတွေနဲ့ကင်းလွတ်ပြီး နွေးထွေးချစ်ကြည် ခိုင်မြဲတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ ယုံကြည်သက်ဝင်မှုတွေ၊ အတွေ့အကြုံတွေ နှင့် အထူးသဖြင့်တော့ ချစ်ခြင်းမေတ္တာကသာ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးနိုင်စေခဲ့တာပါ။
နှစ်စဉ် နှစ်တိုင်း မိသားစုပြန်လည်ဆုံစည်းတဲ့ပွဲကျရင် အရိပ်ပုံပြင်ဟာ ကျွန်တော်တို့ရဲ့ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို ပြန်ပြောင်းသတိရစေတဲ့ အရာပေါ့။ အရိပ်တွေရဲ့ နောက်ကွယ်မှာ တကယ့်ကို အဖိုးအနဂ္ဃ ထိုက်တန်ပြီး တန်ဖိုးဖြတ်မရတဲ့အရာ ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ မြဲမြံခိုင်မာစွာ အမြစ်တွယ်နေတဲ့ မေတ္တာနှောင်ကြိုးပေါ့။ အဲဒီလို ထာဝရတည်မြဲမယ့် ကျွန်တော်တို့နှလုံးသားထဲက ကမ္ဗည်းတွေအကြောင်းကို  အကြိမ်ပေါင်းမြောက် များစွာ မမောမပမ်းနိုင် ပျော်ပျော်ကြီးကို ပြောဆိုခဲ့ကြပါတယ်။ နှောင်လဲ ပျော်ပျော်ကြီးကို ပြောကြဦးမှာပါ။

( စာကြွင်း - ထိုင်းစာရေးဆရာ အဘွန်ဆန်ပတ်ချာရာပေါင် (Ubon Sanpatchayapong) ၏ Behind The Shadows ကို မူရင်း အင်္ဂလိပ်အရေးအသားမှ တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။ အင်္ဂလိပ်စာ ဂုဏ်ထူးတန်းရှိ Asean Literature သင်ရိုးတွင်လည်း ပြဌာန်းထားပါသည်။
            ဆန်ပတ်ချာရာပေါင်သည် ထိုင်းနိုင်ငံရှိ Bestsellers စာရေးဆရာများထဲတွင် တစ်ယောက် အပါအ၀င်ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ နာမည်ကြီး ချူလာလောင်ကွန် တက္ကသိုလ်တွင်လည်း အင်္ဂလိပ်စာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ဦးဆောင်ဖွဲ့စည်းထားသော အာရှ အင်္ဂလိပ်စာ အဖွဲ့အစည်းတွင်လည်း အတွင်းရေးမှုး ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ သူ၏ ထူးခြားချက်မှာ ထွက်ခဲ့ပြီးသော စာအုပ်မှန်သမျှ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။ ရေးအားလဲ ကောင်းသူတစ်ယောက်ဖြစ်ပါသည်။ အာရှစာရေးဆရာတို့၏ ထုံးစံအရ နိုင်ငံရေးနှင့် နှီးနွယ်နေသော်လည်း သူ့စာများမှာ ထိုင်းပြည်သူတို့၏ နား၊မျက်စိကို ဖွင့်ပေးခြင်းကြောင့် ဆန့်ကျင်ဖက်မကြိုက်နှစ်သက်သူများပင်လျှင် မလေ့လာဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုအားကောင်းသော၊တန်ဖိုးထားလေးစားရသော စာများပင် ဖြစ်ပါသည်။ အခုဝထ္ထုတိုလေးတွင်လည်း အာရှ၏ ဂုဏ်ယူဖွယ်ရာ မိသားစုတန်ဖိုးများ၊ ရိုသေမြတ်နိုးမှုများ၊ ချစ်ခြင်းမေတ္တာတရားများကို ပါးပါးလေး ချပြပြီး ထိရောက်အောင် ရေးဖွဲ့ထားပါသည်။ ကလေးသူငယ်စိတ်ပိုင်းဆိုင်ရာ သဘောတရားများ၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ သဘောတရားများ၊ ကြောက်စိတ်ဖြင့် ထိန်းကျောင်း ပြုပြင်ခြင်းများကိုလဲ မီးမောင်းထိုးပြထားပါသည်။ သေချာသည်ကတော့ ကျွန်တော်တို့နှင့် ရေမြေချင်းနီး၊ ဘာသာတရားချင်းတူညီ၊ ရင်ခုန်သံချင်း ရင်းနှီးသည့် အတွက် အလွယ်တကူ နှစ်ခြိုက်ခံစား နိုင်မည်ပဲဖြစ်သည်။ ကျွန်တော်တို့ အားလုံးလိုလိုသည်လည်း ဒေဝေါကြီးတို့၊ မဲမဲကြီးတို့ နှင့် ကြီးပြင်းလာရသူများ ဖြစ်သောကြောင် ဤ၀ထ္ထုတိုလေးကိုဖတ်ပြီင်္းလျှင် ငယ်ဘ၀ကို ပြန်လည်လွမ်းဆွတ် သတိရအောက်မေ့လာမည် ဟု ထင်မြင်မိပါသည်။)


                                                                                                            ရှိန်ဝါ (အင်္ဂလိပ်စာ)

           

No comments:

Post a Comment