ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, February 11, 2013

“ကယ်ဗင်“




    ကယ်ဗင် သည် သူ၏ ကျောင်းစာများကို ငြီးငွေ့လာပြီဖြစ်သောကြောင့် လေ့ကျင့်ခန်းစာအုပ်ရှိ စာရွက် အလွတ်တရွက်ပေါ်တွင် တောင်တောင်အီအီ လျောက်ဆွဲပါတော့သည်။ ပထမဆုံးအနေဖြင့် စက်ဝိုင်းလေး တစ်ဝိုင်းဆွဲလိုက်ပါသည်။ ထို့နောက် ထိုစက်ဝိုင်းထဲတွင် မျက်လုံး၊ နှာခေါင်း နှင့် ပါးစပ် စသည်တို့အတွက် စက်ဝိုင်းအသေးလေးများ ဆွဲထည့်ပါသည်။ သို့သော် ထိုပုံလေးသည် အလွန်မပြည့်မစုံ ဖြစ်နေသေးသောကြောင့် နားရွက်များအဖြစ် ကွင်းလေးနှစ်ကွင်း နှင့် ထိုးထိုးထောင်ထောင် ဆံပင်လေးများ ဆွဲထည့်ပါသည်။ သို့တိုင်အောင် ထိုမျက်နှာလေးသည် ထပ်မံခြယ်သမှုများကို အော်ဟစ်တောင်းဆိုနေသေးသောကြောင့်  နှုတ်ခမ်းမွှေး၊ မြင်ရုံနဲ့ အထင်ကြီး သဘောကျချင်စရာ သွားတန်းလေးများ၊ အနက်ရောင်ကိုင်း မျက်မှန်လေး နှင့် အမွှေးလေးနှစ်ချောင်း တွဲကျနေသော မှဲ့အဖုလေး တို့ကို ပြီးပြည့်စုံအောင် ဆွဲထည့်ပါသည်။ ကယ်ဗင် ပြုံးပါသည်။ ထိုသို့ ပြုံးပြီးပြီးချင်း ပါးစပ်ကလဲ “အို့” ဟု အော်ပါသည်။ သူ့အမေ၏ လက်ခေါက်သည် ဂေါက်ကနဲ မြည်အောင် သူ့ခေါင်းပေါ် ကျရောက်လာသောကြောင့် ဖြစ်သည်။
“ကြောင်တောင်တောင်တွေ လျောက်ဆော့မနေနဲ့တော့။ မနက်ဖြန် သိပ္ပံစာမေးပွဲအတွက် ပြန်လှန်လေ့ကျင့်ခန်းတွေ ဆက်လုပ်တော့။ ”  ကယ်ဗင်က သူ့ခေါင်းကို ပွတ်ပြီး ကြောင်တောင်တောင် ဖြင့် ပြုံးနေသောကြောင့် သူ့အမေက ကြမ်းတမ်းစွာ ပြောပါသည်။
“ အခုမှ အခန်း(၄)ပဲ ရောက်သေးတယ်မလား။ စာမေးပွဲက အခန်း (၈) အထိလေ။ ကြောင်တောင်တောင်တွေ လျောက်ဆော့နေရမယ့် အချိန်မဟုတ်တော့ဘူး။ ”  ထိုပုံပါစာရွက်အား ဖျတ်ကနဲ ကြမ်းတမ်းစွာ ဆွဲယူပြီး လုံးချေကာ အမှိုက်ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ သူတို့၏ သွက်သွက်လက်လက် ရှိပုံမရသော ၀ဖိုင့်ဖိုင့် ကြောင်လေးက အနားမှာ လာရောက်ပွတ်သပ်နေသော ကြောင့် ကယ်ဗင်က ကြောင်လေး၏ နားရွက်များကို ပုတ်လိုက်ပါသည်။
“စိတ်ကူးယဉ်လိုက်၊ အဓိပ္ပါယ်မရှိတာတွေ လျောက်ဆွဲလိုက်၊ ချန်တတ် ကို စလိုက်နဲ့ အချိန်တွေ ဖြုန်းမနေနဲ့”။
ကယ်ဗင် စာပြန်ကျက်ပါသည်။ သတိကြီးစွာထားလျက် ကျက်ပါသည်။ သူ့မျက်လုံးထောင့်တွင် သူ့အမေ ထွက်မသွားသေးကြောင်း၊ စားပွဲခုံအနားတွင် ရပ်နေသေးကြောင်း၊ သူ့ကို စောင့်ကြည့်နေ ကြောင်း သူမြင်ရသောကြောင့်ဖြစ်သည်။ ထို့အပြင် သူ့အမေ ဘာဆက်ပြောတော့မလဲ ကို လည်း သိသောကြောင့်ဖြစ်သည်။ သူ့မှတ်မိသလောက်ဆိုလျှင် သူ့အမေ သူ့ကို နေ့တိုင်း တစ်ခုတည်းသော စကားကိုသာ ပြောပြောနေတတ် သောကြောင့်ဖြစ်သည်။
“မှတ်ထားနော် ကယ်ဗင်။ နင် ၉၅ မှတ်နဲ့ အထက်မရရင်တော့လား …..”
ထိုသတိပေးချက်သည် မပြည့်မစုံပြောခြင်းဖြစ်သဖြင့် အလွန်တရာမှပင် ပို၍ကြောက်ဖို့ ကောင်း လေသည်။ ယင်းသည် အတော်များများ အကျုံးဝင်သော သတိပေးချက်ဖြစ်သည်။ မိဘတို့ ကိုင်စွဲနေကြ အဓိကလက်နက်ဖြစ်သည့် ခေါင်းကို လက်ဆစ်ဖြင့် ခေါက်ခြင်းများ၊ ပေတံဖြင့် လက်ဆစ်ကို ခေါက်ခြင်းများ၊  လိမ်ဆွဲခံရလျှင် ပူကနဲဖြစ်၍ အနည်းဆုံး နာရီဝက်ခန့် နာကျင်ကျန်ခဲ့ တတ်သော နားရွက်ကို တဖက်ပြီး တဖက်လိမ်ဆွဲခြင်းများ၊ ခြေထောက်နှင့် တင်ပါးကို ကြိမ်ဖြင့် ရိုက်ခြင်းများ၊ ရုပ်မြင်သံကြား ကြည့်ရှုခွင့် ပိတ်ခြင်းများ၊ တစ်လတိတိ ရုပ်ရှင်ရုံသွားခွင့် ပိတ်ခြင်းများ စသည်တို့ အကုန်အကျုံးဝင်လေသည်။
သို့သော် ကယ်ဗင် ထို့သို့ အပြစ်ဒဏ်များ တစ်ခုမှ မခံခဲ့ရဖူးပါ။ သူဖြေဆိုခဲ့သော စာမေးပွဲတိုင်း ၉၅ မှတ်နှင့် အထက် ရခဲ့သည်ချည်းပင်။ သူ့အမေကလဲ သူ့ကို ဆုအမျိုးမျိုး ဆုချခဲ့သည်ချည်းပင်။ ချောကလက်များ၊ လေမှုတ်ဘာဂျာလေး တစ်ခု၊ ပုံပြင်စာအုပ်များ ( ကယ်ဗင်က “ဘီနို၊ ဒန်ဒီ နှင့် ရူးသွပ်သော…” စာအုပ် ကို တောင်းဆိုခဲ့သော်လည်း သူ့အမေက ဇတ်ကောင်များ၏ ဥာဏ်ထုံထိုင်းမှုများ နှင့် အဆင့်နိမ့်သော ဘာသာစကားများကို မနှစ်မြို့ချေ) ၊ လက်ပတ်နာရီ အသစ်တစ်လုံး နှင့် ဝေါကင်းရှုး တစ်ရံ (ကယ်ဗင်က ဘွန်ကီးနှင့် ဘောလုံးကန်ရန် ဘောကန်ဖိနပ် တောင်းဆိုသော်လည်း သူ့အမေက ငြင်းဆန်ခဲ့သည်။ ပထမအချက်အနေဖြင့် ဘောလုံးအားကစားမှာ ကြမ်းတမ်းလွန်းသည်ဟု သူထင်သည်။ ဒုတိယအချက်အနေဖြင့် ဘွန်ကီးမှာ ညစ်ပတ်၍ စည်းကမ်းမရှိသော၊ အလွန်ကဲသော ကလေးဖြစ်သောကြောင့် အကျင့်ကူး မှာ စိုးရိမ်၍ ဖြစ်သည်။)
ကယ်ဗင့်အမေ သည် သူ့သား၏ အမှတ်ခြစ်ပြီးသား လေ့ကျင့်ခန်းစာအုပ်များကို ဖိုင်တစ်ဖိုင် သပ်သပ်ထား၍ အမှတ်လျော့သွားခဲ့သည့် အမှားများကို ဂရုတစိုက် သေသေချာချာ စစ်ဆေးလေသည်။ မေးခွန်းကူးမှားခြင်း၊ စာလုံးပေါင်းမှားခြင်း၊ ပုဒ်အဖြတ်အတောက်မမှန်ကန်ခြင်း၊ မလိုအပ်သည်များကို ဖြေဆိုမိခြင်းစသော အနည်းဆုံး အမှတ် ၂ မှတ်ခန့် လျော့ခဲ့သည့် လျှမ်းသော အမှားများကို တွေ့လျှင် ကယ်ဗင့်အမေ ခေါင်းခါ၍သက်ပြင်းချလေသည်။
“ဘာလို့ အရမ်းလျှမ်းရတာလဲ သားရယ်” နွမ်းနယ်သော လေသံဖြင့် မေးလေသည်။
“သား အဲလို မဖြစ်သင့်တဲ့ လျှမ်းတဲ့ အမှားတွေသာ မမှားဘူးဆိုရင် ၉၆ မှတ် ရမှာမဟုတ်ဘူး။ ၉၈ မှတ်တောင် ရမှာ။”
လျှမ်းသော အမှားမဟုတ်ဘဲ နားမလည်၍ မှားသော အမှားများတွေ့လျှင်မူ သူ့အမေ သိပ်စိတ်မရှည်တော့ပါ။ နားလည်စေရန် အလို့ငှာ ကောင်လေးကို သူနှင့်အတူ စာကြည့်စားပွဲတွင် အတူတူ ထိုင်စေပြီးလျှင် ကယ်ဗင် အားလုံးကို သေသေချာချာ နားလည်လာအောင် သင်ခန်းစာ တစ်ခုလုံးကို ဖြည်းဖြည်းချင်း အပင်ပန်းခံ၍ ပြန်လည်သင်ကြားပေးလေသည်။ တရုတ်စာ ဆိုလျှင်တော့ သူလဲ မတတ်နိုင်ပါ။ သို့သော် ကယ်ဗင်၏ တရုတ်စာဆရာထံ ဖုန်းဆက်၍ နောင်တစ်ကြိမ် စာလာသင်လျှင် သင်ခန်းစာအသစ် တစ်ခု မတက်ခင် ကလေး၏ လေ့ကျင့်ခန်းစာအုပ် ကို ပြန်လည်ကြည့်ပေးပါရန် နှင့်  ထိုသို့သော အမှားမျိုး နောင်လေ့ကျင့်ခန်းများ စာမေးပွဲများတွင် ထပ်၍ မမှားစေရန် ကလေးကို အိမ်စာများများပေးပါရန် တောင်းဆိုသည်။
ကယ်ဗင် အမှတ်များများနှင့် လည်းကောင်း၊ အမှတ်များ ဘေးတွင် “အလွန်ကောင်း” ဟုသော မှတ်ချက်များနှင့် သော်လည်းကောင်း အိမ်ပြန်လာလျှင် သူ့အမေပြုံးလေသည်။ သို့သော်လည်း  ကယ်ဗင့် အမှတ်များသည် အတန်းထဲတွင် အမြင့်ဆုံး ဟုတ်မဟုတ် မသိရမချင်း သူ့အမေ ဘ၀င်မကျသေးချေ။ ကယ်ဗင်၏ စာမေးပွဲအဖြေလွှာကိုယူပြီး အဖြေလွှာအပေါ်ဘက် ညာဘက် ထောင့်တွင် ကယ်ဗင်ရသော အမှတ်ကို ကြည့်ပြီး မေးနေကျမေးခွန်းတွေကတော့ “သား က အမှတ်အများဆုံးလား။ တန်မွန်ချောင် ရော ဘယ်လောက်ရလဲ။ ရာဗင်ဒြန် ပီလိုင်ရော။” စသည်တို့ပင် ဖြစ်လေသည်။ ထိုကောင်လေးနှစ်ယောက်သည် အတန်းထဲတွင် ကယ်ဗင်၏ အနီးကပ်ဆုံးသော ပြိုင်ဘက်များ ဖြစ်လေည်။ တစ်ခါက တန်မွန်ချောင်က သင်္ချာတွင် အမှတ်ပြည့် ရပြီး ကယ်ဗင်က ၉၅ သာရခဲ့သောအခါ သူအလွန် ဒေါသထွက်လေသည်။ ပိုဆိုးသည်က ထိုသို့ ၅ မှတ်လျော့ရခြင်းသည် မေးခွန်းတစ်ပုဒ်လုံးကို လျှမ်းပြီး မေ့ကျန်ခဲ့သောကြောင့်ဖြစ်သည်။
“သား မမြင်ခဲ့လို့ပါ။ တကယ် မမြင်ခဲ့လို့ပါ။” မျက်ရည်လည်ရွဲဖြင့် ကယ်ဗင်ပြောလေသည်။
“နောက်တစ်ခါကျရင် မေးခွန်းကို သေသေချာချာ ဖတ်။ ဟဲ့….ကြားလား”  စိတ်ပျက်နေသော သူ့အမေက ပြောလေသည်။
“ငါးမှတ်ကတော့ အလဟသ ဖြစ်သွားပြီပေါ့။ ဒီတဖြတ် ခက်ဆစ်မှာ မွန်ချောင်က နင့်ထက် အမှတ်များတယ်။ ပီလိုင်က စာစီစာကုံးမှာ နင့်ထက်သာတယ်။ ဒီတော့ ဒီတဖြတ်မှာ နင်တော့ ပထမ ရတော့မှာ မဟုတ်ဘူး …. ကောင်လေး။ ဒုတိယ သို့မဟုတ် တတိယပဲ။ စတုတ္တတောင် ရချင်ရဦးမယ်။”
ပြောရင်းနဲ့ ရုတ်တရက်ပြင်းထန်သော နာကျင်မှုကြောင့်သူ့အမေ မျက်နှာရှုံ့မဲ့သွားလေသည်။ သူ့အမေမှာ ရောဂါရှိလေသည်။ စိတ်ထိခိုက်လျှင် ထိုသို့ အမြဲခံစားရလေသည်။
          သို့သော် ကယ်ဗင် အတန်းထဲတွင် ပထမရသော အခါတွင်မတော့ သူ့အမေ အလွန် ကျေနပ် လေသည်။ စတားဝါးလ် ရုပ်ရှင်ကားကိုလဲ လိုက်ပြလေသည်။ ထိုညနေတွင် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသသော ဘောလုံးပွဲကို ကြည့်ခွင့်ပေးရန် ကယ်ဗင်တောင်းဆိုလေသည်။ ကျောင်းတွင် မနက်က ဘွန်ကီးသည် ထိုဘောပွဲအကြောင်း တဖွဖွပြောသဖြင့် မနေနိုင်မထိုင်နိုင် လောက်အောင် ကြည့်ချင်သောကြောင့်ဖြစ်လေသည်။ သို့သော် သူ့အမေက
          “မကြည့်ရဘူး။ ဒီနေ့တော့ ဒီလောက်ပဲ။ တော်လောက်ရောပေါ့။ မနက်ဖြန် မနက်ကျရင် ရေကူး သင်တန်း ရှိတော့ စောစောအိပ်မှ ဖြစ်မှာလေ။ ဆရာ ဒီဆူဇာကလဲ မေ့မေ့ကိုပြောတယ်။  သားကတော်တယ်တဲ့။ စက်တင်ဘာကျရင် ကွာလာလမ်ပူက ပြိုင်ပွဲကို သား ၀င်ပြိုင်ရလောက်တယ် တဲ့။ အဖွဲ့ထဲက တခြားကောင်လေးတွေထက် သားက အခြေအနေပိုကောင်းတယ် တဲ့။”
          သူ့အမေ သူ့ကို ဂုဏ်ယူစွာ ပြုံး၍ကြည့်လေသည်။ သို့သော် နှလုံးသားငယ်လေးတစ်ခုကတော့ နစ်မြုပ်သွားခဲ့ပါပြီ။ သူ ထိုဘောလုံးပွဲကို တကယ့်ကို အလွန်တရာ ကြည့်ချင်ခဲ့ပါသည်။ သို့သော် အခု သူ မျှော်လင့်နိုင်သော ပျော်ရွှင်မှုကတော့ တနင်္လာနေ့ မနက်ကျလျှင် ကျောင်းမှာ ဘွန်ကီး ပြန်ပြောသမျှကို နားထောင်ရုံပဲ ဖြစ်ပါတော့သည်။ ဒါပေမယ့် ခက်တာက ဘွန်ကီးကလဲ   သူစိတ်လှုပ်ရှားနေတဲ့ အခါတိုင်း ဘယ်တော့မှ ကောင်းကောင်းပြန်ပြောတတ်တာ မဟုတ်ဘူးလေ။
          xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကယ်ဗင့်မျက်လုံးများ မှေးစင်းကျနေချေပြီ။ ခေါင်းကလဲ သိပ္ပံစာအုပ်ပေါ် ငိုက်ငိုက်ကျလိုက်၊ သူနှင့် မျက်နှာချင်းဆိုင်မှာ သူ့အမေ ထိုင်နေတာကို မြင်ပြီး သွားအဖြီးသားနဲ့ ပြုံးပြီး ခေါင်းကို အမြန် ပြန်မတ်လိုက် နှင့် ဖြစ်နေချေပြီ။
“နင် အိပ်တာပဲ ကောင်းပါတယ်။” သူ့အမေ သက်ပြင်းချလေသည်။
“အရမ်းအိပ်ချင်နေမှတော့ ဆက်ကျက်လဲ ဘာမှ ရမှာ မဟုတ်တော့ဘူး။ မနက်ကျရင်သာ စောစောထပြီး သိပ္ပံပြန်ကျက်တာပဲ ပိုကောင်းပါတယ်။ ရေမှာပေါက်တဲ့ အပင်အမျိုးမျိုးကိုလဲ မမေ့နဲ့ဦး။ Ammonia ကို m နှစ်လုံးနဲ့ ပေါင်းတာကိုလဲ မှတ်ထားဦး။ အရင်တခေါက်တုန်းက နင် အဲဒါကို မှားတယ်လေ။ အဲတော့ ဆရာမက အမှတ်လျော့ ရောမလား။”
“Goodnight, မာမား”  ကယ်ဗင် အိပ်ချင်မူးတူးဖြင့် နှုတ်ဆက်လေသည်။ သူ့အမေကလည်း သူ့ကို နမ်းလေသည်။ ပြီးနောက် သတိမေ့တတ်သော အိမ်ဖော်အား မနက်ကျလျှင် ကယ်ဗင်အား Bovril တစ်ခွက်နှင့် ကြက်ဥအကာကျက် နှစ်လုံးကျွေးဖို့ သတိပေးရန် ထွက်သွားလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကယ်ဗင် အဖို့ နဖူးတွေ့ ဒူးတွေ့ ထိတ်လန့်သည်မှာ ဒီတစ်ခါ ပထမဆုံးဖြစ်လေသည်။ ဆရာမ လန်း သည် အမှတ်ကို မကြေငြာခင် ကယ်ဗင်ကို ကြည့်၍ ခေါင်းကို ခါရမ်းလေသည်။ ပြီးနောက် အချက်ပေးသည့်အနေဖြင့် ပြုံးလေသည်။
“ကယ်ဗင် လီ ကန် ချန်း။”  အလွန်တရာစိတ်မကောင်းဖြစ်သောပုံဖြင့် နာမည်ခေါ်သည်။
“ဒီတစ်ခါတော့ မွန်ချောင်ရော၊ ပီလိုင်ပါ နင့်ကို ကျောသွားပြီ။”
သိှု့နှင့်တိုင်အောင် ကယ်ဗင် စိတ်မလျော့သေးပါ။ သူ သေချာပေါက် ၉၅ မှတ်တော့ ကျော်မှာပဲ ဟု ထင်နေသေးသည်။ ထို့နောက် ဆရာမ လန်းက အမှတ်များကို အများဆုံးမှစ၍ အစဉ်အတိုင်း ကြေငြာလေသည်။ ကယ်ဗင်က အဆင့်ခြောက်။ သူ ၈၂ မှတ်ပဲ ရလေသည်။
ကယ်ဗင် သွေးဆုတ်ဖြူရော် လေပြီ။ ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေချေပြီ။ လာမည့်ဘေးသည် သူ့အား ပွတ်သပ်ကျီစယ်နေလေပြီ။ အာခေါင်များ ခြောက်သွေ့ကာ ရေငတ်နေချေပြီ။ သို့သော် မျက်ရည်တော့ မကျသေးချေ။ ကျောင်းဆင်း ခေါင်းလောင်းထိုးပြီးသော အခါမှသာ လျှင် အိမ်အပြန်လမ်း ကတ္တရာလမ်းမပူပူပေါ်၌ ခြေထောက်များ တရွတ်ဆွဲလျက် စာအုပ်များဖြင့် လေးလံလှသော ကျောပိုးအိတ်ကို သယ်ပိုးလျက် ကယ်ဗင် ငိုပါတော့သည်။ ရှိုက်ကြီးတငင် ငိုပါတော့သည်။ သူ့အမေ သူ့ကို မနက်တိုင်း ထည့်ပေးနေကြဖြစ်သော  ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ပ၀ါကိုပင် မသုံးနိုင်တော့ဘဲ အင်္ကျီလက်နှင့်သာ နှာခေါင်းကို သုတ်လျက် ငိုပါတော့သည်။
“မငိုပါနဲ့….. ကယ်ဗင်ရယ်”  အလွန်ကဲသော၊ ညစ်တီးညစ်ပတ် ဘွန်ကီးဖြစ်လေသည်။ ဒီတခါတော့ အလွန်ကို လေးနက်သောပုံဖြင့် သူ့အချစ်ဆုံးသူငယ်ချင်းကို နှစ်သိမ့်ဖို့ ကြိုးစားလေသည်။
“ငါ့အမေတော့ ငါ့ကို သေချာပေါက် ရိုက်တော့မှာကွ။” ကယ်ဗင်ရှိုက်လိုက်သည်။
“မာမား အရမ်းစိတ်ဆိုးမှာကွ။ ငါကလဲ ၉၅ မှတ်အောက် တစ်ခါမှ မရခဲ့ဘူးလေ။”
သူ့ကို အိမ်မှာ စောင့်ကြိုနေမည် ဖြစ်သည့် ဒေါသတွေ အပြစ်ဒဏ်တွေကို ကြောက်ရွံ့လျက် ရှေ့ဆက်မသွားချင်တော့ဘဲ လမ်းဘေးက သစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်လေသည်။
          “မင်း သူ့ကို ညာပေါ့ကွ။ အမှတ်တစ်ရာ ရတယ်လို့ပြောပေါ့ကွ။ ဘွန်ကီးကလဲ သူ့စိတ်ကူးနဲ့သူ အကြံပေးလေသည်။
          ကယ်ဗင် သူ့ကို ဒေါသတကြီး စိုက်ကြည့်လေသည်။ ထို့နောက်
          “မင်းကိုမင်း အရမ်းတော်တယ် ထင်နေတယ်ပေါ့။ ငါ့အမေက အဖြေလွှာတွေကို အကုန်လုံးကို ယူစစ်တာကွ။ ငါ ညာလို့မရဘူးကွ။”
          ဘွန်ကီး နောက်ထပ်အကြံဥာဏ်များ ပေးရန် သူ့ခေါင်းကို အလုပ်ပေးလေပြီ။ ပြီး ၀မ်းသာအားရဖြင့် နောက်ထပ်အကြံဥာဏ် တစ်ခုပေးပြန်သည်။
          “သိပြီ… ငါသိပြီ။ ဆရာမ လန်း အဖြေလွှာတွေ ပြန်ပေးတဲ့အခါကျရင် မင်း ၈၂မှတ်ကို ၁၀၀ လို့ပြောင်းရေးလိုက်ပေါ့ကွ။ ငါ ပြောင်းပေးလို့ရတယ်နော်။ ငါ့မှာ ဆရာမလို မှင်နီတွေ အများကြီးပဲ ရှိတယ်ကွ။ ”
          ကယ်ဗင် ပို၍ဒေါသတကြီးဖြင့် စိုက်ကြည့်လေသည်။
“မင်း ဘာဖြစ်လို့ အဲလောက်တောင် အသုံးမကျရတာလဲကွ။” သူ သက်ပြင်းချလေသည်။        
“အဖြေလွှာမှာ ငါ့အမှားတွေကို တွေ့မှာပေါ့ကွ။ ဟေ့ကောင် ငါပြောလိုက်မယ်။ မင်း ငါ့အမေကို ဒီလိုနည်းနဲ့တော့ ညာလို့မရဘူးကွ။”
ကောင်လေးနှစ်ယောက် အတော်ငြိမ်ကျသွားလေပြီ။ ကယ်ဗင်သည်လည်း သစ်ပင်ကို ကျောမှီလျက် ရေမြောင်းထဲသို့ ကျောက်ခဲလုံးလေးများကို အဓိပ္ပါယ်မဲ့ ပစ်ပေါက်နေလေသည်။ ပေါက်ရင်းတန်းလန်း သူ၏အိပ်ကပ်ထဲရှိ ဘွန်ကီးပေးထားသော ပီကေတစ်ထုပ်ကို စမ်းမိလေသည်။ သို့သော် ပီကေစားတာကို သူ့အမေ မကြိုက်မှန်း ပြန်သတိရသွားပြီး ခဲလုံးများ ဆက်ပေါက်မြဲ ပေါက်နေလေသည်။
“အင်း…. ငါသွားတော့မယ်ကွာ။” ပါးစပ်ထဲ ပီကေများ ပလုံးပထွေးဖြင့် ဘွန်ကီးပြောသည်။
“မင်းအမေ မင်းကို မရိုက်ပါစေနဲ့ကွာ။ ဘိုင့်ဘိုင်။”
“ဘိုင်”
ကယ်ဗင် သူ့ကျောင်းလွယ်အိတ်ကို ကောက်၍ ကြောက်ရွံ့ဖွယ် အိမ်အပြန်လမ်းကို စတင်လေပြီ။ ခြံတံခါးကို အသံမထွက်အောင် ကြိုးစားဖွင့်သည်။ မိခင်၏ ထိတ်လန့်စရာ အပြစ်ပေးမည့် အချိန်ကို တတ်နိုင်မျှ နောက်ကျနိုင်သလောက် နောက်ကျစေရန် အလို့ငှာ အိမ်ထဲသို့ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် ၀င်လေသည်။
သူ့အမေ အိမ်တွင်မရှိပါ။ ကယ်ဗင် ခဏတော့ စိတ်သက်သာရာ ရလေသည်။ သူ့ပြန်ရောက်တာကို သိပြီး မီးဖိုချောင်ထဲမှ အစေခံ ပြေးထွက်လာသည်။ ပြီး စိတ်ညစ်ညူးသောလေသံဖြင့်….
“ကယ်ဗင်ရေ… မင်းအမေတော့ ဆေးရုံတတ်နေရပြီကွဲ့။ သူ့ရောဂါလေ။ ဒီမနက်ပဲ အသည်းအသန် ဆေးရုံတင်လိုက်ရတာကွဲ့။”
ကယ်ဗင် ၀မ်းသာစိတ်ကို အတင်းချိုးနှိမ်နေရသည်။ မျက်ရည်လည်ရွဲဖြစ်နေသော အစေခံမကြီးက ကယ်ဗင့်မျက်နှာပေါ်တွင် မိဘအတွက် စိုးရိမ်သော အငွေ့အသက်များကို ရှာဖွေသည်။
“မင်းအမေ က ဆေးရုံတတ်နေရတာနော်။”  အလွန်မကျေမချမ်းဖြင့် ကယ်ဗင့်ကို မျက်မှောင်ကုတ်ကြည့်၍ ထပ်သတိပေးလေသည်။
“မာမားက ဘယ်လောက်ကြာကြာ တတ်ရမှာတုန်း။”  သူ့အတွက် အလွန်အမင်း အဆင်ပြေကြောင်းကို မသိသာစေရန် ပျော်ရွှင်မှုကို ကြိုးစားဖုံးကွယ်လျက် တုန်ယင်သောလေသံဖြင့် ကယ်ဗင် မေးသည်။
“ငါလဲ မသိဘူးလေ။ ဒါပေမယ့် တစ်ပါတ်လောက်တော့ ကြာမယ်ထင်တယ်။ တော်တော် အခြေအနေ မကောင်းဘူးကွ။”  သူ့ကို စူးစူးစိုက်စိုက် ပြန်ကြည့်ပြန်သည်။ အစေခံမကြီး ပုံစံက စိုးလည်းစိုးရိမ် မကျေလည်းမကျေနပ်သော ပုံပေါက်နေသည်။
သူ့အခန်းထဲ တစ်ယောက်တည်းရှိသောအခါတွင်မတော့ ကယ်ဗင် အိပ်ရာပေါ်ကို ခြေပစ် လက်ပစ် လဲချသည်။ ခေါင်းအုံးတွေကို ထိုးသည်။ ဂျွမ်းထိုးသည်။ ကြမ်းပြင်ပေါ်ကို ဘုန်းကနဲ ပြုတ်ကျသည်။ ပြီး စာအုပ်တွေကို လှမ်းကိုင်သည်။ လေထဲကို ကြမ်းကြမ်းတမ်းတမ်း အသားလွတ် လွှင့်ပစ်သည်။ သူ့မျက်လုံးတွေ တောက်ပ၍ သူ့မျက်နှာသည် ၀င်းပနေလေသည်။
“ငါ့ကောင်ရေ … ငါ့ကောင်ရ… တစ်ပါတ်တောင်ကွ။” သူ့ကိုယ်သူ ပြန်ပြောသည်။ ပြတင်းပေါက်ဘောင်ပေါ်တွင် ကြောင်မလေး ချန်တတ်ကို တွေ့သောအခါ အပျော်ကြီးပျော်၍ ခပ်ကြမ်းကြမ်း ရိုက်လေသည်။ ရုပ်မြင်သံကြားကြည့်ရမည်ဖြစ်ခြင်း၊ ဘွန်ကီးနှင့် ဆော့နိုင်ခြင်း၊ စသည့် တစ်ပါတ်စာ အပျော်များကို ဘယ်လိုဖော်ပြရမည်မှန်း သူမသိတော့။ သို့သော် ထိုအပျော်ထဲတွင် ပြစ်ဒါဏ်ချခံရမှာကိုတော့ သူသိနေသေးသည်။ အမှတ်တွေကိုလဲ နောက်ပိုင်းပြောပြရမှာပဲ။ အပြစ်ကလဲ နောက်ပိုင်း ခံရမှာကို သူသဘောပေါက်သည်။ သို့သော် ယခုအချိန်မှာတော့ တကယ့် အပျော်ကြီးငါးပါးစိုက်လေပြီ။ ထိုအပျော်များသည်လည်း သူ့ဘ၀မှာ နောက်တစ်ကြိမ် ပြန်မရ နိုင်တော့သော အပျော်များဖြစ်လေသည်။ သို့အတွက်ကြောင့် သံသေးသံကြောင် အော်ဟစ်လျက် ဂျွမ်းထပ်ထိုးပြန်သည်။ ပြီးနောက် မြင်နေကျမြင်ကွင်း မဟုတ်၍ ထိတ်လန့်နေသော ကြောင်မလေး ချန်တတ် ပန်းခြံထဲ ခုန်ဆင်းပြေးသွားသည်ကို ကြည့်၍ ဟားတိုက်နေလေတော့သည်။
                                                                                      (ကက်သရင်းလင်းမ်)
 အင်္ဂလိပ်စာမေဂျာ၊ ဂုဏ်ထူးတန်းသင်ရိုးရှိ Asean Literature ထဲမှ Catherine Lim ၏ Kevin ကို ပြန်ဆိုပါသည်။

အထက်ပါ ၀တ္ထုတိုလေးမှာ ကလေးသူငယ်ပျိုးထောင်ရေးဆိုင်ရာသဘောတရားများ၊ မိဘများရဲ့လောဘတွေနဲ့ ပိတ်လှောင်နေတဲ့ ကလေးတွေရဲ့ ဘ၀တွေကိုမီးမောင်းထိုးပြထားပါတယ်။ မိဘများရဲ့ ကိုယ်မရနိုင်ခဲ့တဲ့ ကမာကိုသုတို့ကလေးတွေကို အတင်းအကျပ် ရယူခိုင်းခြင်း၊
အထက်ပါ ၀တ္ထုတိုလေးမှာ ကလေးသူငယ်ပျိုးထောင်ရေးဆိုင်ရာသဘောတရားများ၊ မိဘများရဲ့လောဘတွေနဲ့ ပိတ်လှောင်နေတဲ့ ကလေးတွေရဲ့ ဘ၀တွေကိုမီးမောင်းထိုးပြထားပါတယ်။ မိဘများရဲ့ ကိုယ်မရနိုင်ခဲ့တဲ့ ကမ္ဘာကိုသူတို့ကလေးတွေကို အတင်းအကျပ် ရယူခိုင်းခြင်း၊ တရားလွန်စည်းကမ်းများနှင့် ထိန်းချုပ်ခြင်းကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုပေးနိုင်ကြောင်း၊ မိဘနှင့် သားသမီးကြားမှာရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာကိုတောင် ပျက်စီးသွားစေနိုင်ကြောင်း မိဘများ အထူးသဖြင့် ကလေးတွေကိုလွတ်လပ်စွာ ကစားခွင့်တောင် မပေးတဲ့၊ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ဂိုက်နဲ့ ကလေးတွေရဲ့ ဆော့ကစားဖို့ အချိန်ကိုတောင် ထည့်မတွက်၊ ကလေးတွေရဲ့စိတ်ခံစားချက်တွေကိုတောင် ထည့်မတွက်တော့ကြတဲ့ မိဘတွေသတိထားသင့်တဲ့ အကြောင်းပါ။
ရှိန်ဝါ (အင်္ဂလိပ်စာ)


No comments:

Post a Comment