ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, February 7, 2013

“မျက်လုံး နှင့် နား မှ နှလုံးသား နှင့် ဘ၀များစွာ အထိ (၂)” (အတတ်ကြူးလို့ အရူးဖြစ်တာလား၊ အရူးဖြစ်လို့ အတတ်ကြူးတာလား) (A Beautiful Mind)


လူတော်တော်များများ ပြောလေ့ရှိကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အတတ်ကြူးလို့ အရူးဖြစ်တာတဲ့။ ကျနော်ကတော့ အဲ့စကားကို လုံးဝငြင်းပါတယ်။ အတတ်ကြူးလို့ အရူးဖြစ်တာ မဟုတ်ပါဘူး။ မတတ်တတတ်နဲ့မို့သာ အရူးဖြစ်တာပါ။ အတတ်ပညာတစ်ခုဆိုတာ တကယ့်ကို စိတ်ရော ကိုယ်ပါနှစ်ပြီး ရူးသွပ်မှသာ တကယ် ကျွမ်းကျင် တတ်မြောက်တာပါ။ မရူးသွပ်ဘဲနဲ့ ဆိုရင် တကယ့်မကျွမ်းကျင်ဘူးလို့ တောင် ပြောလို့ရပါတယ်။ ပညာရပ်နယ်ပယ်တစ်ခုမှာ တကယ် ပေါက်မြောက်ခဲ့တဲ့ လူတွေ အားလုံးကို ကြည့်ကြည့်ပါ။ သူတို့ တကယ်ရုးသွပ်ခဲ့ကြတာပါ။ သူတို့ မအောင်မြင် သေးခင် ကာလတစ်လျောက်လုံးမှာ အရူး၊ ရူးတယ်လို့ ခဏခဏအပြောခံခဲ့ရတာ ချည်းပါပဲ။ ထားပါတော့ ကျနော်တို့ လှပသော စိတ်လေး တစ်ခု အကြောင်း ပြောကြရအောင်ဗျာ
ဒီကားလေးကတော့ တော်တော်များများ ကြည့်ဖူးကြမှာပါ။ ပရင့်စတန် တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ တက်ဖို့ အကြိုစာတမ်းလာတင်တဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ သူ့နာမည်က ဂျွန်နက်ရှ် ပါ။ သူပုံစံက အရာရာကို စူးစိုက်လွန်းတဲ့ပုံ၊ အများအမြင်မှာတော့ ကြောင်တောင်တောင်ပုံပေါ့။ သူကျောင်းကို စရောက်တဲ့နေ့မှာပဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်တတ်တဲ့ ၊သောက်စားပျော်ပါးလွင်တတ်တဲ့ အခန်းဖော် တစ်ယောက်ရပါတယ်။ သူ့နာမည်ကတော့ ချားစ်ဟာမန် ပါ။ ဂျွန်ဟာ အတန်းလဲ မတတ်ပါဘူး။ ပြင်ပလောကမှာလဲ သူသိပ်အဆင်မပြေပါဘူး။ သူ့အခန်းထဲမှာသာ နေပြီး အခန်းပြတင်းပေါက်ကနေ လောကကြီးကို ကြည့်ပြီး ပြတင်းပေါက်နံရံတွေ ပေါ်မှာ စာတွေ ရေးလေ့ရှိပါတယ်။ အချိန်တန်တော့ အတန်းပုံမှန်တတ်တဲ့သူတွေက စာတမ်း တင်ပြီးနေပါပြီ။ သူမပြီးသေးပါဘူး။ မပြီးသေးတော့ စိတ်တွေတိုတယ်။ ၀မ်းနည်းတယ်။ နောက်ဆုံး ချားစ်က သူ့စာကြည့်စားပွဲကြီးကို ပြတင်းပေါက်အပြင်ဘက် လွှင့်ပစ်တဲ့ အဆင့်ကို ရောက်ရော။ အဲတော့မှ သူ အပြင်ထွက်တယ်။ သူ့စာတမ်းရေးရမယ့် အကြောင်းအရာကို အရက်ဘား တစ်ခုမှာ ရလိုက်ပါတယ်။ ကျနော်တို့အခေါ် ဖွန်ကြောင်တဲ့ အကြောင်းအရာကနေရတာပါ။ အဲ့မှာ ပြောစရာတစ်ခုရှိလာပါပြီ။ တကယ့်ပညာဆိုတာ အတန်းထဲမှာ၊ စာအုပ်တွေထဲမှာ ရှိတာမဟုတ်ပါဘူး။ ပြင်ပ လောကကြီးမှာသာ ရှိတာပါ။ ဒေါက်တာကိုကိုတို့ မမတို့ သံဝေဂ ရသင့်ပါတယ်။ နောက်ပြီး အလွန်အမင်း အာရုံစူးစိုက်ခြင်းကနေလဲ မရရှိပါဘူး။ ခရစ်ရှနားကြီး စကားနဲ့ ပြောရရင် အဆက်မပြတ်မနားတမ်း တွေးနေတဲ့သူက ဦးနှောက် မရှိတဲ့ သူပါပဲ။ သူဟာ သူရဲ့ တွေးခြင်းသံသရာထဲမှာသာ ပိတ်မိနေပြီး အမှန်နဲ့ ဝေးကွာသွားခြင်းပါ။
နောက်ပိုင်း ဂျွန် ဒေါက်တာဘွဲ့ရပါတယ်။ ဂျာနယ်တွေထဲမှာလည်း အမြဲလိုလို ပါတဲ့ အထိလည်း သူ နာမည်ကြီးနေပါပြီ။ သူ့အဖွဲ့မှာလည်း သူက ခေါင်းဆောင်ဖြစ်နေပါပြီ။ တစ်နေ့မှာ ပင်တဂွန်စစ်ဌာနချုပ်ကနေ သူ့ကို ဆင့်ခေါ်ပြီး လျှို့ဝှက်စာတစ်ခုကို ဖော်ခိုင်းပါတယ်။ သူ ဖော်ပေးလိုက်နိုင်ပါတယ်။ အဲ့မှာပဲ သူ သူ့ဘ၀မှာ အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်တဲ့ ၀ီလီယမ် ပါရှာနဲ့ တွေ့ပါတော့တယ်။ နောက်ပိုင်းမှာ ၀ီလီက သူ့ကို လျှို့ဝှက်စံထောက်အနေနှင့် ရုရှားတို့ရဲ့ ကုတ်တွေကို အဆက်မပြတ် ဖော်ခိုင်းပါတယ်။ အဲ့ဒီ ကာလဟာ ဂျွန့်ဘ၀မှာတော့ အရေးအကြီးဆုံး အချိန်တွေပါ။ သူ အချစ်ကိုလည်း စတွေ့ပါတော့တယ်။ အဲလစ်ရှာ ဆိုတဲ့ ဥာဏ်ရည်ကောင်းသော ကောင်မလေးပါ။ အဲ့မှာ သူ အဲ့မိန်းကလေးကို အရမ်းချစ်သွားပါတယ်။ တစ်ဖက်ကလဲ သူရဲ့ လျှို့ဝှက် အလုပ်ကို လုပ်ရင်းပေါ့။ အဲ့အချိန်မှာပဲ သူ ချားစ် နဲ့လည်း ပြန်တွေ့ပါတယ်။ ဒီတစ်ခါတော့ ချားစ် တစ်ယောက်ထဲ မဟုတ်တော့ပါဘူး။ မိတဆိုးကလေး တစ်ယောက်ဖြစ်တဲ့ ချားစ်ရဲ့ တူမလေး မာစီ ပါ ပါလာပါတယ်။ နောက်ပိုင်း အဲလစ်ရှာ ကို သူ လက်ထပ်လိုက်တယ်။ အဲ့မှာပဲ ၀ီလီယမ်က ဇယားရှာပါတော့တယ်။ လျှို့ဝှက် စုံထောက်ဆိုတာ ဒါမျိုး သံယောဇဉ်တွေ ဘာတွေ မထားရဘူးပေါ့။ ဘာညာပေါ့.။ သူအဲ့အလုပ်ကို မလုပ်တော့ဘူးလို့ ငြင်းပါတယ်။ မရတော့ပါဘူး။ ၀ီလီယမ်က ပြောပါတယ်။ နောက်ပြန်ဆုတ်လို့ မရတော့ဘူးတဲ့။ အဲ့မှာပဲ သူရှောင်ရင်း တိမ်းရင်း ချားစ် ရှိနေတဲ့ ဟားဗတ် ကို သူသွားပါတယ်။ သွားရင်းနဲ့ အများက သူလို နာမည်ကြီး ဟောပြောတာ ကြားချင်လို့ ဟောပြောခိုင်းတော့ စင်ပေါ်မှာ ဟောပြောနေရင်း တန်းလန်းနဲ့ပဲ သူ့နောက်ကို လူတွေ လိုက်လာတာ တွေ့တော့ ထွက်ပြေးပါတယ်။ အဲ့မှာပဲ သူအဖမ်းခံရပါတယ်။ ရုရှားစုံထောက်တွေ သူ့နောက်လိုက်တယ်လို့ ထင်နေတာပါ။
သူ အဖမ်းခံရာက နိုးလာတော့ ဆေးရုံပေါ်ကို ရောက်နေပါပြီ။ အဲဒီတော့မှာပဲ ဇာတ်လမ်းက စပါတော့တယ်။ တကယ်တော့ ချားစ်ရယ်၊ မာစီရယ်၊ ၀ီလီယံ ရယ်ဆိုတာ ပြင်ပမှာ တကယ်ရှိနေတဲ့သူတွေ မဟုတ်ပါဘူး။ သူ့ စိတ်ကူးထဲမှာသာ ဖန်တီးထားတဲ့ ဇတ်ကောင်တွေ ဖြစ်ကြောင်း ရုပ်ရှင်ကြည့်သူများ သိလိုက်ရပါပြီ ။ သူရဲ့ စိတ်ကယောင်ချောက်ချား ကစဥ့်ကလျား ရောဂါအရ သူဖန်တီးထားတဲ့ ဇတ်ကောင်တွေပါ။ ဒါပေမယ့် ဒါကို သူဘယ်လိုမှ လက်မခံနိုင်ပါဘူး။ သူ့ဇနီးက အထောက်အထားနဲ့ ပြတော့မှပဲ သူ အင်တင်တင်နဲ့ လက်ခံလိုက်ပြီး ဆေးရုံက ပြန်ဆင်းလာပါတယ်။ ဆေးတွေတော့ ပုံမှန်သောက်နေရတုန်းပါပဲ။ ဒါပေမယ့် သူသောက်နေတဲ့ ဆေးတွေက သူတို့ရဲ့ အိမ်ထောင်ရေး သုခကို ဖြည့်စွမ်းမပေးနိုင်ပါဘူး။
အဲဒီမှာပဲ ဇနီးကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကို ကျနော်တို့ ကြက်သီးမွေးညှင်း ထလောက်အောင် တွေ့လိုက်ရပါတယ်။ အိမ်ထောင်ရေး ရဲ့ သုခ မရရှိပေမယ့်လည်း ခင်ပွန်းအပေါ် သစ္စာ စောင့်သိသော၊ အနွံတာခံသော အမျိုးသမီးတစ်ယောက်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်ရမှာပါ။ ပြီးတော့ အဲ့ အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း နာနာကျင်ကျင် ခံစားရမှာပါ။ အဲတော့ သူ သူမိန်းမ မသိအောင် ဆေးတွေကို မသောက်ဘဲ ထားရာကနေ သူ့ရောဂါပြန်ပြီး ပြင်းထန်လာပါတယ်။ နောက်ဆုံး သူ့မိန်းမနဲ့ ကလေးကိုတောင် အန္တရာယ် ကျလောက်တဲ့အထိ သူ စိတ်ဖောက်ပြားပါပြီ။ သူ့မိန်းမလည်း ထွက်ပြေးပါပြီ။ ဒါပေမယ့် ဥာဏ်ပညာမြင့်မားတဲ့ သူတွေက အမှားကို အမှားမှန်း သိဖို့လွယ်ပါတယ်။ ပြင်နိုင်တာ မပြင်နိုင်တာ အသာထားပါ။ အဲ့မှာပဲ သူ့မိန်းမက ကလေးကို ချီပြီး ထွက်ပြေးဖို့လုပ်တော့ ကားရှေ့ကနေ သူပိတ်ရပ်ပြီး တားပါတယ်။
အဲ့မှာ ရုပ်ရှင် ပညာ တကယ်လာပါတယ်။ သူ့မိန်းမကို တားတဲ့နေရာမှာ သူ စကားအများကြီး မပြောပါဘူး။ တစ်ခွန်းပဲ ပြောပါတယ်။ ချားစ်ရဲ့ တူမလေး မာစီအကြောင်းပါ။ သူပြောတာက “မာစီက အစစ်မဟုတ်နိုင်ဘူး။ သူ တစ်ခါမှ အသက်ကြီးမလာဘူး။ တဲ့” ဒါလေးပါပဲ။ သူ့မိန်းမကလည်း အဲ့တစ်ခွန်းတည်းနဲ့ပဲ သူနဲ့ ပြန်နေဖို့ ရွေးချယ်လိုက်ပါတယ်။ သွားပါပြီ။ သူ့ရောဂါကလည်း အဆိုးဆုံးဖြစ်သွားပါပြီ။ ဒီလူသုံးယောက်ဟာ အစစ်မဟုတ်မှန်းလည်း သိရဲ့သားနဲ့ သူ့ပတ်ဝန်းကျင်မှာ အမြဲပေါ်နေပါပြီ။
ဇတ်လမ်းရဲ့ နာမည် ဖြစ်တဲ့ လှသောစိတ် ဆိုတာ ဒီနေရာမှာမှ တကယ်မှန်လာတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ဘ၀တွေမှာလည်း အစစ်အမှန် မဟုတ်တဲ့ ထင်ယောက်ထင်မှားဖြစ်မှုတွေ၊ ကိုယ်က မဟုတ်ရင်တောင် အများက လုပ်တဲ့ အတုအယောင်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အဲ့ အရာတွေကို မသိကျိုးကျွံ ပြုလို့ မရပါဘူး။ အစစ်အမှန် မဟုတ်ပေမယ့်လည်း ငြင်းပယ်မရလို့ လက်ခံထားရတာတွေ အများကြီးရှိပါတယ်။ တကယ့်နည်းမှန် လမ်းမှန် ဆိုတာ အတုအယောင်တွေကို ပယ်ချဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ အတုအယောင်ဆိုတာကို အတုအယောင်မှန်း သိအောင် ၊ ထင်ယောင်ထင်မှားဖြစ်မှုတွေကို ထင်ယောက်ထင်မှားဖြစ်မှုတွေ မှန်း တကယ့်ကို အတွင်းကျကျ သိရှိနား လည်ဖို့သာ အဓိကပါ။ အတုအယောင်တွေ အားလုံးကို အတင်းပယ်ချဖို့ ကြိုးစားနေရင်လည်း ကျနော်တို့ အောင်မြင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လူသားတွေဟာ တရားစကားနဲ့ ပြောရရင် အတုအယောင် လောကကြီး မှာသာ အသက်ရှင်နေရလို့ ဖြစ်ပါတယ်။ အဲတော့ မွေးရာကနေ သေဆုံးတဲ့ အထိ အတုအယောင်တွေကိုသာ အမြဲ တွေ့နေရဦးမှာပါ။
ဒီကားလေးမှာလည်း ဂျွန်ဟာ ထိုသုံးယောက်ကို သူ့ကမ္ဘာထဲက ဆွဲမထုတ်နိုင်ခဲ့ပါဘူး။ သူသေတဲ့အထိ အဲ့သုံးယောက် ရှိနေခဲ့ပါတယ်။ အပိုင်းလေးသာ ခွဲထားပြီး သူတို့လည်း သူတို့ဘာသာနေ ကိုယ်လည်း ကိုယ့်ဘာသာနေ ဆိုပြီး နေရာခွဲထားပြီး သူ အသက်ရှင်ခဲ့တာပါ။ ဒါ သူရဲ့ အလှပဆုံး စိတ်ဓါတ်ပါပဲ။ ဒီလို လုပ်နိုင်ဖို့ ကျနော်တို့ တော်တော်များများ မလွယ်ကူပါဘူး။ ဒါကို သူရအောင် လုပ်နိုင်ခဲ့ပါတယ်။ တကယ်လို့သာ သူ့ရောဂါကို ကုနိုင်ခဲ့ရင် ဒါဟာ သူရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ ဆေးပညာရဲ့ အောင်မြင်မှုပါ။ အခုတော့ သူ တကယ်အောင်မြင်ခဲ့တာပါ။ သူ အစစ်အမှန် ကမ္ဘာကြီးရော အတုအယောင်ကမ္ဘာကြီးကိုရော တစ်ချိန်တည်းမြင်နိုင်ခဲ့တဲ့ လူတစ်ယောက်ပါ။ သူဟာ လောကစာမေးပွဲကြီးမှာ တကယ့်ကို ထူးချွန်စွာ အောင်မြင်ခဲ့တာပါ။ နောက်ပိုင်းမှာ သူဟာ အများလက်ခံထားတဲ့ မူအရလည်း အောင်မြင်ခဲ့ပါတယ်။ သင်္ချာပညာရှင် အဖြစ်နဲ့လည်း နိုဘယ်ဆု ရရှိခဲ့ပါတယ်။ နိုဘယ်ဆု ရတဲ့ ပွဲမှာ သူပြောသွားတဲ့ မိန့်ခွန်းကတော့ ကျနော် တကယ်ကြိုက်ပါတယ်။ သူအခုလို အောင်မြင်လာတာ တကယ့်ပါရမီဖြည့်ဖက် ဇနီးတစ်ယောက် ရလိုက်လို့ပါတဲ့။ သူပြောသွားတာ ကျနော်ကြိုက်ပါတယ်။ ကျနော်တို့ဟာ တစ်ယောက်ထဲ မပြည့်စုံနိုင်ပါဘူး။ အဲတော့ အဖော်ရှာရပါတယ်။ အဖော်ရှာတဲ့ နေရာမှာလဲ ဂျွန်က လောဘကြီးခဲ့တဲ့အတွက် သူရဲ့ အတွင်းစိတ်တွေကို ဇတ်ကောင်တွေ အများကြီး ဖန်တီးလိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ နားလည်သွားပါတယ်။ တကယ့် အဖော်မွန်ကောင်းဆိုတာ ဘာလဲဆိုတာကိုပေါ့။ သူ တကယ့်အရှိတရားထဲမှာ အဖော်မွန်ကောင်းကို ရရှိခဲ့တယ် ဆိုတဲ့အကြောင်းပါ။ ဂျွန် ကတော့ အဲဒီနေရာမှာ ကံကောင်းခဲ့ပါတယ်။ အဲတော့ MC တို့လည်း ကံကောင်းကြပါစေဗျာ။
အောင်မြင်မှုဆိုလို့ ပြောရပါဦးမယ်။ ဂျွန်တို့လို နိုင်ငံခြား တက္ကသိုလ်တွေမှာ ဓလေ့တစ်ခုရှိပါတယ်။ ဌာနတစ်ခုမှာ အလုပ်လုပ်ပြီး ဘ၀တစ်လျောက်လုံး ပညာရေးအတွက် အကျိုးအများကြီး ပြုခဲ့ဖူးတဲ့ လူတွေကို ကျန်တဲ့ ဆရာတွေက သူတို့ အမြဲသုံးတဲ့ ဆောင်ထားတတ်တဲ့ ဘောလ်ပင်လေးတွေကို အဲ့ ဆရာကြီး ဖြစ်စေ၊ ဆရာမကြီးဖြစ်စေ ပင်စင်ယူခါနီးမှာ ကန်တင်းကို လာရင် ၀ိုင်းပြီး ပေးအပ်တတ်ကြပါတယ်။ ဒါဟာ သူတို့လောကမှာတော့ အမြင့်ဆုံး အောင်မြင်မှုပါပဲ။ ကျနော်တို့ ဆီမှာတော့ မရှိပါဘူး။ အမှန်ဆိုရင် ကျနော်တို့ ဆီမှာလည်း ထိုကဲ့သို့ ဂုဏ်ပြုမှုမျိုး ပြုပေးရမယ့် ဆရာ၊ ဆရာမတွေ အများကြီး ရှိပါတယ်။ များရာစု ကြီးက မကောင်းတာနဲ့ ကျန်တဲ့ ကောင်းတဲ့ ဆရာ၊ ဆရာမတွေပါ ဂုဏ်ကျက်သရေ ညှိုးမှိန်ရတာတော့ ကျနော် တော်တော် စိတ်မကောင်းပါဘူး။
ကျနော်တို့ ဌာနမှာလည်း ဆရာ တစ်ယောက်ရှိပါတယ်။ ပုသိမ်တက္ကသိုလ်မှာ ကျောင်းတတ်ဖူးတဲ့ လူမှန်သမျှ သူ့ လေ့ကျင့်ခန်းတွေ မှတ်စုတွေနဲ့ မကင်းပါဘူး။ တစ်ဌာနလုံးမှာ ရှိတဲ့ မှတ်စုတွေ လေ့ကျင့်ခန်းတွေ အားလုံးနီးပါးကို သူတစ်ယောက်ထဲ ရေးခဲ့တာပါ။ ဒါပေမယ့် အဲ့ဆရာ အခုထိ ဒေါက်တာဘွဲ့ လည်းမရပါဘူး။ သူကိုယ်တိုင်လည်း မလိုချင်တာ ပါတာပေါ့လေ။ ဘယ်သူကမှလည်း အထူးတလည် ဂုဏ်ပြုကျေးဇူးတင်တာမျိုး မရှိပါဘူး။ ထုံးစံကြီးမို့ ရိုးနေသလားတောင် ထင်ရပါတယ်။ ဒါတော်တော် ၀မ်းနည်းဖို့ ကောင်းပါတယ်။ ဒါမျိုး ဆရာ၊ဆရာမတွေ မြန်မာနိုင်ငံ အနှံအပြားမှာ အများကြီး ရှိနေဦးမှာပါ။ အဲ့ဆရာတွေကမှ တကယ့်ကို ဆရာကောင်းတွေပါ။ ဒေါက်တာဘွဲ့ တောင် တပ်ပေးစရာမလိုဘဲ ဂုဏ်သရေ ကြီးမြတ်သူတွေပါ။
ဒီနေရာမှာလည်း ကျနော် ဖရွိုက်တို့ ဘာတို့ ဖတ်ဖူးသလောက်နဲ့ ဂျွန် ဖန်တီးတဲ့ သုံးယောက်ကို ချဉ်းကပ်ကြည့်ပါမယ်။ ဒါ ကျနော့် အမြင်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ တကယ့် တကယ်မှာတော့ သူဟာ လူတိုင်း နီးပါး ဖြစ်ဖူးလေ့ရှိတဲ့ စိတ်အနုစားလေးတွေကို သူရဲ့ ပညာဥာဏ်နဲ့ စိတ်ကူးနိုင်စွမ်းအား နဲ့ ပေါင်းပြီး အကောင်အထည်ကြီး ပေါ်လာအောင် ဖန်တီးလိုက်တာပါ။ ချားစ် ကို သူ ဘာကြောင့် ဖန်တီးသလဲ ဆိုတာကတော့ ရှင်းပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖြစ်ဖူးကြမှာပါ။ စာတွေနဲ့ နပန်းလုံးနေရတဲ့ အချိန်မှာ အပြင်က သာမာန်လူတွေလို ပျော်ချင် ပါးချင်၊ ခေါင်းမပူဘဲ နေချင်ကြတာ သဘာဝပါ။ အဲတော့ သူဟာ လက်တွေ့မှာလည်း မလုပ်ရဲတော့ သူ ရဲ့ စိတ်ထွက်ပေါက်အဖြစ် သူ စိတ်ကို ဖြေလျော့ဖို့ ချားစ်ကို ဖန်တီးလိုက်တာပါ။ ကားထဲမှာ အဲ့အကြောင်းကို ပေါ်လွင်စေချင်တဲ့ နေရာ ၂ နေရာ ၃ နေရာလောက် ပြထားပါတယ်။ သူ စာတမ်းရေးလို့ မရတဲ့ အချိန်မှာ စာကြည့်စားပွဲကြီးကို လွှင့်ပစ်ခြင်း၊ သူစာတမ်း တင်လို့ အောင်မြင်တဲ့ အခါမှာ ချားစ်က အားပါးတရ အောင်ပွဲခံခြင်းတွေကို ကြည့်ရင် သိသာပါတယ်။ ဒါပေမယ့် ကောင်မလေး မာစီကို သူဖန်တီးတာတော့ ကျနော်သိပ်မရှင်းပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ သူ အဲ့အချိန်က အချစ်နဲ့ ထိတွေ့နေလို့ သူရဲ့ နူးညံ့နေတဲ့ စိတ်ကို အသက်သွင်းလိုက်တာ ဒါမှမဟုတ်ရင် တစ်လျောက်လုံး သူရှိခဲ့တဲ့ သူရဲ့ အားငယ်စိတ်တွေ၊ ပျော့ညံ့မှုတွေကို ဖောက်ထုတ်လိုက်တာလို့ ကျနော်မြင်ပါတယ်။ အဲ့နေရာမှာလည်း ဂျွန့်ကို ကျနော် ထပ်ကြိုက်ပါတယ်။ လူ တော်တော်များများဟာ သူတို့ရဲ့ အဲဒီလို စိတ်တွေကို အတင်းကြီး ဖုံးအုပ်ထားတတ်ကြပါတယ်။ ဒါ အန္တရာယ်ကြီးပါတယ်။ ဂျွန်လို ဖောက်ထွက်လိုက်တာမှ တော်ပါသေးတယ်။ အင်း ၀ီလီယံ ကို ဘာကြောင့်ဖန်တီး သလဲဆိုတာကတော့ ကျနော်တို့ ပညာရှုထောင့်ဘက်ကနေ ကြည့်ရင် ပိုရှင်းပါတယ်။ သူဟာ တကယ့်ဘ၀မှာ ပညာရေးရဲ့ ဆုံးခန်းတိုင်ပြီဆိုတဲ့ သဘောဖြစ်တဲ့ ဒေါက်တာဘွဲ့လည်းရပြီးပါပြီ။ အောင်လည်း အောင်မြင်ကျော်ကြားနေပါပြီ။ ၀င်ငွေလည်း ကောင်းနေပါပြီ။ ဒါပေမယ့် သူ့လို လူတော် တော်တော်များများကတော့ ဘ၀မှာ အဲဒီလို ဘာစိန်ခေါ်မှုမှ ရှိမနေတာကို မကြိုက်ပါဘူး။ အဲတော့ ပြင်ပက စိန်ခေါ်မှု မလာတဲ့ အခါမှာ သူစိတ်ထဲကနေပဲ သူကိုယ်တိုင် စိန်ခေါ်မှု တစ်ခု၊စိတ်လှုပ်ရှားဖွယ်ရာ တစ်ခုကို ဖန်တီးလိုက်တာပါ။ နိုင်ငံခြားမှာပဲ ဖြစ်ဖြစ် ကျနော်တို့ မြန်မာပြည်မှာပဲ ဖြစ်ဖြစ် ဒေါက်တာဘွဲ့ရပြီးသွားပြီ ဆိုရင် တော်တော်များများက သင်ယူမှု လေ့လာမှုတွေကို အဆုံးသတ်လိုက်တာ များပါတယ်။ နောက်ထပ် ဘာကိုမှ စိတ်စူးစိုက် ပြင်းပခြင်း ရှိမနေတော့ပါဘူး။ အဲဒါမျိုး ဂျွန့်မှာ လုံးဝ မရှိပါဘူး။ သူဟာ ဒေါက်တာ ဖြစ်ကြောင်းကိုတောင် သူ့သူငယ်ချင်းတွေက ပြန်သတိပေးနေရတဲ့ အထိ သူရဲ့ ပညာအပေါ် လိုလားတပ်မက်မှုက လျော့ကျမသွားပါဘူး။
အစမှာ ကျနော် ပြောခဲ့တဲ့ အတိုင်း သူရဲ့ ပညာအပေါ် ရူးသွပ်မှုက လျော့ကျမသွားပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ ဂျွန်နက်ရှ်ဟာ သင်္ချာပညာရှင်တိုင်း မသိမဖြစ်တဲ့ လူတစ်ယောက် ဖြစ်နေတာပါပဲ။ ဒီကားလေးဟာ တကယ့် အဖြစ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ဒါပေမယ့် အဖြစ်မှန်နဲ့ အနည်းငယ်ကွာတယ်လို့လဲ ပြောကြပါတယ်။ နောက်ပြီး ကမ္ဘာမှာ တကယ့်ကို နာမည်ကြီးခဲ့တဲ့ လူတွေကလည်း အဲလိုမျိုး စိတ်ရောဂါ ဖြစ်ဖူးတာတွေ တော်တော်များများ တွေ့ဖူးပါတယ်။ ပြဇတ်ရေးဆရာကြီး ဘားနတ်ရှောလဲ ဖြစ်ဖူးတယ်တဲ့။ ကျနော်သိတာကတော့ ကမ္ဘာကျော် ၀တ္ထုတို ဆရာကြီး အိုဟင်နရီ လည်း ဂျွန် လိုပါပဲတဲ့။ တစ်ချိန်လုံး သူ့နောက်ကို FBI တွေ လိုက်နေတယ်လို့ ထင်နေတယ်တဲ့။ စကားစပ်မိလို့ ကျော်ကြားတဲ့သူတွေ ရဲ့ လှပသော ရူးသွပ်မှုတွေ အကြောင်းပြောကြည့်တာပါ။
သေချာတာကတော့ ကျနော်ပြောချင်တာက ပညာတစ်ခုကို တကယ့်ကို ကျွမ်းကျင် တတ်မြောက်ချင်ရင် ရူးသွပ်မှ ရတာပါလို့။ အင်္ဂလိပ် စကားပြောတတ်ချင်ရင်တောင် အရူးလို တစ်ယောက်တည်း လေ့ကျင့်သင့်ရင် ကျင့်ရပါမယ်။ နောက်ပြီး ပညာတကယ်လိုလားတဲ့သူတွေဟာ ပညာကြောင့်ရလာတဲ့ အောင်မြင်မှုကို လည်း မမက်မောပါဘူး။ အခုတော့ ဒေါက်တာတော်တော်များများက နာမည်ရှေ့မှာ ဒေါက်တာလေး မတပ်ရင်တောင် စိတ်ဆိုးကြတာ တွေ့ရပါတယ်။ အကြီးအကျယ်ပဲ သူ့ကို စော်ကားနေသလိုလို ဘာလိုလိုပေါ့။ ဒီကားလေးထဲမှာတော့ ဂျွန်နက်ရှ် ဟာ သူ့ဆရာ တစ်ယောက်က အောင်မြင်မှုလို့ ပြောတာကိုတောင် အသိအမှတ်ပြုမှု လို့ပဲ မြင်တဲ့ အထိပါပဲ။ အဲတော့ ကျနော်တို့လည်း အောင်မြင်မှုကို နောက်ထပ်ဆက်လေ့လာဖို့ အသိအမှတ်ပြုပေးတယ်လို့ ၊နောက်ထပ် အလုပ်တွေ ဆက်လုပ်ဖို့ တွန်းအားပေးတယ်လို့ပဲ မြင်စေချင်စမ်းပါတယ်။ ဒေါက်တာ ကိုကိုတို့ မမတို့ ကို တောင်းဆိုလိုက်တာပါ။
ဒီကားလေးဟာ စာရေးဆရာတော်တော်များများလည်း ပြောဖူးတဲ့ ကားလေးပါ။ သရုပ်ဆောင်တွေ အကုန်လုံးဟာ လည်း အပြင်က တကယ့်လူတွေလားလို့ ထင်ရလောက်အောင် အရမ်းကောင်းပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဒီကားလေး ကောင်းကြောင်းကို ခုလောက်လေး ရေးရုံနဲ့ အကုန်ပေါ်လွင်အောင် မရေးနိုင်ပါဘူး။ အဲတော့ ကိုယ့်ဘာသာပဲ မကြည့်ဖူးသေးဘူးဆိုရင် ကြည့်လိုက်ကြပါ။ ကျနော့်ထက် ပိုကောင်းတဲ့ အတွေးတွေ အများကြီး ထွက်လာကြမှာပါ။ ကျနော် ယုံကြည်ပါတယ်။ အဲတော့ ကျနော် အချုပ်ပြောချင်တာလေးကတော့ ဘုရားဟောအတိုင်းဆိုရင် လူတွေအားလုံးဟာ အရုးတွေပါပဲ။ အဲတော့ အရူးတွေကြားမှာ ပညာအပေါ်ရူးသွပ်တာက ကောင်းပါတယ်။ ဂုဏ်လည်းရှိပါတယ်။ ပညာအပေါ် ရူးသွပ်ခြင်းကပဲ အလှပဆုံး အမွန်မြတ်ဆုံး အသန့်စင်ဆုံး တန်ဖိုးအရှိဆုံး ရူးသွပ်မှုလို့ ပြောကြားရင်း ကျနော့်ရဲ့ ရူးသွပ်ခြင်းကို အဆုံးသတ်လိုက်ပါရစေ ဗျာ။


ရှိန်ဝါ

1 comment:

  1. Great review!
    I've been watched that movie, and now, with your review,it's perfect!
    Thank you.

    ReplyDelete