ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, May 22, 2016

အခန်းထဲက ယင်ကောင်

တဆောင်လုံးတိတ်ဆိတ်နေတဲ့ နေ့လည်ခင်း
အခန်းတံခါးတွေအကုန်ပိတ်ပြီး
ငါ အိပ်ဖို့ကြိုးစားတယ်
ငါ အိပ်ရေးပျက်တာတွေများနေပြီ
အခု အရမ်းလည်း အိပ်ချင်နေပြီ
လှဲချဖို့ ခေါင်းအုံးကို သပ်လိုက်တော့
ယင်ကောင်တကောင်ထပျံသွားတယ်
သာမန်ပဲ ငါ လက်ကိုဝှေ့ယမ်းလိုက်တယ်
အခန်းထဲ တဝီဝီအသံဟာ ပိုကျယ်လာတယ်
သူက တခန်းလုံးလှည့်ပတ် ပျံနေတယ်
အပျော်ပေါ့ ဘေးနားကအလွယ်တကူတွေ့ရတဲ့ သားရေကွင်းနဲ့
ငါဆွဲပစ်လိုက်တယ်
ထိထိ မထိထိ ငါ အိပ်ရာပေါ်လှဲချပြီး
မျက်လုံးမှိတ်လိုက်တယ်
မျက်လုံးမှိတ်လိုက်ခါမှ ပိုဆိုးလာတယ်
အဲဒီ ယင်ကောင်ရဲ့တဝီဝီအသံက တော်တော်အနှောင့်အယှက်ဖြစ်လာတယ်
ကိုယ်လုံးတွေပါ ယားယံပြီး မရိုးမရွ ဖြစ်လာတယ်
ငါအိပ်လို့မရတော့ဘူး
အဲဒီယင်ကောင်ကိုလိုက်ရှာတယ်
တွေ့ပြီ လုံးလုံးမဲမဲကြီး
တခန်းလုံး ဝီညောင်ဝီညောင်လျောက်ပျံနေတုန်းပဲ
ငါ ကြိုးစားအိပ်ကြည့်တယ်၊ မရဘူး
ငါ စဉ်းစားကြည့်တယ်
ဘာ့ကြောင့် ခြင်တွေမရှိဘဲ ယင်ကောင်တကောင်တည်း
ငါ့အခန်းထဲလာပြီး သောင်းကျန်းနေတာလဲ
ဘယ်အညှီရှိလို့များလဲ
ငါ့အကျင့်အတိုင်း စားပွဲခုံအောက်မှာ နှပ်ချီးများကပ်သုတ်ခဲ့မိလို့လား
အဲဒါတွေကြောင့်လား
သေချာတာကတော့ အဲဒီမသာယင်ကောင်ကြောင့်
ငါအိပ်မရတာ
ဒီယင်ကို ငါသတ်မှဖြစ်မှာ
အရင်ဆုံး ခြင်ဆေးဗူးလိုက်ရှာရတယ်
ခြင်ဆေးဗူးကိုလည်း မနည်းရှာလိုက်ရတယ်
ခြင်ဆေးဗူးရတော့ သူ့ကို လိုက်ရှာပြီးဖျန်းတယ်
တခန်းလုံး ခြင်ဆေးတွေ ပျံ့ကုန်တယ်
နှာတောင်ချေလိုက်ရတယ်
မွှန်ထွန်နေတာပဲ
သူ့ကိုတော့ မထိဘူးထင်တယ်
ဒါမှမဟုတ် ခြင်ဆေးကိုများ မဖြုံတာလား
သူ ပျံကောင်းတုန်းပဲ
ငါ့ခေါင်းပေါ်ကတောင် ဖြတ်ပျံတယ်
ငါ လှစ်ကနဲ ခြင်ဆေးနဲ့ထပ်ဖျန်းတယ်
ခြင်ဆေးငွေ့ရည်တွေက ပြန်ကျလာလို့
ငါ့ပါးစပ်ကိုလက်ဝါးနဲ့အုပ်
မျက်လုံးကိုတောင် အတင်းမှိတ်ထားလိုက်ရသေး
ထားလိုက်တော့မယ်ဆိုပြီး ငါပြန်အိပ်ဖို့ ကြိုးစားတယ်
ခြင်ထောင်ချထားရင်လည်း ဒီယင်ဝီသံကို ကြားရမှာပဲ
ထူးမှာမဟုတ်ဘူး၊ ပူတာပဲအဖတ်တင်မယ်
အိပ်ရေးပျက်တာတွေ များနေပါတယ်ဆိုမှ
ဘာမဟုတ်တဲ့ ယင်ကောင်တကောင်ကြောင့် အနှောင့်အယှက်ဖြစ်ရတယ်
ငါ့အဖို့က အိပ်မှဖြစ်မှ
ငါ့မှာ လုပ်စရာတွေလည်း အများကြီးကျန်သေးတယ်
အခုလို အားအားလပ်လပ်လည်း ရှိခဲတယ်
အခုအချိန်မှ ငါမအိပ်ရရင် မဖြစ်ဘူး
မရဘူး တော်တော်အသဲယားစရာကောင်းတဲ့အသံ
ငါ့မျက်နှာနားဝဲလာလို့ စောင်နဲ့လှမ်းရိုက်တယ်
စောင်က လေးနေတော့ လိုရာမရောက်ဘူး
တွေ့မယ်၊ ငါ အသာလေး သူ့ကိုချောင်းတယ်
ယင်ကောင်က ခြင်ထက် ရိုက်ဖို့ခက်တာ ငါသိတယ်လေ
ဘေးနားက နံရံမှာ သူက မိန့်မိန့်ကြီး
ငါ လက်ဝါးနဲ့ အားကုန်ရိုက်လိုက်တယ်
နံရံနဲ့ ငါ့လက်ထိသံဟာ ဗြောင်းကနဲအကျယ်ကြီး
ငါ့လက်သန်းလက်သည်းခွံဘေးက သွေးစလေးစိမ့်ထွက်လာတယ်
သူက ပျံကောင်းတုန်းပဲ
ငါ့အနာကို ဆေးထည့်မှဖြစ်မှာ
ဆေးဗူးကလည်း ထုံးစံအတိုင်း ချက်ချင်းရှာမရပြန်ဘူး
ဆေးဗူးရတော့ ငါ ချက်ချင်းဆေးထည့်တယ်
နာလို့လား ဒေါသထွက်လို့လား မသိဘူး
ငါ့လက်တွေ တအားတုန်နေတယ်
ဆေးတောင် မနည်းကြိုးစားထည့်လိုက်ရ
အဲဒီစောက်တဝီဝီအသံက ဟားတိုက်နေသလိုပဲ
ငါ အိပ်မရတော့တာ သေချာပြီ
ဒီငနဲကို ဘယ်လိုလုပ်ရပါ့
တံခါးတွေအကုန်ဖွင့်လိုက်ရင်ရော သူထွက်သွားလေမလား
သူထွက်သွားရင်ရော
နောက်ယင်ကောင်တကောင်ရောက်မလာနိုင်ဘူးလား
သူ့ထက်ဆိုးချင်တောင် ဆိုးမှာပေါ့
နောက်ကျ နေ့ခင်းဖက်တွေ ငါအိပ်လို့တောင်ရပါတော့မလား
နောက်ရောက်လာတဲ့ ယင်ကောင်ကို ငါက အသစ်လို့ထင်နေပေမယ့်
အဲဒီအကောင်ကြီးလည်း ဖြစ်ရင်ဖြစ်နေမှာ
အသစ်ဆိုလည်း ဘာထူးလဲ
ယင်ကောင်ပါဆိုမှ အတူတူပဲနေမှာပေါ့
အခု ဒီကဗျာကို ငါရေးနေရင်းတောင်
တဝီဝီအသံကို ကြားနေရသလိုပဲ
အဲဒီနေ့ကတော့ တော်တော်ဆိုးခဲ့တယ်
နောက်ဆုံးကျ
အဲဒီယင်ကောင်စုတ်က ပြတင်းပေါက်မှန်ဘောင်မှာ ကပ်နေတယ်
ငါ သေသေချာချာစိုက်ကြည့်လိုက်တော့
တော်တော်ရွံ့စရာကောင်းတဲ့အကောင်ကြီး
ပြတင်းတံခါးကို ငါဗြုန်းကနဲ တွန်းဖွင့်လိုက်ရင်
သူ အပြင်ကို လန့်ပျံသွားမလားပဲ
ဒါပေမယ့် ပြတင်းပေါက်ကို ဆွဲဖွင့်ရမယ့်အစား
အခန်းတံခါးကိုသာ ငါဆွဲဖွင့်လိုက်တယ်
ပြီး အခန်းတံခါးကို ဆွဲပိတ်
အခန်းအပြင်ဖက်ကို ငါထွက်လာလိုက်တယ်။

ရှိန်ဝါ
၇ မတ်လ ၂၀၁၆

No comments:

Post a Comment