ကျွန်တော်တို့အများစုဟာ
ကိုယ့်ဖြစ်တည်မှုကနေ ကိုယ်တိုင်လွတ်မြောက်ဖို့ အမြဲကြိုးစားနေကြတာပါ။ အနုပညာဆိုတာကတော့
အဲဒီလိုလွတ်မြောက်အောင်ကြိုးစားတဲ့နေရာမှာ အများရဲ့လေးစားမှုကိုလည်းရရှိနိုင်တဲ့ လွယ်ကူတဲ့
နည်းလမ်းတလမ်းပေါ့။ အနုပညာဟာ လူအများစုရဲ့ဘဝတွေမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။
ကိုယ့်အတ္တကိုကိုယ်မေ့လျော့ချင်တဲ့ စိတ်ဆန္ဒတွေနဲ့ပဲ
တချို့တွေက အနုပညာအဖြစ်ပြောင်းလဲကတယ်။ တချို့တွေကတော့ အရက်ကိုရွေးချယ်ကြတယ်။ တချို့တွေကတော့
ထူးခြားဆန်းကြယ် စိတ်လှုပ်ရွားဖွယ်ရာ ဘာသာရေးလမ်းကြောင်းတွေနောက်ကို လိုက်ကြတယ်။
သိစိတ်ကရော
မသိစိတ်ကပါ ကျွန်တော်တို့ဟာ ကိုယ့်အတ္တဖြစ်တည်မှုကနေ လွတ်မြောက်ဖို့ တခုခုကို သုံးစွဲတတ်ကြတယ်။
နောက်ပိုင်း အဲဒီသုံးစွဲလိုက်တဲ့အရာကိုပဲ စွဲလမ်းသွားကြပြန်တယ်။ ကိုယ့်ရဲ့ပူပန်သောကတွေကို
ဖြေဖျောက်ရာနည်းလမ်းအဖြစ် လူတယောက်၊ ကဗျာတပုဒ် ဒါမှမဟုတ် ကိုယ်စိတ်ပါရာတခုခုကို မှီခိုနေရတယ်ဆိုရင်
ဒါဟာ ခဏတာသာယာမှုပါပဲ။ နောက်ပိုင်းမှာ ပိုဆိုးရွားတဲ့ ပဋိပက္ခတွေ အကျပ်အတည်းတွေကို ဖန်တီးတာပါပဲ။
တီထွင်ဖန်တီးမှုရှိတဲ့အခြေအနေဆိုတာ
ပဋိပက္ခတွေရှိတဲ့နေရာမှာ မရှိပါဘူး။ မှန်ကန်တဲ့ပညာရေးဟာ တဦးတယောက်ချင်းစီကို သူ့ကိုယ်ပိုင်ပြဿနာတွေကို
ရင်ဆိုင်ဖို့ ကူညီရမှာပါ။ ထွက်ပြေးတဲ့နည်းလမ်းတွေကို အရောင်တင်ပေးဖို့ မဟုတ်ပါဘူး။
ပဋိပက္ခတွေကို နားလည်ပြီး အဆုံးသတ်ပစ်နိုင်ဖို့ပဲ ကူညီပေးရမှာပါ။ အဲဒီလို အဆုံးသတ်ပစ်နိုင်မှသာ
တီထွင်ဖန်တီးနိုင်မှုဆိုတာ လာပါတယ်။ ဘဝနဲ့ ကင်းလွတ်နေတဲ့ အနုပညာဟာ ဘာအနှစ်သာရမှ မရှိပါဘူး။
အနုပညာကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကနေ ဖယ်ထားလိုက်ရင် ၊ ကျွန်တော်တို့ရဲ့ သာမာန်ဘဝနဲ့
အားထုတ်ဖန်တီးနေတဲ့ဘဝ နှစ်ခုကြားထဲမှာ ကွက်လပ်ကြီး ဖြစ်လာပါတယ်။ အဲလိုဖြစ်လာပြီဆိုရင်
အနုပညာဆိုတာ အစစ်အမှန်တရားဆိုတာကနေ ပြေးထွက်ဖို့ကြိုးစားနေတဲ့ အပေါ်ယံဖော်ထုတ်မှုတမျိုးမျှသာပါပဲ။
ကျွန်တော်တို့ရဲ့ဘဝဟာ ပေါင်းစည်းမှုရှိမှသာ၊
အနုပညာဆိုတာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အတွင်းကျကျပေါင်းစည်းဖော်ထုတ်မှုတခုဖြစ်လာမှသာ
အဲဒီကွက်လပ်ကြီးကို တံတားထိုးနိုင်မှာပါ။
စိတ်ဆိုတာ
ဟုတ်ယောင်ထင်မှုတွေကို ဖန်တီးနိုင်တဲ့ အစွမ်းရှိပါတယ်။ စိတ်ရဲ့သဘောသဘာဝတွေကို နားမလည်ဘူးဆိုရင်တော့
အနုပညာစေ့ဆော်မှုတခုကို ရှာဖွေတယ်ဆိုတာဟာ ကိုယ့်ကိုယ့်ကိုလိမ်လည်ခြင်းကို ဖိတ်ခေါ်လိုက်တာပါပဲ။
စေ့ဆော်မှုဆိုတာ ကျွန်တော်တို့ စိတ်ဖွင့်ထားမှ လာမယ့်အရာပါ။ ရယူဖို့ ကြိုးစားမနေမှသာ
ရမယ့်အရာပါ။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုနှိုးဆွပြီး စေ့ဆော်မှုရဖို့ ကြိုးစားနေတာဟာ
အာရုံမှောက်မှားမှုမျိုးစုံဆီကို ဦးတည်သွားစေတတ်ပါတယ်။
လူတယောက်ဟာ
သူ့ဖြစ်တည်မှုရဲ့ အနှစ်သာရကို မသိဘူးဆိုရင် သူ့ရဲ့လုပ်နိုင်စွမ်းတွေနဲ့ ပါရမီတွေဟာ သူ့ရဲ့အတ္တနဲ့
အတ္တရဲ့အလိုရမ္မက်တွေကိုသာ အလေးပေး အရေးကြီးနေတော့မှာပဲဖြစ်ပါတယ်။ ဒါဟာ တဦးချင်းစီကို
ကိုယ့်ကိုယ်ကိုဗဟိုပြုတဲ့စိတ်ကိုသာဖြစ်စေပါတယ်။ ခွဲခြားချင်စိတ်ကိုသာဖြစ်စေပါတယ်။ သူဟာ
သူ့ကိုယ်သူ ကွဲပြားနေတဲ့သူတယောက်၊ အထူးလူသားတယောက်လို့ ခံစားနေရပါတယ်။ ဒါတွေအားလုံးဟာ
ဆိုးကျိုးတွေကိုသာ ဖြစ်စေပါတယ်။ အဆုံးမသတ်နိုင်တဲ့ ကြိုးပမ်းရမှုတွေနဲ့ နာကျင်မှုတွေကိုသာ
ဖြစ်စေပါတယ်။ ကိုယ်ပိုင်အတ္တဆိုတာ ထင်ရာစိုင်းမှုအစုအဝေးတခုပါပဲ။ အခြားသူတွေကို ဆန့်ကျင်တတ်ပါတယ်။
အတ္တဆိုတာ အလိုရမ္မက်တွေရဲ့ စစ်မြေပြင်ပါပဲ။ “ငါပိုင်တဲ့အရာတွေ” နဲ့ “ငါမပိုင်တဲ့အရာတွေ”ကြား
အဆက်မပြတ်ရင်ဆိုင်တိုက်ဆိုင်နေတဲ့ ဗဟိုချက်ပါပဲ။ ကျွန်တော်တို့ဟာ ငါ၊ ငါ့ကို၊ ငါ့ဟာ
စသဖြင့် ကိုယ့်ကိုယ်ကိုသာ အရေးပေးနေမယ်ဆိုရင်တော့ ကျွန်တော်တို့အချင်းချင်းကြားမှာရော
ကမ္ဘာကြီးမှာပါ ပဋိပက္ခတွေ အမြဲတိုးပွားနေတော့မှာပါ။
စစ်မှန်တဲ့
အနုပညာရှင်တယောက်ဟာ အတ္တနဲ့ အတ္တရဲ့ ရည်မှန်းချက်၊
တကိုယ်ကောင်းဆန်မှုတွေကနေ ကင်းလွတ်နေပါတယ်။ ထူးကဲတဲ့ စွမ်းအားတခုရဖို့အတွက် အများကြိုက်ပုံစံတွေထဲမှာပဲ
ပိတ်မိနေမယ်ဆိုရင်တော့ ဒါဟာ ဘဝမှာ ခက်ခဲပင်ပန်းမှုတွေ၊ ပဋိပက္ခတွေကို ဖန်တီးတာပါပဲ။ ချီးကျူးဂုဏ်ပြုမှုတွေကို
နှလုံးသားထဲအထိ သယ်ဆောင်သွားရင် ဒါဟာ တကိုယ်ကောင်းအတ္တစိတ်ကို ကြီးထွားစေတာပါပဲ။ အသစ်တီထွင်ချင်စိတ်ကို
ဖျက်ဆီးလိုက်တာပါပဲ။ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုကိုးကွယ်ခြင်းဟာ ဥာဏ်ပညာကို အန္တရာယ်ဖြစ်စေပါတယ်။
သီးသန့်ဆန်ခြင်းကို
ရည်ရွယ်ထားတဲ့ ဘယ်လိုအရည်အသွေး တိမ်းညွှတ်မှု၊ အတ္တကိုသာဦးစားပေးတဲ့ ဘယ်လိုပုံစံမျိုးမဆိုဟာ
ဘယ်လောက်ပဲ နှိုးဆွမှုပေးနိုင်ပေးနိုင် ကိုယ့်ရဲ့အာရုံခံစားတင်ပြမှုကို ပျက်စီးစေပါတယ်။
စိတ်အာရုံထိုင်းမှိုင်းခြင်းကိုသာ ဆောင်ကျဉ်းပေးပါတယ်။ ပါရမီဆိုတာဟာ ပုဂ္ဂိုလ်ရေးဆန်လာတဲ့အခါ၊
ငါရေးတယ် ငါဖန်တီးတယ်ဆိုတဲ့ ငါ နဲ့ ငါ့ဟာဆိုတာကိုသာ အရေးပေးနေခဲ့ရင် အာရုံနိုးကြားသိစိတ်ဟာ
ပျင်းရိသွားတတ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ရဲ့ကိုယ်ပိုင်အတွေးတွေ ခံစားချက်တွေ၊ လူလူချင်းဆက်ဆံပုံတွေ၊
သဘာဝကို ဆက်ဆံပုံတွေကို သိမှသာ စိတ်ဟာ ပွင့်လင်း လွတ်လပ်လာတာပါ။ ကိုယ့်ကိုယ်ကိုသာ ကာကွယ်ချင်တဲ့
လိုအင်လောဘတွေနောက် မလိုက်တော့ပါဘူး။ အတ္တက တားဆီးပိတ်ပင်ခြင်းမပြုမှသာ လှပတဲ့အရာတွေကိုရော
အကျဉ်းတန်တဲ့အရာတွေကိုပါ အာရုံသက်ဝင်ကွန့်မြူးနိုင်မှာပါ။
အလှတရားကိုပဲဖြစ်ဖြစ်
အကျဉ်းတန်မှုကိုပဲဖြစ်ဖြစ် အာရုံခံစားနိုင်စွမ်းဟာ တွယ်ညှိမှုကနေ လာတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာကသာ
လာတာပါ။ ကိုယ့်အတ္တကို ကိုယ်ကိုယ်တိုင်ဖန်တီးနေတဲ့ ပဋိပက္ခတွေကြားမှာ မရှိပါဘူး။ ကျွန်တော်တို့ဟာ
စိတ်အတွင်းက ဆင်းရဲမွဲတေနေလို့သာ အပြင်လောကက ဓနဥစ္စာတွေ အာဏာတွေ ပိုင်ဆိုင်မှုတွေမှာ
ပါဝင်ကပ်ညှိကုန်တာပါ။ နှလုံးသားက ဗလာကျင်းနေတဲ့အခါမှာ အရာဝတ္ထုတွေကို စုဆောင်းတတ်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ တတ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကိုယ်လှတယ်လို့ထင်တဲ့
အရာတွေနဲ့ပဲ ဝန်းရံတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအရာဝတ္ထုတွေအပေါ်မှာသာ အရေးပေးလွန်း၊
တွယ်တာလွန်းနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ သောကတွေ ပျက်စီးခြင်းတွေအတွက် ကျွန်တော်တို့မှာသာ
တာဝန်ရှိတာပါ။
ရယူပိုင်ဆိုင်လိုတဲ့စိတ်ဟာ
အလှတရားကို မြတ်နိုးမှုမဟုတ်ပါဘူး။ ရယူပိုင်ဆိုင်ချင်တဲ့စိတ်ဆိုတာ လုံခြုံမှုကိုသာ တောင့်တစိတ်ပါ။
လုံခြုံချင်တာဟာ အာရုံနိုးကြားမှုပျောက်ခြင်းပါပဲ။ လုံခြုံချင်တဲ့ဆန္ဒဟာ အကြောက်တရားကိုသာ
ဖန်တီးပေးပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ်ကိုယ်တိုင်ပြန်ကာနေတဲ့ နံရံတွေကြားမှာ ပိတ်မိနေစေပါတယ်။
အဲဒီနံရံတွေဟာ အာရုံနိုးကြားမှုကို တားဆီးနေပါတယ်။ အရာဝတ္ထုတခုဟာ ဘယ်လောက်လှလှ ကျွန်တော်တို့စိတ်ကို
ကြာကြာမဆွဲဆောင်နိုင်ပါဘူး။ ကျွန်တော်တို့တွေဟာ ပျင်းရိတတ်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့
အဲဒီအရာဝတ္ထုမှာ အလှတရားဆိုတာ ရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီအလှတရားကို မြင်အောင်
မကြိုးစားကြလို့သာပါပဲ။ အဲဒီအလှတရားဟာ ကိုယ့်ရဲ့ ပျင်းရိဖွယ်ရာနေ့စဉ်ရပ်တည်မှုထဲ ဆွဲသွင်းစုပ်ယူခံလိုက်ရလို့ပါ။
ကျွန်တော်တို့တွေရဲ့
နှလုံးသားတွေဟာ နွမ်းနယ်နေကြပါတယ်။ ဘယ်လိုကြင်နာရမှန်း မေ့သွားကြပါပြီ။ ကြယ်လေးတွေ
သစ်ပင်လေးတွေ ရေပေါ်ကရောင်ပြန်ဟပ်မှုလေးတွေကို ဘယ်လိုကြည့်ရမယ်ဆိုတာ မေ့သွားကြပါပြီ။
အဲဒီအတွက်ကြောင့် အတွေ့အထိအာရုံတွေအတွက် ပန်းချီကားတွေ၊ ကျောက်မျက်ရတနာတွေ၊ စာအုပ်တွေနဲ့
အတောမသတ်နိုင်တဲ့ အပျော်အပါးတွေကို လိုအပ်လာပါတယ်။ တချိန်လုံး စိတ်လှုပ်ရှားဖွယ်ရာအသစ်တွေ၊
ခြောက်ခြားဖွယ်ရာအသစ်တွေကိုပဲ ရှာဖွေနေတတ်ပါတယ်။ ထာဝရတိုးပွားနေမယ့် အာရုံမျိုးစုံကိုသာ
မက်မောတမ်းတနေကြပါတယ်။ အနုပညာဆိုတာဟာ အဲဒီလို မက်မောမှု၊ စိတ်ကျေနပ်မှုပုံစံသာဖြစ်နေမယ်ဆိုရင်တော့
စိတ်နှလုံးဟာ ညှိုးချုံးနွမ်းလျလာမှာပါ။ ငါတို့ဟာ အထိအတွေ့အာရုံကိုသာ ရှာဖွေနေသမျှကာလပတ်လုံး
ကျွန်တော်တို့ လှတယ် ၊ အကျည်းတန်လို့ ပြောနေတဲ့ အရာတွေအားလုံးဟာ အလွန်အပေါ်ယံဆန်တဲ့
အနှစ်သာရပဲဖြစ်နေတော့မှာပါ။ ကျွန်တော်တို့ဟာ အဲဒီအရာတွေအားလုံးကို လတ်ဆတ်စွာ ချဉ်းကပ်နိုင်မှသာ
ထာဝရပျော်ရွှင်မှုဆိုတာ ရှိမှာပါ။ ကိုယ်ရဲ့ လိုအင်ဆန္ဒတွေနဲ့ ချည်နှောင်ထားနေရင်တော့ ဒါဟာ
မဖြစ်နိုင်တော့ပါဘူး။ အတွေ့အထိအာရုံနဲ့ ကျေနပ်ဖွယ်ရာတွေကို တောင့်တခြင်းဟာ အမြဲသစ်လွင်နေတဲ့
တွေ့ကြုံခံစားခြင်းကို တားဆီးပါတယ်။ အတွေ့အထိအာရုံခံစားခြင်းဆိုတာ
ဝယ်လို့ရပါတယ်။ အလှတရားကိုချစ်ခြင်းကတော့ ဝယ်လို့မရပါဘူး။
ကျွန်တော်တို့ဟာ
ကိုယ့်စိတ်နှလုံးက ဗလာကျင်းနေမှုကို သတိရှိရပါမယ်။ အတွေ့အထိအာရုံတွေနဲ့ နှိုးဆွခြင်းဆီကိုသာ
ထွက်ပြေးနေခြင်း မရှိရပါဘူး။ စိတ်နှလုံးကို အပြည့်အစုံဖွင့်လှစ်ထားတဲ့အခါမှသာ တကယ်အာရုံခံစားမှုမြင့်မားလာမှာပါ။
အဲဒီတော့မှ တီထွင်ဖန်တီးနိုင်စွမ်းလည်း ရှိလာမှာပါ။ အဲဒီအခါမှသာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့
ပျော်ရွှင်မှုကို ရရှိမှာပါ။ အတွင်းအဇတကို နားမလည်ဘဲ ပြင်ပဗဟိဒကိုသာ ပျိုးထောင်နေခြင်းဟာ
လူသားတွေအတွက် ပျက်စီးမှုနဲ့ သောကတွေဆီကိုသာ ဦးတည်စေတဲ့ တန်ဖိုးတွေကို မလွဲမသွေတည်ဆောက်နေတာပါပဲ။
နည်းနိဿယတခုကို
သင်ယူခြင်းဟာ အလုပ်တခုတော့ ရကောင်းရစေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကို တီထွင်ဖန်တီးနိုင်လာအောင်တော့
မလုပ်ပေးနိုင်ပါဘူး။ ပျော်ရွင်မှုရှိမှသာ တီထွင်ဖန်တီးနိုင်စွမ်းတဲ့မီးတောက်လေးရှိမှာပါ။
အဲဒီမီးတောက်လေးဟာ သူ့ကိုသူ ဖွင့်ထုတ်ပြဖို့အတွက် သူ့လမ်းသူရှာပါလိမ့်မယ်။ စနစ်တခုကို
သင်စရာမလိုပါဘူး။ ကဗျာတပုဒ်ရေးချင်လာတဲ့အခါ ရေးချလိုက်ပါ။ နည်းစနစ်ဆိုတာရှိရင်တော့
အများကြီးပိုကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကဘာမှပြောစရာမရှိဘူးဆိုရင် ပြောကြားဖို့ကြိုးစားတဲ့နည်းလမ်းဟာ
စိတ်ဖိစီးမှုပဲ ဖြစ်တော့တာပဲ မဟုတ်ပါလား။ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာရှိနေရင် စကားလုံးတွေစီဖို့နည်းလမ်းကို
ရှာနေစရာမလိုတော့ပါဘူး။
ကြီးကျယ်တဲ့အနုပညာရှင်တွေ
စာရေးဆရာတွေဟာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့
မဟုတ်ပါဘူး။ ကြည့်ရှုခံစားသူတွေလောက်ပါပဲ။ စာအုပ်တွေအများကြီးဖတ်တယ်။ ကောင်းပေ့ညွှန့်ပေ့ဂီတတွေနားထောင်တယ်။
ပန်းချီလက်ရာတွေကို ကြည့်တယ်။ ဒါပေမယ့် တကယ့်ထူးကဲတဲ့အာရုံကိုတော့ ဘယ်တော့မှ တိုက်ရိုက်မထိတွေ့နိုင်ပါဘူး။
ကျွန်တော်တို့ရဲ့ တွေ့ကြုံခံစားမှုဟာ ကဗျာတပုဒ်၊ ပန်းချီတချပ်၊ သူတော်စင်တပါးဆီကပဲ လာလေ့ရှိပါတယ်။
သီချင်းဆိုဖို့ဆိုရင် နှလုံးသားထဲမှာ သီချင်းတပုဒ်ရှိရပါမယ်။ ကျွန်တော်တို့ဟာ ကိုယ့်သီချင်းကိုယ်ပျောက်နေကြတဲ့အတွက်
အဆိုတော်ကိုသာ လိုက်ရှာကြတာပါ။ ကြားကစေ့စပ်သူမရှိဘဲ ကျွန်တော်တို့ ပျောက်ဆုံးနေကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ တခုခုကို မရှာခင် အရင်ပျောက်ဆုံးနေရပါမယ်။ ရှာဖွေခြင်းဟာ
တီထွင်ဖန်တီးမှုရဲ့အစပါပဲ။ တီထွင်ဖန်တီးမှုမရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုပဲလုပ်လုပ်
ပျော်ရွှင်မှု ငြိမ်းချမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ
စနစ်တခု နည်းနာတခု ပုံစံတခုကို တတ်ပြီဆိုတာနဲ့ ပျော်ရွှင်စွာ တီထွင်ဖန်တီးစွာနဲ့ နေထိုင်နိုင်မယ်လို့
ထင်ကြပါတယ်။ ဒါပေမယ့် တီထွင်ဖန်တီးနိုင်တဲ့ပျော်ရွှင်မှုဆိုတာ အတွင်းအဇတကြွယ်ဝမှုမှာသာ
ရှိပါတယ်။ ဘယ်စနစ်နဲ့မှ ဖန်တီးယူလို့မရပါဘူး။ အတ္တတိုးမြင့်ခြင်းဟာ ငါ နဲ့ ငါ့ဟာဆိုတဲ့
လုံခြုံမှုတခုကို သေချာအောင်လုပ်နေတဲ့ နည်းလမ်းတလမ်းပါပဲ။ တီထွင်ဖန်တီးနိုင်တာ မဟုတ်ပါဘူး။
အလှတရားကိုချစ်မြတ်နိုးခြင်းမဟုတ်ပါဘူး။ တီထွင်ဖန်တီးနိုင်မှုဟာ စိတ်ရဲ့ပုံစံအမျိုးမျိးကို
အစဉ်သတိရှိနေမှသာ၊ အဲဒီစိတ်ကိုယ်တိုင်က ပြုလုပ်ထားတဲ့ အတားအဆီးတွေကို သတိကပ်ထားမှသာ
ပေါ်ပေါက်လာတဲ့အရာပါ။
တီထွင်ဖန်တီးနိုင်တဲ့လွတ်လပ်မှုဆိုတာ
ကိုယ့်ကိုယ်ပိုင်အသိဥာဏ်ကလာတာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ပိုင်အသိဥာဏ်ဟာ ပါရမီတခုမဟုတ်ပါဘူး။
ဘာအရည်အသွေးမှမရှိဘဲနဲ့လည်း လူတယောက်ဟာ ဖန်တီးနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်မှုဆိုတာ
ကိုယ့်စိတ်အတ္တရဲ့ ပဋိပက္ခတွေ၊ သောကတွေနဲ့ ကင်းလွတ်နေတဲ့ အခြေအနေတခုပါ။ စိတ်မှာ လိုအင်ဆန္ဒလောဘတွေရဲ့
ချုပ်နှောင်မှုမရှိတဲ့ အခြေအနေတခုပါ။
တီထွင်ဖန်တီးနိုင်တယ်ဆိုတာဟာ
ကဗျာတွေရေးရုံလောက်၊ ရုပ်ထုတွေထုရုံလောက်၊ ကလေးတွေမွေးရုံလောက် မဟုတ်ပါဘူး။ အမှန်တရားတည်ရှိလာနိုင်တဲ့
စိတ်အခြေအနေတခုပါ။ အမှန်တရားဆိုတာ အတွေးအကြံတွေ လုံးဝချုပ်ငြိမ်းမှသာ ရှိလာနိုင်ပါတယ်။
အတွေးဆိုတာမျိုးဟာလည်း အတ္တကင်းတဲ့ အချိန်မှသာ ချုပ်ငြိမ်းတာပါ။ စိတ်ဟာ တီထွင်ဖန်တီးနိုင်ဖို့
ရပ်တန့်ပစ်ရပါမယ်။ သူရဲ့လိုအင်ဆန္ဒတွေနောက်သာ လိုက်မနေရပါဘူး။ စိတ်ဆိုတာကလည်း တွန်းအားပေးခြင်း၊
လေ့ကျင့်သင်ကြားပေးခြင်းတွေမရှိမှသာ လုံးဝတည်ငြိမ်နိုင်တာပါ။ အတ္တဆိုတာ အသက်မဝင်ဘူးဆိုရင်
ဆိတ်ငြိမ်ခြင်းရှိပါပြီ။ အဲဒီအခါမှသာ တီထွင်ဖန်တီးမှု လာပါတော့တယ်။
ချစ်ခြင်းမေတ္တာအလှတရားဟာ
သီချင်းတပုဒ်၊ အပြုံးလေးတချက်မှာ ဒါမှမဟုတ် ဆိတ်ငြိမ်ခြင်းထဲမှာပဲ သူ့ကိုသူ ဖော်ပြနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့အများစုက ဆိတ်ငြိမ်လိုတဲ့ တိမ်းညွှတ်မှုမရှိပါဘူး။ ငှက်ကျေးသာရကာတွေ၊
ရွေ့နေတဲ့တိမ်တွေကို ကြည့်ဖို့ အချိန်မရှိကြပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်လောဘနဲ့ကိုယ်၊
ကိုယ့်သာယာမှုနဲ့ကိုယ်သာ အလုပ်ရှုပ်နေကြပါတယ်။ ကိုယ့်နှလုံးသားထဲမှာမှ အလှတရားမရှိဘူးဆိုရင်
ကလေးတွေကိုလည်း အာရုံခံစားမှုနိုးကြွလာအောင် မလုပ်ပေးနိုင်တော့ပါဘူး။ ကျွန်တော်တို့ဟာ
အကျည်းတန်တာတွေကို ရှောင်ရှားပြီး အလှကိုသာ အာရုံခံစားဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့်
အကျည်းတန်မှုတွေကို ရှောင်ရှားတာဟာ အာရုံထုံထိုင်းခြင်းဖြစ်စေပါတယ်။ ငယ်ရွယ်စဉ်ကတည်းက
အာရုံခံစားမှုနိုးကြွခြင်းကို ဖွံဖြိုးစေမှသာ အလှတရားကိုရော အကျဉ်းတန်မှုကိုပါ အာရုံသက်ဝင်ခံစားတတ်လာပါလိမ့်မယ်။
သုခတရားဟာ ကြည့်မြင်ခြင်းထဲမှာသာ ရှိတဲ့အတွက် အမြဲနိုးကြားနေစေဖို့ ရတဲ့အခွင့်အရေးတိုင်းကို
အသုံးချရပါမယ်။ လူတွေဖန်တီးထားတဲ့ အလှတရားကိုပဲ မကြည့်ရပါဘူး။ သဘာဝရဲ့အလှတရားကိုပါ
ကြည့်ရပါမယ်။
ရှိန်ဝါ
Art, Beauty and
Creation by Jiddu Khrishnamurti
No comments:
Post a Comment