ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Saturday, November 14, 2015

လိင်ကိစ္စကို ကျောင်းတွေမှာ ဘယ်လိုသင်မလဲ

တခြားလူမှုပြဿနာတွေလိုပဲ ကျွန်တော်တို့ရဲ့ရမ္မက်ဆန္ဒတွေနဲ့ လိင်တိမ်းညွှတ်မှုတွေဟာလည်း ခက်ခဲရှုပ်ထွေးတဲ့ အရာတစ်ခုပဲ။ ပညာပေးသူဆရာကိုယ်တိုင်က အဲဒီလိုလိင်ရမ္မက်တွေရဲ့ ရှုပ်ထွေးမှုတွေကို မမြင်ဘူး၊ မပြောပြနိုင်ဘူးဆိုရင် သူသင်နေတဲ့ ကျောင်းသားတွေကို ဘယ်လိုကူညီနိုင်တော့မှာလဲ။ မိဘတွေ ဆရာတွေ ကိုယ်၌က လိင်မှုကိစ္စအရှုပ်အထွေးတွေထဲမှာ ပိတ်မိနေရင် ကလေးကို ဘယ်လိုလုပ်လမ်းပြကြတော့မှာလဲ။ ဒီပြဿနာတစ်ခုလုံးရဲ့ အကြောင်းအရင်းကို သူတို့ကိုယ်တိုင်နားမလည်ဘူးဆိုရင် ကလေးတွေကို ဘယ်လိုကူညီကြတော့မှာလဲ။ ဆရာက လိင်မှုကိစ္စကိုနားလည်အောင်သင်ပေးမယ့်ပုံစံဟာ သူကိုယ်တိုင်ရဲ့ စိတ်အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ သူကိုယ်တိုင်က လိင်စိတ်နည်းပါနေသလား လိင်စိတ်ရဲ့လွှမ်းမိုးမှုကို ခံနေရသလားဆိုတဲ့ အပေါ်မှာ မူတည်နေတယ်။
ကျွန်တော်တို့အများစုအတွက် အရေးကြီးတဲ့အချင်းအရာတခုဖြစ်တဲ့ လိင်မှုကိစ္စဟာ ဘာကြောင့် ရှုပ်ထွေးမှုတွေ ၊ ပဋိပက္ခတွေ၊ ပြဿနာတွေနဲ့ ပြည့်နှက်နေရတာလဲ။ ဘာကြောင့် ကျွန်တော်တို့ရဲ့ဘဝတွေအပေါ် လွှမ်းမိုးတဲ့ အကြောင်းချင်းရာတခုဖြစ်လာရတာလဲ။ လိင်မှုကိစ္စကို ပွင့်ပွင့်လင်းလင်း အမြင်ကျယ်စွာကိုင်တွယ်တဲ့ နိုင်ငံတွေမှာတောင် လိင်မှုကိစ္စဟာ ပြဿနာကြီး တခုအဖြစ်ရှိနေသေးတယ်ဆိုရင် မပွင့်မလင်း မရရအောင် ဖုံးအုပ်ထားတဲ့ နိုင်ငံတွေမှာ လိင်ကိစ္စကြောင့်ဖြစ်တဲ့ ပြဿနာတွေဟာ အလွန်စိုးရိမ်စရာကောင်းလောက်အောင် ကြီးထွားနေပါတော့တယ်။ သတင်းတွေထဲမှာ မွေးကင်းစကလေးငယ်များကို ရက်စက်စွာစွန့်ပစ်ခြင်း၊ ဒါမှမဟုတ် မလိုလားတဲ့ကိုယ်ဝန်ကို ဖျက်ချခြင်းတို့ကြောင့် အမျိုးသမီးငယ်လေးများ သေဆုံးရခြင်း စတဲ့အရာတွေဟာလည်း လိင်မှုကိစ္စရဲ့ ပြဿနာတွေပါပဲ။  
အဓိကအချက်တွေအထဲက တချက်ကတော့ ကျွန်တော်တို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းမရှိလို့ပါ။ တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ လူတိုင်းဟာ စာပေ၊ အနုပညာ၊ သဘင်၊ ဂီတစတဲ့ အရာတွေကို ဖန်တီးနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သာမန်နေ့စဉ်လူမှုဘဝပုံစံခွက်ထဲက ရုန်းမထွက်နိုင်ကြတာပါ။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ဘောင်ထဲမှာသာ နေနေကြပါတယ်။ အဲဒီလို နေနေကြတဲ့အတွက်လည်း လူတိုင်းရဲ့စိတ်ထဲမှာ အလိုမပြည့်မှုတွေ၊ စိတ်မကြေလည်မှု အခုအခံတွေ နေ့စဉ်လိုလိုရှိလာကြပါတယ်။ အဲဒီမှာ လိင်မှုကိစ္စကို ထွက်ပေါက်အဖြစ် အသုံးပြုကြတော့ပါပဲ။ အဲဒီမှာပဲ စိတ်ရဲ့ အလိုဆန္ဒရမ္မက်ကို မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ချွန်းအုပ်ပြီး ထိန်းချုပ်တော့တာပါပဲ။ အဲဒီမှာပဲ ပြဿနာတွေ ပိုမိုကြီးထွားလာပါတယ်။ 
ကျွန်တော်တို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းမရှိကြပါဘူး။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ လူမှုရေးစံနှုန်းတွေ ၊ ကိုယ်ကျင့်တရားယဉ်ကျေးမှုဆိုတဲ့ အရာတွေကြောင့်ပါပဲ။ ပညာရေးနည်းစနစ်တွေကလည်း ပညာတတ်တွေများပြားဖွံ့ဖြိုးလာမှုအပေါ်ကိုပဲ ဦးစားပေးဆောင်ရွက်နေလို့ပါ။ လိင်ကိစ္စပြဿနာကို ဖြေရှင်းရမယ့် နည်းလမ်းကတော့ ပုံစံခွက်ထဲမှာပဲ အသားကျနေတဲ့ ပညာတတ်တွေရဲ့လုပ်ဆောင်ချက်တွေထဲမှာ တီထွင်ဖန်တီးနိုင်စွမ်းမရှိဘူးဆိုတာကို နားလည်ဖို့ပါပဲ။ တဖက်ကနေကြည့်မယ်ဆိုရင်လည်း လွတ်လပ်ပြီးအမြင်ကျယ်တဲ့ ပညာတတ်တွေတည်တံ့နေမှသာ တီထွင်ဖန်တီးမှုတွေရှိလာမှာပါ။
ပုံစံသေပညာတတ်တွေဟာ အချက်အလက်တွေကိုပဲ ပြန်လည်စုဆောင်းတတ်ပါတယ်။ ထပ်ကျော့သံသရာမှာသာ ချာချာလည်နေတတ်ပါတယ်။ စကားလုံးအသစ်တွေကို ပြုလုပ်နေသလိုလိုနဲ့ အဟောင်းတွေကို ထပ်ချည်းတလဲလဲနေရာပြန်ချနေကြတာပါ။ ကျွန်တော်တို့အများစုက ဦးနှောက်ကနေတဆင့်သာ ခံစား၊ တွေ့ကြုံဖူးကြတဲ့အတွက် စကားလုံးတွေနဲ့ ယန္တရားဆန်ဆန်ထပ်တလဲလဲပြုမူတွေမှာပဲ သီးသန့်နေထိုင်ပြီး ပိတ်မိနေတတ်ပါတယ်။ အဲဒါဟာ ဖန်တီးမှုမဟုတ်တာ သေချာပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးနိုင်စွမ်းမရှိတော့တဲ့အတွက် လိင်မှုကိစ္စကသာလျှင် တခုတည်းသောကျန်ရှိတဲ့ တီထွင်ဖန်တီးနိုင်ဖို့နည်းလမ်းဖြစ်လာပါတယ်။ လိင်မှုကိစ္စဆိုတာ စိတ်ကိစ္စပါ။ စိတ်ကိစ္စဖြစ်တဲ့အတွက်ကြောင့် စိတ်နဲ့ပဲဖြေရှင်းရပါမယ်။ ဒီလိုမှမဟုတ်ရင် အလိုမကျမှုတွေပဲ ဖြစ်လာမှာပါ။ လိင်မှုကိစ္စဆိုတာ ဇီဝကမ္မဖြစ်စဉ်တခုဖြစ်တယ်ဆိုသော်ငြားလည်း ဒါဟာ စိတ်နဲ့ပဲ အများစုပတ်သတ်နေတဲ့အရာပါ။ သဘာဝဆိုတာ မရှုပ်ထွေးပါဘူး။ သဘာဝကိုရှုပ်ထွေးအောင်လုပ်တာ ကျွန်တော်တို့လူသားတွေရဲ့စိတ်ပါပဲ။
ကျွန်တော်တို့ရဲ့အတွေးတွေ ၊ ဘဝတွေဟာ သဘာဝအရတော့ တောက်ပပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ခြောက်သွေ့နေရပါတယ်။ အနှစ်သာရမရှိတဲ့ အခွံချည်းပဲဖြစ်နေရပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အမြဲဆာလောင်နေတတ်ပါတယ်။ ဘာသာရေးအရရော ပညာရေးအရပါ ကျွန်တော်တို့ဟာ ထပ်တလဲလဲအပြုအမူတွေကိုသာ ပြုမူနေရပါတယ်။ ငြီးငွေ့နေရပါတယ်။ လူမှုရေးနဲ့ စီးပွားရေးအရလည်း လွှမ်းမိုးခံနေရပါတယ်။ ထိန်းချုပ်ခံနေရပါတယ်။ ကျွန်တော်တို့ဟာ ပျော်ရွှင်နေတဲ့လူသားတွေ မဟုတ်ကြပါဘူး။ အိမ်မှာရော၊ ကျောင်းမှာရော၊ အလုပ်မှာရော၊ ဘုရားကျောင်းမှာပါ ကျွန်တော်တို့ဟာ အသက်မဲ့နေကြပါတယ်။ ပျော်ရွှင်မှုကင်းမဲ့နေကြပါတယ်။ ဖန်တီးနိုင်စွမ်းမှုကို တခါမှတွေ့ကြုံမခံစားရပါဘူး။ နေ့စဉ်အပြုအမူ အတွေးအခေါ်တွေကနေ ရှင်းရှင်းလင်းလင်း မလွတ်ကင်းကြပါဘူး။
ဘက်ပေါင်းစုံကနေ ချုပ်ကိုင်ဖမ်းဆီးခံထားရတဲ့အတွက် လိင်မှုကိစ္စဟာ သဘာဝအရ ကျွန်တော်တို့ရဲ့ တခုတည်းသောထွက်ပေါက်ဖြစ်လာတော့တာပါပဲ။ ထပ်ခါထပ်ခါရှာဖွေလေ့ရှိတဲ့ အတွေ့အကြုံတခုဖြစ်လာတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ လိင်ကိစ္စဆိုတာဟာ ကိုယ့်ရဲ့ဖြစ်တည်မှုပျောက်ကွယ်နေတဲ့အချိန်မှာမှ ထွက်ပေါ်လာတဲ့ ပျော်ရွှင်မှုအခြေအနေတခုကို ခေတ္တခဏဖန်တီးပေးလို့ပါပဲ။ ပြဿနာကိုဖြစ်စေတာ လိင်ကိစ္စမဟုတ်ပါဘူး။ အဲဒီလိုပျော်ရွှင်မှုမျိုးကို ထပ်ခါထပ်ခါဖမ်းဆုပ်ချင်တဲ့ ဆန္ဒပါပဲ။ လိင်ကိစ္စအရသော်လည်းကောင်း အခြားနည်းလမ်းနဲ့သော်လည်းကောင်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဲဒီပျော်ရွင်မှုကို ရယူထိန်းသိမ်းထားချင်တဲ့ ဆန္ဒပါပဲ။
ကျွန်တော်တို့အမှန်တကယ်ရှာဖွေနေတဲ့အရာဟာ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ဖြစ်တည်နေခြင်းကိုမေ့လျော့နေချင်တဲ့ အရသာပြင်းပြင်းပါပဲ။ ကျွန်တော်တို့ဟာ ခဏငယ်လေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကိုယ့်ဘဝကိုယ် မေ့ထားချင်တတ်ကြပါတယ်။ ကိုယ့်ရဲ့အတ္တဖြစ်တည်ခြင်းဟာ သေးငယ်ပါတယ်။ သနားစရာကောင်းပါတယ်။ နာကျင်မှုရင်းမြစ်တခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ သိလျက်နဲ့ဖြစ်စေ မသိလိုက်မသိဘာသာနဲ့ဖြစ်စေ တဦးချင်းသော်လည်းကောင်း အစုလိုက်သော်လည်းကောင်း စိတ်လှုပ်ရှားမှုထဲမှာ  ဒါမှမဟုတ် မြင့်မားတဲ့အတွေးအခေါ်တွေထဲမှာ ဒါမှမဟုတ် အာရုံမှောက်မှားမှုတွေထဲမှာ မေ့လျော့ထားချင်နေတာပါပဲ။ လိင်ကိစ္စကိုစွဲလမ်းတာပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးကိုစွဲလမ်းတာပဲဖြစ်ဖြစ် ဒီသဘောတွေပါပဲ။
            ကျွန်တော်တို့ဟာ မိမိရဲ့ အတ္တမှ လွတ်မြောက်ချင်တဲ့အတွက်ကြောင့် လွတ်မြောက်ရာနည်းလမ်းတွေဟာ အရေးကြီးလာပါတယ်။ နောက်ပိုင်း အဲဒီနည်းလမ်းတွေဟာပဲ ကျွန်တော်တို့အတွက် ပြဿနာဖြစ်လာတော့တာပါ။ ကိုယ့်အဇတ္တအတွင်းမှ လွတ်မြောက်ခြင်းဖြစ်တဲ့ ဖန်တီးမှုရှိရှိနေထိုင်အသက်ရှင်နိုင်ခြင်းကို တားဆီးနေတဲ့ အတားအဆီးတွေ နားမလည် မစုံစမ်းဘူးဆိုရင်တော့ လိင်ကိစ္စရဲ့ ပြဿနာကို ကျွန်တော်တို့ ဘယ်တော့မှ နားလည်တော့မှာ မဟုတ်ပါဘူး။
ဖန်တီးမှုရှိရှိနေထိုင်အသက်ရှင်နိုင်ခြင်းကို တားဆီးနေတဲ့ အတားအဆီးတခုကတော့ အကြောက်တရားပါပဲ။ လေးစားမှုဟာ အကြောင်းတရားကို ပြဌာန်းပါတယ်။ ကျွန်တော်တို့ လေးစားနေတဲ့အရာတွေ၊ ကိုယ်ကျင့်သိက္ခာတရားစတဲ့အရာတွေနဲ့ ချည်နှောင်ခံထားရခြင်းဟာ ဘဝရဲ့ နက်နဲပြည့်ဝတဲ့အနှစ်သာရကို သိရှိအောင် မစွမ်းဆောင်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ်မှန်တယ်လို့ထင်ထားတဲ့ တံတိုင်းတွေကြားမှာသာ ပိတ်မိနေပြီး အဲဒီတံတိုင်းတွေကို ကျော်မမြင်နိုင်ကြပါဘူး။ စံပြအတွေးအခေါ်တွေနဲ့ ဘာသာရေးယုံကြည်မှုတွေအပေါ် အခြေခံထားတဲ့ အဲဒီလို မှုန်ဝါးတဲ့ ကိုယ်ကျင့်တရားတွေဟာ တကယ့်အစစ်အမှန်တရားအတွက်တော့ အလုပ်မဖြစ်ပါဘူး။ အဲဒီအကာအကွယ်တွေအောက်မှာသာ ပုန်းအောင်းနေမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဟုတ်ယောင်ထင်မှားမှုလောကကြီးမှာသာ နေထိုင်ကြတာပါပဲ။ ကိုယ့်ကိုယ်ကိုပြန်လည်ဆင်ခြင်ခြင်း မရှိတဲ့အတွက် အဲဒီ ကျွန်တော်တို့လေးစားနေတဲ့အရာတွေ ၊ လူတွေနည်းတူ ကျွန်တော်တို့ဟာလည်းပဲ ရှုပ်ထွေးမှုတွေ နှင့် ပဋိပက္ခတွေကြားမှာသာ ရောက်နေရတော့တာပါပဲ။ 
အကြောက်တရားဆိုတာ လုံခြုံချင်တဲ့ဆန္ဒရဲ့ ရလာဒ်ပါပဲ။ အဲဒီအကြောက်တရားက ကျွန်တော်တို့ကို ချုပ်ကိုင်ပါတယ်။ ပုံစံခွက်ထဲသွင်းပါတယ်။ အတုခိုးစေပါတယ်။ လွှမ်းမိုးမှုတွေကို ခံစေပါတယ်။ ဒါကြောင့် အဲဒီအကြောက်တရားဟာ တီထွင်ဖန်တီးနိုင်တဲ့နေထိုင်ခြင်းကို တားဆီးပါတယ်။ တီထွင်ဖန်တီးနိုင်ဖို့ဆိုရင်တော့ လွတ်လပ်မှုထဲမှာ နေမှသာရပါမယ်။ အကြောက်တရားမရှိရပါဘူး။ စိတ်ဟာ အလိုရမ္မက်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်းက ကင်းလွတ်နေတဲ့အခါမှသာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အခြေအနေတခုကို ဆိုက်ရောက်တာပါ။ ကိုယ့်စိတ်ကို သေသေချာချာ ဂရုတစိုက်စောင့်ကြည့်ပြီး အလိုဆန္ဒတွေရဲ့ မမြင်ရတဲ့စွမ်းအားတွေကို ဖော်ထုတ်ရပါမယ်။ ကျွန်တော်တို့ ပိုပြီးတွေးခေါ်တတ်၊ ပိုပြီး ချစ်ခြင်းမေတ္တာထားတတ်လေလေ၊ အလိုရမ္မက်တွေရဲ့ ထိန်းချုပ်မှုကနေ ကျွန်တော်တို့ရဲ့စိတ်တွေဟာ လွတ်ကင်းလာလေလေပါပဲ။ ချစ်ခြင်းမေတ္တာမပါဝင်တဲ့ အာရုံခံစားမှုဟာ အတွင်းလှိုက်စားတဲ့ ပြဿနာပါပဲ။
အဲဒီ အာရုံခံစားမှုပြဿနာကို နားလည်ဖို့ဆိုရင် သူ့ကိုအနီးကပ်ချဉ်းကပ်ပြီးလေ့လာဖို့ကလွဲလို့ တခြားနည်းမရှိပါဘူး။ ရှောင်တိမ်းဖုံးကွယ်နေလို့ မရပါဘူး။ မသိချင်ယောင်ဆောင် ချိုးနှိမ်ထားလို့မရပါဘူး။ လေ့လာစူးစမ်းတဲ့နေရာမှာလည်း ဘက်တဖက်တည်းကနေ လေ့လာလို့မရပါဘူး။ ဘက်ပေါင်းစုံကနေ လေ့လာရပါမယ်။ ဘယ်ကိစ္စမဆို အစစ်အမှန်နားလည်သဘောပေါက်ချင်ရင် တခုလုံးကို ပြည့်ပြည့်စုံစုံလေ့လာဖို့ လိုပါတယ်။ ပညာရေးအရ၊ ဘာသာရေးအရ၊ လှုမှုရေးအရ၊ ကိုယ်ကျင့်တရားစံနှုန်းတွေအရ စသည်ဖြင့် ဘက်ပေါင်းစုံက ချဉ်းကပ်ရပါမယ်။ အရသာခံစားမှုအာရုံပေါ်မှာသာ အလေးအနက်ထားနေမယ်ဆိုရင်တော့ အာရုံတခုတည်းကပဲ ကျွန်တော်တို့အတွက် အရေးပါနေမှာပါပဲ။ သူကပဲ ကျွန်တော်တို့ကို ချုပ်ကိုင်ထားနေမှာပါပဲ။
စာအုပ်တွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်တွေ နဲ့ အခြားများစွာသောနည်းလမ်းတွေကနေ အဲဒီအာရုံခံစားမှုတဏှာဟာ တချိန်လုံး ဖိစီးနေတာပါ။ ပျော်ရွှင်မှုပုံစံအမျိုးမျိုးဟာ တချိန်လုံး ကျွန်တော်တို့ကို တဏှာရာဂကြီးထွားလာအောင် နိုးဆွနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲဒီလို နိုးဆွချက်တွေထဲမှာပဲ သာယာနေတတ်ကြပါတယ်။ တဏှာကတချိန်လုံးကြီးထွားနေတာနဲ့ အမျှ ကိုယ်ကလည်း တချိန်လုံး တဏှာနောက်လိုက်ရင်း မောပန်းနေမှာပါ။ လိုက်လေလေ မပြည့်ဝလေလေ။ မပြည့်ဝလေလေ ပိုပြီးလိုချင်လာလေလေပါပဲ။ တဏှာသံသရာဆိုတာ အဲဒါပါပဲ။ တဏှာရှာတော်ပုံဟာ လိုက်လေမောလေ မဆုံးတဲ့သံသရာပါပဲ။
ဒါပေမယ့် တဏှာဆိုတာ သဘာဝပါ။ စိတ်ရဲ့ အရေးကြီးတဲ့ လက္ခဏာတရပ်ပါ။ အဲဒါကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံနားလည်သဘောပေါက်ဖို့ပဲလိုတာပါ။ အဖြေကတော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာသာမရှိရင် တဏှာရာဂက ပိုဆိုးလာပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာရှိတဲ့အခါမှာ လိင်စိတ်ဟာ နည်းပါးသွားပါတယ်။ တဏှာနောက်ကိုပဲ လိုက်နေမယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာမရှိပါဘူး။ ကောင်းမှုကုသိုလ်တရားဟာ လွတ်လပ်မှုနဲ့သာ အတူလာပါတယ်။ နားလည်မှုနဲ့သာ လာပါတယ်။ လွတ်လပ်မှုနှင့် နားလည်မှုတွေမှာသာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ တည်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ ငယ်ရွယ်စဉ်တုန်းကတော့ လိင်စိတ်တွေထကြွကြတာပေါ့။ ဒါပေမယ့် အများစုကတော့ အဲဒါကို ချိုးနှိမ်ပစ်လိုက်ကြတယ်။ ဘာကြောင့်ချိုးနှိမ်ရသလဲဆိုရင် ပတ်ဝန်းကျင်မှာ ကိုယ်ဟာတဏှာကြီးတဲ့လို့ အထင်မခံနိုင်တဲ့အတွက်ဖြစ်တယ်။ တဏှာကို သူမနိုင်နိုင်ဘူးလို့ ထင်တဲ့အတွက်ဖြစ်တယ်။ နှိမ်နှင်းတဲ့နည်းလမ်းကလည်း မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဒီနေရာမှာ  သံသရာ(Samsara) ဆိုတဲ့ တိဗက်ရုပ်ရှင်တကားကို အမှတ်ရစရာပါပဲ။ လိင်စိတ်ကို မေ့ပစ်ထားပြီး ဂူအောင်းတရားကျင့်၊ တိဗက်သာသနာမှာ အမြင့်ဆုံးဘွဲ့ကိုရပေမယ့်လည်း နောက်ပိုင်း သားသည်အမေ နို့တိုက်တာကိုမြင်တာတောင် မထိန်းသိမ်းနိုင်ဘဲ ရဟန်းဘဝကို စွန့်သွားရတဲ့ အကြောင်းပါ။ ဒီလို နည်းလမ်းမှားနဲ့ ထိန်းသိမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြိတ်အခဲကိုသာ ဖြစ်စေပြီး နောက်ပိုင်းမှာ ပြဿနာကို ပိုပြီး ကြီးထွားစေပါတယ်။
နေထိုင်ရာလူမှုပတ်ဝန်းကျင်ကြီးကလည်း ဒီတဏှာကိစ္စကို စက်ဆုပ်ရွံ့ရှာစရာလို့ သတ်မှတ်ထားလို့ဖြစ်တယ်။ တင်းကျပ်တဲ့ဘာသာရေးတွေကလည်း ကျွန်တော်တို့ရဲ့ လိင်ကိစ္စကို အရမ်းစိုးရိမ်ပါတယ်။ သူတို့အရေးတကြီးကိုင်တွယ်ရမယ့်အရာတခုလို့လည်း မြင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုတွေကို အခြားခေါင်းစဉ်တွေအောက်ရောက်အောင် တွန်းပို့ပစ်လိုက်ကြတယ်။ မျိုးချစ်စိတ်ဓါတ်တို့၊ အခွင့်အာဏာကိုလိုချင်တပ်မက်မှုတို့၊ တို့လူမျိုးတို့ဘာသာမှသာလျှင် ကြီးကျယ်တယ်ဆိုတဲ့ ခွဲခြားဆက်ဆံချင်စိတ်တို့ ဆိုတဲ့ခေါင်းစဉ်တွေအောက်ကိုသာ အတင်းသွပ်သွင်းပြီး လမ်းလွှဲပစ်လိုက်ကြပါတယ်။ ဘာသာရေးရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ လောဘ၊ ဒေါသ ကင်းငြိမ်းရာနဲ့တောင် ဝေးကွာသွားအောင် လုပ်ပစ်တတ်ကြပါတယ်။ တဖက်ကနေကြည့်ရင်လည်း အဲဒီလိုဘာသာရေးမျိုးတွေဟာ ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ။ အကြောက်တရားတွေ ၊ မျှော်လင့်တောင့်တမှုတွေ၊ မနာလိုစိတ်တွေ၊ ခွဲခြားဆက်ဆံချင်စိတ်တွေနဲ့သာ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးလိုက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတခုပါပဲ။ ရလာဒ်အနေနဲ့ ဘာသာရေးဆိုတာ ကျွန်တော်တို့ရဲ့ ဒေါသ၊ မောဟတွေကို ထုတ်ပြတဲ့ စင်မြင့်တခုဖြစ်လာတော့တာပါပဲ။ 
ကျွန်တော်တို့ရဲ့ လိင်စိတ်ကို အပြည့်အဝနားလည်အောင် ကျွန်တော်တို့ကိုယ်တိုင်ပဲ ကြိုးစားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်မှ နက်နက်ရှိုင်းရှိုင်းနားမလည်ဘူးဆိုရင်တော့ အိမ်ထောင်ပြုလိုက်ရင်လည်း ပြဿနာက ပိုပြီး ရှုပ်ထွေးသွားရုံကလွဲလို့ တခြားမရှိပါဘူး။ အရှေ့တိုင်းမှာပဲဖြစ်ဖြစ် အနောက်တိုင်းမှာပဲဖြစ်ဖြစ် အိမ်ထောင်ရေးဟာ လိင်ကိစ္စပြဿနာကို ပြေလည်စေတဲ့ အဖြေမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ စာချုပ်ထဲမှာရှိတာမဟုတ်ဘူးဆိုတာတော့ ရှင်းပါတယ်။ နောက်ပြီး နှစ်ဦးနှစ်ဖက် လုံခြုံ စိတ်သက်ရာရအောင်လုပ်ခြင်း အပေါ်မှာလည်း မမူတည်ပါဘူး။ အိမ်ထောင်ရေးဟာ ရမ္မက်ဆန္ဒအပေါ်မှာချည်းပဲ မူတည်နေတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ ရှိနေရင် လိင်ကိစ္စဆိုတာ ပြဿနာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာမရှိဘူးဆိုရင်တော့ ပြဿနာဖြစ်လာတော့တာပါပဲ။
ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုတွေက ဘယ်လိုရှိတယ်။ ကိုယ့်ကိုဘာတွေက ဆွဲဆောင်နိုင်သလဲဆိုတာတွေကို ပြန်ကြည့်ရပါမယ်။ ကိုယ်ဟာ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ရပါမယ်။ ပြဿနာက ကိုယ့်ရဲ့မိသားစုဟာ တသီးပုဂလဆန်နေခြင်း၊ ခွဲခြားဆက်ဆံနေခြင်းတွေ ရှိနေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုမိသားစုပုံစံမျိုးမှာဆိုရင် တဦးချင်းက ကိုယ့်အတ္တအတွက်သာ ရှေ့တန်းတင်နေတတ်ကြတဲ့အတွက် အဲဒီကမှ အုပ်စုဖွဲ့ခြင်း၊ ခွဲခြားနှိမ်ချဆက်ဆံခြင်းတွေဟာ အလေ့အထဖြစ်သွားပြီး လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်လာတော့တာပါပဲ။
လူသားတွေအတွက် ကြီးမားတဲ့ အခက်အခဲကတော့ လူသားမျိုးနွယ်မှာ ဦးဆောင်ဦးရွက်ပြုရမယ့် ဆရာတွေ မိဘတွေ ကိုယ်တိုင်က မောပန်းနွမ်းလျနေကြတာပါပဲ။ သူတို့ ပြဿနာကိုလည်း သူတို့ မဖြေရှင်းနိုင်ကြတော့ပါဘူး။ သူတို့ သက်သာရာလမ်းကြောင်းကိုပဲ သူတို့ရှာကြပါတော့တယ်။ ကိုယ်ကချစ်ဖို့ မကြိုးစားဘဲ အချစ်ခံချင်နေတဲ့ ဝေဒနာတွေပဲ ရှိနေပါတော့တယ်။ အဲဒီလို ဆရာတွေ မိဘတွေဟာ ကလေးတွေကို ဘယ်လိုလုပ် စစ်မှန်တဲ့ပညာရေးကို ပေးနိုင်တော့မှာလဲ။
အဓိကပြဿနာကတော့ ဆရာပါပဲ။ ဆရာကိုယ်တိုင်က စိတ်ရှင်းမှ တပည့်တွေကို ပညာပေးနိုင်မှာပါ။ ဆရာကိုယ်တိုင်က စိတ်ရှုပ်ထွေးနေပြီး လိင်မှုကိစ္စဝင်္ကပါကြီးထဲမှာပိတ်မိနေမယ်ဆိုရင်တော့ သူက ဘယ်လိုလုပ်ပြီး သူ့လိုမဟုတ်တဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်တော့မှာလဲ။ သေချာတာကတော့ ကျွန်တော်တို့ဟာ ပြင်ဆင်တပ်ဆင်ပေးရမယ့် စက်ယန္တရားတွေမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကြောင့်သာ ဒုက္ခရောက်နေကြတဲ့သူတွေပါ။ အဲဒီအတွက်ကြောင့် ကိုယ်ရဲ့သဘာဝအရ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုပြဿနာတွေကို ပြင်ပပယောဂတွေမပါဝင်ဘဲ ကိုယ်ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ကိုပဲ အစဉ်အမြဲကြိုးစားနေရမှာ ဖြစ်ပါကြောင်း။

မှီငြမ်း - Sex and Marriage by Jiddhu Krishnamurti

ရှိန်ဝါ

No comments:

Post a Comment