ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, September 28, 2014

ချိုမိုင်မိုင်

သတိရလို့ ကြည့်လိုက်တော့ ငါ့ခြေထောက်တွေက ငါ့ကိုပြေးနေပြီ
ရေအိုင်ထဲ ပြန်ငုံ့ကြည့်၊ ကိုယ့်ကိုယ်ကို ခေတ်စားကြည့်တော့
သတင်းစာသွားကြားညပ်နေတဲ့ အမွှေးစုတ်ဖွား ပြုံးဖြီးဖြီးကြီး
စာမျက်နှာတွေပေါ် ရောက်ဖို့ဆို၊ လိင်တံတစ်ချောင်း လိုအပ်တယ်
ဟု တင်မိုသီလျူမှ ရေးသား၊ ထောင့်တွေ့ရင် ချိုးပစ်လိုက်တယ်
ဘယ်/ညာ ၊ ခေါင်း/ပန်း ဘာမှ မစဉ်းစားတော့တဲ့ အမိုက်လင်းမီးတွေ
ထောင့်တစ်ထောင့်မှာ မျက်နှာညှိုးငယ်နေရှာတဲ့ ငါ့အမေ
ငါဘယ်လောက်ပြေးပြေး သူကပ်ပါလာတယ်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မျိုးဆက်အား
ကျွန်ုပ်တို့ထက် ပိုမိုမိုက်မဲစေရန် သင်ကြားကြရမည်
ကန်ထဲမှာ စက္ကူအသေများ ပြည့်နေသည်
ပျော်ပျော်ပါးပါး ရေမျောသွားကြမည်
ငြီးငွေ့မှုဟာ အကြီးကျယ်ဆုံး ဥာဏ်ပညာပဲ
ဇနီးနဲ့ ဈေးလိုက်ဝယ်မိတဲ့ ငါ့လို ယောက်ျားရင့်မကြီးရဲ့ စွန့်စားခန်း
ရွှံ့တွေ ဗွက်တွေဆိုတာ ခုန်ကျော်ပစ်ရမှာလို့ သင်ခဲ့ရဖူးတယ်
ငါရှေ့မှာလဲလျောင်းနေတဲ့ ငါကို ငါခုန်ကျော်ပစ်လိုက်တယ်
ရပ်နိုင်ပေ့ ဆိုတာကလွဲလို့ ဘာဖတ်စရာရှိသေးလို့လဲ စာအုပ်ကြီးတို့
ငါတို့အိမ်ရှေ့ ခြံစည်းရိုးမှာ လာလာညှိနေတဲ့ တိမ်တွေ
တွေ့ကရာအလုပ် ကောက်စွပ်ပြီး ငါအိမ်လည် ထွက်ခဲ့တာ
ဝဲပေါက်ဖူးမှ ကုတ်ရတဲ့ အရသာကို နားလည်မှာပါ နိုင်ငံတကာ
ဆံပင်ဝယ်သူဟာ ငါ့ခေါင်းကိုပါ အလေးခိုးသွားတယ်
ခြင်ပေါင်ရွက်ခြွေခြင်းမှာ ပျော်စရာ
ဟာ လက်သည်းကြားထဲ နင့်ကနဲ အာဟာရ
မိန်းကလေးတွေ ရင်ညွှန့်ဖော်ကြသလို
လူတစ်ယောက်ကို သတ်တယ်ဆိုတာ ဘာဆန်းလို့လဲ
ငါဟာ ဘာသာရေးတွေအောက်က လျောကနဲထိုးထွက်လိုက်တယ်
ဘဝင်မြင့်နေတဲ့ နိုင်ငံရေးသမားများကို အာကာသယဉ် စီးခွင့်ပြုလိုက်ပါ
အစာအိမ်ဟာ ပါးစပ်ကို လိုအပ်သလို စအိုကိုလည်း လိုအပ်ခဲ့တယ်
ရေ များများသောက်ပါ
တစ်နေ့ စိန်တလုံး မှန်မှန် သုံးစွဲပါ
ချွေးထွက်ရခြင်း အကြောင်းရင်းများကို ရှာဖွေတွေ့ရှိမှု
ဟာ ဆေးသိပ္ပံပညာရဲ့ အအောင်မြင်ဆုံး ခေတ်တခေတ်
အရည်မပါရင် ထမင်းစားမဝင်ဘူးလို့ ဇနီးကို ပြောပြီးတော့မှ
ငါ့လက်ချောင်းရိုးလေးကို ရိုးတွင်းခြင်ဆီပါ ပြောင်အောင်စုပ်လိုက်တယ်
ဆိုင်ရှေ့က ဖြတ်လျောက်သွားတဲ့ မိန်းကလေးထက်
ဆိုင်ထဲက တီဗီဟာ ရင်သားပိုမိုဖွံ့ထွားနေတဲ့ ပြည်သူ့ဆန္ဒ
တောင်ကပ် မြောက်ကပ် ခုန်ပျံကျော်လွှား ငါစားခဲ့ရတဲ့ ဆုတံဆိပ်တွေ
ခေါင်းစဉ်တွေ ဘယ်လောက်များများ လူ့ဘဝလို့ စာလုံးပေါင်း
ခဲ့တာ ဘယ်တော့မှ မမှားဘူး  ကဗျာဥာဏ်အဆင့်တက်ခြင်း
အစပဲ ရှိသေးတယ်၊ အောင်မြင်စွာ ဆံပင်ဖြူထွက်ရှိပါပြီ မိုင်တိုင်တို့
ဘက်စုံ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရန်
အခြောက်ကဗျာဆရာများဖြစ်ကြောင်း ဝန်ခံကြလော့
မော့ကြည့်လိုက်တော့ ငါ့အသက် (၄) ချောင်း ကျန်သေးတယ်
ငါ တစ်ခါတော့ သေလို့ရသေးတယ်။ ငါ့ကျားကို ငါအတောင်တပ်ရမယ်
အိမ်ရှေ့မှာ တူမလေးတွေဟာ သူငယ်ပြန်မှုကို ဆော့နေကြတယ်
ခင်ဗျား၊ ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ခင်ဗျားရဲ့ ရောဂါလေ
ထရံပေါက်က တိုးထွက်လာတတ်တဲ့ နေရောင်ခြည်တွေ
ကို နံရိုးစွပ်ပြုတ်လုပ်ပြီး ငါတို့ တွက်ခြေကိုက်ခဲ့ကြတယ်
ချက်ကြိုးနဲ့ ဖောက်ထိုးထားတယ်၊ လိမ့်ချင်ရာ လိမ့်စမ်း ဒင်္ဂါးပြားလေး။

ရှိန်ဝါ
၂၈ စက်တင်ဘာ ၂၀၁၄

No comments:

Post a Comment