ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Saturday, October 11, 2014

ချိုမိုင်မိုင်ရှာတော်ပုံ

ပျော်ရွှင်ဖို့ရာ ညစ်ညမ်းရတယ်။ ချားရဟတ်စီးမှု အကြားအလပ်ထဲ
အပေါ်ကလူ အန်ဖတ်မှန်းမသိ။ အောက်ကလူ အန်ဖတ်မှန်းမသိ။
ဝါကျထဲ ပင်ပန်းရှာသူ ဝိဘတ်တွေ သေညွှန့်တက်ဖို့ဆိုတာ။
ဂျက်ကီချန်းရဲ့ ရုပ်လောကအပေါ် အောင်မြင်မှုနဲ့ပဲ။
ပင်လယ်ဓါးပြတွေရဲ့ သင်္ဘောဝမ်းဗိုက်မှာ ကပ်နေတဲ့ ရတနာတွေ။
လျှာဟာ ဘာအရသာမှန်းမသိ ချိုရ။ သမံတလင်းပေါ်
ရေလောင်းပြီး ကိုယ့်မျက်နှာလေး ဖူးပွင့်လာတော့လည်း ရီရ။
မျက်မှန် ပါပါ မပါပါ တဏှာကြောက တချိန်လုံး တင်းနေတာ။
မြင်ကွင်းစိမ်းစိမ်းတွေက အဖိ၊ ပြားသွားတဲ့ ဘာသာစကားရေညှိပြင်ကြီး။
ရှေ့က စကားလုံးက အနစ်၊ နောက်က စကားလုံးက ဝင်အဖြည့်
ဆိုတော့ကာ ကမ္ဘာကြီး မြုပ်သေသွားမှန်း ဘယ်မာလိန်မှုးမှ မသိကြသေးဘူး။
ငါတို့ရဲ့ အစာအိမ်ဟာ ငါတို့ရဲ့ Google ပဲ။
လောဘဦးမှင်တစ်ချောင်း အနားပေးထားလည်း သွေးနံ့ကို အမိအရစုပ်
နိုင်တဲ့ ခြင်မျိုးပေပဲ။ ဘယ်ဖက်နှုတ်ခမ်းမွှေးက ပိုနံတယ်လို့ မလိမ်တော့ဘူး။
ငါဟာ ပန်းကန်လုံးဖင်အောက်ကပ်သွားတဲ့ ၁၄၉၅၅ လုံးမြောက် ထမင်းစေ့။
ပျော်ရွှင်ဖို့ရာ သုံးဆင့်ချိုင့်မှာ တစ်အံမှ လွတ်မနေဖို့ လိုအပ်တယ်။
ဆိုလိုတာက ကျားကန်ထားလို့ ကျီးကန်းတောင်းမှောက်ဖြစ်နေတာ။
ဆိုလိုတာက မိစ္ဆာထိုင်နေတဲ့ တရားတော်။ လေကို ဖမ်းလို့ နာကြားခဲ့တယ်။
မိုးရွာပြီးစ မြက်ဖျားပေါ် ကရုဏာတော်စွန့်သွားတဲ့ အရှင်။
နောက်ဆုံးညစာမှာ ဆွဲပြီးစမြေပုံပေါ် မှောက်ကျသွားတဲ့ Spy ဝိုင်။
သွားကြားထဲမှာ အရပ်လေးမျက်နှာ အံကြိတ်ခြင်း ပို့သမှု။
ဘေးဘီဝဲယာကိုပဲ ကြည့်ပြီး လမ်းကူးခဲ့လို့ ငါတို့ ကားတိုက်ခံခဲ့ရတာ။
ပြီး၊ သတိကြီးစွာဖြင့် ပန်းကန်ခွက်ယောက်များအား လွှတ်ချပါ။
အဖေဟာ အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တန်းမေးတယ်။
အောက်ခံဘောင်းဘီ ဝတ်နေတဲ့ အချိန်ဆို ဘယ်သူမှ မလှပ၊
ကိုးယိုးကားယား။ သမင်ဟာ ခြုံပုတ်ထဲ လုံခြုံမှု ဝင်ဝင်ရှာတယ်။


ရှိန်ဝါ

၁၁ အောက်တိုဘာ ၂၀၁၄

No comments:

Post a Comment