ကလေးတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်က
လူတွေနဲ့ အရာဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကို ခံရပါတယ်။ မှန်ကန်တဲ့ ပညာပေးသူတစ်ယောက်ဟာ အဲဒီလွှမ်းမိုးမှုတွေကို
ကလေးခွာချနိုင်အောင် ကူညီသင့်ပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ပိုင်ခွင့်ကဖြစ်စေ ယဉ်ကျေးမှုတစ်ခုကဖြစ်စေ
မှန်ကန်တဲ့ တန်ဖိုးတွေ ကို မရှာဖွေနိုင်ပါဘူး။ တစ်ဦးချင်းရဲ့ အမြော်အမြင်ရှိမှုကသာ
အဲဒီတန်ဖိုးတွေကို ဖော်ထုတ်ပေးနိုင်တာပါ။
ဒါကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ပြီဆိုရင်တော့
ကျောင်းသားတွေကို အစမှ အဆုံးတိုင် တစ်ဦးချင်းစီမှာရော လူမှုစံနှုန်းတွေမှာပါ သိမြင်မှု
နိုးထလာအောင် တွန်းအားပေးပါလိမ့်မယ်။ တန်ဖိုးတစ်ခုချင်းစီကို ရှာဖွေခိုင်းတာ မဟုတ်ဘဲ
အရာအားလုံးရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ရှာဖွေဖို့ တွန်းအားပေးတော့မှာပါ။ ကလေးတစ်ယောက်ကို
မကြောက်တတ်အောင် သင်ပေးတာဟာ ဆရာကဖြစ်စေ၊ မိသားစုက ဖြစ်စေ၊ လူ့အဖွဲ့အစည်းက ဖြစ်စေ လွှမ်းမိုးထားတဲ့
လွှမ်းမိုးမှုတွေကနေ လွတ်အောင် ကူညီတာပါပဲ။ ဒါမှသာ အဲဒီကလေးဟာ ကောင်းမြတ်ခြင်းတရားတွေ၊
ချစ်ခြင်းမေတ္တာတွေ ပွင့်လန်းနိုင်မှာပါ။ ကျောင်းသား တွေကို လွတ်လပ်မှုဆီ ရောက်အောင်
ကူညီရင်းနဲ့ပဲ ဆရာကိုယ်တိုင်က သူ့ကိုယ်ပိုင် စံနှုန်းတွေကိုလည်း ပြောင်းလဲလာပါတော့တယ်။
သူကိုယ်တိုင်လည်း “ငါပဲ၊ ငါ့ဟာ” ဆိုတဲ့အရာတွေကို စတင် ရှင်းလင်း လာပါတော့တယ်။ ဒီလို
အပြန်အလှန် ပညာပေးခြင်း ဖြစ်စဉ်ကပဲ ဆရာနဲ့ တပည့်ကြား တမူထူးခြားတဲ့ အတူတကွ ဆက်ဆံရေးကို
ဖန်တီးပေးတာပါ။
လွှမ်းမိုးခြင်း၊ ဖိအားပေးခြင်းဆိုတာ ဘယ်လိုအမျိုးအစားပဲ
ဖြစ်ဖြစ် လွတ်လပ်မှုနဲ့ ဥာဏ်ပညာ အတွက်တော့ တကယ့် အတားအဆီးပါပဲ။ မှန်ကန်တဲ့ ပညာပေးသူ
တစ်ယောက်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းကြီးမှာ ဘာပါဝါမှလည်း မရှိပါဘူး။
သူဟာ ဘယ်လို ထိန်းချုပ် ပိတ်ဆို့မှုမျိုးနဲ့မှလည်း ညှိမနေပါဘူး။ ငါတို့ဟာ ကလေးတစ်ယောက်ကို
တကယ်ကူညီတော့မယ်ဆိုရင် သူကိုယ်တိုင်က ဖန်တီးထားတဲ့ အတားအဆီးတွေရော၊ ပတ်ဝန်းကျင်က ဖန်တီးထားတဲ့
အတားအဆီးတွေနဲ့ပါ လွတ်ကင်းအောင် ကူညီရမှာပါ။ ဖိနှိပ်မှု၊ လွှမ်းမိုးမှု ပုံစံအမျိုးမျိုး
သဘောပေါက်ပြီး အားလုံးကို ဘေးဖယ်ထုတ်ထားရပါမယ်။ ဆရာကိုယ်တိုင်က ဒီ မသန်မစွမ်း လုပ်ပိုင်ခွင့်တွေအားလုံးနဲ့
မလွတ်ကင်းဘူးဆိုရင်တော့ အဲဒီလို ဘေးဖယ်ထုတ်ဖို့ ကိစ္စဟာ မပြီးမြောက်နိုင်တော့ပါဘူး။
ဘယ်လောက်ပဲ ကြီးကျယ်တဲ့ အရာပဲ ဖြစ်နေပါစေ၊
အဲဒီအတိုင်း လိုက်လံ အတုခိုးနေတယ် ဆိုတာဟာ ကိုယ့်ကိုယ်ကို ရှာဖွေမှုကို ပိတ်ပင်ထားတာပါပဲ။
အချို့သော အဆင်သင့် သုခဘုံတွေကို ရမယ်ဆိုတဲ့ ကတိတွေကိုပဲ ယုံစားနေရင်တော့ အဆင်ပြေဖို့၊
အာဏာရဖို့ တစုံတယောက်ရဲ့ အကူအညီကို ရယူလိုစိတ်တွေပဲ ဖြစ်နေပြီး ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်
ပြန်လည် ပိတ်ဆို့နေကြောင်း လုံးလုံးလျားလျား သိတော့မှာ မဟုတ်ပါဘူး။ ဘုန်းကြီးတွေ၊ နိုင်ငံရေးသမားတွေ၊
ရှေ့နေတွေ၊ စစ်သားတွေဟာ ငါတို့ကို ကူညီမယ် ဆိုတာ ချည်းပါပဲ။ ဒါပေမယ့် အဲဒီလို အကူအညီတွေဟာ
ဥာဏ်ပညာနဲ့ လွတ်လပ်မှုကိုတော့ ဖျက်ဆီးပစ်လိုက်တာပါပဲ။ ငါတို့ လိုအပ်တဲ့ အကူအညီဆိုတာ
ငါတို့ရဲ့ ပြင်ပမှာ မရှိပါဘူး။ ဘာအကူအညီမှ တောင်းနေစရာမလိုပါဘူး။ အကူအညီဆိုတာ သူ့အလိုလို
လာတာပါ။ ငါတို့ဟာ ကိုယ် နစ်မြုပ်ထားတဲ့ အလုပ်မှာ ကျိုးနွံနေဖို့၊ ငါတို့ရဲ့ နေ့စဉ်ပြုဖွယ်
ကိစ္စတွေနဲ့ မတော်တဆ အဖြစ်အပျက်တွေမှာ စိတ်ကို ဖွင့်ထားနိုင်ဖို့တော့ လိုတာပေါ့။
ငါတို့ဟာ ထောက်ပံမှု၊ အားပေးမှုတွေကို ဆာလောင်နေတဲ့
သိစိတ်၊ မသိစိတ်တွေ အားလုံးကို ရှောင်ရှားရပါမယ်။ ဒီလို ဆာလောင်မှုမျိုးဟာ သူ့နည်းသူဟန်နဲ့တော့
အမြဲစိတ်ကျေနပ်စေပါတယ်။ ငါတို့ကို အားပေးမယ့် ၊ ဦးဆောင်နိုင်မယ့်၊ ငြိမ်သက်စေနိုင်မယ့်
သူတစ်ယောက်ရှိတာဟာ သက်တောင့် သက်သာတော့ ဖြစ်စေပါတယ်။ ဒါပေမယ့် အဲဒီအကျင့်ကြီးကပဲ ကိုယ့်ကို
ထိန်းကျောင်းမယ့်၊ အခွင့်အာဏာပြုမယ့်၊ ငါတို့ရဲ့ စနစ်အတွက် အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားတာပါပဲ။
ငါတို့ တစ်ယောက်ယောက်ကို မှီခိုနေတဲ့ အခိုက်အတန့်မှာ တစ်ဦးချင်း လွတ်လပ်မှုနဲ့ ဥာဏ်ပညာကို
နိုးထစေမယ့် ကိုယ်ရဲ့ မူရင်းရည်ရွယ်ချက်ကို မေ့နေတာပါပဲ။
ဘယ် အခွင့်အာဏာမဆို အဟန့်အတား ချည်းပါပဲ။
ပညာသင်ပေးသူဟာ ကျောင်းသားကို ချုပ်ကိုင်မယ့် အာဏာပိုင် မဖြစ်သင့်ပါဘူး။ အာဏာကို တည်ဆောက်ခြင်းဟာ
သိစိတ်ကရော၊ မသိစိတ်ကပါ လုပ်တဲ့ ဖြစ်စဉ်တစ်ခုပါ။
ကျောင်းသားဆိုတာ မသေချာပါဘူး။ စမ်းတဝါးဝါးပါပဲ။
ဒါပေမယ့် ဆရာဆိုတာကတော့ သူ့အသိအရ သေချာပါတယ်။
အတွေ့အကြုံခိုင်မာပါတယ်။ ဆရာရဲ့ အဲဒီ သေချာမှု၊ အားကောင်းမှုဟာ နေပူစာလှုံချင်တဲ့ ကျောင်းသားတွေ
အတွက်တော့ အာမခံချက်ပါပဲ။ ဒါပေမယ့် သေချာမှုဟာ ကြာရှည်မခံပါဘူး။ မှန်လည်း မမှန်ကန်ပါဘူး။
သိစိတ်ကရော မသိစိတ်ကပါ လွတ်လပ်မှုကို အားမပေးတဲ့ ဆရာဟာ ကျောင်းသားတွေ အတွက် ကြီးမားတဲ့
အကူအညီတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ သူဟာ သူရဲ့ အသိနဲ့ လွှမ်းမိုးဖို့သာ ကြိုးစား
နေပါလိမ့်မယ်။ သူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပဲ ကလေးတွေကို ဝေဝါးအောင် လုပ်ပါလိမ့်မယ်။
ဒါဟာ စစ်မှန်တဲ့ ဆရာတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ အသိနဲ့ အတွေ့အကြုံဆိုတာတွေဟာ
သူစွဲလမ်းနေတဲ့ အရာတွေပါ။ သူရဲ့ လုံခြုံမှုအတွက်ပါပဲ။ သူရဲ့ အကျဉ်းထောင်ပါပဲ။ သူကိုယ်တိုင်က
အဲဒီအရာတွေနဲ့ မကင်းလွတ်ဘူးဆိုရင် ကျောင်းသားတွေကို ပေါင်းစည်းညီညွတ်စေတဲ့ လူသားတွေ
ဖြစ်လာအောင် မကူညီနိုင်တော့ပါဘူး။
မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဖြစ်ဖို့ဆိုရင်
ဆရာတစ်ယောက်ဟာ စာအုပ်တွေ၊ ဓါတ်ခွဲခန်းတွေနဲ့ သူကိုယ်တိုင်က ကင်းလွတ်နေရမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေက သူ့ကို အတုမယူအောင်၊ စံပြမထားအောင်၊ အာဏာပိုင် တစ်ယောက် အဖြစ် မမြင်အောင်
အမြဲ သတိထား စောင့်ကြည့်နေရပါမယ်။ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေကနေ တဆင့် သူ့ကိုယ်သူသာ
ဖြည့်နေမယ်ဆိုရင်တော့ အဲဒါ ကျောင်းသားတွေရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ သူ့အောင်မြင်မှုပါ။
အဲတော့ သူ့ရဲ့ သင်ကြားခြင်းဟာလည်း သူ့အတ္တကိုသူ အဓွန့်ရှည်အောင်လုပ်ခြင်းပါပဲ။ အဲဒါဟာ
အသိပညာနဲ့ လွတ်လပ်မှုကို တားဆီးပါတယ်။ ဆရာကောင်းတစ်ယောက်ဟာ သူ့ကျောင်းသားကို သူ့ရဲ့
အာဏာအောက်ကနေဖြစ်စေ၊ သူတို့ကို သူတို့ ပိတ်ပင်တားဆီးနေတဲ့ အပိုအလုပ်တွေကနေဖြစ်စေ လွတ်မြောက်အောင်
ကူညီဖို့ အဲဒီ အတားအဆီးတွေ အားလုံးကို အမြဲသတိထားနေရမှာပါ။
ကံဆိုးတာက ဆရာအများစုက သူ့ကျောင်းသားတစ်ယောက်က
ပြဿနာတစ်ခုကို နားလည်ပြီဆိုရင် အဲဒီကျောင်းသားကို သူနဲ့ အခွင့်အရေးတူညီတဲ့ အဖော်တစ်ယောက်အဖြစ်
မဆက်ဆံတော့ ပါဘူး။ အထက်စီးကနေသာ ကြည့်ပါတော့တယ်။ ကိုယ့်တပည့်ကို ကိုယ့်အောက်မှာ ထားဖို့သာ
ညွှန်ကြားချက်တွေ ထုတ်ပါတော့တယ်။ ဒီလို ဆက်ဆံရေးမျိုးဟာ ကျောင်းသားအတွက်ရော၊ ဆရာအတွက်ပါ
အကြောက်တရား ကိုသာ ပိုမိုအားကောင်းစေပါတယ်။ ဒီလို မညီမျှတဲ့ ဆက်ဆံရေးကို ဘယ်အရာက ဖန်တီးနေတာပါလဲ။
ဆရာကရော အဲဒါကို သိဖို့ ကြောက်နေလို့လား။ သူရဲ့ အရေးပါမှုကို စောင့်ရှောက်ဖို့ ဂုဏ်သိက္ခာအရ
ခပ်ဝေးဝေးမှာပဲ ထားချင်နေတာလား။ ဒီိလိုအထက်စီး သူစိမ်းဆန်မှုဟာ တစ်ဦးချင်းစီကို သင်းကွဲပစ်တဲ့
အတားအဆီးတွေကို ဖြိုဖျက်ဖို့အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပြောရရင်တော့ ပညာသင်ပေးသူရော သူ့တပည့်တွေကပါ ပညာတတ်ဖို့အတွက်
အချင်းချင်း အပြန်အလှန် ကူညီနေကြတာပါ။
ဆက်ဆံရေးအားလုံးဟာ အပြန်အလှန် ပညာသင်ကြားပေးရေးပဲ
ဖြစ်သင့်ပါတယ်။ ရည်ရွယ်ချက်တွေ၊ အောင်မြင်မှုတွေ၊ နဲ့ ဗဟုသုတတွေက ပြုလုပ်ထားတဲ့ တသီးပုဂ္ဂလဆန်မှုဟာ
မနာလိုဝန်တိုစိတ်နဲ့ ငါတကောကောမှု အမုန်းတရားတွေကိုသာ မွေးဖွားပေးပါတယ်။ မှန်ကန်တဲ့
ပညာပေးသူ တစ်ယောက်ဟာ သူရဲ့ ဘေးမှာ ဝန်းရံနေတဲ့ နံရံတွေကို သူကိုယ်တိုင်က လည်း ဖြိုချရမှာပါ။
တစ်ဦးချင်းစီရဲ့ သဟဇာတဖြစ်မှု နဲ့ လွတ်လပ်မှုအတွက်သာ
မြုပ်နှံလုပ်ကိုင်နေရင် သူကိုယ်တိုင်ဟာ နက်နက်ရှိုင်းရှိုင်း မှန်မှန်ကန်ကန် ဘာသာရေးကိုင်းရှိုင်း
တာပါပဲ။ သူဟာ ဘယ် ဘာသာရေး အသင်းအဖွဲ့နဲ့မှ မသက်ဆိုင်တော့ပါဘူး။ ကိုးကွယ်ယုံကြည်မှု၊
ပူဇော်ပသမှုတွေနဲ့လည်း ကင်းလွတ်နေပါတယ်။ ဒါတွေအားလုံးဟာ အတ္တလောဘက ဖန်တီးလိုက်တဲ့ ဟုတ်ယောင်ထင်မှုတွေ၊
စိတ်ကူးယဉ်မှုတွေ၊ အယူသီးမှုတွေ ဆိုတာကို နားလည်နေလို့ပါ။ အမှန်တရား ဒါမှမဟုတ် ဘုရားသခင်
ဆိုတာ ကိုယ့်ကိုယ်ကို သိခြင်း နှင့် လွတ်လပ်ခြင်းတွေ ဆီကိုသာ ကြွချီလာတယ်ဆိုတာကို သိပါတယ်။
ဘာဘွဲ့ဒီဂရီ မှ မရတဲ့သူတွေဟာလည်း အကောင်းဆုံးဆရာ
တွေ ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ လက်တွေ့စမ်းသပ်ချင်ကြလို့ပါ။ အထူးကျွမ်းကျင်သူတွေ
ဖြစ်ချင်လို့ မဟုတ်ပါဘူး။ သူတို့ဟာ ဘဝကို နားလည်ဖို့
၊ သင်ယူဖို့ကိုသာ စိတ်ဝင်စားကြလို့ပါ။ စစ်မှန်တဲ့ ဆရာတစ်ယောက် အတွက်တော့ သင်ကြားရေးဆိုတာ
နည်းစနစ်တစ်ခု မဟုတ်ပါဘူး။ သူ့ဘဝရဲ့ နေထိုင်မှု ပုံစံပါပဲ။ ကြီးကျယ်တဲ့ အနုပညာရှင် တစ်ယောက်လို
သူရဲ့တီထွင်ဖန်တီးမှုကို ပေးဖို့ ဘယ်တော့မှ လက်မလျော့ပါဘူး။ အမြဲထက်သန် နေပါတယ်။ ဒီလို
ထက်သန်မှု မရှိရင်တော့ ဆရာတစ်ယောက် မဖြစ်သင့်ပါဘူး။ စာသင်ကြားခြင်းဟာ ကိုယ်ရဲ့ တကယ့်ပါရမီ
ဟုတ်မဟုတ် အမြဲ စူးစမ်းနေဖို့ကတော့ အရေးကြီးဆုံး ပါပဲ။ စာသင်ကြားခြင်းထဲမှာ မျောနေရုံနဲ့တော့
မရပါဘူး။
စာသင်ကြားခြင်းဟာ အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့သာ
ဖြစ်နေဦးမယ်ဆိုရင်တော့ ဒါဟာ စစ်စစ်မှန်မှန် မြုပ်နှပ်ထားတဲ့ အလုပ်မဟုတ်တော့ပါဘူး။
ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ကြားမှာ ကွက်လပ်ကြီး တစ်ခုသာ ဖြစ်လာတော့မှာပါ။ အိမ်ကဘဝနဲ့
အလုပ်ကဘဝ ဆိုတာလည်း တသီးတခြားစီ ဖြစ်နေဦးမှာပါ။ ပညာရေးဆိုတာ လုပ်ငန်းကိုင်ငန်း တစ်ခုသာ
ဖြစ်နေသမျှ ကာလပတ်လုံး တစ်ဦးချင်းစီရဲ့ ကြားမှာပဲ ဖြစ်စေ၊ လူတန်းစား အမျိုးမျိုးကြားမှာပဲ
ဖြစ်စေ ပဋိပက္ခတွေ၊ အမုန်းတရားတွေ မရှောင်လွဲအောင် ဖြစ်လာဦးမှာပါ။ ပြိုင်ဆိုင်မှုတွေ
ပိုပြင်းထန်လာပါမယ်။ ကိုယ့်ရည်ရွယ်ချက်နောက်သာ ကိုယ်ဟပ်ထိုးလိုက်ကြပါဦးမယ်။ အမျိုးသားရေး
၊ လူမျိုးရေး ပိုင်းခြားမှုတွေ ဆိုတာ အမုန်းတရားနဲ့ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေကိုသာ
ဖန်တီးပါတယ်။
ငါတို့ဟာ ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ ဆရာတွေ
ဖြစ်ဖို့ ရည်စူးတယ်ဆိုရင်တော့ အိမ်မှာရော ကျောင်းမှာပါ အတားအဆီးတွေ မဖန်တီးရပါဘူး။
လွတ်လပ်မှု နဲ့ ဥာဏ်ပညာဆိုတာ နေရာတိုင်းမှာ ရှိသင့်တာပါ။ ဆင်းရဲ ချမ်းသာ မရွေး ကလေးတစ်ယောက်ချင်းစီရဲ့
စိတ်အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစား ရမှာပါ။ ငါတို့ဟာ အတန်းတစ်တန်းနဲ့တင် သက်ဆိုင်တာ
မဟုတ်ပါဘူး။ အားကြီးတဲ့သူတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ အားနည်းတဲ့သူတွေနဲ့တင် သက်ဆိုင်တာ
မဟုတ်ပါဘူး။ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ ပေါင်းစည်း ညီညွတ်မှုတွေနဲ့သာ သက်ဆိုင်တာပါ။
မှန်ကန်တဲ့ ပညာရေးကို အစစ်အမှန် မျှော်ကိုးတယ်ဆိုရင်တော့
စေတနာအပြည့်ထားရှိဖို့ကသာ အဓိကပါပဲ။ ပညာရေးဆိုတာ ဘယ်လို ဖြားယောင်းသွေးဆောင်မှုမျိုးမှ
မဖြစ်သင့်ပါဘူး။ ကိုယ်ကျိုးကို မျှော်ကိုးခြင်းတွေလည်း မဖြစ်သင့်ပါဘူး။ အောင်မြင်မှုတွေကို
မက်မောခြင်းကနေ ဖြစ်လာတဲ့ အကြောက်တရားတွေနဲ့ ပညာရေးဟာ ကင်းရှင်းနေရမှာ ဖြစ်ပါတယ်။ ဝါသနာတစ်ခုကို သင်ကြားဖို့ဆိုရင် ၊ တစ်ယောက်ချင်းစီ
တိုင်းအတွက် မှန်ကန်တဲ့ ပညာရေးကို ရှာဖွေဖို့ ဆိုရင် ကိုယ်ရဲ့ ရည်မှန်းချက်တွေနဲ့ပဲဖြစ်ဖြစ်
အခြားသူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို တားဆီး ပိတ်ပင်ထားလို့
မရပါဘူး။ ဒီလို လုပ်ဖို့အတွက် အချိန်တော့ လိုပါတယ်။ အခွင့်အရေးကိုလည်း စောင့်ရမှာပါ။
ဒါပေမယ့် ဆုတွေ လာဘ်တွေ ကျော်ကြားမှုတွေကို မမျှော်ကိုးမှသာ ဒီလိုလုပ်နိုင်မှာပါ။ ဒါမှသာ
မိသားစု၊ ပုဂိုလ်ရေးလုံခြုံမှု၊ သက်သာရာရမှု တွေဟာ ဒုတိယ ဦးစားပေး နေရာမှာပဲ ရှိတော့မှာပါ။
ငါတို့ဟာ မှန်ကန်တဲ့ ပညာပေးသူတွေ ဖြစ်ဖို့
တကယ်စိတ်အား ထက်သန်နေတယ် ဆိုရင်တော့ ပညာရေးစနစ်တစ်ခု တည်းလောက်ကိုပဲ အပြစ်ပြောနေလို့
မရပါဘူး။ ပညာရေးစနစ်အားလုံးကို နှံ့နှံ့စပ်စပ် ကြည့်နေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်ပညာရေးနည်းလမ်းကမှ
တစ်ဦးချင်းကို လွတ်လပ်အောင် လုပ်မပေးနိုင်ဘူး ဆိုတာ ငါတို့ သိနေလို့ပါ။ နည်းလမ်းတစ်ခု၊
စနစ်တစ်ခု ဆိုတာ ကလေးတစ်ယောက်ကို တန်ဖိုးစံနှုန်း တစ်စုထဲကိုပဲ သွတ်သွင်းနိုင်လို့ပါ။
လွတ်မြောက်အောင်တော့ မလုပ်ပေးနိုင်ပါဘူး။
ကိုယ့်စိတ်က အမြဲတည်ဆောက်ထားတဲ့ ကိုယ်ပိုင်
စနစ်တစ်ခုအတွင်းမှာ မကျရောက်ဖို့ကိုလည်း သတိကြီးစွာ ထားရမှာ ဖြစ်ပါတယ်။ ပုံစံတစ်ခုထဲ
သွတ်သွင်းတယ်ဆိုတာ အဆင်ပြေ စိတ်ချရတဲ့ နည်းလမ်း တစ်လမ်းတော့ ဖြစ်ပါတယ်။ စိတ်ဆိုတာကလည်း
အဲဒီလို တည်ဆောက်ပုံတွေ အတွင်းမှာ အကာအကွယ်ယူ နေတတ်လို့ပါ။ အမြဲ သတိရှိနေဖို့ဆိုတာ
စိတ်တော့ ပင်ပန်းပါတယ်။ ဒါပေမယ့် နည်းစနစ် တစ်ခုနောက်ကိုပဲ လိုက်နေမယ်ဆိုရင်တော့ အတွေးအခေါ်ဆိုတာ
မရှိနိုင်တော့ပါဘူး။
ထပ်တလဲလဲပြုလုပ်ခြင်း နဲ့ အလေ့အထ တွေဆိုတာ
စိတ်ကို သံချေးတက်အောင် လုပ်နိုင်ပါတယ်။ ဒါကို နိုးထဖို့ ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုတော့
လိုပါတယ်။ အဲဒါ ပြဿနာပါပဲ။ ကျွန်တော်တို့က အဲဒီ ပြဿနာကိုလည်း တည်ရှိပြီးသား၊ ကျွန်တော်တို့
တစ်ချိန်လုံး အသင်ခံလာရတဲ့ နှုန်းစံ ၊ဆုံးဖြတ်ချက်တွေ နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားတတ်ကြပါတယ်။
အဲဒီမှာ စိတ်ဟာ တခါပြန်ပြီး အိပ်ပျော်သွားပြန်တာပါပဲ။ အဲဒီ သံချေးတက်မှုကြီးမှာပဲ စိတ်ဟာ
ပိတ်မိနေပါတော့တယ်။ မှန်ကန်တဲ့ ပညာပေးသူ တစ်ယောက်ဟာ သူ့ဆီမှာ ရှိတဲ့ ဒီစိတ်ကြီးကိုလည်း
အဆုံးသတ်ရမှာ ဖြစ်သလို ကျောင်းသားတွေကိုလည်း သတိထားနိုင်လာအောင် ကူညီပေးရမှာပါ။
တစ်ချို့ကတော့ မေးနိုင်ပါတယ်။ “မှန်ကန်တဲ့
ဆရာတစ်ယောက် ဘယ်လိုများ ဖြစ်လာနိုင်သလဲ” လို့။ သေချာတာကတော့ “ဘယ်လို” လို့ မေးတာဟာ
လွတ်လပ်တဲ့ စိတ်မဟုတ်ပါဘူး။ တင်းကျပ်နေတဲ့ စိတ်ပါ။ အကျိုးရှာတဲ့ စိတ်ပါ။ မျှော်လင့်ချက်နဲ့
အားထုတ်ကြိုးပမ်းခြင်းဟာ စိတ်ဆန္ဒတွေကို အဆုံးသတ်ပစ် နိုင်တဲ့ အရာတစ်ခုပါပဲ။ လွတ်လပ်တဲ့
စိတ်ဆိုတာ အစဉ်အမြဲ စောင့်ကြည့်၊ သင်ယူ နေရမှာပါ။ ကိုယ့်ကိုယ်ကို ပြဌာန်းထားတဲ့ အတားအဆီးတွေကို
ထွင်းဖောက် မြင်ကြည့် ရမှာပါ။
လွတ်လပ်မှု ဆိုတာ အစမှာ ကတည်းက ရှိတာပါ။ အဆုံးသတ်
ကျမှ ရရှိမယ့် အရာ မဟုတ်ပါဘူး။ “ဘယ်လိုလဲ” လို့ မေးတဲ့သူဟာ ဖြေရှင်းမရတဲ့ အခက်အခဲတွေနဲ့
ရင်ဆိုင် နေရတဲ့ သူပါ။ ပညာ သင်ကြားခြင်း အပေါ်ကို သူ့ဘဝ တစ်ခုလုံး တကယ်မြုပ်နှံထားတဲ့
သူဟာ ဒီလို မေးခွန်းမျိုး ဘယ်တော့မှ မမေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မှန်ကန်တဲ့ ဆရာတစ်ယောက်
ဖြစ်ဖို့အတွက် ဘယ်လို နည်းလမ်းမှ ရှိမနေဘူးလို့ သူသိထားလို့ပါ။ သူသာ တကယ်စိတ်ဝင်စားရင်
လိုချင်တဲ့ ရလာဒ်ကို အာမခံတတ်တဲ့ နည်းလမ်းတွေကို တောင်းဆိုနေမှာ မဟုတ်ပါဘူး။
ဘယ်စနစ်က ကျွန်တော်တို့ကို ဥာဏ်ပညာရှိလာအောင်
လုပ်နိုင်လို့လဲ။ ကျွန်တော်တို့ဟာ အဲဒီလို စနစ်နဲ့ သွားပြီးပါပြီ။ ဘွဲ့တွေ ဒီဂရီတွေလည်း
မဆုံးနိုင်အောင် ရပြီးပါပြီ။ ဒါနဲ့ပဲ ငါတို့ဟာ ပညာပေးသူ တွေ ဖြစ်လာရောလား။ ဒါမှ မဟုတ်
စနစ်တစ်ခုရဲ့ ဥပမာကောင်းကြီးတွေပဲ ဖြစ်တော့မှာလား။ ဆုလာဒ်ကို မျှော်ကိုးတယ်၊ ထူးချွန်တဲ့
ပညာပေးသူလို့ အခေါ်ခံချင်တယ် ဆိုတာတွေဟာ အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရလိုခြင်း တွေကို
မက်မောနေတာပါပဲ။ တခါတရံတော့ အဲဒီိလို ချီးကျူး အားပေးခံချင် ခံရမှာပေါ့။ ဒါပေမယ့် အဲဒီ
ချီးကျူးခံရလိုခြင်းကိုသာ စွဲလမ်းနေရင်း ကိုယ့်ကိုယ်ကို ပင်ပန်းစေတဲ့ ဆေးစွဲခြင်းပါပဲ။
အချီးကျူး ခံလိုတယ်၊ အားပေးမှု ခံလိုတယ် ဆိုတာတွေဟာ တော်တော်လေး မရင့်ကျက်သေးတာပါပဲ။
အသစ် တစ်ခုခု ကို တီထွင် ဖန်တီးတော့မယ် ဆိုရင်
သတိနဲ့ စွမ်းအင်ပဲ ရှိရမှာပါ။ အကျိုးမဲ့ ငြင်းခုံ နေတာမျိုးပဲ မလုပ်ရပါဘူး။ သူ့အလုပ်မှာ
သူ စိတ်မကြည်တော့ဘူး ဆိုရင် ငြီးငွေ့နွမ်းလျမှုတွေဟာ ပေါ်လာ တတ်ပါတယ်။ စိတ်မဝင်စားဘူးဆိုရင်
စာသင်ကြားခြင်း ဆက်မလုပ်သင့်တာ ရှင်းနေတာပါပဲ။
ဒါပေမယ့် ဘာကြောင့် အဲလောက် အရေးကြီးတဲ့
စိတ်ဝင်စားမှုဟာ ဆရာတွေ ကြားမှာ ကင်းမဲ့နေရတာလဲ။ ဘာတွေက သူတို့ကို မကြည်လင်စေတာလဲ။ စိတ်ညစ်ညူးမှု
ဆိုတာ ဒီဟာလုပ်၊ ဟိုဟာလုပ် ဆိုပြီး တွန်းအားပေးခံရတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။
ကိုယ် တကယ်ဘာလုပ်ချင်တယ် ဆိုတာကို မသိတဲ့ ကိုယ့်ကိုယ်တွင်းမှာသာ ဖြစ်နေတာပါ။ စိတ်ရှုပ်နေပြီ
ဆိုမှတော့ စွမ်းအားလည်း မရှိတော့ပါဘူး။ စိတ်ဝင်စားမှုလည်း လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။
စာသင်ကြားခြင်းဟာ ငါတို့ရဲ့ တကယ့်ဝါသနာ ဆိုရင်တော့
လက်ရှိ ပညာရေးရှုပ်ထွေးမှု ကြီးကို ဖြေရှင်းနိုင်မယ့် နည်းမတွေ့လို့ ခဏတော့ စိတ်ညစ်ကောင်း
စိတ်ညစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ပညာရေးရဲ့ ဖွင့်ဆိုချက်တွေကို နားလည် သိမြင်လိုက်တာနဲ့
တစ်ပြိုင်တည်း ငါတို့ လိုအပ်နေတဲ့ မောင်းနှင်အား နှင့် စိတ်အားထက်သန်မှုတွေကို ပြန်ရလိုက်တော့တာပါပဲ။
ဒါဟာ ဆန္ဒတွေ ဆုံးဖြတ်ချက်တွေရဲ့ အရာ မဟုတ်ပါဘူး။ နားလည်မှု၊ သိမြင်မှုတွေနဲ့သာ သက်ဆိုင်တဲ့
အရာပါ။
စာသင်ကြားခြင်းဟာ ကိုယ်ရဲ့ တကယ့်ဝါသနာသာ
ဖြစ်နေရင်၊ မှန်ကန်တဲ့ ပညာရေးရဲ့ ခိုင်မာတဲ့ အရေးပါမှုကို သိမြင်နေမယ် ဆိုနေရုံနဲ့ မှန်ကန်တဲ့
ပညာပေးသူ အလိုလို ဖြစ်လာတော့တာပါပဲ။ ဘယ်နည်းလမ်း နောက်ကိုမှ လိုက်နေစရာ မလိုပါဘူး။
ငါတို့ဟာ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေ၊ ပေါင်းစည်းမှုတွေကို ရရှိချင်တယ်ဆိုရင်တော့
အဲဒီိလို မှန်ကန်တဲ့ ပညာရေးကို မရှိမဖြစ် လိုအပ်တယ် လို့ သဘောပေါက်ခြင်းဟာ အားလုံးအတွက်
အခြေခံကျတဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးလာမှာပါ။ မှန်ကန်တဲ့ ပညာရေးကနေ တဆင့်သာ ငြိမ်းချမ်းမှုနဲ့
ပျော်ရွှင်မှုကို ရရှိနိုင်တယ်လို့ သတိပြုမိလာပြီ ဆိုရင်တော့ သူဟာ သူရဲ့ ဘဝတစ်ခုလုံးကို
စိတ်ရော ကိုယ်ပါ ပညာရေးအတွက် အလိုလို မြုပ်နှံလိုက်တာပါပဲ။
ကလေးတစ်ယောက်ရဲ့ အတွင်း အဇတ္တအတွင်းမှာပါ
ကြွယ်ဝစေချင်ရင်တော့ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ မှန်ကန်တဲ့ တန်ဖိုးတွေကို ဆရာက သင်ပေးရပါမယ်။
ကိုယ့်စိတ်အတွင်းမှာ ကြွယ်ဝမှု မရှိရင်တော့ ရုပ်ဝတ္တုဆိုတာတွေကိုပဲ အရေးကြီးတယ်လို့ မှတ်ယူနေတော့မှာပါ။
အဲဒီလို မှတ်ယူနေတာဟာ ဒုက္ခတွေ ပျက်စီးခြင်းတွေကိုသာ ဦးတည်နေပါတယ်။ ကိုယ့်ရဲ့ ဝါသနာအစစ်ကို
ရှာဖွေဖို့၊ လူလူချင်း အမုန်းတရားကို ရှေးရူတဲ့ အလုပ်တွေကို ရှောင်ရှားဖို့ ဆရာက ကျောင်းသားတွေကို
အမြဲအားပေး သင်ကြားနေရမှာပါ။ လူငယ်တွေကို ကိုယ့်ကိုယ်ကို သိမြင်ဖို့၊ ကိုယ်ပိုင် အသိဥာဏ်ရှိဖို့
အတွက် ကူညီ သင်ကြားနေရမှာပါ။ ငြိမ်းချမ်းမှု မရှိရင် ကြာရှည်တဲ့ ပျော်ရွှင်မှု ဆိုတာလည်း
မရှိပါဘူး။ စာသင်ကြားခြင်းဆိုတာ အတ္တကို ဖြည့်ဆည်းတာ မဟုတ်ပါဘူး။ အတ္တကို လျှော့ချတာပါ။
မှန်ကန်တဲ့ သင်ကြားခြင်း မရှိရင် အရိပ်အယောင်ကိုသာ
အကောင်အထည် ထင်နေတတ်ပါတယ်။ တစ်ယောက်တည်းမှာတောင် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မတည့်တော့ပါဘူး။ အဲတော့ အခြားသူတွေနဲ့လည်း မသင့်မြတ်တော့ပါဘူး။ လူ့အဖွဲ့အစည်းကလည်း မသင့်မြတ်ကြတော့ပါဘူး။ ကိုယ့်ကိုယ်ကို သိမြင်ခြင်းကသာ ငြိမ်းအေးတဲ့ စိတ်ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ။ တရားသေဝါဒတွေနဲ့ ဘာသာရေး အစုအဖွဲ့တွေရဲ့ အယူသီးပူဇော်ပသမှုတွေက မဆောင်ကျဉ်းပေးနိုင်ပါဘူး။ အမှန်တရားတို့၊ ဘုရားသခင်တို့ ဆိုတာတွေကို ဖန်တီးခြင်းကလည်း “ငါ” “ငါ့ဥစ္စာ” ဆိုတဲ့ စိတ်တွေ လွှမ်းမိုးနေတဲ့ သူတွေကိုသာ သွေးဆောင်လို့ရတဲ့ အရာတွေပါပဲ။ ဆရာက ဒါတွေကို သဘောပေါက်အောင် သင်ကြားပေးရမှာပါ။
No comments:
Post a Comment