ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, January 18, 2016

ပက်ထရစ်ရိုင်ယန်ဖရန့်ရဲ့ ကဗျာလေးပုဒ် (ဘာသာပြန်)

ပက်ထရစ်ရိုင်ယန်ဖရန့် (Patrick Ryan Frank)ဟာ မီချီဂန်Michigan တောပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့သူ။ Northwestern University, Boston University တို့နှင့် the James A. Michener Center for Writers at the University of Texas တွေမှာ ကဗျာကိုသင်ကြားခဲ့တယ်။ ပညာသင်ဆုတွေအမြောက်အများရထားသူ။ သူ့ကဗျာတွေဟာ in Poetry, Carolina Quarterly, River Styx စတာတွေမှာ ဖော်ပြခံရတယ်။ အွန်လိုင်းမဂ္ဂဇင်းအများအပြားမှာလည်း သူ့ကဗျာတွေကို ဖော်ပြခံရတယ်။ အခု လောလောဆယ်မှာ မက်ဆာချူးဆက်မှာနေတယ်။

ဗာဂျင်နတီဖိုးဘီးယား (Virginitophobia)
(မုဒိမ်းကြောက်စိတ်)

သူမကို လယ်ကွင်းဆီ အနက်ရောင်ထရပ်ကားသစ်နဲ့ ခေါ်သွားတယ်
ပန်းသီးနံ့လိုလို လူငယ်တယောက်ရဲ့ပေါင်က ဂျင်းဘောင်းဘီအနံ့

လိုလိုသင်းနေတဲ့ လယ်ကွင်း။ ကားစက်ကိုပိတ်လိုက်ပြီး
ရေဒီယိုကိုတော့ ဖွင့်ထားခဲ့တယ်။ ရှေ့မီးတွေကလည်း

သစ်တောရဲ့အနောက်ပိုင်းအထိလင်းလို့။ တောင်တန်းတွေဆီ ပြီးတော့
ကယ်လီဖိုးနီးယားဆီ။ သူမကို မြေပြင်ပေါ်ချလိုက်တယ်

ပြီး လက်တွေကို ခေါင်းပေါ်တင် လယ်မြက်တွေနဲ့ တုပ်ထားတယ်။
သူမလွတ်အောင်ရုန်းလို့ရတယ်။ ဘာမှမခက်ဘူး။

ညစ်တီးညစ်ပတ်ရွံ့မြေပျော့ကနေ အမြစ်ကျွတ်အောင်ဆွဲနုတ်လိုက်လို့ရတယ်။
သူမကိုလှတယ်လို့ သူတို့ပြောကြတယ်။

သူတို့အင်္ကျီတွေချွတ်လိုက်ကြတယ်။ ကားမီးတွေရဲ့အလင်းရောင်ကြောင့်
ရွှေရောင်အနားသပ်ဖြစ်နေတဲ့ လက်မောင်းတွေပေါ်က အနက်ရောင်ကိုတွေ့ရတယ်။

တယောက်က ဟာသတခုထဖောက်တယ် ဒါပေမယ့် တဝက်တပျက်နဲ့
ရပ်လိုက်တယ်။ သူမရဲ့ ဖိနပ်တွေကိုလည်း ချွတ်လိုက်ကြပြီး

ခြေကျင်းဝတ်တွေကိုထိတယ်။ ဒါပေမယ့် ပွတ်ရုံပဲ။ စကပ်ကို
သူတို့ ဘယ်တော့လှန်မလဲ သူမ စောင့်နေတယ်။

ဒါပေမယ့် သူတို့ကြောက်နေတယ်။ အေးကလည်းအေးနေပြီ။
သူမ ခါးကော့ပေးပြီး အသက်အောင့်လိုက်တယ်။

မျက်လုံးတွေမှိတ်လျက်။ သူတို့ကတော့ ဆောရီးလို့ တချိန်လုံးပြောနေတယ်။
စောက်ပါးစပ်တွေပိတ်ဖို့ သူမကပြောတယ်။ ပြီးတော့ သူတို့သာအော်ငိုရင်

သူမက သူတို့ကိုသတ်မယ်။ ထရပ်ကားကိုယူသွားမယ် တဲ့။
မြို့ကဘယ်သူမှ သိတော့မှာမဟုတ်ဘူး။

လေးတိလေးကန်နဲ့ သူတို့ဘောင်းဘီတွေချွတ်နေတုန်း
သူမက ရေဒီယိုနားထောင်တယ်။

ပုဇဉ်းရင်ကွဲတွေကလည်း တဝီဝီမြည်လို့။ အထက်တန်းကျောင်းတွေမှာ
ရောင်းတဲ့ လွှစက်ဝိုင်းတွေလို။ အဝေးက တဒီးဒီးအသံ။

အနီးအနားမှာ ရထားတွေပြေးနေသေးတယ်ဆိုရင်တော့
ဒါရထားပဲ။

ဒါ ခေါင်းပေါ်ကဖြတ်ပျံသွားတဲ့ လေယဉ်ပျံပဲဖြစ်ရမယ်။
ပြောတော့ မပြောနိုင်ဘူး။

တိမ်ထူပြီး မှောင်နေတယ်လေ။ ဒါကို သူမ စိတ်ပျက်နေတာ။
သူမမျက်နှာကို မြင်စေချင်တယ်လေ။

အေးစက်တဲ့လရောင်အောက်မှာ၊ သူတို့လုပ်တာကို ကြည့်နေတဲ့
ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ မျက်နှာကို။



ပင်လယ်နှင့် (And the sea)

အရင်တုန်းက ဟဲမင်းဝေးဖြစ်ချင်ခဲ့တယ်။
ဒါပေမယ့် ဟဲမင်းဝေးလည်း ဟဲမင်းဝေးဖြစ်ချင်ခဲ့မှာပဲ။
လက်တွေ့ကတော့ ခက်တယ်
တလွဲတွေဟာ အနုပညာအဖြစ် တန်ဆာဆင်တယ်။ ဘာပဲဖြစ်ဖြစ်
ဘယ်သူက ကိုယ်လိုချင်တာရခဲ့လို့လဲ။ ဘယ်သူကရော ဂရုစိုက်လို့လဲ။
မင်းခြေထောက်အောက်ကရေတွေက မင်းမပါဘဲ ကုန်ခမ်းသွားလည်း
ဘာအရေးလဲ။ ငါ မှုတ်ဆိတ်တွေ အရှည်ထားတယ်။
လှေလေးတစင်းအရစ်ကျဝယ်လိုက်တယ်။ ငါ့နာမည်ပေးလိုက်တယ်။
တစီးလုံး ဆေးအပြာသုတ်တယ်။ ပြီး ပင်လယ်ထဲထွက်လိုက်တယ်။
ပင်လယ်ကလည်း ငြိမ်သက်လို့ နေလည်းထွက်လာတဲ့အခါ
ငါတို့ ပျောက်သွားတယ်။ ငါတို့သွားပြီ။
ဘာလုပ်စရာရောရှိသေးလို့လဲ။
  

ဂမ်မိုဖိုးဘီးယား (Gamophobia)
(အိမ်ထောင်ပြုရမှာကို ကြောက်စိတ်)

ငါတို့အသီးသီးဟာ စေ့စပ်ထားပြီးသားတွေချည်းပါပဲ
သေခြင်းဆိုတဲ့ မယားပြိုင်ယူသူကြီးနဲ့။ ဒါဆို ပြိုင်ဘက်ကိုရှုံးနိမ့်သွားတဲ့
ချစ်သူရဲ့ ဒေါသတွေ နာကျင်မှုတွေကို ဒီအတိုင်းထားခဲ့ပြီး
ချစ်သူကို ခိုင်ခိုင် မခိုင်ခိုင်ဆိုပြီး ဘာကြောင့်လက်တွဲနေတော့မှာလဲ။
ငါတို့အားလုံးကို လုံးဝပျောက်ကွယ်အောင် မီးရှို့ရှို့နေတဲ့
အဲဒီ ရလေလိုလေအိုတစ္ဆေနှလုံးသားကို ငါ မယှဉ်ပြိုင်နိုင်ဘူး။
သူ့အချစ်က ပြင်းထန်ပြည့်စုံပြီး စွန့်ပယ်ဖို့မဖြစ်နိုင်တဲ့ ဒဏ္ဏာရီတခု။
ငါတို့လမ်းကူးတိုင်း လက်တွဲထားတဲ့ငါတို့ကို သူမိသွားမှာ
ငါကြောက်တယ်။ သူက မနာလိုတတ်တဲ့သူ။
အခုတော့ ငါ သိပြီ။ ငါတို့ နမ်းနေကြတုန်း သေမင်းဟာ
ဗြုန်းကနဲပေါ်လာတယ်။ ပြင်းပြင်းထန်ထန်ရိုက်ပုတ်လျက်။
အိမ်နီးချင်းတွေပြောသလို။ မဆင်မခြင်နှလုံးသားနဲ့ ကလေးတွေလေ။
အစကတည်းက ကမ္ဘာပျက်နေတာ လူတိုင်းသိတာပဲကို။



စိတ်မရှင်းဖွယ် ရှုခင်း (Landscape with questions)

မီနီဗန်ကားလေး နောက်တစီး၊ လမ်းမကြီးဘေးစွန့်ပစ်ခံထားရ။
တယောက်ကပြောတယ်။ တော်ပြီကွာ။
ပြီးတော့ ထွက်သွားတယ်။ ဒီအတိုင်းပဲ။ ရေဒီယိုကို ဖွင့်ထားခဲ့တယ်။
လာနေတဲ့သီချင်းက “ဘေဘီ ဘေဘီ မင်းတယောက်သာ“
ဒီမှာလည်း ဘယ်သူမှရှိမနေတော့ အဲဒါ ဘယ်သူလဲ။
ဘုရားသခင်ကလည်း တခြားလူတွေလိုပဲ
သူများတွေကို ကြောက်တယ်။ ပုန်းကွယ်ဖို့ကြိုးစားတယ်။
ဒီတော့ မီးခိုးတွေ ၊ အနက်ရောင်တောင်ပံနဲ့ ပျားတွေ၊
လက်ဗလာကို လက်သီးဆုပ်လိုမျိုးပြည့်စေတဲ့
အလင်းရောင်စောင်းစောင်းတွေနဲ့။ ဒီမြေကြီးကို ကြည့်လိုက်စမ်းပါ။
ကောတော့မကောပါဘူး။ ဒါဆို ဘာဖြစ်လို့ အရမ်းပြောင်ကျင်းနေရတာလဲ။
ချက်ခ်ျကျောင်းတွေမှာ လူတွေအပြည့်။ လူသေတွေရဲ့ ဘဝပေးအလုပ်
ဘားတွေမှာရောပဲ။ ဒါဆို ဘယ်ဘဝတွေရော အရေးပါလို့လဲ။
ဖန်ခွက်နဲ့ ကတ္တရာတွေကို မေးလိုက်စမ်းပါ။
ဘာအဖြေမှတော့ ရမှာမဟုတ်ဘူး။




ရှိန်ဝါ

No comments:

Post a Comment