ချိုမိုင်မိုင်
ရယ်လို့ ပီပီပြင်ပြင် မကတတ်ခင် ကတည်းက ကျွန်တော်တို့ လူသားတွေဟာ ရှာဖွေမှုနဲ့
အသားကျ လာခဲ့ကြတယ်။ ဖေဖေ၊ မေမေ မှ ချစ်ချစ်၊ သားသား၊ မီးမီး စသဖြင့် ဘဝတလျောက်လုံး
ရှာဖွေရင်းသာ အချိန်ကုန်ခဲ့ကြတယ်။ ချစ်ခြင်းမေတ္တာ၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အမှန်တရား
စသဖြင့် ရှာဖွေမှုတွေကလည်း မျိုးစုံလို့ပါပဲ။ ဒါပေမယ့် ရှာဖွေခဲ့တဲ့ အရာတွေကို
တကယ်ရော ရရှိခဲ့ကြရဲ့လား။ အဲဒီရှာဖွေမှုတွေထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကို
ရှာဖွေမှုကိုရော ပြုလုပ်ခဲ့ကြသူ ဘယ်နှစ်ယောက်ရှိခဲ့ပါသလဲ။ ရှာဖွေလို့
တွေ့ရှိခဲ့တဲ့သူရော ဘယ်နှစ်ယောက်ရှိခဲ့ပါသလဲ။
ကမ္ဘာကြီးဟာ
ဘာသာစကားကို ရရှိခဲ့ပြီးနောက် ဘာသာစကားထဲက ကမ္ဘာကြီးကိုရော ကျွန်တော်တို့ ရရှိ ပါပြီလား။
ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးကိုရော တကယ်တွေ့ရှိကြပါပြီလား။ ကိုယ်ရဲ့
ဖြစ်တည်မှု၊ လူသားရဲ့ ဖြစ်တည်မှုကိုရော တွေ့ရှိပါပြီလား။ ကိုယ်ရဲ့ ဖြစ်တည်မှု
ဆိုတာရော ဘာလဲ။ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံသုံးပါးစလုံးနဲ့ ကြိုးပမ်းတိုင်းရော ရလို့လား။
ချစ်ခြင်းမေတ္တာကို အမျိုးမျိုးသော အဓိပ္ပါယ်တွေ ဖော်ကျူးခဲ့ ကြတယ်။
ပြီးပြည့်စုံအောင် ဘယ်သူဖော်နိုင်ခဲ့လို့လဲ။ ချစ်ခြင်းမေတ္တာ ဆိုတာကို အနက်မဖွင့်ဘဲ
သူရဲ့ တည်ရှိမှု လေးကိုပဲ လက်ခံပေးလိုက်လို့ မရဘူးလား။ ဘာသာစကားသက်သက်မှာတင်
ချစ်ခြင်းဟာ မဖြစ်တည်နိုင်ဘူးလား။
အဲဒီ
မေးခွန်းတွေ အားလုံးကို မေးသွားတဲ့ ၊ တတ်နိုင်သလောက်လည်း ကြိုးစား အဖြေပေးသွားတဲ့
ရုပ်ရှင်ကား လေးကတော့ ဘောလိဝုဒ်က နာမည်ကြီး ဇာတ်ကားဖြစ်တဲ့ The Lunchbox ပါပဲ။
ဒီဇာတ်ကားဟာ ၂၀၁၃ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ
စပြခဲ့တဲ့ကားပါ။ ဒါရိုက်တာကလည်း နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ ရီသေးဘတ်သရား
ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ ဒီကားနဲ့လည်း နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်တွေက ဆုများစွာ ထပ်မံရရှိပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေ အားလုံးလည်း
ဇာတ်ပို့ဆု အပါအဝင် ဆုတွေ အများကြီးရထားပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ မင်းသား
အစ်ရ်ဖန်ခန်း၊ မင်းသမီး နင်မရတ်ကော၊ ဇာတ်ပို့ နဝဇူသင်း စစ်ဒကီး တို့ပါ။ ဒီရုပ်ရှင်ကို
ထုတ်လုပ်တဲ့ ထုတ်လုပ်ရေးတွေကလည်း များမှများပဲ။ အိန္ဒိယက နာမည်ကြီး ထုတ်လုပ်ရေး (၅)
ခု အပြင် ဂျာမန်၊ ပြင်သစ် နှင့် အမေရိကန် ထုတ်လုပ်ရေးတွေပါ ပါပါတယ်။ ဇာတ်ကားရဲ့
ကြော်ငြာစာသားလေးကိုက စစားပါတယ်။ တစ်ခါမှ မမြင်ဖူးတဲ့ သူကို ချစ်ဖူးသလားတဲ့။
ဇာတ်လမ်းအကျဉ်းကတော့
ရိုးရိုးလေးလို့ ပြောလို့လည်း ရပါတယ်။ လင်ယောက်ျားရဲ့ အချစ်ကို မရတော့တဲ့
ကလေးတစ်ယောက်အမေ အီလာ နဲ့ စပါတယ်။ သူ့ယောက်ျားရဲ့ အချစ်ကို ပြန်လည်ရရှိဖို့ အတွက်
ရှေးရိုးနည်းအတိုင်း လျှာကနေ သိမ်းပိုက်မယ်ဆိုပြီး ကောင်းနိုးရာရာလေးတွေ ချက်ပြီး ထမင်းချိုင့်
ပို့တာပါပဲ။ အဲဒီမှာ သူတို့အိမ် အပေါ်ထပ်က အန်တီကြီး တစ်ယောက်ကလည်း ဘာချက်၊
ဘယ်လိုချက် ဆိုပြီ အကြံဥာဏ်တွေ ပေးပါတယ်။ ထမင်းချိုင့်ပို့တဲ့ စနစ်ကလည်း
အဲ့အချိန်တုန်းက အိန္ဒိယမှာ နာမည်ကြီးခဲ့တဲ့ ဒပ်ဘာဝါလာ ဆိုတဲ့ လူတစ်တန် ယာဉ်တစ်တန်နဲ့
ထမင်းချိုင့်တွေကို စုပေါင်းပို့တဲ့ စနစ်နဲ့ပါ။ အဲဒီမှာ အင်္ဂလန်က ဘုရင်မကြီးကတောင်
သဘောကျနေတယ် ဆိုတဲ့ စနစ်က မှားယွင်းပြီး အီလာရဲ့ ထမင်းချိုင့်က သူ့အမျိုးသားဆီကို
မရောက်တော့ဘဲ ရုံးစာရေးကြီး ဆာဂျန် ဆီကို ရောက်သွားပါတော့တယ်။ ဆာဂျန်ဟာ
မိန်းမကလည်း ဆုံးပါးသွားလို့ အထီးကျန်ဖြစ်နေတဲ့ မုဆိုးဖိုကြီးပါ။ အလုပ်ကလွဲလို့ ဘာသက်ဝင်
လှုပ်ရှားမှုမှ မရှိတော့တဲ့ စက်ရုပ်ဆန်ဆန် လူသားကြီးပါ။ ဒါပေမယ့် ပထမဆုံး နေ့မှာတင်
အီလာက မှားမှန်းသိသွားပါတယ်။ ဒါပေမယ့် အဲဒီက စလို့ အီလာနဲ့ ဆာဂျန်ဟာ ထမင်းချိုင့်ထဲ
စာလေးတွေ အပြန်အလှန် ပို့ကြရင်း သံယောဇဉ်တွေ ညှိတွယ်မိကြပါတယ်။ အီလာရဲ့
ယောက်ျားကလည်း ဖောက်ပြန်နေတာဖြစ်ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ ဒီလိုနဲ့
သံယောဇဉ်တွေ ရှည်ကြာလာတော့ အီလာက ဆာဂျန်ကို လူကိုယ်တိုင် တွေ့ချင်လို့
ဆိုင်တဆိုင်ကို ချိန်းပါတယ်။ ဆာဂျန်က ဆိုင်ကို လာပေမယ့် အီလာကိုတော့
လူချင်းမတွေ့ခဲ့ပါဘူး။ ဆာဂျန်မှာ သူပင်စင်ယူရင် သူ့နေရာကို အစားဝင်မယ့် ရှအစ်
ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အဓိက ဇာတ်ပို့ပေါ့။ ဇာတ်လမ်းအဆုံးမှာတော့
အီလာရော ဆာဂျန်ပါ သူတို့ကို သူတို့ ပြန်လည် တွေ့ရှိသွားပါတယ်။ ဟုတ်ပြီ သူတို့
ဘယ်လို တွေ့ရှိသွားကြတာလဲ။
ဒီဇာတ်ကားမှာ
အားလုံးလိုလို သတိထားမိတာကတော့ အပေါ်ထပ်က အီလာကို ဟင်းချက်နည်းနဲ့ ပတ်သတ်လို့ အကြံအမြဲပေးတတ်တဲ့
အန်တီပါပဲ။ ဒီတကားလုံးမှာ အန်တီဆိုတဲ့ ဇာတ်ကောင်ဟာ အသံနဲ့ပဲ သရုပ်ဆောင်သွားတာပါ။
သူ့ပုံဘယ်လိုနေတယ်ဆိုတာကို သိဖို့နေနေသာသာ သူ့ရုပ်ကို မြင်ရဖို့ အသာထား
သူ့နာမည်ကိုတောင် ကြည့်ရှုသူတွေ သိအောင် ဖော်ပြမသွားပါဘူး။ သူဟာ သူဖန်တီးထားတဲ့၊
သူထုတ်လုပ်ထားတဲ့ ဘာသာစကားထဲမှာပဲ သူ့ဘဝ ဖြစ်တည်နေရတာပါ။ ဒါပေမယ့် ဒီဖြစ်တည်မှုကို
မစစ်မှန်ဘူးလို့ ဘယ်သူ ပြောနိုင်ပါသလဲ။ ဘာသာစကားနဲ့ ဖွဲ့စည်းထားတဲ့ သူ့ဘဝကြီးလို့
ပြောလို့ရပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဖြစ်တည်မှု ဆိုတာ အခြားသူကို မှီခိုနေရတာလား။
အခြားသူတွေနဲ့ ဘာသာစကားကို အသုံးပြု ဆက်သွယ်မှု ပြုလုပ်လိုက်မှ ကိုယ့်ဖြစ်တည်မှုက
ပီပြင်လာတာလား။ ဒီကားမှာ အဲဒီ အန်တီဆီမှာလည်း နာမကျန်းတဲ့ သူ့အမျိုးသား ရှိပါတယ်။
အဲဒီ အမျိုးသားကြီးကလည် အိပ်ရာထဲက မထနိုင်ပါဘူး။ သူ့မှာ မျက်လုံး နှစ်လုံး
ပွင့်ရာကစ ညအိပ်လို့ မျက်လုံးနှစ်လုံး ပိတ်သွားတဲ့ အထိ မျက်နှာကျက်က ပန်ကာ
လည်တာကိုပဲ ကြည့်နေရသူပါ။ အဲတော့ အန်တီက ထင်တယ်။ အဲဒီ ပန်ကာသာ ရပ်သွားမယ်ဆိုရင်
သူ့အမျိုးသား သေသွားမယ်ပေါ့။ အဲဒီ နေရာမှာလည်း လူရဲ့ ဖြစ်တည်မှုဟာ အရာဝတ္ထုပစ္စည်း
ကိရိယာတွေ အပေါ် မှီခို နေရသလား၊ မူတည်နေသလား ဆိုတာ စဉ်းစားစရာပါပဲ။ ကာယကံ လှုပ်ရှားမှု
လုံးဝမရှိတော့သလို ဖြစ်တဲ့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာကရော ဘာများပါလဲ။
နောက်ပြီး
အဓိက ဇာတ်ပို့ဖြစ်တဲ့ ရှအစ် ဟာ မိဘမဲ့ကလေးတစ်ယောက်ပါ။ သူ့ဘဝ တလျောက်လုံး ဘဝမှာ
ရပ်တည်နိုင်ဖို့ မျိုးစုံ ကြိုးစား ရှာဖွေ နေရတဲ့သူပါ။ ဆာဂျန် နေရာကို အစားဝင်ဖို့
သူအလုပ်ရတာလည်း ဘွဲ့လက်မှတ် အတုနဲ့ပါ။ ဇာတ်ကားထဲမှာတော့ သူ့ဘဝ ရပ်တည်ဖို့ အတွက်
သူခိုင်မာခဲ့ပါတယ်။ သူလိုချင်တဲ့ မိန်းမလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေ
မရခဲ့ရင်လည်း သူဟာ ဖြစ်တည်မှု သေချာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူရဲ့ ရှာဖွေမှု
ကိုယ်တိုင်က သူ့ရဲ့ တွေ့ရှိမှုပါပဲ။ သူရဲ့ ရှာဖွေမှု အဟုန်ဟာ ဖြစ်တည်မှု၊ သက်ဝင်မှု
ကင်းမဲ့နေခဲ့တဲ့ ဆာဂျန်ကိုလည်း တနည်းတဖုံအားဖြင့် အကူအညီပေးနိုင်ခဲ့ပါတယ်။
သတိပေးနိုင်ခဲ့ပါတယ်။
အဓိက
ဇာတ်ဆောင် အီလာကတော့ သူ့ဘဝ ရိုးရှင်းပါတယ်။ ယောက်ျားနဲ့ သမီးရဲ့ ဝေယျာဝစ္စတွေ
ကိုလုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပါ။ ဒါပေမယ့် ဇနီးတစ်ယောက် အဖို့
လင်ယောက်ျားရဲ့ အချစ်ကို မရရှိတော့ရာက စလို့ အီလာရဲ့ ရှာဖွေမှု ခရီးစဉ်ကြီး စတင်
အသက်ဝင်လာ ပါတော့တယ်။ ပထမတော့ ယောက်ျားရဲ့ အချစ်ကို ပြန်လည်ရရှိဖို့
ကြိုးစားပါတယ်။ ဒါပေမယ့် တကယ့် ချစ်ခြင်းမေတ္တာကိုတော့ မထင်မှတ်တဲ့ နေရာကနေ ထင်မှတ်မထားတဲ့
ပုံစံနဲ့ ရရှိလိုက်ပါတယ်။ အိမ်မှုကိစ္စတွေနဲ့ပဲ ဘဝမှာ အရသာကင်းမဲ့၊
သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေရတဲ့ မိန်းမသားတွေရဲ့ ဘဝကိုလည်း ဒါရိုက်တာကြီးက
ဖော်ကျူးသွားပါသေးတယ်။
အီလာရဲ့
အမေကိုယ်တိုင်ကလည်း အဲဒီလို မိန်းမသား မျိုးပါပဲ။ လူမမာ လင်ယောက်ျားကိုသာ
တချိန်လုံး ပြုစုနေရင်း သူရဲ့ ဖြစ်တည်မှု ပျောက်ဆုံးနေရတဲ့ မိန်းမပါ။ သူ့ယောက်ျား
ဆုံးပါးသွားတဲ့ အခါ သူ့သမီး အီလာကို ပြောတဲ့စကားက ကြည့်သူအားလုံးကို
ရှော့ခ်ရစေပါတယ်။ “ငါ ဗိုက်ဆာတယ်” တဲ့။ လင်ယောက်ျား ဆုံးသွားလို့ ဝမ်းနည်းပက်လက်
ငိုကြွေးနေရမယ့် အစား သူ့ပါးစပ် ထွက်လာတဲ့ စကားပါ။ ဝမ်းနည်းလွန်းလို့
ယီးတီးယောင်တောင် ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတချိန်လုံး
ပြုစုပေးခဲ့တဲ့၊ တနည်းအားဖြင့် တာဝန်ကျေစွာ လုပ်ကိုင်ပေးခဲ့ရတဲ့ ယောက်ျားသေတော့မှ
သူရဲ့ ဖြစ်တည်မှုကို ပြန်လည် ရှာတွေ့တာလို့ ထင်ပါတယ်။ သူ့ကိုယ်ခန္ဓာမှာ
ဖြစ်ပျက်နေတာကို ပြန်လည် မြင်နိုင်သွားတာပါ။ လောကကြီးမှာ အဲဒီလို သူတပါးအတွက်၊
မိသားစုအတွက် ဘာအတွက် ညာအတွက် ဆိုပြီး သူတပါးတွေအတွက်သာ လုံးပမ်းရင်း
ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေရတဲ့ လူတွေ ဘယ်လောက်များ ရှိပါလိမ့်မလဲ ဆိုတဲ့ တွေးစရာတွေ
တသီကြီး ပေးပါတယ်။ ဒီနေရာမှာ အတ္တကြီးရမယ့် သဘော ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့်
ကိုယ့်ရဲ့ အတ္တဘဝကိုတော့ အမှန်အကန် သတိရှိရှိ နားလည် သဘောပေါက်နေရမှာပါ။ ဒီတော့မှသာ
လူ့ဘဝကြီးရဲ့ အနှစ်သာရကို ဖမ်းဆုပ် နိုင်မှာပါ။ လောကီ နဲ့ လောကုတ္တရာ ဆိုင်တော့
မဆိုင်ပေမယ့် မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ကျွန်တော်တို့ရဲ့
ရှင်တော်မြတ်ဘုရားဟာ လောကကြီးကို အမှန်တရား ပြသလိုတဲ့အတွက် သူရဲ့ မပြည့်ဝတဲ့
ပျော်ရွှင်မှုတွေ၊ အစွဲအလမ်းတွေကို မြင်အောင် ကြည့်ခဲ့တာပါ။ အဲ့အတွက်ကြောင့်
အီလာ့အမေရဲ့ ခံစားချက်ကိုလည်း ကျွန်တော်တို့ ကြည့်သူတွေ ကိုယ်ချင်းစာပြီး ခံစား
နားလည်ပေးနိုင် လောက်ပါတယ်။
သူ့သမီး
အီလာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် အီလာကတော့ ကံကောင်းခဲ့ပါတယ်။
ချစ်ခြင်းမေတ္တာကို ပြန်လည်ရရှိခဲ့ပါတယ်။ လျှာအတွက် အရသာကို သူများကို ပေးရင်း
သူကိုယ်တိုင်အတွက် သူ့ဘဝရဲ့ အရသာကို ပြန်လည် ရရှိခဲ့ပါတယ်။ ဆာဂျန် ဘဝကြီးလည်း
ပထမတော့ အသက်ကင်းမဲ့နေတဲ့ ဘဝကြီးပါပဲ။ အလုပ်အကိုင် ကောင်းကောင်းရှိတယ်။
ဇနီးသည်ကလည်း ဆုံးပါးသွားပြီ ဆိုတော့ ကျန်ရှိနေသေးတဲ့ ဘဝကို အပူအပင်ကင်းကင်း ဒါမှမဟုတ် အသက်ကင်းမဲ့စွာ
ဖြတ်သန်းဖို့သာ ပြင်နေသူပါ။ ဒါပေမယ့် သူဟာလည်း လျှာဖျားက တဆင့် သူ့ဘဝရဲ့ အရသာကို
ပြန်လည် ရရှိခဲ့ပါတယ်။ သူကိုယ်တိုင်က ဘာမှ မဟုတ်ဘူး၊ အရသာ မရှိဘူးလို့ ထင်ရတဲ့
ဘဝကြီးကို တန်ဖိုး ပြန်ထားတတ်သွားပါတယ်။ အရသာ ပြန်ရှိသွားပါတယ်။ နောက်ပြီး
သူကိုယ်တိုင် တန်ဖိုးသိပ်မထားတော့တဲ့ ဘဝကြီးဟာ ရှအစ် လို လူငယ်လေးအတွက် သေမတတ်
အရေးပါနေတာကိုလည်း သူတွေ့လိုက်ရလို့ပါ။ သူဟာ ပြန်လည်ရှင်သန် ထမြောက်ခဲ့တယ် လို့
ဆိုကြပါစို့။
အီလာ
နဲ့ ဆာဂျန်ရဲ့ သံယောဇဉ် ဆက်နွယ်မှုကို ပြန်ကြည့်ကြရအောင်။ သူတို့ နှစ်ယောက်ဟာ
တစ်ယောက်ကို တစ်ယောက် တစ်ခါမှ မမြင်ဖူးဘဲ သံယောဇဉ်တွယ်ခဲ့ကြတာပါ။ ဒီဘက်ခေတ် Chatting
ဝင်နေကြတဲ့ လူငယ်တွေ အတွက်ကတော့ ဒါ သိပ်မထူးဆန်းဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့်
သူတို့ ခေတ်ကတော့ ရိုးရိုး တကယ့်စာလေးတွေ နဲ့ပါပဲ။ ထားတော့။ ဘယ်ခေတ် ဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာ ဆိုတာ အဲဒီလို ဘာသာစကား ကြီးထဲမှာတင်ပဲ တည်ရှိနေကြောင်းကို
ရိုက်ပြသွားတာပါ။ အချစ်အကြောင်းကို အများကြီး ဘာသာပြန်ခဲ့ကြ၊ အနက်ဖော်ခဲ့ကြပြီးပါပြီ။
အပြန်အလှန်အားဖြင့် ဘာသာစကား မပါတဲ့ ချစ်ခြင်း အကြောင်းတွေကိုလည်း ရိုက်ပြခဲ့တဲ့
ရုပ်ရှင်ကားတွေ အများကြီး ရှိခဲ့ပြီးပါပြီ။ အိန္ဒိယ ကားတစ်ကားပဲ ဖြစ်တဲ့ kite
ဆိုတဲ့ ကားကို ပြန်ကြည့်လို့လည်း ရပါသေးတယ်။ ဒါပေမယ့် ဘာသာစကား တစ်ခုတည်းနဲ့
ချစ်ခြင်းမေတ္တာ အကြောင်းကို ရိုက်ပြသွားတဲ့ ကားကတော့ တော်တော်ရှားပါတယ်။ တွမ်ဟန့်
ကားတစ်ကားတော့ ရှိပါတယ်။ ရှာကြည့်ကြည့်ကြပါ။ မြန်မာရုပ်ရှင်က ဆရာကြီးတွေ တောင်
ကော်ပီလုပ်ထားတာ ရှိပါသေးတယ်။
တကယ်တမ်းမှာတော့
ဘာသာစကားဆိုတာ ရှိလာပြီး နောက်ပိုင်းမှာ ဘာသာစကားထဲမှာ ချစ်ခြင်းမေတ္တာမှ
မဟုတ်ပါဘူး။ ကမ္ဘာကြီး တစ်ခုလုံး ရှိတာပါ။ ဒါကို သတိမထားမိကြတာပဲ ရှိပါတယ်။ အဲတော့
ဇာတ်ကားရဲ့ ကြော်ငြာအရ ပြောရရင် တစ်ခါမှ မမြင်ဖူးတဲ့ သူတစ်ယောက်ကိုလည်း
ချစ်နိုင်ပါတယ်။ ဘာသာစကားနဲ့ ငြိမ်းချမ်းရေးလည်း လုပ်လို့ရပါတယ်။ စစ်ကြီးလည်း
ဖြစ်လို့ရပါတယ်။ အသုံးချ၊ ရှာဖွေ၊ တူးဆွ
တတ်ဖို့သာ လိုတာပါ။ အီလာနဲ့ ဆာဂျန်ဟာ သူတို့ရဲ့ ဘဝအကြောင်းတွေကို ၊ နေ့စဉ်
အဖြစ်အပျက်တွေကို အပြန်အလှန် ရင်ဖွင့်ကြရင်း သံယောဇဉ်တွေ တွယ်မိ ကြတာပါ။ လူဆိုတာ
ဒီလိုပါပဲ။ ကိုယ့်ကို အရေးပေးမယ့်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အလေးပေး တန်ဖိုးထားမယ့်
လူသား တစ်ယောက် မဖြစ်မနေလိုပါတယ်။ ဒီနေရာမှာ မိဘတွေကိုလည်း ထောက်ပံ့ချင်တဲ့
အတွက်ကြောင့် ယောက်ျားက ဖောက်ပြန်မှန်းသိနေတာတောင် အောင့်အင်းသည်းခံပြီး နေနေရတဲ့
အီလာ့ဘဝ ကလည်း သနားစရာပါပဲ။ ဒါပေမယ့် အီလာဟာ ဆာဂျန်ကြောင့် သူ့ဘဝကို သူ
ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဆာဂျန်ကို သံယောဇဉ် ဖြစ်မိတာ
ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အတ္တဘဝ ဖြစ်တည်မှုနဲ့ အချစ် ဆိုတာ ခွဲခြားလို့
မရကောင်းတဲ့ အရာပါပဲ။ အီလာတို့ နှစ်ယောက်ဟာ ဘဝချင်း ဖလှယ်သိစေပြီး
နောက်ပိုင်းမှာတော့ နှလုံးသားချင်းပါ ဖလှယ်သွားနိုင်ပါတယ်။
ဆာဂျန်ဟာ
ပထမပိုင်းမှာပဲ ထမင်းချိုင့်မှာ ဘာဟင်းပါလာမလဲ ဆိုတာကိုသာ စိတ်ဝင်စားတာပါ။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အစားအသောက်ကို စိတ်မဝင်စားတော့ပါဘူး။ ရှအစ် ကိုတောင်
ကျွေးပစ်ပါတယ်။ လျှာဖျားက အရသာထက် နှလုံးသားက အရသာကို ပိုပြီး တပ်မက်သွားကြောင်း
ရိုက်ပြသွားတာပါ။ အဲတော့ ကျွန်တော်တို့ လူ့လောကကြီးမှာလည်း လျှာဖျားက အရသာ
နောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်နေကြပြီး တကယ့် လူ့ဘဝရဲ့ အနှစ်သာရ၊ အရသာကို
မရရှိခဲ့တဲ့၊ မေ့ပျောက်နေကြတဲ့ လူတွေကို လှန့်နိုးလိုက်သလိုပါပဲ။ တစ်ခါ တစ်ခါ
ခံစားမှု ဆောင်းပါးရေးရတာ ဖြစ်တဲ့ အတွက်ကြောင့်ရော၊ ရုပ်ရှင်ဆိုတာ လူထဲက
လူတွေအကြောင်းကို ရိုက်ပြတာ ဖြစ်တဲ့ အတွက်ကြောင့်ရော ဒါရိုက်တာကိုယ်တိုင်တောင် ရည်ရွယ်ပြီး
ရိုက်ပြထားတာ မဟုတ်လောက်တဲ့ အရာတွေကို ကျွန်တော်တို့ ကြည့်သူတွေက မြင်တတ်ပါတယ်။
မိတ်ဆွေတို့ ကြည့်ရင်လည်း မိတ်ဆွေတို့ ရတာတွေက ကျွန်တော်နဲ့ တူချင်မှ တူမှာပါ။
ဇာတ်ကားထဲမှာ ဟာသဆန်ဆန် ရိုက်မထားပေမယ့် ဟာသဖြစ်စရာ တစ်ခုလည်း ရှိပါသေးတယ်။
ကျွန်တော်တို့တွေဟာ ဘွဲ့တွေ ပညာတွေကို အသက်မွေးဝမ်းကျောင်းဖို့အတွက်သာ အများစုက
သင်ကြားခဲ့ကြတာပါ။ တနည်းအားဖြင့် ပြောရရင် ထမင်းတလုပ်စားရဖို့ အတွက်သာ
သင်ကြားခဲ့ကြတာပါ။ ဒါပေမယ့် ဇာတ်ကားထဲမှာ ရှအစ် ဟာ အချိန်မလောက်လို့ ရုံးအသွားအပြန်
ရထားပေါ်မှာတင် ဟင်းချက်စရာတွေကို ရုံးက ဖိုင်တွေကို စင်းနှီတုံး လို
အောက်ခံထားပြီး လှီးသင်ပါတယ်။ ဒါပေမယ့် ဒါကို မန်နေဂျာက သိသွားတော့ စာရင်းတွေ
မှားလို့ ဒေါသထွက်တဲ့ အပြင် အဲဒီလို ကြက်သွန်နံ့၊ ဟင်းရွက်နံ့တွေ နံ့နေလို့ ဆာဂျန်တို့
နှစ်ယောက်ကို ကောင်းကောင်းကြီး ကောပါတော့တယ်။ အော် ထမင်းတစ်လုပ်၊ ဟင်းတပွဲ အတွက်
အလုပ်လုပ်နေကြတဲ့ သူတွေဟာ အလုပ်မှာ ဟင်းနံ့ နံတော့ မခံနိုင်ကြပါလား။ တွေးကြည့်လေ
ပြုံးချင်စရာဖြစ်လေပါပဲ။
ဇာတ်လမ်းကို
ထပ်ဆက်ရရင် ဇာတ်ကားလေးဟာ ကျွန်တော်တို့ကို
စိတ်ကူးယဉ်ထဲမှာပဲ မထားခဲ့ပါဘူး။ အီလာနဲ့ ပထမဆုံး လူချင်းတွေ့ခါနီးမှာ ဆာဂျန်ဟာ
သူရဲ့ ဖြစ်တည်မှု အစစ်အမှန် ကို ပြန်လည် တွေ့ရှိလိုက်ပါတယ်။ ဒါကတော့
အခြားမဟုတ်ပါဘူး။ သူရဲ့ အသက်အရွယ်ပါပဲ။ မထင်မှတ်ဘဲ ရေချိုးခန်းထဲမှာ မုတ်ဆိတ်ရိတ်နေရင်း
သူဟာလည်း သူ့အဘလို အိုနံ့ရနေပြီလို့ သိလိုက်ရတာပါပဲ။ အဲဒီမှာတင် သူဟာ အီလာကို
သွားသာ ကြည့်ပေမယ့် လူချင်းမတွေ့တော့ပါဘူး။ အသက်အရွယ် ကွာဟလွန်းတဲ့ အတွက် အီလာရဲ့
ငယ်ရွယ်လှပ နုပျိုနေသေးတဲ့ ဘဝလေးကို သူ့အတ္တအတွက် မသိမ်းပိုက်ချင်တော့ပါဘူး။ လှလိုက်တဲ့
ချစ်ခြင်းလေးပါပဲ။ ဘာသာစကားဆိုတဲ့ လူရဲ့ ဖန်တီးမှုက ပေါက်ဖွားလာတဲ့ အချစ်ကို လူ့ရဲ့
ဖြစ်တည်မှု အစစ်အမှန် တနည်းအားဖြင့် အိုခြင်း၊ နာခြင်းတွေနဲ့ အနားသပ်ပြသွားတာပါပဲ။
ဇာတ်သိမ်းကိုက ညင်သာ သိမ်မွေ့လွန်းပါတယ်။ အရမ်း ကြည့်ကောင်းတဲ့ ကားလေးပါပဲ။ ချစ်ခြင်းမေတ္တာကို
သရုပ်ဖော်သွားပုံဟာ လက်ဖျားခါ လောက်ပါတယ်။
နောက်ပြီး
ဒီဇာတ်ကားထဲမှာ အီလာရဲ့ ဖောက်ပြန်နေတဲ့ ယောက်ျားကိုရော၊ အီလာတို့ရဲ့ စာအသွားအလာထဲက
ဖောက်ပြန်မှုကိုရော ဒါရိုက်တာက အပြစ်တင်တဲ့ဖက်က ရိုက်ပြသွားတာ မဟုတ်ပါဘူး။
ဇာတ်ကားထဲမှာ ရှအစ် ပြောတဲ့ စကားလေးလိုပါပဲ။ “ရထားမှားစီးမိလည်း ဘူတာအမှန်ကို
ရောက်နိုင်တာပဲ” တဲ့။ အီလာတို့ နှစ်ယောက်ကတော့ လူ့ဘဝရဲ့ အရသာ အစစ်ဖြစ်တဲ့
ဘူတာအမှန်ကို ဆိုက်ရောက်ခဲ့ကြောင်း ရိုက်ပြသွားပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရသာ
ရှိစွာ ပြန်လည်တွေ့ရှိ သွားကြပါတယ်။ လူ့အသိုင်းအဝိုင်းက လက်မခံတဲ့ ဖောက်ပြန်တယ်
ဆိုတဲ့ သဘောကို ဒါရိုက်တာက လိမ္မာ ပါးနပ်စွာ ရိုက်ပြသွားတာပါ။ လူ့လောကကြီးမှာ
တနည်းအားဖြင့် လူလူချင်းပေါင်းသင်းဆက်ဆံရေးတွေမှာ အမှန်၊ အမှား ဆိုတာ
ပြတ်ပြတ်သားသား ရှိလို့လား။ အမှား နဲ့ အမှန်ကြား ခြားနားထားတဲ့ မျဉ်းဟာ
ဘယ်လောက်ထူပါသလဲ။ အဲဒီမျဉ်းက တကယ်ရော ရှိလို့လား။ ပုထုဇဉ်လူသားတွေရဲ့
ထင်မြင်ယောင်မှားမှု တစ်ခုပဲလား။ ကိုယ်ကျင့်တရားဆိုတာ ကရော ဘယ်ဟာကို ခေါ်တာလဲ။
ကိုယ့်ကိုယ်ကို မတရားလုပ်မှ လောကကြီးမှာ တရားနည်းလမ်းကျတာလား။ အမှန်တရားဆိုတာကရော ဘယ်လောက်မှန်တာလဲ။
ဘယ်အတိုင်းအတာအထိ မှန်တာလဲ။ အီလာရဲ့ အစောပိုင်း အိမ်စေလို၊ အရသာ မရှိတဲ့ ဘဝက
မှန်တာလား။ ဆာဂျန်ရဲ့ ကလေးတွေကိုတောင် မချစ်တတ်တဲ့ ၊ လူ့အသိုင်းအဝိုင်းနဲ့ သဟဇာတ
မဖြစ်တဲ့ ဘဝကြီးက မှန်တာလား။ နောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ ကိုယ့်ဘဝကို
ကိုယ်ကိုယ်တိုင် ပြန်လည် ရှာတွေ့မှုတွေက မှားတာလား။ စဉ်းစားစရာပါပဲ။
ဇာတ်ကားကောင်းဆိုတာ အဲဒီလို အခြားတဖက်က စဉ်းစားစရာတွေကို အမြဲချပေးသွားပါတယ်။
အနုပညာတစ်ခုရဲ့ နူးညံ့သိမ်မွေ့တဲ့ အင်အားပါပဲ။
ဒီနေရာမှာ
ကျွန်တော်ဟာ တလျောက်လုံး ရုပ်ရှင်ခံစားမှု ဆောင်းပါး လို့ ခေါင်းစဉ် တပ်ပြီး
ရေးခဲ့တာပါ။ အဲ့အတွက်ကြောင့် ရုပ်ရှင်ဖန်တီးမှု အတတ်ပညာပိုင်းတွေကို
ရေးလေ့မရှိပါဘူး။ အတတ်ပညာပိုင်းတွေကို သိချင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာတွေရဲ့
စာတွေကိုသာ ရှာဖတ်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ ကင်မရာ
ရှုထောင့်တွေဟာ ဇာတ်ကားတစ်ကားလုံးကို သယ်သွားနိုင်ကြောင်းတော့ ပြောချင်ပါတယ်။
အီလာရဲ့ ဘဝကိုရော၊ ဆာဂျန်ရဲ့ ဘဝကိုရော ရိုက်ပြသွားတဲ့ နေရာမှာ သူတို့ဘဝတွေ
မပြောင်းလဲခင် နဲ့ ပြောင်းလဲပြီး နောက်ပိုင်း သူတို့ ပုံမှန်နေထိုင်သွားလာ
စားသောက်တဲ့ နေရာတွေကို တိတိကျကျ ရှုထောင့်ပြောင်း ရိုက်သွားတာတွေဟာ ဇာတ်ကားနဲ့
အံဝင်ခွင်ကျ ကောင်းမွန်လွန်းပါတယ်။ ကင်မရာ အထူးပြုလုပ်ချက်တွေ ဘာမှ မပါဘဲ
ရိုက်သွားတဲ့ နေရာမှာ သူတို့ဆီက ရုပ်ရှင်ပညာဟာ ကျွန်တော်တို့ဆီက ရုပ်ရှင်တွေနဲ့
အရမ်းကွာခြား အဆင့်မြင့် သွားပြီ ဆိုတာကို သိလိုက်ရပါတယ်။ ပစ္စည်းကိရိယာတွေ
အဆင့်မီမှ၊ လွတ်လပ်မှ ဘာမှ ညာမှ နဲ့ အကြောင်းပြနေလို့ ဘယ်လိုမှ
အရာမဝင်နိုင်တော့ပါဘူး။ သူတို့ဆီမှာ ရထားပေါ်က မြင်ကွင်းကအစ ဇာတ်ကားရဲ့ အဓိက
အကြောင်းအရာကို ပံ့ပိုးနိုင်အောင် ရိုက်သွားတာ အရမ်းလေးစား စရာ ကောင်းပါတယ်။
ထားပါတော့။
အဲဒီတော့
ဘာသာစကားရဲ့ အင်အားတွေ၊ လူ့ဘဝကြီးထဲက ရှင်သန်ရပ်တည်မှုတွေ၊ လူ့လောကရဲ့ အမှားတွေ
အမှန်တွေ၊ ကို ရှာဖွေရင်း မိမိကိုယ်ကိုလည်း ပြန်လည်တွေ့ရှိဖို့ ကြိုးစားနေတယ်
ဆိုရင်တော့ ဒီ The Lunchbox ဇာတ်ကားလေးဟာ သေချာပေါက် ကျွန်တော်တို့ကို နှစ်သက်စရာ၊
ကြည်နူးစရာ၊ တွေးတောဆင်ခြင်စရာ သင်ခန်းစာတွေ ထိုက်ထိုက်တန်တန် ပေးစွမ်းနိုင်ပါတယ်
လို့ ပြောကြားရင်း အားလုံး ကိုယ့်ကိုယ်ကို ရှာတွေ့ကြပါစေလို့ တောင်းဆု
ပြုလိုက်ပါတယ်။
ရှိန်ဝါ
No comments:
Post a Comment