(၁)
ကုလားထိုင်ကို
ပြောင်းပြန်ထိုင်ရတာ ပျော်စရာကောင်းမှန်း ငါလည်းသိပြီ။ ထီထိုးပြီးတိုင်း ထီလက်မှတ်တွေကို
လွှင့်ပစ်တယ်။ ငါမှားခဲ့ကြောင်းတော့ ငါမသိချင်ဘူး။
လူတွေက
ငါ့ကို
ပင်လယ်ကြတော့
သစ်ရွက်တွေထိုးဟောင်တဲ့ တောအုပ်ကိုပဲ ရွေးလိုက်တယ်။
(၂)
လူအများစု
စုညကြပြီဆိုရင် ပွဲတော်ညရောက်ပြီပဲ
စာရွက်တွေပေါ်
ကိုယ်စားချင်ရာ စားစရာတွေကိုရေးလို့ စာရွက်တွေကို တဂျွတ်ဂျွတ်ဝါးကြတယ်
ကြယ်တွေကို
မျက်ရည်သင်္ကေတအဖြစ် မဆွဲသားနိုင်သေးတော့ ကောင်းကင်ကြီးငိုနေကြောင်း
ဘယ်အိပ်မက်မှ
မသိကြဘူး။
(၂)
ဓါတ်တိုင်ချင်းတူပေမယ့်
လမ်းချင်းတော့ တူချင်မှ တူမှာ
ဘယ်ကိုဆက်ပြီး
လျှပ်စီးရမယ်မသိတော့ လက်ကားယားခြေကားယား သုတ်သင်ခံလိုက်ရသူတယောက်လေလား။
ငါ့ရန်သူတွေ
ထိုးလိုက်လို့ ကျွတ်သွားတဲ့ ငါ့သွားတိုင်းကို
ငါ့ခြံစည်းရိုးအဖြစ်
ငါကာတယ်။
အဲဒီသွားခြံစည်းရိုးတွေဟာ
လူမသိသူမသိ ငါ့ဖောင်ကို ငါဖွဲ့ထားတာလည်း ဖြစ်နိုင်တယ်။
(၃)
ရေအိုင်တွေတွေ့တိုင်း
ကိုယ်တခြမ်းဆင်းစိမ်တယ်
ရေပေါ်မှာ
တယောက် ၊ ရေအောက်မှာတယောက်
ရေပြင်ပေါ်မှာ
ငါ့ကို ပြန်ကြည့်နေတဲ့တယောက်
ရေနစ်နေတဲ့လူတိုင်းဟာ
ခွေးဘဝကိုတောင့်တာကြတာချည်းပဲ
ငါ့နာမည်ကို
ငါမမှတ်မိတော့တဲ့အချိန်တိုင်း ငါ့ခွေးလေးကိုကြိုးနဲ့ဆွဲလို့ လမ်းလျောက်ထွက်တယ်။ ငါ့နာမည်ကိုခေါ်ရမယ့်အစား
ခွေးလေးနာမည်ကိုသာ ခေါ်ကြတော့ ငါ့ခွေးလေးနာမည်ကိုပဲ ငါ့နာမည်အဖြစ်သတ်မှတ်လိုက်တယ်။
တောအုပ်ထဲမှာ
ကိုယ့်နာမည်ကို ခေါ်သံကြားလို့ ပြန်ထူးရင် သေပြီပဲ။
(၄)
ထောင်သားတယောက်ဟာ
သူ့ပတ်ဝန်းကျင်ကို အလွတ်ရသလို
ငါ့ပါးပေါ်က
အရေးအကြောင်းက 0.3 cm ပိုရှည်လာတာ ငါသိတယ်
မိုးကုပ်စက်ဝိုင်းပုံကပ်ထားတဲ့
ဘတ်စ်ကားကို
ဂိတ်စ
ဂိတ်ဆုံး စီးဖူးရင် လုံလောက်ပြီ
အိပ်ပျော်နေတဲ့
မင်းသမီးလေးဟာ ရုပ်ခန္ဓာကိုထားခဲ့ပြီး စိတခန္ဓာနဲ့ လူတကာကို လိုက်နမ်းခဲ့တာဖြစ်တယ်။ မင်းသားလေး
လာမနမ်းခင် အနမ်းအတွေ့အကြုံတွေ အများကြီးလိုချင်လို့လို့ သူက ဆင်ခြေပေးခဲ့တယ်။
ညစ်ညမ်းမှုဆိုရင်
လူသိခံစရာမလိုတဲ့အတွက် ပုံပြင်တွေဟာ အမြဲတမ်းသန့်စင်နေခဲ့တယ်။
တကယ်က
လူပုလေးခုနှစ်ယောက်ကိုသာ တွေ့ရပြီး
စနှိုးဝိုက်ကို
မတွေ့ရတဲ့ လူ့အသိုင်းအဝိုင်းကြီးထဲမှာ
ငါဟာ
ငါ့ကိုယ်ငါ လွမ်းနေရတယ်။
တ
နေရတယ်။
သ
နေရတယ်။
(၅)
ငါသိမ်းထားတဲ့
ငါ့တကိုယ်ရည်စစ်စစ်ဆီးခုံမွှေးတွေကို
Happy
New Year ညရောက်ရင် မီးပုံရှို့မယ်
Hair
New Year လို့ ကြုံးဝါးမယ်
ဘယ်ထင်းမဆို
တချောင်းတည်းထည့်ထည့် အစည်းလိုက်ထည့်ထည့်
မီးအားကောင်းနေရင်
ငါတို့ဟာ လောင်ကြတာပါပဲ
ပဲကြီးရေစိမ်အခွံချွတ်နေတဲ့လက်ဟာ
ပဲကြီးရေခွံနှယ်
ရှုံ့တွပြီး ပွင့်ချပ်လွှာတွေအဖြစ် ပွင့်ရ
ငါ့အတွင်းသားဖြူဖြူ၊
မြင်သူတွေ စားကြပါစေဆိုပြီး
ငါ့အရေခွံ
ငါချွတ် လေထီးလိုဖွင့်လို့ ငါလွှင့်ခဲ့လိုက်ပြီ
*ရွာမှထွက်လေ၊
တောမှာသေသည်
လည်ရှည်လင်းတ၊
ဝ၏တည်း။
ရှိန်ဝါ
၂၀၁၆ စက်တင်ဘာ
No comments:
Post a Comment