မှိုတွေဟာ
အညှိဓါတ်ရှိလို့သာ ပွင့်လာရတာ
လက်ညှိုးဆိုတာ
ထောင်ပြီးရင် တခုခုကိုထိုးရမှ
ထိုးစရာမရှိတာနဲ့
လေထဲမှာစက်ဝိုင်းတခုဆွဲလိုက်ပြီး
အဲဒီစက်ဝိုင်းထဲကို
ခုန်ဝင်လိုက်တယ်။
ထီးကို တပါတ်ပြည့်အောင်
လှည့်ရမယ်
ခွေးလေး ရေစက်တွေခါချတာ
သိပ်လှတာပဲ
တကယ်က ရေပေါ်ပေါ်နေတဲ့
ထီးရိုးကောက်ကိုသာ
မြင်ကြရတာဖြစ်ပြီး
ရေအောက်ကထီးရွက်ပွင့်ကိုကျ
ဘယ်သူမျှ
မခူးနိုင်ကြဘူးလေ။
ဝေလင်းထွန်းက
မနေ့ကစကားကို ပြန်ဆက်တယ်
အတိတ်ကို
သတိမရတော့တဲ့အခါ
မျဉ်းဖြောင့်တွေဟာ
ထင်သလောက်မဖြောင့်တော့ဘူး။
ဘောလုံးကွင်းကြီးထဲက
ကြည့်လိုက်တော့
မိုးကောင်းကင်ဟာ
သူတို့မြင်စေချင်သလို အဝိုင်းပုံစံ
တယောက်ဆံပင်ကို
တယောက်ကကြိတ်ဝါးရင်း
တကွင်းလုံး
တိတ်ဆိတ်နေတယ်
အများတကာ
ပက်လက်မျောနေရတဲ့ တံထွေးခွက်ကြီး
အဆိုပါ မိုးကြောင့်
အနှီဖားငယ် သေခဲ့ရလေတယ်။
ဘဝဆက်တိုင်း
ကိုယ့်ကိုယ်ကိုယ်လိမ်နိုင်ရမယ်
တရွာလုံးဟာ
ကြောက်လန့်တကြား
မွေးရာပါ
နားခြောက်ပေါက်ပါတဲ့ ကလေးကို
သတ်ပစ်လိုက်ကြတယ်
ကြားအပ် မကြားအပ်
နှစ်ရပ်များစွာမှာ နေထိုင်မယ်
အရေပြားပေါ်က
တိမ်အညစ်အကြေး
အမွှေးအမျှင်တွေနဲ့
ညှိရမှ နေပျော်သေပျော်မယ်။
နတ်ဖြစ်ချင်ရင်
ဆံပင်ရှည်ရမယ်
နတ်တွေဟာ
ခေါင်းလျှော်နေရတာနဲ့ပဲ မအားကြဘူး
မဟာကရုဏာတော်တံဆိပ်
ဝဲနှင်းခူပျောက်ဆေးကြီး
ဆရာဝန်က လက်အိတ်ကိုချွတ်ပြီး
လက်ဆေးပြီဆို
ကလေးတယောက်
လူ့လောကကို ရောက်လာပြီပဲ။
ကောင်းကင်မည်းမည်းကြီးထဲ
ကြယ်တွေဟာ
ဆပ်ပြာမှုန့်တွေဖြစ်တယ်
ပင်လယ်ဟာ
တစ်ရှုးဗူးထဲ ပုန်းကွယ်နေတယ်
ကားမီးထိုးလိုက်တဲ့
အခါ
သစ်ရွက်ပေါ်က
ရေစက်ဟာ
ဥာဏ်အလင်းပွင့်သွားတော့တယ်။
သူ့ခြေထောက်
သူပြန်ရိုက်ချိုးနေတဲ့ ထိုင်ခုံပဲ
ငှက်နှုတ်သီးဟာ
ဝါယာကြိုးတွေပဲ
လျှပ်စီးလက်ချင်ရင်
အသံတခုခုတော့ ပြုရတယ်
ငှက်သံကြားရမှ
ညဟာ
နေရှိနေမှန်းသိတော့တယ်။
မှန်ထဲမှာဆိုရင်
အထီးကျန်တဲ့သူဆိုတာ
ဘယ်သူမှ မရှိဘူး
မှန်ထဲမှာ
စကားလုံးတွေဟာ ဘယ်သူ့ကိုမဆို
အဖော်ပြုနေထိုင်ပေးတယ်
တချိန်လုံး။
နံရံရဲ့ ဟိုဖက်မှာက
ပြေးလွှားဆော့ကစားနေတဲ့
ကလေးတယောက်
သေးကတော့
မနေ့ကလိုပဲ နံမှာပဲ
နံရံဆိုတာ
သေးကော့ပန်းဖို့အတွက် တည်နေရာ
နံရံဟာ မွှတ်နေအောင်လည်တယ်
တံခါးခေါက်သူကို
မတွေ့ရမှာ စိုးတဲ့အတွက်
တံခါးကို
ဖွင့်မကြည့်ရဲခဲ့ဘူး။
ရှိန်ဝါ
၈ လပိုင်း တလလုံး
No comments:
Post a Comment