ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, September 28, 2015

သူ့ကျောက်မီးသွေးမခံပြီ

ပါးရေတွန့် ရွက်သစ်နုတွေ နဲ့ တောင်တန်း ပျော့ပြဲပြဲကြီး။
တောပန်းလေးရဲ့ အသံစွာစွာဟာ ငါ့နှာခေါင်းဝမှာ တဖျတ်ဖျတ် ဆူညံ။

တောအုပ်ထဲ နှုတ်ခမ်းမွှေးမဲမဲကို အထင်းသားမြင်စေသူ နေရောင်။
ဖုန်းမျက်နှာပြင် ရေမြေတောတောင်ရှုခင်းကို ဘယ်ကြောင်လာကုတ်သွားလဲ။

ဖက်ရှင်အရောင်းပြခန်းထဲက ခါးတပိုင်းပြတ်အရုပ်တွေ။
ငါ့ဆေးလိပ်ငွေ့ကို သည်းခံသူ မှိုင်းမြမြရိုးမ။

နို့နှစ်လုံးကြားက စီးကျလာတဲ့ ချွေးတွေနဲ့ ပျော်စမ်း လှိုက်ဖိုလမ်း။
တတောင်ဆုံးပြန်တော့ တလုံးမကကျန်သေးတဲ့ လမ်းကောက်ကောက်။

ဒီလောက်နဲ့ တရားမရသူ တခေါင်းလုံးဖွေးနေတဲ့ ဖုန်တွေ။
တိမ်ရိပ်ထက် တောင်ရိပ်က လေနှင်ရာလွင့်ပါး။

ကဗျာကို ကျွန်တော်တို့နားလည်အောင် ရေးလို့မရဘူးလား။
သံချောင်းအဟောင်းနဲ့ ဆိုင်းဘုတ်အသစ်တို့ရဲ့ ကမ္ဘာလုံး  ဆိုင်ရာ တိုက်ပွဲ။

ကျွန်ုပ်တို့ရွာကို ပြောင်းရွှေ့မပေးနိုင်ပါ သစ်ပင်။
ထင်းပုံနားက လက်ယပ်ခေါ်နေတဲ့ ကြောင်ရုပ်။

သံပခြုပ်ကျောပေါ်က အဆိပ်ဆူးတောင်တွေ
ကြားက စီးကျလာတဲ့ အရက်ဖြန်းအားဆေးတွေ။

ရွာခံတွေက မြို့က Vodka သောက်တယ်။
ငါတို့က ထွေးညိုတောအရက်သောက်တယ်။

စီမံကိန်းတိုင်းရဲ့ သက်ရောက်မှု (၃) ချက် လာပြောကြလို့ သိပြီ။
ဘွဲ့ဦးထုပ်ပေါ်မှာ ဆားပွင့်ရင် ဘွဲ့ဦးထုပ်ထဲမှာ ငါးနယ်လို့ရပြီ။

အုန်းပင်တွေကို အုန်းရည်သွင်းပြီး မြို့ဆေးရုံပို့နိုင်မယ်။
အုန်းရည်တွေကို ဘိုးဘွားတွေရဲ့ ဦးခေါင်းခွံနဲ့ ထည့်သယ်မယ်။

ကမ်းခြေမှာ စက်လှေတွေမောင်းတဲ့အခါ လှိုင်းတွေဟာ ခေါင်းဖြူလာ။
လှိုင်းတွေ လင်းပြရုံနဲ့ ငါးတွေက ညည စာကျက်နိုင်တော့မှာ။

မျောက်မျက်နှာ ကြည့်/မကြည့် မျောက်သားစားသူကပဲ ဆုံးဖြတ်နေတော့။
အိမ်ပြန်ရောက်လို့ လေချဉ်အတက်၊ တောနံ့တောင်နံ့တွေ ပြန်ရစေကြောင်း။

(၁၅/၁၆/၁၇ ငါးလပိုင်း ၂၀၁၅ ငရုတ်ကောင်းတောင် နှင့် ဂေါ်ရီကျွန်းအမှတ်တရ)
(ခေါင်းစဉ် - လူဆန်း ချီးမြှင့်သည်။)

ရှိန်ဝါ

No comments:

Post a Comment