ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, September 28, 2015

လက်ဖက်မစား ကွမ်းမစား သုခဘုံ

(၁)
ရုပ်ရှင်ထဲက ကလေးမွေးတာကို ထိုင်ကြည့်နေတယ်။
ပါရမီကုသိုလ်ထူးကဲလွန်းလို့သာ ဒုက္ခသည်ဖြစ်ရတာ။
တချက်ခြစ်၊ တချက်တောက် မီးခြစ်တွေဟာ အလွယ်ဝယ်လို့ရနေပြီ။
မျိုးရိုးဗီဇပြောင်းလဲခံလိုက်ရတဲ့ အဆိပ်ရှိ အလေ့ကျမှိုတွေ။
တယောက်ခြေသလုံး တယောက်ခဲနေတုန်း
နေလုံးက ထိုးအူတာ ခံလိုက်ရတယ်။
သိနေရခြင်းတွေဟာ မသိနားမလည်နိုင်လောက်အောင် ထူးဆန်းတယ်။
ကျေးဇူးရှင် ကိုယ်တုံးလုံးနတ်ကြီးကို ဝတ်လဲတော်လိုက်ရုံပေးနေသလို။
နွားရိုင်းတွေဟာ ရှေ့က အဝတ်စအနီကို မငြီးငွေ့သေးဘူးလား။
သွေးဘဏ်တဘဏ်ဘဏ်မှာ သွေးပုလင်းတလုံးလုံးကတော့
လူမသိ သူမသိ ကျ၊ ကျ ကွဲနေတာပဲ၊ နေ့တိုင်း။

(၂)
ညိုတကွက် မဲတကွက် မျက်နှာကျက်ဖြူဖြူ။ (ခပ်ညံ့ညံ့ရုပ်ရှင်ထဲကလို)
ခြေရည် လက်ရည်တွေဟာ စောင်တခုလုံး စိုရွှဲအောင် ပျော်ကျလို့။
တကျွိကျွိမြည်နေတာ နာရီကလား၊ မဲလေးကလား။ (ဒါလည်း ရိုးတာပဲ)
သနပ်ခါးအဖွေးသား နဖူးလေးကို မျှော်နေမိတယ်။ ရောက်လာတာက
ဆေးနံ့။ ခေါင်းပါ လှုပ်မရတာ ကံကောင်းတာပဲ။ (ကံက အမြဲကောင်းနေတာပဲ)
ပျော်ချင်လို့ပါ။ တင်ပါးမှာ စူးကနဲ နာပါစေသား။

(၃)
ပန်းကန်ခွက်ယောက်အလွတ်တွေကို ခေါက်ပြီး သီချင်းဆိုတယ်။
ပါးစပ်ထဲက ဆန်စေ့တွေ ထွက်ကျလာတယ် ရောင်စုံ။
ငါတို့ အကြိုက်ဆုံး ကစားနည်းက
အဖိုးရဲ့ လမ်းလျောက်တုတ်ထောက်ခဲ့တဲ့ နေရာတိုင်း
ခြေထောက်နဲ့ လိုက်လိုက်နင်းတာပဲ။
ကျေးဇူးတင်စရာအကောင်းဆုံးက
ငါတို့ကို လူကြီးလူကောင်းဖြစ်ခွင့်ပေးတဲ့ သူတောင်းစားတွေ။
မဖြစ်မနေ လုပ်ကြရမှာက
သေနတ်ပေါ် အာပုတ်ရည်တွေကျအောင် အိပ်ပစ်ဖို့ပဲ။

ငါ့ကို ကိုယ်ဝန်ရှိတော့ (အတိတ်ကောင်း နိမိတ်ကောင်း)
အမေဟာ ထုံးစံအတိုင်း ကြွေကမုတ်ထဲ ခေါင်းထိုးအန်ပစ်တယ်။
အလိုတူတူ မတူတူ လေလည်တဲ့အနံ့ဟာ ကိုယ့်ဖြစ်တည်မှုထဲ တန်းကနဲ။
နေရောင်ခြည်လို့ ရေးထားတဲ့ ဦးထုပ်ကိုဆောင်းပြီး
ငါလည်း ဝင်ရောက်ကစားခဲ့တယ်။
ဘေးက ရပ်ကြည့်သူကသာ အကောင်းဆုံးကစားသမား။
အရင်ဘဝက ချီးကောင်းကောင်းမယိုခဲ့လို့
ဒီဘဝ မြေသြဇာညံ့ညံ့မှာ လူဖြစ်ရတာ။
အရည်အသွေး မပြည့်မီတဲ့ ကြက်တွေဟာ
ဟင်းအိုးထဲအရောက်နှေးတယ်။ ရောက်ချင်မှ ရောက်မယ်။
ဆရာကျော်ကြီးလို့ ခေါ်တဲ့ အရူးကို “ဗိုလ်ကြီး … တိုက်” လို့ အော်ပြီး
(အပျော်ပေါ့) ငါတို့ အပျင်းပြေ ထွက်ပြေးနေကြတယ် အခုထိ။
ထွီစရာရှိတာ ထွီနေဖို့ပဲ။

ရှိန်ဝါ
၁၆ ဂျူလိုင် ၂၀၁၅

No comments:

Post a Comment