ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။
Showing posts with label ရုပ်ရှင်ခံစားမှုဆောင်းပါး. Show all posts
Showing posts with label ရုပ်ရှင်ခံစားမှုဆောင်းပါး. Show all posts

Tuesday, October 14, 2014

ချစ်ခြင်းမေတ္တာ ရှာဖွေခြင်းများ နှင့် ဘာသာစကားရဲ့ အရသာ (သို့) (The Lunchbox)

ချိုမိုင်မိုင် ရယ်လို့ ပီပီပြင်ပြင် မကတတ်ခင် ကတည်းက ကျွန်တော်တို့ လူသားတွေဟာ ရှာဖွေမှုနဲ့ အသားကျ လာခဲ့ကြတယ်။ ဖေဖေ၊ မေမေ မှ ချစ်ချစ်၊ သားသား၊ မီးမီး စသဖြင့် ဘဝတလျောက်လုံး ရှာဖွေရင်းသာ အချိန်ကုန်ခဲ့ကြတယ်။ ချစ်ခြင်းမေတ္တာ၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အမှန်တရား စသဖြင့် ရှာဖွေမှုတွေကလည်း မျိုးစုံလို့ပါပဲ။ ဒါပေမယ့် ရှာဖွေခဲ့တဲ့ အရာတွေကို တကယ်ရော ရရှိခဲ့ကြရဲ့လား။ အဲဒီရှာဖွေမှုတွေထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကို ရှာဖွေမှုကိုရော ပြုလုပ်ခဲ့ကြသူ ဘယ်နှစ်ယောက်ရှိခဲ့ပါသလဲ။ ရှာဖွေလို့ တွေ့ရှိခဲ့တဲ့သူရော ဘယ်နှစ်ယောက်ရှိခဲ့ပါသလဲ။
ကမ္ဘာကြီးဟာ ဘာသာစကားကို ရရှိခဲ့ပြီးနောက် ဘာသာစကားထဲက ကမ္ဘာကြီးကိုရော ကျွန်တော်တို့ ရရှိ ပါပြီလား။ ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးကိုရော တကယ်တွေ့ရှိကြပါပြီလား။ ကိုယ်ရဲ့ ဖြစ်တည်မှု၊ လူသားရဲ့ ဖြစ်တည်မှုကိုရော တွေ့ရှိပါပြီလား။ ကိုယ်ရဲ့ ဖြစ်တည်မှု ဆိုတာရော ဘာလဲ။ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံသုံးပါးစလုံးနဲ့ ကြိုးပမ်းတိုင်းရော ရလို့လား။ ချစ်ခြင်းမေတ္တာကို အမျိုးမျိုးသော အဓိပ္ပါယ်တွေ ဖော်ကျူးခဲ့ ကြတယ်။ ပြီးပြည့်စုံအောင် ဘယ်သူဖော်နိုင်ခဲ့လို့လဲ။ ချစ်ခြင်းမေတ္တာ ဆိုတာကို အနက်မဖွင့်ဘဲ သူရဲ့ တည်ရှိမှု လေးကိုပဲ လက်ခံပေးလိုက်လို့ မရဘူးလား။ ဘာသာစကားသက်သက်မှာတင် ချစ်ခြင်းဟာ မဖြစ်တည်နိုင်ဘူးလား။
အဲဒီ မေးခွန်းတွေ အားလုံးကို မေးသွားတဲ့ ၊ တတ်နိုင်သလောက်လည်း ကြိုးစား အဖြေပေးသွားတဲ့ ရုပ်ရှင်ကား လေးကတော့ ဘောလိဝုဒ်က နာမည်ကြီး ဇာတ်ကားဖြစ်တဲ့ The Lunchbox ပါပဲ။ ဒီဇာတ်ကားဟာ ၂၀၁၃  ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ စပြခဲ့တဲ့ကားပါ။ ဒါရိုက်တာကလည်း နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ ရီသေးဘတ်သရား ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ ဒီကားနဲ့လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေက ဆုများစွာ ထပ်မံရရှိပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေ အားလုံးလည်း ဇာတ်ပို့ဆု အပါအဝင် ဆုတွေ အများကြီးရထားပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ မင်းသား အစ်ရ်ဖန်ခန်း၊ မင်းသမီး နင်မရတ်ကော၊ ဇာတ်ပို့ နဝဇူသင်း စစ်ဒကီး တို့ပါ။ ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ ထုတ်လုပ်ရေးတွေကလည်း များမှများပဲ။ အိန္ဒိယက နာမည်ကြီး ထုတ်လုပ်ရေး (၅) ခု အပြင် ဂျာမန်၊ ပြင်သစ် နှင့် အမေရိကန် ထုတ်လုပ်ရေးတွေပါ ပါပါတယ်။ ဇာတ်ကားရဲ့ ကြော်ငြာစာသားလေးကိုက စစားပါတယ်။ တစ်ခါမှ မမြင်ဖူးတဲ့ သူကို ချစ်ဖူးသလားတဲ့။
ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးလေးလို့ ပြောလို့လည်း ရပါတယ်။ လင်ယောက်ျားရဲ့ အချစ်ကို မရတော့တဲ့ ကလေးတစ်ယောက်အမေ အီလာ နဲ့ စပါတယ်။ သူ့ယောက်ျားရဲ့ အချစ်ကို ပြန်လည်ရရှိဖို့ အတွက် ရှေးရိုးနည်းအတိုင်း လျှာကနေ သိမ်းပိုက်မယ်ဆိုပြီး  ကောင်းနိုးရာရာလေးတွေ ချက်ပြီး ထမင်းချိုင့် ပို့တာပါပဲ။ အဲဒီမှာ သူတို့အိမ် အပေါ်ထပ်က အန်တီကြီး တစ်ယောက်ကလည်း ဘာချက်၊ ဘယ်လိုချက် ဆိုပြီ အကြံဥာဏ်တွေ ပေးပါတယ်။ ထမင်းချိုင့်ပို့တဲ့ စနစ်ကလည်း အဲ့အချိန်တုန်းက အိန္ဒိယမှာ နာမည်ကြီးခဲ့တဲ့ ဒပ်ဘာဝါလာ ဆိုတဲ့ လူတစ်တန် ယာဉ်တစ်တန်နဲ့ ထမင်းချိုင့်တွေကို စုပေါင်းပို့တဲ့ စနစ်နဲ့ပါ။ အဲဒီမှာ အင်္ဂလန်က ဘုရင်မကြီးကတောင် သဘောကျနေတယ် ဆိုတဲ့ စနစ်က မှားယွင်းပြီး အီလာရဲ့ ထမင်းချိုင့်က သူ့အမျိုးသားဆီကို မရောက်တော့ဘဲ ရုံးစာရေးကြီး ဆာဂျန် ဆီကို ရောက်သွားပါတော့တယ်။ ဆာဂျန်ဟာ မိန်းမကလည်း ဆုံးပါးသွားလို့ အထီးကျန်ဖြစ်နေတဲ့ မုဆိုးဖိုကြီးပါ။ အလုပ်ကလွဲလို့ ဘာသက်ဝင် လှုပ်ရှားမှုမှ မရှိတော့တဲ့ စက်ရုပ်ဆန်ဆန် လူသားကြီးပါ။ ဒါပေမယ့် ပထမဆုံး နေ့မှာတင် အီလာက မှားမှန်းသိသွားပါတယ်။ ဒါပေမယ့် အဲဒီက စလို့ အီလာနဲ့ ဆာဂျန်ဟာ ထမင်းချိုင့်ထဲ စာလေးတွေ အပြန်အလှန် ပို့ကြရင်း သံယောဇဉ်တွေ ညှိတွယ်မိကြပါတယ်။ အီလာရဲ့ ယောက်ျားကလည်း ဖောက်ပြန်နေတာဖြစ်ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ရှည်ကြာလာတော့ အီလာက ဆာဂျန်ကို လူကိုယ်တိုင် တွေ့ချင်လို့ ဆိုင်တဆိုင်ကို ချိန်းပါတယ်။ ဆာဂျန်က ဆိုင်ကို လာပေမယ့် အီလာကိုတော့ လူချင်းမတွေ့ခဲ့ပါဘူး။ ဆာဂျန်မှာ သူပင်စင်ယူရင် သူ့နေရာကို အစားဝင်မယ့် ရှအစ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အဓိက ဇာတ်ပို့ပေါ့။ ဇာတ်လမ်းအဆုံးမှာတော့ အီလာရော ဆာဂျန်ပါ သူတို့ကို သူတို့ ပြန်လည် တွေ့ရှိသွားပါတယ်။ ဟုတ်ပြီ သူတို့ ဘယ်လို တွေ့ရှိသွားကြတာလဲ။
ဒီဇာတ်ကားမှာ အားလုံးလိုလို သတိထားမိတာကတော့ အပေါ်ထပ်က အီလာကို ဟင်းချက်နည်းနဲ့ ပတ်သတ်လို့ အကြံအမြဲပေးတတ်တဲ့ အန်တီပါပဲ။ ဒီတကားလုံးမှာ အန်တီဆိုတဲ့ ဇာတ်ကောင်ဟာ အသံနဲ့ပဲ သရုပ်ဆောင်သွားတာပါ။ သူ့ပုံဘယ်လိုနေတယ်ဆိုတာကို သိဖို့နေနေသာသာ သူ့ရုပ်ကို မြင်ရဖို့ အသာထား သူ့နာမည်ကိုတောင် ကြည့်ရှုသူတွေ သိအောင် ဖော်ပြမသွားပါဘူး။ သူဟာ သူဖန်တီးထားတဲ့၊ သူထုတ်လုပ်ထားတဲ့ ဘာသာစကားထဲမှာပဲ သူ့ဘဝ ဖြစ်တည်နေရတာပါ။ ဒါပေမယ့် ဒီဖြစ်တည်မှုကို မစစ်မှန်ဘူးလို့ ဘယ်သူ ပြောနိုင်ပါသလဲ။ ဘာသာစကားနဲ့ ဖွဲ့စည်းထားတဲ့ သူ့ဘဝကြီးလို့ ပြောလို့ရပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဖြစ်တည်မှု ဆိုတာ အခြားသူကို မှီခိုနေရတာလား။ အခြားသူတွေနဲ့ ဘာသာစကားကို အသုံးပြု ဆက်သွယ်မှု ပြုလုပ်လိုက်မှ ကိုယ့်ဖြစ်တည်မှုက ပီပြင်လာတာလား။ ဒီကားမှာ အဲဒီ အန်တီဆီမှာလည်း နာမကျန်းတဲ့ သူ့အမျိုးသား ရှိပါတယ်။ အဲဒီ အမျိုးသားကြီးကလည် အိပ်ရာထဲက မထနိုင်ပါဘူး။ သူ့မှာ မျက်လုံး နှစ်လုံး ပွင့်ရာကစ ညအိပ်လို့ မျက်လုံးနှစ်လုံး ပိတ်သွားတဲ့ အထိ မျက်နှာကျက်က ပန်ကာ လည်တာကိုပဲ ကြည့်နေရသူပါ။ အဲတော့ အန်တီက ထင်တယ်။ အဲဒီ ပန်ကာသာ ရပ်သွားမယ်ဆိုရင် သူ့အမျိုးသား သေသွားမယ်ပေါ့။ အဲဒီ နေရာမှာလည်း လူရဲ့ ဖြစ်တည်မှုဟာ အရာဝတ္ထုပစ္စည်း ကိရိယာတွေ အပေါ် မှီခို နေရသလား၊ မူတည်နေသလား ဆိုတာ စဉ်းစားစရာပါပဲ။ ကာယကံ လှုပ်ရှားမှု လုံးဝမရှိတော့သလို ဖြစ်တဲ့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာကရော ဘာများပါလဲ။
နောက်ပြီး အဓိက ဇာတ်ပို့ဖြစ်တဲ့ ရှအစ် ဟာ မိဘမဲ့ကလေးတစ်ယောက်ပါ။ သူ့ဘဝ တလျောက်လုံး ဘဝမှာ ရပ်တည်နိုင်ဖို့ မျိုးစုံ ကြိုးစား ရှာဖွေ နေရတဲ့သူပါ။ ဆာဂျန် နေရာကို အစားဝင်ဖို့ သူအလုပ်ရတာလည်း ဘွဲ့လက်မှတ် အတုနဲ့ပါ။ ဇာတ်ကားထဲမှာတော့ သူ့ဘဝ ရပ်တည်ဖို့ အတွက် သူခိုင်မာခဲ့ပါတယ်။ သူလိုချင်တဲ့ မိန်းမလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေ မရခဲ့ရင်လည်း သူဟာ ဖြစ်တည်မှု သေချာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူရဲ့ ရှာဖွေမှု ကိုယ်တိုင်က သူ့ရဲ့ တွေ့ရှိမှုပါပဲ။ သူရဲ့ ရှာဖွေမှု အဟုန်ဟာ ဖြစ်တည်မှု၊ သက်ဝင်မှု ကင်းမဲ့နေခဲ့တဲ့ ဆာဂျန်ကိုလည်း တနည်းတဖုံအားဖြင့် အကူအညီပေးနိုင်ခဲ့ပါတယ်။ သတိပေးနိုင်ခဲ့ပါတယ်။
အဓိက ဇာတ်ဆောင် အီလာကတော့ သူ့ဘဝ ရိုးရှင်းပါတယ်။ ယောက်ျားနဲ့ သမီးရဲ့ ဝေယျာဝစ္စတွေ ကိုလုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပါ။ ဒါပေမယ့် ဇနီးတစ်ယောက် အဖို့ လင်ယောက်ျားရဲ့ အချစ်ကို မရရှိတော့ရာက စလို့ အီလာရဲ့ ရှာဖွေမှု ခရီးစဉ်ကြီး စတင် အသက်ဝင်လာ ပါတော့တယ်။ ပထမတော့ ယောက်ျားရဲ့ အချစ်ကို ပြန်လည်ရရှိဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် တကယ့် ချစ်ခြင်းမေတ္တာကိုတော့ မထင်မှတ်တဲ့ နေရာကနေ ထင်မှတ်မထားတဲ့ ပုံစံနဲ့ ရရှိလိုက်ပါတယ်။ အိမ်မှုကိစ္စတွေနဲ့ပဲ ဘဝမှာ အရသာကင်းမဲ့၊ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေရတဲ့ မိန်းမသားတွေရဲ့ ဘဝကိုလည်း ဒါရိုက်တာကြီးက ဖော်ကျူးသွားပါသေးတယ်။
အီလာရဲ့ အမေကိုယ်တိုင်ကလည်း အဲဒီလို မိန်းမသား မျိုးပါပဲ။ လူမမာ လင်ယောက်ျားကိုသာ တချိန်လုံး ပြုစုနေရင်း သူရဲ့ ဖြစ်တည်မှု ပျောက်ဆုံးနေရတဲ့ မိန်းမပါ။ သူ့ယောက်ျား ဆုံးပါးသွားတဲ့ အခါ သူ့သမီး အီလာကို ပြောတဲ့စကားက ကြည့်သူအားလုံးကို ရှော့ခ်ရစေပါတယ်။ “ငါ ဗိုက်ဆာတယ်” တဲ့။ လင်ယောက်ျား ဆုံးသွားလို့ ဝမ်းနည်းပက်လက် ငိုကြွေးနေရမယ့် အစား သူ့ပါးစပ် ထွက်လာတဲ့ စကားပါ။ ဝမ်းနည်းလွန်းလို့ ယီးတီးယောင်တောင် ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတချိန်လုံး ပြုစုပေးခဲ့တဲ့၊ တနည်းအားဖြင့် တာဝန်ကျေစွာ လုပ်ကိုင်ပေးခဲ့ရတဲ့ ယောက်ျားသေတော့မှ သူရဲ့ ဖြစ်တည်မှုကို ပြန်လည် ရှာတွေ့တာလို့ ထင်ပါတယ်။ သူ့ကိုယ်ခန္ဓာမှာ ဖြစ်ပျက်နေတာကို ပြန်လည် မြင်နိုင်သွားတာပါ။ လောကကြီးမှာ အဲဒီလို သူတပါးအတွက်၊ မိသားစုအတွက် ဘာအတွက် ညာအတွက် ဆိုပြီး သူတပါးတွေအတွက်သာ လုံးပမ်းရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေရတဲ့ လူတွေ ဘယ်လောက်များ ရှိပါလိမ့်မလဲ ဆိုတဲ့ တွေးစရာတွေ တသီကြီး ပေးပါတယ်။ ဒီနေရာမှာ အတ္တကြီးရမယ့် သဘော ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အတ္တဘဝကိုတော့ အမှန်အကန် သတိရှိရှိ နားလည် သဘောပေါက်နေရမှာပါ။ ဒီတော့မှသာ လူ့ဘဝကြီးရဲ့ အနှစ်သာရကို ဖမ်းဆုပ် နိုင်မှာပါ။ လောကီ နဲ့ လောကုတ္တရာ ဆိုင်တော့ မဆိုင်ပေမယ့် မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားဟာ လောကကြီးကို အမှန်တရား ပြသလိုတဲ့အတွက် သူရဲ့ မပြည့်ဝတဲ့ ပျော်ရွှင်မှုတွေ၊ အစွဲအလမ်းတွေကို မြင်အောင် ကြည့်ခဲ့တာပါ။ အဲ့အတွက်ကြောင့် အီလာ့အမေရဲ့ ခံစားချက်ကိုလည်း ကျွန်တော်တို့ ကြည့်သူတွေ ကိုယ်ချင်းစာပြီး ခံစား နားလည်ပေးနိုင် လောက်ပါတယ်။
သူ့သမီး အီလာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် အီလာကတော့ ကံကောင်းခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကို ပြန်လည်ရရှိခဲ့ပါတယ်။ လျှာအတွက် အရသာကို သူများကို ပေးရင်း သူကိုယ်တိုင်အတွက် သူ့ဘဝရဲ့ အရသာကို ပြန်လည် ရရှိခဲ့ပါတယ်။ ဆာဂျန် ဘဝကြီးလည်း ပထမတော့ အသက်ကင်းမဲ့နေတဲ့ ဘဝကြီးပါပဲ။ အလုပ်အကိုင် ကောင်းကောင်းရှိတယ်။ ဇနီးသည်ကလည်း ဆုံးပါးသွားပြီ ဆိုတော့ ကျန်ရှိနေသေးတဲ့  ဘဝကို အပူအပင်ကင်းကင်း ဒါမှမဟုတ် အသက်ကင်းမဲ့စွာ ဖြတ်သန်းဖို့သာ ပြင်နေသူပါ။ ဒါပေမယ့် သူဟာလည်း လျှာဖျားက တဆင့် သူ့ဘဝရဲ့ အရသာကို ပြန်လည် ရရှိခဲ့ပါတယ်။ သူကိုယ်တိုင်က ဘာမှ မဟုတ်ဘူး၊ အရသာ မရှိဘူးလို့ ထင်ရတဲ့ ဘဝကြီးကို တန်ဖိုး ပြန်ထားတတ်သွားပါတယ်။ အရသာ ပြန်ရှိသွားပါတယ်။ နောက်ပြီး သူကိုယ်တိုင် တန်ဖိုးသိပ်မထားတော့တဲ့ ဘဝကြီးဟာ ရှအစ် လို လူငယ်လေးအတွက် သေမတတ် အရေးပါနေတာကိုလည်း သူတွေ့လိုက်ရလို့ပါ။ သူဟာ ပြန်လည်ရှင်သန် ထမြောက်ခဲ့တယ် လို့ ဆိုကြပါစို့။
အီလာ နဲ့ ဆာဂျန်ရဲ့ သံယောဇဉ် ဆက်နွယ်မှုကို ပြန်ကြည့်ကြရအောင်။ သူတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တစ်ခါမှ မမြင်ဖူးဘဲ သံယောဇဉ်တွယ်ခဲ့ကြတာပါ။ ဒီဘက်ခေတ် Chatting ဝင်နေကြတဲ့ လူငယ်တွေ အတွက်ကတော့ ဒါ သိပ်မထူးဆန်းဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် သူတို့ ခေတ်ကတော့ ရိုးရိုး တကယ့်စာလေးတွေ နဲ့ပါပဲ။ ထားတော့။ ဘယ်ခေတ် ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာ ဆိုတာ အဲဒီလို ဘာသာစကား ကြီးထဲမှာတင်ပဲ တည်ရှိနေကြောင်းကို ရိုက်ပြသွားတာပါ။ အချစ်အကြောင်းကို အများကြီး ဘာသာပြန်ခဲ့ကြ၊ အနက်ဖော်ခဲ့ကြပြီးပါပြီ။ အပြန်အလှန်အားဖြင့် ဘာသာစကား မပါတဲ့ ချစ်ခြင်း အကြောင်းတွေကိုလည်း ရိုက်ပြခဲ့တဲ့ ရုပ်ရှင်ကားတွေ အများကြီး ရှိခဲ့ပြီးပါပြီ။ အိန္ဒိယ ကားတစ်ကားပဲ ဖြစ်တဲ့ kite ဆိုတဲ့ ကားကို ပြန်ကြည့်လို့လည်း ရပါသေးတယ်။ ဒါပေမယ့် ဘာသာစကား တစ်ခုတည်းနဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကို ရိုက်ပြသွားတဲ့ ကားကတော့ တော်တော်ရှားပါတယ်။ တွမ်ဟန့် ကားတစ်ကားတော့ ရှိပါတယ်။ ရှာကြည့်ကြည့်ကြပါ။ မြန်မာရုပ်ရှင်က ဆရာကြီးတွေ တောင် ကော်ပီလုပ်ထားတာ ရှိပါသေးတယ်။
            တကယ်တမ်းမှာတော့ ဘာသာစကားဆိုတာ ရှိလာပြီး နောက်ပိုင်းမှာ ဘာသာစကားထဲမှာ ချစ်ခြင်းမေတ္တာမှ မဟုတ်ပါဘူး။ ကမ္ဘာကြီး တစ်ခုလုံး ရှိတာပါ။ ဒါကို သတိမထားမိကြတာပဲ ရှိပါတယ်။ အဲတော့ ဇာတ်ကားရဲ့ ကြော်ငြာအရ ပြောရရင် တစ်ခါမှ မမြင်ဖူးတဲ့ သူတစ်ယောက်ကိုလည်း ချစ်နိုင်ပါတယ်။ ဘာသာစကားနဲ့ ငြိမ်းချမ်းရေးလည်း လုပ်လို့ရပါတယ်။ စစ်ကြီးလည်း ဖြစ်လို့ရပါတယ်။ အသုံးချ၊  ရှာဖွေ၊ တူးဆွ တတ်ဖို့သာ လိုတာပါ။ အီလာနဲ့ ဆာဂျန်ဟာ သူတို့ရဲ့ ဘဝအကြောင်းတွေကို ၊ နေ့စဉ် အဖြစ်အပျက်တွေကို အပြန်အလှန် ရင်ဖွင့်ကြရင်း သံယောဇဉ်တွေ တွယ်မိ ကြတာပါ။ လူဆိုတာ ဒီလိုပါပဲ။ ကိုယ့်ကို အရေးပေးမယ့်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အလေးပေး တန်ဖိုးထားမယ့် လူသား တစ်ယောက် မဖြစ်မနေလိုပါတယ်။ ဒီနေရာမှာ မိဘတွေကိုလည်း ထောက်ပံ့ချင်တဲ့ အတွက်ကြောင့် ယောက်ျားက ဖောက်ပြန်မှန်းသိနေတာတောင် အောင့်အင်းသည်းခံပြီး နေနေရတဲ့ အီလာ့ဘဝ ကလည်း သနားစရာပါပဲ။ ဒါပေမယ့် အီလာဟာ ဆာဂျန်ကြောင့် သူ့ဘဝကို သူ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဆာဂျန်ကို သံယောဇဉ် ဖြစ်မိတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အတ္တဘဝ ဖြစ်တည်မှုနဲ့ အချစ် ဆိုတာ ခွဲခြားလို့ မရကောင်းတဲ့ အရာပါပဲ။ အီလာတို့ နှစ်ယောက်ဟာ ဘဝချင်း ဖလှယ်သိစေပြီး နောက်ပိုင်းမှာတော့ နှလုံးသားချင်းပါ ဖလှယ်သွားနိုင်ပါတယ်။
            ဆာဂျန်ဟာ ပထမပိုင်းမှာပဲ ထမင်းချိုင့်မှာ ဘာဟင်းပါလာမလဲ ဆိုတာကိုသာ စိတ်ဝင်စားတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အစားအသောက်ကို စိတ်မဝင်စားတော့ပါဘူး။ ရှအစ် ကိုတောင် ကျွေးပစ်ပါတယ်။ လျှာဖျားက အရသာထက် နှလုံးသားက အရသာကို ပိုပြီး တပ်မက်သွားကြောင်း ရိုက်ပြသွားတာပါ။ အဲတော့ ကျွန်တော်တို့ လူ့လောကကြီးမှာလည်း လျှာဖျားက အရသာ နောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်နေကြပြီး တကယ့် လူ့ဘဝရဲ့ အနှစ်သာရ၊ အရသာကို မရရှိခဲ့တဲ့၊ မေ့ပျောက်နေကြတဲ့ လူတွေကို လှန့်နိုးလိုက်သလိုပါပဲ။ တစ်ခါ တစ်ခါ ခံစားမှု ဆောင်းပါးရေးရတာ ဖြစ်တဲ့ အတွက်ကြောင့်ရော၊ ရုပ်ရှင်ဆိုတာ လူထဲက လူတွေအကြောင်းကို ရိုက်ပြတာ ဖြစ်တဲ့ အတွက်ကြောင့်ရော ဒါရိုက်တာကိုယ်တိုင်တောင် ရည်ရွယ်ပြီး ရိုက်ပြထားတာ မဟုတ်လောက်တဲ့ အရာတွေကို ကျွန်တော်တို့ ကြည့်သူတွေက မြင်တတ်ပါတယ်။ မိတ်ဆွေတို့ ကြည့်ရင်လည်း မိတ်ဆွေတို့ ရတာတွေက ကျွန်တော်နဲ့ တူချင်မှ တူမှာပါ။ ဇာတ်ကားထဲမှာ ဟာသဆန်ဆန် ရိုက်မထားပေမယ့် ဟာသဖြစ်စရာ တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်တော်တို့တွေဟာ ဘွဲ့တွေ ပညာတွေကို အသက်မွေးဝမ်းကျောင်းဖို့အတွက်သာ အများစုက သင်ကြားခဲ့ကြတာပါ။ တနည်းအားဖြင့် ပြောရရင် ထမင်းတလုပ်စားရဖို့ အတွက်သာ သင်ကြားခဲ့ကြတာပါ။ ဒါပေမယ့် ဇာတ်ကားထဲမှာ ရှအစ် ဟာ အချိန်မလောက်လို့ ရုံးအသွားအပြန် ရထားပေါ်မှာတင် ဟင်းချက်စရာတွေကို ရုံးက ဖိုင်တွေကို စင်းနှီတုံး လို အောက်ခံထားပြီး လှီးသင်ပါတယ်။ ဒါပေမယ့် ဒါကို မန်နေဂျာက သိသွားတော့ စာရင်းတွေ မှားလို့ ဒေါသထွက်တဲ့ အပြင် အဲဒီလို ကြက်သွန်နံ့၊ ဟင်းရွက်နံ့တွေ နံ့နေလို့ ဆာဂျန်တို့ နှစ်ယောက်ကို ကောင်းကောင်းကြီး ကောပါတော့တယ်။ အော် ထမင်းတစ်လုပ်၊ ဟင်းတပွဲ အတွက် အလုပ်လုပ်နေကြတဲ့ သူတွေဟာ အလုပ်မှာ ဟင်းနံ့ နံတော့ မခံနိုင်ကြပါလား။ တွေးကြည့်လေ ပြုံးချင်စရာဖြစ်လေပါပဲ။
            ဇာတ်လမ်းကို ထပ်ဆက်ရရင် ဇာတ်ကားလေးဟာ  ကျွန်တော်တို့ကို စိတ်ကူးယဉ်ထဲမှာပဲ မထားခဲ့ပါဘူး။ အီလာနဲ့ ပထမဆုံး လူချင်းတွေ့ခါနီးမှာ ဆာဂျန်ဟာ သူရဲ့ ဖြစ်တည်မှု အစစ်အမှန် ကို ပြန်လည် တွေ့ရှိလိုက်ပါတယ်။ ဒါကတော့ အခြားမဟုတ်ပါဘူး။ သူရဲ့ အသက်အရွယ်ပါပဲ။ မထင်မှတ်ဘဲ ရေချိုးခန်းထဲမှာ မုတ်ဆိတ်ရိတ်နေရင်း သူဟာလည်း သူ့အဘလို အိုနံ့ရနေပြီလို့ သိလိုက်ရတာပါပဲ။ အဲဒီမှာတင် သူဟာ အီလာကို သွားသာ ကြည့်ပေမယ့် လူချင်းမတွေ့တော့ပါဘူး။ အသက်အရွယ် ကွာဟလွန်းတဲ့ အတွက် အီလာရဲ့ ငယ်ရွယ်လှပ နုပျိုနေသေးတဲ့ ဘဝလေးကို သူ့အတ္တအတွက် မသိမ်းပိုက်ချင်တော့ပါဘူး။ လှလိုက်တဲ့ ချစ်ခြင်းလေးပါပဲ။ ဘာသာစကားဆိုတဲ့ လူရဲ့ ဖန်တီးမှုက ပေါက်ဖွားလာတဲ့ အချစ်ကို လူ့ရဲ့ ဖြစ်တည်မှု အစစ်အမှန် တနည်းအားဖြင့် အိုခြင်း၊ နာခြင်းတွေနဲ့ အနားသပ်ပြသွားတာပါပဲ။ ဇာတ်သိမ်းကိုက ညင်သာ သိမ်မွေ့လွန်းပါတယ်။ အရမ်း ကြည့်ကောင်းတဲ့ ကားလေးပါပဲ။ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်သွားပုံဟာ လက်ဖျားခါ လောက်ပါတယ်။
            နောက်ပြီး ဒီဇာတ်ကားထဲမှာ အီလာရဲ့ ဖောက်ပြန်နေတဲ့ ယောက်ျားကိုရော၊ အီလာတို့ရဲ့ စာအသွားအလာထဲက ဖောက်ပြန်မှုကိုရော ဒါရိုက်တာက အပြစ်တင်တဲ့ဖက်က ရိုက်ပြသွားတာ မဟုတ်ပါဘူး။ ဇာတ်ကားထဲမှာ ရှအစ် ပြောတဲ့ စကားလေးလိုပါပဲ။ “ရထားမှားစီးမိလည်း ဘူတာအမှန်ကို ရောက်နိုင်တာပဲ” တဲ့။ အီလာတို့ နှစ်ယောက်ကတော့ လူ့ဘဝရဲ့ အရသာ အစစ်ဖြစ်တဲ့ ဘူတာအမှန်ကို ဆိုက်ရောက်ခဲ့ကြောင်း ရိုက်ပြသွားပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရသာ ရှိစွာ ပြန်လည်တွေ့ရှိ သွားကြပါတယ်။ လူ့အသိုင်းအဝိုင်းက လက်မခံတဲ့ ဖောက်ပြန်တယ် ဆိုတဲ့ သဘောကို ဒါရိုက်တာက လိမ္မာ ပါးနပ်စွာ ရိုက်ပြသွားတာပါ။ လူ့လောကကြီးမှာ တနည်းအားဖြင့် လူလူချင်းပေါင်းသင်းဆက်ဆံရေးတွေမှာ အမှန်၊ အမှား ဆိုတာ ပြတ်ပြတ်သားသား ရှိလို့လား။ အမှား နဲ့ အမှန်ကြား ခြားနားထားတဲ့ မျဉ်းဟာ ဘယ်လောက်ထူပါသလဲ။ အဲဒီမျဉ်းက တကယ်ရော ရှိလို့လား။ ပုထုဇဉ်လူသားတွေရဲ့ ထင်မြင်ယောင်မှားမှု တစ်ခုပဲလား။ ကိုယ်ကျင့်တရားဆိုတာ ကရော ဘယ်ဟာကို ခေါ်တာလဲ။ ကိုယ့်ကိုယ်ကို မတရားလုပ်မှ လောကကြီးမှာ တရားနည်းလမ်းကျတာလား။  အမှန်တရားဆိုတာကရော ဘယ်လောက်မှန်တာလဲ။ ဘယ်အတိုင်းအတာအထိ မှန်တာလဲ။ အီလာရဲ့ အစောပိုင်း အိမ်စေလို၊ အရသာ မရှိတဲ့ ဘဝက မှန်တာလား။ ဆာဂျန်ရဲ့ ကလေးတွေကိုတောင် မချစ်တတ်တဲ့ ၊ လူ့အသိုင်းအဝိုင်းနဲ့ သဟဇာတ မဖြစ်တဲ့ ဘဝကြီးက မှန်တာလား။ နောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပြန်လည် ရှာတွေ့မှုတွေက မှားတာလား။ စဉ်းစားစရာပါပဲ။ ဇာတ်ကားကောင်းဆိုတာ အဲဒီလို အခြားတဖက်က စဉ်းစားစရာတွေကို အမြဲချပေးသွားပါတယ်။ အနုပညာတစ်ခုရဲ့ နူးညံ့သိမ်မွေ့တဲ့ အင်အားပါပဲ။
            ဒီနေရာမှာ ကျွန်တော်ဟာ တလျောက်လုံး ရုပ်ရှင်ခံစားမှု ဆောင်းပါး လို့ ခေါင်းစဉ် တပ်ပြီး ရေးခဲ့တာပါ။ အဲ့အတွက်ကြောင့် ရုပ်ရှင်ဖန်တီးမှု အတတ်ပညာပိုင်းတွေကို ရေးလေ့မရှိပါဘူး။ အတတ်ပညာပိုင်းတွေကို သိချင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာတွေရဲ့ စာတွေကိုသာ ရှာဖတ်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ ကင်မရာ ရှုထောင့်တွေဟာ ဇာတ်ကားတစ်ကားလုံးကို သယ်သွားနိုင်ကြောင်းတော့ ပြောချင်ပါတယ်။ အီလာရဲ့ ဘဝကိုရော၊ ဆာဂျန်ရဲ့ ဘဝကိုရော ရိုက်ပြသွားတဲ့ နေရာမှာ သူတို့ဘဝတွေ မပြောင်းလဲခင် နဲ့ ပြောင်းလဲပြီး နောက်ပိုင်း သူတို့ ပုံမှန်နေထိုင်သွားလာ စားသောက်တဲ့ နေရာတွေကို တိတိကျကျ ရှုထောင့်ပြောင်း ရိုက်သွားတာတွေဟာ ဇာတ်ကားနဲ့ အံဝင်ခွင်ကျ ကောင်းမွန်လွန်းပါတယ်။ ကင်မရာ အထူးပြုလုပ်ချက်တွေ ဘာမှ မပါဘဲ ရိုက်သွားတဲ့ နေရာမှာ သူတို့ဆီက ရုပ်ရှင်ပညာဟာ ကျွန်တော်တို့ဆီက ရုပ်ရှင်တွေနဲ့ အရမ်းကွာခြား အဆင့်မြင့် သွားပြီ ဆိုတာကို သိလိုက်ရပါတယ်။ ပစ္စည်းကိရိယာတွေ အဆင့်မီမှ၊ လွတ်လပ်မှ ဘာမှ ညာမှ နဲ့ အကြောင်းပြနေလို့ ဘယ်လိုမှ အရာမဝင်နိုင်တော့ပါဘူး။ သူတို့ဆီမှာ ရထားပေါ်က မြင်ကွင်းကအစ ဇာတ်ကားရဲ့ အဓိက အကြောင်းအရာကို ပံ့ပိုးနိုင်အောင် ရိုက်သွားတာ အရမ်းလေးစား စရာ ကောင်းပါတယ်။ ထားပါတော့။
            အဲဒီတော့ ဘာသာစကားရဲ့ အင်အားတွေ၊ လူ့ဘဝကြီးထဲက ရှင်သန်ရပ်တည်မှုတွေ၊ လူ့လောကရဲ့ အမှားတွေ အမှန်တွေ၊ ကို ရှာဖွေရင်း မိမိကိုယ်ကိုလည်း ပြန်လည်တွေ့ရှိဖို့ ကြိုးစားနေတယ် ဆိုရင်တော့ ဒီ The Lunchbox ဇာတ်ကားလေးဟာ သေချာပေါက် ကျွန်တော်တို့ကို နှစ်သက်စရာ၊ ကြည်နူးစရာ၊ တွေးတောဆင်ခြင်စရာ သင်ခန်းစာတွေ ထိုက်ထိုက်တန်တန် ပေးစွမ်းနိုင်ပါတယ် လို့ ပြောကြားရင်း အားလုံး ကိုယ့်ကိုယ်ကို ရှာတွေ့ကြပါစေလို့ တောင်းဆု ပြုလိုက်ပါတယ်။
                                                                                                            ရှိန်ဝါ

Thursday, February 7, 2013

“မျက်လုံး နှင့် နား မှ နှလုံးသား နှင့် ဘ၀များစွာ အထိ (၂)” (အတတ်ကြူးလို့ အရူးဖြစ်တာလား၊ အရူးဖြစ်လို့ အတတ်ကြူးတာလား) (A Beautiful Mind)


လူတော်တော်များများ ပြောလေ့ရှိကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အတတ်ကြူးလို့ အရူးဖြစ်တာတဲ့။ ကျနော်ကတော့ အဲ့စကားကို လုံးဝငြင်းပါတယ်။ အတတ်ကြူးလို့ အရူးဖြစ်တာ မဟုတ်ပါဘူး။ မတတ်တတတ်နဲ့မို့သာ အရူးဖြစ်တာပါ။ အတတ်ပညာတစ်ခုဆိုတာ တကယ့်ကို စိတ်ရော ကိုယ်ပါနှစ်ပြီး ရူးသွပ်မှသာ တကယ် ကျွမ်းကျင် တတ်မြောက်တာပါ။ မရူးသွပ်ဘဲနဲ့ ဆိုရင် တကယ့်မကျွမ်းကျင်ဘူးလို့ တောင် ပြောလို့ရပါတယ်။ ပညာရပ်နယ်ပယ်တစ်ခုမှာ တကယ် ပေါက်မြောက်ခဲ့တဲ့ လူတွေ အားလုံးကို ကြည့်ကြည့်ပါ။ သူတို့ တကယ်ရုးသွပ်ခဲ့ကြတာပါ။ သူတို့ မအောင်မြင် သေးခင် ကာလတစ်လျောက်လုံးမှာ အရူး၊ ရူးတယ်လို့ ခဏခဏအပြောခံခဲ့ရတာ ချည်းပါပဲ။ ထားပါတော့ ကျနော်တို့ လှပသော စိတ်လေး တစ်ခု အကြောင်း ပြောကြရအောင်ဗျာ
ဒီကားလေးကတော့ တော်တော်များများ ကြည့်ဖူးကြမှာပါ။ ပရင့်စတန် တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ တက်ဖို့ အကြိုစာတမ်းလာတင်တဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ သူ့နာမည်က ဂျွန်နက်ရှ် ပါ။ သူပုံစံက အရာရာကို စူးစိုက်လွန်းတဲ့ပုံ၊ အများအမြင်မှာတော့ ကြောင်တောင်တောင်ပုံပေါ့။ သူကျောင်းကို စရောက်တဲ့နေ့မှာပဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်တတ်တဲ့ ၊သောက်စားပျော်ပါးလွင်တတ်တဲ့ အခန်းဖော် တစ်ယောက်ရပါတယ်။ သူ့နာမည်ကတော့ ချားစ်ဟာမန် ပါ။ ဂျွန်ဟာ အတန်းလဲ မတတ်ပါဘူး။ ပြင်ပလောကမှာလဲ သူသိပ်အဆင်မပြေပါဘူး။ သူ့အခန်းထဲမှာသာ နေပြီး အခန်းပြတင်းပေါက်ကနေ လောကကြီးကို ကြည့်ပြီး ပြတင်းပေါက်နံရံတွေ ပေါ်မှာ စာတွေ ရေးလေ့ရှိပါတယ်။ အချိန်တန်တော့ အတန်းပုံမှန်တတ်တဲ့သူတွေက စာတမ်း တင်ပြီးနေပါပြီ။ သူမပြီးသေးပါဘူး။ မပြီးသေးတော့ စိတ်တွေတိုတယ်။ ၀မ်းနည်းတယ်။ နောက်ဆုံး ချားစ်က သူ့စာကြည့်စားပွဲကြီးကို ပြတင်းပေါက်အပြင်ဘက် လွှင့်ပစ်တဲ့ အဆင့်ကို ရောက်ရော။ အဲတော့မှ သူ အပြင်ထွက်တယ်။ သူ့စာတမ်းရေးရမယ့် အကြောင်းအရာကို အရက်ဘား တစ်ခုမှာ ရလိုက်ပါတယ်။ ကျနော်တို့အခေါ် ဖွန်ကြောင်တဲ့ အကြောင်းအရာကနေရတာပါ။ အဲ့မှာ ပြောစရာတစ်ခုရှိလာပါပြီ။ တကယ့်ပညာဆိုတာ အတန်းထဲမှာ၊ စာအုပ်တွေထဲမှာ ရှိတာမဟုတ်ပါဘူး။ ပြင်ပ လောကကြီးမှာသာ ရှိတာပါ။ ဒေါက်တာကိုကိုတို့ မမတို့ သံဝေဂ ရသင့်ပါတယ်။ နောက်ပြီး အလွန်အမင်း အာရုံစူးစိုက်ခြင်းကနေလဲ မရရှိပါဘူး။ ခရစ်ရှနားကြီး စကားနဲ့ ပြောရရင် အဆက်မပြတ်မနားတမ်း တွေးနေတဲ့သူက ဦးနှောက် မရှိတဲ့ သူပါပဲ။ သူဟာ သူရဲ့ တွေးခြင်းသံသရာထဲမှာသာ ပိတ်မိနေပြီး အမှန်နဲ့ ဝေးကွာသွားခြင်းပါ။
နောက်ပိုင်း ဂျွန် ဒေါက်တာဘွဲ့ရပါတယ်။ ဂျာနယ်တွေထဲမှာလည်း အမြဲလိုလို ပါတဲ့ အထိလည်း သူ နာမည်ကြီးနေပါပြီ။ သူ့အဖွဲ့မှာလည်း သူက ခေါင်းဆောင်ဖြစ်နေပါပြီ။ တစ်နေ့မှာ ပင်တဂွန်စစ်ဌာနချုပ်ကနေ သူ့ကို ဆင့်ခေါ်ပြီး လျှို့ဝှက်စာတစ်ခုကို ဖော်ခိုင်းပါတယ်။ သူ ဖော်ပေးလိုက်နိုင်ပါတယ်။ အဲ့မှာပဲ သူ သူ့ဘ၀မှာ အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်တဲ့ ၀ီလီယမ် ပါရှာနဲ့ တွေ့ပါတော့တယ်။ နောက်ပိုင်းမှာ ၀ီလီက သူ့ကို လျှို့ဝှက်စံထောက်အနေနှင့် ရုရှားတို့ရဲ့ ကုတ်တွေကို အဆက်မပြတ် ဖော်ခိုင်းပါတယ်။ အဲ့ဒီ ကာလဟာ ဂျွန့်ဘ၀မှာတော့ အရေးအကြီးဆုံး အချိန်တွေပါ။ သူ အချစ်ကိုလည်း စတွေ့ပါတော့တယ်။ အဲလစ်ရှာ ဆိုတဲ့ ဥာဏ်ရည်ကောင်းသော ကောင်မလေးပါ။ အဲ့မှာ သူ အဲ့မိန်းကလေးကို အရမ်းချစ်သွားပါတယ်။ တစ်ဖက်ကလဲ သူရဲ့ လျှို့ဝှက် အလုပ်ကို လုပ်ရင်းပေါ့။ အဲ့အချိန်မှာပဲ သူ ချားစ် နဲ့လည်း ပြန်တွေ့ပါတယ်။ ဒီတစ်ခါတော့ ချားစ် တစ်ယောက်ထဲ မဟုတ်တော့ပါဘူး။ မိတဆိုးကလေး တစ်ယောက်ဖြစ်တဲ့ ချားစ်ရဲ့ တူမလေး မာစီ ပါ ပါလာပါတယ်။ နောက်ပိုင်း အဲလစ်ရှာ ကို သူ လက်ထပ်လိုက်တယ်။ အဲ့မှာပဲ ၀ီလီယမ်က ဇယားရှာပါတော့တယ်။ လျှို့ဝှက် စုံထောက်ဆိုတာ ဒါမျိုး သံယောဇဉ်တွေ ဘာတွေ မထားရဘူးပေါ့။ ဘာညာပေါ့.။ သူအဲ့အလုပ်ကို မလုပ်တော့ဘူးလို့ ငြင်းပါတယ်။ မရတော့ပါဘူး။ ၀ီလီယမ်က ပြောပါတယ်။ နောက်ပြန်ဆုတ်လို့ မရတော့ဘူးတဲ့။ အဲ့မှာပဲ သူရှောင်ရင်း တိမ်းရင်း ချားစ် ရှိနေတဲ့ ဟားဗတ် ကို သူသွားပါတယ်။ သွားရင်းနဲ့ အများက သူလို နာမည်ကြီး ဟောပြောတာ ကြားချင်လို့ ဟောပြောခိုင်းတော့ စင်ပေါ်မှာ ဟောပြောနေရင်း တန်းလန်းနဲ့ပဲ သူ့နောက်ကို လူတွေ လိုက်လာတာ တွေ့တော့ ထွက်ပြေးပါတယ်။ အဲ့မှာပဲ သူအဖမ်းခံရပါတယ်။ ရုရှားစုံထောက်တွေ သူ့နောက်လိုက်တယ်လို့ ထင်နေတာပါ။
သူ အဖမ်းခံရာက နိုးလာတော့ ဆေးရုံပေါ်ကို ရောက်နေပါပြီ။ အဲဒီတော့မှာပဲ ဇာတ်လမ်းက စပါတော့တယ်။ တကယ်တော့ ချားစ်ရယ်၊ မာစီရယ်၊ ၀ီလီယံ ရယ်ဆိုတာ ပြင်ပမှာ တကယ်ရှိနေတဲ့သူတွေ မဟုတ်ပါဘူး။ သူ့ စိတ်ကူးထဲမှာသာ ဖန်တီးထားတဲ့ ဇတ်ကောင်တွေ ဖြစ်ကြောင်း ရုပ်ရှင်ကြည့်သူများ သိလိုက်ရပါပြီ ။ သူရဲ့ စိတ်ကယောင်ချောက်ချား ကစဥ့်ကလျား ရောဂါအရ သူဖန်တီးထားတဲ့ ဇတ်ကောင်တွေပါ။ ဒါပေမယ့် ဒါကို သူဘယ်လိုမှ လက်မခံနိုင်ပါဘူး။ သူ့ဇနီးက အထောက်အထားနဲ့ ပြတော့မှပဲ သူ အင်တင်တင်နဲ့ လက်ခံလိုက်ပြီး ဆေးရုံက ပြန်ဆင်းလာပါတယ်။ ဆေးတွေတော့ ပုံမှန်သောက်နေရတုန်းပါပဲ။ ဒါပေမယ့် သူသောက်နေတဲ့ ဆေးတွေက သူတို့ရဲ့ အိမ်ထောင်ရေး သုခကို ဖြည့်စွမ်းမပေးနိုင်ပါဘူး။
အဲဒီမှာပဲ ဇနီးကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကို ကျနော်တို့ ကြက်သီးမွေးညှင်း ထလောက်အောင် တွေ့လိုက်ရပါတယ်။ အိမ်ထောင်ရေး ရဲ့ သုခ မရရှိပေမယ့်လည်း ခင်ပွန်းအပေါ် သစ္စာ စောင့်သိသော၊ အနွံတာခံသော အမျိုးသမီးတစ်ယောက်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်ရမှာပါ။ ပြီးတော့ အဲ့ အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း နာနာကျင်ကျင် ခံစားရမှာပါ။ အဲတော့ သူ သူမိန်းမ မသိအောင် ဆေးတွေကို မသောက်ဘဲ ထားရာကနေ သူ့ရောဂါပြန်ပြီး ပြင်းထန်လာပါတယ်။ နောက်ဆုံး သူ့မိန်းမနဲ့ ကလေးကိုတောင် အန္တရာယ် ကျလောက်တဲ့အထိ သူ စိတ်ဖောက်ပြားပါပြီ။ သူ့မိန်းမလည်း ထွက်ပြေးပါပြီ။ ဒါပေမယ့် ဥာဏ်ပညာမြင့်မားတဲ့ သူတွေက အမှားကို အမှားမှန်း သိဖို့လွယ်ပါတယ်။ ပြင်နိုင်တာ မပြင်နိုင်တာ အသာထားပါ။ အဲ့မှာပဲ သူ့မိန်းမက ကလေးကို ချီပြီး ထွက်ပြေးဖို့လုပ်တော့ ကားရှေ့ကနေ သူပိတ်ရပ်ပြီး တားပါတယ်။
အဲ့မှာ ရုပ်ရှင် ပညာ တကယ်လာပါတယ်။ သူ့မိန်းမကို တားတဲ့နေရာမှာ သူ စကားအများကြီး မပြောပါဘူး။ တစ်ခွန်းပဲ ပြောပါတယ်။ ချားစ်ရဲ့ တူမလေး မာစီအကြောင်းပါ။ သူပြောတာက “မာစီက အစစ်မဟုတ်နိုင်ဘူး။ သူ တစ်ခါမှ အသက်ကြီးမလာဘူး။ တဲ့” ဒါလေးပါပဲ။ သူ့မိန်းမကလည်း အဲ့တစ်ခွန်းတည်းနဲ့ပဲ သူနဲ့ ပြန်နေဖို့ ရွေးချယ်လိုက်ပါတယ်။ သွားပါပြီ။ သူ့ရောဂါကလည်း အဆိုးဆုံးဖြစ်သွားပါပြီ။ ဒီလူသုံးယောက်ဟာ အစစ်မဟုတ်မှန်းလည်း သိရဲ့သားနဲ့ သူ့ပတ်ဝန်းကျင်မှာ အမြဲပေါ်နေပါပြီ။
ဇတ်လမ်းရဲ့ နာမည် ဖြစ်တဲ့ လှသောစိတ် ဆိုတာ ဒီနေရာမှာမှ တကယ်မှန်လာတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ဘ၀တွေမှာလည်း အစစ်အမှန် မဟုတ်တဲ့ ထင်ယောက်ထင်မှားဖြစ်မှုတွေ၊ ကိုယ်က မဟုတ်ရင်တောင် အများက လုပ်တဲ့ အတုအယောင်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အဲ့ အရာတွေကို မသိကျိုးကျွံ ပြုလို့ မရပါဘူး။ အစစ်အမှန် မဟုတ်ပေမယ့်လည်း ငြင်းပယ်မရလို့ လက်ခံထားရတာတွေ အများကြီးရှိပါတယ်။ တကယ့်နည်းမှန် လမ်းမှန် ဆိုတာ အတုအယောင်တွေကို ပယ်ချဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ အတုအယောင်ဆိုတာကို အတုအယောင်မှန်း သိအောင် ၊ ထင်ယောင်ထင်မှားဖြစ်မှုတွေကို ထင်ယောက်ထင်မှားဖြစ်မှုတွေ မှန်း တကယ့်ကို အတွင်းကျကျ သိရှိနား လည်ဖို့သာ အဓိကပါ။ အတုအယောင်တွေ အားလုံးကို အတင်းပယ်ချဖို့ ကြိုးစားနေရင်လည်း ကျနော်တို့ အောင်မြင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လူသားတွေဟာ တရားစကားနဲ့ ပြောရရင် အတုအယောင် လောကကြီး မှာသာ အသက်ရှင်နေရလို့ ဖြစ်ပါတယ်။ အဲတော့ မွေးရာကနေ သေဆုံးတဲ့ အထိ အတုအယောင်တွေကိုသာ အမြဲ တွေ့နေရဦးမှာပါ။
ဒီကားလေးမှာလည်း ဂျွန်ဟာ ထိုသုံးယောက်ကို သူ့ကမ္ဘာထဲက ဆွဲမထုတ်နိုင်ခဲ့ပါဘူး။ သူသေတဲ့အထိ အဲ့သုံးယောက် ရှိနေခဲ့ပါတယ်။ အပိုင်းလေးသာ ခွဲထားပြီး သူတို့လည်း သူတို့ဘာသာနေ ကိုယ်လည်း ကိုယ့်ဘာသာနေ ဆိုပြီး နေရာခွဲထားပြီး သူ အသက်ရှင်ခဲ့တာပါ။ ဒါ သူရဲ့ အလှပဆုံး စိတ်ဓါတ်ပါပဲ။ ဒီလို လုပ်နိုင်ဖို့ ကျနော်တို့ တော်တော်များများ မလွယ်ကူပါဘူး။ ဒါကို သူရအောင် လုပ်နိုင်ခဲ့ပါတယ်။ တကယ်လို့သာ သူ့ရောဂါကို ကုနိုင်ခဲ့ရင် ဒါဟာ သူရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ ဆေးပညာရဲ့ အောင်မြင်မှုပါ။ အခုတော့ သူ တကယ်အောင်မြင်ခဲ့တာပါ။ သူ အစစ်အမှန် ကမ္ဘာကြီးရော အတုအယောင်ကမ္ဘာကြီးကိုရော တစ်ချိန်တည်းမြင်နိုင်ခဲ့တဲ့ လူတစ်ယောက်ပါ။ သူဟာ လောကစာမေးပွဲကြီးမှာ တကယ့်ကို ထူးချွန်စွာ အောင်မြင်ခဲ့တာပါ။ နောက်ပိုင်းမှာ သူဟာ အများလက်ခံထားတဲ့ မူအရလည်း အောင်မြင်ခဲ့ပါတယ်။ သင်္ချာပညာရှင် အဖြစ်နဲ့လည်း နိုဘယ်ဆု ရရှိခဲ့ပါတယ်။ နိုဘယ်ဆု ရတဲ့ ပွဲမှာ သူပြောသွားတဲ့ မိန့်ခွန်းကတော့ ကျနော် တကယ်ကြိုက်ပါတယ်။ သူအခုလို အောင်မြင်လာတာ တကယ့်ပါရမီဖြည့်ဖက် ဇနီးတစ်ယောက် ရလိုက်လို့ပါတဲ့။ သူပြောသွားတာ ကျနော်ကြိုက်ပါတယ်။ ကျနော်တို့ဟာ တစ်ယောက်ထဲ မပြည့်စုံနိုင်ပါဘူး။ အဲတော့ အဖော်ရှာရပါတယ်။ အဖော်ရှာတဲ့ နေရာမှာလဲ ဂျွန်က လောဘကြီးခဲ့တဲ့အတွက် သူရဲ့ အတွင်းစိတ်တွေကို ဇတ်ကောင်တွေ အများကြီး ဖန်တီးလိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ နားလည်သွားပါတယ်။ တကယ့် အဖော်မွန်ကောင်းဆိုတာ ဘာလဲဆိုတာကိုပေါ့။ သူ တကယ့်အရှိတရားထဲမှာ အဖော်မွန်ကောင်းကို ရရှိခဲ့တယ် ဆိုတဲ့အကြောင်းပါ။ ဂျွန် ကတော့ အဲဒီနေရာမှာ ကံကောင်းခဲ့ပါတယ်။ အဲတော့ MC တို့လည်း ကံကောင်းကြပါစေဗျာ။
အောင်မြင်မှုဆိုလို့ ပြောရပါဦးမယ်။ ဂျွန်တို့လို နိုင်ငံခြား တက္ကသိုလ်တွေမှာ ဓလေ့တစ်ခုရှိပါတယ်။ ဌာနတစ်ခုမှာ အလုပ်လုပ်ပြီး ဘ၀တစ်လျောက်လုံး ပညာရေးအတွက် အကျိုးအများကြီး ပြုခဲ့ဖူးတဲ့ လူတွေကို ကျန်တဲ့ ဆရာတွေက သူတို့ အမြဲသုံးတဲ့ ဆောင်ထားတတ်တဲ့ ဘောလ်ပင်လေးတွေကို အဲ့ ဆရာကြီး ဖြစ်စေ၊ ဆရာမကြီးဖြစ်စေ ပင်စင်ယူခါနီးမှာ ကန်တင်းကို လာရင် ၀ိုင်းပြီး ပေးအပ်တတ်ကြပါတယ်။ ဒါဟာ သူတို့လောကမှာတော့ အမြင့်ဆုံး အောင်မြင်မှုပါပဲ။ ကျနော်တို့ ဆီမှာတော့ မရှိပါဘူး။ အမှန်ဆိုရင် ကျနော်တို့ ဆီမှာလည်း ထိုကဲ့သို့ ဂုဏ်ပြုမှုမျိုး ပြုပေးရမယ့် ဆရာ၊ ဆရာမတွေ အများကြီး ရှိပါတယ်။ များရာစု ကြီးက မကောင်းတာနဲ့ ကျန်တဲ့ ကောင်းတဲ့ ဆရာ၊ ဆရာမတွေပါ ဂုဏ်ကျက်သရေ ညှိုးမှိန်ရတာတော့ ကျနော် တော်တော် စိတ်မကောင်းပါဘူး။
ကျနော်တို့ ဌာနမှာလည်း ဆရာ တစ်ယောက်ရှိပါတယ်။ ပုသိမ်တက္ကသိုလ်မှာ ကျောင်းတတ်ဖူးတဲ့ လူမှန်သမျှ သူ့ လေ့ကျင့်ခန်းတွေ မှတ်စုတွေနဲ့ မကင်းပါဘူး။ တစ်ဌာနလုံးမှာ ရှိတဲ့ မှတ်စုတွေ လေ့ကျင့်ခန်းတွေ အားလုံးနီးပါးကို သူတစ်ယောက်ထဲ ရေးခဲ့တာပါ။ ဒါပေမယ့် အဲ့ဆရာ အခုထိ ဒေါက်တာဘွဲ့ လည်းမရပါဘူး။ သူကိုယ်တိုင်လည်း မလိုချင်တာ ပါတာပေါ့လေ။ ဘယ်သူကမှလည်း အထူးတလည် ဂုဏ်ပြုကျေးဇူးတင်တာမျိုး မရှိပါဘူး။ ထုံးစံကြီးမို့ ရိုးနေသလားတောင် ထင်ရပါတယ်။ ဒါတော်တော် ၀မ်းနည်းဖို့ ကောင်းပါတယ်။ ဒါမျိုး ဆရာ၊ဆရာမတွေ မြန်မာနိုင်ငံ အနှံအပြားမှာ အများကြီး ရှိနေဦးမှာပါ။ အဲ့ဆရာတွေကမှ တကယ့်ကို ဆရာကောင်းတွေပါ။ ဒေါက်တာဘွဲ့ တောင် တပ်ပေးစရာမလိုဘဲ ဂုဏ်သရေ ကြီးမြတ်သူတွေပါ။
ဒီနေရာမှာလည်း ကျနော် ဖရွိုက်တို့ ဘာတို့ ဖတ်ဖူးသလောက်နဲ့ ဂျွန် ဖန်တီးတဲ့ သုံးယောက်ကို ချဉ်းကပ်ကြည့်ပါမယ်။ ဒါ ကျနော့် အမြင်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ တကယ့် တကယ်မှာတော့ သူဟာ လူတိုင်း နီးပါး ဖြစ်ဖူးလေ့ရှိတဲ့ စိတ်အနုစားလေးတွေကို သူရဲ့ ပညာဥာဏ်နဲ့ စိတ်ကူးနိုင်စွမ်းအား နဲ့ ပေါင်းပြီး အကောင်အထည်ကြီး ပေါ်လာအောင် ဖန်တီးလိုက်တာပါ။ ချားစ် ကို သူ ဘာကြောင့် ဖန်တီးသလဲ ဆိုတာကတော့ ရှင်းပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖြစ်ဖူးကြမှာပါ။ စာတွေနဲ့ နပန်းလုံးနေရတဲ့ အချိန်မှာ အပြင်က သာမာန်လူတွေလို ပျော်ချင် ပါးချင်၊ ခေါင်းမပူဘဲ နေချင်ကြတာ သဘာဝပါ။ အဲတော့ သူဟာ လက်တွေ့မှာလည်း မလုပ်ရဲတော့ သူ ရဲ့ စိတ်ထွက်ပေါက်အဖြစ် သူ စိတ်ကို ဖြေလျော့ဖို့ ချားစ်ကို ဖန်တီးလိုက်တာပါ။ ကားထဲမှာ အဲ့အကြောင်းကို ပေါ်လွင်စေချင်တဲ့ နေရာ ၂ နေရာ ၃ နေရာလောက် ပြထားပါတယ်။ သူ စာတမ်းရေးလို့ မရတဲ့ အချိန်မှာ စာကြည့်စားပွဲကြီးကို လွှင့်ပစ်ခြင်း၊ သူစာတမ်း တင်လို့ အောင်မြင်တဲ့ အခါမှာ ချားစ်က အားပါးတရ အောင်ပွဲခံခြင်းတွေကို ကြည့်ရင် သိသာပါတယ်။ ဒါပေမယ့် ကောင်မလေး မာစီကို သူဖန်တီးတာတော့ ကျနော်သိပ်မရှင်းပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ သူ အဲ့အချိန်က အချစ်နဲ့ ထိတွေ့နေလို့ သူရဲ့ နူးညံ့နေတဲ့ စိတ်ကို အသက်သွင်းလိုက်တာ ဒါမှမဟုတ်ရင် တစ်လျောက်လုံး သူရှိခဲ့တဲ့ သူရဲ့ အားငယ်စိတ်တွေ၊ ပျော့ညံ့မှုတွေကို ဖောက်ထုတ်လိုက်တာလို့ ကျနော်မြင်ပါတယ်။ အဲ့နေရာမှာလည်း ဂျွန့်ကို ကျနော် ထပ်ကြိုက်ပါတယ်။ လူ တော်တော်များများဟာ သူတို့ရဲ့ အဲဒီလို စိတ်တွေကို အတင်းကြီး ဖုံးအုပ်ထားတတ်ကြပါတယ်။ ဒါ အန္တရာယ်ကြီးပါတယ်။ ဂျွန်လို ဖောက်ထွက်လိုက်တာမှ တော်ပါသေးတယ်။ အင်း ၀ီလီယံ ကို ဘာကြောင့်ဖန်တီး သလဲဆိုတာကတော့ ကျနော်တို့ ပညာရှုထောင့်ဘက်ကနေ ကြည့်ရင် ပိုရှင်းပါတယ်။ သူဟာ တကယ့်ဘ၀မှာ ပညာရေးရဲ့ ဆုံးခန်းတိုင်ပြီဆိုတဲ့ သဘောဖြစ်တဲ့ ဒေါက်တာဘွဲ့လည်းရပြီးပါပြီ။ အောင်လည်း အောင်မြင်ကျော်ကြားနေပါပြီ။ ၀င်ငွေလည်း ကောင်းနေပါပြီ။ ဒါပေမယ့် သူ့လို လူတော် တော်တော်များများကတော့ ဘ၀မှာ အဲဒီလို ဘာစိန်ခေါ်မှုမှ ရှိမနေတာကို မကြိုက်ပါဘူး။ အဲတော့ ပြင်ပက စိန်ခေါ်မှု မလာတဲ့ အခါမှာ သူစိတ်ထဲကနေပဲ သူကိုယ်တိုင် စိန်ခေါ်မှု တစ်ခု၊စိတ်လှုပ်ရှားဖွယ်ရာ တစ်ခုကို ဖန်တီးလိုက်တာပါ။ နိုင်ငံခြားမှာပဲ ဖြစ်ဖြစ် ကျနော်တို့ မြန်မာပြည်မှာပဲ ဖြစ်ဖြစ် ဒေါက်တာဘွဲ့ရပြီးသွားပြီ ဆိုရင် တော်တော်များများက သင်ယူမှု လေ့လာမှုတွေကို အဆုံးသတ်လိုက်တာ များပါတယ်။ နောက်ထပ် ဘာကိုမှ စိတ်စူးစိုက် ပြင်းပခြင်း ရှိမနေတော့ပါဘူး။ အဲဒါမျိုး ဂျွန့်မှာ လုံးဝ မရှိပါဘူး။ သူဟာ ဒေါက်တာ ဖြစ်ကြောင်းကိုတောင် သူ့သူငယ်ချင်းတွေက ပြန်သတိပေးနေရတဲ့ အထိ သူရဲ့ ပညာအပေါ် လိုလားတပ်မက်မှုက လျော့ကျမသွားပါဘူး။
အစမှာ ကျနော် ပြောခဲ့တဲ့ အတိုင်း သူရဲ့ ပညာအပေါ် ရူးသွပ်မှုက လျော့ကျမသွားပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ ဂျွန်နက်ရှ်ဟာ သင်္ချာပညာရှင်တိုင်း မသိမဖြစ်တဲ့ လူတစ်ယောက် ဖြစ်နေတာပါပဲ။ ဒီကားလေးဟာ တကယ့် အဖြစ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ဒါပေမယ့် အဖြစ်မှန်နဲ့ အနည်းငယ်ကွာတယ်လို့လဲ ပြောကြပါတယ်။ နောက်ပြီး ကမ္ဘာမှာ တကယ့်ကို နာမည်ကြီးခဲ့တဲ့ လူတွေကလည်း အဲလိုမျိုး စိတ်ရောဂါ ဖြစ်ဖူးတာတွေ တော်တော်များများ တွေ့ဖူးပါတယ်။ ပြဇတ်ရေးဆရာကြီး ဘားနတ်ရှောလဲ ဖြစ်ဖူးတယ်တဲ့။ ကျနော်သိတာကတော့ ကမ္ဘာကျော် ၀တ္ထုတို ဆရာကြီး အိုဟင်နရီ လည်း ဂျွန် လိုပါပဲတဲ့။ တစ်ချိန်လုံး သူ့နောက်ကို FBI တွေ လိုက်နေတယ်လို့ ထင်နေတယ်တဲ့။ စကားစပ်မိလို့ ကျော်ကြားတဲ့သူတွေ ရဲ့ လှပသော ရူးသွပ်မှုတွေ အကြောင်းပြောကြည့်တာပါ။
သေချာတာကတော့ ကျနော်ပြောချင်တာက ပညာတစ်ခုကို တကယ့်ကို ကျွမ်းကျင် တတ်မြောက်ချင်ရင် ရူးသွပ်မှ ရတာပါလို့။ အင်္ဂလိပ် စကားပြောတတ်ချင်ရင်တောင် အရူးလို တစ်ယောက်တည်း လေ့ကျင့်သင့်ရင် ကျင့်ရပါမယ်။ နောက်ပြီး ပညာတကယ်လိုလားတဲ့သူတွေဟာ ပညာကြောင့်ရလာတဲ့ အောင်မြင်မှုကို လည်း မမက်မောပါဘူး။ အခုတော့ ဒေါက်တာတော်တော်များများက နာမည်ရှေ့မှာ ဒေါက်တာလေး မတပ်ရင်တောင် စိတ်ဆိုးကြတာ တွေ့ရပါတယ်။ အကြီးအကျယ်ပဲ သူ့ကို စော်ကားနေသလိုလို ဘာလိုလိုပေါ့။ ဒီကားလေးထဲမှာတော့ ဂျွန်နက်ရှ် ဟာ သူ့ဆရာ တစ်ယောက်က အောင်မြင်မှုလို့ ပြောတာကိုတောင် အသိအမှတ်ပြုမှု လို့ပဲ မြင်တဲ့ အထိပါပဲ။ အဲတော့ ကျနော်တို့လည်း အောင်မြင်မှုကို နောက်ထပ်ဆက်လေ့လာဖို့ အသိအမှတ်ပြုပေးတယ်လို့ ၊နောက်ထပ် အလုပ်တွေ ဆက်လုပ်ဖို့ တွန်းအားပေးတယ်လို့ပဲ မြင်စေချင်စမ်းပါတယ်။ ဒေါက်တာ ကိုကိုတို့ မမတို့ ကို တောင်းဆိုလိုက်တာပါ။
ဒီကားလေးဟာ စာရေးဆရာတော်တော်များများလည်း ပြောဖူးတဲ့ ကားလေးပါ။ သရုပ်ဆောင်တွေ အကုန်လုံးဟာ လည်း အပြင်က တကယ့်လူတွေလားလို့ ထင်ရလောက်အောင် အရမ်းကောင်းပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဒီကားလေး ကောင်းကြောင်းကို ခုလောက်လေး ရေးရုံနဲ့ အကုန်ပေါ်လွင်အောင် မရေးနိုင်ပါဘူး။ အဲတော့ ကိုယ့်ဘာသာပဲ မကြည့်ဖူးသေးဘူးဆိုရင် ကြည့်လိုက်ကြပါ။ ကျနော့်ထက် ပိုကောင်းတဲ့ အတွေးတွေ အများကြီး ထွက်လာကြမှာပါ။ ကျနော် ယုံကြည်ပါတယ်။ အဲတော့ ကျနော် အချုပ်ပြောချင်တာလေးကတော့ ဘုရားဟောအတိုင်းဆိုရင် လူတွေအားလုံးဟာ အရုးတွေပါပဲ။ အဲတော့ အရူးတွေကြားမှာ ပညာအပေါ်ရူးသွပ်တာက ကောင်းပါတယ်။ ဂုဏ်လည်းရှိပါတယ်။ ပညာအပေါ် ရူးသွပ်ခြင်းကပဲ အလှပဆုံး အမွန်မြတ်ဆုံး အသန့်စင်ဆုံး တန်ဖိုးအရှိဆုံး ရူးသွပ်မှုလို့ ပြောကြားရင်း ကျနော့်ရဲ့ ရူးသွပ်ခြင်းကို အဆုံးသတ်လိုက်ပါရစေ ဗျာ။


ရှိန်ဝါ

Tuesday, February 5, 2013

“မျက်လုံးနှင့် နားမှ၊ နှလုံးသား နှင့် ဘ၀များစွာ အထိ (၃) (The Skin I live in)”

“မျက်လုံးနှင့် နားမှ၊ နှလုံးသား နှင့် ဘ၀များစွာ အထိ (၃)”
ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရားများ၊ အရေပြားတစ်ထောက်စာ လိင်စိတ် နှင့် မောင်မစ္စက
(သို့) (The Skin I live in)

လူရယ်လို့ ဖြစ်လာရင် လူတိုင်း လိုက်နာစောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်တွေရှိပါတယ်။ အဲလိုပဲ အသက်မွေးဝမ်းကျောင်းပြုကြရတဲ့ နေရာမှာလည်း ကိုယ့် အသက်မွေးမှု အလိုက် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိလာပြန်ပါတယ်။ အဲ့ကျင့်ဝတ်တွေ မစောင့်ထိန်းရင်တော့ ကျနော်တို့ တတွေဟာ ကိုယ့်ကျင့်တရား ပျက်ပြားတယ်လို့ လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ကြပါတယ်။ ဟုတ်ပါပြီ။ ဒါပေမယ့် အဲလို စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ကရော လုံးဝ အပြည့်အစုံ မှန်ကန်ပါရဲ့လား။ တကယ်ရော လိုက်နာ သင့်ရဲ့လား။ မေးခွန်းထုတ်စရာ မရှိတော့ဘူးလား။ တော်တော်များများကတော့ မေးခွန်း မထုတ်ကြပါဘူး။ ကိုယ့်ကို ကိုယ်ကျင့်တရား မကောင်းဘူးလို့ ထင်မှာ စိုးတဲ့အတွက် မေးခွန်းလဲ မထုတ်ရဲကြပါဘူး။ ဒါပေမယ့် ရုပ်ရှင်ကားလေး တစ်ကားကတော့ အဲလိုမေးခွန်းတွေကို အများကြီး ထုတ်ပေးသွားပါတယ်။ အဲ့ကားလေးကို ကြည့်ပြီး ကျနော်တို့တတွေ ကြောက်လန့် တုန်လှုပ် ချောက်ချားသွားစေတဲ့ အထိ သူမေးခွန်းထုတ်ထားတာပါ။
အဲ့ကားလေးကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားလေး တစ်ကားပါ။ အင်္ဂလိပ်လို နာမည်ကတော့ The Skin I live in ပါ။ ဒါရိုက်တာကတော့ စပိန်နာမည်ကြီး ဒါရိုက်တာ Almodovan ပါ။ သူကလည်းပဲ နာမည်ကြီး ၀တ္ထုတစ်ပုဒ်ဖြစ်တဲ့ Theiry Jonquet ရေးတဲ့ စပိန်ဝတ္ထု  Tarantula (Mygale) ကို ပြန်ရိုက်ထားတာပါ။ အင်္ဂလိပ်လို လည်း ရှိပါတယ်။ အဲ့ကားလေးဟာ ၆၄ ကြိမ်မြောက် ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလည်း အင်္ဂလိပ်စကားပြော မဟုတ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့ပါတယ်။ ၆၅ ကြိမ်မြောက် British Academy Film Award ကိုလည်း ရရှိခဲ့ပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေကတော့ ဒေါက်တာ ရောဘတ်အဖြစ် Antonio Banderas, ဗီရာ အဖြစ်Elena Anaya,  မာရီလာ အဖြစ် Marisa Paredes,  ဗင်းဆင့် အဖြစ် Jan Cornet တို့ပါ။ Antonio Banderas ကိုတော့ ကျနော်တို့ မြန်မာပရိသတ်များ ရင်းနှီးပြီးသားပါ။ Desperado ဆိုတဲ့ ဂစ်တာထဲ သေနတ်တွေ ထည့်ပစ်တဲ့ မင်းသားဆို လူတိုင်းသိပါတယ်။ Antonio ရဲ့ ထုံးစံအတိုင်း ဇာတ်ကားကတော့ အနည်းငယ် ညှီပါတယ်။ ဒါပေမယ့် အဲလို ညှီတာကပဲ ဒီကားမှာ ကြောက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းတွေ ဖြစ်လာတော့တာပါ။
ဒေါက်တာရောဘတ်ဟာ အရေပြားအထူးကု ဆရာဝန်တစ်ယောက်ပါ။ သူဟာ စစ်ပွဲမှာ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ စစ်သားတွေအတွက် ဂုဏ်သိက္ခာပြန်လည်ရစေဖို့ လူ့အရေပြား အတုကို တီထွင်နေတာပါ။ သူရဲ့ ရည်ရွယ်ချက်ကတော့ မြင့်မြတ်ပါတယ်။ ဒုက္ခိတ စစ်သားတွေဆိုတာ သူတို့ကို အသက်ကယ်ယုံတင် မပြီးသေးဘဲ သူတို့ရဲ့ လူသားပီသမှု၊ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရအောင် လုပ်ပေးမှသာ တာဝန်ကျေတာလို့ သူက ခံယူပါတယ်။ သူဟာ တော်ရုံ မှတ်၊ ခြင်၊ယင် ကိုက်တာကိုတောင် မဖြုံတဲ့ အရေပြားကိုတောင်မှပဲ စမ်းသပ်တီထွင်နေတာပါ။ သူဟာ စိတ်ဇောပြင်းထန်လွန်းတဲ့အတွက် လူ့အသိုင်းအ၀ိုင်း၊ ဆေးပညာလောကမှာ တားမြစ်ထားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲခြင်းနည်းနဲ့တောင် ၀က်ရဲ့ အရေပြားကို တုပပြီး လူ့အရေပြား တီထွင်ဖို့ ကြိုးပမ်းနေတာပါ။ အင်း သူ့ဆီမှာ သူအခုလို စမ်းသပ်ဖို့လည်း ကောင်မလေးတစ်ယောက်ရှိပါတယ်။ နာမည်ကိုတော့ သူက ဂယ်လ် လို့ပေးထားပါတယ်။ သူ အများကို ပြောထားတာတော့ လူ လို့ မပြောထားပါဘူး။ တိရိစ္ဆာန်တစ်ကောင်လို့ ပြောထားတာပါ။ သူက အဲ့ဒီ ကောင်မလေးကို အချွန်အထက် လုံးဝမရှိတဲ့ အလုံပိတ် အခန်းထဲမှာ ထားတာပါ။ ကောင်မလေးကို ကြည့်ရှုဖို့၊ အစားအသောက် ကျွေးမွေးဖို့ မာရီလာ ဆိုတဲ့ အဒေါ်ကြီး တစ်ယောက်ကိုတော့ ထားပါတယ်။ ကောင်မလေးကိုလည်း ရောဘတ်က အရေပြား ပြောင်းလဲထားပြီးသားပါ။ ကောင်မလေးက  နာကျင်မှုကို ခံနိုင်အောင် အထူးပြုလုပ်ထားတဲ့ ကိုယ်ကျပ်အကျီကိုပဲ ၀တ်နေရပါသေးတယ်။ ကောင်မလေးကတော့ အဲ့အခန်းလေးထဲမှာ သူ့တစ်ယောက်တည်း ယောဂ ကျင့်လိုက်၊ တီဗွီ ကြည့်လိုက်နဲ့ပဲ အချိန်တွေကို ကုန်ဆုံးနေရပါတယ်။
တစ်နေ့တော့ မာရီလာရဲ့ သားတစ်ယောက်ဖြစ်တဲ့ ထောင်ထွက် လူမိုက် ဇက်ကာ (တိုက်ဂါး) က မမျှော်လင့်ဘဲ အဲဒီ့အိမ်ကို ရောက်ချလာပါတော့တယ်။ တိုက်ဂါးက သူ့အမေဆီကို လာလည်ရင်း အဲ့ကောင်မလေးကိုတွေ့တော့ လူတစ်ယောက်နဲ့မှားပြီး အမေကိုလည်း ကြိုးနဲ့တုပ်ပြီး ကောင်မလေးကို အတင်းဓမ္မပြုကျင့်ပါတော့တယ်။ အရေပြား အသစ်လဲထားတာ မကြာသေးတဲ့ ကောင်မလေးအတွက်တော့ ဒါတကယ့်ကို ငရဲပါပဲ။ အဲဒီအချိန်မှာပဲ ဒေါက်တာ ရောဘတ်ပြန်ရောက်လာပါတယ်။ ပထမတော့ လက်ထဲက သေနတ်နဲ့ ကောင်မလေးကိုရော တိုက်ဂါးကိုရော နှစ်ယောက်စလုံးကို သတ်ဖို့လုပ်ပါတယ်။ မာရီလာကတော့ ကောင်မလေးကိုပဲ သတ်စေချင်ပါတယ်။ ဒါပေမယ့် ရောဘတ်က နောက်ဆုံးမှာတော့ တိုက်ဂါးကိုပဲ ပစ်သတ်လိုက်ပါတယ်။ အဲဒီမှာပဲ မာရီလာကပြောပါတယ်။ “အော် သူတို့ ငယ်ငယ်တုန်းကတည်းက ဒီလို သေနတ်ပစ်တမ်းကစားလာတာ။ ဒီတစ်ခါတော့ တကယ့်ကို ပစ်သတ်လိုက်တာပဲ။” လို့ ပြောပါတယ်။ အဲတော့မှ ကောင်မလေးက မာရီလာ့ကို အကြောင်းစုံ မေးပါတော့တယ်။ မာရီလာကလည်း ရှင်းပြပါတယ်။ အကြောင်းစုံက ဒီလိုပါ။
ရောဘတ်နဲ့ တိုက်ဂါးက အဖေတူ အမေကွဲ ညီအစ်ကိုတွေပါ။ မာရီလာက ရောဘတ်တို့အိမ်က အစေအပါးပါ။ ရောဘတ်ရဲ့ အဖေက မာရီလာနဲ့ မှောက်မှားလို့ သားတစ်ယောက်ရပါတယ်။ အဲ့သားလေးက တိုက်ဂါးပါ။ ဒါပေမယ့် တိုက်ဂါးကလည်း  ငယ်ငယ်ကတည်းက ဆိုးသွမ်းပြီး ဆေးခြောက်တွေ ဘာတွေရောင်းပါတယ်။ နောက် လေလွင့်ပြီး အိမ်ကနေ ကလေးအရွယ်ကတည်းက ထွက်ပြေးသွားပါတယ်။ နောက်တော့ ရောဘတ်က အမျိုးသမီးချော တစ်ယောက်ဖြစ်တဲ့ ဂယ်လ် နဲ့ အိမ်ထောင်ကျပါတယ်။ နော်မာ လို့ခေါ်တဲ့ သမီးလေး တစ်ယောက် မွေးပါတယ်။ အဲဒီ အချိန်မှာပဲ တိုက်ဂါး အိမ်ကို ပြန်ရောက်လာပါတယ်။ မထင်မှတ်ဘဲ တိုက်ဂါးနဲ့ ဂယ်လ် တို့ ညှိစွန်းကြပါတယ်။  အဲလို ညှိစွန်းပြီး တိုက်ဂါးနဲ့ ဂယ်လ်ဟာ ရောဘတ်မရှိခိုက် အိမ်ကနေ ထွက်ပြေးကြပါတယ်။ ကံကလည်း ဆိုးချင်တော့ အဲလို ထွက်ပြေးတဲ့ လမ်းမှာပဲ ကားက မှောက်ပါတယ်။ ကားက မီးလောင်တော့ တိုက်ဂါး ထွက်ပြေးပါတယ်။ ဒါပေမယ့် ရောဘတ်ကတော့ တစ်ကိုယ်လုံး မီးတွေ လောင်ကျွမ်းနေတဲ့ ဂယ်လ်ကို အသက်ငွေ့ငွေ့လေးမှာ ကယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ဂယ်လ်ကတော့ လူရုပ်တောင် မပေါက်တော့ပါဘူး။ ရောဘတ်ကတော့ သူ့မိန်းမနားက နေ့ရော ညပါ တစ်ဖ၀ါးမှ မခွာဘဲ သူ့မိန်းမကို ကြိုးစားကယ်တင်ပါတယ်။ အဲ့ဒီမှာပဲ အရေပြား မီးလောင်တဲ့ အနံ့ကို တစ်ချိန်လုံး ခံခဲ့ရတဲ့ ရောဘတ်ဟာ လူ့အရေပြားအတုကို ဖန်တီးဖို့ ကြိုးစားမှု စတင်တော့တာပါ။ ဂယ်လ်ကလည်း နောက်ပိုင်း တဖြည်းဖြည်း ထူထူထောင်ထောင်ဖြစ်လာပါတယ်။ ဒါပေမယ့် ဂယ်လ်ဟာ သူ့ရုပ်ကို မြင်ရင် စိတ်ချောက်ချားမှာ စိုးတဲ့အတွက် အိမ်တစ်အိမ်လုံးမှာ မှန်တောင် မထား၊ အမှောင်ချထားပြီး သူရဲသဘက်တွေလို နေကြတာပါ။ ဒါပေမယ့် ဖြစ်ချင်တော့ တစ်နေ့မှာ ဂယ်လ် အရင်က သူ့သမီးလေး နော်မာကို သင်ပေးတဲ့ သီချင်းလေး တစ်ပုဒ်ရှိပါတယ်။ အဲ့သီချင်းကို ပန်းခြံထဲမှာ နော်မာလေး ဆိုတာကို ဂယ်လ်က အပေါ်ထပ်က လှမ်းကြားတော့ သူ ၀ရန်တာကို ထွက်လာပါတယ်။ အဲ့မှာပဲ သူတစ်ခါမှ မမြင်ရတဲ့ သူု့ရုပ်ကို တံခါးမှန်ကနေ တဆင့် သူ ပြန်မြင်လိုက်ပါတယ်။ သူ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားပါတယ်။ နောက်ဆုံး ၀ရန်တာကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ ဖြစ်ချင်တော့ သူအပေါ်ကနေ ပြုတ်ကျတဲ့နေရာက အောက်က ပန်းခြံထဲမှာ ဆော့နေတဲ့ နော်မာလေးရဲ့ ဘေးကို ပြုတ်ကျတာပါ။ အဲ့အချိန်က စပြီး နော်မာလေးဟာလည်း စိတ္တဇဖြစ်သွားပြီး တစ်သက်တာလုံး ဆေးတွေသောက် ဆေးတွေထိုးပြီး နေရတဲ့ ဘ၀ကို ရောက်သွားပါတော့တယ်။ နောက်ဆုံး သူလည်း သူ့အမေလို ၀ရန်တာကနေ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။
ဒါကတော့ မာရီလာပြောပြတဲ့ ရောဘတ်ရဲ့အကြောင်းပါ။ မာရီလာက အဲလို ကောင်မလေးကို ပြောပြီးသွားတဲ့ အခါမှာ အပြင်ကနေ တိုက်ဂါးအလောင်းကို ဖျောက်ဖျက်ပြီး ပြန်လာတဲ့ ရောဘတ် ပြန်ရောက်လာပါတယ်။ အဲ့ညမှာပဲ ရောဘတ်က ကောင်မလေးနဲ့ ချစ်တင်းနှောဖို့ ကြံပါတယ်။ ဒါပေမယ့် တိုက်ဂါးကြောင့် နာကျင်ခဲ့ရတဲ့ ကောင်မလေးက နောက်ကျမှ ဆိုပြီး ရောဘတ်ကို ပြောပါတယ်။ ရောဘတ်ကလည်း လက်ခံလိုက်ပြီး အတိတ်က အကြောင်းတွေကို ပြန်စဉ်းစားပါတော့တယ်။ ရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်တာ ကာလကို flashback ပြန်ပြတာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဇာတ်လမ်းကတော့ ဒီလိုပါ။
လွန်ခဲ့တဲ့ ခြောက်နှစ်က တုန်းက စိတ္တဇဆန်ဆန်ခံစားနေရတဲ့ သနားစရာ နော်မာလေးဟာ သူရဲ့ ပထမဆုံးအတွေ့အကြုံအနေနှင့် မင်္ဂလာဆောင်တစ်ခုရဲ့ ညနေစာစားပွဲကို သူ့အဖေနဲ့ အတူတတ်ပါတယ်။ သူဟာ လူတွေကို တွေ့ရမှာလည်း ကြောက်တော့ ဒါဟာ သူ့အတွက်တော့ ပထမဆုံးသော စွန်းစားခန်းတစ်ခုပါပဲ။ အဲဒီမှာပဲ နော်မာလေးဟာ ကိုယ်ကာယ အနည်းငယ် သေးတဲ့ ကောင်လေး တစ်ယောက်ဖြစ်တဲ့ ဗင်းဆင့် ကိုတွေ့ပြီး မျက်စိကျသွားပါတယ်။      ဗင်းဆင့် ကိုယ်ကာယ သေးတာဟာလည်း ဒီဇာတ်ကားရဲ့ အသက်ပါ။ ဗင်းဆင့်ဟာ သူ့အမေရဲ့ ဖက်ရှင်ဆိုင်ကို ကူရောင်းပေးနေတဲ့ ရိုးရိုးသာမာန်လူငယ်လေးတစ်ယောက်ပါ။ အဲဒါနဲ့ သူတို့နှစ်ဦး လူငယ်သဘာဝ ဧည့်ခံပွဲကနေထွက်ပြီး ပန်းခြံထဲမှာ ချိန်းတွေ့ကြပါတယ်။ အဲဒီမှာပဲ ဗင်းဆင့်က သူတို့ထုံးစံအတိုင်း နော်မာလေးနဲ့ ချစ်တင်းနှောဖို့ လုပ်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲလို ချစ်တင်းနှောခါနီးမှာ ဧည့်ခံပွဲကနေ အဆိုတော်က မင်္ဂလာပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းလေး တစ်ပုဒ်ဆိုပါတယ်။ အဲ့သီချင်းက နော်မာလေး ဆိုလိုက်လို့ သူ့အမေ ထွက်ကြည့်ပြီး ၀ရန်တာကနေ သေကြောင်းကြံတဲ့ သီချင်းပါ။ အဲဒီမှာပဲ နော်မာလေး စိတ်ဖောက်ပြီး အော်ဟစ်ပါတော့တယ်။ ဗင်းဆင့်ကလည်း မအော်အောင် ပါးစပ်ကို ပိတ်ပါတယ်။ နော်မာကလည်း ပိတ်တဲ့လက်ကို ကိုက်ပါတယ်။ အဲတော့ ဗင်းဆင့်ကလည်း နာတာနဲ့ ကောင်မလေးကို ပိတ်ရိုက်လိုက်ပါတယ်။ အဲ့မှာတင် နော်မာ လည်း မေ့သွားပါတယ်။ အဲလို မေ့သွားပေမယ့်လည်း ဗင်းဆင့်က ဘာမှ ဆက်မလုပ်ပါဘူး။ အ၀တ်အစားသေသေချာချာ ဖုံးပေးပြီး ကြောက်ကြောက်လန့်လန့်နဲ့ ပြန်သွားပါတယ်။ ဒါပေမယ့် ရောဘတ်က သူ့သမီးကို လိုက်ရှာရာက ဒီလိုပုံနဲ့ တွေ့ရတော့ သူ့သမီးလေး ဗလက္ကာရ အလုပ်ခံရတယ်လို့ ထင်ပါတယ်။ ဒါနဲ့ ဗင်းဆင့်ကို လိုက်ရှာပါတယ်။ ဗင်းဆင့်ရဲ့ ဆိုင်ကယ်ကိုလည်း သူက အဲ့ညက တွေ့လိုက်ရတော့ ရှာလို့လွယ်ပါတယ်။ လိုက်ရှာပြီး ကားနဲ့တိုက်ပြီး ဗင်းဆင့်ကို အခန်းတစ်ခုမှာ ဖမ်းချုပ်ထားပါတယ်။ နော်မာလေးကတော့ မရတော့ပါဘူး။ စိတ်ဖောက်သွားပါပြီ။ သူ့အဖေကိုတောင် အတွေ့မခံတော့ပါဘူး။ နောက်ပိုင်း သူလည်း သူ့အမေ လမ်းစဉ်အတိုင်း ၀ရန်တာပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံတော့တာပါပဲ။ အဲဒီမှာပဲ ရောဘတ်ကလည်း စဖမ်းခါစတုန်းကတော့ ဒေါသကြောင့်သာ နှိပ်စက်ဖို့  ဖမ်းထားတာ။သူ့သမီးလည်းသေရော သူလည်း စိတ်ပြောင်းပါတော့တယ်။
 မိန်းမရော သမီးရော ဆုံးရှုံးရတဲ့ ၀မ်းနည်းမှုကနေ အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ ဆရာဝန်တစ်ယောက်အဖြစ်ကို ရောက်သွားပါပြီ။ သူ့သမီးကို သဂြိုဟ်တဲ့နေ့မှာပဲ ကောင်လေးကို လိင်ပြောင်းပစ်ပါတေ့တယ်။ သူ့အပေါင်းအသင်းဆရာဝန်တွေကို မရရအောင် လိမ်ပြီးတော့ပေါ့။ ဗင်းဆင့်ရဲ့ အဖြစ်ကတော့ ဆိုးပါတယ်။ ဘာဆိုဘာမှန်းတောင်မသိ ဘာမကောင်းမှုကြီးကြီးမားမားတောင် မလုပ်ခဲ့ဘဲ အဆိုးရွားဆုံး ရက်စက်တာကို ခံလိုက်ရပါတယ်။ အဲဒီမှာ ဗင်းဆင့် အဖြစ် သရုပ်ဆောင်တဲ့ မင်းသားလေးဟာ အဓိက ဇာတ်ဆောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူရဲ့ သရုပ်ဆောင်ချက်ကလည်း လက်ဖျားခါလောက်ပါတယ်။ ယောင်္ကျားတစ်ယောက်ဟာ သူ့ဘ၀မှာ လိင်ပြောင်းခံရတာလောက် ဆိုးရွားတဲ့ အတွေ့အကြုံရှိပါဦးမလား။ အဲဒီ ဆိုးရွားတဲ့ အတွေ့အကြုံကို ( တနည်းပြောရရင် ကမ္ဘာပေါ်မှာ ဘယ်သူမှ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ရုပ် အသစ်စက်စက်ကို သူအကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့ပါတယ်)။ နောက်ပိုင်း ရောဘတ်ဟာ ဗင်းဆင့်ကို ဗီရာ လို့ နာမည်ပြောင်းပေးပြီး တကယ့်မိန်းမ တစ်ယောက်နဲ့ တုအောင် အကုန်လုပ်ပါတော့တယ်။ ရုပ်ကိုလည်း သေဆုံးသွားတဲ့ သူ့မိန်းမ ဂယ်လ် နဲ့ တူအောင် ကြိုးစားပါတယ်။
ဗင်းဆင့် ပေါက်ကွဲပါပြီ။ အခန်းထဲ ပိတ်လှောင်ခံထားရတဲ့ ဘ၀ကနေ နည်းအမျိုးမျိုးသုံးပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ နောက်ဆုံး သူ့အသတ်ကိုတောင် သူပြန်သတ်တဲ့အထိ ဒီဘ၀ကြီးကနေ လွတ်မြောက်ဖို့ ကြိုးစားပါတယ်။ အဲဒီမှာ ကျနော်တို့ နာကျင်စွာနဲ့ သိလိုက်ရတာက လူတစ်ယောက်ဟာ သူရဲ့ အသက်ကို တကယ်နှမြောတယ်ဆိုတာပါပဲ။ သေလောက်အောင် နာကျင်နေရပေမယ့်လည်း တကယ့်တကယ်မှာတော့ ဘ၀ကြီးကို အဆုံးသတ်ပစ်လိုက်ချင်ခြင်းနဲ့ ဘ၀အပေါ်ကို မက်မောတွယ်တာ မှုတို့ လွန်ဆွဲနေတဲ့ သရုပ်ကို ဗီရာ အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးလေးက အစွမ်းကုန် လုပ်ပြပါတယ်။ ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ မွှန်းနေသလို နာကျင်ခံစားရပါတယ်။ မင်းသမီးလေးရဲ့ သရုပ်ဆောင်မှုကလည်း ကြောက်စရာကောင်းလောက်အောင် ကောင်းပါတယ်။ နဂိုက ယောင်္ကျားဖြစ်ခဲ့ဖူးတဲ့၊ ရင်ထဲမှာ ယောင်္ကျားတွေရဲ့ စိတ်ဓါတ်တွေ ကျန်ရှိနေသေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ၀ိရောဓိ စိတ်တွေကို အကောင်းဆုံး သရုပ်ဆောင်ပြခဲ့တာပါ။
ဒါကြောင့်လည်း ဒီဇာတ်ကားလေကို ဝေဖန်တဲ့သူတွေက ဒီကားဟာ သတ်တာ ဖြတ်တာတွေ မပါဘဲ ကြောက်စရာအကောင်းဆုံး ဇာတ်ကားလို့ ပြောကြတာပါ။ နောက်ဆုံး မတတ်သာတဲ့ အဆုံးတော့ ဗီရာ ဟာ ဖြစ်ရာဘ၀မှာ ပျော်အောင်နေပါတော့တယ်။ သူ့စိတ်ဒဏ်ရာ သက်သာရကြောင်း အမျိုးမျိုးကြိုးစားနေထိုင်ပါတယ်။ လူဆိုတာ ဒီလိုမျိုးပါပဲ။ မဖြစ်သာတဲ့ အခြေအနေမှာတောင် နေသာအောင် နေနိုင်စွမ်းတဲ့ အစွမ်းသတ္တိရှိပါတယ်။  ဒါပေမယ့် သူရဲ့ သက်သာရာ ရှာတာဖြစ်တဲ့ ၊နံရံပေါ်မှာ သူ့ကို အလှပြင်ဖို့ပေးထားတဲ့ မျက်လုံးဆွဲတဲ့ ခဲတံနဲ့ ရေးထားတာတွေဟာ ကျနော်တို့ ကြည့်တဲ့သူတွေကို သက်သာရာရဖို့ဝေးလို့ အဲ့နံရံကစာတွေကို ကြည့်တာနဲ့တင် ကျနော်တို့ မွန်းကျပ်လာပါတယ်။ ဗီရာဟာ တီဗီကလာတဲ့ ယောဂ ကျင့်နည်းကို လေ့လာပြီး ယောဂလည်း ကျင့်ပါတယ်။ သူဘယ်လောက်တောင် တော်လဲဆို။ နောက်ပိုင်းမှာ ရောဘတ်ကိုယ်တိုင်ကတောင် သူ့ကို ယုံကြည်လာတဲ့အထိ လုပ်နိုင်သွားပါတယ်။ အပြင်တွေ ဘာတွေတောင် ပေးထွက်တဲ့ အထိပါ။ ဒါပေမယ့် ဇာတ်ကားအဆုံးသတ်မှာတော့ ဗီရာဟာ ရောဘတ်ကိုရော မာရီလာ ကိုပါ သတ်ပြီး သူ့ဘ၀ဟောင်းကို ပြန်သွားပါတယ်။ ဒါပေမယ့် ဇာတ်ကားက ကျနော်တို့ကို တွေးစရာ တစ်ချက်ထပ်ပေးပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဗီရာဘ၀ကို နှစ်သက်သာယာတဲ့ အရိပ်အရောင်တွေ ပြခဲ့တာပါပဲ။ နောက်ဆုံး ရောဘတ်ကို သတ်တဲ့နေရာမှာတောင် သူ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။ ဒါပေမယ့် ဇာတ်ကားကတော့ ကျနော်တို့ကို အဖြေပေးမသွားခဲ့ပါဘူး။ ဗီရာဟာ ဗီရာအဖြစ်နဲ့ ဗင်းဆင့် ဘ၀မှာ နေထိုင်မလား။ ဗီရာကနေ မူလဗင်းဆင့်အဖြစ်ကို ပြန်ပြောင်းမလားဆိုတာကိုတော့ ပြောမသွားပါဘူး။ ဒါပေမယ့် ဇာတ်ကားအလိုအရတော့ သူ့ကို အဲလို ပြန်ပြောင်း ပေးနိုင်တာ ရောဘတ်ပဲ ရှိပါတယ်။ အဲတော့ ပြန်မပြောင်းနိုင်ဘူးလို့ ပြောလို့ရပါတယ်။
အဲ့ဒီမှာ ရုပ်ရှင်ကြည့်သူတွေကို ဇာတ်ကားက မေးတာ တစ်ခုရှိပါတယ်။ အဆင်ပြေနေပြီဖြစ်တဲ့ ဗီရာ ဘ၀မှာပဲ နေလို့ရရဲ့သားနဲ့ ဘာလို့ ဗင်းဆင့် ဘ၀ကို ပြန်သွားရတာလဲ။ ကျနော်တို့ဆိုရင်ရော ဗီရာ့နေရာမှာဆို ဘယ်လိုလုပ်မှာလဲ။ ဘ၀အသစ်မှာပဲ အဆင်ပြေအောင်နေမလား။ ဘ၀ဟောင်း အစစ်အမှန်ကို ပြန်သွားမလား။  သေလောက်တဲ့ အဖြေရကျပ်တဲ့ မေးခွန်းတွေ ချည်းပါပဲ။ ကျနော်တို့ ဗုဒ္ဓစာပေတွေထဲမှာတော့ အဲဒီလို ယောင်္ကျားဘ၀ကနေ မိန်းမဘ၀ကို ပြောင်း၊ ပြီး ယောင်္ကျားဘ၀ကို ပြန်ပြောင်းသွားတဲ့ မောင်မစ္စက ရှိပါတယ်။ မောင်မစ္စက ကလည်း မူလဘ၀ကို ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဖတ်ဖူးတာကတော့ မောင်မစ္စက ဘ၀နှစ်ခုစလုံးမှာ သူပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကျနော်တို့ ဘာသာအလိုအရသာ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ကို ပြန်သွားခဲ့တာပါ။ ဗီရာ့လို နာကျင်မှုတွေနဲ့ ပြန်သွားခဲ့တာ မဟုတ်ပါဘူး။ မောင်မစ္စက ဘ၀နှစ်ခုစလုံးမှာလည်း သားသမီးတွေ မွေးဖွားခဲ့ပါတယ်။ မိန်းမဘ၀က သားသမီးတွေကို ပိုချစ်တယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဟုတ်ပြီ။ ဗီရာ့ဘ၀ ကျတော့ရော။ ထားပါတော့ အပေါ်က မေးခွန်းကို ကျနော်တို့ မဖြေနိုင်ပါဘူး။ ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့မေးခွန်းကို ဘယ်လိုပဲ ဖြေဖြေ။ ဘယ်အဖြေမှ မှားတယ်လို့လည်း မပြောနိုင်ပါဘူး။ မှန်တယ်လို့လည်း မပြောနိုင်ပါဘူး။ လောကကြီးမှာ အဲဒီလို အမှန် အမှား ခွဲခြားလို့ မရတဲ့ အရာတွေ အများကြီး ရှိပါလားဆိုတာကို ကျနော်တို့ကို နာနာကျင်ကျင် သတိပေးနေတာပါ။ ခရစ်ရှနားကြီးပြောတာကတော့ လူမှုရေး ပြသနာတွေမှာ အမှား အမှန်ဆိုတာ မရှိဘူးလို့ ပြောပါတယ်။ တကယ်ပါ အမှားဆိုတာ ၊အမှန် ဆိုတာတွေကို ကျနော်တို့ ပြန်လည် ဆန်းစစ်သင့်ပြီ ဆိုတဲ့အကြောင်း ဒီဇာတ်ကားလေးက တရားပြသွားတယ်လို့တောင် ပြောလို့ရပါတယ်။ ခုခေတ် လိင်တူဆက်ဆံသူများက သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတာကို မှားလား မှန်လားလို့ သိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်နိုင်ပါတယ်။
နောက်ပြီး ကျနော်တို့ ဒီဇာတ်ကားလေးကို ရှင်တော် ဗုဒ္ဓဟောကြားတော်မူသွားတဲ့ တရားတော် တွေနဲ့ တတ်သလောက် မှတ်သလောက် ချဉ်းကပ်ကြည့်ရအောင်။ ဒီဇာတ်ကားလေးမှာ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ပြသွားတာက အရေပြားတစ်ထောက်စာလေး အပေါ် ကျနော်တို့ လူသားတွေရဲ့ တိမ်းညွှတ်မှုပါ။ အရေပြား တစ်ထောက်စာလေး အပေါ်က လိင်စိတ်ပါ။ ရောဘတ်ကလည်း ဒီကောင်မလေး ဗီရာဟာ ဗင်းဆင့်ကနေ သူပြောင်းလဲထားမှန်းသိသိကြီးနဲ့ ဗီရာအပေါ် သူတပ်မက်ခဲ့ပါတယ်။ ဗီရာကလည်း သူ့ကို ယုတ်မာပက်စက်စွာ လိင်ပြောင်းလဲခဲ့တဲ့ သူကြီးမှန်း သိလျက်နဲ့ ရောဘတ်အပေါ် သူရဲ့ လိင်စိတ်ကို ဖောက်ထုတ်ခဲ့ပါတယ်။ ဒါဟာ စိတ်ပညာနယ်ပယ် ကနေကြည့်ရင်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေ တစ်ခုပါ။ အကုန်လှောင်ပိတ်ထားခံရတဲ့ လူသားတစ်ယောက်၊ ဘာဆိုဘာမှလည်း မျှော်လင့်စရာမရှိတော့တဲ့ လူသားတစ်ယောက်၊ စိတ်လက်ဖြေဖျောက်စရာလည်း နည်းပါးတဲ့ လူတစ်ယောက်အဖို့တော့ လိင်စိတ်ကပဲ သူရဲ့ ထွက်ပေါက်ဖြစ်ခဲ့တာပါ။ အလွန် သနားစရာ၊ စိတ်တုန်လှုပ်စရာ အခြေအနေတစ်ခုပါ။ အဲဒီမှာ သူတို့နှစ်ယောက်စလုံးဟာ အစစ်အမှန် မဟုတ်ဘူး သိသိကြီးနဲ့ သူတို့ရဲ့ လိင်စိတ်တွေဟာ ထကြွလာပါတယ်။ အရေပြား တစ်ထောက်လေး အပေါ် သူတို့ရဲ့ ငြိတွယ်မှု တဏှာဟာ ကျနော်တို့ ကြည့်ရှုသူတွေ အဖို့ အလွန် တုန်လှုပ်စရာ၊ တရားကျချင်စရာ ဖြစ်အောင် ပြုလုပ်သွားနိုင်ပါတယ်။ လောကရဲ့ အကြီးဆုံး တဏှာဖြစ်တဲ့ လိင်စိတ်ကို သူတို့ သရုပ်ဖော်သွားတာ ကျနော်တို့ကို တစ်ချက်တစ်ချက် အတော်လေး တုန်လှုပ်ချောက်ချား စေပါတယ်။ ဒီလိုစိတ်မျိုးတွေဟာ ကျနော်တို့ရဲ့ မဆုံးနိုင်သော သံသရာကြီး ကို ဖန်တီးနေတာပါလား၊ ဒီ မဆုံးနိုင်သော သံသရာကြီးမှာ ကျနော်တို့ဟာ ဒီလို ကာမတဏှာတွေနဲ့ ရှင်သန်လိုက်၊ သေဆုံးလိုက် ဖြစ်နေရတာပါလား လည်း ဆိုပြီး ပါးပါးလေး နဲ့ နာနာလေး ကျနော်တို့ကို ရိုက်ပုတ်လိုက်တာပါ။ ကျနော်တို့ ပုထုဇဉ်တွေရဲ့ ဘ၀တဏှာတွေကို ဗီရာရဲ့ သေကြောင်းကြံစည်မှုတွေ၊ ရောဘတ်အပေါ် ဖြစ်ပေါ်လာတဲ့ စိတ်တွေကနေ မီးမောင်းထိုးပြသွားပါတယ်။ ဒီနေရာမှာ ရှင်တော်ဟောခဲ့တဲ့ သညာသိ နှင့် ပညာသိ ဆိုတာကိုလည်း ကျနော်တို့ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားမိပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အစစ်အမှန်မဟုတ်မှန်းတော့ သိတော့ သိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အသိတွေဟာ အချက်အလက်ကို သိရုံမျှဖြစ်တဲ့ သညာသိ ဖြစ်နေတဲ့အတွက် ဒီစိတ်ကို သူတို့ မကျော်လွှားနိုင်ခဲ့ပါဘူး။ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ ခန္ဓာကိုယ် အတ္တဘောကြီးအပေါ် တရားအမြင်နဲ့ ငါ၊သူတစ်ပါး၊ယောင်္ကျား၊ မိန်းမ စသည်ဖြင့် ပညာသိနဲ့ သူတို့ မကြည့်နိုင်ခဲ့ပါဘူး။ ကျနော်တို့ရော သူတို့နေရာမှာဆို အဲဒီ့စိတ်ကို ကျော်လွှားနိုင်ပါ့မလား စဉ်းစားချင်စရာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက ကျနော်တို့က ကြောက်လန့်တုန်လှုပ်အောင် မေးခွန်းထုတ်ပြီး သတိပေးပါတယ်။ တကယ်ကြည့်ရတာ တန်တဲ့ ကားဖြစ်ပါတယ်။
ဇာတ်ကားတစ်ကားလုံးကလည်း ကျနော်တို့ကို မေးခွန်းတွေနဲ့ တရစပ် ပစ်ပေါက်သွားတာပါ။ ပထမဆုံး ရောဘတ်ရဲ့ ဘ၀ကို ဆန်းစစ်ကြည့်လိုက်ကြရအောင်။ ဒီနေရာမှာ အန်တိုနီယို ကြီးရဲ့ သရုပ်ဆောင်ချက်တွေ ကောင်းကြောင်းတော့ ပြောမနေတော့ပါဘူး။ ကမ္ဘာကျော်သရုပ်ဆောင်ကို ကျနော့်လို ဘာမဟုတ်တဲ့ကောင်က ချီးမွမ်းသလိုကြီး ဖြစ်နေမှာစိုးလို့ပါ။ ရောဘတ်ကို ဆန်းစစ်ကြည့်ရင် ကောင်လေးကို လိင်ပြောင်းတဲ့ အပိုင်း နဲ့ ပြီး လိင်ပြောင်းပြီး သူကပဲ ပြန်ကြိုက်သွားတဲ့ (၂) ပိုင်း ခွဲပြောရမှာ။
ပထမဆုံး ကောင်လေးကို လိင်ပြောင်းတဲ့ကိစ္စကတော့ ရှင်းပါတယ်။ သူရဲ့ ကြီးမားလှတဲ့ နာကျင်မှုတွေက အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ ၊လူမဆန်တဲ့ အလုပ်တွေကို လုပ်မိစေဖို့ တွန်းအားပေးလိုက်တာပါ။ နာကျင်မှုတွေဟာ သူရဲ့ ပညာတတ်အမြင်၊ လူကောင်းစိတ်တွေကို မြူတွေလို ဖုံးအုပ်ပစ်လိုက်တာပါ။ ဒီနေရာမှာ ဆရာဝန်တွေရဲ့ ကျင့်ဝတ်အကြောင်းကို ပြောဖို့လိုလာပါပြီ။ စတင်စဉ်တုန်းကတော့ သူ့ဇနီးကို ကုသဖို့၊ စစ်ပြန် ဒုက္ခိတတွေကို ကုသဖို့ မွန်မြတ်လှတဲ့ စိတ်ဓါတ်ဟာ ရက်စက်တဲ့စိတ်ကို ပြောင်းသွားတဲ့ အခါမှာတော့ လူမဆန်အောင် ရက်စက်တဲ့ အဖြစ်ကို ရောက်သွားတာပါပဲ။ အဲတော့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်နေရာကနေ ကြည့်ရင် သူတကယ် ကျင့်ဝတ်ပျက်ပြားတာပါ။ ဒါပေမယ့် ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနေရာကနေ ကြည့်ရင်တော့ သနားစရာကောင်းနေပြန်ပါတယ်။ ကျင့်ဝတ်ဆိုတာ ဒါပါပဲ။ လူ့လောက လု့ဘောင် အသိုင်းအ၀ိုင်းက မဖြစ်သင့်ဘူးလို့ ထင်တဲ့အရာတွေပါပဲ။ ဆရာဝန်တစ်ယောက်ဟာ ပုဂ္ဂိုလ်ရေးကို သူ့အလုပ်မှာ လာရောသင့်သလား၊ အဲဒီလို တစ်ဦးချင်းခံစားမှုတွေနဲ့ အလုပ်ကို ရောနှောပစ်သင့်သလား။ ပြီး သူတတ်ထားတဲ့ ပညာတွေဟာ လူတွေကို ကူညီဖို့ ဖြစ်ရမှာကို ကြီးမားတဲ့ ဒေါသတစ်ခုရဲ့ ပြောင်းလဲခြင်းကြောင့် ပြောင်းလဲသွားရပါတယ်။အဲတော့ အဲ့နေရာမှာ ကျနော်တို့ ကောက်ချက်တစ်ခုဆွဲလို့ ရပါပြီ။ ဆရာဝန်တွေတင် မကပါဘူး။ ဘယ်အသက်မွေးဝမ်းကျောင်းမဆို ကိုယ်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေ၊ လောဘတွေ၊ ဒေါသတွေ ရောယှက်လာပြီဆိုရင်တော့ မောဟ အမှောင်တွေ ဖုံးပြီး သူတတ်ထားတဲ့ ပညာတွေဟာ လူ့လောကြီးအတွက် တကယ့်ကို ကြီးမားလှတဲ့ အဖျက်အမှောင့်ကြီး ဖြစ်သွားတောာ့ပါပဲ။ ရောဂါကုဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ပျောက်ပြီး ပိုက်ဆံပဲ မည်းသည်းရှာ၊ အထူးကု ဖြစ်ဖို့လောက်ပဲ တစ်ချိန်လုံးတွေးနေမယ် ဆိုရင်တော့ ဒါ ဆရာဝန် မဟုတ်တော့ပါဘူး။ ပိုက်ဆံရှာဖို့ ဆရာဝန် အရည်ခြုံလိုက်တာပဲ ဖြစ်ပါတော့တယ်။ ကျောင်းဆရာ၊ဆရာမတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ မူလရည်ရွယ်ချက် ပျောက်ပျောက်နေတတ်ကြပါတယ်။ စာသင်ကြားဖို့ တော်တဲ့ တတ်တဲ့ ကလေးတွေ မွေးထုတ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပျောက်ပြီး အပိုဝင်ငွေရဖို့ ကျူရှင်သင်ဖို့လောက်ကိုပဲ စိတ်ကုးနေကြတော့တာပါ။ ဒါ အပြစ်ပြောနေခြင်း မဟုတ်ပါဘူး။ ပြောချင်တာက အဲဒီလို မူလရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ စားဝတ်နေရေးအတွက် ဘယ်အသက်မွေးဝမ်းကျောင်းမှာ မဆို ငွေရှာဖို့ လိုအပ်ပါတယ်။ ကိုယ်ရပ်တည်နိုင်မယ့် ငွေကြေးရှိမှသာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ငွေရှာရင်းနဲ့ပဲ ငွေရှာတဲ့ အလုပ်ပေါ်မှာသာ သာယာသွားပြီး မူလရည်ရွယ်ချက်တွေကို မေ့မေ့သွားတတ်လို့ပါ။ နေရာတကာမှာ အဲလို မူလရည်ရွယ်ချက် ပျောက်ပျောက်သွားတတ်လို့ပါ။ အဲတော့ အဲလို မူလရည်ရွယ်ချက် မပျောက်ချင်ရင် ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ဒါကတော့ ကျနော်တို့ တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရား ကိုယ်ခံအားနဲ့ပဲ သက်ဆိုင်ပါတယ်။ အဓိကကတော့ ကိုယ်ခံအားကောင်းနေဖို့ပါပဲ။ အဲလို ကိုယ်ခံအား ကောင်းနေဖို့ဆိုရင်လည်း အများလက်ခံထားတဲ့ ကျင့်ဝတ်တွေကို တတ်နိုင်သလောက် လိုက်နာပြီး လေ့ကျင့် ထိန်းကျောင်းဖို့ပဲ ရှိတာပါ။ ဘာသာရေးက ပြဌာန်းထားတာတွေကိုလည်း လိုက်နာယုံပါပဲ။ တခြားနည်းမရှိပါဘူး။
ထားတော့။ နောက်တစ်ပိုင်းကို စဉ်းစားကြည့်ကြရအောင်။ အဲဒီမှာလည်း သူပဲ လိင်ပြောင်းပေးလိုက်တဲ့ ကောင်လေးတစ်ယောက်ကို တနည်းအားဖြင့် ကောင်မလေးကို ရောဘတ်က ဘာကြောင့် ပြန်သာယာ သွားရတာလဲ။ ပြန်ကြိုက်သွားရတာလဲ။ ကောင်မလေးက မြူဆွယ်တာကြောင့်ရော၊ သူရဲ့ ဆုံးပါးသွားတဲ့ ဇနီးနဲ့ တုတာကြောင့်ရော အကြောင်းအမျိုးမျိုးတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူဟာ သူကိုယ်တိုင် ထုဆစ်ခဲ့တဲ့ ပန်းပုရုပ်လေးကို သူပြန်လည် တပ်မက်သွားတာမျိုးပါ။ နှမြောတသ ဖြစ်သွားပုံမျိုးပါ။ အဲတော့ ဒီနေရာမှာလည်း ကျင့်ဝတ်တစ်ခု ရှိလာပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ဟာ သူကုသပေးခဲ့ရတဲ့ လူနာတစ်ယောက်ကို ကိုယ်ပြန်ကြိုက်နှစ်သက်ခွင့် မရှိတော့ဘူးလား။ ဆရာ၊ဆရာမတစ်ယောက်ဟာ သူစာတွေသင်ပေးနေရတဲ့ ၊သင်ပေးလိုက်တဲ့ တပည့်တစ်ယောက်ကို ကြိုက်ခွင့် မရှိတော့ဘူးလား။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာတော့ ဒါကို လက်မခံပါဘူး။ လက်မခံပေမယ့်လည်း ဒါမျိုးက ခဏခဏဖြစ်နေကြတာပါပဲ။ ဖြစ်လည်း ဖြစ်လေ့ဖြစ်ထ ရှိနေကြတဲ့ အရာပါ။ ဒါကိုရော ကျနော်တို့ အလုံးစုံမှားတယ်လို့ ပြောလို့ရနိုင်သလား။ လူသားတစ်ယောက် ရဲ့ခံစားချက်၊ လူသားတွေရဲ့ လူ့ကျင့်ဝတ်တွေကြားမှာ ကြီးမားတဲ့ ပဋိပက္ခကြီး တည်ရှိနေတာကြာပါပြီ။ အဲဒီ ပဋိပက္ခကြီးကိုရော ကျနော်တို့ ဘယ်လိုဖြေရှင်းကြမှာလဲ။ ဖြေရှင်းဖို့ နည်းလမ်းရော တွေ့ကြပြီလား။ လူသားရဲ့ တိရစ္ဆာန်တွေနဲ့ မတူတဲ့ အကြီးမားဆုံးအချက်က ကြီးမားသော စိတ်ခံစားချက်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာပါ။ ပြီးတော့ လူသားတစ်ယောက်အတွက် အရေးကြီးဆုံး သိက္ခာတရားဟာလည်း လူ့ကျင့်ဝတ်တွေကို စောင့်ထိန်းတဲ့ ကိုယ်ကျင့်တရားပါပဲ။ အဲဒီနှစ်ခုအကြား အားပြိုင်မှုတွေမှာ အောင်မြင်တယ်လို့ သတ်မှတ်ခံရတဲ့ သူတွေ၊ ရှုံးနိမ့်တယ်လို့ သတ်မှတ်ခံရတဲ့သူတွေ အများကြီး အများကြီး ရှိပါတယ်။ အောင်မြင်သူတွေကရော ဘယ်စံ ဘယ်နှုန်းနဲ့ အောင်မြင်တာလဲ။ ရှုံးနိမ့်သူတွေကရော ဘယ်စံ ဘယ်နှုန်းနဲ့ ရှုံးနိမ့်တာလဲ။ တကယ်အစစ်အမှန် အောင်မြင်ခြင်းလား၊ ရှုံးနိမ့်ခြင်းလား။ အဖြေမထွက်တဲ့ မေးခွန်းတွေ အများကြီးပါ။
အားလုံးကို ခြုံကြည့်လိုက်ရင်တော့ ဒီဇာတ်ကားလေးဟာ ကြည့်တဲ့သူတွေကို ဇာတ်ကားအတွင်းမှာရော၊ ဇာတ်ကားပြီးသွားတဲ့ အခါမှာရော မေးခွန်းတွေနဲ့သာ ကျနော်တို့ကို ရက်ရက်စက်စက် ပစ်ပေါက်၊ ရက်ရက်စက်စက် ချန်ထားသွားခဲ့တာပါ။ ဒီဇာတ်ကားဟာ မသိနားမလည်တဲ့ သူတွေအဖို့တော့ လိင်အသားပေး ဇာတ်ကားတစ်ကားလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် သေချာပါတယ်။ ဒီဇာတ်ကားကို ကြည့်နေစဉ်မှာရော၊ ကြည့်ပြီးသွားတဲ့ အခါမှာရော ကိုယ့်လိင်စိတ်ကိုတောင် ကိုယ်ရှက်ရွံ့တဲ့အထိ ခံစားသွားရမှာ အမှန်ပါပဲ။ အနောက်နိုင်ငံတွေမှာတော့ လုတော်တော်များများက သတ်မှတ်တာက သေခြင်းရယ် လိင်စိတ်ရယ်က အကြီးမားဆုံး စိတ်ပြသနာတွေပါပဲတဲ့။ လိင်စိတ်တစ်ခုဟာ အမုန်းတွေကိုလည်း ကျော်နိုင်ပါတယ်။ အချစ်တွေကိုလည်း ကျော်နိုင်ပါတယ်။ အရာအားလုံးကိုလည်း ဂမူးရှုးထိုး ကျော်ဖြတ်နိုင်ပါတယ်။ အဲတော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်သိက္ခာတွေသာ မရှိဘူးဆိုရင် ကျနော်တို့ရဲ့ စိတ်တွေဟာ အလွန်တရာ ရွံရှာကြောက်ရွံ့ဖွယ် ကောင်းကြောင်းကို မီးမောင်း ထိုးပြသွားတာပါ။ ဇာတ်ကားတစ်လုံးကို ကြည့်လိုက်ရင်လည်း ပါဝင်တဲ့ အဓိကဇာတ်ဆောင်တွေ အားလုံးကို အမှတ်တမဲ့ဆိုရင်တော့ လိင်စိတ်သောင်းကျန်းသော လူတွေလို့ ထင်မိကြမှာပါ။ ဒါပေမယ့် သူတို့အားလုံးဟာ ကျနော်တို့အားလုံးကို ကိုယ်စားပြုပါတယ်။ သူတို့အားလုံးဟာ လူသားတွေ အကြောင်းကို သရုပ်ဆောင်ပြသွားတာပါ။ ဒီကားထဲမှာ အဆိုးဆုံးဖြစ်တဲ့ တိုက်ဂါးဇာတ်ကောင်တောင် သူနဲ့ ချစ်ကြိုက်ဖူုးတဲ့ ကောင်မလေးနဲ့ အထင်မှားသွားလို့ ယုတ်ညံ့ကြမ်းတမ်းတဲ့သူ ဖြစ်သွားတာပါ။ ဒါပေမယ့် သူဟာ အစကတည်းက သူ့အကို မိန်းမကို ပြန်ကြိုက်တဲ့ လူယုတ်မာ တစ်ယောက်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ဒါတွေအားလုံးဟာ လူသားတွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြမ်းတမ်းယုတ်မာသော စိတ်တွေအကြောင်းကို အသေးစိတ် ကျနော်တို့ ကြောက်လန့်သွားစေတဲ့အထိ ချယ်မှုန်းပြသသွားခဲ့တာပါ။ ကျနော်တို့ ဘာကြောင့် ကြောက်လန့်သွားရသလဲ ဆိုတာလည်း ရှင်းပါတယ်။ ကျနော်တို့ဟာလည်း အသွေးတွေ အသားတွေနဲ့ တည်ဆောက်ထားတဲ့ လူသားစစ်စစ်တွေ ဖြစ်နေတာကိုး။
နောက်ဆုံးအနေနှင့် ပြောရရင်တော့ အထက်မှာ ကျနော် တောက်လျောက်ပြောခဲ့တဲ့အတိုင်း ဒီကားလေးက ကျနော့်တို့ကို တစ်ချိန်လုံး မေးခွန်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အဖြေပေးမသွားခဲ့ပါဘူးလို့ တော့ ပြောလို့မရပါဘူး။ သူဟာ မေးခွန်းတွေမေးပြီးပဲ အဖြေပေးသွားခဲ့ပါတယ်။ လောကမှာ ကြောက်စရာအကောင်းဆုံး စိတ်ဖြစ်တဲ့ လိင်စိတ်ကို ဘယ်လို ဘယ်နည်း ချုပ်ကိုင်သွားရမယ်ဆိုတာကို တိုက်ရိုက်အဖြေမပေးဘဲ မေးခွန်းတွေနဲ့ပဲ အဖြေပေးသွားခဲ့တာပါ။ ကျနော်တို့ လူအဖွဲ့အစည်းမှာ ယဉ်ကျေးသော လူုမှုအသိုင်းအ၀ိုင်းမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ သိက္ခာတွေ ၊လူ့စည်းကမ်းတွေ ရှိပါတယ်။ အဲဒီ လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကိုယ်တိုင်ကိုလည်း လူတွေကပဲ တီထွင်ထား၊ သတ်မှတ်ထားတဲ့ အတွက် ယိုပေါက်တွေ၊ မလွယ်ပေါက်တွေ၊ အမြီးအမောက် မတည့်တာတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာတွေပဲ ရှိနေရှိနေ ကျနော်တို့ လူသားတွေဟာ လူ့ကျင့်ဝတ်တွေကိုတော့ လိုက်နာရမှာပါ။ ဘာတွေ ပေးဆပ်ရသည်ဖြစ်စေ ခံစားချက်တွေ နှလုံးသားတွေ ဘယ်မျှသေဆုံး ကုန်ကျရသည်ဖြစ်စေ ကျနော်တို့ လိုက်နာရမှာပါ။ အမှားလား အမှန်လား မခွဲခြားနိုင်တဲ့ လူမှုပြသနာတွေကို ကျနော်တို့ လိုက်လံဖြေရှင်းနေရင် ပြီးမှာ မဟုတ်တော့ပါဘူး။ အဲတော့ လူသားအားလုံးက လက်ခံထားရတဲ့ လူ့ကျင့်ဝတ်တွေကို အပြည့်အ၀ လိုက်နာရုံကလွဲလို့ တခြားနည်း မရှိပါဘူး။ အဲဒီလို လူ့ကျင့်ဝတ်တွေ၊ လူ့စည်းကမ်းတွေ လိုက်နာရလို့ နာကျင်ရမယ့် ခံစားမှုတွေထက်စာရင် ကျင့်ဝတ်တွေ မလိုက်နာလို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက မတွေးရဲစရာပါပဲ။ လူ့ကျင့်ဝတ်တွေသာ မရှိဘူးဆိုရင် လူ့လောကကြီးဟာ တကယ့်ကို တိရိစ္ဆာန်တွေနဲ့ မခြား တကယ့်ကို ကပြောင်းကပြန် ယုတ်ညံ့ကြမ်းတမ်းတဲ့ နေရာကြီးသာ ဖြစ်လာတော့မှာပေါ့။ လူကျင့်ဝတ်တွေကသာ လျှင် လူ့လောကကြီးကို စည်းနဲ့ ကမ်းနဲ့ ဖြစ်အောင်မောင်းနှင်သွားတာပါ။
အဲတော့ ကျနော်တို့ တတွေဟာ ဆရာဝန်ကလည်း ဆရာဝန်ကျင့်ဝတ်၊ ကျောင်းဆရာကလည်း ကျောင်းဆရာ ကျင့်ဝတ်၊ စစ်သားကလည်း စစ်သားကျင့်ဝတ်

The Polar Express သို့မဟုတ် ဘုရားသခင်က ကိုယ့်ကို ဘာပေးလိုက်သလဲဆိုတာကို သိဖို့


ဒီတစ်ခါလည်း ခရစ်စမတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကာတွန်းကားဟောင်းလေး တစ်ကားဖြစ်တဲ့ The Polar Express ကားလေးကို ညွှန်းပါရစေ။ ခံစားတင်ပြပါရစေဗျာ။
၁။ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ပါ။ ဒါပေမယ့် အခြားဘာသာတွေ အခြားယဉ်ကျေးမှုတွေကိုလည်း ချစ်တတ်ပါတယ်။ အမုန်းမရှိပါဘူး။ အခုလို ခရစ်စမတ်ကိုလည်း ချစ်ပါတယ်။ အပျော်အပါးမက်လွန်းလို့ ချစ်တာမဟုတ်ပါဘူး။ ဘာဖြစ်လို့ အဲလိုချစ်တတ်လာတာလည်းဆိုတော့ ရှင်းပါတယ်။ စာများများဖတ်လို့ပါ။ ရုပ်ရှင်များများကြည့်လိုပါ။အဲတော့ တစ်ခုပဲ ပြောချင်ပါတယ်။
          Universal love တကယ်လိုချင်တဲ့သူများ စာများများဖတ်ကြပါ။ စာမဖတ်နိုင်ရင်တောင် လူအမျိုးမျိုးရဲ့ အကြောင်းတွေကို ရုပ်ရှင်ကြည့်ကြည့်ပါ။ တကယ် Universal love ရလာပါလိမ့်မယ်။ ဗိုလ်ချုပ်ကို ရင်ထဲအသည်းထဲကနေချစ်သလို ၀င်စတန်ချာချီကိုလည်း မမုန်းတော့ပါဘူး။ အသားဖြူတာကို ချစ်သလို အသားမည်းတာကိုလည်း မုန်းမှာ မဟုတ်တော့ဘူး။
၂။ ၂၀၀၄ ခုနှစ်ကတည်းက ထွက်ခဲ့တဲ့ ဒီကားလေးဟာ လူက သရုပ်ဆောင်ပြီး လူမပါဘဲ လုပ်တဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း တကယ်တော်ကြတာပါ။ ကျနော် သိပ်ကြိုက်တဲ့ Tom Hanks ကြီးဆို တအားကောင်းတာ။ အပြင်မှာ ဦးထုပ်မရှိဘဲ ဦးထုပ်ဆောင်းပြရတာ။ မီးအိမ်မရှိဘဲ မီးအိမ်ဆွဲပြရတာ တော်ရုံသရုပ်ဆောင်တွေတောင် မလုပ်နိုင်တဲ့အရာပါ။
၃။ ကားလေးကတော့ ဆန်တာကလော့စ်ကြီး တကယ်ရှိကြောင်း ရိုက်ပြတာပါ။ ဒါပေမယ့် အဲ့မှာ ကျနော် ရင်ထဲကို ထိသွားတာက လူတစ်ယောက်ဟာ သူ့ကို ဘုရားသခင်က ဘာပေးလိုက်လည်း ဆိုတာကို သိဖို့ပါ။ ကျနော်တို့ ဘာသာအရဆိုရင်တော့ ကိုယ်ဘယ်အရာမှာ ပါရမီ အထုံပါလာလည်း သိဖို့ကိုပါ။ ကိုယ်တကယ် ပါရမီပါလာတဲ့ အရာကို လုပ်ရမှသာ ပျော်ရွှင်မှာပါ။ အောင်မြင်မှာပါ။ ဒါပေမယ့် အဲလိုသိအောင်လုပ်ဖို့ကလည်း မလွယ်ပါဘူး။ တကယ့်ကို မသုံးမဖြစ်သုံးရတဲ့ အခြေအနေမျိုးမှသာ ပေါ်လာတတ်တာပါ။ အဲ့အချိန်မှာ တကယ်သတ္တိရှိဖို့ပဲ လိုတာပါ။
       ဇတ်ကားလေးထဲမှာတော့ ကလေးဇတ်ကောင်လေးတွေကို ရထားကြီးပေါ်တတ်တော့ လတ်မှတ်တစ်စောင်စီ ပေးပါတယ်။ ပေးပြီး လတ်မှတ်စစ်တဲ့ ဦးလေးကြီးက စာလေးတစ်လုံးရိုက်ပေးပါတယ်။ ဘာမှန်းတော့ အစမှာ မသိပါဘူး။ ကားပြီးခါနီးကျမှသာ အဖြေပေါ်တာပါ။ အဲ့မှာ leader လုပ်ရတဲ့ ကောင်မလေးကို sure လို့ မေးတဲ့ အခန်းလေးတွေ တကယ်ကောင်းပါတယ်။ ကြည့်ကြည့်ကြပါ။ ကျနော်မပြောတော့ပါဘူး။
          ဟုတ်ပြီ။ ကျနော်တို့ ဦးဆောင်သူမလုပ်နိုင်ဘူးလား။ ထားတော့။ ဒါဆိုလည်း ရတယ် နောက်လိုက်ကောင်းဖြစ်အောင်သာ ကြိုးစားပါ။ နောက်ကနေ ကန့်လန့် ကန့်လန့်ကြီး လိုက်မနေမိဖို့ပဲ လိုပါတယ်။ အခု ကျနော်တို့ နိုင်ငံကြီးမှာ အဲလိုလူမျိုးတွေ တကယ်လိုပါတယ်။ ကျနော်တို့မှာ ဦးဆောင်သူတွေ ရှိပါတယ်။ နောက်လိုက်ကောင်းတွေသာ မရှိလို့ပါ။
  ကားလေးက ပေးချင်တဲ့ message ကတော့ ရှင်းပါတယ်။ Believe ပါ။ အဲ့ကားထဲမှာတော့ ဘာသာရေးကို ယုံဖို့ပေါ့။ ကျနော်ကတော့ ဒီလိုပဲ ကောက်လိုက်တယ်။ ဘာသာရေးတင်မကပါဘူး။ ဘယ်နေရာမှာ မဆို ယုံကြည်ချက် ရှိထားတယ်ဆိုတာ ကိစ္စတစ်ဝက်ပြီးတာပါပဲ။ over ဖြစ်ရင်တောင် ဖြစ်သွားပါစေ။ ကိုယ့်ရဲ့ ယုံကြည်ချက်ကိုတော့ မသတ်ပစ်ကြပါနဲ့။ ကျနော်တို့ လုပ်နိုင်ပါတယ်။ ကျနော်တို့ လုပ်နိုင်ပါတယ်။
         ကဲ ဒီနှစ် ခရစ်စမတ်မှာတော့ အရာရာမှာ အကောင်းမြင် ယုံကြည်စိတ်လေးထားမှာ နှောင် နှစ်ပေါင်းများစွာတိုင်အောင် ဘ၀မှာ ကိုယ်လုပ်ချင်တာ ကိုယ်သန်တာကို လုပ်ရင်း ပျော်ရွှင်ကြပါစေလို့ တောင်းဆု ခြွေလိုက်ပါတယ်။

ရှိန်ဝါ

“မျက်လုံး နှင့် နား မှ နှလုံးသား နှင့် ဘ၀များစွာ အထိ (Ice Age)”

ကျနော် ကာတွန်းကားတွေ အရမ်းကြိုက်တာပဲလို့ လူကြားထဲ ပြောမိရင် တော်တော်များများက ပြောင်စပ်စပ် မျက်နှာပေး နဲ့ အထင်သေးသလို ကြည့်ကြပါတယ်။ ဒီအရွယ်ကြီးရောက်နေပြီ။ ကာတွန်းကားကြည့်စရာလားဆိုတဲ့သဘောပေါ့။ အဲ့လူတွေကို ကျနော် တစ်ခွန်းလောက်ပဲ မေးကြည့်ချင်ပါတယ်။ Kungfu Panda နောက်ခံစကားပြောပေးတာ ခင်ဗျားတို့ သိပ်ကြိုက်တဲ့ ဂျက်ကီချမ်းတို့၊ ဂျိုလီတို့၊ မီရှယ်ရိုးတို့၊ ဗန်ဒိမ်းတို့ဆိုတာ သိလားလို့ပေါ့။ နောက်ပြီး ကာတွန်းကားတွေရဲ့ နောက်ခံ သီချင်းတွေကို ဘယ်သူတွေ ဆိုလည်းရော သိလားလို့။ Bryan Adam, Celine Dion တို့ ဆိုမှန်းသာ သိရင် ဖျားတောင် ဖျားသွားဦးမယ်။ ဒီနေရာမှာ တော်တော်များများ ပြောကြတာတစ်ခုက Romantic ဖြစ်အောင် ရိုက်တာ Twilight မှာဆိုရင် အခန်းများစွာ ရိုက်ရပေမယ့် Up ကားလေးမှာတော့ တစ်ခန်းတည်းနဲ့ ပြလို့ရတယ်တဲ့။ ဟုတ်ပါတယ်။ ကာတွန်းကားတွေရဲ့ အကောင်းဆုံး အားသာချက်ဟာ မိမိပြောချင်တာ ပြချင်တာကို အကုန်ပြနိုင် ပြောနိုင်ပါတယ်။ ဘာမှ အခက်အခဲ မရှိပါဘူး။ အားနည်းချက်ကတော့ Happy Ending ပဲ အမြဲဖြစ်လေ့ရှိတာပေါ့။ ဒါလဲ ပျော်ရွင်စရာ အဆုံးသတ်ကို ကြိုက်ကြတဲ့သူတွေက များတော့ သိပ်မပြောပလောက်ပါဘူး။
ထားပါတော့။ ကျနော် ပထမဦးဆုံးအနေနှင့် တော်တော်များများလည်း ကြည့်ဖူးကြလောက်တဲ့ Ice Age ဆိုတဲ့ ကာတွန်းကားလေး အကြောင်းပြောချင်ပါတယ်။ ကျနော့် မျက်စိ နဲ့ နားကို သူတို့ ဘယ်လို သိမ်းပိုက်ပြီး ကျနော့် နှလုံးသားကို ဘယ်လိုသွန်သင်ခဲ့တယ် ဆိုတဲ့ အကြောင်းပေါ့။
ဇတ်လမ်းကတော့ တိုတိုလေးပါ။ ဒီကားမှာ ဇတ်ကောင် သုံးယောက်ပဲ ပါပါတယ်။ ဆင်ကြီး မန်နီရယ်။ ရှဥ့်ငပြောင်လေး ဆစ် ရယ်။ ခြင်္သေ့ကြီး ဒီယေဂို ရယ်ပါ။ ခြင်္သေ့တွေ လိုက်လို့ ပြေးရင်းနဲ့ မုဆိုး နဲ့ မုဆိုးရဲ့ ဇနီး လူချင်းကွဲသွားကြတယ်။ အဲဒီမှာ ပြေးရင်းလွှားရင်း မုဆိုးရဲ့ ဇနီးက သေဆုံးခါနီးမှာ မန်နီ နဲ့ ဆစ်ကိုတွေ့ပြီး သူ့ကလေးလေး ကို သူတို့ လက်အပ်ခဲ့တယ်။ သူတို့က မုဆိုးကို ပြန်ရှာပြီး ပေးတယ်။ အဲဒီမှာပဲ ခြင်္သေ့အုပ်စုထဲက ဆရာကြီးရဲ့ လက်ထောက် ဒီယေဂို ပါ လိုက်လာပြီး သူတို့ကို ထောင်ဖမ်းတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီယေဂို က အမြင်မှန် ရပြီး မန်နီတို့ကို အသက်စွန့်ပြန်ကယ်တယ်။ ကလေးလေး ကို သူ့အဖေ လက်ထဲ ပြန်ထည့်လိုက်နိုင်တယ် ။ ဒါပါပဲ။ ဇတ်လမ်းက ရိုးရိုးလေးပါ။ တိုတိုလေးပါ။ ဒါပေမယ့် တွေးစရာတွေတော့ အများကြီးရပါတယ်။
ပထမဦးဆုံး ဇတ်လမ်းနဲ့ သိပ်ပြီးတော့ မသက်ဆိုင်ဘဲ ကားထဲ ထည့်ထားတဲ့ ရှဥ့်တစ်ကောင် အကြောင်းပြောချင်ပါတယ်။ အဲဒီ ရှဥ့်လေးက သူစားမယ့် သစ်ကြားသီးလေး ကို လိုက်ရှာရင်း ဖွက်ရင်းနဲ့ပဲ ကားအစ ကားအဆုံး ပြီးသွားပါတယ်။ ပထမတော့ ကျနော်လဲ ဒါ ဘာသဘောပါလိမ့် ဆိုပြီး နားမလည်ပါဘူး။ နောက်တော့မှ စဉ်းစား မိတာက ဟာ ဒါ ငါတို့ကို ပြောတာပဲ။ စားဝတ်နေရေး အတွက်ပဲ အချိန်ကုန်ပြီး ကမ္ဘာကြီး ဘာဖြစ်ဖြစ်နေ ဂရုမစိုက် မသိချင် စိတ်မ၀င်စားတဲ့ ငါတို့လို လူတွေ အကြောင်းပြောတာပဲလို့။ အဲလို လူတွေအများကြီး သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိမှာပါ။ သူတို့က သင်တို့ကို ရန်လည်း မပြုပါဘူး။ ကူလည်း မကူညီပါဘူး။ ဒါပေမယ့် သူတို့ အစာရရင် ပြီးရော တစ်ခြားသူတွေကို ထိခိုက်သည်ဖြစ်စေ မထိခိုက်သည် ဖြစ်စေ ကြံဆောင်တတ်ကြပါတယ်။ အဲ့ ကာတွန်းကားလေးမှာ အဲဒါလေးကို တစ်ကွက် နှစ်ကွက်လောက်နဲ့ မီးမောင်းထိုးပြသွားတာပါ။ ပြီးတော့ ရှိသေးတယ်။ အဲဒီ ရှဥ့်လေး ဘယ်တော့မှ သူ့အစာကို မသိမ်းဆည်းနိုင်ဘူး။ ပြောချင်တာက စားဝတ်နေရေး ကိစ္စဆိုတာ ဘယ်တော့မှ မပြီးဘူးပေါ့ဗျာ။
ဆင်ကြီး မန်နီရဲ့ စရိုက်ကလည်း ထူးခြားပါတယ်။ တစ်ကောင်တည်းနေပါတယ်။ သူ့လို ဆင်မျိုးမရှိဘူးလို့ ထင်ပြီး တစ်ကောင်တည်းပဲ အေးအေးဆေးဆေး နေချင်တဲ့သူပါ။ ဒါပေမယ့် မတရားတာ အမြင်မတော်တာတွေ့ရင်တော့ အားနည်းသူတွေကို ကူညီတတ်ပါတယ်။ ဒါပေမယ့် ကူညီပြီးရင်လည်း သူနဲ့ မဆိုင်သလို သူ့လမ်း သူဆက်သွားတာပါပဲ။ ဒါက ဒီကားထဲမှာပါ။ နောက်ပိုင်း အဆက်တွေကျတော့ သူလည်း အဖော်ရှာတွေ့ပြီး သာမန်တိရစ္ဆာန်တွေလို နေထိုင်သွားပါတယ်။ အဲဒီမှာ စဉ်းစားစရာ တစ်ချက်က လူတွေဟာ အထီးကျန်နေရတာကို တကယ်မကြိုက်ပါဘူး။ အေးအေးဆေးဆေး နေချင်တာနဲ့ အထီးကျန်နေရတာ တခြားစီပါ။ တကယ့် တကယ်မှာတော့ အသိုင်းအ၀ိုင်းကို ကြိုက်ပါတယ်။ ကျနော်တောင် စာသင်နေရင်းနဲ့ တပည့်တွေကို ဟေ့ မင်းတို့ အခု လုပ်နေတာတွေ ငါ အကုန်လုပ်ဖူုးတယ်လို့ ပြောလိုက်ရင် အဲ့တပည့်တွေကို ကျနော့်ကို အရမ်းချစ်တော့တာပါပဲ။ မင်းတို့က အဆောင်ရှေ့ ဂစ်တာတီးဖူးသလို ငါလည်းတီးဖူးတာပဲ။ မင်းတို့ သောက်စားမူးယစ် ဖူးသလို ငါလည်း မူးယစ်ဖူးတာပဲ လို့ပြောလိုက်။ အဲ့ကောင်တွေ ပွဲကျရောပဲ။ ဒါလဲ လူ့လောကမှာ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို တစ်ကွက် နှစ်ကွက်တည်းနဲ့ ပြသွားတာပါ။
ရှဥ့်ငပြောင်လေး ဆစ် ကတော့ ဒီကားမှာ ဆရာကြီးပါ။ ပြောင်ချော်ချော် တစ်ချိန်လုံးလုပ်ရင်း တစ်ကားလုံးကို သူက ဆွဲခေါ်သွားတာပါ။ သူလည်း ပြောင်သာ ပြောင်ပေမယ့် တကယ့် တကယ် အရေးကြုံလာရင်တော့ စွန့်စားဖို့ ၀န်မလေးသုပါ။ ဘဲစစ်တပ်နဲ့ တိုက်ခိုက်တာလေးကို အဲ့ကားမှာ ရယ်စရာလေး အနေနဲ့ ပြထားပါတယ်။
ခြင်္သေ့ ဒီယေဂိုရဲ့ စရိုက်ကတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီမှာ ပြောစရာရှိတာ တစ်ခုက အဲ့ကားမှာ ဒီယေဂိုက ခြင်္သေ့နဲ့ တူပေမယ့် သူတို့က Tiger လို့ပဲ ခေါ်ပါတယ်။ အဲတော့ ကျနော် တစ်ခု သွားသတိရတယ်။ သိပ္ပံပညာရှင်တွေ ပြောတာက အာရှမှာ ခြင်္သေ့မရှိဘူးတဲ့။ နောက်မှသာ နယ်မြေတွေ ပြောင်းပြီး ရောက်လာတာတဲ့။ အဲတော့ ကျနော်တို့ ဘုရားတွေ ရှေ့က ခြင်္သေ့တွေက ဘယ်လိုပါလိမ့်။ သီဟ ဗာဟု ဇတ်လမ်းက ဘယ်လိုပါလိမ့်။ နောက်ပြီး သီဟပူရ လို့ ဘာသာပြန်လို့ရတဲ့ Singapore နိုင်ငံမှာလည်း ခြင်္သေ့မရှိပါဘူးတဲ့။ မရှိသာ မရှိတယ် ငါးနဲ့တောင် စပ်ဖောက်ပြီး ရုပ်ထု လုပ်ထားလိုက်သေးတယ်။ Merlion ဆိုပြီး။ အဲတော့ ကျနော်တို့ပဲ မှားလား။ သူတို့ပဲ မှားလား။ ခြင်္သေ့နဲ့ ဆင်က မကွဲဘူးလား။ ဘာတွေမှန်းကို မသိတော့ဘူး။ ထားပါတော့။ ဒါကတော့ စကားစပ်မိလို့ ပြောတာပါ။
ဒီယေဂိုကတော့ ရှင်းပါတယ်။ မန်နီနဲ့ ဆစ် နောက်ကို လိုက်တာ ကလေးလေးကို လုဖို့ပါ။ ဒါပေမယ့် မန်နီကိုလည်း သူတစ်ယောက်ထဲ ချလို့ မနိုင်တော့ ဘေးကနေပဲ ကပ်လိုက်ပါတယ်။ အခွင့်ကြုံရင် လုမယ်ပေါ့။ ပြီးတော့ သူတို့ ခြင်္သေ့အုပ်စု ရှိတဲ့ နေရာကို သူကပဲ လမ်းကျွမ်းသလို ဘာလိုလိုနဲ့ မျှားခေါ်တာပါ။ အဲ့နေရာမှာ ကျနော် တစ်ခုစဉ်းစားမိတယ်။ အော် လမ်းတူပေမယ့်လည်း လူချင်း မတူနိုင် ခံယူချက်ချင်း မတူနိုင်ဘူးဆိုတာလေးပါ။ ဒီလမ်း တစ်လမ်းထဲကို လျောက်နေပေမယ့်လည်း ကိုယ့်မိတ်ဆွေ လို့ မထင်ပါနဲ့။ ကိုယ့်ကို အခွင့်အရေးကြုံရင် စားမယ့်လူဆိုတာ သတိထားဖို့ပါပဲ။ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ နဲ့ အလုပ်လုပ်နေတဲ့သူတွေ စဉ်းစားစရာပါပဲ။
အဲလိုနဲ့ သူတို့ သုံးယောက်ခရီးဆက်သွားလိုက်ကြတာ။ လမ်းမှာ အန္တာရာယ်တွေ့ပါလေရော။ အဲဒီမှာ ဆင်ကြီး မန်နီက ဒီယေဂိုကို အသက်စွန့်ပြီး ကယ်လိုက်ပါတယ်။ အဲတော့ ဒီယေဂို ပြောင်းလဲပါပြီ။ သူနေထိုင်ခဲ့ရတဲ့ နေရာက တကယ့်ကို တောတွင်းဥပဒေ အရ သူနိုင်ကိုယ်စား ပတ်ဝန်းကျင်မှာပါ။ ဘယ်သူကမှ ဘယ်သူ့အတွက် အနစ်နာ မခံပါဘူး။ သု့အသက်ကို အဲဒီလိုလည်း ကယ်လိုက်ရော သူတော်တော် အံသြသွားပါတယ်။ သူတစ်ခါမှ မကြုံဖူးဘူး ဆိုတဲ့ သဘောနဲ့ ဘာလို့ကယ်တာလဲ တောင် မေးလိုက်ပါသေးတယ်။ အဲဒီမှာ ကျနော် တစ်ခုသွားစဉ်းစားမိတာက ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ပြောင်းလဲသွားတဲ့ ကျေးညီနောင် အကြောင်းပါ။ ဒါပေမယ့် ဒီကားမှာ တိရစ္ဆာန်တွေနဲ့ ပြပေမယ့် လူ့အကြောင်းတွေကိုပဲ ပြောတာပါ။ တကယ့်တကယ်မှာ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ သူတို့မှာ လူဆန်တဲ့ နှလုံးသားရှိပါတယ်။ အခြေအနေအမျိုးမျိုး ကြောင့်သာ ပြောင်းလဲနေရတာပါ။ ဒီကားမှာလည်း လူသား ကလေးလေးက လမ်းစလျောက်တတ်တော့ သူ့ဆီလာတော့ ဒီယေဂို ဖြစ်နေတဲ့ပုံက နဂိုလို စားဖို့ ၀ါးဖို့ထက် နုးညံ့တဲ့ နှလုံးသား ကို ကျနော်တို့ မြင်လိုက်ရပါတယ်။ ဒါကိုလည်း တစ်ကွက်တည်းနဲ့ ပြသွားတာပါ။
အကောင်းဆုံး အခန်းကတော့ ဒီယေဂို နောင်တရတဲ့ အခန်းပါ။ Climax လို့ပဲ ပြောရမလား။ သူ နောင်တရတော့ မန်နီ နဲ့ ဆစ် ကို ၀န်ခံပါတယ်။ ငါ မင်းတို့ကို သတ်ဖို့ ခြင်္သေ့တွေ တောထဲ မျှားခေါ်လာတာပါပေါ့။ ဒါပေမယ့် အခုတော့ နောင်တရပါပြီပေါ့။ ငါ့ကို ခွင့်လွှတ်ပါပေါ့။ ငါမင်းတို့ကို လွတ်အောင် လုပ်ပေးမယ်ပေါ့။ ငါ့ကို ယုံပါတဲ့။ အဲဒီနေရာမှာ မန်နီနဲ့ ဆစ် ကလည်း ပြန်ပြောပါတယ်။ အင် မင်းကို ငါတို့ ဘယ်လိုယုံရမှာလဲပေါ့။ ဒီအထိတောင် ရောက်လာပြီးမှ ယုံစရာလားပေါ့။ အဲတော့ ဒီယေဂိုက ပြောပါတယ်။ “ ဒါ ငါရဲ့ နောက်ဆုံး အခွင့်အရေး မို့လို့ပါကွာ” တဲ့။ ကျနော် ကြက်သီးတောင် ထသွားတယ်။ ဒါတော်တော်အရေးကြီးပါတယ်။ သူပြောလိုက်တဲ့ စကားလေးဟာလည်း တိုတိုလေးပါ။ ဒါပေမယ့် ကျနော့်အတွက်တော့ စဉ်းစားစရာတွေ အများကြီးရပါတယ်။ တစ်သက်လုံး သူများအသက်တွေ သတ်၊ ယုတ်မာ ဆိုးသွမ်းခဲ့တဲ့သူတွေကို လူကောင်းတွေက တစ်ကြိမ်လောက်တော့ သူတို့ ကောင်းတာလေးကို လုပ်ခွင့်မပေးသင့်ဘူးလား။ သူတို့ကို တစ်ကြိမ်လောက်တော့ မယုံကြည့်သင့်ဘူးလား။ ဒါ စဉ်းစားစရာပါ။ အဲဒီလို ပြောင်းလဲချင်နေတဲ့ လူဆိုးတွေကို ယုံယုံကြည်ကြည် ပြောင်းလဲခွင့် မပေးရင် လူကောင်းဆိုတဲ့သူတွေကရော မှန်ပါဦးမလား။ ကျနော်တို့ မဖြေတတ်ပါဘူး။ တွေးကြည့်တာပါ။ ဒါပေမယ့် ကျနောတို့ရဲ့ ရှင်တော်မြတ်စွာဘုရားကတော့ အင်္ဂုလိမာလ ကို ရဟန်းဝတ်ခွင့် ပြုပါတယ်။ ဒီနေရာမှာ Movie Crazies က Admin တို့က ရုပ်ရှင်နဲ့ ပတ်သတ်တာပဲပြောဆိုလို့ ကျနော် မပြောတော့ပါဘူး။ ကျနော်တို့ နိုင်ငံနဲ့ အခုတော်တော် တိုက်ဆိုင်ပါတယ်။ ကိုယ့်ဘာသာပဲ တွေးကြည့်လိုက်ကြပါ။ ဟဲဟဲ။
အင်း တစ်ကားလုံးချုံကြည့်လိုက်ရင်တော့ ကားလေးက တိုတိုလေးပေမယ့် ပေးသွားတာတွေ ပြသွားတာတွေ အများကြီးပါ။ ယူရင် ယူသလောက်ရပါတယ်။ နောက်ပြီး ကိုယ့်ပေါင်ကို လှံထောင်းလိုက်ပါဦးမယ်။ တစ်ဆိတ်ရှိ စကားတွေ အများကြီးပြော ဇတ်ကောင်နဲ့တောင် မလိုက်ဖက်ဘဲ စကားလုံး အကြီးကြီးတွေ ပြော၊ ဇတ်ကားက ပြီးသွားတာတောင် သူတို့က ရုပ်ရှင်ကြည့်တဲ့သူကို သူတို့ တပည့်များ မှတ်နေသလား မသိ အတင်းကြီးပဲ ဆို ဆုံးမ နေချင်တဲ့ အခုခေတ် မြန်မာရုပ်ရှင်ကားတွေ ရိုက်ကူးသူတွေကို ပြောချင်ပါတယ်။ အဲ့ကာတွန်းကားလေးရဲ့ နောက်ဆုံး တစ်ခန်းကိုပဲ ကြည့်လိုက်ပါလို့။ အဲ့မှာ ကလေးအဖေက ကလေးလေးကိုပြန်ရတော့ မန်နီရဲ့ နှာမောင်းမှာ ကလေးလေး ပတ်ခဲ့ဖူးတဲ့ လည်ဆွဲလေးကိုပဲ ချိတ်ပေးလိုက်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတဲ့ သဘောပေါ့။ ဘာမှ မပြောပါဘူး။ နားလည်း နားလည်လို့ ရပါတယ်။ အင်း အဲ့နေရာမှာ ခုခေတ် မြန်မာကားတွေသာဆို ရွှန်းရွှန်းဝေအောင် ပြောလိုက်မယ့်ဖြစ်ခြင်း။
ထားပါတော့။ ကျနော် ပြောချင်တာလေးက ရုပ်ရှင်ကားကောင်းလေးတွေကြည့်ရရင် တကယ့်ဂန္တ၀င် စာတွေကို ဖတ်ရသလို သင်ခန်းစာတွေ တွေးစရာတွေ အများကြီးရနိုင်ကြောင်း။ မျက်စိ နဲ့ နားကနေ ရင်ထဲနှလုံးသားထဲ ရောက်ပြီး ဘ၀အတွက် အများကြီး သင်ယူလို့ ရကြောင်းပါ။ ရုပ်ရှင်သရဲတွေ ဆိုတာ ဘ၀တွေ အများကြီးကို ဖြတ်သန်းဖူးပါတယ်လို့ ပြောလို့ရပါတယ်။ ဂုဏ်ယူလိုက်ကြစမ်းပါဗျာ။ အင်း ရုပ်ရှင်သရဲဆိုတာ ကျနော်ကတော့ Movie Crazies တွေကို မြန်မာလို ဘာသာပြန်ပြီး နာမည်ပေးကြည့်လိုက်တာပါ။။။။


ရှိန်ဝါ