ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။
Showing posts with label စာပေဆောင်းပါး. Show all posts
Showing posts with label စာပေဆောင်းပါး. Show all posts

Tuesday, February 5, 2013

“ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ခုလို ခေတ်ကောင်းမှာ”

သတင်းဆိုးတွေ ဖတ်ရတာ၊ တွေ့ရတာ များလို့ စိတ်ညစ်နေပြီလား မိတ်ဆွေ။ ဂျာနယ်တွေ၊ သတင်းစာတွေ၊ မီဒီယာတွေမှာ တွေ့လိုက်ရရင်လည်း သတင်းဆိုးတွေကြီးပဲ များနေလို့ စိတ်ပျက်နေပြီလား ။ စိတ်မညစ်ပါနဲ့ ဗျာ။ တစ်ခုလောက်ပဲ စဉ်းစားကြည့်လိုက်ပါ ဗျာ။ အဲ့မီဒီယာတွေ အဲလို သတင်းဆိုးတွေ ပူလောင်တဲ့ အရာတွေကိုမှ သူတို့မဖော်ပြရင် ဘယ်မှာလာ သူတို့ ဂျာနယ်တွေ ရောင်းကောင်းတော့မလဲဗျာ။ အဲတော့ ကမ္ဘာကြီးမှာ ဆင်းရဲမွဲတေမှုတွေ၊ စစ်ပွဲတွေ၊ အထိကရုဏ်းတွေ၊ ရောဂါဆန်းတွေ များများလာလို့ စိတ်ညစ်နေရင်တော့ ဒီစာလေးကို ဖတ်ဖြစ်အေင် ဖတ်ကြည့်လိုက်ပါဗျာ။
            2012 September လထုတ် Reader’s Digest ထဲမှာ Matt Ridley ဆိုတဲ့ စာရေးဆရာကတော့ ခုလို အခိုင်အမာကြီးပြောတယ်ဗျ။ “ကမ္ဘာကြီးဟာ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာတာပါ”တဲ့။ သူ့အဆိုကို ဆန့်ကျင်ကြတဲ့ သူတွေကတော့ ထုံးစံအတိုင်း ဖဲ့ကြတာပေါ့။ ဒီကောင် အပေါ်ယံကြောတွေ လျောက်ပြောနေတယ်တို့၊ အတင်းဇွတ်ငြင်းနေတဲ့သူ ဆိုတာတစ်မျိုး။ တကယ့်ကြောင်တောင်တောင်နဲ့ လျောက်ပြောနေတယ် တို့ ဘာတို့ပေါ့။ သူက ပြောတာကတော့ ရှင်းပါတယ်။ “လူသားတွေ နှင့် ကမ္ဘာမြေကြီးအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်တာက ရူးတယ် လို့ ဆိုလို့ရမလား ဗျာ။ ဒါ အပြစ်ကြီးတစ်ခုလား ဗျာ” တဲ့။ သူကတော့ ဘယ်သူတွေ ဘာပြောပြော တကယ့်ကို အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ကမ္ဘာကြီး ပိုကောင်းလာကြောင်း အချက်အလက်တွေနဲ့ ပြောတာဗျ။ သူပြောတာ မှန်မမှန်တော့ မသိဘူး။ သူရဲ့စာအုပ် The Rational Optimist:… (ကြောင်းကျိုးခိုင်လုံတဲ့ အကောင်းမြင်သမား) စာအုပ်ကတော့ တော်တော်ရောင်းကောင်းဆိုပဲ။ အခု လထုတ် RD မှာတော့ ကမ္ဘာကြီး ပိုကောင်းလာကြောင်း သူက အကြောင်းပြချက် (၁၆) ခု ပေးပြီး တင်ပြထားပါတယ်။ မိတ်ဆွေတို့ သူပြောတဲ့ အချက်အလက်အားလုံးကို သဘောတူချင်မှ တူမှာပါ။ ဒါပေမယ့် သူ့စာတွေ ဖတ်ပြီးရင်တော့ သတင်းဆိုးတွေနဲ့ မွန်းကျပ်နေတဲ့ ကျနော်တို့ နဲနဲတော့ သက်သာရာ ရသွားမှန်တော့ အမှန်ပဲ ဗျို့။ (……...) ကွင်းလေး ခတ်ပြီးတော့ ကျနော်ကလဲ တစ်ချက် တစ်ချက် ထောက်ခံထားပါတယ်။ မိတ်ဆွေတို့ မြည်းကြည့်လိုက်ပါဦး။ အဲ တစ်ခုပဲ ရှိတယ်။ သူပြောတဲ့ အချက်အလက် အထောက်အထားတွေကို မယုံရင်တော့ ကိုယ့်ဘာသာပဲ ရှာကြည့်ကြပေါ့ဗျာ။ ကျနော်ကတော့ ယုံလို့ ပြန်လိုက်ပြီ။ ဖတ်ကြည့်ကြပါစို့။

(၁) ငါတို့ အခု ၀င်ငွေပိုတိုးလာကြတယ်။
လွန်ခဲ့သော နှစ် ၅၀ လောက်ကနဲ့ နှိုင်းယှဉ်ရင် ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ ၀င်ငွေသုံးဆ တိုးလာပါတယ်။ ငွေကြောင်းဖောင်းပွတာကိုတော့ မပြောပါနဲ့။ နောက်ပြီး တစ်နေ့စားတဲ့ ကယ်လိုရီဟာလဲ ၃ ပုံ ၁ ပုံလောက် ပိုစားလာနိုင်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ သေဆုံးမှုနှုန်းကလဲ ၃ ပုံ ၂ ပုံလောက် လျော့ကျသွားပါတယ်။ ပြီးတော့ ပျမ်းမျှအားဖြင့် ၃ ပုံ ၁ ပုံလောက်လည်း အသက်ပိုရှည်လာကြတယ်ဗျ။ ကမ္ဘာကြီးရဲ့ လူဦးရေဟာ အခုဆယ်စုနှစ်မှာ နှစ်ဆလောက် တတ်လာတယ်ဆိုသော်ငြားလည်းပဲ ၀င်ငွေလျော့နည်းသွားတဲ့ ဒေသကိုတော့  ခင်ဗျား ရှာရ တော်တော်ခက်နေမှာဗျ။ (ဟုတ်ပါတယ်။ ကုန်စရာပိုများလာသလို ရှာလို့ရတာလဲ များလာတာ အမှန်ဗျ။ လက်ထဲမှာ မစုမိတာပဲ ရှိရင် ရှိမှာ။ သုံးတော့ သုံးနေရသေးတာပဲလေ)

(၂) မြို့ပြလုနေမှု ပုံစံက ကောင်းတယ်ဗျ
            မြို့မှာနေတဲ့သူတွေက နေရာစား သက်သာတယ်ဗျ။ နေရာကျဉ်းကျဉ်းလေးမှာ လူ အများကြီး နေလို့ရတယ်။ အဲတော့ ကမ္ဘာ့ဂေဟ စနစ်ကြီးကိုလည်း ထိခိုက်မှု နည်းတာပေါ့ဗျာ။ ကမ္ဘာပေါ်က မြို့ကြီးတွေဟာ သူတို့နိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ကို လက်ခံထားကြတာဗျ။ အင်း ဒါပေမယ့် နေရာကတော့ အဲဒီနိုင်ငံရဲ့ နယ်မြေ ၃% လောက်ကိုပဲ နေရာယူထားတာဗျ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ မြို့ပြလူနေထိုင်မှုကို နှာခေါင်းရှုံ့ချင် ရှုံ့မှာပေါ့။ ဒါပေမယ့် တောမှာ နေတိုင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တယ်လို့ ဘယ်စစ်တမ်းမှာမှ ဖော်ပြမထားဘူးဗျ။ အဲတော့ မိုးမျှော်တိုက်ကြီးတွေ ဆောက်နိုင်သမျှသာ ဆောက်ကြစမ်းပါ။ ဒါကမ္ဘာအတွက် ကောင်းတယ်ဗျ။ ( အင်း… ကျနော်လဲ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးတယ်။ အံသြစရာပဲ။ တောရွာပိုင်းက လေထုက မြို့ပြက လေထုထက် ပိုညစ်ပတ်တယ်တဲ့ဗျာ။ အမေရိကားက ပညာရှင်တွေ စူးစမ်းထားတာတဲ့။ တောက ဖုန်မှုန့်တွေ၊ ကောက်ရိုးမှုန့်တွေ၊ ပိုးကောင်မွှားကောင်လေးတွေ ပါတဲ့လေက မြို့က ဓါတ်ဆီနံ့တွေ အနံ့အသက်ပေါင်းစုံ ပါနေတဲ့ လေထက် ကျန်းမာရေးကို ပိုဆိုးရွားစေတယ်တဲ့။ ဖတ်ဖူးတာ ပြောကြည့်တာပါ။)

(၃) ဆင်းရဲမွဲတေမှုဆိုတာ မူးရင် ရှုဖို့တောင် ရှားရှားလာပြီဗျ
            ချမ်းသာတဲ့သူတွေက ပိုချမ်းသာလာတော့ မှန်ပါတယ်။ ဒါပေမယ့် ဆင်းရဲသားတွေ ချမ်းသာလာတဲ့ နှုန်းနဲ့ ယှဉ်ရင်တော့ ဖျားသွားမယ်ဗျ။ ၁၉၈၀ နဲ့ ၂၀၀၀ ကြားမှာ ဆင်းရဲသားတွေရဲ့ စားသုံးမှုနှုန်းဟာ ၂ ဆ တတ်လာတယ်ဗျာ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကနဲ့ နှိုင်းရင် တရုတ်တွေဆို ၁၀ ဆ ပိုချမ်းသာလာကြတယ်တဲ့။၂၅ နှစ်လောက်လည်း ပိုပြီး အသက်ရှည်လာကြတယ်တဲ့။ နိုင်ဂျီးရီးယားတွေဆို ၂ ဆ ပိုချမ်းသာလာကြတယ်တဲ့။ ၉ နှစ်လောက်လည်း ပိုအသက်ရှည်လာ ကြတယ်တဲ့။ ကမ္ဘာတစ်ဝှမ်းလုံးက ဆင်းရဲမွဲတေမှုကလဲ တစ်ဝက်လောက် လျော့ကျသွားတယ်တဲ့။ ကုလသမ္မဂ္ဂ ကလည်း ခန့်မှန်းပါတယ်။ လွန်ခဲ့သော နှစ် ၅၀၀ လောက်ကထက်စာရင် အခု နှစ် ၅၀ လောက်မှာ ဆင်းရဲမွဲတေမှုက ပိုပိုလျော့လာတယ်တဲ့။ (အဲဒါတော့ ကျနော်တို့နိုင်ငံကို သူမသိလို့ ဖြစ်မှာပေါ့ ဟဲဟဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် ဖုန်းလေးတွေ သုံးနိုင်လာကြပြီ။ ဒါလည်း ပျော်စရာပါဗျာ။)

(၄) မဖြစ်မနေသုံးရတဲ့ ပစ္စည်းတွေ ဈေးမကြီးတော့ဘူးဗျ။
             နဂိုကထက် ငါတို့ ပိုချမ်းသာလာတယ်။ ပိုကျန်းမာလာတယ်။ ပိုအရပ်ရှည်လာတယ်။ ပိုတော်လာတယ်။ အသက်ပိုရှည်လာတယ်။ ပိုလွတ်လပ်လာတယ်။ စတာတွေကို ပြဖို့ အချက်တစ်ချက်ရှိတယ်ဗျ။ လူတွေ အဓိကလိုအပ်တဲ့ အခြေခံအစားအစာတွေ၊ အ၀တ်အထည်တွေ၊ လောင်စာတွေ၊ အမိုးအကာ အဆောက်အဦတွေရဲ့ ဈေးနှုန်းဟာ သတိမပြုဘဲ မနေနိုင်လောက်အောင် ကျဆင်းလာတာဗျ။ ဥပမာ အားဖြင့်ဗျာ။ ၁၈၀၀ ပြည့်နှစ်လောက်က ဆိုရင် တစ်နာရီလောက်ခံတဲ့ ဖယောင်းတိုင် တစ်ချောင်းရဖို့အတွက် လူတစ်ယောက်ဟာ ၆ နာရီလောက် အလုပ်လုပ်ရတယ်ဗျ။ ၁၈၀၀ ပြည့်နှစ်ကျော်နှစ်တွေကျတော့ ရေနံဆီ မီးအိမ် တစ်ခွက်ရဖို့ ၁၅ မိနစ်လောက်ပဲ အလုပ်လုပ်ရတော့ဗျ။ ၁၉၅၀ လောက်လည်းကျရော ၈ စက္ကန့်လောက်ပဲ ကြာတော့တယ်တဲ့ဗျာ။ အခုခေတ်ကျတော့ စက္ကန့်ဝက်လောက်ပဲ အလုပ်လုပ်ရတော့တယ်တဲ့ဗျာ။ ကဲ အဲတော့ ငါတို့ဟာ ၁၈၈၀ ပြည့်လောက်ကနဲ့ ယှဉ်ရင် အချိန်တွေ ၄၃၂၀၀  အဆလောက်ကို ပိုထွက်လာတော့တာပေါ့။ (အဲဒါတော့ ပြောစရာမလိုတော့ပါဘူး။ ခုခေတ်ကိုက နဲနဲပဲ လုပ်၊ များများ အကျိုးသက်ရောက်တဲ့ ခေတ်လေ။ စာတိုက်က စာတစ်စောင် ပို့တာနဲ့ E-mail တစ်စောင် ပို့တာ ဘယ်ဟာပိုမြန်မလဲ။ ပြီးတော့ တစ်ချိန်တည်းမှာ လူဘယ်လောက်များများကို ပို့နိုင်မလဲ စဉ်းစားသာကြည့်ပါတော့ဗျာ။)

(၅) သဘာဝပတ်ဝန်းကျင်ကြီးကလဲ ကျနော်တို့ ထင်ထားတာထက် ပိုကောင်းလာတယ်ဗျ
            အခုခေတ်မှာ သဘာဝပတ်ဝန်းကျင်ကြီးက ပိုပိုပြီး သန့်ရှင်းလာတယ်ဗျာ။ မယုံဘူးလား။ ဥပမာ တစ်ခုပြောပြမယ်ဗျာ။ ဒီနေ့ခေတ် မိုင်ကုန်မောင်းနှင်နေတဲ့ ကားတစ်စီးက ထုတ်လွှင့်တဲ့ ညစ်ညမ်းမှုဟာ ၁၉၇၀ လောက်က ပါကင်ထိုးရပ်နားထားတဲ့ ကားတစ်စီးက ဆီယိုစိမ့်တဲ့ ညစ်ညမ်းမှုကို မမှီဘူးဗျာ။ (အင်း နိုင်ငံတကာမှာတော့ ဖုံဆိုတာ မနည်း လိုက်ရှာရနေတယ်လေ။)

(၆) အရောင်းအ၀ယ်တွေလည်း ပိုကောင်းလာတယ်ဗျာ။
            ဘယ်လောက်ပဲ ဆင်းရဲနေတယ် ပြောပြောဗျာ။ အခုခေတ် ကျနော်တို့ မျိုးဆက်က အရင်ခေတ်ကထက်စာရင် ကယ်လိုရီတွေ ပိုစားလာနိုင်မယ့်၊ မြင်းကောင်ရေ လျှပ်စစ်ဓါတ်အားတွေ ပိုသုံးလာနိုင်မယ့်၊ ဂစ်ဂါဘိုက်တွေ၊ မီဂါဟတ်စ်တွေ၊ စတုရန်းမိုင်ပေါင်းတွေ၊ တစ်ဧက အထွက်နှုန်းတွေ၊ ကီလိုမီတာတွေ (အင်း ပိုက်ဆံလည်းကျိန်းသေပါတာပေါ့ဗျာ) ပိုသုံးနိုင်မယ့် အခွင့်အလမ်းတွေကို ပိုင်ဆိုင်လာကြတယ်ဗျ။ အဲတော့ ငါတို့ဒီလို သုံးနေလေလေ၊ ဒီဟာတွေ ပိုများများရောင်းရလေလေပေါ့။ အဲတော့ ၀င်ငွေပိုတိုးလာကြတယ်ဆိုတာ မမှန်ဘူးလားဗျာ။ (အင်း အဲ့အချက်ကို ခိုင်လုံစေတဲ့ အကြောင်းကတော့ ဒီခေတ်မှာ ပွဲစားတွေ ပိုများလာတယ်ဗျာ။)

(၇) လယ်ယာအထွက်နှုန်းတွေ ပိုတိုးလာတယ်ဗျာ။ မြေလွတ်မြေရိုင်းတွေလည်း ပိုများလာတယ်ဗျာ။
            ၁၉၀၀ ခုနှစ်လောက်ကတည်းက လူဦးရေ တစ်ချိန်လုံး တိုးနေသလိုမျိုးပဲ တခြားအရာတွေလည်း တိုးတက်လာတယ်ဗျ။ သီးနှံထွက်တဲ့ ဧကတွေ ၃၀ % လောက်တိုးလာတယ်ဗျာ။ စားကျက်မြေတွေ ၆၀၀ % လောက်တိုးလာတယ်ဗျာ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ လယ်သမားတွေဟာလည်း မြို့ပြတွေကို ပြောင်းရွေ့လာကြတာများတဲ့ အတွက်ကြောင့် အပူပိုင်းသစ်တော ဧက သန်း ၂၀၀၀ လောက်ကိုလည်း ပြန်လည်အသုံးပြုလို့ရအောင် စိုက်ပျိုးနေကြပြီဗျာ။ အဲတော့ ဇီဝဖြစ်စဉ်ကြီးအတွက်လည်း ကောင်းတာပေါ့ဗျာ။ အဲတော့ ကျနော် ကုန်ကုန်ပြောလိုက်မယ်ဗျာ။  ခုရာစုနှစ်မှာဗျာ ကမ္ဘာကြီးမှာ နောက်ထပ် စိုက်ပျိုးဧကတွေ မချဲ့ထွင်ဘဲနဲ့လည်း ကမ္ဘာသူ ကမ္ဘာသားတွေကို ကမ္ဘာကြီးက ပိုပြီး များသထက် များလာတဲ့ ပမာဏနဲ့ ကျွေးထားနိုင်တော့မှာဗျ။

(၈) လောင်စာဆီတွေကလည်း ခင်ဗျားတို့ထင်သလို အလျင်အမြန်ကြီးကုန်သွားမှာမှ မဟုတ်တာဗျာ။
            ၁၉၇၀ လောက်တုန်းက လောင်စာဆီသိုလှောင်ကန်ကြီးတွေ သန်း ထောင်ပေါင်း ၅၅၀ ရှိတယ်ဗျာ။ အဲ့ကနေစလို့ နောက် အနှစ် ၂၀ လောက်ကျတော့ ၆၀၀ ဖြစ်လာတယ်ဗျာ။ ၁၉၉၀ ကျတော့ သန်းထောင်ပေါင်း ၅၀ ထပ်တိုးလာတယ်ဗျာ။ အခုကျတော့ ၉၀၀ လောက်ရှိပြီဗျာ။ ဒါတောင် ဆော်ဒီအာရေဗျ က စာရင်းမသွင်းရသေးတဲ့ သိုလှောင်ကန်တွေ အများကြီး ရှိသေးတယ်ဗျာ။ ခင်ဗျားတို့ စိုးရိမ်တာတော့ ဟုတ်ပါတယ်။ လောင်စာဆီတွေ ကျောက်မီးသွေးတွေ သဘာဝဓါတ်ငွေ့တွေဆိုတာ အချိန်တန်ရင် ကုန်သွားတတ်တာကိုး။ ဒါပေမယ့် သေချာတာကတော့ အခုရှိထား၊ တွေ့ထားတာနဲ့တင် ရာစုနှစ်အများကြီး မဟုတ်ရင်တောင် ဆယ်စုနှစ် အများကြီးတော့ သုံးလို့ မကုန်နိုင်သေးပါဘူး။ နောက်ပြီး ကျနော်တို့ လူသားတွေက တော်တာပဲ ဗျာ။ လောင်စာအတွက် အခြားနည်းကောင်းတွေကို တွေ့ဦးမှာပါဗျ။ အဲတော့ ဘာလို့ အဲလောက်ကြီး တအား ကြို စိုးရိမ်နေကြမှာတုန်းဗျ။

(၉) လူဦးရေ တိုးလာတာကလည်း ခြောက်ခြားစရာမှ မဟုတ်တာဗျာ။
            ကမ္ဘာကြီှးမှာ လူဦးရေတွေ တစ်ချိန်လုံး တိုးနေတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကစပြီး လူဦးရေ တိုးနှုန်းတွေ ကျလာတယ်ဗျ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူမွေးဖွားနှုန်းဟာ ၁၉၆၀ လောက်ကနဲ့ စာရင်တော့ တော်တော်လျော့သွားပြီဗျ။ ဖွံဖြိုးမှု နှေးကွေးတဲ့ နိုင်ငံတွေမှာ ဆိုရင် မွေးဖွားနှုန်းက တစ်ဝက်လောက်တောင် လျော့သွားတာတဲ့ ဗျာ။ လျော့တာမှ မွေးကင်းစကလေးတွေ သေဆုံးမှုနှုန်း လျော့လာတာတောင် မွေးဖွားမှုနှုန်း လျော့တာက တော်တော်သိသာတယ် တဲ့။ ကုလသမ္မဂ္ဂ ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၇၅ မှာ လူဦးရေ ကအမြင့်ဆုံးဖြစ်တဲ့ သန်း ၉၂၀၀ အထိ ရှိမယ်တဲ့။ ပြီးရင်တော့ စပြီး လူဦးရေ လျော့ပြီတဲ့ဗျာ။ အဲတော့ စားနပ်ရိက္ခာတွေ ကုန်ဖို့ အခွင့်အလမ်းဆိုတာ မရှိပါဘူးဗျာ။ ခြုံပြီးကြည့်လိုက်ရင် ဆယ်စုနှစ်တိုင်း ဆယ်စုနှစ်တိုင်းမှာ အခု ရှိပြီးသား သန်း ၇၀၀၀ လောက်က အေးအေးဆေးဆေး ပိုပိုပြီး ကောင်းသထက် ကောင်းကောင်း စားရဖို့ပဲ ရှိတယ်ဗျာ။

(၁၀) စီးပွားပျက်ကပ်ဆိုတာကလည်း ဒီလောက် ပျက်တာမှ မဟုတ်တာ ၊၊ စိတ်ဓါတ်ကျစရာမှ မဟုတ်တာပဲ ဗျာ။
            လူတိုင်းသိတဲ့ ၁၉၃၀ ပတ်ဝန်းကျင်က စီးပွားပျက်ကပ်ဆိုတာ တကယ်တော့ လူနေထိုင်မှုပုံစံတွေ တိုးတက်နေတဲ့ ဒေါင်လိုက်မျဉ်းမှာ နည်းနည်းလောက် ကျဆင်းရုံလောက်ပါပဲဗျ။ တကယ့်ကို စီးပွားပျက်ကပ်ကြီး အလူးအလဲ အခံရဆုံး ဖြစ်ခဲ့တဲ့ အမေရိကန် နဲ့ ဂျာမနီနိုင်ငံတောင် ၁၉၃၉ မှာကျတော့ ၁၉၃၀ ထက်စာရင် ပိုချမ်းသာလာကြတာ အမှန်ပဲဗျ။ နောက်ပြီးတော့ ကုန်စည်အသစ်တွေ၊ စက်မှုလုပ်ငန်း အသစ်တွေလည်း အဲဒီ စီးပွားပျက်ကပ်ကြီးမှာ မှ ပေါ်လာတာဗျ။ နိုင်ငံရဲ့ ပေါ်လစီသာ မမှားဘူးဆိုရင် စီးပွားပျက်ကပ်လောက်ကတော့ အေးဆေးပါဗျ။ အဲတော့ ဆော့ဖ်ဝဲလေး အသစ်တစ်ခုကို ထွင်လိုက်၊ စက်ကိရိယာလေး တစ်ခုကို စမ်းလိုက်နဲ့ နေလို့ချင်ရင် ဘ၀က အများကြီး ပျော်စရာ ဖြစ်လာမှာပါ။ (စီးပွားပျက်ကပ်ကို မကြောက်ပါနဲ့။ အလုပ်မရမှာပဲ ကြောက်ပါ။ အလုပ်ရှိနေရင် ထမင်းတော့ စားနေရမှာပဲလေ.)

(၁၁) ငါတို့ဟာ ကံအကောင်းဆုံး မျိုးဆက်ပဲဗျ။
            အခု ကျနော်တို့ မျိုးဆက်ဟာ ငြိမ်းချမ်းမှုတွေ၊ လွတ်လပ်ခွင့်တွေ၊ အားလပ်ချိန်တွေ၊ ခေတ်ပညာတွေ၊ ဆေးပညာတွေ၊ တော်တော်များများကို အရင်တုန်းကနဲ့စာရင် ပိုရ ပိုသိရတယ်ဗျ။ နေရာတိုင်းမှာ ထူးချွန်ဖို့ အခွင့်အလမ်းရှိတယ်ဗျ။ ဘယ်လောက်ထိလည်းဆိုရင် အခုဆိုရင် လူတော်တော်များများက ပစ္စည်းတစ်မျိုးမှာ ရွေးစရာတွေ အများကြီး ရှိနေတာကိုတောင် အထူးအဆန်းလုပ်ပြီး ပျော်မနေကြတော့ပါဘူး။ အရင်တုန်းကလူတွေ ဆို ဘယ်ပြောကောင်းမလဲ။ ပါးစပ်ကြီး အဟောင်းသားနဲ့ အပျော်လုံးကို ဆို့နေမှာ။ ကျနော် နယ်မြို့က ဈေးဆိုင်လေး တစ်ဆိုင်ကို ရောက်ဖူးတယ်။ ရွေးစရာ သိပ်မရှိလို့ စိတ်ပျက်နေတဲ့သူတွေကို မတွေ့ဖူးဘူးဗျ။ အေးအေးဆေးဆေးပဲ။ ရွေးတော့ ရွေးနေကြတာပဲ။ (ကျနော်တို့လည်း supermarket တွေကို ရောက်ဖူးတယ်။ ရွေးစရာတွေ များလို့ စိတ်အရမ်းညစ်နေတဲ့ သူတွေကို မတွေ့ဖူုးဘူးဗျ။ အဲတော့ တကယ်ကံကောင်းတာဗျ။ ရွေးချင်သလား ရတယ်။ မရွေးချင်ဘူးလား ရတယ်။ အေးဆေးပဲ။)

(၁၂) အတိတ်မှာ ရွှေထီးဆောင်းခဲ့ ကြတယ်ဆိုတာလည်း မဟုတ်ဘူးဗျ။
            တစ်ချို့ကတော့ ငြင်းကြမှာပေါ့။ နဂိုတုန်းကဆို ဘ၀က ဘယ်လိုရိုးရှင်းတာ၊ ဘယ်လို ငြိမ်းချမ်းတာ၊ ဘယ်လို လူအချင်းချင်း သင့်မြတ်ကြတာ၊ စိတ်ဓါတ်တွေလည်း ကောင်းကြတာ ဘာညာပေါ့ဗျာ။ အခုတော့ အဲဒါတွေ မရှိတော့ဘူးဗျာ။ တကယ်တော့ ရွှေထီးဆောင်းတယ် ဆိုတာ ချမ်းသာခဲ့ကြတာကို မှ ပြောသင့်တာဗျ။ အခုဆို ဘယ်လောက်တောင် ကောင်းလဲ ကြည့်စမ်း။ တစ်ခုပဲ ပြောမယ်။ ခင်ဗျား တကယ့်ကို ကျော်ကြား ထင်ရှား စွန့်ဦး တီထွင်သူတစ်ယောက် ဖြစ်ချင်ရင်တောင် အိမ်ထဲက အိမ်ပြင် ထွက်စရာမလိုတော့ဘူးဗျ။ (မှန်တယ်ဗျာ။ တစ်ချို့များ အိမ်မှာပဲနေ Facebook လေး သုံးပြီး နိုင်ငံကျော်တောင် ဖြစ်နေကြပြီဗျာ။) အင်း နောက်ပြီးတော့လည်း တကယ့်ကို လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်း နေခဲ့ရပါတယ် ဆိုတဲ့ သူတို့ ခေတ်ကို ကြည့်ကြည့်။ အဲ့ခေတ်ကို အခုခေါ်ကြတာ။ အမှောင်ဖုံးသော ခေတ်များလို့ ခေါ်တယ်တဲ့ဗျာ။ ကဲ ပြီးရော။

(၁၃) တကယ့်ရှယ်အတွေးအကြံတွေလည်း ဆက်ထွက်နေတုန်းဗျ။
            ငါတို့ ကြွယ်ဝတော့ ပိုကြွယ်ဝလာနိုင်တာပေါ့။ ငါတို့ တီထွင်နေရင် ငါတို့ ထပ်တီထွင်နိုင်မှာပေါ့။ ကမ္ဘာကြီးက ဘယ်တော့မှ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးဗျ။ အဲတော့ အတွေးအကြံကောင်းတွေကလဲ ဆက်ထွက်ပြီးရင်း ထွက်နေဦးမှာဗျ။ တိုးသထက် တိုးလာ။ ကောင်းသထက် ကောင်းလာဖို့ပဲ ရှိတာပါဗျာ။ နောက်ပြီး အဲဒီလို အကြံကောင်း ဥာဏ်ကောင်းတွေ တုံးသွားမယ်၊ ကုန်သွားမယ်ဆိုတာကို သက်သေပြနိုင်တဲ့ ဘယ်သိပ္ပံစစ်တမ်းမှ မပေါ်သေးဘူးဗျ။ (ဒါကိုတော့ တော်တော်များများက ချွင်းချက်မရှိ လက်ခံကြမှာပါဗျာ။)

(၁၄) မုန်တိုင်းတွေဆိုတာလည်း ထင်သလောက် မဆိုးပါဘူးဗျာ။
            လုံးဝကို ထင်သလောက် မဆိုးတာဗျ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကစပြီး ကမ္ဘာကြီးက နဲနဲလေး ပိုပူနွေးလာတော့ ဆိုင်ကလုန်းတွေ၊ ဟာရီကိန်းတွေ ဖြစ်တယ်ပေါ့ဗျာ။ ကုလ က ပြောတာကတော့ ၁၉၂၀ လောက်စပြီး ကမ္ဘာကြီးရဲ့ လူသေဆုံးမှုနှုန်းဟာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ သေဆုံးမှုထက် အခြားအကြောင်းကြောင်း တွေကြောင့် သေဆုံးမှုဟာ ၉၉% လောက်ကို ပိုများတယ်တဲ့ဗျာ။ မုန်တိုင်းတစ်ခုရဲ့ အန္တရာယ်ဆိုတာကလည်း လေတိုက်နှုန်းပေါ်မှာထက် အဲဒီနိုင်ငံ ဘယ်လောက် ချမ်းသာသလဲ ဆိုတဲ့ အပေါ်မှာသာ ပိုပြီး မူတည်တာပါဗျာ။ ၂၀၀၇ ခုနှစ်တုန်းက အလွန်ကြီးမားတဲ့ မုန်တိုင်းကြီး တစ်လုံးဟာ စနစ်တကျပြင်ဆင်ထားတဲ့ မက္ကဆီကို နိုင်ငံက မြို့တစ်မြို့ကို ၀င်တိုက်တာ သေတဲ့သူ (၅) ဦး တောင် မပြည့်ဘူးဗျာ။ အဲ ဒါပေမယ့် အဲလောက်လေတိုက်နှုန်း ရှိတဲ့ မုန်တိုင်းပဲ မြန်မာနိုင်ငံကို ၀င်တိုက်တော့ လူပေါင်း တစ်သိန်းအထက် သေဆုံးကြရတယ်ဗျာ။ အဲတော့ အကောင်းဆုံး အကာအကွယ်ဟာ ချမ်းသာကြွယ်ဝမှုနဲ့ လွတ်လပ်မှု ပါပဲဗျာ။ ( အဲဒါ တူကျောတာနော်။ တားတား ပြောတာ မဟုတ်ဝူး။ တားတားက တွေ့တဲ့ အတိုင်းပဲ ဘာတာ ကျန်တာ။)

(၁၅) ငါတို့ဟာ ငါတို့ရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်စွမ်းရှိပါတယ်။
            ကမ္ဘာကြီးက ပိုကောင်းလာတယ်လို့ ပြောရင် လူတွေက ကျနော့်ကို ရူးနေတာလားတဲ့။ ကျနော်က ပြန်ပြောချင်တယ်။ ကမ္ဘာပျက်မှာသာ တကယ်သေချာရင် ခင်ဗျား နိုဘယ်ငြိမ်းချမ်းရေး ဆုတောင် ရဦးမယ်လို့။ စာအုပ်ဆိုင်တွေကလည်းဗျာ ရောင်းမကောင်းတိုင်း ခြူသံပါအောင် ငြီးတော့တာပဲ။ လေကြောင်းလိုင်းတွေကလဲ အခုပဲ စီးပွားပျက်တော့မယ့် အတိုင်း။ ကျနော်မှတ်မိသေးတယ်။ သူငယ်ချင်းတစ်ယောက်ပြောတာ။ သူက ကမ္ဘာကြီးဟာ စီးပွားရေး ဖွံဖြိုးမှုတွေကို မလုပ်တော့မှပဲ အသက်ဆက်ရှင်နိုင်တော့မှာတဲ့။ ဒီလိုသာ ဆက်သွားနေရင်တော့ မလွယ်ဘူးတဲ့။ သူ မသိတာပါဗျာ။ အလကား ယုန်လေးလို မိုးပြိုမှာကြောက်တာပါ။ လူဆိုတဲ့ အမျိုးကိုက ပြသနာဖြေရှင်းတတ်တဲ့ အမျိုးဗျ။ အချိန်တန်ရင်တော့ အရာအားလုံး ပြေလည်သွားမှာပါ။ ဒီတစ်နည်း မရရင် နောက်တစ်နည်း ကြိုးစားကြမှာပဲဗျ။ အဲတော့ တကယ့် အန္တာရယ်ဆိုတာ အပြောင်းအလဲ လုပ်ဖို့ နှောင့်နှေးနေရင်သာ ကြောက်ဖို့ကောင်းတာဗျ။ (ကောင်းလိုက်တာဗျာ။ ကျနော်တို့ နိုင်ငံကိုများ တည့်တိုးကြီး ပြောနေသလား မှတ်ရတယ်။)

(၁၆) အကောင်းမြင်သမားတွေဆိုတာ တကယ်မှန်တဲ့ သူတွေဗျို့။
            နှစ်ပေါင်း ၂၀၀ လောက်ကြာပြီဗျာ။ အကောင်းမြင်သမားတွေ ပြောတာ တော်တော်များများ မှန်တာတောင် အဆိုးမြင်သမားတွေကပဲ ဂျာနယ်တွေ၊ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းတွေကို တတ်တတ်သိမ်းနေတာ ကြာပြီဗျ။ အို အဆိုးမြင်သမားတွေ ရေးဖို့ဆို ထောက်ပံမယ့်သူတွေကလည်း မနည်းဘူးဗျ။ အကောင်းသာမြင်ပြီး ရေးကြည့်။ ပုံနှိပ်တောင် မဖော်ပြတော့ဘူး။ နောက်ပြီး ဒီရောဂါဆိုးကြီး ဒီအန္တာရာယ်ကြီးကတော့ မဖြစ်ဖို့ များတယ်လို့ပဲ ရေးကြည့်။ ခင်ဗျား ဘယ်တော့မှ ရှေ့မျက်နှာစာမှာ နေရာရမှာ မဟုတ်ဘူးဗျ။ အဲတော့ စာဖတ်သူတွေကိုရော၊ မီဒီယာတွေကိုရော ဘယ်လိုပဲ စိတ်ပျက်စရာတွေ ဖြစ်နေနေ ကောင်းတာလေးကို ရှာရေးကြဖို့ ၊ အလင်းရောင်လေးကို ရှာပြပေးကြဖို့ တွေကိုသာ တွန်းအား ပေးကြစမ်းပါဗျ။ မျက်မှောင်ကြီးကျုံ့ မှုန်ကုပ် မနေစမ်းပါနဲ့ဗျာ။ ရဲရဲကြီးသာ အကောင်းမြင်သမား အဖြစ် ခံယူလိုက်စမ်းပါ။ အနည်းဆုံးတော့ ခင်ဗျား (သို့) ခင်ဗျား ပတ်ဝန်းကျင် လင်းလာမှာတော့ အမှန်ပဲဗျ။


ရှိန်ဝါ မှီငြမ်းရေးသား ပြန်ဆိုသည်။

Sunday, February 3, 2013

ပညာရေး နှင့် ဘ၀ရဲ့ အနှစ်သာရ”

                        ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးနှင်ကြည့်မယ်ဆိုရင်တောင် အိန္ဒိယမှာဖြစ်စေ၊ အမေရိကမှာဖြစ်စေ၊ ဥရောပမှာဖြစ်စေ၊ သြစတေးလျမှာဖြစ်စေ ကမ္ဘာပေါ်ကမည်သည့် နေရာမှာမဆို လူသဘာဝတွေဟာ အံအားသင့်စရာ ကောင်းလောက်တဲ့ အတိုင်းအတာအထိ တူညီနေတယ် ဆိုတာ သင် သတိပြုမိပါလိမ့်မယ်။ ဒီအချက်ဟာ အထူးသဖြင့်တော့ ကောလိပ်တွေ ၊ တက္ကသိုလ်တွေမှာ ပိုပြီးမှန်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပုံစံခွက်တစ်ခု တည်း ကပဲ ထွက်လာသလိုမျိုး တူညီနေကြပါတယ်။ စိတ်ချလုံခြုံမှုတွေကို ရှာဖွေဖို့၊ အရေးပါ အရာရောက်တဲ့ လူတစ်ယောက် ဖြစ်ဖို့၊ စဉ်းစားဆင်ခြင်စရာနည်းနည်းနဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ရရှိဖို့ စတဲ့အရာတွေကိုပဲ အဓိကစိတ်ဝင်စားတဲ့ လူသားပုံစံတစ်ခုဖြစ်နေတာပါပဲ။
                        သမားရိုးကျ ပညာရေးဟာ လွတ်လပ်စွာ တွေးခေါ်ခြင်းကို အလွန်အမင်း ဟန့်တားစေပါတယ်။ ပုံစံတကျဖြစ်မှုဆိုတာ သူလိုကိုယ်လိုသာမင်ညောင်ည အခြေအနေတစ်ခုကိုပဲ ဖြစ်စေပါတယ်။ အောင်မြင်မှုကိုပဲ ကိုးကွယ်နေသမျှ ကာလပတ်လုံး အများစုနဲ့ မတူထူးခြားဖို့၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ ဆိုတာ မလွယ်ကူလှသလို စွန့်စားလည်းစွန့်စားရတဲ့အရာပါ။ အောင်မြင်မှုအတွက် တွန်းအား ဆိုတာဟာ ရုပ်ဝတ္ထု နယ်ပယ်မှာပဲဖြစ်ပစေ၊ မည်ကာမတ္တ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုမှာပဲဖြစ်စေ ဆုလာဘ်တွေရဖို့ကိုသာ အားထုတ် ကြိုးပမ်းနေကြတာပါ။ စိတ်ပိုင်းဆိုင်ရာ လုံခြံမှုတစ်ခုကိုပဲဖြစ်စေ ၊အပြင်ပန်းလုံခြုံမှုတစ်ခုကိုပဲ ဖြစ်စေ ရှာဖွေနေတာပါ။ အဲဒီဖြစ်စဉ်တစ်ခုလုံးဟာ မကျေမနပ်ဖြစ်မှုကိုတော့ လျော့ကျစေပေမယ့် အလိုအလျောက် ထိုးထွင်းသိမြင်မှုကိုတော့ အဆုံးသတ်ပစ်ပါတယ်။ အကြောက်တရားတွေ ကိုသာ မွေးဖွားပေးပြီး အဲဒီ အကြောက်တရားတွေကပဲ အသိပညာ နဲ့ပြည့်စုံတဲ့ ဘ၀ကိုနားလည်ခြင်းကိုပါ ပိတ်ဆို့ပစ်ပါတော့တယ်။  ဒီလိုနဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ စိတ်နှလုံး ညှိုးချုံးခြင်းတွေသာ နေရာယူလာပါတော့တယ်။
                        သက်သာရာရမှုကို ရှာဖွေတဲ့နေရာမှာလဲ ကျွန်တော်တို့တွေဟာ ယေဘုယျအားဖြင့်တော့ ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းပါးတဲ့ ဘ၀ရဲ့ ဆိတ်ငြိမ်ထောင့်ချိုးလေးတစ်ခုကိုသာ ရှာဖွေကြတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့တွေဟာ အဲဒီအ၀န်းအ၀ိုင်းလေး အပြင်ကိုခြေလှမ်းကြည့်ဖို့ကိုတောင် ကြောက်ရွံ့ နေတတ်ကြပါတယ်။  အဲဒီ လို ဘ၀အပေါ်ကြောက်စိတ်၊ ရုန်းကန်ကြိုးစားရမှာကို ကြောက်တဲ့စိတ်၊ အတွေ့အကြုံသစ်တွေ တွေ့ကြုံရမှာ ကြောက်တဲ့စိတ် တွေဟာ ကျွန်တော်တို့တွေရဲ့ စွန့်စားလိုတဲ့ စိတ်ဝိညာဉ်ကို သတ်ပစ်တာပါပဲ။ ကျွန်တော်တို့ တစ်လျောက်လုံး ပြုစုပျိုးထောင်ခံလာရတဲ့ ပညာရေးဟာ ကျွန်တော်တို့ကို ပတ်ဝန်းကျင်က လူတွေနဲ့ မတူကွဲပြားမှာကို မ၀ံ့ရဲတဲ့စိတ်၊ လူ့အဖွဲ့အစည်းရဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ ပုံစံတွေ၊ လွဲမှားစွာ ရိုသေနေတဲ့ အမိန့်အာဏာတွေ၊ ထုံးတမ်းစဉ်လာတွေ နဲ့ ဆန့်ကျင်နေရမှာကို မ၀ံ့ရဲတဲ့စိတ်တွေကိုသာ ဖြစ်စေပါတယ်။
                        ကံကောင်းထောက်မစွာနဲ့ လက်ယာလဲ မယိမ်း၊ လက်ဝဲလဲမယိမ်းဘဲ အရှိကို အရှိအတိုင်း ကျွန်တော်တို့ လူသားတွေရဲ့ ပြသနာတွေကို စိတ်ပါဝင်စားစွာ ရှုမြင်ကြည့်ချင်တဲ့သူ အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများစုရင်ထဲမှာကတော့  မကျေနပ်၊ မနှစ်သိမ့်နိုင်တဲ့ စိတ်မျိုးလုံးဝမရှိသလို ဖောက်ထွက် တော်လှန်ချင်တဲ့ စိတ်လဲ ပျောက်ကွယ်နေပါတယ်။ ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုသာ မသိနားမလည်စွာ လည်ဆင်းခံနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ရှိနေနိုင်တဲ့ ဖောက်ထွက်ချင်တဲ့ စိတ်လေး လဲကျသေဆုံးသွားမှာပါပဲ။ ကျွန်တော်တို့ရဲ့ တာဝန်တွေ၊ ၀တ္တရားတွေကပဲ အဲဒီ စိတ်လေးကို အဆုံးသတ်ပစ်လိုက်မှာပါ။
                        တော်လှန်ဖောက်ထွက်တယ် ဆိုတာလဲ နှစ်မျိုးရှိပါတယ်။တည်ရှိပြီးသား အစီအစဉ်ကျနမှု တွေကို သိမြင်နားလည်မှု မပါဘဲ တန်ပြန်ခြင်း တစ်မျိုးဖြစ်တဲ့ ပြင်းထန်ကြမ်းတမ်းစွာ တော်လှန်ခြင်း နှင့် နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အသိဥာဏ် တော်လှန်ခြင်းတို့ ဖြစ်ပါတယ်။  တည်ဆောက်ပြီးသား အများလက်ခံထားတဲ့ ယုံကြည်ချက်တွေကို တော်လှန်တဲ့ လူအများစုဟာ အသစ်အသစ်သော အများလက်ခံတဲ့ ယုံကြည်ချက်တွေ၊  ထင်ယောင်ထင်မှားဖြစ်မှုတွေ၊ ပိတ်ဆို့ခံထားရတဲ့ ကိုယ်ပိုင်လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ထဲကိုပဲ ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတာကတော့ ကျွန်တော်တို့တွေဟာ အဖွဲ့အစည်းတစ်ခု၊ အတွေးအခေါ် တစ်ခုကနေ ဖောက်ထွက်ခဲ့ပေမယ့် အခြား အဖွဲ့အစည်းတစ်ခု၊ အခြား အတွေးအခေါ် တစ်ခုကို ပြန်လည်ဆုပ်ကိုင်မိသွားတတ်ရင်းနဲ့ပဲ၊ နောက်တစ်ခါ ထပ်ပြီး ပြန်လည်တော်လှန်ရမယ့် အတွေးအခေါ် ပုံစံတစ်ခု ထဲကိုသာ ပြန်လည် ကျရောက်သွားတာပါပဲ။ တန်ပြန်ခြင်း ဆိုတာ ဆန့်ကျင်မှုတွေ ကိုသာ မွေးဖွားပေးတာပါ။ ပြုပြင်ပြောင်းလဲရေး ဆိုတာလဲ ပြုပြင်ပြောင်းလဲရေး ထပ်လိုနေတာပါပဲ။
                         တန်ပြန်မှု မဟုတ်တဲ့ အသိဥာဏ်ဆိုင်ရာ တော်လှန်ခြင်း ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေး အခေါ် ၊ကိုယ်ပိုင်ခံစားချက်တွေကို သိမြင်မှုကနေတဆင့်  ကိုယ်ပိုင်အသိဥာဏ်နဲ့ ယှဉ်တွဲလာတာပါ။ အဲဒါဟာ ဘာလဲဆိုတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတွေ့အကြုံတွေ ကို ကျွန်တော်တို့ ရင်ဆိုင်ရတိုင်း မယိမ်းမယိုင်နဲ့ ကျွန်တော်တို့ရဲ့ အသိဥာဏ်တွေကို အားပြည့်အင်ပြည့် နိုးထနေအောင် ကြိုးစားထားဖို့ ပဲဖြစ်ပါတယ်။ အသိဥာဏ် အားအင်ပြည့်စွာ နိုးထခြင်းဆိုတာ အလိုအလျောက် ထိုးထွင်းသိမြင်မှုပါပဲ။ ဒါကပဲ ဘ၀ရဲ့ တစ်ခုတည်းသော စစ်မှန်တဲ့ လမ်းပြပါပဲ။
                        ကဲ… ဟုတ်ပြီ။ ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာလဲ။ ငါတို့ဟာ ဘာအတွက် အသက်ရှင် နေကြတာလဲ။ ဘာအတွက် ကြိုးစားရုန်းကန်နေကြရတာလဲ။ ငါတို့ပညာသင်ကြားတယ်ဆိုတာ ဘွဲ့ထူးဂုဏ်ထူးတွေ ရဖို့၊ အလုပ်ကောင်းကောင်းရဖို့၊ ပိုပြီးပြည့်စုံဖို့၊ သြဇာအာဏာ ကြီးမားဖို့တွေလောက်ကိုပဲ ရည်ရွယ်တာ ဆိုရင်တော့ ငါတို့ရဲ့ ဘ၀တွေဟာ ကျဉ်းမြောင်းပြီး အနှစ်သာရ ကင်းမဲ့နေမှာပေါ့။ နောက်ပြီး ပညာသင်ကြားတယ် ဆိုတာ သိပ္ပံပညာရှင်ကြီးဖြစ်ဖို့၊ စာအုပ်တွေနဲ့ပဲ ပေါင်းသင်းနေထိုင်တတ်တဲ့ ပညာတတ်ကြီးတွေ ဖြစ်ဖို့၊ သုတတွေကိုပဲ အရူးအမူး စွဲလမ်းနေတဲ့ ကျွမ်းကျင်သူကြီးတွေ ဖြစ်ဖို့လောက်ပဲ ဖြစ်နေရင်လဲ ငါတို့ဟာ ကမ္ဘာကြီးရဲ့ စိတ်ပျက်စရာတွေ၊ အပျက်အစီးတွေကိုသာ ဖြန့်ဝေပေးဖို့ ဖြစ်နေတော့မှာပေါ့။
                        ဘ၀မှာ ပိုပြီးမြင့်မားတဲ့၊ ပိုပြီးကျယ်ပြန့်တဲ့ အနှစ်သာရ ရှိနေပေမယ့်လည်း ငါတို့က အဲဒီအရာကို မရှာဖွေဘူးဆိုရင် ငါတို့ရဲ့ ပညာတွေဟာ ဘယ်မှာ တန်ဖိုးရှိပါတော့မလဲ။ ငါတို့ဟာ အဆင့်မြင့်ပညာတွေ တတ်မြောက်ကောင်း တတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် နက်နက်နဲနဲ မတွေးခေါ်၊ နက်နက်ရှိုင်းရှိုင်း မခံစားဘူးဆိုရင် ငါတို့ရဲ့ ဘ၀တွေဟာ မပြည့်မစုံကြီးနဲ့ အကြောက်တရားတွေနဲ့သာ နပန်းလုံးပြီး လုံးပါးပါးတော့မှာပေါ့။ ပညာရေးဟာ ဘ၀နဲ့ပတ်သတ်လို့ သဟဇာတဖြစ်တဲ့ အမြင်မျိုးမရှိနေသမျှ ကာလပတ်လုံး အနှစ်သာရ ရှားပါးနေတော့မှာပေါ့။
                        ငါတို့ရဲ့ လက်ရှိယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာတော့ ဘ၀ကို အခန်းကဏ္ဏအမျိုးမျိုး ခွဲခြားလွန်းကြ တဲ့အတွက် ပညာရေးအတွက်ကျတော့ အဓိပ္ပါယ် ရှားပါးသွားတော့တာပေါ့။ သီးသန့်နည်းလမ်းတစ်ခုနှင့် ဖြစ်စေ၊ အသက်မွေးဝမ်း ကျောင်းတစ်ခုနှင့်ဖြစ်စေ ပညာသင်ယူတာက လွဲရင်ပေါ့။ တစ်ဦးချင်းစီရဲ့ မြင့်မားတဲ့ အသိဥာဏ်နိုးထခြင်း တွေကို ဖြစ်စေရမယ့်အစား ပညာရေးဟာ သူတို့ကို ပုံစံခွက်တစ်ခုထဲ ရောက်သွားအောင်သာ ပြုလုပ်နေပါတယ်။ ကိုယ့်ကိုယ်ကို အလုံးစုံသိမြင်နားလည်လာခြင်း ကိုလည်းပဲ ဟန့်တား နေပါတော့တယ်။ သူတို့ရဲ့  မြောက်များစွာသော အမျိုးအစားတွေ ခွဲခြားခံထားရတဲ့ အဆင့်အသီးသီးမှာတောင် ဘ၀ဖြစ်တည်မှုပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရမယ် ဆိုကတည်းကိုက သိမြင်နားလည်ခြင်း လုံးဝဥဿုံကင်းမဲ့နေတယ် ဆိုတဲ့သဘောပါပဲ။
                        တစ်ဦးချင်းစီဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထွင်းထုခံထားရတာပါ။ ဒါပေမယ့် မတူကွဲပြားမှုတွေကိုပဲ အာရုံစိုက်ဖို့၊ တိကျတဲ့ ပုံစံတစ်ခုရဲ့ ဖွံဖြိုးတိုးတက်မှုကိုပဲ တွန်းအားပေးရမယ် ဆိုတာတွေကတော့ များစွာသော ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခတွေကိုသာ ဖြစ်စေပါတယ်။ ပညာရေးဆိုတာ အဲဒီခေါင်းစဉ်ကွဲ အမျိုးမျိုးကို ပေါင်းစည်းပေးရမှာပါ။ အဲဒီလို လိုက်လျောညီထွေစွာ ပေါင်းစည်းခြင်း မရှိရင် ဘ၀ဆိုတာ ပဋိပက္ခတွေ၊ ပူဆွေးသောကတွေနဲ့သာ သံသရာလည် နေတော့မှာပေါ့။ ငြင်းခုံချေပဖို့ကိုသာ အမြဲတမ်းကြိုးစားစိတ်ကူးနေမယ်ဆိုရင် ဥပဒေပညာရှင်တွေ ဖြစ်ရတာ ဘာတန်ဖိုး ရှိတော့မှာလဲ။ ငါတို့ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မသိသေးဘူးဆိုရင် အသိပညာဆိုတာ ဘာတန်ဖိုးရှိတော့မလဲ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ဖျက်ဆီ်းဖို့သာ ကြံစည်နေမယ်ဆိုရင် နည်းပညာတွေ၊ စက်မှုပညာတွေရဲ့ စွမ်းပကားဟာ ဘယ်မှာများ အနှစ်သာရ ရှိပါတော့မလဲ။ အထိကရုဏ်းတွေ၊ ဒုက္ခတွေသာ ပင်လယ်ဝေနေမယ်ဆိုရင် ငါတို့ ဘာကြောင့် အသက်ရှင် နေတော့မှာလဲ။ ငါတို့မှာ ငွေကြေးမပြည့်စုံရင်၊ ငွေကြေးမရှာနိုင်ရင်၊ ပျော်ရွှင်မှုတွေ မရရှိဘူးဆိုရင်၊ စနစ်တကျစုစည်းထားတဲ့ ဘာသာတရားတွေ မရှိဘူးဆိုရင် ငါတို့ဟာ ပဋိပက္ခသံသရာကြီးထဲမှာသာ လည်နေတော့ တာပါပဲ။
                        ပုဂ္ဂိုလ်ရေးဆိုတာ သီးခြားဖြစ်တည်မှုကိုဆိုလိုတာ မဟုတ်ဘူးဆိုတာကိုလည်း ငါတို့ ခွဲခြား နားလည် ထားရမယ်။ ပုဂ္ဂိုလ်ရေးဆိုတာ မတော်တဆမှုတစ်ခုပဲ။ ဆိုလိုတာက ငါတို့မွေးဖွားလာကြတဲ့ အခြေအနေတွေ၊ အရွယ်ရောက်လာကြရတဲ့ နေထိုင်ရာ ပတ်ဝန်းကျင်တွေ၊ အမျိုးသားရေးတွေ၊ အယူသည်းမှုတွေ၊ အဆင့်အတန်း ခွဲခြားခြင်းတွေ၊ အာဃာတတွေ ဆိုတာ မတော်တဆ ငါတို့ကိုယ်တိုင် မရွေးချယ်ဘဲ ဖြစ်လာရတာတွေပါ။ တကယ်တမ်း မှာတော့ အဲဒီလို မတော်တဆ ဖြစ်လာရတဲ့ ပုဂ္ဂိုလ်ရေးဆိုတာ တစ်ခဏပဲ ရှည်ကြာတာပါ။ ဒါပေမယ့်လဲ ယနေ့ခေတ် ပညာရေးစနစ်ဟာ အဲဒီလို  တဒင်္ဂသာဖြစ်တဲ့၊ မတော်တဆသာဖြစ်တဲ့ ပုဂ္ဂိုလ်ရေးတွေ အပေါ်မှာသာ အခြေခံထားတဲ့ အတွက်ကြောင့် အတွေးအခေါ် လွဲမှားခြင်းတွေ၊ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ချင်တဲ့ အကြောက်တရားတွေကိုပဲ ခေါင်းထဲ ရိုက်သွင်းခြင်းကိုသာ ဖြစ်စေတော့တာပေါ့။
                        ကျွန်တော်တို့အားလုံးကို ကိုယ်ကျိုးရှာတဲ့နေရာမှာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ထုံး ဖြစ်လာ အောင် ပညာရေးနှင့် ပတ်ဝန်းကျင်က သင်ကြားလေ့ကျင့်ပေးလိုက်တာပါ။ ဒီလိုစိတ်တွေကို စကားလုံးလှလှလေးတွေနဲ့ ဖုံးကွယ် ထားတတ်ကြပေမယ့်လည်း တကယ့်တကယ်မှာတော့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု နှင့် လောဘကြောင့် ဖြစ်တဲ့ ကြောက်ရွံ့မှုတွေ ပေါ်မှာသာ အခြေခံတဲ့ ပညာရေးစနစ်တစ်ခု အတွင်းမှာပဲ ကျွန်တော်တို့ဟာ အသက်မွေးဖို့ဆိုတဲ့ အကြောင်း အမျိုးမျိုးနဲ့ သင်ကြားခြင်းခံလိုက်ရတာပါ။ ဒီလို လေ့ကျင့်သင်ကြားပေးခြင်းဟာ ကျွန်တော်တို့အတွက်တော့ ကမ္ဘာကြီးကို ရော၊ ကိုယ့်ကိုယ်ကိုယ် ကိုရော သေချာပေါက် စိတ်အပျက်ကြီးပျက်၊ စိတ်အရှုပ်ကြီးရှုပ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို လေ့ကျင့်သင်ကြားပေးခြင်းဟာ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်တွေထဲမှာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ဖန်တီးပေးပြီး ကိုယ့်ကိုယ်ကို အကျဉ်းချကာ ပတ်ဝန်းကျင်နဲ့ ကင်းကွာအောင် ပြုလုပ်ပေးလို့ပါပဲ။
                        ပညာရေးဆိုတာ စိတ်ကိုလေ့ကျင့်ပေးရုံတင် မဟုတ်ပါဘူး။ လေ့ကျင့်ပေးခြင်းဟာ ကျွမ်းကျင်မှုကိုတော့ ဖြစ်စေပါတယ်။ ဒါပေမယ့် ပြည့်စုံခြင်းကိုတော့ ဆောင်ကျဉ်းမပေးနိုင်ပါဘူး။ လေ့ကျင့်ရုံပဲ လေ့ကျင့်ခံထားရတဲ့ စိတ်ဆိုတာ အတိတ်ကာလရဲ့ အဆက်အစပ်ပါပဲ။ ဒီလိုစိတ်မျိုးဟာ အသစ်ကို ဘယ်တော့မှ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါဘာ့ကြောင့်လဲ ဆိုတော့ စစ်မှန်တဲ့ ပညာရေးကို ရှာဖွေချင်တယ်ဆိုရင် အသက်ရှင်နေထိုင်ခြင်းရဲ့ အနှစ်သာရတစ်ခုလုံးကို စူးစမ်းလေ့လာနေရမှာပါ။
                        ကျွန်တော်တို့ အများစုအတွက်ကတော့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ လုံးဝဥဿုံကြီး အဓိက အရေးပါမှု မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပညာရေးကလဲ တစ်ချို့သော အသိပညာတွေလောက်မှာပဲ ကျွမ်းကျင်အောင် လုပ်ပေးပြီး ဒုတိယတန်းစား တန်ဖိုးတွေပေါ်ကိုသာ အလေးအနက်ထားနေတာပါ။ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ ဆိုတာ လိုအပ်သော်လည်းပဲ အဲဒီအရာတွေပေါ်မှာပဲ အဓိကအာရုံစိုက်နေမယ်ဆိုရင်တော့ ပဋိပက္ခတွေ၊ အရှုပ်အထွေးတွေကိုသာ ဖြစ်လာစေတော့မှာပါ။
                        အနှိုင်းအဆမဲ့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်လာတဲ့ ကျွမ်းကျင်မှုဆိုတာ ရှိပါတယ်။ ဒါပေမယ့် အဲဒါဟာ ရည်မှန်းချက် ပြည့်ဝခြင်းဆိုတာ ထက်တော့ အများကြီးပိုပါတယ်။ ဘ၀ကို ညီညွတ်မျှတစွာ နားလည်ခြင်းကို ဆောင်ကျဉ်းပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာသာ မရှိဘူးဆိုရင် ကျွမ်းကျင်မှုဆိုတာ ရက်စက်ကြမ်းကြုတ်မှုကိုသာ မွေးဖွားပေးပါ တယ်။ ဘ၀တစ်ဝှမ်းလုံး အမှန်တကယ်ဖြစ်နေတာကရော အဲဒါပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ရဲ့ လက်ရှိပညာရေးဟာ သူ့ရဲ့အဓိကရည်မှန်းချက်ကိုက ကျွမ်းကျင်မှုကိုသာ ဖွံဖြိုးစေဖို့ရည်ရွယ်ထားတော့ ယန္တရားဆန်အောင်လုပ်ရင်းနဲ့ စစ်ပွဲတွေကိုသာ အရှိန်မြှင့်ပေးပါတော့တယ်။ ကျွန်တော်တို့တွေဟာ ရက်စက်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အချင်းချင်း ဖျက်ဆီးခြင်းဆိုတဲ့ ယန္တရားကြီှးမှာသာ ပိတ်မိနေတော့တာပေါ့။ ပညာရေးဆိုတာ စစ်ပွဲတွေကိုပဲ ဦးတည်နေမယ်ဆိုရင်တော့ ငါတို့ပညာသင်တာဟာ ဖျက်ဆီးဖို့ ဒါမှမဟုတ် အဖျက်ဆီးခံရဖို့ပဲ ဖြစ်နေတော့တာပေါ့။ ဒါဟာ အလုံးစုံ ဆုံးရှုံးခြင်းပဲ ဖြစ်သွားတော့တာ မဟုတ်လား။
                        မှန်ကန်သော ပညာရေးကို ဆောင်ကျဉ်းမယ်ဆိုရင် ကျွန်တော်တို့တွေဟာ ဘ၀ရဲ့အဓိပ္ပါယ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နေရပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ဟာ တွေးတောဆင်ခြင်မှုလဲ ပြုနိုင်ရပါတယ်။ အဆက်မပြတ်မဟုတ်ဘဲ မှန်မှန်ကန်ကန်နဲ့ အရှိအတိုင်းသာ တွေးခေါ်နိုင်ရပါမယ်။ မရပ်မနား တွေးတောနေသူဟာ အတွေးအခေါ်မရှိတဲ့သူ ပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုသာ မရပ်မနား တွေးတောနေမယ်ဆိုရင် ပုံစံခွက်တစ်ခုကို သူကိုယ်တိုင်ဖန်တီးမိပြီး အဲဒီကျဉ်းမြောင်းတဲ့ ပုံစံခွက်ထဲမှာသာ သူ ထပ်ခါတလဲလဲ တွေးတော ပြောဆိုနေတတ်လို့ပါ။ ကျွန်တော်တို့တွေဟာ ရှင်သန်ဖြစ်တည်မှုကို စိတ်ကူးယဉ်ဆန်ဆန် ဒါမှမဟုတ်ရင် သီအိုရီကျကျ စဉ်းစားရုံနဲ့ နားမလည်နိုင်ပါဘူး။ ဘ၀ကို နားလည်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို နားလည်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို နားလည်ခြင်းဟာ ပညာရေးရဲ့ အစဆိုလည်း ဟုတ်သလို ပန်းတိုင်ဆိုလဲ ဟုတ်ပါတယ်။
                        ပညာရေးဆိုတာ ဗဟုသုတရရှိခြင်း၊ စုဆောင်းခြင်း၊ အချက်အလက်များကို ဆက်စပ်ခြင်း မျှသာ မကပါ ဘူး။ ပညာရေးဆိုတာ ဘ၀ရဲ့ ပြီးပြည့်စုံတဲ့ အနှစ်သာရ ကို မြင်ဖို့ပါ။ ဒါပေမယ့်လို့ အနှစ်သာရတစ်ခုလုံးကို အစိုးရတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အာဏာရပါတီတွေက အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်ဆိုတဲ့ အစိတ်အပိုင်း တစ်ခုလေးနေပဲ ချဉ်းကပ်လို့ မရနိုင်ပါဘူး။
                        ဒါကြောင့် ပညာရေးရဲ့ လုပ်ဆောင်ချက်ဟာ ညီညွတ်စွာ ပေါင်းစည်းထားသော၊ အသိဥာဏ်ရှိသော လူသားတွေကို ဖန်တီးပေးဖို့ပါ။ ကျွန်တော်တို့တွေ အသိဥာဏ်မရှိဘဲနဲ့တောင် ဘွဲ့တွေ၊ ဒီဂရီတွေ ယူနိုင်ပါတယ်။ သမား ရိုးကျ ကျွမ်းကျင်မှုတွေကိုလဲ ရနိုင်ပါတယ်။ အသိဥာဏ်ဆိုတာ အချက်အလက်တွေ မဟုတ်ပါဘူး။ စာအုပ်တွေထဲကနေလဲ မလာနိုင်သလို၊ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်တဲ့  ပါးနပ်စွာ အလိုအလျောက်တုံ့ပြန်မှုတွေ နှင့် အတင်းအကျပ် ခြိမ်းခြောက် ဖိအားပေးခြင်း တွေလဲ မပါဝင်ပါဘူး။ ဘွဲ့ရတစ်ယောက်ထက် ဘွဲ့မရတဲ့သူကလဲ အသိဥာဏ်ပိုရှိနိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ အသိဥာဏ်ကို စမ်းသပ်စစ်ဆေးတဲ့ စာမေးပွဲတွေ၊  ဘွဲ့ဒီဂရီတွေ အများကြီးလုပ်လာရင်းနဲ့ပဲ အရေးကြီးတဲ့ လူမှုကိစ္စတွေကို ရှောင်လွှဲတဲ့ ကောက်ကျစ်သောစိတ်တွေ ကြီးထွားလာကြတော့တာပါပဲ။ အသိဥာဏ်ဆိုတာ မသိမဖြစ် အရေးပါတဲ့အရာတွေကို သိမြင်နားလည်နိုင်တဲ့ စွမ်းရည်ပါပဲ။ ကိုယ်ကိုယ်တိုင်ပဲဖြစ်စေ၊ အများကိုပဲဖြစ်စေ အဲဒီစွမ်းရည် နိုးထလာအောင် လုပ်ပေးရင် အဲဒါ ပညာရေးပါပဲ။
                        ပညာရေးဆိုတာ ကျွန်တော်တို့ကို ရေရှည်တည်တံ့တဲ့ တန်ဖိုးတွေကို ညွှန်ပြပေးသင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ဟာ ဖော်မြူလာတွေ၊ ဆောင်ပုဒ်တွေကိုပဲ မှီခိုနေတဲ့ အနေအထားမျိုး မရှိတော့မှာပေါ့။ ပညာရေးဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး အတားအဆီးတွေ၊ လူမှုရေး အတားအဆီးတွေကို အလေးအနက်ထားမနေဘဲ ချေဖျက်ပစ်ဖို့ကိုလဲ ကူညီသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာတွေဟာ လူနဲ့ လူကြား အမုန်းတရားတွေကိုသာ မွေးဖွားပေးစေတာ ဖြစ်လို့ပါ။ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ လက်ရှိပညာရေးစနစ်ကတော့ ကျွန်တော်တို့ကို ဦးကျိုးအောင်၊ သာမင်ညောင်ညပဲဖြစ်အောင် ၊ အတွေးအခေါ် လုံးဝကင်းမဲ့အောင် လုပ်နေတာပါပဲ။ အခုစနစ်ဟာ ကျွန်တော်တို့ကို အသိဥာဏ်ဆိုင်ရာ နိုးထစေသော်လည်း အတွင်းကျကျပြောရင်တော့ ကျွန်တော်တို့ကို  ပျင်းရိထုံထိုင်းစွာ၊ ဖန်တီးမှု ကင်းမဲ့စွာ နဲ့ မပြည့်မစုံ ချန်ထားခဲ့တာပါ။
                        ဘ၀အပေါ် ညီညွတ်မျှတဲ့ အမြင်မျိုးမရှိဘူးဆိုရင် ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့၊ အားလုံးရဲ့ ပြဿနာတွေဟာ ပိုမိုနက်ရှိုင်း၊ ပိုမိုကြီးထွားလာမှာပါ။ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဟာ ဘွဲ့ရပညာတတ်တွေ၊ အတတ်ပညာရှင်တွေ နှင့် အလုပ်မရမကရှာဖွေနေသူတွေကိုသာ မွေးထုတ်ပေးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ညီညွတ်တဲ့ ၊ အကြောက်တရားကနေ ကင်းလွတ်တဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေကြားမှာတော့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းမှု ဆိုတာ ရှိနိုင်ပါတယ်။
                        ကျွန်တော်တို့ ကိုယ့်ကိုယ်ကို နားလည်ပြီဆိုရင် အကြောက်တရားလည်း လွင့်ပျောက်ပြီပေါ့။ လူတစ်ဦး ဟာ သူ့ဘ၀ကို အချိန်တိုင်းမှာ ချုပ်ကိုင်နေရမယ်ဆိုရင်၊  သူဟာ စိတ်ပျက်စရာတွေ၊ အရေးပေါ်လိုအပ်ချက်တွေ၊ ရှုပ်ထွေးမှု တွေကို ရင်ဆိုင်ရမယ်ဆိုရင် အလွန်ကို အလိုက်သင့် ပျော့ပြောင်းရမယ်။ သီအိုရီတွေ၊ အတွေးအခေါ်ပုံစံခွက်တွေကနေလဲ ကင်းလွတ်နေကို နေရပါမယ်။
                        ပညာရေးဟာ  တစ်စုံတစ်ယောက်ကို လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင်၊ သဟဇာတ မဖြစ် အောင် လည်း တွန်းအား မပေးသင့်ပါဘူး။ သမာသမတ်ကျတဲ့ စူးစမ်းမှုတွေ၊ ကိုယ့်ကိုယ်ကို သိမြင်မှုတွေ နဲ့ အတူ ပေါ်ပေါက်လာတဲ့ စစ်မှန်သော တန်ဖိုးတွေကို ရှာဖွေဖို့ကိုသာ ကူညီပေးသင့်ပါတယ်။ ကိုယ်ပိုင်အတွေးအခေါ်သာ မရှိဘူးဆိုရင် ကိုယ်ပိုင်ခံစားချက်တွေဟာ ကြမ်းတမ်းတဲ့၊ ရည်မှန်းချက်တွေလေးလံနေတဲ့ ပဋိပက္ခတွေနဲ့အတူ ကိုယ့်ကိုယ်ကို အတင်းအကျပ် ခိုင်းစေခြင်းပဲ ဖြစ်သွားတတ်ပါတယ်။ ပညာရေးဆိုတာ ကိုယ့်ခံစားချက်နဲ့ ပျော်ဝင်ကျေနပ် နေရုံ မျှတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကို သိမြင်မှုစွမ်းရည်ကိုလည်း နိုးထပေးသင့်ပါတယ်။
                        ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ ဖြစ်စဉ်ထဲမှာသာ အသက်ရှင်နေမယ်ဆိုရင် သင်ယူခြင်းရဲ့ ကောင်းကျိုးတွေ ဘာတွေဖြစ်ကုန်ရောလဲ။ ကျွန်တော်တို့ဟာ ပြင်းထန်တဲ့စစ်ပွဲတွေကိုသာ တစ်ပွဲပြီး တစ်ပွဲပြီး အဆက်မပြတ် ဆင်နွှဲနေတာကြောင့် ကျွန်တော်တို့ရဲ့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ တစ်စုံတစ်ခုဟာ အတိအကျကို သိသိသာသာကြီး လွဲချော်နေတော့တာပေါ့။ ကျွန်တော်တို့ အများစုဟာ ဒါကို သိကြတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအမှားကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာကိုတော့ မသိကြပါဘူး။
                        ပညာရေးမှာပဲ ဖြစ်စေ၊ နိုင်ငံရေးမှာပဲဖြစ်ပစေ စနစ်တွေဟာ အံအားသင့်စရာ ကောင်းလောက်အောင် တော့  လုံးဝ ရုတ်တရက်ကြီး ပြောင်းလဲ မသွားပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အခြေခံကျကျ ပြောင်းလဲပြီးမှသာ စနစ်တွေက အသွင်ပြောင်းသွားကြတာပါ။ လူတစ်ဦးတစ်ယောက်ချင်းစီကသာ အရေးကြီးဆုံးပါ။ စနစ် မဟုတ်ပါဘူး။ အဲဒီလို တစ်ဦးချင်းစီက ကိုယ့်ကိုယ်ကို အပြည့်အစုံ နားမလည်သေးသရွေ့ လက်ဝဲပဲ ယိမ်းယိမ်း၊ လက်ယာပဲ ယိမ်းယိမ်း ဘယ်လိုစနစ်ကမှ ကမ္ဘာကြီးဆီကို တည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းမှုတွေကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

                                                                                                                        ရှိန်ဝါ (အင်္ဂလိပ်စာ)
( Krishnamurti ၏ Education and the Significance of Life ကို တိုက်ရိုက်ပြန်ဆိုပါသည်။)  

ခေတ်ပေါ် ကဗျာများကို ကျောင်းသုံး ဘာကြောင့် ပြဌာန်းသင့်သလဲ

ကျနော် ဒီဆောင်းပါးလေးမှာ ခေတ်ပေါ်ကဗျာကို ဘာကြောင့်သင်သင့်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်လေးတွေ ပေးသွားမှာပါ။ ကျနော်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်သော သူများ ကျနော့်ကို အပီအပြင် ဝေဖန်နိုင်ပါတယ်။ ဒီစာဟာ ခေတ်ပေါ်ကဗျာ ကောင်းကောင်းကို တစ်ပုဒ်မှ မဖတ်ဖူးဘဲ ပါးစပ်ထဲ ဘူးသီး အတင်းထိုးထည့် စွတ်ငြင်းနေသောသူများ၊ ကျောင်းသုံးသင်ရိုးထဲမှာသာ နစ်မြုပ်နေပြီး ပြင်ပအကြောင်းအရာများ၊ ပညာများကို မဆည်းပူးသောသူများ ၊ ဆည်းပူးဖို့ရာ ပျင်းနေသောသူများ၊ ခေတ်ပေါ်ကဗျာများက ဖတ်သူကို စိမ်ခေါ်တဲ့ အတွက် ခေါင်းသုံးရမှာ ကြောက်ပြီး ကြောက်လန့်နေသောသူများ နှင့် ခေတ်ပေါ်ကဗျာကို အမှန်တကယ်ချစ်မြတ်နိုးသောသူများ နှင့် ခေတ်ပေါ်ကဗျာဆရာများ အတွက် ရေးလိုက်ပါတယ်။
          ပထမဦးစွာ ဆရာကြီး ဒေါက်တာသန်းထွန်းစကားနဲ့ ပြောပါမယ်။ ဆရာကြီးက သမိုင်းကို မသိရင် “အ“ မယ်တဲ့။ ကျနော်က ဆရာကြီးကို ဦးတင်ပြီး တစ်ခု ထပ်ပြောချင်ပါတယ်။ ခေတ်ကို မသိရင် ဒုက္ခိတ ဖြစ်မယ်လို့။
          ကျနော် အကြောင်းပြချက်တွေ မပေးခင် ကျနော်ဟာ ကဗျာ အားလုံး ဟောင်းဟောင်း သစ်သစ် ချစ်မြတ်နိုးသူ ဖြစ်ကြောင်း။ အခု ကျောင်းသင်ရိုးများပါ ကဗျာအားလုံးကို ကြိုက်နှစ်သက်ကြောင်း။ ရှေးကဗျာများကို ပစ်ပြယ်ဖို့ ပြောကြားနေခြင်း လုံးဝ လုံးဝ လုံးဝ မဟုတ်ပါကြောင်း အရင်ဆုံး ပြောလိုပါတယ်။
          ကျနော်တို့ အရင်ဆုံး ကိုယ့်ကိုယ်ကို မေးသင့်တာ တစ်ခုက ကျောင်းမှာ ကဗျာ ဘာကြောင့်သင်တာလဲ ဆိုတာကို ငါ တကယ်သိလားပေါ့။ ကဗျာသင်တာ စာပေကို သင်ဖို့လား။ ဘာသာစကားကို သင်ဖို့လား။ အကြောင်းအရာကို သင်ဖို့လား။ အရေးအသားကို သင်ဖို့လား။ ကာရန်ကို သင်ဖို့လား။ ကဗျာကို သင်ဖို့လား။ ပြောရရင်တော့ အရှည်ကြီးပါ။ ဆရာ မင်းခက်ရဲ ရဲ့ ဆောင်းပါးတွေ ပြင်ပကဆရာတွေ ရေးတာတွေကိုသာ များများ ဖတ်ရင် သိကြမှာပါ။
          ကျနော်စာသင်ပေးတဲ့ ကလေးတွေကို ပြောနေကျစကားတစ်ခုရှိပါတယ်။ မင်းတို့ I ကို ကျွန်ုပ်၊ you ကို  သင် လုပ်နေသမျှ ကာလပတ်လုံး မင်းတို့ အင်္ဂလိပ်စာ တတ်မှာ မဟုတ်ဘူးလို့။ စာကို တကယ့်ဘ၀ထဲ မဆွဲခေါ်နိုင်သေးသမျှ ကာလပတ်လုံး မင်းတို့ ဘယ်စာသင်သင် တတ်မှာ မဟုတ်ဘူးလို့။ အဲတော့ ခေတ်ပေါ်ကဗျာများဟာ ကလေးတွေကို စာ မှ ပညာဖြစ်လာအောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီး ဆောင်ရွက်နိုင်တာကို သိတဲ့ အတွက် ဒီစာကို ရေးပါတယ်။
(၁) နောက်ခံ အခင်းအကျင်း
 ရှေးကဗျာတွေကို သင်ရင် ရှေးက အကြောင်းတွေသိပါမယ်။ ရှေးက အကြောင်းတွေဟာလဲ သိသင့်သလို အခုခေတ် အကြောင်းတွေဟာလဲ သိသင့်ပါတယ်။ မဲဇာတောင်ခြေကို သိသင့်သလို ရန်ကုန်မြို့ ကြီး အကြောင်းလည်း သိသင့်ပါတယ်။ ခေတ်ကိုက သက်ဦးဆံပိုင် ဘုရင်ခေတ် မဟုတ်တော့ပါဘူး။ ထီးသုံး နန်းသုံးတွေကို သိသင့်သလို ရပ်ကွက်ထဲက အကြောင်းတွေကိုလဲ သိရပါမယ်။ ရှင်းရှင်းပြောရရင် ကလေးတွေက သူတို့ မမွေးခင်က အကြောင်းတွေကို လှမ်းပြီး ငေးရတာထက်စာရင် သူတို့ ကျင်လည်နေတဲ့ ခေတ်အကြောင်းကိုသာ ပိုပြီး စိတ်ဝင်စားမှာ အမှန်ပါပဲ။
          ပတ်ဝန်းကျင် သဘာဝ ရေမြေတောတောင် အကြောင်းတွေကို သိသင့်သလို ရန်ကုန်မှာ ဘတ်စ်ကားကျပ်တဲ့ အကြောင်းတွေ၊ လမ်းဘေးဈေးသည်တွေ တောင်ပြေးမြောက်ပြေး လုပ်နေရတဲ့ အကြောင်းတွေကိုလည်း သိသင့်ပါတယ်။ တော နှင့် တောင်စွယ် ပြောကြ မောင်မယ် မှာပဲ အချိန်ကုန်နေရင် ကလေးတွေ စာကို စိတ်ပါဝင်စားပါတော့မလား။ သူတို့ကို ဆွဲခေါ်ဖို့ကလဲ အရေးကြီးပါတယ်။ တောင်တောက သာတဲ့ အကြောင်းလဲ သိသင့်သလို လမ်းတွေ ကျပ်တယ်၊ ဆိုင်ကယ်တွေ ရှုပ်တယ်ဆိုတာကိုလဲ သိသင့်ပါတယ်။ သူတို့ ဘာကို ပိုပြီး စိတ်ဝင်စားမလဲဆိုတာကိုပဲ ပွင့်ပွင့်လင်းလင်းဖြေကြည့်ကြစမ်းပါ။
(၂) ခေတ်ကာလ
ခေတ်ကာလ က ဓါးထိုး လှံခုတ် ခေတ်မဟုတ်တော့ပါဘူး။ ဒါပေမယ့် အဲဒါတွေကိုလဲ သိရမှာ ဖြစ်သလို အနုမြူဗုံး အကြောင်းလဲ သိရပါမယ်။ မြင်းမစီးတော့ပါဘူး Kenbo တရုတ်ဆိုင်ကယ်တွေ စီးနေကြပါပြီ။ စာချွန်လွှာ မပါးတော့ပါဘူး။ ဖုန်းလေးကို တစ်ချက်လောက် ကောက်ပွတ်လိုက်ရင် ရပါပြီ။ အဲတော့ ဒါတွေကို မသိချင်ယောင်ဆောင်နေရင်၊ ဒီအကြောင်းအရာတွေကို ရေးနေတဲ့ ခေတ်ပေါ်ကဗျာတွေကို မျက်ကွယ်ပြုထားရင် ဘာဖြစ်မလဲ။ ပညာသင်တယ် ကဗျာ သင်တယ်လို့ မပြောပါတော့နဲ့။ သမိုင်းတွေကို ကာရန်လေးတွေစီပြီး သင်နေတယ်လို့သာ ပြောလိုက်ပါတော့။
(၃) အကြောင်းအရာ
ခေတ်ပေါ်ကဗျာက အကြောင်းအရာတွေဟာ စစ်တိုက်နေတဲ့ ချစ်သူကို မယ်က လွမ်းတဲ့အကြောင်း၊ ဘုရင်ကြီး ဘုန်းတန်ခိုး တတ်တဲ့ အကြောင်းတွေ မဟုတ်တော့ပါဘူး။ အခု လက်ရှိ လက်တွေ့ဘ၀က စားဝတ်နေရေး ကျပ်တည်းတဲ့ အကြောင်းတွေ၊ ဖုန်းလိုင်း မကောင်းတဲ့ အကြောင်းတွေ၊ ကိုရီးယားကား အရူးထနေကြတဲ့ အကြောင်းတွေ ကို ရေးနေတာပါ။ အဲဒါကို မဖတ်သင့်ဘူး မသင်သင့်ဘူး ပြောရင် ကြော်ငြာထဲကလို ဦးလေး ဘယ်ခေတ်မှာ နေနေတာလဲ လို့ပဲ မေးလိုက်ပါမယ်။
(၄) ရည်ရွယ်ချက်
ရည်ရွယ်ချက်ဆိုတဲ့ နေရာမှာ ရှေးကဗျာတိုင်းလဲ ရည်ရွယ်ချက် မကောင်းသလို ခေတ်ပေါ်ကဗျာတိုင်းလဲ ရည်ရွယ်ချက် စေတနာ မကောင်းပါဘူး။ အဲဒါကို ကဗျာနဲ့ပဲ ပိုင်းဖြတ်ပါ။ ရှေး တွေ ခေတ်တွေနဲ့ ပိုင်းဖြတ်စရာမလိုပါဘူး။ ရှေးကဗျာတွေမှာ ဘုရင်ကို အသားလွတ်ကြီး မြှောက်ပင့်ပေးတာတွေ၊ လင်မလာလို့ မယားက အပူထပြီး တောင့်တနေတာတွေ ပါပါတယ်။ အဲလိုပဲ ခေတ်ကဗျာမှာလဲ အသားလွတ်နေရင်း ဒဏ်ရာတွေကို ရေးဖို့လောက် ချောင်းနေကြတာတွေလည်းရှိပါတယ်။ တစ်ခုတော့ ရှိတယ်။ အဲဒါတွေကို သွားအပြစ်ပြောလို့ မရပါဘူး။ ခေတ်က မောင်းနှင်တဲ့အတိုင်း ရေးခဲ့ကြတာပါ။ ဘုရင် အရေးကြီးတဲ့ ခေတ်မှာ ဘုရင် အကြောင်းရေးမှာ ဖြစ်သလို၊ ခေတ်ပျက်ကြီးကျရင်လဲ ဒဏ်ရာတွေ သောကတွေကိုသာ ရေးဖွဲ့ကြမှာပါ။ အဲတော့ ကဗျာကို ကဗျာနဲ့ပဲ ပိုင်းဖြတ်ပါ။ ခေတ်နဲ့ မပိုင်းဖြတ်ကြပါနဲ့။
ပြောရရင် ခေတ်ပေါ်ကဗျာ အများစုမှာ နိုင်ငံကြီးကို ပြုပြင်ချင်တဲ့ စေတနာတွေ၊ ကိုယ့်မြန်မာစာပေကြီးကို ခေတ်နဲ့ ရင်ဘောင်တန်း ချင်တဲ့ စေတနာတွေ အများအပြားပါဝင်ပါတယ်။ အကြောင်းအရာလည်း မျိုးစုံပါတယ်။ ကလေးတွေ ဖတ်သင့်တာတွေလည်း အများအပြားရှိပါတယ်။ ရည်ရွယ်ချက်ကောင်းတာတွေလဲ အများကြီးပါ။ ကောင်းကောင်းကန်းကန်း တစ်ပုဒ်မှ မဖတ်ဖူးဘဲ နဲ့တော့ ရမ်း ငြင်းနေလို့ မရပါဘူး။ ဖတ်ဖုးတဲ့ သုတိုင်း သိကြမှာပါ။
(၅) ဘာသာစကား
ဘာသာစကားတစ်ခုကို လေ့လာရင် ရှေးခေတ်က ဘယ်လိုသုံးခဲ့တယ်ဆိုတာက သိသင့်တာပါ။ အခုခေတ် ဘယ်လိုသုံးနေတယ် ဆိုတာကတော့ မသိမဖြစ်ပါ။ တော်တော်များများက အဲဒီ အခြေခံ အချက်ကလေးတောင် မသိတာ တော်တော်ဆိုးပါတယ်။ ထပ်ပြောရရင် ရှေးကဗျာတွေ နားလည်ဖို့ ခက်ဆစ် အလုံး ၃၀ လောက်ကျက်မှ နားလည်နေတော့ တစ်ဆင့်ခံမနေဘူးလား။ ခေတ်ပေါ်ကဗျာ အများစုမှာ ခက်ဆစ်ပေးနေစရာ ကျက်စရာမလိုဘဲ ဖတ်လို့ရတဲ့ ကဗျာတွေ အများကြီးပါ။ အဆွေတော် ထက်စာရင် သားကြီးလို့ ခေါ်တဲ့ ကဗျာတွေကို ကလေးတွေ ပိုသဘောကျမှာပါ။ ဒီ အကြောင်းအရာကိုတော့ သိပ်မပြောတော့ပါဘူး။ Rapping တွေကို ကလေးတွေ ဘာကြောင့်ကြိုက်တယ်ဆိုတာကို ပဲ တွေးကြည့်လိုက်ပါ။ အဖြေကို တိုတိုပြောရရင် သူတို့ပြောတဲ့စကား အတိုင်း သူတို့သိတဲ့ အကြောင်းအရာတွေကို သီချင်းလုပ်ဆိုထားလို့ပါ။
(၆) ကာရန်ကို အဓိက ဟု မသတ်မှတ်တော့ခြင်း
ကဗျာဆိုတာ ကာရန်ပါမှ လို့သတ်မှတ်ရင် ကျနော်အခုထိ အရမ်းကြိုက်လို့ ပါးစပ်က မကြာခဏဆိုသလို ရွတ်မိနေတဲ့ ဦးပုည ရဲ့ ရေသည်ပြဇတ်ကို သေသေချာချာ ဖတ်ကြည့်ပါ။ ကာရန်ကို ဖော့ထားတာတွေ အများကြီး တွေ့ရမှာပါ။ ဒါဆိုလည်း ပြောကြဦးမယ်။ ဒါကဗျာ မဟုတ်ဘူးလို့။ ပြောချင်တာက ကာရန်ကိုဖော့လဲ စာကောင်းဖြစ်တယ်ဆိုတာပါ။ ဘုရင်ခေတ်မှာ ဒီလိုတွေရေးရဲတဲ့ ဦးပုည ကို တကယ့်ကို ဆရာပါ။ နောက်ပြီး တောသားတွ အကြောင်းရေးတဲ့ the great ၀န်ကြီး ပဒေသရာဇာလဲ ရှိပါတယ်။ သူတို့လဲ ဆန်းသစ်လာတာပါ။ ဒါပေမယ့် အဲ့ခေတ်က လူတွေက တော်ပါတယ်။ အတင်းကြီး ဗူးခံပြီး စွတ်မငြင်းကြပါဘူး။ လက်ခံ မြတ်နိုးကြပါတယ်။ အဲတော့ ကျနော်တို့လဲ ကာရန်ပါတာ မပါတာ အဓိကလို့ သဘောမထားဘဲ ကာရန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကဗျာဆန်ဖို့ ကဗျာဆန်တဲ့ အရေးအသားဖြစ်ဖို့ကိုပဲ ဂရုစိုက်ကြရအောင်လား။ ရပ်ကွက်ထဲမှာတောင် စကားနုနုရွရွလေးတွေ ပြောရင် မင်းက ကဗျာလာဆန်နေတယ်လို့တောင် နောက်ကျသေးတယ်လေ။ အဲတော့ အများလက်ခံထားတာ သေချာတာက အရေးအသားက အဓိကပါ။ ကာရန်ပါသည် မပါသည် အရေးမကြီးပါ။ဒါကိုတော့ ကျနောဆက်မရှင်းတော့ပါဘူး။ ကျနော်တို့ ဆရာဆရာကြီးတွေ ရှင်းထားတာကိုပဲ။ ရှာဖတ်ကြည့်လိုက်ကြပါဗျာ။
နောက်ပြီး ကာရန်ကို ဖော့လို့ ကာရန်ကို အဓိက မထားတော့လို့ ခေတ်ပေါ်ကဗျာကို လွယ်တယ်လို့ ထင်ရင် ရေးကြည့်လိုက်ပါ။  ခေတ်ပေါ်ကဗျာရေးဖို့ ခေတ်ပေါ်အတွေး၊ ခေတ်ပေါ်အလင်္ကာ ခေတ်ပေါ်ဘာသာစကား ခေတ်ပေါ်ခံစားမှုလိုပါတယ်။ ရမရ ကိုယ့်ကိုယ်ကိုသာ အသိဆုံးဖြစ်မှာပါ။ မင်းကို ငါ ပင်လယ်ကြီးလောက်ချစ်။ ကောင်းကင်ကြီးက ပြာ ဆိုတဲ့ အဆင့်က မတတ်နိုင်ရင် ကားသွားမှာပေါ့။
တစ်ခုတော့ ရှိပါတယ်။ အသစ်ကို တည်ထွင်ရတဲ့ အတွက် ကျဆုံးမှုတွေ ဂမ္ဘီရဆန်လွန်းတဲ့ ချောက်ကမ်းပါးတွေထဲကို ထိုးကျသွားတဲ့ ခေတ်ပေါ်ကဗျာတွေ အများကြီးပါ။ ဒါပေမယ့် အကုန်မဟုတ်ပါဘူး။ လက်ဆော့ပြီး ကာရန်လဲ မစပ်တတ်၊ ခေတ်ပေါ်ခံစားမှုလဲ မရှိလို့ လက်ဆော့ထားတဲ့ ကောင်တွေကို ဖတ်ပြီး တကယ့် အကျော်အမော် ခေတ်ပေါ်ကဗျာတွေကို နှာခေါင်းရှုံ့နေရင်တော့ မှားမှာပေါ့ဗျာ။
အဲ့မှာပြောစရာ ရှိလာပါတယ်။ ကလေးတွေက အခုထိ ဘာလေးကိုပဲဖြစ်ဖြစ်  ကာရန်လေးချိတ်ပြီး စာလေးတွေ သင်ပေးရင် သဘောကျတယ်လို့ ပြောကြပါဦးမယ်။ အဲဒါ ဘော်ဒါတွေ သင်တန်းကျောင်းတွေမှာ သာမန်အောက် ကလေးတွေကို ကျူရှင်ဆရာတွေ သုံးတဲ့ နည်းပါ။ ကျနော့် အတွေ့အကြုံအရ ပြောရရင် Tranformation ကို ကာရန်တွေ စပ်ပြီး သင်ရင်တောင် ဘယ်လိုပုံစံ လာလာရအောင် လုံခြုံပြည့်စုံအောင် မစပ်နိုင်ပါဘူး။ ဟေးလား ၀ါးလား သိပ်လုပ်ချင်ကြရင်တော့ လုပ်ပါ။ နာမည်ကြီး ၀ိုင်းတွေကို သင်နေတဲ့ ဆရာ့ ဆရာကြီးတွေကို မေးကြည့်လိုက်ပါ။ အခုခေတ် ကလေးအများစုဟာ ကာရန်တွေနဲ့ ဟေးလားဝါးလား တွေလုပ်တိုင်း ကြိုက်ကြသလားလို့။ သူတို့ တကယ်နားလည်မှ တကယ်သဘောကျတော့တာပါ။ ဥာဏ်ထိုင်းတဲ့ ကလေးတွေကို မှတ်မိအောင် ကာရန်လေးတွေ ချိတ်တာ ကောင်းပါတယ်။ ဒါပေမယ့် တော်တဲ့ ထက်တဲ့ ကလေးတွေကိုတော့ ကာရန်တွေနဲ့ မလုံမခြုံ ပိတ်မပစ်ပါတော့နဲ့။ ပြီးတော့ ကလေးတိုင်း ဆရာသင်ပေးတဲ့ ကာရန်ကို ကြိုက်တယ်လို့ မထင်ပါနဲ့။ ဒီခေတ်မှာ သူတို့အတွက် ကာရန်ဆိုတာ အေးဆေးပါ။ ဆရာကိုတောင် ပြန်ကာရန် စပ်ပြလိုက်ဦးမယ့် ပုံမှာရှိပါတယ်။
(၇) ဖတ်သူကို စိန်ခေါ်ခြင်း
မလိုသူတွေကတော့ ပြောမယ်။ မင်းတို့ ကဗျာတွေက ဘာတွေမှန်းလဲ မသိဘူး။ ဘာမှ နားမလည်ဘူး။ ဖိုးသူတော် ရေးတဲ့ ကျွတ်မုန်းဝင် ဖိုးသူတော်ပဲ သိတယ်ဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။ ကျနော်ကတော့ လိုလို့ ဖတ်သူကို စိန်ခေါ်တယ်လို့ ပြောတာပါ။ အလွယ်ကြိုက်ရင် တစ်သက်လုံးဖတ်လာခဲ့တဲ့ ကဗျာတွေပဲ ဖတ်ပါ။ အသစ်ကို ခံစားချင်ရင်တော့ ချွေးနဲနဲထွက်မှာပေါ့။ အဟောင်းထဲမှာ ပိတ်မိနေရင်တော့ ခေတ်လေညှင်းကို ချမ်းတယ်လို့ ထင်မှာပေါ့။ ဒါ အမှန်ပါပဲ။
အဲတော့ ပြောကြမယ်။ ငါတို့ လူကြီးတွေ တောင် နားမလည်တာ။ ကလေးတွေဆို သေရောပေါ့တဲ့။ ကိုယ် တုံးအ တိုင်း ကလေးတွေကိုလည်း ငါ့လို တုံးအမယ်လို့ မထင်ပါနဲ့။ ဒီခေတ်မှာ ကြီးတဲ့ ကလေးတွေပါ။ ဒီခေတ်ခံစားချက်ကို သိပါတယ်။ ခေတ်ပေါ်ကဗျာ အများစုက ဖတ်သူကို သူလိုသလို ခံစားချက်ကို ဖန်တီးခိုင်းတာပါ။ ဒါတော်တော်အရေးကြီးပါတယ်။ အခုကျမှ အတင်းထပြီး ပြောနေကြတဲ့ student-oriented ဆိုတာကို ခေတ်ပေါ်ကဗျာ နဲ့ အများဆုံး သင်လို့ရပါတယ်။ တကယ်ကိုက်ပါတယ်။ ဒါ ကျက်၊ ဒါပဲတွေး၊ ဒီလိုပဲ ရေး။ ဟိုလိုတွေးရင် အမှတ်လျော့ချင်တဲ့ဆရာတွေ၊ ပျင်းတဲ့ဆရာတွေကတော့ ခေတ်ပေါ်ကဗျာကို ကြိုက်မှာ မဟုတ်ပါဘူး။ ကျနော့် အတွေ့အကြုံအရပြောရရင် ဆယ်တန်း အင်္ဂလိပ် ကဗျာတွေ ကျနော်သင်တော့ Cloud Zoo ကို သင်တာ အဲ့မှာပါတဲ့ တိရိစ္ဆာန်တွေဆိုတာ ငါတို့ ဘ၀မှာတွေ့ကြုံရတဲ့ လူတွေအကြောင်းပေါ့လို့ ကျနော် ပြောလိုက်ရုံပဲ ရှိသေးတယ်။ တဲပြာလေး ပိတ်တဲ့ နေရာလည်း ရောက်ရော ဆရာ ဒါသေတာကို ပြောတာလားတဲ့ ကလေးတိုင်းလိုလို မေးကြပါတယ်။ အဲတော့ ခေတ်ပေါ်ကဗျာတွေ သင်လို့ရပါတယ်။ အရမ်းကြီး ခက်ခဲမနေပါဘူး။ အင်း… ဆရာက တော်ဖို့လဲ လိုတာပေါ့လေ။
(၈) နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ရန် ခေတ်နဲ့ အညီ သင်ရိုးကို ပြောင်းလဲခြင်း
နိုင်ငံတကာမှာတော့ ရှင်းပါတယ်။ ကဗျာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် စာ တစ်ပုဒ် ကောင်းလာပြီဆိုရင် သင်ရိုးထဲ ထည့်သင်တော့တာပါပဲ။ တကယ့်ကို ဥာဏ်အမြော်အမြင်ကြီးကြပါတယ်။ ကျနော်တို့ ဆီမှာရော အဲလို ဘာလို့မလုပ်နိုင်ရမှာလဲ။ ဘာလို့ ခေတ်နဲ့ အညီ မဖြစ်နိုင်ရမှာလဲ။ ဘာလို့ သင်ရိုးထဲ ထည့်သင့်တဲ့ ကဗျာတွေကို စစ်တမ်းကောက်ပြီး မရွေးနိုင်ရမှာလဲ။ ကျနော်တို့ ဘာဖြစ်လို့ငြိမ်နေတော့မှာလဲ။ မကျန်ခဲ့ချင်ဘူးဗျာ။
(၉) ခေတ်ပေါ်ကဗျာဆရာများကို ဦးညွတ်ခြင်း
နောက်ဆုံးဆိုပေမယ့် အရေးအကြီးဆုံးပါ။ ခေတ်ပေါ်ကဗျာဆရာအများစုဟာ အပယ်ခံတွေပါ။ ထောင်နှုတ်ခမ်း နင်းပြီး နိုင်ငံကောင်းရေးအတွက် ပြောခဲ့တဲ့ သူတွေပါ။ မြန်မာ ကဗျာလောကကြီးတိုးတက်ရေး အတွက် ရှေ့တန်းကနေ မားမားမတ်မတ် အပြောခံ အဆိုခံ အငတ်ခံပြီး ရေးခဲ့ ကြတဲ့ သူတွေပါ။ ကဗျာ အပေါ် ချစ်မြတ်နိုးစိတ် တကယ်လဲ ကြီးပါတယ်။ ကဗျာ မှန်သမျှကို ချစ်တာပါ။ သူတို့က တချို့သော မျက်ကန်းတွေလို ခေတ်တွေ ရှေးတွေ ခွဲမနေပါဘူး။ မယုံရင် ၀န်ကြီး ပဒေသရာဇာ မေးမလား၊ ဆရာ ဇော်ဂျီ မေးမလား လက်တန်း အပုဒ် ၂၀ လောက် ဆိုနိုင်တဲ့ သူတော်တော်များပါတယ်။ သူတို့က ရှေးကဗျာတွေကို မချစ်လို့ မဟုတ်ပါဘူး။ ချစ်လည်း ချစ်ပါတယ်။ သစ်လည်း သစ်ချင်ကြလို့ပါ။ တစ်ချို့သော ပါးစပ်ဗူးဆို့ ငြင်းနေကြသူများ အသက်နဲ့ ယှဉ်ရင် သုတို့က အဖေ လောက် အဘလောက် ရှိတဲ့သူတွေပါ။ အနှစ် ၂၀ ကျော် ၃၀ နီးပါး ကဗျာနဲ့  ရှင်သန်နေတဲ့ သူတွေကို အလေးမထားရင် ခင်ဗျားတို့ တစ်ချိန်ချိန်မှာ ကောင်းကောင်းကြီး အခက်တွေ့ကြ တော့မှာပါ။ သူတို့ရဲ့ ခံယူချက်တွေ၊ စေတနာတွေကို လည်း မြင်အောင် ကြည့်ကြပါလားဗျာ။
          ပြောစရာတွေတော့ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် အတိုချုံးအနေဖြင့် ပြောရရင်တော့ ခေတ်ပေါ်ကဗျာရဲ့ သက်တမ်းဟာလဲ ကျနော်တို့ လူငယ်တွေ တစ်သက်လောက် ရှိပါပြီဗျာ။ ကျောင်းသင်ရိုးမှာ သင်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေရော တန်ဖိုးတွေပါ အများကြီးရှိပါတယ်ဗျာ။ အဲဒါကြောင့်မို့ ပညာရှိများ ညှိနှိုင်းပြီး စစ်တမ်းကောက်ကာ သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းရေးဆွဲကြဖို့ ၊အသစ်ဖြစ်တဲ့ အတွက် ဂရုတစိုက် ရွေးချယ်ကြဖို့ ကို ပြောကြားချင်ပါတယ်။
          ခေတ်ပေါ်ကဗျာဆရာများ အနေဖြင့်လည်း ငါတို့ ကဗျာတွေဆိုတာ ဥာဏ်ရည်မြင့်မှ နားလည်တာ၊ ပညာတတ်တွေမှ နားလည်နိုင်တာ ဆိုပြီး ဘ၀င်မြင့်ကာ အသိုင်းအ၀ိုင်းတစ်ခုထဲ အတွင်းမှာသာ ကျင်လည်နေကြတဲ့ အကျင့်တွေကို စွန့်မယ်ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီး ပန်းတိုင်ကို မြန်မြန်ရောက်မှာပါ။ ကျနော်တို့ချစ်ခင်လေးစားရတဲ့ ခေတ်ပေါ်ကဗျာဆရာကြီးတွေ အတွက် သူတို့ မရှိတော့ရင်တောင်မှပဲ  စာသင်ကျောင်းတွေမှာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ကဗျာတွေကို ကလေးတွေ အော်ဟစ် ရွတ်ဆိုနေတာကို ကြားချင်ပါတယ် ခင်ဗျာ။ သူတို့ ကဗျာတွေ ထာဝရ တည်တံ့စေချင်ပါတယ် ဗျာ။
(အခု ကျနော်ကြိုက်တဲ့ ကျနော့်တစ်ယောက်တည်းရဲ့ အမြင် အရ ကျောင်းသုံးလုပ်လို့ ရနိုင်တဲ့ ကဗျာလေး (၃) ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ နှစ်သက်ခံစား စဉ်းစားဆင်ခြင်ကြပါကုန်။)

                                     “မမတင်ရဲ့ ကျောင်းကလေး”
နေတဖွေးဖွေး၊ လေတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။
သဲတဖွေးဖွေး၊ ဖုံတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။

မမတင်ရဲ့ ကျောင်းကလေးမှာ
ထန်းပင်တွေကလဲ လက်ပိုက်ပြီးတန်းစီရပ်လို့။
တစ်ဘ၀လုံးပဲ မမတင်ကျောင်းက မထွက်တော့ဘူးတဲ့။
တစ်သက်လုံးပဲ မမတင်ရဲ့ ကျောင်းမှာ ကျောင်းတက်မတဲ့။

ထန်းသီးတွေကလည်း
အပြွတ်လိုက် အခိုင်လိုက် သီးလို့။
မမတင်ရဲ့ ကျောင်းမှာလဲ ကျောင်းသားတွေက
အပြွတ်လိုက် အခိုင်လိုက် သီးလို့။
ယာကွက်ကလေး တစ်ကွက်ကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းတက်လို့။
မြေပဲ နဲ့ ပဲစဉ်းငုံတွေကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းလာတက်လို့။
ဟို တောင်ဘက်က ခေါင်းနီတောင်ကလဲ
မမတင်ကျောင်းကို တက်ချင်ရက် မတက်ရလို့
တစ်ဘ၀လုံး တစ်သက်လုံး ဆွေးနေရပါပြီတဲ့။
မမတင်ရဲ့ ကျောင်းကလေးကို
လှမ်းမျှော်ငေးလို့။

ပုပ္ပါးတောင်ကြီးကတော့
မမတင်ရဲ့ ကျောင်းထွက်ကြီးပေါ့
မမတင်ရဲ့ ကျောင်းသားဟောင်းကြီးပေါ့
ခုလဲ မမတင်ကျောင်းကို ငေးကြည့်
တစ်ဘ၀လုံး ပီတိတွေနဲ့
မမတင်ကျောင်းကလေးကို
မြိန်မြိန်ကြီး ငေးလို့။

မမတင် ကျောင်းလာရင်
သူများ မိန်းကလေးတွေလို
ရွှေတွေ ငွေတွေ ဖိတ်လတ်နေအောင် ၀တ်စားမလာဘူး။
စေတနာရယ်
ဝါသနာရယ်
အနစ်နာရယ်
နာသုံးနာကို
ဖိတ်လတ်ရွှန်းတောက်နေအောင် ၀တ်စားလာတယ်။

မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့
မမတင်က
လင်မယူ သားမမွေး
အနာဂတ်အသစ်တွေ မွေးတယ်
စာကျက်သံ စာအံသံ တညံညံတွေကို မွေးတယ်
အဝေးပြေး အသံသစ်တွေကို မွေးတယ်။

မမတင်ရဲ့ ကျောင်းကလေး မြောက်ဘက်မှာ
သချို င်္င်းထဲက အုတ်ဂူတွေဟာ
အဝေးပြေး ကားဂိတ်မှာ
ကားတွေ တန်းစီ ဂိတ်ထိုးထား သလိုပဲ။
မမတင်ကျောင်းကလေးမှာတော့
အဝေးပြေးတေးသံတွေ ဆော့ကစား ပျော်ပါးလို့ပေါ့။
(မောင်ချောနွယ်)

                             “မြစ်ဆိပ်”
နွားခြေတွေက
သူ့ခြေရာပေါ်နင်း
သူက နွားခွာရာတွေပေါ်နင်းနဲ့
အဲဒီနေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ
လူက ဦးဆောင်တာလား
နွားတွေက ဦးဆောင်တာလား။
နှင်တံကို ထောက်မှီလို့
နောက်ရို့ရပ်ကျန်ခဲ့တဲ့
ကမ်းပေါ်က သူ့ပုံရိပ်
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ။
ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။ ။
(မောင်အောင်ပွင့်)

                             “ပုခက်”
လက်တွေက ပုခက်လွှဲတဲ့အခါ
ဘယ်သီချင်းကို ဆိုရမလဲ
ခေတ်တွေက ဖေဖေတို့ကို လွှဲတဲ့အခါ
ဆိုတဲ့ သီချင်းကိုပဲ ဆိုရမှာပေါ့
သားရေ…..
သီချင်းတွေကို နှလုံးသားနဲ့ နားထောင်တတ်ဖို့
အငိုမြစ်တွေ အများကြီး ကျော်ဖြတ်ရလိမ့်ဦးမယ်
ပုခက်ဟောင်းလေးကတော့
ဖြူစင်စွာနဲ့ ဘ၀ရဲ့ ထောင့်ကလေးတစ်ထောင့်ထဲ
ကျန်ရစ်ခဲ့ရမှာပေါ့
ကမ္ဘာကြီးဟာ
ဒီလိုနဲ့ တစ်ဦးကို တစ်ဦး လက်ဆင့်ကမ်း လွှဲခဲ့ကြတယ်။
လက်များ
သီချင်းများ
ပုခက်များ
မေတ္တာတရားနဲ့ ထုံးဖွဲ့ထားခဲ့
ပိုက်အိမ်လေးထဲ ခုတော့
လိုချင်တာတစ်ခုရှိတိုင်း တွန်းထိုးကန်ကျောက်လို့
အားရအောင် ငိုလိုက်ပါဦး
သားရေ…..။   ။
                                      (ပိုင်)

ရှိန်ဝါ ရေးသား အကြံပြုသည်။