ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Wednesday, November 25, 2015

တယောက်တည်းဆန်းကြယ် (တဆိုင်ဆိုင်မှာ တခုခုစားရင်း)

ဆိုင်အပြင်ကလူမှာ ရှုခင်းမရှိ
ရောဂါရှိသူထံ ဆည်းပူးပါ။

အရသာဟာ လူမျိုးကို မှာစားတယ်
ဆေးလေးတော့သုတ်ပေးပါ ငါ့အုတ်ဂူ။

စာရွက်မှာကပ်နေတဲ့ နှပ်ချေးဖက်
စာအုပ်ပြဲမှာစိုးလို့ မခွာရဲဘူး။

ဇွန်းကပျော့လို့ ကောက်ကွေးသွား
ပန်းကန်ပြားထဲ အိပ်ချင်စိတ်ကမရှိ။

ဓါးကိုသုံးပြီးရင် သူ့နေရာသူပြန်ထား
ဖုန်းပြောပြီးရင် မောမောနေလို့။

အဖေဖြစ်တော့မှာမို့ အသက်ဝအောင်ရှု
အပျော်လှအောင် ပူပေါင်းအမှုတ်သင်ထား။

တံတွေးခွက်ထဲ ပေါလောမျောချင်သူ
အနီးဆုံးဆိုင်၌ အလွယ်စားယဉ်ကျေးမှု။

သပ်ရပ်သိမ်မွေ့ စိတ္တဇလူသတ်သမား
ကျားသံရော မသံပါ တယောက်တည်းဆိုထားတဲ့ သီချင်း။

ငွေရှင်းပြေစာ ရောက်လာပြီ
အဖေဟာ စာမလာ သတင်းမကြား။

လေထဲပစ်လိုက်တဲ့ ကျည်ဆံနားရွက်
အသံတသံသံကို မထိဘဲ ရပ်/မရပ်။

၂၀၁၅ မေ




Friday, November 20, 2015

မကျွတ်မလွတ်သူများဟာ ထာဝရလက်ဆောင်

ကျားသေဟာ လူအရှင်လတ်လတ်ကို ထမ်းလာတယ်
စောလူးမင်းကိုထမ်းပြီး ရန်သူလို့အော်တာက ကျန်စစ်သား
သားကိုမြွေကိုက်သွားတော့ ရွှေအိုးကို မြွေထမ်းကိန်း
ဆိုက်ရောက်ပါပြီလား။

အလိုတူပါလို့ငြင်းချက်ထုတ်တဲ့ နိုင်ငံတော်ကလေးမုဒိန်းမှုမှသည် …
ရှင်ကြီးရော ကျားပါ ဥပုသ်စောင့်သွားပြီအထိ
အကုသိုလ်အစပ်လေးမပါတော့ စားကောင်းပါဦးမလား အငတ်တို့
တစ္ဆေအဖွားဟာ မြေးမလေးအတွက် သူငယ်ချင်း
သွေးကိုရေချိုးပြီး အရိုးကို မီးလှုံနိုင်တဲ့ ကြွယ်ဝမှု
မြစ်ရူးနဲ့တွေ့တော့ ဘုန်းကြီးရောလှေပါ လူးကြရ
ကမ်းနားသစ်ပင်များဟာ ရှင်ဘုရင်သေပြီးမှသာ မြစ်ထဲဆင်းကြရမယ်။

သမိုင်းကိုသင်ပြီးမှ တေမိနှယ် ငါတို့ဘဝ
မျှော်လင့်ချက်ငွေဖြည့်ကဒ်များဖြင့် ခန္ဓာဝန်ကိုသုံးစွဲ
ဘယ်အစိုးရပြောင်းပြောင်း
ညောင်းနေကြရတဲ့ လဥဘဝတွေ။

ရှိန်ဝါ
၂၀၁၅ နိုဝင်ဘာ ၂၀

Wednesday, November 18, 2015

မြေပဲထောပတ် (Peanut Butter BY Eileen Myles)

ငါ အမြဲဆာနေတယ်။
အမြဲ လိင်ဆက်ဆံချင်တယ်။
ဒါက အချက်တချက်
မင်း အဲ့ဒါကို
သဘောပေါက်ရင်
မြေပဲထောပတ်
အသစ်စက်စက်
ဟာ ဘာမှ သုံးစားမရဘူး။
ပြီးတော့ ခါတိုင်းလိုပဲ
မင်းသိတဲ့ အကြီးဆုံး
စူပါမားကတ်ကနေ
အဲဒီ ထောပတ်ကို မတ်ခွက်ကြီးနဲ့ဝယ်။
ပြီးတော့ မင်းသိတဲ့
အတိုင်းပဲ
ငါက ပြောင်းလဲမှုကို ဆန့်ကျင်သူ။
ငါ လက်ခံထားက အသစ်
ဆိုတာ
တကယ်တမ်းမှာတော့ ပြန်ပြန်ပြီး
ထုတ်ထုတ်နေတဲ့ အဟောင်းတွေပါပဲ။
ရေကူးခြင်း
စိတ်ပါ ကိုယ်ပါ ညစ်ပတ်နေခြင်းရဲ့ စိတ်လှုပ်ရှားမှု။
နွေရာသီဆိုတာ ဘာမှလုပ်စရာ မရှိ
တဲ့ အချိန်
ဝင်ငွေလည်းမရ
ဆုတောင်းစာဟာ နောက်ဆုံး အပန်းဖြေရိပ်သာ
ပျော်ရွှင်မှုဆိုတာ နည်းလမ်း
ပြီးတော့ နည်းလမ်းဆိုတာ အမြင်မှာ
အဆုံးအစမရှိပြန်ဘူး
ငါက ပန်းတိုင်တွေမျိုးစုံကို
လုံးဝ ဆန့်ကျင်တယ်
ငါ ဘယ်ရောက်နေတာလဲ
ဆိုတာတောင်
သိချင်စိတ်မရှိဘူး။
ရေနွေးဆူရင်
လက်ဖက်ရည်တခွက်ရမယ်။
မတော်တဆ ပရောက်စ်ရဲ့ ကဗျာတွေ
အားလုံးကို
ဖတ်တယ်။
ငါ အဲဒီနေရာမှာရှိတုန်းက နွေရာသီပဲ။
သူလည်း
အဲလိုပေါ့။ ငါစာရေးတယ် ဘာဖြစ်လို့လဲ
ဆိုတော့
ငါသေပြီးရင်တောင် ငါ့ကို အသုံးပြုစေချင်လို့။
ငါရဲ့ ခန္ဓာကိုယ်
တင်မက၊ ငါ အသက်ရှင်စဉ်က ထားခဲ့တဲ့
အတွေးတွေ
အားလုံး မြေသြဇာ
ဖြစ်လိမ့်မယ်။
ငါ အသက်ရှင်နေတုန်းက
ငါဟာ စိမ်းညှို့မျက်လုံး
နဲ့ အမျိုးသမီး
တယောက်။
ပြတင်းပေါက် အပြင်မှာ လက်နက်သိုလှောင်ခန်း။ မင်းခန္ဓာကိုယ်
အစိတ်အပိုင်းတွေဟာ
ငါ့အချစ်
တွေတိုးဖို့ သင်ကြားခဲ့တဲ့
အစင်းကြောင်းတွေထင်ရဲ့။
ငါတို့ ရေကန်တွေထဲမှာ ကိုယ်လုံးတီး
ရေကူးကြတယ်
မင်းနောက်ကွယ်မှာ ငါစာရေးတယ်။ မင်းအကြောင်း
ငါ့အတွေးတွေဟာ
ဘယ်တော့မှ ပျောက်ပျက်မှာ
မဟုတ်ဘူး
ဒါပေမယ့် ဒါတွေဟာ အရမ်းအရေးကြီးတယ်
ဘာကြောင့်လဲဆိုတော့
အသုံးမဝင်လို့ပဲ
မင်းကို ရဖို့ မရည်ရွယ်ခဲ့ဘူး
မင်းကို ငါချစ်တယ်။ မင်းကလည်း ငါ့ကို
ချစ်တာကြောင့်
ကစားကွင်းတခုနဲ့ ပိုတူတယ်။
ငါရယ် မင်းပြန်မလာမချင်း မင်းရဲ့ပုံရိပ်တွေရယ် ကစား
တဲ့နေရာပေါ့
မင်းပြန်လာရင်တော့ ငါ မင်းကို ကိုက်မှာပဲ။
မင်းနဲ့ဆိုရင် ဘယ်လို
အနား
ယူရမလဲ ငါသိတယ်
ဒါကြောင့်လည်း ငါ မင်းနောက်ကျောမှာ
အလုပ်လုပ်တာပေါ့
အဲဒါ ချစ်ဖို့ကောင်းတယ်
သဘာဝဆိုတာ ထိန်းချုပ်လို့ မရဘူးလို့ မင်းငါ့ကို ပြောတယ်
ဒါကြောင့်လည်း
သဘာဝက
အဲဒီလောက် အရမ်းကောင်းနေတာကိုး
ဆံပင်ဖြူအသစ်တွေရဲ့ အလဲထိုးခြင်းကို ခံလိုက်ရတဲ့ မင်းကို
အသည်းအသန်
ချစ်မိနေတာ။
အကောင်းဆုံးလို့ ငါအမြဲသိခဲ့တာအရာ အဲ့မှာ ဘာလို့ မရှိရမှာလဲ
ငါမင်းကို ကလေးဘဝကတည်းကချစ်တာ
အဲဒီကနေ ပြန်စကြည့်တော့ တနေ့နေ့ဆိုတာ အခြားနေ့တွေလိုပါပဲ
ကြုံရာကျပန်း အရွယ်ရောက်မှု နဲ့ လေညှင်းတွေ
တည်မြဲတဲ့ အချစ်
နေ့လယ်ခင်း
ဆန်းဝှစ်ခ်ျ။ နေ
ရဲ့ ကျယ်ပြန်တဲ့ လမ်းကြောင်းသစ်ထဲမှာ ခြေလှမ်းလေးတလှမ်း
ငါ စူးစူးစိုက်စိုက်
ကြည့်တယ်
ငါ မျက်တောင်
ခတ်တယ်
ငါ တက်
စီးလိုက်တယ်။

အီလင်းမိုင်းစ်ကို မက်ဆာချုးဆက်မှာ မွေးတယ်။ အခု ၂၀၁၅ဆိုရင် အသက် ၆၄ နှစ်ရှိပြီ။ ငယ်ငယ်က ကက်သလစ်ကျောင်းမှာ တက်ခဲ့တယ်။ ဘီအေဘွဲ့ကိုတော့ ဘော်စတွန်မှာရှိတဲ့ မက်ဆာချုးဆက်တက္ကသိုလ်က ရတယ်။ ၂၅ နှစ်သမီးမှာ နယူးယောက်ရဲ့ Poetry Project မှာပါနေပြီ။ အဲဒီမှာ တက်ဘယ်ရီဂန်အပါအဝင် နာမည်ကြီးကဗျာဆရာတွေဆီမှာ တပည့်ခံတယ်။ နောက်ပိုင်း ကဗျာဆရာ ဂျိမ်းစ်စခူလာရဲ့ လက်ထောက်အနေနဲ့ အလုပ်လုပ်တယ်။ ၁၉၉၁ မှာ ပထမဆုံး ကဗျာစာအုပ် Not Me ကိုထုတ်တယ်။ အဲဒီနှစ်မှာပဲ အမေရိကန်သမ္မတအတွက် write-in campaign ကိုလည်း စတင်ခဲ့တယ်။ ဝတ္ထုရှည်နှစ်ပုဒ်လည်း ရေးပြီးပြီ။ ဆုလည်းရတယ်။ ပြဇာတ်တွေ၊ အက်ဆေးတွေလည်း ရေးတယ်။ အကြောင်းအရာမျိုးစုံကို ရေးဖွဲ့နိုင်သူ။
ကဗျာဆရာ ဒင်းနစ်ကူးပါးပြောတာကတော့ “အီလင်းဟာ ကွမ်တမ်ပရာရီစာပေမှာ ဖြတ်ထိုးဥာဏ်အကောင်းဆုံးနဲ့ ဆင်ခြင်ခြင်းမရှိဆုံး ပညာတတ်တွေထဲက တဦးပဲ” တဲ့။ ကိုယ်တိုင်ကလည်း လိင်တူချစ်သူဖြစ်တာကြောင့် The New Fuck You/adventures in lesbian reading စုပေါင်းစာအုပ်ကိုလည်း အယ်ဒီတာလုပ်ခဲ့တယ်။ အခု နျူးယော့ခ်၊ ကိုလံဘီယာ၊ ကော်လိုရာဒို တက္ကသိုလ်တွေမှာ ပါမောက္ခအနေနဲ့ စာသင်ပေးနေတယ်။ နေတာကတော့ နျူးယော့ခ်မှာ။
(အခု “မြေပဲထောပတ်” ကဗျာဟာ ဘာသာပြန်သူအတွက် ဘာသာပြန်ဖို့ အလွန်ခက်ခဲတဲ့ကဗျာပဲ။ Free Verse လို့တော့ အကြမ်းဖျင်းပြောကြတယ်။ နောက်ပိုင်း ပို့စ်ကဗျာသမားတွေ လုပ်သလို ဝါကျဖွဲ့ထုံးတွေ သဒ္ဒါတွေကို လုံးဝဂရုမစိုက်ဘဲ ဖြတ်ချင်တဲ့နေရာမှာ ဖြတ်၊ ရပ်ချင်တဲ့နေရာမှာ ရပ်။ ဝါကျတကြောင်းတည်းကိုပဲ ဘာအနက်မှ ထပ်မံမမျှော်လင့်ဘဲ ကဗျာလို ဖြတ်တောက်စီရင်ထားတယ်။ စကားပြေလို ချစီလိုက်ရင်တောင် ရမယ်ထင်ရရဲ့။ ဒါပေမယ့် တချို့စာကြောင်းတွေကျတော့လည်း ဝါကျ အတိုအစတွေ။ ဘယ်ဝါကျနဲ့ သွားကပ်ရမယ်မှန်းမသိ။ ပြီး စကားလုံးတလုံးတည်းကိုပဲ ခွဲချင်ရင်လည်း ခွဲထားလိုက်ပြန်ရော။ ဒါတွေကပဲ အီလင်းစ်ကို ကမ္ဘာကျော်စေတဲ့ ရေးဖွဲ့ပုံ ဖြစ်လာတယ်လို့ ထင်တယ်။ သူ့ကဗျာအများစုက ဒီလို စီပုံတွေချည်းပဲ။ တွေ့ကြုံခံစားရပုံတွေနဲ့ အတွေးတွေကို လက်ခံချင်လာအောင် သိမ်းသွင်းနိုင်တဲ့ ကဗျာတွေလို့ ပြောကြတယ်။ ဘာသာပြန်သူအနေနဲ့ တတ်စွမ်းသလောက် သူ့လို လိုင်းစီပုံ အရသာပေါ်အောင် ကြိုးစားထားပါတယ်။)


ရှိန်ဝါ

အိုကေ မြားနတ်မောင် ---- Ok Cupid by Major Jackson

ကက်သလစ်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာ လူမျိုးစုတစုနဲ့ ချိန်းတွေ့ရသလိုပဲ
လူမျိုးစုတစုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း နိုင်ငံတနိုင်ငံနဲ့ ချိန်းတွေ့ရသလိုပဲ
နိုင်ငံတနိုင်ငံနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဘောလုံးကြယ်ပွင့်တစ်ယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဘောလုံးကြယ်ပွင့်တစ်ယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကားသစ်တစီးနဲ့ ချိန်းတွေ့ရသလိုပဲ
ကားသစ်တစီးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လေသန့်ဆေးဗူးနဲ့ ချိန်းတွေ့ရသလိုပဲ
လေသန့်ဆေးဗူးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သစ်ပင်အတုနဲ့ ချိန်းတွေ့ရသလိုပဲ
သစ်ပင်အတုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရောင်ပြန်ငွေကြိုးလေးနဲ့ ချိန်းတွေ့ရသလိုပဲ
ရောင်ပြန်ငွေကြိုးလေးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အားလပ်ရက်နဲ့ ချိန်းတွေ့ရသလိုပဲ
အားလပ်ရက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လူမည်းတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လူမည်းတယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ထိပ်ပိုင်းနဲ့ ချိန်းတွေ့ရသလိုပဲ
ထိပ်ပိုင်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အောက်ခြေနဲ့ ချိန်းတွေ့ရသလိုပဲ
အောက်ခြေနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း တိဗက်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
တိဗက်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း နဂါးတကောင်နဲ့ ချိန်းတွေ့ရသလိုပဲ
နဂါးတကောင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မီးဖိုနဲ့ ချိန်းတွေ့ရသလိုပဲ
မီးဖိုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကျပ်ခိုးစင်နဲ့ ချိန်းတွေ့ရသလိုပဲ
ကျပ်ခိုးစင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပန်းချီကားဘောင်နဲ့ ချိန်းတွေ့ရသလိုပဲ
ပန်းချီကားဘောင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မာတင်လူသာကင်းနဲ့ သခင်ယေရှုတို့ကို ချိန်းတွေ့ရသလိုပဲ
မာတင်လူသာကင်းနဲ့ သခင်ယေရှုတို့ကို ချိန်းတွေ့တယ်ဆိုတာလည်း လူသုံးယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လူသုံးယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အဖွဲ့တဖွဲ့နဲ့ ချိန်းတွေ့ရသလိုပဲ
အဖွဲ့တဖွဲ့နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မအောင်မြင်နိုင်တဲ့ အတွေးအခေါ်နဲ့ ချိန်းတွေ့ရသလိုပဲ
အတွေးအခေါ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဥာဏ်အလင်းပွင့်မှုနဲ့ ချိန်းတွေ့ရသလိုပဲ
ဥာဏ်အလင်းပွင့်မှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သိပ္ပံပညာနဲ့ ချိန်းတွေ့ရသလိုပဲ
သိပ္ပံပညာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဖန်ဗူးနဲ့ ချိန်းတွေ့ရသလိုပဲ
ဖန်ဗူးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆေးဆိုင်နဲ့ ချိန်းတွေ့ရသလိုပဲ
ဆေးဆိုင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကုန်သည်နဲ့ ချိန်းတွေ့ရသလိုပဲ
ကုန်သည်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကုန်ထုတ်လုပ်မှုနဲ့ ချိန်းတွေ့ရသလိုပဲ
ကုန်ထုတ်လုပ်မှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရီပက်ဘလစ်ကန်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ရီပက်ဘလစ်ကန်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆောင်းရာသီနဲ့ ချိန်းတွေ့ရသလိုပဲ
ဆောင်းရာသီနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဒီမီးတာနဲ့ ချိန်းတွေ့ရသလိုပဲ
ဒီမီတာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပြောင်းဆန်နဲ့ ချိန်းတွေ့ရသလိုပဲ
ပြောင်းဆန်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပန်ကိတ်တွေနဲ့ ချိန်းတွေ့ရသလိုပဲ
ပန်ကိတ်တွေနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကာမအထွတ်အထိပ်နဲ့ ချိန်းတွေ့ရသလိုပဲ
ကာမအထွတ်အထိပ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သုခဘုံနဲ့ ချိန်းတွေ့ရသလိုပဲ
သုခဘုံနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အားမစ်ရှ်မိန်းမတယောက်နဲ့2  ချိန်းတွေ့ရသလိုပဲ
အားမစ်ရှ်မိန်းမနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လတ်ဒစ်တယောက် 3နဲ့ ချိန်းတွေ့ရသလိုပဲ
လတ်ဒစ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဒဏ္ဍာရီသူရဲကောင်းနဲ့ ချိန်းတွေ့ရသလိုပဲ
ဒဏ္ဍရီသူရဲကောင်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရောဘတ်ဇင်မာမန်းနဲ့4 ချိန်းတွေ့ရသလိုပဲ
ရောဘတ်ဇင်မာမန်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သမိုင်းနဲ့ ချိန်းတွေ့ရသလိုပဲ
သမိုင်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လူဖြူတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လူဖြူနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မလုံခြုံမှုနဲ့ ချိန်းတွေ့ရသလိုပဲ
မလုံခြုံမှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဟမ်းမားကားနဲ့ 5ချိန်းတွေ့ရသလိုပဲ
ဟမ်းမားကားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပင်တဂွန်ဌာနချုပ်နဲ့ ချိန်းတွေ့ရသလိုပဲ
ပင်တဂွန်ဌာနချုပ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပျောက်ဆုံးသွားတဲ့ကြယ်နဲ့ ချိန်းတွေ့ရသလိုပဲ
ပျောက်ဆုံးသွားတဲ့ကြယ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လစ်ဘရယ်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
လစ်ဘရယ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဂျူးတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဂျုးတယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း မီးအိမ်နဲ့ ချိန်းတွေ့ရသလိုပဲ
မီးအိမ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရွှေရောင်ဆံပင်မိန်းကလေးနဲ့ ချိန်းတွေ့ရသလိုပဲ
ရွှေရောင်ဆံပင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆွီဒင်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဆွီဒင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း IKEA ပရိဘောဂ နဲ့ ချိန်းတွေ့ရသလိုပဲ
IKEA နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း Whole Foods စားသောက်ကုန်နဲ့ ချိန်းတွေ့ရသလိုပဲ
Whole Foodsနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ယောဂဆရာနဲ့ ချိန်းတွေ့ရသလိုပဲ
ယောဂဆရာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း e-reader နဲ့ ချိန်းတွေ့ရသလိုပဲ
e-reader နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း တီဗီတလုံးနဲ့ ချိန်းတွေ့ရသလိုပဲ
တီဗီတလုံးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း စီးပွားရေးသမားနဲ့ ချိန်းတွေ့ရသလိုပဲ
စီးပွားရေးသမားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း စိတ္တဇလူသတ်သမားနဲ့ ချိန်းတွေ့ရသလိုပဲ
စိတ္တဇလူသတ်သမားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရက်စ်ခိုနီကော့ဗ်နဲ့6 ချိန်းတွေ့ရသလိုပဲ
ရက်စ်ခိုနီကော့ဗ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဆင်ခြင်မှုဝါဒီသမားနဲ့ ချိန်းတွေ့ရသလိုပဲ
ဆင်ခြင်မှုဝါဒီနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပညာတတ်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ပညာတတ်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကိုယ်ရေးမှတ်တမ်းနဲ့ ချိန်းတွေ့ရသလိုပဲ
ကိုယ်ရေးမှတ်တမ်းနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း လူဖြူအမျိုးသမီးနဲ့ ချိန်းတွေ့ရသလိုပဲ
လူဖြူအမျိုးသမီးနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း သူတောင်းစားတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
သူတောင်းစားတယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း နိုင်ငံရေးခိုလှုံသူနဲ့ ချိန်းတွေ့ရသလိုပဲ
နိုင်ငံရေးခိုလှုံသူနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကျူးဘားတယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ကျူးဘားနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဂက်စ်မီးတောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ဂက်စ်မီးတောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အင်္ကျီမပါတဲ့ ဂျီဟတ်နဲ့ ချိန်းတွေ့ရသလိုပဲ
ဂျီဟတ်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရူးလောက်တဲ့ လှထွဋ်ခေါင်နဲ့ ချိန်းတွေ့ရသလိုပဲ
လှထွဋ်ခေါင်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ပဲရစ်စ်ဟီတန်နဲ့ ချိန်းတွေ့ရသလိုပဲ
ပဲရစ်စ်ဟီတန်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း အတင်းအဖျင်းသတင်းစာနဲ့ ချိန်းတွေ့ရသလိုပဲ
အတင်းအဖျင်းသတင်းစာနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ကွန်မြူနစ်တယောက်နဲ့ ချိန်းတွေ့ရသလိုပဲ
ကွန်မြူနစ်တယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဒီဇိုင်းဖော်ထားတဲ့ပန်းတွေနဲ့ ချိန်းတွေ့ရသလိုပဲ
ဒီဇိုင်းဖော်ထားတဲ့ပန်းတွေနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ဖောက်ပြန်မှုနဲ့ ချိန်းတွေ့ရသလိုပဲ
ဖောက်ပြန်မှုနဲ့ ချိန်းတွေ့တယ်ဆိုတာလည်း ရေကန်တကန်နဲ့ 7 ချိန်းတွေ့ရသလိုပဲ။

ကောက်ပဲသီးနှံစောင့် ဂရိနတ်ဘုရားမ Demeter
2  ရှေးရိုးစွဲ ခရစ်ယန်ဘာသာဝင်တမျိုး Amish
3 စက်မှုတော်လှန်ရေးဆန့်ကျင်သူ Luddite
4 နာမည်တူတွေ အများကြီးရှိတယ် ဘော့လ်ဒိုင်လန်ရဲ့ နာမည်ရင်းကို ဆိုလိုတာလို့ ထင်ရ Robert Zimmerman
5 Hummer (ထရပ်ကားတွေ ဆပ်ဖ်ကားတွေပဲ ထုတ်တဲ့ ကားတံဆိပ်)
6 ဒေါ့စတိုယက်စကီးရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်ဝတ္ထုထဲက ဇာတ်ကောင် Raskolnicov
 pool လို့ပဲပါတာ။ ရေကန်လို့ပဲ ပြန်လိုက်တယ်

မေဂျာဂျက်ခ်ဆန် (Major Jackson) ကို ဖီလာဒဲဖီးယားမှာ မွေးတယ်။ အခု ၂၀၁၅ မှာ အသက်က ၄၇ နှစ်ရှိပြီ။ ကဗျာစာအုပ်ထွက်တာ အုပ်ရေမများသေးပေမယ့်လည်းဂွတ်ဂန်ဟိုင်းတို့၊ ပွတ်ရှ်ကတ်တို့ အပါအဝင် သူတို့ဆီက လေးစားထိုက်တဲ့ ဆုတွေ တော်တော်များများ ရပြီးနေပြီ။ ဗားမန့်တက္ကသိုလ်မှာလည်း ပါမောက္ခအလုပ်လုပ်ပါတယ်။ ဖလော်ရီဒါမှာ တလှည့် ဗားမန့်မှာ တလှည့်နေတယ်။ အမေရိကန်ကဗျာဆရာမ ဒေါ်ရီယန် လာ့ခ်စ် ပြောတာက မေဂျာဟာ ကဗျာကို တကျွီကျွီ တအုန်းအုန်းအသံမြည်စေသူပဲ တဲ့။

“အိုကေ မြားနတ်မောင်”  (Ok Cupid)နဲ့ ပတ်သတ်လို့ ဂျက်ခ်ဆန် ပြောတာက “ကျွန်တော်က အမေရိကန်ကဗျာတွေရဲ့ ထုံးတမ်းစဉ်လာတွေကို သဘောကျနေတာလေ။ သူတို့ရဲ့ ဆင်ခြင်မှုတွေနဲ့ အဓိပါယ်တည်ဆောက်ပုံ စနစ်တွေကို သဘောကျနေတာပေါ့။ တမင်တကာ ရည်ရွယ်ပြီး သီးသန့်ဆန်ဆန် တည်ဆောက်ထားပုံတွေပါပဲ။ တချို့ပုံစံတွေဆို ပုံစံခွက်နဲ့ ရေးထားတာလို့တောင် နာမည်တပ်ကြတယ်။ ပျော်ဖို့လည်းကောင်းတယ် ။ ကျွန်တော် အွန်လိုင်းက ချိန်းတွေ့တဲ့ ဝက်ဘ်ဆိုက်တွေကို လျောက်ကြည့်ရင်း အဲဒီ ပုံစံခွက်နဲ့ ရေးသားနည်းဟာ ခေါင်းထဲကို မတော်တဆ ရောက်လာတာပဲ။ အဲဒီမှာတင် ကိုယ်ရဲ့ဘဝအဖော်ဟာ ဘယ်လိုပုံစံ ဖြစ်နိုင်မလဲဆိုတာကို မေးဖို့အတွက် မေးခွန်းတွေ ကျွန်တော့်ခေါင်းထဲ ရောက်လာတာပါ။ ကျွန်တော် အဲဒီမေးခွန်းတွေကိုလည်း ပြည့်စုံအောင် အဖြေပေးဖို့ ကြိုးစားကြည့်တယ်။ ကျွန်တော်ရဲ့ ညစ်တွန်းတွန်းတဲ့ဒေါသတွေ အဆိုးမြင်စိတ်တွေကိုတော့ ခဏဖယ်ထားကြည့်လိုက်တယ်။ အဲဒီမှာပဲ ကဗျာရှည်တပုဒ်ရေးဖို့ အကောင်းဆုံး ဝါကျပုံစံ တခုကို သွားတွေ့ရတယ်။  “ ………………… နဲ့ ချိန်းတယ်ဆိုတာ ……………… နဲ့ ချိန်းသလိုပါပဲ။” ဆိုတဲ့ ဝါကျပဲ။ အလယ်တန်းကျောင်းမှာတုန်းက ဆရာတွေ ပေးလေ့ပေးထရှိတဲ့ ဝေါဟာရတိုးအောင် လုပ်တဲ့ ပုံစံနဲ့တော့ မတူပါဘူး။ သူတို့ပုံစံတွေက ပုံစံသေကြီးတွေ။ ယုတ္တိကျကျ စဉ်းစားတာတွေပေါ့။ ဒီကဗျာမှာကျတော့ ကျွန်တော်က ဒွိဟလေးနဲ့ လူမှုရေးတည်ဆေက်မှုတွေကို မေးခွန်းထုတ်ရင်း စတင်လိုက်တာပါ။ နောက်ပိုင်းမှာ တကယ်ကြီးမားတဲ့ ရသဆိုင်ရာ ရလာဒ်တွေ ထွက်လာတော့တာပဲ။ သရော်မှုနဲ့ ပေါ့ပေါ့ပါးပါးပဲ။ ဒီကဗျာဟာ
အော်ဟစ်ရယ်မော်ခြင်းနဲ့ လေးနက်တာနှစ်ခုကြားမှာ ရှိပါတယ်။”

(ကဗျာတပုဒ်လုံးကို ဝါကျပုံစံတကြောင်းနဲ့ပဲ ရေးဖွဲ့သွားတာပါ။ ကဗျာရဲ့ တည်ဆောက်ပုံကို ဖောင်းပွမှန်းသိသိနဲ့ ပုံစံတူဝါကျပုံစံကိုပဲ သုံးသွားတာပါပဲ။ သူ့အပြောအရဆိုရင် ကဗျာဖတ်သူအတွက် ဆင်ခြင်တွေးတောမှုကို တချိန်လုံး အလုပ်ပေးသွားတဲ့ ကဗျာပဲ။ တခါတခါမှာ ကဗျာဖတ်သူအနေနဲ့ မျှော်လင့်ထားသလို ပြောင်းလဲသွားပေမယ့်လည်း တခါတခါမှာ လုံးဝမထင်ထားတဲ့ လှည့်ကွက်ကို ပြောင်းပစ်လိုက်တာပါ။ ဟာသဓါတ်နဲ့ လေးနက်မှုရဲ့ အချိတ်တွေ အကြွတွေ။ အွန်လိုင်းကနေ ချစ်သူရှာတဲ့ ပုံစံတွေကို ကြည့်ပြီး ရေးဖွဲ့ထားပေမယ့်လည်း သဘာဝနဲ့ ခေတ်ပေါ်နည်းပညာတွေ အကုန်လုံးကို အပြေပြစ်ဆုံးပေါင်းစပ်ထည့်ဝင်သွားတဲ့ ကဗျာပါပဲ။ တခုပဲ ပြောစရာရှိပါတယ်။ တချို့သော အရာတွေကတော့ နောက်ခံအသိတော်တော်ရှိမှ ကဗျာကို ခံစားနိုင်မှာပါ။ သူသုံးသွားတဲ့ အကြောင်းအရာတွေကို ကြားဖူးနားဝတော့ ရှိနေရမှာပါ။ ပြီးတော့ တကြောင်းနဲ့ တကြောင်း အနက်အဓိပါယ်အရ ခုန်သွားတဲ့ အခုန်တွေ။ အစဉ်အတွဲတွေ။ စိတ်လှုပ်ရှားစရာပါပဲ။ ရှေးရိုးနည်းလမ်းတွေ (ဥပမာ အပြိုင်ဝါကျတွေ) ကို အသုံးပြုပြီး ဒီဖက်ခေတ်ချည်းကပ်ပုံနဲ့ ရေးသွားတာပဲ။ )


ရှိန်ဝါ

Monday, November 16, 2015

ဘာသာနာရေး (re-lie-gion)

ငါတို့ဟာ ကိုယ့်တံထွေးနဲ့ကိုယ် ချိုနေကြတဲ့ ခွေးတွေ
ဘုရားဆိုတဲ့ အရိုးကို လုကိုက်ကြတယ်
ကမ္ဘာအဆက်ဆက်။

Saturday, November 14, 2015

အပျောက်

လက်မထပ်ဘဲအတူနေ ဇွန်းနဲ့ခရင်း
လိင်တူချင်းချစ်သူ တူတစုံ
အရသာကို ပြဌာန်းလျာကမသိဘူး။

ရှိန်ဝါ
၂၀၁၅ နိုဝင်ဘာ ၁၃

ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ*

မြေဖြူတိုတချောင်းနဲ့ အမယ်အို
တွေ့သမျှနံရံတိုင်းမှာ တခုခုကိုရေးခြစ်လို့
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

မီးသွေးခဲတွေဟာ မီးခိုးခေါင်တိုင်ထိပ်ကနေခုန်ချပြီး
ကိုယ့်ကိုယ်ကို အဆုံးစီရင်၊ ပျံသန်းထွက်မြောက်ကြတယ်
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

မြင်နေရတာမြစ်ကြီး မဟုတ်ဘူး
မျှော်လင့်ချက်စီလီကွန်အချောင်းကြီးလား
မဖြစ်မနေလုပ်မိတာက လက်သည်းညှပ်တာပဲ
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

ရေချိုးဖို့အတွက် အလံကို ခါးမှာပတ်တယ်
စိုစွတ်နေတဲ့အလံကို အပေါ်ပိုင်းဗလာက ငုံ့ကြည့်ရတယ်
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

ငါးအချင်းချင်းတောင် ငါးကိုငါး နားမလည်ဘူး။
အကြီးဆုံးဝဋ်ဒုက္ခဟာ
ယားယံတတ်တဲ့ အဝတ်အစားတွေပဲ
ငါ မဲပေးပြီးသွားပြီ ပန်းကလေးရေ။

ပန်းကလေးရေ ငါ မဲသွားပေးပြီးပြီ
ဘာမှ မကြီးကျယ်ပါဘူးဆိုတာနဲ့ ကြီးကျယ်ခွင့်ပြုပါ
ပန်းကလေးရေ ငါ မဲပေးပြီးသွားပြီ
ဆိုတဲ့ ကဗျာတကြောင်း အကြောင်း။


ရှိန်ဝါ
၂၀၁၅ အောက်တိုဘာ ၁၇
* ကဗျာဆရာ မောင်ချောနွယ်ရဲ့ ငါ နေကောင်းသွားပြီ ပန်းကလေးရေကို အမှတ်ရ*